Switch Mode

အခန်း ( ၆၀ )

ကောင်းကင်တာအိုကျောင်းသို့ ချက်ချင်းပြန်ရန်

လူတိုင်း၏အာရုံက သူ့အပေါ်သို့ ရောက်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်နေ၏။ လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူကပါ သူ့ကို သတိထားမိသွားပြီဖြစ်ရာ အနာဂတ်တွင် သူ ရာထူးများ တိုးနိုင်ရန်အတွက် ပို၍လွယ်ကူသွားပြီ ဖြစ်ကြောင်း တွေးမိလိုက်၏။ သူသည် အားရဝမ်းသာဖြင့် သူ၏ အတန်းဖော်များကို ကြည့်လိုက်ပြီး မည်ကဲ့သို့သော စကားမျိုးကို ပြောလိုက်ရမည်နည်းဟု စဉ်းစားတွေတောနေစဉ် ဟွမ်ကွေ့မှာ သဘောကျသွားသည့် အမူအရာဖြင့် ရယ်လိုက်၏။

” ဝမ်ပေါင်လဲ့ … ငါ မင်းကို အထင်သေးခဲ့မိတာပဲ။ မင်းက ကျောင်းသားတစ်ယောက်ကို ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဆောင်ထဲ ဝင်ခွင့်ရအောင်အထိ စီစဉ်ပေးနိုင်စွမ်း ရှိနေတာပါလား။ အဲဒီလိုလုပ်ဖို့ဆိုတာ မလွယ်ဘူးနော်။ ဒါပေမဲ့ ငါလည်း အဲဒီလိုကိစ္စမျိုးတွေနဲ့ ကြုံဖူးတာမလို့ နားလည်ထားပြီးသား။ ငါက ကျောင်းသားခေါင်းဆောင်ဆိုတော့ ငါ့ကျောင်းမှာလည်း ငါကပဲ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ကို တာဝန်ယူရတာလေ။ အဲဒီအဆောင်ကို ဝင်ခွင့်ပေးဖို့ အတွက် ငါ့ဆီ လာပြီးတော့ တောင်းဆိုကြတဲ့လူတွေ အမြဲတမ်းရှိတယ်။ သူတို့ကို ငြင်းဖို့ကလည်း ငါ့အတွက် အခက်သားကွ ”
ဟွမ်ကွေ့မှာ တည်ကြည်စွာ ဆိုလိုက်ပြီး ထိုစကားများကြောင့် သူ၏စိတ်မှာ လေးလံနေခဲ့ရသည့်အလား သက်ပြင်းရှည်ကြီး ချလိုက်၏။

” ဒါပေမဲ့ ပေါင်လဲ့ရာ။ မင်း နောက်ဆိုရင် မင်းရဲ့ ကျောင်းသားခေါင်းဆောင်ဆီကနေ အကူအညီတွေ ထပ်မတောင်းသင့်တော့ဘူး။ ကျောင်းတိုင်းကျောင်းတိုင်းက ကျောင်းသားခေါင်းဆောင်စနစ်ကို မဲပေးရတဲ့စနစ်ပုံစံ ပြောင်းတော့မှာလို့ ငါ ကြားထားတယ်။ ငါလည်း တခြား ကျောင်းသားခေါင်းဆောင်နှစ်ယောက်နဲ့ ဘယ်လိုပြောဆိုဆက်ဆံရမလဲဆိုတာ အခုထိ စဉ်းစားနေရတာ။ မင်း အကူအညီတွေ အများကြီးတောင်းနေရင် မင်းနဲ့ မင်းရဲ့ကျောင်းသားခေါင်းဆောင်ကြားက ဆက်ဆံရေးတွေ ပျက်သွားလိမ့်မယ် ”

ဟွမ်ကွေ့မှာ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် သူကိုယ်တိုင် ကြုံခဲ့ရသည့်အလား ပြောဆိုနေ၏။ သူ ထိုသို့ဆိုလိုက်သောအခါ လက်ထောက်မြို့စား ရောက်ရှိလာမှုကြောင့် ဖိအားများအောက် ရောက်နေသကဲ့သို့ ဖြစ်နေကြသည့် ညစာစားပွဲ၏ ပတ်ပတ်လည်တွင် ထိုင်နေကြသော လူတိုင်း အလွန် စိတ်သက်သာ ရသွားတော့သည်။

သူတို့အားလုံးမှာ ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်များ ပြန်၍တက်ကြွလာ၏။ သူတို့၏ ဝမ်ပေါင်လဲ့အပေါ် ဆက်ဆံပုံများမှာ ပြောင်းလဲသွားပါသော်လည်း လွန်လွန်ကြူးကြူး အဆင့်အထိတော့ ရောက်မသွားပေ။ ဟွမ်ကွေ့၏ ရှင်းလင်းချက်မှာ သူတို့အတွက် လုံလောက်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့ကမူ ချောင်းသာဟန့်လိုက်၏။ သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အခြားသူများ၏ အကူအညီကို မလိုအပ်ကြောင်း ထုတ်ပြောပစ်ချင်စိတ်များ တဖွားဖွား ပေါက်‌လာတော့သည်။ ထို့အပြင် သူသည် အခြားကျောင်းသားခေါင်းဆောင်များနှင့် ပြောဆိုဆက်ဆံရမည့် ကိစ္စကိုလည်း သွေးပူမနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော သူ၏ဌာနတွင် အခြားမည်သည့် ကျောင်းသားခေါင်းဆောင်မှ ရှိမနေတော့သော‌ကြောင့် ဖြစ်သည်။ သူသည် သူတို့ အကုန်လုံးကို ရာထူးမှ ဖြုတ်ချပစ်ခဲ့သည် မဟုတ်ပါလော။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သာ ထုတ်ပြောလိုက်ပါက သူ၏ ရာထူးအဆင့်အတန်းများမှာ နိမ့်ကျသွားမည်ဖြစ်ကြောင်း ခံစားနေရ၏။ ထို့ကြောင့် သူသည် ထိုအကြောင်းများကို ပညာသာပါးပါး ထုတ်ပြောနိုင်မည့် နည်းလမ်းများကို တွေးတောနေစဉ်မှာပင် အဝေးမှ လူတစ်ယောက်က တအံ့တသြ အော်ဟစ်လိုက်၏။

ထိုဆူညံသံမှာ တည်းခိုခန်း၏ ခန်းမကျယ်ကြီးထဲမှ ပေါ်ထွက်လာသောကြောင့် ဝမ်ပေါင်လဲ့နှင့် သူ့အတန်းဖော်များ၏ အာရုံကို ဖမ်းစားလိုက်၏။ သူတို့က ထိုအသံ ထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြသောအခါ အထူးနားနေခန်းထဲမှ တုတ်ခိုင်သန်မာသော လူထွားကြီးများစွာ အလျင်အမြန် ထွက်လာကြသည်ကို မြင်လိုက်ရသည်။ ထို လူသန်ကြီးများမှာ တည်းခိုခန်း၏ အဓိက နေရာများတွင် နေရာယူလိုက်ပြီးနောက် နားနေခန်းထဲမှနေ၍ ခံ့ညားထည်ဝါမှု အပြည့်ရှိသော သန်မာထွားကြိုင်းသည့် လူကြီးတစ်ယောက်မှာ ခြွေရံသင်းပင်းများနှင့်အတူ ထွက်လာ၏။

ထို သန်မာထွားကြိုင်းသော လူကြီးမှာ ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထား၏။ လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာလည်း ထိုလူကြီးအား ရိုသေလေးစားမှု အပြည့်ရှိသည့် အမူအရာဖြင့် ပြောဆိုဆက်ဆံနေပြီး ထိုလူကြီး၏နောက်ဘက် အနည်းငယ်ခန့် အကွာတွင် အသေအချာ နေရာယူလိုက်၏။ တည်းခိုခန်း ပိုင်ရှင်ပင် သူ၏ နောက်မှနေ၍ သတိကြီးစွာဖြင့် လိုက်လာပြီး ဝမ်ပေါင်လဲ့နှင့် သူ၏ အတန်းဖော်များ ထိုင်နေသောနေရာသို့ ဦးတည်နေ၏။

ထိုလူကြီးမှာ သူတို့၏ ညစာစား စားပွဲဆီသို့ မရောက်ခင်မှာပင် သူ၏ ရယ်မောသံကို ကြားနေရသည်။

ချန်ပင်းမှာ ရုတ်ချည်းဆိုသလို နိုးနိုးကြားကြား ဖြစ်သွားပြီး ကယောင်ကတမ်းဖြစ်နေလျက် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်၏။ သူသည် တုန်ရီနေသောကြောင့် လဲကျလုမတတ်ပင် ဖြစ်နေတော့သည်။ ထို့နောက် သူသည် အရိုသေဆုံးသော လေသံဖြင့် ကျယ်လောင်ပြတ်သားစွာ အော်၍ နှုတ်ဆက်လိုက်၏။

” မင်္ဂလာပါ မြို့စား ”

ချန်ပင်း၏ နှုတ်ဆက်စကားကို ကြားလိုက်ရသောအခါ ထိုင်နေသည့် လူတိုင်း အံ့ဩမှင်တက်သွားကြပြီး ကမန်းကတန်းနှင့် မတ်တတ်ထလာကြတော့သည်။

မြို့စားနှင့် လက်ထောက်မြို့စားတို့၏ကြားတွင် ခြားနားချက်များစွာရှိ၏။ ရှေးဦးဝိညာဉ်ခေတ်ထဲတွင် မြို့စားတစ်ယောက် ဖြစ်လိုပါက မြို့ငယ်လေးတစ်မြို့တွင် ရှိနေလျှင်တောင် အခြားသူများနှင့် မတူလောက်အောင် ထူးချွန်ထက်မြက်နေရမည် ဖြစ်သည်။ ထိုကဲ့သို့သောလူမှာ အလွန် အသိပညာကြွယ်ဝရန် လိုအပ်ပြီး ထင်ရှားကျော်ကြားသော ကျောထောက်နောက်ခံအင်အားများကို ပိုင်ဆိုင်ထားရန် လိုအပ်သလို တမူထူးခြားသော ပညာရပ်များကိုလည်း တတ်မြောက်ထားရန် လိုအပ်သည်။ သို့မှသာ သူသည် သားရဲစစ်ပွဲကြီးနောက် ပေါ်ပေါက်လာသော ရှေးဦးဝိညာဉ်ခေတ်၏ မြို့စားဆိုသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်စွမ်းရှိမည်ဖြစ်သည်။

လက်ထောက်မြို့စား ရောက်ရှိလာခဲ့စဥ်က လူအားလုံး အံ့အားသင့်သွားရုံမျှလောက်သာ ဖြစ်ခဲ့ပါသော်လည်း မြို့စား ရောက်လာသောအခါတွင်မူ သူတို့အားလုံးမှာ ကယောင်ချောင်ချားဖြစ်ကာ အံ့ဩမှင်တက်ကုန်ကြပြီး လေးစားလွန်းသောကြောင့် အနည်းငယ်ခန့်ပင် ကြောက်ရွံ့သွားကြ၏။

” မင်းတို့တွေ အကုန်လုံးက ပြည်ထောင်စုကြီးရဲ့ အနာဂတ်တွေပဲ။ ငါက မင်းတို့ရဲ့ တွေ့ဆုံပွဲကို နှောက်ယှက်သလို ဖြစ်နေတော့ မင်းတို့ မတ်တတ်ရပ်စရာမလိုပါဘူး။ အကုန်လုံး ပြန်ထိုင်ကြပါ ”
ဇာမဏီမြို့တော်၏ မြို့စားက ပြုံးကာ သူတို့ဆီသို့ ရောက်လာ၏။ သူသည် လက်ကိုဝှေ့ယမ်းလိုက်သောအခါ တန်ခိုးအရှိန်အဝါကြီးမားသော အငွေ့အသက်တစ်ခု လှိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့လာသည့်ပမာ မတ်တတ်ထလာသည့် လူတိုင်း ချက်ချင်းပင် ပြန်၍ ထိုင်သွားကြတော့သည်။

” ဝမ်ပေါင်လဲ့ ”
သူတို့အားလုံး ထိုင်ပြီးသွားသောအခါ ဇာမဏီမြို့တော်၏ မြို့စားက ဝမ်ပေါင်လဲ့အား ဖော်ရွေသောအကြည့်များဖြင့် ကြည့်ကာ ခေါ်လိုက်၏။ သူ၏ စကားသံမှာ မကျယ်ပါသော်လည်း လူတစ်ယောက်ကို နိုးနိုးကြားကြား ဖြစ်သွားအောင် လုပ်နိုင်စွမ်း ရှိသည်။

ထိုကဲ့သို့ ခံ့ညားထည်ဝါလှသည့် အမူအရာမှာ ဝမ်ပေါင်လဲ့ အိမ်သို့ပြန်လာခဲ့သည့် ခရီးစဉ်က ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးကို သုတ်သင်ရှင်းလင်းခဲ့သည့် ကျင့်ကြံသူထံမှ ခံစားခဲ့ရသည့် အငွေ့အသက်များနှင့် ဆင်တူနေ၏။ သူသည် မြို့စားကို မြင်လိုက်ရသောအခါ ထိုခံစားချက်မျိုးကို ချက်ချင်းပင် ပြန်၍ ခံစားလိုက်ရတော့သည်။

” မင်္ဂလာပါ မြို့စား။ ကျနော်က ကောင်းကင်တာအိုကျောင်းက ဝမ်ပေါင်လဲ့ပါ ”
ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး လက်နှစ်ဖက်ဆုပ်ကာ လိုအပ်သည်ထက်ပိုပြီး ခယမနေသလို မောက်မာဝင့်ကြွားခြင်းလည်း မရှိသည့် အမူအရာဖြင့် မြို့စားအား နှုတ်ဆက်လိုက်သည်။

” တကယ်ကို ထူးချွန်ထက်မြက်တဲ့ လူငယ်လေးပဲ ”
ဇာမဏီမြို့တော်၏ မြို့စားမှာ အထင်ကြီးလေးစားမှုအပြည့်ရှိသော အမူအရာဖြင့် အားရဝမ်းသာ ရယ်မောကာ ချီးကျူးလိုက်၏။

” ဝမ်ပေါင်လဲ့ ဒီကိုရောက်နေတယ်လို့ အဘိုးကြီးလျှိုပြောတာ ငါ ကြားလိုက်လို့ကွာ။ ငါ အရင်တုန်းက မင်းရဲ့ အိမ်ကို လာလည်ခဲ့ပေမဲ့ မင်းက ရှိမနေခဲ့ဘူးလေ။ မင်းက ဇာမဏီမြို့တော်ရဲ့ ဂုဏ်ဆောင်ပါပဲ ”
မြို့စားက ထိုသို့ဆိုလိုက်ပြီး အနီးအနားရှိ လူများအားလုံးကို ဖျတ်ခနဲကြည့်လိုက်၏။

” မင်းတို့အားလုံး ဒီ ထူးချွန်ထက်မြက်တဲ့ လူငယ်လေးနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားသင့်တယ်။ သူ့နာမည်က ဝမ်ပေါင်လဲ့လေ။ အဓိက တာအိုကျောင်းကြီး လေးကျောင်းထဲက တစ်‌ကျောင်းကို ဝင်ခွင့်ရခဲ့တဲ့ ကျောင်းသားတွေအများကြီးထဲက တစ်ယောက်ပေါ့။ အဲဒီလောက်နဲ့တင် သူ့ရဲ့ အရည်အချင်းကို သိနိုင်ပါတယ်။ သူက ဓမ္မလက်နက်ဌာနကို ဝင်နိုင်ခဲ့တာဆိုတော့ ပိုတောင် ထူးချွန်ထက်မြက်နေသေးတာပေါ့။ ပြီးတော့ အဲဒီ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေအားလုံးထဲမှာ သူက ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ ထိပ်ဆုံးအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ။ အဲဒီေတာ့ သူက အတော်တကာ့ အတော်ဆုံးလူတွေထဲက တစ်ယောက်ပေါ့ ”

” ပြီးတော့ ဝမ်ပေါင်လဲ့က ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်ဌာနမှာရှိတဲ့ ခန်းမသုံးခုစလုံးရဲ့ ပထမဆုံး ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာခဲ့သေးတာလေ။ အဲဒီလို အောင်မြင်မှုမျိုးကို သမိုင်းတစ်လျှောက်မှာ ဘယ်သူကမှ မဆွတ်ခူးနိုင်ခဲ့ဘူး ”

မြို့စားက ကျယ်လောင်ပြတ်သားသော လေသံဖြင့် လူတိုင်းကို ဝမ်ပေါင်လဲ့နှင့် မိတ်ဆက်ပေးလိုက်၏။

သူ၏ နောက်လိုက်များ အားလုံးမှာလည်း ဇာမဏီမြို့တော်၏ အဆင့်မြင့်အရာရှိကြီးများ ဖြစ်ကြသည်။ သူတို့မှာ အံ့ဩမှင်တက်နေသော အမူအရာများဖြင့် ဝမ်ပေါင်လဲ့အား ချီးကျူးစကားများ ဆိုနေကြတော့သည်။

တချိန်တည်းမှာပင် ညစာစားပွဲ၏ ပတ်ပတ်လည်တွင် ထိုင်နေကြသော အတန်းဖော်များမှာ မြို့စား၏ စကားကို ကြားလိုက်ရသောအခါ မှင်တက်သွားကြပြီး အံ့ဩလွန်းသဖြင့် ပါးစပ်များအဟောင်းသား ဖြစ်သွားကြတော့သည်။ အထူးသဖြင့် ဟွမ်ကွေ့ဆိုလျှင် အသက်ရှူသံများပင် မြန်ဆန်လာ၏။ သူ၏ မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းသွားပြီး သူ၏ အမူအရာမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။ ဌာနတစ်ခု၏ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်တစ်ယောက်ဆိုသော ရာထူးအကြောင်းကို သူက ကောင်းကောင်းကြီး သိထားပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ရာထူးမျိုးအား ရရှိပိုင်ဆိုင်ထားသည်ဆိုသော အချက်ကို လက်မခံနိုင်လောက်အောင် ဖြစ်နေ၏။

မြို့စားကမူ အလျင်အမြန်ပင် ဝိုင်ခွက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား ချီးကျူးဂုဏ်ပြုလိုက်သဖြင့် အခြားသူများအားလုံးကလည်း ထိုအတိုင်းပင် လိုက်၍လုပ်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် တည်းခိုခန်းထဲရှိ လူတိုင်း၏ အာရုံမှာ ဝမ်ပေါင်လဲ့ပေါ်သို့ ရောက်နေကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် စိတ်လှုပ်ရှားနေတော့သည်။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္ထိများကို သေသေချာချာ ဖတ်ရှုလေ့လာထားသောကြောင့် ကျောင်းသားခေါင်းဆောင်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ရမည့် နည်းလမ်းများကို ကျွမ်းကျင်စွာ တတ်မြောက်ထား၏။ သူ၏ အပြုအမူများကြောင့် ဇာမဏီမြို့တော်မှ လူများစွာမှာ သူ့အား ထောက်ခံအားပေးနေကြတော့သည်။

လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာလည်း အရေးပါသောကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ပြီး ဝမ်ပေါင်လဲ့အား အရာရှိများအားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။ သူတို့မှာ ခေတ္တမျှသာ ဆုံတွေ့ခဲ့ရပါသော်လည်း တစ်ယောက်ကိုတစ်ယောက် ရေရှည်အထိ အထင်ကြီးလေးစားနေကြတော့မည်မှာ အမှန်ပင်။

မြို့စားမှာ ထွက်ခွာမသွားခင် ဝမ်ပေါင်လဲ့၏ ပခုံးကိုပုတ်၍ ရွှင်ပျစွာပြုံးကာ သူ့အား စကားအနည်းငယ် ပြောလိုက်၏။

” ပေါင်လဲ့။ မင်း သန့်စင်တဲ့ သက်တံ့ဝိညာဉ်ကျောက်တုံးတွေရဲ့ အရည်အသွေးက တခြားကျောက်တုံးတွေနဲ့ မတူလောက်အောင် တမူထူးခြားတယ်လို့ ငါ ကြားထားတယ်။ မင်းရဲ့ ဇာတိမြို့အတွက် အဲဒီလိုမျိုး ဝိညာဉ်ကျောက်တုံးတစ်တုံး ဆက်ဆက် သန့်စင်ပေးခဲ့ရမယ်နော်။ အနာဂတ်ရဲ့ မျိုးဆက်သစ်ကျောင်းသားတွေ မင်းကို အတုယူနိုင်ဖို့အတွက် ငါတို့တွေ အဲဒီကျောက်တုံးကို ပြတိုက်ထဲမှာ ထည့်သိမ်းထားမယ် ”

ထိုစကားကို ကြားလိုက်ရသောအခါ ညစာ စားပွဲ ပတ်ပတ်လည်တွင် ထိုင်နေကြသည့် လူများအားလုံးမှာ အလွန် အားကျသွားကြတော့သည်။ ထိုကဲ့သို ဂုဏ်မျိုးမှာ သူတို့၏ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် ထူးကဲနေ၏။ မြို့စားနှင့် သူ၏ ခြွေရံသင်းပင်းများ ထွက်ခွာသွားပြီးသည့်တိုင်အောင် ကျန်ရစ်ခဲ့သည့် လူများအားလုံးမှာ နှုတ်ဆိတ်နေကြပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြဆဲပင်။

ဟွမ်ကွေ့မှာမူ သူ၏ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့သောကြောင့် ကတုန်ကယင် ဖြစ်နေသော အသံဖြင့် မေးလိုက်တော့သည်။
” မင်း…. မင်းက ခန်းမသုံးခုရဲ့ ကျောင်းသားခေါင်းဆောင်လားး ”

သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးတစ်ခုတည်းနှင့်တင် ဟွမ်ကွေ့မှာ အံ့ဩမှင်တက်နေရပြီ ဖြစ်သည်။ အခြားသူများမှာ ထိုရာထူး၏ အဓိပ္ပါယ်နှင့် ၎င်းအား ရရှိပိုင်ဆိုင်နိုင်အောင် ကျော်ဖြတ်ရမည့် အခက်အခဲများကို သေသေချာချာ မသိနိုင်ပါသော်လည်း သူသည် မဟာမြစ်တာအိုကျောင်းမှ အသီးအရွက်ခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်သောကြောင့် ထိုရာထူး၏ အရေးပါမှုနှင့် လုပ်ပိုင်ခွင့် အာဏာများကို ကောင်းကောင်းကြီး နားလည်ထားသည်။

ထိုသတင်းမှာ လုံးဝကို အသစ်အဆန်း ဖြစ်နေ၏။ ရှေးဦးဝိညာဉ်ခေတ် စတင်ခဲ့သည့် အချိန်ကတည်းက မဟာမြစ်တာအိုကျောင်းတွင် မည်သူကမှ ထိုကဲ့သို့သော ကျောင်းသားခေါင်းဆောင်ရာထူးကို မရရှိခဲ့ဖူးပေ။ ရှေးဦးဝိညာဉ်ခေတ်တစ်လျှောက်လုံးတွင် အဓိက တာအိုကျောင်းကြီး လေးကျောင်းထဲ၌ သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးကို ရရှိပိုင်ဆိုင်နိုင်ခဲ့သည့် လူအရေအတွက်မှာ ငါး‌ယောက်ပင် မပြည့်ပေ။

ထို့ကြောင့် သူသည် တုန်လှုပ်ချောက်ချားကာ အံ့ဩမှင်တင်နေရသည်မှာ မထူးဆန်းပေ။ ၎င်းမှာ ရရှိပိုင်ဆိုင်ရန် အလွန် ခက်ခဲလှသော ရာထူးတစ်ခု မဟုတ်ပါလော။

ဟွမ်ကွေ့သာမက ချန်ပင်းသည်ပင် ကြက်သေသေနေရ၏။ သူသည် ထိပ်ဆုံးကျောင်းသားခေါင်းဆောင်ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်ပါသော်လည်း ထင်ပေါ်ကျော်ကြားသော မြို့စား၏ စိတ်အားထက်သန်မှုကိုကြည့်၍ ဝမ်ပေါင်လဲ့၏ အနာဂတ်မှာ အလွန် ဖြောင့်ဖြူးသာယာနေတော့မည်ဖြစ်ကြောင်း အသေအချာ သိလိုက်၏။

အခြားအတန်းဖော်များမှာမူ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များ အားလုံးကြောင့် ကယောင်ချောက်ချား ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ မှင်တက်နေကြပြီး ထိုဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ သူတို့၏ အသိစိတ်များထဲတွင် ထာဝရ စွဲထင်နေတော့မည့်အလား ဖြစ်နေတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူနှင့် ဟွမ်ကွေ့၏ ကြားရှိ အတန်းဖော်ဆိုသော ဆက်ဆံရေးကို စိတ်ထဲတွင် မှတ်ထားဆဲပင်။ ထို့ကြောင့် ဟွမ်ကွေ့မှာ သူ့အား စော်ကားပုတ်ခတ်ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့ကမူ လွန်လွန်ကဲကဲ ပြန်၍ တုံ့ပြန်ရန် ဆန္ဒမရှိသောကြောင့် သူ့ကိုယ်သူ နှိမ့်ချ၍ ပြောဆိုဆက်ဆံရန်သာ ဆုံးဖြတ်လိုက်၏။

” တကယ်တမ်းပြောရရင်က ဘာမှလည်း အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ငါက အရင်ဆုံး ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်သွားခဲ့တာ။ အဲဒီနောက် မင်း စောစောကပြောခဲ့တဲ့ စနစ်ပြန်ပြောင်းတဲ့ ပြဿနာနဲ့ ကြုံခဲ့ရတာပဲ။ မင်းတို့သိတဲ့အတိုင်း ငါက ခေါင်းမာပြီး တခြားလူတွေနဲ့ ပြောဆိုဆက်ဆံရမှာ ပျင်း‌လို့ တခြားကျောင်းသားခေါင်းဆောင် နှစ်ယောက်နဲ့ ခင်မင်ရင်းနှီးအောင် လုပ်ချင်စိတ် လုံးဝကို မရှိခဲ့ဘူး။ အဲဒီတော့ ပိုလွယ်တဲ့ နည်းလမ်းကိုသုံးပြီး ကမ္ဗည်းစာခန်းမနဲ့ ဝိညာဉ်အမြုတေခန်းမ နှစ်ခုစလုံးရဲ့ကျောင်းသားခေါင်းဆောင် ဖြစ်လာအောင်လို့ သူတို့ထက်သာအောင် လုပ်လိုက်တာပဲ။ အဲဒီတော့ ဘာကိစ္စ လုပ်ရပ်လုပ်ရ ငါ့ကိုယ်ငါပဲ တိုင်ပင်စရာ ရှိတော့တာဆိုတော့ အများကြီးပိုပြီး ရိုးရှင်းသွားတာပေါ့ကွာ ”

ဝမ်ပေါင်လဲ့မှာ စကားဆုံးအောင် ပြောပြီးသွားသောအခါ သူ၏ သူ့ကိုယ်သူ နှိမ့်ချနိုင်စွမ်းကို အလွန် ကျေနပ်နေ၏။ သူ၏ ပတ်ပတ်လည်မှ လူများမှာလည်း ဝမ်ပေါင်လဲ့၏ မောက်မာထောင်လွှားမှု အလျင်းမပါသော စကားလုံးများထဲတွင် နစ်မျောသွားရတော့သည်။ တုမင်ကမူ ဝမ်ပေါင်လဲ့မှာ ယခုအကြိမ်တွင် ကြွားလုံးထုတ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့သောကြောင့် ေဒါသအမျက်ချောင်းချောင်း ထွက်နေရတော့သည်။ သူမ၏ ဘေးတွင်ရှိသော ဟွမ်ကွေ့မှာမူ ငြိမ်ကျသွားပြီး ခံစားချက်များ ရောယှက်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အားကြည့်ကာ ရှုံ့မဲ့မဲ့နှင့် ပြုံးနေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ရွှင်ပျကာ ပျော်ရွှင်ကျေနပ်နေ၏။ သိပ်မကြာခင် တွေ့ဆုံပွဲမှာ ပြီးဆုံးသွားသည်။ ထို့ကြောင့် သူသည် ဣန္ဒြေအပြည့်ဖြင့် မတ်တတ်ထကာ တည်းခိုခန်းထဲမှ ထွက်ခွာသွားပြီး မိန်းမောတွေဝေစွာ ကြည့်နေသော ဟွမ်ကွေ့၏ အကြည့်အောက်မှနေ၍ ပျောက်ကွယ်သွားတော့သည်။

အားလပ်ရက်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်ထပ်တစ်လတိတိ ပြီးဆုံးသွားပြန်သည်။ ပညာသင်နှစ်အသစ် စတင်ရန်အတွက် ရက်အနည်းငယ်ခန့်သာ လိုတော့၏။ ထိုကုန်ဆုံးသွားခဲ့သည့် လအတွင်း ဘန်နီလေးမှာ ဝမ်ပေါင်လဲ့၏ နေအိမ်သို့ လာလည်ရင်း သူ၏မိခင်မှာ သူမအား အလွန် သဘောကျသွား၏။

လျှိုတောက်ပင်းမှာလည်း ပုံမှန် လာရောက်လည်ပတ်ခဲ့သည် ဖြစ်ပြီး လက်ဆောင်များစွာ ယူလာခဲ့သလို ဝမ်ပေါင်လဲ့အား အဖော်ပြု၍ ဇာမဏီမြို့တစ်ခွင် ပျော်ပါးစွာ လှည့်လည်သွားလာခဲ့၏။ ဝမ်ပေါင်လဲ့မှာ သူ၏ လက်ကျန်အားလပ်ရက်အနည်းငယ်ကို စိတ်လွတ်ကိုယ်လွတ်ဖြတ်သန်းရန် စဉ်းစားနေချိန်တွင် ရုတ်ချည်းဆိုသလို ကောင်းကင်တာအိုကျောင်းမှ ရုတ်တရက်ပြန်ခေါ်စာကို ရရှိလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ ကောင်းကင်တာအိုကျောင်းကို အခုချက်ချင်း ပြန်ခဲ့ပါ “

Comment

Leave a Reply

Options

not work with dark mode
Reset