အပိုင်း (၉၃၁) ဒုတိယမြောက် ငြင်းပယ်မှု

ဒုတိယမြောက် ငြင်းပယ်မှု

ရီဖူရှင်းက လည်ပြန် လှည့်ကြည့်၏။ ဓားဝိညာဉ်က သူ၏ မူလပိုင်ရှင်ထံသို့ ပြန်လည် ရှောက်ရှိသွားပြီ ဖြစ်သည်။ သို့သော်လည်း ရီဝူချင်းမှာ စိတ်ဝိညာဉ်အား ပြတ်လပ်မှုကို တာရှည်စွာ ခံစားခဲ့ရသူဖြစ်ရာ အချိန်တိုအတွင်း နိုးထလာရန်တော့ မဖြစ်နိုင်ပေ။ ဖီးနစ်က စိတ်ဝိညာဉ် အားဖြည့် ဆေးလုံး တစ်လုံးအား ရီဝူချင်း၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆေးလုံးက ရီဝူချင်း၏ ကုန်ဆုံးသွားသော စိတ်စွမ်းအားများကို မြန်ဆန်စွာ ဖြည့်တင်း နိုင်ပေလိမ့်မည်။

“မင်းသမီး … သက်စောင့်ဝိညာဉ်က ပိုင်ရှင်ဆီလည်း ပြန်ရောက်သွားပြီ … ချိန်ရန်လည်း ရှုံးသွားပြီ … အားလုံးကို ဒီလောက်နဲ့ အဆုံးသတ် ကြရအောင် …” စွေ့ရန်ရှန့်ထိုဓားက ရှားရှင်းယွန်အား ကြည့်ကာ ပြောသည်။ ရီဖူရှင်းက ဆက်လက်၍ ပေ့ချိန်ရန်အား ရန်ရှာမည်ကို သူစိုးရိမ်သည်။ မူလ အစကတည်းက ပေ့ချိန်ရန်ကိုယ်တိုင် ဂူတုံးလျိုတို့အား သူ့ကို လာရောက် စိန်ခေါ်ရန် ပြောဆိုခဲ့ကာ သဘောတူညီချက်များ ထုတ်ခဲ့သည်။ ထိုကိစ္စအား မင်းသမီး ကိုယ်တိုင်ကလည်း အသိအမှတ် ပြုခဲ့၏။ ယခု ရှားရှင်းယွန်က စိန်ခေါ်ပွဲ၌ ကိုယ်တိုင် ရောက်ရှိနေခဲ့ရာ သူက အခြေအနေကို အရမ်းကာရော မတားဆီးရဲပေ။ သူ လုပ်နိုင်သည်ကား မင်းသမီး၏သဘောထားကို မေးမြန်းခြင်းပင်။

ရှားရှင်းယွန်က စွေ့ရန်ရှန့် ထိုဓားအား မကြည့်ပေ။ သူမ၏ မျက်လုံးများက စင်မြင့်ထက်မှ ရီဖူရှင်းထံတွင်သာ ရှိနေသည်။

“တခြားလူရဲ့ သက်စောင့်ဝိညာဉ်ကို လုယက်တယ် … အခု သူက ရှုံးနိမ့်ခဲ့မှတော့ ပြန်ပေးတာက လုံလောက်လို့လား …” ယူချင်းက အေးစက်စွာ ပြောကာ ရှေ့သို့ တက်လာခဲ့သည်။

“သူက ဒီလောက် ရိုက်ထားပြီးပြီ … မလုံလောက်ဘူးလား …” စွေ့ရန်ရှန့်ထိုဓားက ယူချင်းအား ကြည့်ကာ ပြောသည်။ သူ၏မျက်လုံးများ၌ ပြင်းထန်စူးရှသော ဓားအသိများ ဖြာထွက်နေ၏။

“ဒါက ဘယ်လုံလောက်ပါ့မလဲ …” ရီဖူရှင်းက ပြန်ပြောသည်။ သူက လက်ဆန့်တန်း လိုက်သည်တွင် နှင်တံတစ်လက် သူ၏လက်ထဲ၌ ပေါ်လာကာ သက်စောင့် ဝိညာဉ်အား ဆုပ်ကိုင်ထားသော လူဝံကြီးထံသို့ တစ်လှမ်းချင်း လှမ်းသွား၏။

ထိုအခိုက်တွင် လူဝံကြီးက သူ၏ လက်နှစ်ဖက်ဖြင့် ဓားဝိညာဉ်အား မြဲမြံစွာ ကိုင်စွဲထားဆဲ ဖြစ်သည်။ ကျူးထန်နန်းတောမှ မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြသည်။

ရီဖူရှင်းက ဘာလုပ်ရန် ကြိုးစား နေသနည်း။

“မင်းက ထိန်းချုပ် မရတော့ပါလား …” စွေ့ရန်ရှန့်ထိုဓားက ထရပ်လျှင် ကြောက်မက်ဖွယ် ကောင်းသော ဓားအသိက ဖြာထွက်လာခဲ့၏။ သို့သော်လည်း ရီဖူရှင်းက ဂရုမထားဘဲ နတ်ဘုရား လူဝံထံသို့ ဆက်လက် လျှောက်သွားခဲ့၏။

ပေ့ချိန်ရန်ကား မျက်လုံးများ ဖွင့်ကာ မြေပြင်ပေါ်၌ လဲလျောင်းနေဆဲ ဖြစ်သည်။ ရီဖူရှင်း၏ အပြုအမူကို မြင်သောအခါ သူ၏မျက်နှာမှာ အလွန်တရာ ပျက်ယွင်း လာခဲ့၏။ သူ၏ အင်အားမဲ့သော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်၌ လဲလျောင်းရင်းက တဆတ်ဆတ် တုန်ယင်လာခဲ့၏။

သူကား အဆုံးစွန်သော ကျရှုံးမှုသို့ ရောက်လာခဲ့၏။

ရီဖူရှင်းက သူ့အား လက်လွှတ် ပေးပါ့မလား။

ထိုအရာသည် သူ၏သက်စောင့်ဝိညာဉ် ဖြစ်၏။ သူ၏သက်စောင့် ဝိညာဉ်သာ ဖျက်ဆီးခံခဲ့ရပါလျှင် သူ၏ ကျင့်ကြံခြင်းမှာ နောက်ထပ် တိုးတက်စရာ အကြောင်း မရှိတော့ပေ။ သူ၏အနာဂတ်မှာ ပျက်စီးရကာ မသန်စွမ်းဘဝသို့ ကျဆင်း သွားရပေလိမ့်မည်။

ပွဲကြည့်စင်ပေါ်တွင် ကျူးထန်အဆင့်မှ လူအများအပြားသည် ရီဖူရှင်း၏ လှုပ်ရှားမှုများကို ကြည့်ကာ စိတ်လှုပ်ရှား နေကြ၏။ သည်အကောင်ကား ရူးသွပ် နေလေပြီ။

သူက မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်း အတွက် သွားတစ်ချောင်း ဟူသော ဥပဒေသအား ကျင့်သုံးနေသည် များလား။

ထန်း …

ဂီတသံတစ်ခု ထွက်လာခဲ့ကာ ထိုအသံမှာ အားကောင်းလွန်း ရကား ရီဖူရှင်း၏ စိတ်စွမ်းအားကို တိုက်ရိုက် လာလှုပ်ယမ်း၏။ ရီဖူရှင်းသည် လျှောက်နေရာမှ ရပ်လိုက်ပြီး အသံလာရာဘက်သို့ ကြည့်လိုက်သည်တွင် စင်မြင့်ထက်မှ စူးစူးရဲရဲ ကြည့်နေသော လီဟန် ဓားနန်းတော်မှ မိုလီအား မြင်သည်။

“တော်လောက်ပြီ … ဒီမှာ ရပ်လိုက်တော့ …” မိုလီက ရီဖူရှင်းအား ကြည့်ကာ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။ သူ၏အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း ထူးဆန်းသော မှော်စွမ်းအား တစ်ခုပါဝင်ကာ ငြင်းဆန်ရင် ခက်ခဲ၏။ မိုလီ နားလည်သည်မှာ ပေ့ချိန်ရန်က ရီဝူချင်း၏ သက်စောင့်ဝိညာဉ်အား ထုတ်နုတ်ခဲ့ပြီး ယခု သူ ရှုံးနိမ့်ခဲ့ပြီဖြစ်ရာ သူကား အပြစ်ပေးခံရရန် ထိုက်တန်ပေ၏။ သူ၏စွမ်းရည် မလုံလောက်ခြင်း အတွက် သူက တန်ဖိုးတစ်ခု ပေးဆပ် ရပေမည်။

သို့တိုင်အောင် ပေ့ချန်ရန်မှာ သူ၏ဂိုဏ်းတူညီ ဖြစ်၏။ ရီဖူရှင်းက ပေ့ချိန်ရန်အား သက်ဖြတ်လိုခြင်းတွင် သူက မည်သို့ သည်အတိုင်း ရပ်ကြည့် နေနိုင်မည်နည်း။

ရီဖူရှင်း၏ မျက်လုံးများက အေးစက်နေ၏။ ပေ့ချိန်ရန်က ရီဝူချင်း၏ သက်စောင့်ဝိညာဉ်ကို ထုတ်နုတ်ခဲ့ရာတွင် မည်သူ တားဆီး ပေးခဲ့သနည်း။ ပေ့ချိန်ရန်က မည်သူ့ကိုမှ ဂရုမစိုက်ခဲ့ရာ သူ၏အစ်ကို၃မှာ ကျူးထန်ကိုးလွှာသို့ အထိ တက်ရောက် တိုက်ခိုက်ကာ သူ့အား စိန်ခေါ်ရန် ကြိုးစားခဲ့ရသည်။ သူတို့အားလုံးက အစ်ကို၃၏ကြိုးစားမှုအား အရူးတစ်ယောက်ပမာ သဘောထားကာ ဝိုင်းဝန်းကြည့်ရှု လှောင်ပြောင် နေခဲ့ကြ၏။

ဝူချင်း၏ သေခြင်း ရှင်ခြင်းကို မည်သူ ဂရုစိုက်ခဲ့ပါသနည်း။

သူ၏သက်စောင့်ဝိညာဉ် ထုတ်နုတ်ခံရခြင်းကို မည်သူ အလေးထားခဲ့သနည်း။

ယခု မိုလီက ရပ်တန့်ပါဟု ပြောခြင်းကို သူ မည်သို့ သဘောတူ ရမည်နည်း။

“တကယ်လို့ မင်းက သူ့အတွက် မင်းရဲ့သက်စောင့် ဝိညာဉ်ကို အစားထိုး စတေးပေးရင် ငါ ရပ်ပေးမယ် …” ရီဖူရှင်းက မိုလီကို ကြည့်ကာ ပြောသည်။

မိုလီက သူ၏မျက်ခုံးများကို ပင့်လိုက်သလို ဖန်းရှောင်ကလည်း အေးစက်စွာ ပြောသည် … “မင်းက မောက်မာလွန်းတယ် …”

ရီဖူရှင်းက ဖန်းရှောင်အား သရော် လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်ကာ နောက်လှည့်လျက် လူဝံကြီးထံသို့ လျှောက်သွား၏။

“မင်းသမီး …” စွေ့ရန်ရှန့်ထိုဓား၏ အမူအရာမှာ အလွန် စိတ်ပျက်နေဟန် ရသည်။ ရှားရှင်းယွန်အား ခေါ်လိုက်သော သူ၏အသံတွင် အသနားခံသော အငွေ့အသက်များပင် ပါနေ၏။ ယခု သူ့သား ပေ့ချိန်ရန်အား ရှားရှင်းယွန် တစ်ယောက်တည်းသာ ကယ်တင် နိုင်ပေလိမ့်မည်။

ရီဖူရှင်းက တစ်လှမ်းချင်း လျှောက်သွားကာ လူဝံကြီး၏ရှေ့တွင် ရပ်လိုက်ရင်း သူ၏လက်ကို မြှောက်လိုက်သည်တွင် နှင်တံထံမှ ကြောက်မက်ဖွယ် လောကဓာတ်များ ဖြာထွက် လာခဲ့၏။ ရှားရှင်းယွန်က သူ့အား လှမ်းခေါ်သည် … “ရီဖူရှင်း …”

“ပေ့ချိန်ရန်က ဝူချင်းရဲ့ သက်စောင့်ဝိညာဉ်ကို ထုတ်နုတ်သွားတဲ့အခါ မင်းသမီးက ဝင်မစွက်ဖက်ခဲ့ဘဲ နေခဲ့တယ် … အခု ကျုပ်က ပေ့ချိန်ရန်ကို သဘောတူညီချက် အတိုင်း စိန်ခေါ် အနိုင်ယူခဲ့တယ် … မင်းသမီးလည်း ဒါကို အသိသက်သေ တည်ခဲ့တယ် … ဟုတ်တယ်မလား …” ရှားရှင်းယွန်က ဘာမှ မပြောရသေးခင်ပင် ရီဖူရှင်းက သူမအား တားဆီး ပိတ်ပင်လိုက်၏။

ရီဖူရှင်းသည် အလွန် စိတ်ဆိုးသော်လည်း ရှားရှင်းယွန်ကား အင်ပါယာရှား၏ သမီးတော် ဖြစ်၏။

ရီဖူရှင်းကား တော်ဝင်မြေ နန်းတော်သခင် တစ်ယောက်မျှသာ ဖြစ်၏။ သူ့အနေဖြင့် ရှားရှင်းယွန်အား မည်သို့ အပြစ်တင် မည်နည်း။

ရှားရှင်းယွန်သည် ရီဖူရှင်း၏စကားကို ကြားလျှင် အတန်ကြာ တိတ်ဆိတ် သွား၏။

“မှန်တယ် …” ရီဖူရှင်းအား ကြည့်ကာ ရှားရှင်းယွန်က ပြောသည်။

“ဒါဆိုလည်း ကျုပ်က မင်းသမီးကို ကျေးဇူတင်ပါတယ် …” ရီဖူရှင်းက ပြောကာ နှင်တံအား ကိုင်မြှောက် လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက နှင်တံနှင့်အတူ ကျဆင်း လာခဲ့သလို မရေမတွက်နိုင်သော လူများကလည်း ရီဖူရှင်းအား မမှိတ်မသုန် ကြည့်နေကြ၏။

“မဟုတ်ဘူး …” ပေ့ချိန်ရန်က အားနည်းစွာ အသံပြု၏။

ဘုန်း …

ကျယ်လောင်သော အသံတစ်သံ ထွက်လာကာ နှင်တံ၏ ရိုက်ချက်တွင် ဓားဝိညာဉ်မှာ ပေါက်ကွဲ ထွက်သွားသည်။ ချက်ချင်းပင် ဓားဝိညာဉ်ကား ပေါက်ကွဲကာ အစအနများအဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားတော့သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပေ့ချိန်ရန်သည် မျက်နှာက ပိုမိုဖြူလျော့သွားပြီး ပါးစပ်မှ သွေးများ တပွက်ပွက် ထွက်လာတော့သည်။ ထိုအခိုက်တွင် သူ၏ ကျင့်ကြံခြင်းများ အားလုံးမှာ ကြီးမားစွာ ဆုတ်ယုတ် သွားသည်ကို သူခံစားရ၏။ သူကား နာကျင်လွန်းရကား နာကျင်မှုကိုပင် မသိတော့သလို ဖြစ်လာသည်။ ထို့ထက် ပြင်းထန်သော နာကျင်မှုကား သူ၏ နှလုံးအတွင်းထဲမှ စူးစူးရဲရဲ ဖြစ်တည် လာခဲ့၏။

သူ၏မွေးရာပါ သာလွန် ကောင်းမွန်သော ဘဝ၊ မရေမတွက်နိုင်သော လူများ လေးစား အားကျရသော အဆင့်အတန်း၊ ထူးခြား ကောင်းမွန်သော ပါရမီတို့ဖြင့် သူကား ကောင်းကင်မှ ကောင်းချီးပေး ခံရသော သားတော် တစ်ယောက်ဟု ဆိုနိုင်ပေသည်။ သူကား ကျူးထန် အဆင့်သို့ တက်လှမ်းခဲ့ကာ လက်ချိုးရေနိုင်သော ပါရမီရှင် အဆင့်အတန်း တစ်ခုအား ပိုင်ဆိုင်၏။ သူကား ရှန့်ထိုတစ်ပါး၏ သားတော်ဖြစ်ကာ လီဟန်ဓား နန်းတော်၏ တပည့်တစ်ယောက် ဖြစ်သည်။ အနာဂတ်တွင် သူက ရှန့်ထိုအဆင့်သို့ ဝင်ရောက်သောအခါ အင်ပါယာ ရှားနယ်မြေ၌ သူကား သေချာပေါက် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ယခု အရာအားလုံးမှာ အိပ်မက် ဆန်လွန်းခဲ့သည်။

သူ၏အိပ်မက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ယခု အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ သူကား မသန်စွမ်း တစ်ယောက် ဖြစ်ခဲ့လေပြီ။ ကျင့်ကြံခြင်း၌ ရှေ့ဆက် မသွားနိုင်တော့သော မသန်စွမ်း တစ်ယောက် ဖြစ်ကာ တစ်လောကလုံး၏ လှောင်ပြောင် ရယ်မောခြင်းအား ခံယူရပေတော့မည်။ ယနေ့တိုက်ပွဲကို အားလုံးက အမှတ်ရကြ ပေလိမ့်မည်။ ပြည်နယ်ကိုးခုမှ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် … ကောင်းကင်လှေကားမှ တစ်ဆင့် အထက်ဘုံသို့ တက်လှမ်းကာ ကျူးထန် နန်းတော်ကိုးလွှာ၌ ကောင်းကင်မှ ကောင်းချီးပေး ခံရသော သားတော် ပေ့ချိန်ရန်အား မသန်စွမ်း ဖြစ်စေခဲ့၏။ ပုံပြင်ကား လှပခန့်ညား ပေသည်။

တစ်ဖက်တွင် ပေ့ချိန်ရန်၏ နာမည်ကား ပုံပြင်ထဲမှ မင်းသားအတွက် နာမည် ကျော်ကြားရန် လှေကားထစ် တစ်ခုမျှသာ ဖြစ်ခဲ့၏။

မည်မျှ အဓိပ္ပာယ် ကင်းမဲ့သနည်း။

သူ မည်သို့မှ လက်မခံနိုင်ပေ။ အကျိုးဆက်က အမှန်တကယ်ပင် အောက်ဘုံမှ တစ်စုံ တစ်ယောက်၏ သက်စောင့် ဝိညာဉ်အား ခိုးယူခဲ့သော ကြောင့်လား။ အဘယ်ကြောင့် သူက သည်မျှ ကြေကွဲဖွယ် တန်ဖိုးတစ်ခုအား ပေးဆပ်ခဲ့ရသနည်း။

ပေ့ချိန်ရန်၏ မျက်လုံးများထဲမှ မျက်ရည်များ တလိမ့်လိမ့် ကျလာခဲ့သည်။ မျက်ရည်များမှာ အနာဂတ်အတွက် ဖြည်မဆည်နိုင် ပူဆွေးသောက ရောက်ခြင်း၏ သင်္ကေတများ ဖြစ်ကြသည်။ ယခု သူ၏နှလုံးသားမှ နာကျင်မှုကား သေဆုံးခြင်း တရားကပင် ကုစားနိုင်ဟန် မတူတော့။

လူဝံကြီးသည် ရီဖူရှင်း၏ သက်စောင့် ဟော်နန်းထဲ ပြန်လည် ရောက်ရှိ သွားခဲ့သည်။ ကျူးထန် နန်းတော်၌ အဆုံးမဲ့သော တိတ်ဆိတ်ခြင်းမျာသာ ကြီးစိုးနေ၏။

ပြည်နယ်ကိုးခုမှ အထက်ဘုံသို့ တက်ရောက်လာသော ရီဖူရှင်းသည် ကျူးထန်နန်းတော် ကိုးလွှာ၌ စွေ့ရန်ရှန့်ထိုဓား၏ သားဖြစ်သူ၊ လီဟန်ဓား နန်းတော်၏တပည့် ပေ့ချိန်ရန်အား သက်စောင့်ဝိညာဉ် ပျက်စီးစေအောင် တိုက်ခိုက် ဖျက်ဆီးခဲ့သည်။

လွန်ခဲ့သော အခိုက်အတန့်ကမှ ကျူးထန် နန်းတော်၏ အမြင့်ဆုံး ဂုဏ်ပုဒ်တစ်ခုအား ပိုင်ဆိုင်ခဲ့သော ပေ့ချိန်ရန်မှာ ယခု မသန်စွမ်း ဖြစ်ခဲ့လေပြီ။

သည်တိုက်ပွဲမှာ အားလုံး၏ အထင်နှင့်အမြင်ကို တက်တက်စင် လွဲစေခဲ့သော်လည်း သူတို့အား အကြီးအကျယ် ထိတ်လန့် စေခဲ့၏။

စွေ့ရန် ရှန့်ထိုဓားမှလွဲ၍ မည်သူကမှ ပေ့ချိန်ရန်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြပေ။ အနိုင်ရသူက ဘုရင်ဖြစ်ကာ ရှုံးနိမ့်သူက ပျက်စီးရပေမည်။ သူကား တခြားလူများ၏ သက်စောင့်ဝိညာဉ်အား အလိုလောဘဖြင့် လုယက်ခဲ့သူ ဖြစ်သည်။ ယခု သူက မျှတသော တိုက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီဖြစ်ရာ မည်သူက သူ့အပေါ် သနားကရုဏာသက် မည်နည်း။ သူကား သူစိုက်ပျိုးခဲ့သော ကမ္မအား ရိုက်သိမ်းခဲ့ခြင်း မျှသာ။

ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်ကာ ဘာမှ မပြောပေ။

စွေ့ရန်ရှန့်ထိုဓားထံမှ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိများ ဖြာထွက် လာခဲ့ကာ သူ၏ မျက်လုံးထဲမှ လူသတ်လိုသော အငွေ့အသက်များ သည်လည်း အထိန်းအချုပ် အတားအဆီး ကင်းစွာ ထွက်လာခဲ့၏။

သူ့ရှေ့မှ ရီဖူရှင်းကား သူ၏ချစ်ခင် နှစ်သက် ရသော သားအား ဖျက်ဆီးခဲ့၏။

မိုလီနှင့် ဖန်းရှောင်တို့မူကား ရီဖူရှင်းကို ထူးမခြားနားစွာ ကြည့်နေကြသည်။ ရီဖူရှင်းနှင့် မင်းသမီးလေးတို့ အပြန်အလှန် ပြောစကားများက သူတို့အား ပါဝင်စွက်ဖက်ရန် အင်အားမဲ့စေသည်။

ကျူးထန်နန်းတော် သခင်လေးကုမူ သည်လည်း တိတ်ဆိတ်နေခဲ့ရာ ကျူးထန် ကိုးလွှာမှာ အမှန်တကယ် တိတ်ဆိတ် နေခဲ့၏။

“တိုက်ပွဲကို ဒီမှာ ရပ်တန့်မယ် …” ရှားရှင်းယွန်က ပြောသည်။

ကုမူက သူ၏လူများအား စိတ်ဝိညာဉ် အသံဖြင့် လှမ်းအမိန့်ပေး စေခိုင်းလျှင် အစီအရင်က ပျောက်ကွယ် သွား၏။

လျှပ်တစ်ပြက်ပင် စွေ့ရန်ရှန့်ထိုဓားက စင်မြင့်ထက်သို့ တက်ရောက် သွားသလို ကျေးရွာ ခေါင်းဆောင် သည်လည်း ရီဖူရှင်းဘေး၌ ပေါ်လာခဲ့၏။

ရှားရှင်းယွန် ကိုယ်တိုင် သည်နေရာ၌ ရှိနေသော်လည်း စွေ့ရန်ရှန့်ထိုဓားက ရူးမသွားဟု မည်သူ အတပ်ပြောနိုင် မည်နည်း။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။

မိုလီနှင့် ဖန်းရှောင်တို့ကလည်း ထရပ်ကာ ရီဖူရှင်းအား ထူးမခြားနားစွာ ကြည့်လျက် သည်နေရာတွင် ဆက်လက် နေလိုဟန် မရတော့ဘဲ လှည့်ထွက် လိုက်ကြသည်။

ရှားရှင်းယွန်ကား ထိုင်နေဆဲဖြစ်ကာ ရီဖူရှင်းအား ကြည့်လျက် ပြောသည် … “ရှင်က ကျွန်မနဲ့အတူ လေ့ကျင့်မလား …”

ကျူးထန်နန်းတော် ကိုးလွှာမှ လူများ အားလုံးမှာ တုန်လှုပ် သွားကြသည်။ မင်းသမီးလေးက ရီဖူရှင်းအား သူမနှင့်အတူ လေ့ကျင့်ရန် ကိုယ်တိုင် ဖိတ်ခေါ်ခဲ့၏။ ရီဖူရှင်း၏ စွမ်းရည်ကား မင်းသမီးလေးကိုပင် အထင်တကြီး ဖြစ်စေခဲ့ဟန်ရ၏။

ကုမူ၏မျက်လုံးများ အရောင်လက် သွားသည်။ ရီဖူရှင်းသာ ဆန္ဒရှိပါက မင်းသမီးလေး ဘေးတွင် နေခြင်းဖြင့် သူ့အား မည်သူ ထိရဲတော့မည်နည်း။

“မင်းသမီးလေးက အရမ်း မေတ္တာ ကြီးမားပါတယ် … ကျုပ်က မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်တာမို့လို့ ပုံမှန်အားဖြင့် ကျုပ်က တော်ဝင်ကျဲ နန်းတော်ကိုပဲ ပြန်ရပါမယ် …” ရီဖူရှင်းက ရှားရှင်းယွန်အား ကြည့်ကာ ငြင်းပယ်သည်။

ရှားရှင်းယွန်က ရီဖူရှင်းအား နက်နက်ရှိုင်းရှိုင်း ကြည့်သည်။ သည်တစ်ခေါက်ကား ဒုတိယအကြိမ် ငြင်းပယ်ခြင်း ဖြစ်သည်။ ရှန့်ထိုရှား၏ မွေးနေ့ပွဲ၌တစ်ခါ ရီဖူရှင်းက သူမနှင့်အတူ အထက်ဘုံ၌ လေ့ကျင့်ရန် ဖိတ်ခေါ်ခြင်းအား ငြင်းပယ်ခဲ့၏။

သူမက ဘာမှ ဆက်မပြောတော့ဘဲ တော်ဝင်ရှန့်ထိုသားရဲ ဖြစ်သော ဖီးနစ်ငှက်၏ ကျောပေါ်သို့ တက်ကာ စူးရှသော အော်သံတစ်ချက်နှင့် အတူ ကောင်းကင်သို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

“ငါတို့ မြေရိုင်းပြည်နယ်သို့ ပြန်မယ် …” ရီဖူရှင်းက ထွက်သွားသော ရှားရှင်းယွန်အား ကြည့်ကာ ပြောသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset