Switch Mode

အပိုင်း (၉၃၀)

ပြိုင်ဘက်ကင်းခြင်း၏အဓိပ္ပာယ်

ကျူးထန် နန်းတော်မှ လူများအားလုံးက စင်မြင့်ထက်မှ သဏ္ဌာန် နှစ်ခုအား ကြည့်နေကြ၏။

ဂူတုံးလျိုနှင့် ယူချင်းတို့က သူတို့၏ ပြိုင်ဘက်များကို အနိုင်ယူပြီး ဖြစ်ရာ နောက်ဆုံးတိုက်ပွဲ တစ်ခုတည်းသာ ကျန်ရစ်၏။ သည်တိုက်ပွဲတွင် ပေ့ချိန်ရန်မှာ ကံဆိုးမိုးမှောင် ကျပြီ ဖြစ်ကြောင်း လူတိုင်းက သိလိုက်ပြီ ဖြစ်သည်။ ရီဖူရှင်းကား ရည်ရွယ်ချက် ရှိရှိဖြင့် ပေ့ချိန်ရန်၏ သက်စောင့် ဝိညာဉ်အား ထိန်းချုပ်ထားပြီး ဖြစ်သည်။

သူက ဘာလုပ်ဖို့ ကြိုးစား နေသနည်း။

ကျူးထန် နန်းတော် တစ်ခုလုံး တိတ်ဆိတ် နေသည်။ အားလုံးက တစ်စုံတစ်ခုအား ရိပ်မိလိုက်ကြပြီ ဖြစ်သည်။

စွေ့ရန်ရှန့် ထိုဓား၏ မျက်နှာက အလွန်အမင်း အရုပ်ဆိုး လာခဲ့သည်။ ပေ့ချိန်ရန်ကား အန္တရာယ် ရှိနေလေပြီ။

ပေ့ချိန်ရန်၏ စိတ်ဝိညာဉ် အသိက ထွက်ပေါ် လာခဲ့လျှင် လူဝံကြီး၏ လက်ထဲမှ သက်စောင့် ဝိညာဉ်မှာ ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော် လူဝံကြီး၏ လက်နှစ်ဖက်မှ ထုတ်လွှတ်သော လောကဓာတ် နှစ်ခုမှာ အခိုင်မာဆုံးသော အချုပ်အနှောင် အလား ဓားဝိညာဉ်အား  တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

ထိုအခိုက်တွင် ရီဖူရှင်းက ရုတ်တရက် လက်ဆန့်တန်း လိုက်လျှင် သူ၏ လက်ထဲတွင် ကြယ်အလင်းများမှ တစ်ဆင့် ဖြစ်တည်လာသော နှင်တံ တစ်လက်ကို မြင်တွေ့ရသည်။ ကြယ်တာရာ လောကဓာတ်က နှင်တံအား စီးဆင်းလာခဲ့၏။ ပြင်းထန်သော ဖိအားတစ်ခု ပေ့ချိန်ရန် ထံသို့ ရိုက်ခတ် လာခဲ့၏။

ရီဖူရှင်း လှုပ်ရှားသည်ကို အားလုံးက ကြည့်နေကြသည်။ သူကား အတည် လုပ်တော့မည့်ဟန် ရ၏။

ဟူး  …

ရီဖူရှင်းက ရှေ့သို့ လှမ်းသွား လိုက်လျှင် တိမ်များနှင့် လေများ ရွေ့လျားကြသည်။ လောကဓာတ်များ လှုပ်ခတ် သွားလျှင် အခြေအနေ တစ်ခုလုံးက သူ့လက်ထဲ၌ ရှိနေဟန်ရသည်။

“မဟာ လမ်းစဉ်ကို လေ့ကျင့်ရာမှာ အားနည်းတဲ့ သူက ကောင်းကင်က ပေးအပ်တဲ့ အခွင့်အလမ်းကို ယူပိုင်ခွင့် မရှိဘူး ဟုတ်လား …” ရီဖူရှင်းက အေးစက်စွာ မေးသည်။ သူ၏ကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါ ရိုက်ခတ် သွားလျှင် လေဟာနယ်က အေးခဲသွား၏။ ပေ့ချိန်ရန်၏ အနီးမှ ဓားအသိများ မှာလည်း နှေးကွေး သွားသည်။

ပေ့ချိန်ရန်က လက်ကို ဝှေ့ယမ်းလျှင် ဓားအသိတစ်ခုက ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။ လီဟန်ဓားက လေဟာနယ် ဓာတ်ကို ဖြတ်တောက်ကာ အချုပ်အနှောင်ကို ကျော်ဖြတ် သွားခဲ့သည်။

“ကိုယ့်နေရာကိုယ် မသိတဲ့သူက သက်စောင့် ဝိညာဉ်ကို ဆုံးရှုံးရမယ် ဟုတ်လား …” ရီဖူရှင်းက ဆက်မေးသည်။ သူက ရှေ့သို့ ဆက်တက် လာခဲ့လျှင် လေထုက တုန်ခါသွားကာ ပြင်းထန်သော စိတ်စွမ်းအားက တစ်ဖန် ရိုက်ခတ် လာခဲ့ပြန်သည်။ မဟာ လမ်းစဉ်၏လောကဓာတ်က ကောင်းကင်ကို ဖုံးအုပ်သွား၏။ ထိုအခိုက်တွက် သူကား လူတိုင်းက ဦးညွှတ်ရသော နတ်ဘုရားတစ်ပါး အလား ထင်မှတ် ရတော့သည်။

ပေ့ချိန်ရန်က ဓားအသိများဖြင့် သူ့ကိုယ်သူ ကာကွယ်ကာ လောကဓာတ်ကို ဖြတ်တောက်လျက် ထိုနေရာတွင် အေးခဲ သွားခြင်းမှာ တားဆီးရန် ကြိုးစားသည်။ မဟုတ်လျှင် သူကား မျှော်လင့်ချက် မရှိနိုင်ပေ။

“အထက်ဘုံက လူတွေက အရာ အားလုံးကို အထင်သေးတယ် … အောက်ဘုံက လူတွေက ကောင်းကင် ကိုးလွှာသို့ မတက်ရောက် နိုင်ဘူးလား …” ရီဖူရှင်း၏ အသံက ကိုးလွှာကို တုန်ခါသွားစေသည်။ သူ၏ ခြေတစ်လှမ်းတိုင်းက မြေပြင်ကို လှုပ်ယမ်းစေသည်။ မဟာလမ်းစဉ် စွမ်းအားမှာ တဖြည်းဖြည်း ပိုမို အားကောင်း လာခဲ့ပြီး ကောင်းကင်မှ နှင်တံ ပုံရိပ်တစ်ခု ဆင်းသက် လာခဲ့သည်။ နှင်တံပုံရိပ်ကား သူ၏ စွမ်းအားဖြင့် ပေါင်းစပ်ထားသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

ဖိအားမှာ ပြင်းထန် လွန်းရကား ကောင်းကင်ပင် ပြိုဆင်း လာတော့မည်ဟု ပေ့ချိန်ရန်က ခံစားရကာ သူ၏မျက်နှာမှာ ပြာနှမ်း သွားခဲ့သည်။ သူ၏ရှေ့မှ ဓားအသိများ အားလုံးက ဧရာမ ဓားတစ်လက် အဖြင့် စုဖွဲ့ လာခဲ့ကြသည်။ ဓားက အနီးမှ လောကဓာတ်များကို ကျော်ဖြတ်ကာ နှင်တံပုံရိပ်အား ခုခံသည်။

“မင်းက ပုရွက်ဆိတ် တစ်ကောင် လောက်တောင် အရေးမပါဘူး … မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အားနည်းလဲ ဆိုတာလည်း မသိဘူး … ဒါတောင်မှ မင်းက ငါ့ညီအစ်ကိုရဲ့ သက်စောင့် ဝိညာဉ်ကို ယူရဲတယ် … မင်းက မဟာလမ်းစဉ်ရဲ့ ကံကောင်းခြင်း တရားကို လုယက်ချင်တယ် … ဒါက မှန်ကန်တယ်လို့ မင်းထင်တယ် … ဟုတ်လား …” ရီဖူရှင်း၏ အသံကား ရေခဲတမျှ အေးစက်နေသည်။ လက်ရှိတွင် သူ၏ လက်ထဲတွင် ကိုင်ဆောင် ထားသော နှင်တံမှာ အကန့်အသတ် မဲ့သော စွမ်းအားများအား ပိုင်ဆိုင်ထားဟန် ရသည်။

သူက ပေ့ချိန်ရန်ကား သည်အတိုင်း အနိုင်ယူမည်တော့ မဟုတ်ပေ။

သူက ဝူချင်း၏ သက်စောင့် ဝိညာဉ်အား ထုတ်ယူ သွားခဲ့ရာ ဂျီယူနှင့် တခြား လူများက ကောင်းကင် ကိုးလွှာအထိ တက်ရောက် တိုက်ခိုက်ကြရ၏။ သူကား သူ၏ သွေးသောက် ညီအစ်ကိုများကို ပုရွက်ဆိတ် ကဲ့သို့ တန်ဖိုး မဲ့စေသည်။

သည်တိုက်ပွဲတွင် သူက ပေ့ချိန်ရန်အား အဆုံးမဲ့သော ချောက်နက်အား ကျဆင်း သကဲ့သို့ ခံစားချက်အား ပေးပေမည်။

ပေချိန်ရန်က သူ၏ထည်ဝါသော သဏ္ဌာန်ကို မြင်၏။ ရီဖူရှင်းကား သူ့ကို ကြောက်ရွံ့စေသည်။ သူ၏စိတ်မှာ တုန်လှုပ်နေကာ မျက်နှာမှ ယုံကြည်မှု များမှာလည်း ကွယ်ပျောက်သွားပြီ ဖြစ်သည်။ သူ၏ မျက်လုံးများက နီရဲလာ၏။

သူ့ထံမှ လီဟန်ဓား အသိ ကွဲထွက် လာခဲ့ကာ ထိုအရာက လေဟာနယ်အား ဖြတ်တောက်လျက် ကောင်းကင် အေးခဲဓာတ်ကို ထွင်းဖောက် သွားခဲ့သည်။ ထက်ရှသော ဓားစွမ်းအားက ရီဖူရှင်းထံသို့ တိုးဝင်သွားခဲ့၏။

သို့သော်လည်း ရီဖူရှင်းက ထိုနေရာတွင် လှုပ်ရှားခြင်း မရှိဘဲ ရပ်နေသည်။ သူ၏အကြည့်က ပေ့ချိန်ရန်ထံသို့ ရောက်လာခဲ့ကာ အားကောင်းသော စွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်အား ရစ်ပတ်လာခဲ့သည်။

သတ္တုများနှင့် ထိရိုက် သကဲ့သို့ အသံများ အဆက်မပြတ် ထွက်ပေါ် လာခဲ့ကာ ဓားစွမ်းအားမှာ တဖြည်းဖြည်း အားနည်း လာခဲ့၏။ နောက်ဆုံးတွင် ဓားအသိက ကြယ်အလင်း အရံအတားနှင့် ထိတွေ့ကာ ရပ်တန့်လု နီးပါးအထိ နှေးကွေး လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ စွမ်းအားက ပေ့ချိန်ရန်နှင့် ဓားဆီသို့ ဖိအား ပေးလာခဲ့သည်။ ကောင်းကင်နှင့် မြေပြင်က ရီဖူရှင်း၏ လောကဓာတ်နှင့် ပေါင်းစပ် သွားခဲ့သလို လီဟန်ဓားကလည်း ဆက်လက်၍ တိုးဝင်လာခဲ့သည်။

ပေ့ချိန်ရန်၏ နှလုံးက ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာက ပြာနှမ်း လာခဲ့သည်။ သူ၏ စိတ်စွမ်းအားမှ ဖန်တီးသော လောကဓာတ်မှာ တစ်ဖက်သားအား မည်သို့မှ သက်ရောက် စေနိုင်စွမ်း မရှိကြောင်း သူကောင်းကောင်း ခံစားမိသည်။ ရီဖူရှင်း၏ စိတ်စွမ်းအားမှာ ခိုင်မာလွန်း ရကား ထောင်ပေါင်း များစွာသော တူများဖြင့် ထုရိုက်လျှင်ပင် လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက ရှန့်ထိုကျန့်၏ ဆေးကို စမ်းသပ်ခဲ့စဉ်က သူ၏ သွေးသားများသာ မဟုတ်ဘဲ စိတ်စွမ်းအား ကလည်း အားကောင်း လာခဲ့သည်။ ပေ့ချိန်ရန်၏ လီဟန်ဓားက သူ၏လောက ဓာတ်နှင့် စိတ်စွမ်းအားကို တစ်ပြိုင်နက်တည်း ထွင်းဖောက် လာခြင်းက သူ့အား မည်သို့ တုန်လှုပ် စေမည်နည်း။

“ကျုပ်က ပြည်နယ် ကိုးခုက လာခဲ့တယ် … ကောင်းကင် လှေကားကို တက်ပြီး ကျူးထန် နန်းတော် ကိုးလွှာသို့ လာရောက် တိုက်ခိုက်တယ် … အားလုံးက ကိုယ့်ကိုယ်ကိုယ် အထက်ဘုံမှာ အတော်ဆုံး အတတ်ဆုံးလို့ ထင်ခဲ့ကြပြီး အောက်ဘုံက လူတွေကို အထင် သေးခဲ့ကြတယ် …” ရီဖူရှင်းက ပေ့ချိန်ယွန်ကို ကြည့်ကာ ဝင့်ကြွားစွာ ပြောသည်။

“ဒါပေမဲ့ မင်းက ဒီလို ဂုဏ်ပုဒ်နဲ့ ထိုက်တန်လား …” ရီဖူရှင်းက နှင်တံကို ဝှေ့ယမ်းကာ ဆက်ပြောသည်။ နှင်တံက ကောင်းကင်မှ နေရောင်ခြည် များကိုပင် ဖုံးလွှမ်းသွားဟန် ရသည်။ ပေ့ချိန်ရန်၏ မျက်နှာ ပြာနှမ်းသွား၏။ သူက နောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော်လည်း သူက ရီဖူရှင်း၏ ထိန်းချုပ်မှုမှ မည်သို့ လွတ်မြောက် မည်နည်း။

ဘန်း …

ကျယ်လောင်စွာ မြည်ဟည်းသံ တစ်ခုနှင့် အတူ ရီဖူရှင်း၏ နှင်တံက ပေ့ချိန်ရန်၏ ဓားအား အစိတ်စိတ် ကွဲအက်စေကာ သူ့အား နောက်သို့ လွင့်စဉ် သွားစေသည်။ သို့သော်လည်း ရီဖူရှင်းကား ရပ်တန့်ခြင်း မရှိပေ။ သူက ရိပ်ခနဲ နောက်သို့ လွင့်စဉ်သွားသော ပေ့ချိန်ရန် နောက်သို့ လိုက်ပါကာ နောက်ထပ် လက်ကို မြှောက်လိုက်သည်။

ဘန်း … နောက်ထပ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ် လာခဲ့သည်။ ပေ့ချိန်ရန်၏ ပါးစပ်မှ သွေးများ ယိုစီး ကျလာကာ သူ၏အရိုးများ အားလုံး ကျိုးကြေ သွားဟန်ရ၏။ သူ၏ မျက်နှာက စာရွက် တစ်ရွက်လို ဖြူရော့ သွားသည်။

ဘန်း … ဘန်း … ဘန်း …

နှင်တံ၏ ပုံရိပ်က အဆက်မပြတ် ကျဆင်း လာခဲ့ဟန် ရသည်။ ကျယ်လောင်သော မြည်သံများ အောက်တွင် အားလုံး၏ စိတ်နှလုံး များမှာလည်း မြန်ဆန် လာခဲ့ရသည်။

သည်အရာက အမှန်တကယ် ကျူးထန် ကိုးလွှာ တိုက်ပွဲလား။

သည်တိုက်ပွဲကား အထက်ဘုံ အတွင်းမှ အရေးကြီး ပုဂ္ဂိုလ်များပင် အလေးထား စောင့်ကြည့် ရသော တိုက်ပွဲ ဖြစ်သည်။ ပေ့ချိန်ရန်က သည်တိုက်ပွဲတွင် အောက်ဘုံမှ လူများအား လေးစားမှု ဆိုသည်မှာ မည်သို့ ဖြစ်သည်ကို သင်ပေးမည်ဟု ပြောကြားခဲ့သည်။ လူအများအပြားက ကိုယ်တိုင်လာရောက် ကြည့်ရှုခဲ့ကြကာ မင်းသမီးလေး ရှားရှင်းယွန်ပင် ရောက်လာခဲ့၏။

အောကဘုံမှ ပါရမီရှင် သုံးယောက်က အမှန်တကယ်လည်း ကိုးလွှာ၌ တက်ရောက် တိုက်ခိုက်ခဲ့ကြ၏။ သို့သော် ရီဖူရှင်း ပြောသကဲ့သို့ သည်တိုက်ပွဲတွင် ပေ့ချိန်ရန်က အမှန်တကယ် ထိုက်တန်ခဲ့ပါ သလော။

နှင်တံက ပေ့ချိန်ရန် ထံသို့ ကျဆင်း လာခဲ့သည်ကို ကြည့်ကာ အားလုံး၏ တုန်လှုပ်နေကြသည်။

ပြိုင်ဘက် ကင်းခြင်း၏ အကယ့် အဓိပ္ပာယ်မှာ အဘယ်နည်း။ ပြိုင်ဘက်မဲ့ခြင်း ဆိုသည်မှာ အဘယ်နည်း။

သူတို့က ကျူးထန် အဆင့်မှ ဖြစ်သည့်တိုင်၊ သူတို့ထဲမှ တစ်ယောက်မှာ ရှန့်ထိုတစ်ပါး၏ သားဖြစ်ကာ လီဟန် နန်းတော်၌ လေ့ကျင့်သည့်တိုင်၊ ရီဖူရှင်းအတွက် နှင်တံ တစ်ချောင်းသာ လိုအပ်ခဲ့သည်။

အကယ်၍ ပေ့ချိန်ရန်က ရီဝူချင်းအား ဘာမှ မလုပ်ခဲ့လျှင် ရီဖူရှင်းက အထက်ဘုံသို့ လာရောက်ခဲ့မည်ပင် မဟုတ်ပေ။ သူတို့ နှစ်ယောက်ကား အဆင့်အတူ အတွင်း၌ မဟုတ်ပေ။

ရီဖူရှင်းက ကျူးထန် အဆင့်နှင့် ပတ်သက်၍ ဂရုမစိုက်ပေ။ သူက အောက်ဘုံမှ လာရောက် ခဲ့ခြင်းမှာ ရီဝူချင်းကြောင့်သာ ဖြစ်သည်။

“တော်လောက်ပြီ …” အသံတစ်သံ ထွက်လာသည်။ စွေ့ရန်ရှန့် ထိုဓား၏ မျက်နှာက အလွန်အမင်း အရုပ်ဆိုး နေခဲ့၏။ ပေ့ချိန်ရန်၏ အခြေအနေမှာ လွန်စွာ ဆိုးဝါး လာခဲ့သည်ကို မြင်လျှင် သူကား မည်သို့မှ သည်းမခံ နိုင်တော့ပေ။

ဘန်း …

နောက်ထပ် ကျယ်လောင်သော အသံတစ်သံ ထွက်လာခဲ့ကာ နှင်တံက ပေ့ချိန်ရန်၏ ရင်ဘတ်ကို တိုက်ရိုက် ကျဆင်းခဲ့သည်။ သူကား လေထဲကို လွင့်စဉ် သွားပြီးမှ စင်မြင့်ထက်သို့ ပြန်ကျလာခဲ့သည်။ ရီဖူရှင်းက နှင်တံထက်သို့ တက်ရောက်ကာ စင်မြင့်ပေါ်သို့ ဖိနင်း လာခဲ့သည်။

ကျူးထန် အဆင့်မှ မောက်မာသော ကောင်းကင် သားတော်မှာ ယခုကား လူသေကောင် အလား လဲလျောင်းနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်၌ မည်သည့် အားအင်မှ ကျန်တော့မဟန် မတူသလို သူ့ကလီစာ အစိတ်အပိုင်းများ အားလုံးမှာလည်း ကျေပျက်သွားဟန် ရသည်။ သူ၏ မျက်လုံးများသာ လှုပ်ရှား နိုင်တော့ကာ သူကား တွေးတော နိုင်နေဆဲ ဖြစ်သည်။ သို့သော် သူကား သတိလစ် သွားလျှင်ပင် ပိုကောင်းသေးသည်။

ရီဖူရှင်းက သူ၏ဂုဏ်ယူ ရသော ခန္ဓာကိုယ်ပေါ်သို့ တက်နင်း လာခဲ့သည်ကို ခံစားရလျှင် သူကား အဆုံးမဲ့သော မျှော်လင့်ချက် မဲ့မှု၊ ဝမ်းနည်းမှုများကို ခံစားရသည်။ သည်တိုက်ပွဲ ပြီးနောက် သူကား အင်ပါယာ ရှားနယ်မြေ အတွင်း၌ ဟသတစ်ခု ဖြစ်ပေတော့မည်။ သူ့အား မြင်သူတိုင်းက ရီဖူရှင်းနှင့် တိုက်ပွဲကို ပြန်လည် မြင်ယောင်ကြမည် ဖြစ်ကာ သူ့အား မည်သို့ နင်းခြေ ခဲ့သည်အား ပြန်လည် အမှတ်ရကြ ပေမည်။

သည်တိုက်ပွဲ ပြီးနောက် သူကား လီဟန် ဓားနန်းတော်၏ အတွင်းစည်းသို့ ဝင်စရာ မရှိတော့ပေ။ ဤသို့ အရှက်တကွဲ ဖြစ်ခဲ့ဖူးသော တပည့် တစ်ယောက်အား မည်သူကမှလည်း အရေးလုပ်ကြမည် မဟုတ်တော့ပေ။ သူက အင်ပါယာ ရှားနယ်မြေ အတွင်း၌ အကောင်းဆုံးသော ဓားသမား ဖြစ်သော လီဟန် ဓားသမားနှင့် ထိတွေ့ခွင့် ရတော့မည်လည်း မဟုတ်ပေ။

သူ၏ မျက်လုံးထဲတွင် အဆုံးမဲ့သော မျှော်လင့်ချက်မဲ့ မှုများသာ ရှိတော့သည်။

အောက်ဘုံမှ တစ်စုံ တစ်ယောက်က အဘယ်ကြောင့် သည်မျှ အားကောင်း သည်ကို သူနားမလည်ပေ။

သူက အောက်ဘုံမှ တက်လာကာ ကျူးထန် ကိုးလွှာ၌ တက်ရောက် တိုက်ခိုက် ခဲ့သည့်တိုင် မိမိအား အလွယ်တကူ ဖိနှိပ်ခဲ့သည်။

ရီဖူရှင်းကား ပေ့ချိန်ရန်၏ အပေါ်တွင် တက်ရပ် နေသော်လည်း တစ်ဖက်လူ မည်သို့ တွေးနေသည်ကို ဂရုမစိုက်ပေ။

သွေးကြွေးအား သွေးကြွေးဖြင့်သာ ဆပ်ရမည်။

ရီဖူရှင်းက စွေ့ရန်ရှန့် ထိုဓားအား ကြည့်ကာ အေးစက်စွာ ပြောသည် …။

“ခင်ဗျားသားက တခြား တစ်ယောက်ရဲ့ သက်စောင့် ဝိညာဉ်ကို လုယက်ခဲ့တယ် … ခင်ဗျားက သူ့ကို သင်ပေးတုန်းက ဒါကို တစ်ခါမှ မတွေး ခဲ့ဖူးဘူးလား …” ရီဖူရှင်းကား စွေ့ရန်ရှန့် ထိုဓားနှင့် ရင်ဆိုင် ရသည့်တိုင် ရင့်သီး လွန်းပေသည်။

“အားနည်းတဲ့ လူတွေက မဟာ လမ်းစဉ်ရဲ့ လက်ဆောင်ကို ခံယူဖို့ မထိုက်တန်ဘူး … ဒီစကားက ခင်ဗျားကိုယ်တိုင် ခင်ဗျားသားကို သင်ပေးခဲ့တာလား …” အဖြေကိုပင် မစောင့်တော့ဘဲ ရီဖူရှင်းက ဆက်ပြောသည် …။

“အခု ပေ့ချိန်ရန်က အားနည်းတဲ့ သူပဲ … ခင်ဗျား ဘာပြောမလဲ …”

စွေ့ရန်ရှန် ထိုဓားက လက်ဝှေ့ယမ်း လိုက်သည်တွင် ရုတ်တရက် ငွေရောင်ဓားငယ် တစ်လက် လေထဲ ပေါ်လာသည်။ ငွေဓားငယ်ကား ရီဖူရှင်း၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။ ဓားက လေထဲတွင် ရုန်းကန်နေဟန် ရသည်။ ရီဝူချင်း၏ စိတ်စွမ်းအားများ ပိုမို ပြင်းထန်စွာ လှုပ်ခတ်လာခဲ့၏။

သို့သော်လည်း စွေ့ရန်ရှန့် ထိုဓားက ငွေဓားငယ်ကို ဆက်လက် ထိန်းချုပ် ထားဟန်ရကာ သူက ပြောသည် … “သက်စောင့်ဝိညာဉ်ကို ယူပြီး အခု ကိစ္စကို အဆုံးသတ် လိုက်ကြရအောင် …”

ရီဖူရှင်းက စွေ့ရန်ရှန့်ထိုဓားအား အေးစက်စွာ တစ်ချက် ကြည့်သည်။ ကိစ္စရပ်များအား အဆုံးသတ်မည်လား။ ရှားရှင်းယွန်က အာမခံထားသည်မှာ သူတို့က ပေ့ချန်းရန်အား အနိုင်ယူနိုင်သရွေ့ သက်စောင့်ဝိညာဉ်ကို ပြန်ရမည်။ သို့သော် ယခု စွေ့ရန်ရှန့် ထိုဓားက သက်စောင့်ဝိညာဉ်အား ထိန်းချုပ် ထားသေးသည်။

“မင်းသမီးရဲ့ စကားကို အလေးမထားတာလား …” ရီဖူရှင်းက ရှင်းရှင်းယွန်ကို ကြည့်သည်။

ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်ကာ စွေ့ရန်ရှန့်ထိုဓားအား ကြည့်သည် … “ဒါက ပေ့ချိန်ရန် ကိုယ်တိုင် သဘောတူခဲ့တဲ့ စည်းမျဉ်းပဲ … ဓားဝိညာဉ်ကို ပြန်ပေးလိုက်ပါ …”

မင်းသမီး၏ စကားကို ကြားလျှင် စွေ့ရန်ရှန့်ထို ဓား၏မျက်နှာက အလွန်အမင်း အရုပ်ဆိုး သွားခဲ့သည်။ သူက မင်းသမီးအား ကြည့်သည်တွင် မင်းသမီး၏ အမူအရာက မည်သို့မှ ထူးခြားခြင်း မရှိသည်ကို တွေ့၏။

အတိတ်က ပေ့ချိန်ရန်ကား ရီဝူချင်း၏ သက်စောင့်ဝိညာဉ်ကို ထုတ်နုတ်ခဲ့၏။ သူကား တခြား လူများနှင့်မတူ မောက်မာ ရိုင်းစိုင်းခဲ့သည်။ ယခု သူက ထိုက်တန်သော တန်ကြေးအား ပေးဆပ်ရ၏။ မည်သူကမှ အပြစ်မတင်နိုင်ပေ။

“ကောင်းပြီ …” စွေ့ရန်ရှန့်ထိုဓားက မင်းသမီး၏ စကားကို မည်သို့ ငြင်းပယ် ရဲမည်နည်း။ ငွေဓားငယ်က အလင်းတန်း အသွင်သို့ ပြောင်းသွားကာ ရီဝူချင်း၏ နဖူးထဲသို့ တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset