ဇူယွမ် နောက်ဆုံးတွင် မူလသူတော်စင် တောင်ထွတ်ကို ရွေးချယ်လိုက်ခြင်းက လူတိုင်း မျှော်လင့်ထားသော ရလဒ်ထက် သာလွန်နေပေသည်။ သူတော်စင် မူလတောင်ထွတ်မှာ ကလန်တည်ထောင်သူ ကိုယ်တိုင် မိမိ၏ ကျင့်ကြံမှုအတွက် တည်ဆောက်ထားသည့် အံ့မခန်း နေရာဖြစ်သော်လည်း အဆုံးတွင် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းမှာ သေဆုံးခဲ့ပြီး ဖြစ်သည်။
မူလသူတော်စင် တောင်ထွတ်၏ အဓိကတောင်ထွတ် မှာလည်း မျိုးနွယ်စု ခေါင်းဆောင် ချင်းယန် သေသွားချိန်၌ ချိပ်ပိတ်သွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မူလသူတော်စင် တောင်ထွတ်တွင် မည်သည့် တောင်ထွတ်ဆရာသခင်မှ ရှိမနေတော့ပဲ အကြီးအကဲ သုံးယောက်သာ တာဝန်ယူ အုပ်ချုပ်နေပေသည်။
ထိုအကြောင်းပြချက် များကြောင့် မူလသူတော်စင် တောင်ထွတ်ကို ရွေးချယ်သော တပည့်အရေအတွက်မှာ နည်းသည်ထက် နည်းပါးလာခဲ့သည်။ ယခုလက်ရှိအချိန်တွင် ကန်ရွှမ်းကလန်၏ အရွေးချယ်ခံ ဆယ်ယောက်တွင် မူလသူတော်စင် တောင်ထွတ်မှ တစ်ယောက်ပင် ပါဝင်နိုင်ခြင်း မရှိတော့ပေ။ ထိုအရာက မူလသူတော်စင် တောင်ထွတ်၏ ဝမ်းနည်းဖွယ် အခြေအနေဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ဇူယွမ်၏ ရွေးချယ်မှုက လူတိုင်းကို စိတ်ရှုပ်ထွေးစေပေသည်။
စိတ်ရှုပ်ထွေးနေသော ခံစားချက်များနှင့် အတူ လူတိုင်းက တိတ်တဆိတ် ပျော်ရွှင်မိကြပေသည်။ သည်နေ့တွင် ဇူယွမ်ပြသခဲ့သော စွမ်းရည်နှင့်သာ ဆိုလျှင် တောင်ထွတ်ခြောက်ခုမှ မည်သည့် တောင်ထွတ်ကိုမဆို ဝင်ရောက် လိုက်သည်နှင့် သူ၏ အတောင်ပံများကို ဖြန့်ကာ စတင်ပျံသန်းနိုင်ပြီး နှစ်အနည်းငယ်အတွင်း တပည့်များ၏ ခေါင်းဆောင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။
သို့သာ်လည်း ဇူယွမ်က တောင်ထွတ်ခြောက်ခုကို ငြင်းပယ်ပြီး မူလသူတော်စင် တောင်ထွတ်ကို ဝင်ရောက်သွားခဲ့သည့် အတွက် သူ၏ တိုးတက်မှုမှာ နောက်နှေးသွားပြီး အခြားသော တပည့်များက သူ့အား အမီလိုက်ရန်နှင့် ဖြတ်ကျော်ရန် အခွင့်အရေး ပေးလိုက်သလိုပင် ဖြစ်သည်။
တောင်ထွတ် ဆရာသခင် လင်ကျွမ်း၏ အနောက်တွင် ရှိနေသော လုရွှမ်းယင်မှာ ဇူယွမ်၏ ရွေးချယ်မှုကြောင့် ကြောင်အ သွားသော်လည်းပဲ ခဏအကြာတွင် သူမ၏ မျက်ဝန်း၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ဇူယွမ် … ဇူယွမ်၊ နင် မူလသူတော်စင် တောင်ထွတ်ကို ရွေးချယ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး။ ကြည့်ရတာ မိုးကောင်းကင် ကတောင် နင့်ကို မနှစ်သက်တော့ဘူးနဲ့ တူတယ်”
လုရွှမ်းယင်က သူမ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ မျက်ဝန်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပေသည်။ သူတို့လုကလန်၏ အကြီးအကဲ တစ်ယောက်မှာ ဓားကပ်ဘေး တောင်ထွတ်၏ အကြီးအကဲတာဝန်ကို ထမ်းဆောင် ခဲ့သော်လည်းပဲ မကြာသေးသော အချိန်တွင် တောင်ထွတ်ဆရာသခင် လင်ကျွမ်းက ထိုအကြီးအကဲအား မူလသူတော်စင် တောင်ထွတ်တွင် သွားရောက် ကြီးကြပ်ရန် စေလွှတ်ခဲ့ပေသည်။ ထို့ကြောင့် မူလသူတော်စင် တောင်ထွတ်၏ အကြီးအကဲ သုံးယောက်တွင် တစ်ယောက်က သူတို့လုကလန်၏ စီနီယာ အကြီးအကဲ ဖြစ်သည်။
ဇူယွမ်အတွက် မူလသူတော်စင် တောင်ထွတ်ကို ဝင်ရောက်လိုက်ခြင်းက သူ့ကိုယ်သူ ထောင်ချောက်အတွင်းသို့ ပြေးဝင်လိုက်သည်နှင့် တူပေသည်။
“ဇူယွမ်။ နင် လုဖန်းရဲ့ ပထမနေရာကို ခိုးယူပြီးတော့ အနာဂတ်မှာ ကောင်းကောင်း နေထိုင်နိုင်မယ် ထင်နေလား”
“နင် အခမ်းအနားမှာ ချန်ပီယံ ဖြစ်တော့ရော ဘာအရေးလဲ။ ငါတို့ လုကလန်ကို အပြစ်ပြုမိတဲ့ အတွက် နောင်တရလိမ့်မယ်” လုရွှမ်းယင်က စိတ်ထဲမှ အေးစက်စက် ရယ်မော လိုက်ပြီးနောက် အစောပိုင်းက စိတ်ရှုပ်ထွေးနေမှု အားလုံး ကွယ်ပျောက် သွားသလိုပင် ခံစားလိုက်ရသည်။
မူလ ချီတိမ်တိုက်ပေါ်ရှိ ကလန်ခေါင်းဆောင် ချင်းယန်က ဇူယွမ်ကို ကြည့်ပြီး ပြောလိုက်ပြန်သည် “ချန်ပီယံအတွက် နောက်ထပ် ဆုလာဘ်တွေ လက်ခံရဦးမယ်”
သူ၏ လက်မောင်အိုးကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်မှ အလင်းတန်းများ ဖြာကျလာခဲ့ပြီ ဟောင်းနွမ်းသော စာအုပ်တစ်အုပ် အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစာအုပ် အဟောင်းမှာ နေတစ်စင်း ထွက်လာသကဲ့သို့ ပတ်ဝန်းကျင်ရှိ လေထုကိုပင် တည်ငြိမ်မှု ပျက်ပြား သွားစေခဲ့သည်။
“သည်စာအုပ်ကို ကောင်းကင်နေနတ်ဘုရား မှတ်တမ်းလို့ ခေါ်ပြီးတော့ အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုပဲ”
ထိုစကားလုံးများက များစွာသော သက်ပြင်းရှိုက်သံများကို ထွက်ပေါ်လာစေပြီး လူတိုင်းက ဇူယွမ်၏ ရှေ့တွင် လွင့်မြောနေသည့် ရှေးဟောင်း စာအုပ်အား ဝိုင်းကြည့်လိုက်ကြသည်။
ဒါက တကယ်ကြီး ကောင်းကင်အဆင့် ကျင့်စဉ်လား …
အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်မှာ ရှန်ဇူတိုက်ကြီးတွင်ပင် တန်ဖိုးကြီးသော ရတနာ တစ်ပါးအဖြစ် ရှိနေပြီး ထိုအရာကို ရရှိရန် များစွာသော ကလန်များက မည်သည့်တန်ဖိုးကို မဆို ပေးဆပ်ရန် အသင့်ဖြစ်နေ ကြပေသည်။
ဇူယွမ်၏ ပါးစပ်ပင် အနည်းငယ် ခြောက်သွေ့သွားခဲ့ပြီး သူ၏ မျက်လုံးများမှာ ရှေးဟောင်း စာအုပ်ကိုသာ ကြည့်လျက်ရှိနေသည်။ သည်အရာက စစ်မှန်သော ကောင်းကင်အဆင့် ကျင့်စဉ် ဖြစ်သည်။ သူတော်စင် အကြွင်းအကျန် နယ်မြေတွင်ပင် ထိုကဲ့သို့သော အဆင့်ကျင့်စဉ်မျိုး မတွေ့ရှိခဲ့ဖူးပေ။
သူ့အနေဖြင့် ကောင်းကင်ဘုံငယ် ကျင့်စဉ်အချို့ကို လေ့လာဖူးခဲ့ပြီး နဂါးကိုးကောင် နိယာမ ကျင့်စဉ်ပင်လျှင် သည်ကောင်းကင် နေနတ်ဘုရား ကျင့်စဉ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
ပြောကြသည်မှာ အတွင်းတောင်ရှိ လျှို့ဝှက်သော ကျမ်းစာဆောင်တွင်လည်း မူလကျောက်စိမ်း အပိုင်းအစများနှင့် လဲလှယ်နိုင်သော ကောင်းကင်အဆင့် ကျင့်စဉ်ရှိပေသည်။ သို့သော်လည်း ငှားယမ်းခမှာ မူလကျောက်စိမ်း သောင်းဂဏန်းမျှ ရှိပြီး လွန်စွာ ဈေးကြီးပေသည်။ ထိုကျင့်စဉ်ကို ငှားရမ်းရန် အတွက် များစွာသော တပည့်များမှာ အချိန်အတော်ကြာသည် အထိ အလုပ်ကြိုးစား ရပေမည်။
“ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်”
ဇူယွမ်မှာ ဦးညွှတ်ဂါဝရ ပြုလိုက်ပြီး ရှေးဟောင်း စာအုပ်ကို ဂရုတစိုက်နှင့် လက်ခံရယူကာ သူ၏ သိုလှောင်အိတ် အတွင်းသို့ ထည့်လိုက်သည်။
ကလန်ခေါင်းဆောင် ချင်းယန်က ရယ်မောလိုက်ပြီး “ဒီတစ်ခေါက် ချန်ပီယံအတွက် နောက်ထပ် ဆုတစ်ခုဖြစ်တဲ့ မူလကောင်းချီးခြင်ဆီ ရှိသေးတယ်။ ဒီအရာကိုတော့ မင်း မူလသူတော်စင် တောင်ထွတ်ကို ဝင်ရောက်ပြီးတဲ့ အချိန်မှာ လာပို့ခိုင်းလိုက်မယ်”
ဇူယွမ်က ခေါင်းညိတ်လိုက်သည် … ထိုထူးခြားသော ပစ္စည်းကို မြင်တွေ့လိုစိတ်များ သူ့နှလုံးသား အတွင်းတွင် ဖြစ်ပေါ်နေပေသည်။ ပြောကြသည်မှာ ခရမ်းရောင် ခါးစည်းတပည့်များ သာလျှင် မူလကောင်းချီး အဆီအနှစ်ကို ရရှိနိုင်ပြီး လူတစ်ယောက်၏ ကျင့်ကြံခြင်းကို များစွာ အကျိုးဖြစ်ထွန်း စေသည်ဟု ဆိုကြပေသည်။
ဇူယွမ်နှင့် ဆိုင်သော ကိစ္စများကို ဖြေရှင်းပြီးချိန်တွင် ကလန်ခေါင်ဆောင် ကန်ရွှမ်းက အခြား ပထမဆယ်ယောက်အား ကြည့်ကာ ပြောလိုက်သည် “မင်းတို့ ပထမဆယ်ယောက်လဲ မင်းတို့ ကြိုက်နှစ်သက်ရာ တောင်ထွတ်ကို ရွေးချယ်လို့ ရတယ်။”
ဇူယွမ်အပါအဝင် ရှန်ဇူတိုက်ကြီးမှ မဟုတ်သူများသည် ပထမဆယ်နေရာတွင် ခြောက်နေရာကို သိမ်းပိုက်ထားကြပေသည်။
စုန့်ဝမ်ရှိ၊ ကျောင်းခွန်နှင့် ချောင်းရှိုးတို့သည် သူတို့၏ ပြိုင်ဘက် အသီးသီးကို အနိုင်ရရှိခဲ့ပေသည်။
ပထမ တပည့်ဆယ်ယောက်မှာ သူတို့၏ စိတ်ကြိုက် တောင်ထွတ်များကို ရွေးချယ်ပြီးသား ဖြစ်သဖြင့် တစ်ဦးချင်းစီ၏ အသံများက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
ဂူဟွမ်ဂျီမှာ ကန်ရွှမ်းတောင်ထွတ်ကို ရွေးချယ်ခဲ့ပြီး၊ စုန့်ဝမ်ရှီမှာ နှင်းပဒုမ္မာ တောင်ထွတ်နှင့် ချောင်းရှိုးနှင့် ကျောင်းခွန်တို့ကတော့ ဟုန်ယာတောင်ထွတ်ကို ရွေးချယ်ခဲ့ကြသည်။ ပထမဆယ်ယောက်မှာ လူစုကွဲသွားပြီး တောင်ထွတ်ခြောက်ခုမှ တစ်ခုကို အနည်းဆုံး တစ်ယောက်ကတော့ ရွေးချယ်ပေသည်။
ယောင်ယောင်၏ အလှည့်သို့ ရောက်သောအခါ သူမ မပြောသေးခင်မှာပဲ မျက်ခုံးဖြူ အကြီးအကဲက ဝင်ရောက် ပြောဆိုလိုက်သည် “ကောင်မလေး၊ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာက ငါမြင်ဖူးခဲ့သမျှ လူတွေထဲမှာ မင်းရဲ့ မူလမှော်စာလုံး စွမ်းရည်ကတော့ ပါရမီအပါဆုံးပဲ။ မင်းသာ ငါ့ရဲ့ သူတော်စင်မှော်စာလုံး တောင်ထွတ်ကို ဝင်ရောက်မယ်ဆိုရင် အနာဂတ်မှာ … ငါ့ရဲ့ တောင်ထွတ် ဆရာသခင်ဘွဲ့ကို မင်းကို လွှဲပြောင်း အပ်နှင်းပေးမယ်”
သူ၏ စကားသည် တပည့်များကို အံ့အားသင့်စေရုံသာမက ကလန်ခေါင်ဆောင် ချင်းယန်တို့ လူစုပင်လျှင် သူ့အား ထိတ်လန့်စွာ ကြည့်လာကြသည်။
မျက်ခုံးဖြူနှင့် အကြီးအကဲမှာ သူတို့၏ အကြည့်များကို လျစ်လျူရှုထားခဲ့ပြီး သူ၏ မျက်လုံးများက ယောင်ယောင်ကိုသာ စိုက်ကြည့်နေပေသည်။ အစောပိုင်းက ဇူယွမ်ကို ဖိတ်ခေါ်နေစဉ်တုန်း ကပင် သူ့တွင် သည်ကဲ့သို့ စိတ်ခံစားမှုမျိုး ဖြစ်ပေါ်နေဖြင်း မရှိပေ။
ယောင်ယောင် စင်ပေါ်သို့ စတင်တက်ရောက်စဉ် ကတည်းက သူ့အနေဖြင့် ယောင်ယောင် အပေါ်တွင် အမှန်တကယ် အာရုံစိုက်နေခြင်း ဖြစ်သည်။ ကျုံးမင်ထံမှ သူမ၏ မူလမှော်စာလုံး ပါရမီကို သိရှိပြီးနောက်တွင် သူက သူမအား လျှို့ဝှက်စွာဖြင့် အထူးဂရုပြု အလေးထားခဲ့ပေသည်။ ဤသို့ဖြင့် သူမ၏ မှော်စာလုံး ကျွမ်းကျင်မှုမှာ ဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီးနောက် သူမ၏ အံ့အားသင့်ဖွယ် ပါရမီက မည်မျှကြောက်မက်ဖွယ် ကောင်းသည်ကို တွေ့ရှိခဲ့ပေသည်။
ယောင်ယောင်ကဲ့သို့ သူမျိုးသည် အနာဂတ် စိတ်ဝိညာဉ် ကျင့်ကြံမှုတွင် သူအားလိုက်မီနိုင်မည် ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက သူမ၏ မူလမှော်စာလုံး လမ်းကြောင်းမှာ အကန့်အသတ်မဲ့နေပြီး သူ့ကိုပင် ကျော်လွန်နိုင်သွားမည် ဖြစ်သည်။
မိုးကြိုးအကျဉ်းထောင် တောင်ထွတ်မှ ဆရာသခင် လဲ့ကျွမ်းက ဖြည်းညင်းစွာ ပြောလိုက်သည် “တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ … မင်းရဲ့ လုပ်ရပ်က တကယ် မသင့်လျော်ဘူး”
သို့သော်လည်း မျက်ခုံးဖြူနှင့် အကြီးအကဲက သည်တစ်ကြိမ်တွင် တောင်ထွတ် ဆရာသခင် လဲ့ကျွမ်း၏ စကားကြောင့် နောက်ဆုတ် မပေးတော့ပဲ ခိုင်မာစွာ ပြောလိုက်သည် “တောင်ထွတ် ဆရာသခင် လဲ့ကျွမ်း။ ငါက သူတော်စင်မှော်စာလုံး တောင်ထွတ်ရဲ့ ဆရာသခင်ပါ။ ငါ့ရဲ့ အရိုက်အရာ ဆက်ခံမဲ့သူကို ငါဆုံးဖြတ်ခွင့်ရှိတယ်”
တောင်ထွတ် ဆရာသခင် လဲ့ကျွမ်းမှာ တိတ်ဆိတ် သွားတော့သည်။ သူ့အနေဖြင့် သည်ကောင်မလေးမှာ မျက်ခုံးဖြူ အကြီးအကဲအတွက် အလွန် အရေးပါလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ထိုအပြင် မျက်ခုံးဖြူ အကြီးအကဲ၏ စကားမှာလည်း မှန်သောကြောင့် သူဘာမှ ထပ်မပြောတော့ပေ။
ကလန်ခေါင်းဆောင် ချင်းယန်တို့လူစုလည်း တစ်ယောက်နှင့် တစ်ယောက် လှမ်းကြည့် လိုက်ကြသော်လည်း မသည်သည့်စကားမှ မပြောပေ။ သူတို့ အားလုံးပြောနိုင်သည့် တစ်ခုမှာ သည်ဇူရှောင်ယိုဟု ခေါ်သော ကောင်မလေးက မူလမှော်စာလုံးတွင် လွန်စွာ ပါရမီပါသည်ဟုပင် ဖြစ်သည်။ သူတို့အားလုံးမှာ အကြောင်းပြချက် မသိသော်လည်း သူမ၏ ခန္ဓာကိုယ်မှ မည်သည့် မူလချီမှ ထွက်ပေါ်နေခြင်း မရှိပေ။ ထို့ကြောင့် သူမအနေဖြင့် သူတော်စင်မှော်စာလုံး တောင်ထွတ်သို့ ဝင်သည်မှာ အသင့်တော်ဆုံး ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် လုရွှမ်းယင်၏ မျက်လုံးများမှာ နီရဲလာခဲ့သည်။ မျက်ခုံးဖြူ အကြီးအကဲ၏ အမြင်တွင် ဇူယွမ်ထက် ယောင်ယောင်ကို ပိုမို တန်ဖိုးထားနေပေသည်။ ထို့ကြောင့် မျက်ခုံးဖြူနှင့် အကြီးအကဲက မည်သူမှ မကြားဖူးသည့် ကတိမျိုးပေးခြင်း ဖြစ်သည်။
ယောင်ယောင်သာ သူတော်စင်မှော်စာလုံး တောင်ထွတ်ကို ရွေးချယ်ခဲ့ပါက သူမမှာ နောက်တက်လာမည့် တောင်ထွတ်ဆရာသခင်ဟု အဓိပ္ပာယ်ရပေသည်။ သူမ၏ အဆင့်အတန်းမှာ မည်မျှပင် မြင့်မားသွားလိမ့်မလဲ။
ထိုသို့ တွေးရင်းနှင့်ပင် လုရွှမ်းယင်၏ နှလုံးသားထဲ၌ မနာလိုမှုများ တောက်လောင် လာခဲ့ပေသည်။
သို့သေည်လည်း အားလုံး၏ မျှော်လင့်မှုများနှင့် ဆန့်ကျင်စွာပင် ယောင်ယောင်၏ အလွန် လှပကြော့ရှင်းသည့် မျက်နှာလေးမှာ အစမှ အဆုံးထိ တည်ငြိမ်နေပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ခုံးဖြူ အကြီးအကဲ၏ ကတိကိုပင် ငြင်းပယ်မည့် အနေအထား ရှိနေသည်။
အဆုံးတွင် သူမက ခေါင်းခါ ယမ်းလိုက်ပြီးနောက် ဇူယွမ်ကို ညွှန်ပြကာ “ကျွန်မက သူနဲ့ ခွဲပြီးမနေချင်ဘူး။ ဒါကြောင့် ကျွန်မလည်း မူလသူတော်စင် တောင်ထွတ်ကိုပဲ ဝင်ရောက်မယ်”
ဇူယွမ်က ချက်ချင်းပင် သူ၏ ရှင်သန်မှုကိုပင် လောင်ကျွမ်း သွားစေနိုင်သည့် အကြည့်များက သူ့အပေါ် ရောက်လာသည်ကို ခံစားမိလိုက်သည်။