စာစဉ် (၂၀) အပိုင်း (၂၇၈)

တောင်ထွတ်ရွေးချယ်ခြင်း

ကလန်ခေါင်းဆောင် ချင်းယန်၏ အသံ ပျောက်ကွယ် သွားချိန်တွင် ထိုနေရာတွင် ရှိနေသည့် လူတိုင်းက ဇူယွမ်ကို နောက်တစ်ကြိမ် လှမ်းကြည့် လိုက်ကြပေသည်။

အခမ်းအနား၏ ချန်ပီယံဖြစ်သော ဇူယွမ်အနေဖြင့် မည်သည့် တောင်ထွတ်ကို ရွေးချယ်သည်ဖြစ်စေ အရေးပေး ဆက်ဆံခံရမည်သာ ဖြစ်သည်။

ကလန်ခေါင်းဆောင် ချင်းယန်က ဇူယွမ်က နက်ရှိုင်းလှသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေခဲ့ပြီး ပြုံးကာ ပြောလိုက်သည် “ငါ့ရဲ့ ကန်ရွှမ်းတောင်ထွတ်က ကန်ရွှမ်းကလန်မှာ နံပါတ်တစ် တောင်ထွတ်ပဲ။ မင်းငါ့ရဲ့ တောင်ထွတ်ကို ဝင်ချင်စိတ်ရှိလား”

“အစ်ကိုတော် ချင်းယန်၊ ဒါတော့များသွားပြီ” တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီက ချက်ချင်းပင် ကလန်ခေါင်းဆောင် ချင်းယန်အား ဝှေ့ကြည့်ကာ ပြောလိုက်သည် “ကန်ရွှမ်းတောင်ထွတ်က နံပါတ်တစ်တောင်ထွတ် ဖြစ်တာနဲ့ပဲ ကျွန်မတို့နဲ့ မယှဉ်ပြိုင်တော့ ဘူးလား”

သူမက ဇူယွမ်ကို သဘောကျနေသည်မှာ သေချာပေသည်။ သူ့အား ကြည့်ရသည်မှာ ပညာရှင် တစ်ယောက်နှင့် တူရုံမက ပိုပြီး အရေးကြီးသည်မှာ ငယ်ရွယ်ပြီး ချောမောနေခြင်းပင် ဖြစ်သည်။ ထပ်ပြီးတော့ သူ့တွင် အတော်လေး ပါရမီရှိပေသည်။ သူ့ကိုသာ နှင်းပဒုမ္မာ တောင်ထွတ်သို့ ဝင်ရောက်ရန် သိမ်းသွင်းနိုင်ခဲ့ပါက အခြားသော သာလွန်စွမ်းရည်ရှိသည့် တပည့်များမှာလည်း အနာဂတ်တွင် နှင်းပဒုမ္မာ တောင်ထွတ်သို့ ဝင်ရောက် ကြပေလိမ့်မည်။

ထိုသို့ဖြစ်ပါက နှင်းပဒုမ္မာ တောင်ထွတ်တွင် နောက်ထပ် ကန်ရွှမ်းကလန်၏ အရွေးချယ်ခံ ဆယ်ယောက်ထဲမှ တစ်ယောက်ပေါ်လာမည် ဖြစ်သည်။ ထိုအခါတွင် နှင်းပဒုမ္မာ တောင်ထွတ်၏ ကိုယ်စားပြုမှာ လီချင်းချန် တစ်ယောက်ပဲ ဖြစ်နေတော့မည် မဟုတ်ပေ။

သို့သော်လည်း တောင်ထွတ်ဆရာသခင်မှ လျို့လျန်းယီက တွေးတောပြီးရုံ မျှသာ ရှိသေးသည့်အချိန်တွင် တောင်ထွတ်ဆရာသခင် ဂူထျန်းဟုန်က ခေါင်းခါယမ်းလိုက်ပြီး မိုးချုန်းသံကဲ့သို့ အသံဖြင့် ပြောလိုက်သည် “သည်ကလေးက ခန္ဓာကိုယ် ပြင်ပကျင့်ကြံခြင်းနဲ့ သင့်လျော်တယ်။ ဒါကြောင့် သူ ငါ့ရဲ့ ဟုန်ယာ တောင်ထွတ်ကို ဝင်ရောက်သင့်တယ်”

သူက ဇူယွမ်ကို လှမ်းကြည့်က ပြောလိုက်သည် “ကောင်လေး၊ မင်းသာ ငါ့ရဲ့ ဟုန်ယာ တောင်ထွတ်ကို ဝင်မယ်ဆိုရင် သုံးနှစ်အတွင်း ခရမ်းရောင် ခါးစည်းတပည့် ဖြစ်ရမယ်လို့ ငါအာမခံတယ်”

သူ၏ စကားလုံးများက များစွာသော အကြည့်များကို ဇူယွမ်ဆီသို့ ရောက်ရှိ သွားစေခဲ့သည်။ သုံးနှစ်အတွင်း ခရမ်းရောင် ခါးစည်းတပည့် ဖြစ်လာခြင်း။ ထိုအရာက တော်တော်လေးကို မြန်ဆန်ပေသည် …

ခေါင်းဆောင်ကြီး အချို့က သူ့အတွက် တိုက်ခိုက်နေသည်ကို မြင်ရသော အခါ ဇူယွမ်အနည်းငယ် တွေဝေသွားခဲ့သည်။ သည်ခေါင်းဆောင်ကြီး များသည် မူလအစက ခန့်ညားထည်ဝါပြီး ဂုဏ်သရေရှိသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ အဘယ်ကြောင့် ရုတ်တရက် စိတ်အားထက်သန်စွာ ကုန်စည်များ ရောင်းချနေသူများနှင့် အဘယ်ကြောင့် တူသွားရသနည်း။

“အရိုင်းအစိုင်း ဂူ” လျို့လျန်းယီက သူမ၏ ဖီးနစ်ငှက်၏ မျက်လုံးနှင့် တူသော အကြည့်ဖြင့် ဂူထျန်းဟုန်အား ကြည့်ကာ ဆူပူလိုက်လေသည်။

သူမ၏ စကားသံထွက်ပြီးသော အခါ သူတာ်စင်မှော်စာလုံး တောင်ထွတ်မှ မျက်ခုံးဖြူ အကြီးအကဲက သူ၏ မျက်ခုံးများကို ပွတ်သပ်ရင်း ပြောခဲ့သည် “ငါမင်းရဲ့ စိတ်ဝိညာဉ် ကျင့်ကြံမှု အဆင့်ကို မြင်နိုင်ခဲ့ပြီးပြီ။ မင်းသာ မူလမှော်စာလုံး ပညာကို တစိုက်မတ်မတ် လေ့လာရင် မင်းက မမျှော်မှန်းနိုင် လောက်အောင် စွမ်းဆောင်နိုင်လိမ့်မယ်။ သည်လိုသာ ဖြစ်ခဲ့ရင် ငါ့ရဲ့ သူတော်စင် မှော်စာလုံး တောင်ထွတ်က ကန်ရွှမ်းကလန်မှာ နံပါတ်တစ် ဖြစ်လာလိမ့်မယ်”

တောင်ထွတ် ဆရာသခင်မ လျန့်ယီက ဒေါသထွက်စွာ ရယ်မောလိုက်သည်။ မူလ အစောပိုင်းကတည်းက သူမအနေဖြင့် ဇူယွမ်အား ခေါ်ဆောင်ရန် စိတ်ဝင်စားခဲ့ သော်လည်း သူချန်ပီယံ ဖြစ်ချိန်ကျမှ သည်မျိုးမစစ်တွေက တစ်ယောက်ပြီး တစ်ယောက် ဇူယွမ်အား ခိုးယူရန် ကြိုးပမ်း နေကြပေသည်။

သူမက ဇူယွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ဇူယွမ် နင်သာ ငါ့ရဲ့ နှင်းပဒုမ္မာ တောင်ထွတ်ကို ဝင်ရောက်မယ် ဆိုရင် မူလတောင်ကို လက်ဆောင်အဖြစ် ပေးမယ်”

ထိုစကားလုံးများက များစွာသော တပည့်များ၏ မျက်ဝန်းများကို ရူးသွပ်စွာ တောက်လောင် စေခဲ့သည်။

ဇူယွမ်ပင်လျှင် မထိန်းနိုင်ပဲ နှုတ်ခမ်း သပ်လိုက်မိသည်။ မူလတောင်တစ်လုံး … သည်တောင်က အပြင်ဘက်တောင်များ တွင်ပင် တစ်ခုသာရှိပြီး သောင်းချီသည့် တပည့်များ လေ့ကျင့်ရာတွင် အသုံးပြုနိုင်ပေသည်။

တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီသာ သူ့အား သည်တောင်ထွတ်ကို လက်ဆောင်ပေးပါက အပြင်ဘက်တောင်တွင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ပြောင်းလဲ သွားပေလိမ့်မည်။

ပြောကြသည်မှာ အတွင်းတောင်၏ လွှမ်းမိုးနိုင်စွမ်း ရှိသော တပည့်များသည် ပင်လျှင် သည်ကဲ့သို့ ကမ်းလှမ်းမှုမျိုး မရရှိခဲ့ဖူးပေ။

ဇူယွမ်အား အတွင်းတောင် တပည့်သို့ ဝင်ရောက်ရင် လျို့လျန်းယီက ဇူယွမ်ကို ချီးမြင့်မည့် ဆုအား ကြည့်ခြင်းအားဖြင့် သူအား တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီက မြင့်မားစွာ မျှော်မှန်းထားသည်ကို တွေ့နိုင်ပေသည်။

များစွာသော တပည့်များ မနာလို အားကျမှုများ ဖြစ်နေစဉ်အတွင်း ဓားကပ်ဘေး တောင်ထွတ်၏ ဆရာသခင် လင်ကျွမ်းက ညင်သာစွာ ရယ်မောလိုက်ပြီး ဇူယွမ်အား စိုက်ကြည့်ကာ ပြောလိုက်သည် “ဇူယွမ် မင်းသာ ငါ့ရဲ့ ဓားကပ်ဘေး တောင်ထွတ်ကို ဝင်ရောက်မယ်ဆို နှင်းပဒုမ္မာ တောင်ထွတ်ရဲ့ ကမ်းလှမ်းချက်အတိုင်း ပေးဖို့ ဆန္ဒရှိတယ်”

ထိုစကားကို ကြားရချိန်တွင် လုရွှမ်းယင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သော်လည်း ဝင်ရောက်ပြောဆိုရဲခြင်း မရှိပေ။ ထိုအစား သူမက ဇူယွမ်အား မုန်းတီးစွာ ဒေါသထွက်စွာဖြင့်ပင် စိုက်ကြည့်နေလိုက်သည်။

သည်အရာတွေ အားလုံးက လုဖန်း ပိုင်ဆိုင်သည့်သင့် အရာများသာ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် သည်တောကကောင်မှ အရာအားလုံးကို ယူဆောင်သွားပြီ ဖြစ်သည်။

တောင်ထွတ် ဆရာသခင် လင်ကျွမ်း၏ စကားများ ကြားရသော အခါ ဇူယွမ်က ခဏမျှ ကြောင်အသွားခဲ့သည်။ လုဖန်းက ဓားကပ်ဘေး တောင်ထွတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိမှန်း သူသိပေသည်။ ထို့ကြောင့် ပထမနေရာ အတွက် လုဖန်းအား သူအနိုင်ယူ လိုက်ခြင်းက တောင်ထွတ် ဆရာသခင် လင်ကျွမ်းအတွက် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

သူ့အား ထိုသို့ ကမ်းလှမ်းလာသော စကားလုံးက အလွန်အံ့အားသင့်ဖို့ ကောင်းလေသည်။

သို့သော်လည်း သည်ခေါင်းဆောင်များက လက်ရှိအချိန်တွင် တကယ် ပြောနေကြခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် အေးစက်စက် စကားသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “ကလန်ခေါင်းဆောင်နဲ့ ငါ့ရဲ့ တောင်ထွတ် ဆရာသခင်တို့ မင်းတို့အားလုံး ပါရမီရှိတဲ့သူ့ကို နှစ်သက်လို့ရပေမဲ့ စည်းမျဉ်းတွေကိုတော့ ချိုးဖျက်လို့ မရဘူးနော်။ ကလန်ကျင့်ကြံခြင်း အရင်းအမြစ်တွေ အားလုံးက တပည့်တွေအားလုံးကို ထောက်ပံ့ပေးဖို့ပဲ။ သည်ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ဂရုမစိုက်ဘဲ လျှောက်သုံးစွဲနေလို့ မဖြစ်ဘူး”

သူ၏ အသံက ဧရိယာ တစ်ခွင်လုံးကို မျိုးချုန်းသံကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

ဇူယွမ်က အပေါ်သို့ မော့ကြည့်လိုက်လျှင် ယခု စကားပြောလိုက်သူမှာ တစ်ချိန်လုံး တိတ်ဆိတ်စွာ နေခဲ့သည့် မိုးကြိုးအကျဉ်းထောင် တောင်ထွတ်မှ ဆရာသခင်လဲ့ကျွမ်းပင် ဖြစ်သည်။

ထိုတောင်ထွတ် ဆရာသခင်မှာ ကန်ရွှမ်းကလန်တွင် စီနီယာအကျဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အတွက်ကြောင့် ကလန်ခေါင်းဆောင် ချင်းယန်ပင်လျှင် ထိုပုဂ္ဂိုလ်၏ စကားကို ခေါင်းညိတ်ကာ ထောက်ခံလိုက်သည် “တောင်ထွတ် ဆရာသခင် လဲ့ကျွမ်းပြောတာ မှန်တယ်။ အရာအားလုံးကို စည်းမျဉ်းစည်းကမ်း အတွင်းမှာပဲ လုပ်ဆောင်သင့်တယ်”

ထိုစကားကို ကြားချိန်တွင် တောင်ထွတ် ဆရာသခင်မ လျို့လျန့်ယီတို့က မည်သည်မှ ထပ်မပြောဆိုတော့ပေ။

ကလန်ခေါင်းဆောင် ချင်းယန်က ဇူယွမ်ကို ကြည့်လိုက်ကြီး ဖြည်းညင်းစွာ ပြောလိုက်သည်” ဇူယွမ် မင်းက သည်အခမ်းအနားရဲ့ ချန်ပီယံပဲ မင်းမှာ ကြိုက်တဲ့ တောင်ထွတ်ကို ရွေးချယ်ခွင့်ရှိတယ်”

ဇူယွမ်၏ အမူအရာမှာ အနည်းငယ် လှုပ်ရှားနေပြီးနောက် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး သူ၏ အကြည့်က သိပ်မဝေးသော နေရာရှိ စင်မြင့်ပေါ်တွင် ရှိနေသည့် ယောင်ယောင်ကို လှမ်းကြည့်လိုက်သည်။

သည်နေရာ တစ်ခုလုံးရှိ လူများက သူကိုသာ စိုက်ကြည့် နေကြပေသည်။

ဇူယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ကလန်ခေါင်းဆောင် ချင်းယန်တို့ လူစုကို ကြည့်ကာ ပြောလိုက်သည် “သည်တပည့်က မူလသူတော်စင် တောင်ထွတ်ကို ဝင်ရောက်ချင်ပါတယ်”

တကယ်တော့ ကန်ရွှမ်းကလန်သို့ သူလာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ ဒုတိယမြောက် သူတော်စင်စာလုံးကို အရယူရန် ဖြစ်ပေသည်။

ဇူယွမ်၏ စကားက လူတိုင်း၏ မျက်လုံးများကို ပြူးကျယ် သွားစေခဲ့သည်။

ကလန်ခေါင်းဆောင် ချင်းယန်နှင့် တောင်ထွတ် ဆရာသခင်မ လျို့လျန့်ယီတို့ပင်လျှင် အနည်းငယ် ကြောင်အသွားခဲ့ကြပြီး ဇူယွမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သည်အရာက သူတို့ မျှော်လင့်ထားသည်နှင့် လွဲချော်နေပေသည်။

အမြဲ တိတ်ဆိတ်နေခဲ့သော မိုးကြိုးအကျဉ်းထောင် တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းပင်လျှင် ခေါင်းလှည့်လာပြီး အေးစက်စွာ လှမ်းကြည့်လာခဲ့သည်။

ကလန်ခေါင်းဆောင် ချင်းယန်က ခဏမျှ တိတ်ဆိတ် နေခဲ့ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည် “ဇူယွမ် မူလသူတော်စင် တောင်ထွတ်က ငါတို့ဆရာရဲ့ သီးသန့်ကျင့်ကြံတဲ့ နေရာဆိုတာ မင်းသိသင့်တယ်။ ဒါပေမဲ့လည်း ငါတို့ဆရာ သေဆုံးပြီးနောက်မှာ မူလသူတော်စင် တောင်ထွတ်ရဲ့ နေရာ တော်တော်များများ ချိပ်ပိတ်ခံလိုက်ရတယ်။ ဒီအချိန်မှာ မူလသူတော်စင် တောင်ထွတ်က ဆရာသခင် မရှိတော့ဘူး အကြီးအကဲတွေပဲ တာဝန်ယူနေခဲ့တာ။ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ တပည့်အနည်းငယ်ပဲ မူလသူတော်စင် တောင်ထွတ်ကို ရွေးချယ် ကြတော့တယ်”

“ပြီးတော့ ငါတို့ ကန်ရွှမ်းကလန်ရဲ့ ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်မှာ မူလသူတော်စင် တောင်ထွတ်က တစ်ယောက်တောင် မပါဝင်ခဲ့ဘူး”

“ဘာကြောင့် သည်တောင်ထွတ်ကို ရွေးချယ်ချင်ရတာလဲ”

ခေါင်းဆောင်ကြီးများ၏ အကြည့်များအောက်တွင် ဇူယွမ်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြန်လည် ဖြေကြားခဲ့သည် “ကျွန်တော် ကန်ရွှမ်းကလန်ကို လာရောက်နိုင်ခဲ့တာက မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းရဲ့ သူတော်စင် သွေးကောင်းချီးကို ရရှိခဲ့လို့ပါ။ ကျွန်တော့်မှာ မျိုးနွယ်စု ခေါင်းဆောင်ကို အကြွေးတင်နေခဲ့ပါပြီ ဒါကြောင့် ကျွန်တော် သေချာပေါက် မပြောရဲသော်လည်းပဲ မူလသူတော်စင် တောင်ထွတ်ကို ဝင်ရောင်လိုက်ခြင်းက ကျွန်တော့်ရဲ့ အကောင်းဆုံး ကျေးဇူးဆပ်ခြင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

သူက မျက်လွှာချထား လိုက်သည်။ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်မှာ ခွဲထွက်ခဲ့သော သူတော်စင်စာလုံးသည် တကယ့်ကို လျှို့ဝှက်ချက် ဖြစ်ပေသည်။ ထို့ကြောင့် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း သတိပေးထားသည့် အတိုင်း ထိုလျှို့ဝှက်ချက်ကို သူထုတ်ဖော်၍ မဖြစ်ပေ။

ထို့ကြောင့် ဇူယွမ်အနေဖြင့် မူလသူတော်စင် တောင်ထွတ်တွင် ဒုတိယမြောက် သူတော်စင်မှော်စာလုံး ရှိသည်ကို ထုတ်ဖော်ပြော၍ မရပေ။

ပိုပြီး အရေးကြီးသည်က မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးရခြင်းမှာ ကန်ရွှမ်းကလန် အတွင်းမှ တစ်စုံတစ်ယောက်နှင့် ဆက်စပ်မှု ရှိနေပေသည်။ ထို့ကြောင့် ဇူယွမ်အတွက် မည်သည်မှ မထုတ်ဖော်ခြင်းက ပိုအရေးကြီးပေသည်။ မျိုးနွယ်စု ခေါင်းဆောင်၏ သံသယသာ မှန်ကန်ပါက ဇူယွမ်၏ လုံခြုံးရေးမှာလည်း သေချာတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူ့အတွက် မူလသူတော်စင် တောင်ထွတ်သို့ ဝင်ရောက်ရန် ကောင်းမွန်သော ဆင်ခြေတစ်ခု ရှိဖို့ လိုအပ်ပေသည်။

ဇူယွမ်၏ စကားလုံးများကြောင့် ကလန်ခေါင်းဆောင် ချင်းယန် တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီတို့၏ အမူအရာများမှာ အနည်းငယ် ပြေလျော့သွားကြသည်။ မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်းက သူတို့အားလုံး၏ လေးစားထိုက်သော ဆရာဖြစ်သည်။ ဇူယွမ်ပြောခဲ့သော အကြွေးပြန်ဆပ်နိုင်ရန် ဟူသော စကားလုံးများသည် အတော်လေး ရင့်ကျက်မှု မရှိသေးသော်လည်း လူငယ်တစ်ယောက်၏ ရိုးသားသော ပုံရိပ်ကို အသေအချာ ဖော်ပြနေပေသည်။

တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီ၏ မျက်ဝန်းများတွင် ဝမ်းနည်း ပူဆွေးဟန် ပေါ်နေပြီးနောက် သူမက ဇူယွမ်အား ညင်သာစွာ လှမ်းကြည့်ကာ ပြောလိုက်သည် “ဒါဆိုရင်တော့ မင်းသဘောပါပဲ ကောင်လေး။ မင်းစိတ်ထဲရှိတဲ့အတိုင်း လုပ်ပါ။ အနာဂတ်မှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နားမလည်တာများ ရှိခဲ့ရင် ငါ့ရဲ့ နှင်းပဒုမ္မာ တောင်ထွတ်ကို လာပြီး မေးမြန်းနိုင်ပါတယ်”

ဇူယွမ်က သူမအား လေးစားစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။ တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီသည် လွန်စွာ ကြင်နာ သနားတတ်သူ တစ်ယောက်ဟု သူခံစားမိပေသည်။

ကလန်ခေါင်ဆောင် ချင်းယန်ကလည်း ခေါင်းညိတ်လိုက်သည် “မင်းရဲ့ ရွေးချယ်မှု ဆိုမှတော့လည်း ငါက ဖြည်းဆည်း ပေးရမှာပေါ့။ ယခုကစကြီး မူလသူတော်စင် တောင်ထွတ်ကို မင်းဝင်ရောက်နိုင်ပြီ”

ဇူယွမ်က သူ့ပခုံးပေါ်မှာ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသည့် အလား သက်သောင့်သက်သာ ဖြစ်စွာဖြင့် သက်ပြင်း ချလိုက်ပေသည်။ နောက်ဆုံးတော့ သူအောင်မြင်ခဲ့ပြီ ဖြစ်သည်။

မူလသူတော်စင် တောင်ထွတ်သို့ ဝင်ရောက်ပြီးနောက်တွင် ဒုတိယမြောက် သူတော်စင် စာလုံးကို ရှာဖွေနိုင်တော့မည် ဖြစ်သည်။


Comment

Leave a Reply


Options

not work with dark mode
Reset