Switch Mode

အခန်း ( ၃၁၀ )

ဂုဏ်သရေရှိ ဘုရင်ခံခင်ဗျား ... ဘွဲ့နာမည် ချီးမြှင့်ပေးပါ

အင်္ဂါဂြိုလ်အုပ်ချုပ်ရေးပိုင်းမှလူများသည် သူတို့ရှေ့ရှိ ပြည်သူ့ရင်ပြင်ထဲမှ ပရမ်းပတာတိုက်ပွဲကြောင့် အံ့အားသင့်နေကြသည်။ သူတို့သည် ထို့နေ့တွင် အံ့အားသင့်စရာများစွာကို မြင်ခဲ့ရ၏။ ပထမဦးဆုံးအံ့အားသင့်စရာသည် မြူခိုးတာအိုကျောင်းတော်၏ တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်များနှင့် သူတို့၏တက်ကြွသောစိတ်ဓာတ်များဖြစ်သည်။ ဒုတိယတစ်ခုမှာ ကျောင်းသူ၊‌ ကျောင်းသားငါးဆယ်ကျော်သည် တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းအဆင့်တက်သွားကြပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်သွားခြင်းပင်။

ထို့နောက် မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် မီးဝိညာဉ်ကျောင်းတော်၏ မန္တန်အစီအရင်နှင့်ရင်ဆိုင်နေရစဉ် ဝမ်ပေါင်လဲ့၏အမိန့်တစ်ခုကြောင့် ရူးသွပ်သကဲ့သို့ဖြစ်သွားကြပြီး သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများထံသို့ ပြေးဝင်သွားကြသည်။

ထိုအရာသည် ဖျော့တော့သောအငွေ့အသက်တစ်ခုဖြစ်သော်လည်း ပွဲကြည့်ပရိသတ်၏ အာရုံကို ချက်ချင်းပင် ရရှိသွားသည်။ သူတို့အကုန်နီးပါးသည် တိုက်ပွဲအတွေ့အကြုံများရှိကာ သေရေး၊ ရှင်ရေးတိုက်ပွဲများကို ကြုံဖူးသူများဖြစ်သည်။ သူတို့သည် ထိုကဲ့သို့ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို များစွာယဉ်ပါးနေပြီဖြစ်သည်။

သူတို့၏မျက်စိထဲတွင် ထိုကျောင်းသူ၊ ကျောင်းသားများသည် ကလေးများသာဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ ပြင်းထန်သောကျင့်ကြံခြင်းနည်းလမ်းများကို ကျင့်ကြံပြီးနောက် သူတို့သည် ထိုအချိန်တိုအတွင်း၌ မူလအရေခွံကွာကျသွားဟန်တူသည်။ သူတို့သည် ကလေးများကဲ့သို့အပြုအမူများ ရှိနေနိုင်သေးသော်လည်း သူတို့ထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါများသည် သူတို့ကို ဤခေတ်တွင် ပို၍ဝင်ဆံ့စေသည်။

ထို့ကြောင့် လူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားရခြင်းပင်။ ထိုအရာသည် သူတို့ကို ယခင်က ဒုက္ခပေးခဲ့သောအရာ၊ စိတ်အနှောင့်အယှက်ပေးခဲ့သောအရာဖြစ်သည်။ မိသားစုကျောထောက်နောက်ခံကောင်းလေလေ၊ နေထိုင်ရသောပတ်ဝန်းကျင်သည်ပို၍ကောင်းလာလေလေဖြစ်၍ သူတို့၏ကလေးများသည် သူတို့နှင့် ပို၍ကွဲပြားလာသည်။ သူတို့၏ကလေးများသည် အပြင်းအထန်ကျင့်ကြံခြင်းမျိုးမလုပ်ရဘဲ တိုက်ပွဲအတွေ့အကြုံလည်း မရှိကြပေ။ သူတို့သည် ဖန်လုံအိမ်အတွင်းမှ လုံခြုံမှုရှိ၍ ကျိုးပဲ့လွယ်သော ပန်းလေးများကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။

သူတို့သည် တာအိုကျောင်းတော်ကြီး‌လေးကျောင်းမှ တပည့်များနှင့် မယှဉ်နိုင်ပေ။ ထိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များသည် သူတို့ရရှိထားသောအရာအားလုံးအတွက် တိုက်ခိုက်ခဲ့ရသည်။ သူတို့သည် ဂိုဏ်းအသေးလေးများမှတပည့်များနှင့် နိုင်ငံရေးအင်အားစုအသေးလေးများမှ တပည့်များနှင့်ပင် မယှဉ်နိုင်ချေ။

သူတို့သည် ချစ်ကြည်ရေးပြိုင်ပွဲကို အနိုင်ရနိုင်သော်လည်း သေရေး၊ ရှင်ရေးတိုက်ပွဲတွင် ချက်ချင်းသေသွားနိုင်သည့်လူများဖြစ်လေသည်။

ထိုအခြင်းအရာသည် ယခု မြူခိုးတာအိုကျောင်းတော်နှင့် မီးဝိညာဉ်ကျောင်းတော်တို့ ဖြစ်ပျက်နေသောအရာပင်။ ထိုတိုက်ပွဲသည် အကောင်းဆုံး သက်သေပြချက်ပင်။ မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် ပြည်သူ့ရင်ပြင်တွင် အော်ဟစ်ငိုကြွေးနေရ၏။ သူတို့၏ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များလည်း မရှိတော့ဘဲ ကြောက်ရွံ့တုန်လှုပ်နေလေသည်။ သူတို့၏မန္တန်အစီအရင်သည် ချိနဲ့နေပြီး သူတို့သည် သူတို့၏ပြိုင်ဘက်များလက်မှ လွတ်နိုင်ရန် တိုက်ခိုက်နေကြသည်။ သူတို့အားလုံးသည် ပို၍မြန်မြန် မပြေးနိုင်ကြတော့ပေ။

မြူခိုးတာအိုကျောင်း‌တော်မှ ကျောင်းသူ၊ ကျောင်းသားများမှာမူ တက်ကြွနေကြပြီး ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်နေလေသည်။ သူတို့အယောက်တစ်ရာလုံးသည် ရှေ့သို့တိုးကာ မီးဝိညာဉ်ကျောင်း‌တော်မှ ကျောင်းသူ၊ ကျောင်းသားများကြားသို့ ထိုးဖောက်ဝင်ရောက်နေသည်။ သူတို့သည် မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများကို ပရမ်းပတာ၊ တကွဲတပြား ဖြစ်သွားစေလေသည်။ ထွက်ပြေးနေသော ပြိုင်ဘက်တစ်ဒါဇင်နောက်သို့ လိုက်နေသည့် ကျောင်းသားတစ်ဦးကဲ့သို့ ဖြစ်ရပ်များလည်း ဖြစ်ပျက်နေသည်။

ထိုအခြေအနေတွင် ချစ်ကြည်ရေးပြိုင်ပွဲကို ကြည့်နေသော ပွဲကြည့်ပရိသတ်များသည် တစ်ဖွဲ့က ကျန်တစ်ဖွဲ့ကို ကြမ်းကြမ်းတမ်းတမ်း၊ အညှာအတာကင်းမဲ့စွာ အပြတ်အသတ်အနိုင်ယူနေသည်ကို ကြည့်နေရသကဲ့သို့ဖြစ်နေလေသည်။ သူတို့သည် ဝံပုလွေများနှင့် သိုးများ၏ ခြားနားမှုကို မျက်ဝါးထင်ထင်မြင်နေရသည်။

ထိုချောက်ချားဖွယ်ကွာခြားမှုသည် အင်္ဂါဂြိုလ်အုပ်ချုပ်ရေးပိုင်းမှ လူများ၏ရှေ့တွင် ပေါ်ပေါက်နေပေသည်။ လူအားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့၏ကလေးများသည် တခြားကလေးများကို ထိုးကြိတ်နေသောသူများလော သို့မဟုတ် သူတို့၏ကလေးများသည် ထိုးကြိတ်ခံနေရသည့် သူများလော သို့မဟုတ် သူတို့၏ကလေးသည် ချစ်ကြည်ရေးပြိုင်ပွဲတွင် ဝင်မပြိုင်သူများလောဆိုသည်မှာ အရေးမပါတော့ပေ။ မည်သူမှ တစ်ခွန်းမှ မဟကြချေ။

နှိုင်းယှဉ်မှုသည် လွန်စွာသိသာပေသည်။

ထိုတိုက်ပွဲအစစ်အမှန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် မည်သည့်အဖွဲ့က အားနည်းသည်၊ မည်သည့်အဖွဲ့က အားသာသည်ကို သိနိုင်ပေသည်။ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် သူတို့၏ပြိုင်ဘက်များကို လက်ချောင်းလှန်ချိုးနေသည်၊ လက်ကောက်ဝတ်လိမ်ချိုးနေသည်၊ ပေါင်ကြားကိုကန်နေသည်တို့မှာ အရေးမပါပေ။

ထိုအောက်တန်းကျသောတိုက်ကွက်များသည် ကြည့်မကောင်း၊ ရှုမကောင်းသည့် တိုက်ကွက်များဖြစ်သော်လည်း အင်္ဂါဂြိုလ်အုပ်ချုပ်ရေးပိုင်းမှလူများသည် ထိုကဲ့သို့သောတိုက်ကွက်မျိုးကို သေရေး၊ ရှင်ရေး တိုက်ပွဲအစစ်အမှန်အတွင်း၌ သုံးသည်ကို ဂရုမစိုက်ကြချေ။

ထိုကဲ့သို့သော တိုက်ပွဲများတွင် တဒင်္ဂအခိုက်အတန့်လေးသည် လူတစ်ယောက်၏ သေရေး၊ ရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်လေသည်။ ထို့ပြင် အမှားလေးတစ်ခုသည် သူတို့၏ ဝိညာဉ်၊ အသွေးအသားများကို ပျက်ဆီးသွားစေနိုင်သည်။

လူတစ်ယောက်သည် တိုက်ပွဲပန်းသွားလေလေ ထိုကဲ့သို့သော တိုက်ကွက်မျိုးကို သုံးခြင်းကို ခွင့်ပြုနိုင်လာလေလေဖြစ်သည်။ မြူခိုးတာအိုကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများ၏ မိဘများသည်လည်း ထိုကဲ့သို့ပင် ခံစားလိုက်ရသည်။ သူတို့သည် သူတို့ကလေးများ၏ ပုံပန်းသွင်ပြင်၊ တိုက်ခိုက်လိုစိတ်၊ မိမိကိုယ်ကိုယုံကြည်မှုရှိမှု၊ ထုတ်လွှတ်နေသော ကိုယ်ရောင်ကိုယ်ဝါများနှင့် ကျင့်ကြံခြင်းအဆင့်တို့ ပြောင်းလဲလာသည်ကို တွေ့မြင်ခဲ့ရသည်။

သူတို့ကလေးများ၏တိုးတက်လာမှုကို တွေ့မြင်ခဲ့ရသဖြင့် သူတို့သည် ဝမ်ပေါင်လဲ့၏ကျင့်ကြံခြင်းနည်းလမ်းများကို လက်ခံခဲ့ခြင်းဖြစ်သည်။ သူတိုကလေးများ၏ပြောင်းလဲလာမှုကို သူတို့လက်ခံကြပြီး သူတို့၏ကလေးများသည် အနာဂတ်၏‌ထောက်တိုင်များဖြစ်လာလိမ့်မည်ဟု ယုံကြည်လေသည်။ မိဘများသည် စိတ်လှုပ်ရှားတက်ကြွနေပြီး သူတို့၏ဝမ်ပေါင်လဲ့ကိုကြည့်သောအကြည့်များ ပြောင်းလဲလာလေသည်။

“ မေအာက ကောင်းကောင်းလုပ်နေနိုင်တာပဲ ”
ပွဲကြည့်ပရိသတ်များအကြားတွင် ထိုင်နေသော ကျိုးမေ၏အမေသည် ပြုံးလိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် စိတ်သက်သာရာရသွားသော အလင်းတစ်ချက် ဖြတ်သန်းသွားလေသည်။ သူမ၏အမြင်တွင် ပြင်ပအသွင်အပြင်သည် အရေးကြီး၏။ သို့သော်လည်း ထိုအရာသည် အချိန်ယူ၍ ပြုပြင်သွားနိုင်ပေသည်။ လူတစ်ယောက်၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်ထားသည် နေ့ချင်းညချင်း ကျင့်ကြံယူ၍ရသော အရာမျိုးမဟုတ်ပေ။

ပြိုင်ပွဲမစခင်က မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများ ထုတ်ပြခဲ့သည့် ကြောက်မက်ဖွယ်အသွင်အပြင်နှင့် တိုက်ခိုက်လိုစိတ်သည် ဟန်ဆောင်မှုသာဖြစ်ကြောင်း သူမ သိလေသည်။ ထိုဟန်ဆောင်မှုသည် အားနည်းသော အပေါ်ယံအသွင်အပြင်သာဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့က သူတို့ကို ကြိမ်းမောင်းအော်ဟစ်လိုက်သောအခါတွင် သူတို့သည် ရွေးချယ်စရာမရှိတော့သဖြင့် သူတို့၏တိုက်ရည်ခိုက်ရည်များကို ထုတ်ပြလိုက်ကြလေသည်။ ထိုအရာသည် မီးဝိညာဉ်ကျောင်းတော်ကို လွှမ်းမိုးနိုင်ခဲ့သောအရာဖြစ်ပြီး ထိုအချိန်သည် သူတို့၏ တိုက်ခိုက်လိုစိတ်များကို အစစ်အမှန်ထုတ်ပြလိုက်သောအချိန်ဖြစ်ပေသည်။

“ အားကောင်းတဲ့တက်ကြွမှုပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့်တက်သွားတာပဲဖြစ်ဖြစ် အစောပိုင်းကဖြစ်ခဲ့တဲ့အရာတွေအားလုံးက ဒီနောက်ဆုံးအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်ထားတာတွေပဲ။ အဲဒါတွေအကုန်လုံးက သူတို့ဒီလို ကြမ်းတမ်းရက်စက်တဲ့ တိုက်ပွဲစိတ်၊ တိုက်ပွဲမာန်တွေထွက်လာအောင် ပြင်ဆင်ထားတဲ့အရာတွေပဲ ”

“ ဒီဝမ်ပေါင်လဲ့က… အထင်ကြီးလောက်တဲ့ ကိုယ်ရေးကိုယ်သွေးတွေပိုင်ဆိုင်ရုံတင်မဟုတ်ဘူး။ တခြားသူတွေကို ပျိုးထောင်ပေးတဲ့နေရာမှာလည်း ပါရမီပါတာပဲ ”
ပွဲကြည့်ပရိသတ်များသည် အတန်ကြာတိတ်ဆိတ်နေပြီးနောက် တီးတိုးဆွေးနွေးနေကြသည်။ အဓိကပွဲကြည့်စင်မြင့်တွင် ထိုင်နေသော ဧရာမသစ်ပင်သည် အတန်ငယ်မျက်မှောင်ကြုတ်၍ ဝမ်ပေါင်လဲ့ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အင်္ဂါဂြိုလ်ပေါ်တွင် အာရုံများစွာစိုက်ခံရမည်ကို မလိုလားပေ။ ထိုသို့ဆိုလျှင် သူ၏အစီအစဉ်ကိုလည်း ထိခိုက်နိုင်ပေသည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့အခက်တွေ့အောင် ပေါ်ပေါ်ထင်ထင်လုပ်၍မရပေ။ ထို့ကြောင့် သူသည် လျှို့ဝှက်လုပ်ဆောင်ခဲ့ရသည်။

ဝမ်ပေါင်လဲ့သည် ချစ်ကြည်ရေးပြိုင်ပွဲကို သူ့အကျိုးအတွက်အသုံးချ၍ အခြေအနေများကို ပြောင်းပြန်လှန်လိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။

ဧရာမသစ်ပင်သည် ထိုသို့တွေးမိသွားသောအခါ သူ့ဘေးရှိ ဘုရင်ခံကိုကြည့်လိုက်သည်။ အနီရောင်ဝတ်ရုံဝတ်ဆင်ထားသော ဘုရင်ခံသည် မျက်နှာသေဖြင့်ရှိနေလေသည်။ သူမ မည်သည့်အရာကိုတွေးနေကြောင်း မည်သူမှ မသိပေ။ သူမစကားစမပြောသ၍ အခြားလူများသည် တီးတိုးသာ ဆွေးနွေးဝံ့လေသည်။

ပြည်သူ့ရင်ပြင်တွင် ပရမ်းပတာအဖြစ်အပျက်များ ဆက်လက်ဖြစ်ပွားနေသည်။ မီးဝိညာဉ်ကျောင်း‌‌တော်မှ ကျောင်းသူ၊ ကျောင်းသားများသည် မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများ၏ အဆက်မပြန်လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည်။ အထူးသဖြင့် ကျင့်သိုကျစ်နှင့် ကျိုးမေသည် ထိုကျောင်းသူ၊ ကျောင်းသားများ၏ ခေါင်းဆောင်များဖြစ်လာပြီး ယင်းလိုက်လံတိုက်ခိုက်မှုကို ဦးဆောင်နေလေသည်။ ပေါက်ကွဲမှုများ၊ အော်သံများ၊ ညီးတွားအော်ဟစ်သံများသည် လေထုထဲတွင် အဆက်မပြတ်ပဲ့တင်ထပ်နေသည်။

“ နောက်ဆုံးတစ်ဆင့်ကျန်သေးတယ်… ”
ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေသော အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် အင်္ဂါဂြိုလ်ဘုရင်ခံက တီးတိုးရေရွတ်လိုက်သည်။

သူမထိုသို့ရေရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပြည်သူ့ရင်ပြင်ထဲတွင် ရပ်နေသော ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်သွား၏။ သူသည် မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများနောက်သို့ စိတ်လှုပ်တရှားလိုက်နေသော ကျင့်သို့ကျစ်ကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။
“ ကျင့်သိုကျစ်… မင်း ကစားလို့ပြီးပြီလား ”

ဝမ်ပေါင်လဲ့၏အသံသည် ရုတ်တရက်ထစ်ချုန်းလိုက်သော မိုးချုန်းသံတစ်ခုကဲ့သို့ပင်။ သူ့ဘဝတစ်လျှောက်လုံးတွင် အကြောက်တရားကင်းမဲ့ခဲ့ပြီး သူ၏အဖေကိုပင်မကြောက်ခဲ့သည့် ကျင့်သို့ကျစ်တစ်ယောက် တုန်လှုပ်သွားသည်။ သူသည် သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို အလျင်အမြန်ဘေးဖယ်ထားလိုက်ပြီး ပြိုင်ပွဲမစခင်က ဝမ်ပေါင်လဲ့ သူ့ကိုညွှန်ကြားထားသည့်ကိစ္စကို ပြန်အမှတ်ရသွားသည်။ သူသည် ပြေးလိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ရှိုက်ငိုနေသည့် မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများကို အော်ပြောလိုက်သည်။
“ မီးဝိညာဉ်ကျောင်း… မင်းတို့ အရှုံးကို ဝန်ခံလား ”

မြူခိုးတာအိုကျောင်း‌တော်မှ ကျောင်းသူ၊ ကျောင်းသားအားလုံးသည်လည်း အော်ပြောလိုက်ကြသည်။
“ မင်းတို့ အရှုံးကို ဝန်ခံလား ”

ကျောင်းသူ၊ ကျောင်းသားအယောက်တစ်ရာ ကျယ်လောင်စွာအော်ပြောနေသည့် မြင်ကွင်းသည် အမှန်ပင် အထင်ကြီးဖွယ်ကောင်းသောမြင်ကွင်းတစ်ခုပင်။ ထို‌အော်သံများသည် လျစ်လျူရှူ၍မရတော့သော အင်အားများဖြစ်လာပြီး မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အော်ပြောကာ အရှုံးကို ဝန်ခံလိုက်လေတော့သည်။

သူတို့၏ အရှုံးကိုဝန်ခံလိုက်မှုသည် မီလောင်ရာဆီပက်လိုက်သကဲ့သို့ပင်။ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် ကျယ်လောင်စွာ စတင်အော်ဟစ်အောင်ပွဲခံလိုက်ကြလေသည်။

သူတို့သည် စိတ်လှုပ်ရှားနေကာ ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူတို့ အနိုင်ရရှိခဲ့ပေပြီ။

အောင်နိုင်ခြင်းသည် အခြားမည်သူနှင့်မှ မသက်ဆိုင်ဘဲ သူတို့သာပိုင်ဆိုင်သည့် အရာဖြစ်လေသည်။ ထိုအခိုက်တွင် သူတို့၏ညီညွတ်မှုကိုဂုဏ်ယူမှုနှင့် သူတို့၏ သူတို့ကိုယ်သူတို့ယုံကြည်မှုများသည် ထိုးထွက်လာလေတော့သည်။ သူတို့သည် ဂုဏ်ယူဝံ့ကြွားမှုများ၊ ဝမ်းသာမှုများနှင့် အော်ဟစ်‌အောင်ပွဲခံနေကြလေသည်။

သူတို့ရင်တွင်းရှိ မပွင့်တပွင့်ဖြစ်နေသော တစ်စုံတစ်ခုသည် သူတို့၏စိတ်လှုပ်ရှားမှုများ၊ ပျော်ရွှင်မှုများကြောင့် ဖူးပွင့်လာ၏။ သူတို့တစ်ဦးချင်းစီ၏ရင်ထဲတွင်ရှိနေ‌သောအရာမှာ သူတို့၏နှလုံးသားကို အမြစ်တွယ်နေသည့် ငယ်ရွယ်သည့် ပျိုးပင်လေးများဖြစ်ပြီး ၎င်းတို့သည် သူတို့ဘဝတစ်လျှောက်လုံး သူတို့၏ရင်ထဲတွင် ရှိနေတော့မည်ဖြစ်သည်။

သူတို့သည် အနာဂတ်တွင် အခက်အခဲများနှင့် ကြုံရနိုင်သော်လည်း သူတို့၏ရင်တွင်း၌ ထိုပျိုးပင်လေးများရှိနေသ၍ မည်သည့်အခက်အခဲစိန်ခေါ်မှုနှင့်တွေ့ကြုံရသည်ဖြစ်စေ ခေါင်းမော့ရင်ကော့ထားနိုင်မည်ဖြစ်သည်။ သူတို့သည် ကံတရားကို အလွယ်တကူအရှုံးပေးမည်မဟုတ်ချေ။ တိုက်ပွဲအတွင်း ထုဆစ်ထားသော သူတို့၏သံယောဇဉ်သည် အခြားအတန်းဖော်များ၏သံယောဇဉ်ထက် များစွာနက်ရှိုင်းမည်ဖြစ်သည်။

အင်္ဂါဂြိုလ်အုပ်ချုပ်ရေးပိုင်းမှလူများသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် စိတ်အေးသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ အနိုင်ရရှိသွားသော ကျောင်းသူ၊ ကျောင်းသားများ၏မိဘများသည်လည်း စိတ်လှုပ်ရှားနေကြပြီး သူတို့၏ရင်ထဲတွင် ဝမ်ပေါင်လဲ့အပေါ် ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာလေသည်။

ဝမ်ပေါင်လဲ့သည်လည်း သူ့တပည့်များ၏မျက်နှာများပေါ်ရှိ စိတ်လှုပ်ရှားမှုများကိုကြည့်၍ ကျေနပ်ပီတိဖြစ်နေ၏။ သို့သော် ထိုကဲ့သို့အဆုံးသတ်လိုက်လျှင် တစ်ခုခုလိုနေသလိုဖြစ်နေသည်ဟု သူခံစားနေရ၏။ သူသည် သူဖတ်ထားသော အဆင့်မြင့်အရာရှိကြီးများ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများထဲမှ အကြောင်းအရာများကို အမှတ်ရသွားသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်တက်သွားလိုက်ပြီး အော်ပြောလိုက်သည်။
“ စုဝေးကြ ”

သူထိုသို့ အော်ဟစ် အမိန့်ပေးလိုက်ရာ အစောပိုင်းကပင် အော်ဟစ်အောင်ပွဲခံနေကြသည့် မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် ချက်ချင်းပင် ဝမ်ပေါင်လဲ့ဆီသို့ပြေးသွားကြပြီး သူ့နောက်တွင် စနစ်တကျ စီတန်းလိုက်သည်။

ဝမ်ပေါင်လဲ့သည် သူ့နောက်ရှိတပည့်များကို မကြည့်ဘဲ ခေါင်းမော့ကာ ခပ်လှမ်းလှမ်းရှိ ပွဲကြည့်စင်မြင့်တွင် ထိုင်နေသည့် အင်္ဂါဂြိုလ်ဘုရင်ခံကို ထိပ်တိုက်ကြည့်လိုက်လေသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေး၍ ကျယ်လောင်စွာပြောလိုက်သည်။
“ ဂုဏ်သရေရှိ ဘုရင်ခံခင်ဗျား… ကျွန်တော် အင်္ဂါဂြိုလ်အတွက် တိုက်ခိုက်ပေးမယ့်၊ ဘယ်မကောင်းမှုကိုမှ အရှုံးမပေးတဲ့ ပြီးတော့ ဘယ်လိုအခက်အခဲနဲ့ပဲကြုံကြုံ မကြောက်ရွံ့တဲ့ ကျင့်ကြံသူတက်သစ်စလေးတွေကို ပျိုးထောင်ပေးချင်ပါတယ်။ သူတို့က ဒီနေ့ သူတို့ရဲ့ ပထမဆုံးအောင်ပွဲကို ရရှိခဲ့ပါပြီ။ ဒါပေမဲ့ သူတို့မှာ နာမည်မရှိသေးဘူးဖြစ်နေပါတယ်။ ကျွန်တော့်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးမယ်ဆိုရင် မြူခိုးတာအိုကျောင်းတော်က ကျွန်တော်တို့ရဲ့တက်သစ်စလေးတွေကို နာမည်တစ်ခုချီးမြှင့်ပေးဖို့ ကျွန်တော်ဒီကနေပဲ ဘုရင်ခံကို တောင်းဆိုပါတယ်… ”
သူ၏စကားလုံးများသည် ပွဲကြည့်စင်မြင့်တွင်ကြည့်နေသော အင်္ဂါဂြိုလ်အုပ်ချုပ်ရေးပိုင်းမှလူများကို အံ့အားသင့်သွားစေလေသည်။ သူတို့အများစု၏မျက်ဝန်းထဲတွင် ထူးဆန်းသောအရိပ်အယောင်များ ရှိနေပြီး သူတို့သည် ဝမ်ပေါင်လဲ့ကို အံ့ဩတကြီးကြည့်နေလေသည်။ ကျေးဇူးတင်နေသောမိဘများ၏မျက်ဝန်းများသည်လည်း အရောင်လက်သွားလေသည်။ သူတို့သည် ထိုတောင်းဆိုချက်မှာ လွန်စွာကောင်းမွန်သောအကြံဖြစ်ကြောင်း နားလည်လာရုံသာမက ဝမ်ပေါင်လဲ့၏အရေးပါပုံကိုလည်း သိရှိလာကြသည်။

“ ဒီလိုအကြံမျိုးကို စဉ်းစားနိုင်တာ… ဒီကောင်လေးက…တကယ့်ကို တစ်ခုခုတော့တစ်ခုခုပဲ ”

“ သူက အစွမ်းထက်တဲ့သူရဲကောင်းဖြစ်ရုံသာမကဘူး၊ အပေါင်းအသင်းလည်းပေါတယ်..ပြီးတော့ တော်တော်လေးလည်း သွက်လက်ချက်ချာတယ်။ သူက အခွင့်အရေးကို ရရင်ရသလို အသုံးချတတ်တယ်။ ပြည်ထောင်စုမှာ ဝမ်ပေါင်လဲ့ရဲ့အနာဂတ်ကတော့… တောက်ပနေတော့မှာ သံသယဖြစ်စရာမရှိတော့ပါဘူး။ သူ ကိစ္စကြီးတွေကို စွမ်း‌ဆောင်နိုင်မှာပဲ ”

Comment

  1. Soe Htut says:

    နောက်တပိုင်း

Leave a Reply

Options

not work with dark mode
Reset