လီဝူချန်းသည်လည်း ဖက်တီးအုပ်စုကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပြီး နားမလည်နိုင်ဖြစ်နေ၏။ သူသည် ကျောင်းတော်တွင်ရှိခဲ့စဉ်က ဝမ်ပေါင်လဲ့၏ပုံစံကို မြင်ခဲ့ဖူးပေသည်။ သူသည် သူရှေ့ရှိ ဖက်တီးများကို ကြည့်၍ သူအမြင်မှားနေခြင်းဖြစ်ရမည်ဟု ရုတ်တရက်တွေးမိသွား၏။ သူသည် သူ့ဆီသို့လာနေသည့် ဝမ်ပေါင်လဲ့အယောက်တစ်ရာကို မြင်နေရသည်ဟု တွေးမိနေသည်။
သူ အသက်ရှူမမှန်ဖြစ်လာသော်လည်း အလျင်အမြန် ဟန်ကိုယ့်ဖို့ ပြန်နေလိုက်သည်။ သူ၏မျက်နှာသည် မှိုင်းညို့နေပြီး စိတ်လှုပ်တရှားဖြင့် အံကြိတ်ထားလေသည်။ သူ၏တပည့်များသည် ပြိုင်ဘက်၏ အားကောင်းသောအရှိန်အဝါကြောင့် တုန်လှုပ်ကာပြန်ဆုတ်လာသည်ကို သူမြင်လိုက်ရသည်။ သူတို့ထဲမှ တချို့သည် ကြောက်လန့်တကြားပင့်သက်ရှိုက်နေပေသည်။ ထို့ကြောင့် သူ၏မျက်နှာသည် ပို၍ပင် မည်းမှောင်လာသည်။ သူသည် သူတို့ကို ရုတ်ခြည်းစူးစိုက်ကြည့်လိုက်၏။ ထိုမှသာ သူ၏ကြောက်ရွံ့တုန်လှုပ်နေသောတပည့်များသည် နောက်ဆုတ်ခြင်းကို ရပ်လိုက်ကြသည်။ သူတို့သည် တုန်လှုပ်ကြောက်လန့်စွာ ရေရွတ်နေမှုများကိုလည်း ရပ်တန့်လိုက်သည်။
သို့သော် သူတို့သည် သူတို့၏ရင်ထဲရှိ မရေရာမှုများကိုမူ မထိန်းချုပ်နိုင်ကြပေ။ သူတို့သည် ကျင့်သိုကျစ်နှင့် မြူခိုးတာအိုကျောင်းတော်မှ အခြားကျောင်းသူ၊ ကျောင်းသားများ၏ သန်မာသော ကြွက်သားများနှင့်ခန္ဓာကိုယ်များကိုကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်လာကြသည်။
ပွဲကြေညာသူနှစ်ဦးသည်လည်း သူတို့ဆီသို့လျှောက်လာသည့် ဖက်တီးအုပ်စုကိုတွေ့လိုက်ရသဖြင့် ကြောင်သွားကြသည်။ ထိုဖက်တီးများသည် သူတို့၏ ဗီတာမင်များနှင့် ဆေးဖက်ဝင်ဖြည့်စွက်စာများကို အလွန်အကျွံသောက်ထား၊ စားထားကြပုံပင်။ သူတို့သည် လယ်ယာသုံးမြင်းများကဲ့သို့ ကြံ့ခိုင်သန်မာကြပေသည်။ ထိုပွဲကြေညာသူနှစ်ဦးသည် မြူခိုးတာအိုကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများသည် ထိုကဲ့သို့ထွက်လာလိမ့်မည်ဟု တစ်ခါမှမတွေးဖူးခဲ့ပေ။
ဖက်တီးတစ်ဦးချင်းစီတိုင်းသည် ဂုဏ်ယူဝံ့ကြွားစွာ မေးငေါ့ထားကြပြီး သာလွန်မှု၊ ပြိုင်ဘက်ကင်းမှု အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ပွဲကြေညာသူနှစ်ဦးသည် ဆွံ့အနေကြသည်။ နောက်ဆုံးတွင် အမျိုးသမီးပွဲကြေညာသူသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားတချို့ပြောလိုက်သည်။
“ မြူခိုးတာအိုကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေက သန်မာပြီး အားကောင်းတဲ့ အရှိန်အဝါရှိကြပါတယ်… သူတို့ရဲ့ ကြံ့ခိုင်ထွားကြိုင်းတဲ့ ခန္ဓာကိုယ်တွေက အံ့အားသင့်စရာပါပဲ။ သူတို့က ယုံကြည်မှုရှိနေတဲ့ ပုံပါပဲရှင်… ဒီနေ့ သူတို့အနိုင်ရမှာကို သေချာနေတဲ့ပုံပါပဲ… ”
ထိုသို့ပြောလိုက်ပြီးနောက် မြူခိုးတာအိုကျောင်းတော်ဘက်ရှိ စင်္ကြံထဲမှ ဝမ်ပေါင်လဲ့ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူ၏ပုံစံသည် ကောင်းကင်ပေါ်မှဆင်းသက်လာသည့် ကယ်တင်ရှင်တစ်ဦးကဲ့သို့ဖြစ်နေ၏။ ကြေညာစရာအသစ်တစ်ခု ရပေပြီ။ သူမ ထပ်မံ၍ ခပ်သွက်သွက်ပြောလိုက်သည်။
“ မြူခိုးတာအိုကျောင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ သူတို့ရဲ့ လက်ထောက်ကျောင်းအုပ်ပါရှင်… သူ့နာမည်ကို လူတိုင်းရင်းနှီးကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်… သူကတော့… ဝမ်ပေါင်လဲ့ပါပဲ ”
ဝမ်ပေါင်လဲ့သည် ရင်ကော့၍ တည်တည်ငြိမ်ငြိမ် လျှောက်လာသည်။ သူထွက်လာသောအခါ ကျင့်သိုကျစ်နှင့် အခြားကျောင်းသူ၊ ကျောင်းသားများသည် ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။
“ ငါတို့ရဲ့ စွမ်းအားကြီးတဲ့ကျောင်းအုပ်ကို ဦးညွှတ်ကြ ”
“ ငါတို့ရဲ့ ကျောင်းအုပ်က ပြိုင်ဘက်ကင်းပဲ… လီဝူချန်း ရှုံးမှာသေချာတယ် ”
အော်ဟစ်အားပေးသံများသည် ပွဲကြေညာသူ၏အသံကို ထပ်မံဖုံးလွှမ်းသွားသည်။ ပွဲကြေညာသူနှစ်ဦးသည် ဆက်ကြေညာရန် ကြိုးစားရင်း ရှက်ကိုးရှက်ကန်းဖြစ်နေကြသည်။ သို့သော် သူတို့သည် ဝမ်ပေါင်လဲ့တစ်ယောက် အော်လံတစ်ခုကို ရုတ်တရက်ဆွဲထုတ်လိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏အသံကို အော်လံကချဲ့ပေးလိုက်ရာ ပွဲကြေညာသူနှစ်ဦး၏အသံထက် အဆပေါင်းများစွာ ပို၍ကျယ်လောင်သွားပြီး ပွဲကွင်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
“ အပိုစကားတွေကိုရပ်ပြီး ပြိုင်ပွဲစကြစို့။ မြူခိုးတာအိုကျောင်းတော်… မင်းတို့ရဲ့ စိတ်ဓာတ်ကို ငါ့ကိုပြကြစမ်း… ဒီပြိုင်ပွဲမှာ ငါတို့ဘာဖြစ်မလဲ… ”
“ အနိုင်ရပါမယ်…. ”
ကျင့်သိုကျစ်အပါအဝင် ကျောင်းသူ၊ ကျောင်းသားတစ်ရာသည် အသားကုန်ဟစ်အော်လိုက်ကြသည်။ သူတို့၏နဖူးပေါ်တွင် အကြောများထောင်ထနေပြီး သူတို့ကိုယ်တွင်းရှိ စွမ်းအင်များသည် ရုတ်ခြည်း တစ်ပြိုင်နက်ထွက်ပေါ်လာလေသည်။
မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသား ငါးဦးသည် ဖွံ့ထွားသွေးကြောအဆင့်တွင်ရှိပြီး သုံးဆယ့်တစ်ယောက်သည် ခန္ဓာအချုပ်အနှောင်အဆင့်တွင်ရှိကာ ကျန်ကျောင်းသူ၊ ကျောင်းသားများသည် သွေးချီအဆင့်တွင် ရှိကြသည်။ သူတို့ ကျယ်လောင်စွာအော်ဟစ်လိုက်သည့်အခိုက်တွင် သွေးချီအဆင့်ကျောင်းသူ၊ ကျောင်းသားများသည် သူတို့၏ကျယ်လောင်သောအားပေးသံမှနေ၍ အရှိန် ရရှိသွားကြသည်။ ထိုအခိုက်တွင် သူတို့၏ကျင့်ကြံခြင်းအဆင့်သည် တိုးတက်သွားပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်ရှိသွားလေသည်။
ထို့ကြောင့် ပွဲကွင်းတစ်ခုလုံး အော်ဟစ်အားပေးသံများဖြင့် ပွက်ပွက်ညံသွားလေသည်။
“ တစ်ပြိုင်တည်း အဆင့်တက်သွားကြတာ… ”
“ တစ်ပြိုင်တည်း လူငါးဆယ်ကျော် အဆင့်တက်သွားတာပဲ… ဒီကျောင်းသူ၊ ကျောင်းသားတွေအကုန်လုံးက အထင်ကြီးစရာကောင်းနေပြီ။ သူတို့ရဲ့ သွေးချီအထွတ်အထိပ်အဆင့်ကကို သာမန်ကျင့်ကြံသူတွေထက် အပြတ်အသတ်သာနေပြီ။ အခု သူတို့က ကျင့်ကြံခြင်းအဆင့်တက်သွားပြီဆိုတော့ ပိုပြီး စွမ်းအားကြီးလာတော့မှာပဲ ”
“ ဒီဝမ်ပေါင်လဲ့က တစ်ခုခုတော့ တစ်ခုခုပဲ ”
ပွဲကြည့်နေသူများသည် အံ့ဩတကြီးဖြစ်နေကြလေသည်။ အထူးသဖြင့် ပြိုင်ပွဲဝင်များ၏ မိဘများသည် သူတို့၏ကလေးများက လူတစ်သိန်းကျော်ရှေ့တွင် ကျင့်ကြံခြင်းအဆင့်တက်သွားသည်ကို တွေ့လိုက်ရသောအခါ လွန်စွာဝမ်းသာအားရဖြစ်သွားကြသည်။
အမှန်တွင် ဝမ်ပေါင်လဲ့၏ပြင်းထန်သောကျင့်ကြံနည်းများကြောင့် ထိုကျောင်းသူ၊ ကျောင်းသားအုပ်စုသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက အဆင့်တက်လုနီးနီးဖြစ်နေပြီဖြစ်သည်။ သူတို့အဆင့်မတက်သေးသည်မှာ ဝမ်ပေါင်လဲ့က ဆွဲထား၍ဖြစ်သည်။ သူသည် မီးဝိညာဉ်ကျောင်းတော်နှင့် အင်္ဂါဂြိုလ်အုပ်ချုပ်ရေးပိုင်တွင် တာဝန်ထမ်းဆောင်သူများကို အံ့အားသင့်သွားစေလိုခြင်းဖြစ်သည်။ ရှေးဟောင်းသိုင်းအဆင့်ကျင့်ကြံသူများအကြားမှာ တိုက်ပွဲသည် သူတို့အတွက် ကလေးကစားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ သူတို့သည် ပြိုင်ပွဲကိုကြည့်ရန်ရည်ရွယ်ချက်ဖြင့် ပွဲတက်ခဲ့သော်လည်း သူတို့၏အာရုံစိုက်မှုကို ကြာရှည်ရယူထားနိုင်မည်မဟုတ်ပေ။
သို့သော် အဖွဲ့၏တစ်ဝက်ကျော်သည် လူတစ်သိန်းကျော်ရှေ့တွင် တစ်ဦးပြီးတစ်ဦးအဆင့်တက်သွားခဲ့ပါက အာရုံစိုက်မှုအများအပြားကို ခံရမည်ဖြစ်သည်။ မီးဝိညာဉ်ကျောင်းတော်ကိုလည်း ပြိုင်ပွဲမစတင်မီတွင် စိတ်အားငယ်သွားစေမည်ဖြစ်သည်။ ထိုသို့အဆင့်တက်သွားခြင်းသည် သူတို့ပြိုင်ဘက်များ၏စိတ်ဓာတ်ကို ရိုက်ချိုးပစ်နိုင်လိုက်မည်ဖြစ်ပြီး သူတို့၏အနိုင်ရမည့်အခွင့်အရေးကို သေချာစေမည်ဖြစ်သည်။
ထိုအရာသည် ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း ကောင်းမွန်သောအခွင့်အရေးတစ်ခုဖြစ်လေသည်။ သူတို့သည် ဘုရင်ခံရှေ့တွင် ကျင့်ကြံခြင်းအဆင့်တက်သွားသည် မဟုတ်ပါလော။ ထိုသို့ လူရှေ့တွင် အဆင့်တက်ခြင်းသည် လူမသိသူမသိအဆင့်တက်ခြင်းနှင့် နှိုင်းယှဉ်လျှင် ပို၍သက်ရောက်မှုရှိကာ အဓိပ္ပာယ်ရှိပေသည်။ ထိုသို့အဆင့်တက်ပြီးပြီးချင်း ချစ်ကြည်ရေးပြိုင်ပွဲတွင် တန်း၍အနိုင်ရသွားလျှင် သူတို့၏ သူတို့ကိုယ်သူတို့ယုံကြည်မှုများလည်း များစွာတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် ကျောင်းသူ၊ ကျောင်းသားအများအပြား တစ်ပြိုင်တည်း ကျင့်ကြံခြင်းအဆင့်တက်သွားရန် စီစဉ်ထားခဲ့ခြင်းပင်။
ထိုအစီအစဉ်၏ အကျိုးသက်ရောက်မှုသည် အမှန်ပင် ကောင်းမွန်ပေသည်။ ရုတ်တရက်ထိုးတက်လာသော တက်ကြွစိတ်များ၊ ခံစားချက်များ၊ ကျယ်လောင်သောအားပေးသံများနှင့် တစ်ပြိုင်တည်း လူအများအပြားကျင့်ကြံခြင်းအဆင့် တက်သွားမှုတို့ကြောင့် ပြည်သူ့ရင်ပြင်ရှိ သက်ဝင်လှုပ်ရှားမှုများသည် ဆယ်ဆတိုးပွားလာသည်။ ထိုအခြင်းအရာသည် လူအားလုံးကို တုန်လှုပ်စိတ်ဖြင့် နောက်သို့ယိုင်သွားစေနိုင်ပြီး မီးဝိညာဉ်ကျောင်းတော်မှ ပြိုင်ပွဲဝင်များသည် လိပ်ပြာလွင့်မတတ်တုန်လှုပ်သွားကြသည်။
ပွဲကြေညာသူနှစ်ဦးသည်လည်း ဆွံ့အနေသည်။ သူတို့သည် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြစ်နေသည်။ လီဝူချန်း၏မျက်နှာထားသည် အဆုံးစွန်ထိ လွန်စွာမည်းမှောင်နေလေသည်။ သူသည် မီးဝိညာဉ်ကျောင်းတော်မှ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားများကို ကြည့်လိုက်သည်။ သူတို့အားလုံးသည် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေပြီး အသက်ရှူမမှန် ဖြစ်နေကြသည်။ သူတို့သည် ပြိုင်ပွဲမစခင်မှာပင် အနိုင်ရရန် မျှော်လင့်ချက်မရှိကြတော့ပေ။
ဖက်တီးတစ်ရာကို မည်သို့မှကြောက်စရာမရှိချေ။ သို့သော် ထိုဖက်တီးတိုင်းသည် ခန္ဓာအချုပ်အနှောင်အဆင့်တွင်ရှိနေပြီး ထိုအဆင့်သည်လည်း သာမန်ခန္ဓာအချုပ်အနှောင်ကျင့်ကြံသူများ၏အဆင့်ထက် သိသိသာသာ သာလွန်လျှင် ထိုအရာသည် အမှန်ပင် ကြောက်ရွံ့ရမည့် ကိစ္စဖြစ်လေသည်။ မီးဝိညာဉ်ကျောင်းတော်မှ ပြိုင်ပွဲဝင်များသည် ကြောက်ရွံ့တုန်လှုပ်နေကြပေသည်။
သူတို့သည် တုံ့ပြန်ရန် အချိန်ပင် မရခဲ့ချေ။ ပြိုင်ပွဲ၏စည်းမျဉ်းများအရ သူတို့သည် အရှုံးကိုဝန်မခံသ၍ ထိုနေရာမှထွက်သွားခွင့်မရှိပေ။ အရေးအကြီးဆုံးအရာမှာ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားတစ်ရာသည် လွန်စွာနာကျင်ရကာ လွန်စွာပင်ပန်းစေသော ကျင့်ကြံခြင်းနည်းလမ်းများကို သုံးလမျှ အရူးများသဖွယ် အပြင်းအထန်လေ့ကျင့်ခဲ့သူများဖြစ်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ မနည်းထိန်းချုပ်ထားရပြီး သူတို့၏တက်ကြွနေသော ခံစားချက်များကို ထုတ်လွှတ်ပစ်ရန်၊ သူတို့၏အစွမ်းများကို ထုတ်သုံးရန် တကြွကြွဖြစ်နေလေသည်။ ဝမ်ပေါင်လဲ့က အမိန့်ပေးလိုက်သောအခါ သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်မှနေ၍ နောက်တစ်ဆင့်တက်သွားပြီးနောက် သူတို့သည် ချက်ချင်းပင် မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများထံသို့ ပြေးဝင်သွားလိုက်ကြသည်။
ပွဲကြေညာသူများပင် ပြိုင်ပွဲကွင်းအတွင်းမှ ထွက်မသွားရသေးပေ။ ပြည်သူ့ရင်ပြင်အလယ်တွင် ပရမ်းပတာတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေသည်။ တိုက်ပွဲခေါ်သံများ၊ ဒေါသတကြီးကြုံးဝါးသံများ၊ နာကျင်စွာအော်ဟစ်သံများ၊ မချိတင်ကဲအော်လိုက်သံများစသော နားမခံနိုင်သောဆူညံသံများသည် လေထဲတွင် ပဲ့တင်ထပ်နေလေသည်။
မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် သားကောင်ထံသို့ ပြေးဝင်သွားသည့် ထိပ်တန်းသားရဲများအလားပင်။ သူတို့သည် ဆာလောင်နေသောကျားများသဖွယ် သူတို့၏ပြိုင်ဘက်ကို အရူးအမူး တိုက်ခိုက်နေကြသည်။ သူတို့၏ရက်စက်သောတိုက်ခိုက်မှုများကြောင့် မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် အစွမ်းမဲ့နေပြီး နောက်သို့သာဆုတ်နေရသည်။ ပွဲကြည့်ပရိသတ်များသည်လည်း မျက်တောင်မခတ်တန်းကြည့်နေကြသည်။ မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ မီးဝိညာဉ်ကျောင်းတော်သည် ထိုနှစ်ဖွဲ့အနက် အားနည်းသောအဖွဲ့ဖြစ်ကြောင်း ထင်ရှားပေသည်။
နောက်တွင်ရပ်နေသော လီဝူချန်းတစ်ယောက် စတင်တုန်လှုပ်လာသည်။ သူ ရုတ်တရက် အော်ပြောလိုက်သည်။
“ ဗျူဟာ(၃)ကို ထုတ်သုံးကြ… မန္တန်အစီအရင်လုပ် ”
လီဝူချန်း၏အသံထွက်ပေါ်လာသောအခါ မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် ကြောက်ကြောက်လန့်လန့်ဖြင့် မန္တန်အစီအရင်ကို စတင်လုပ်လိုက်လေသည်။ သူတို့သည် ထိုအတောအတွင်း ထိုဗျူဟာကို လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအင်အားစုအသီးသီးမှ လူများသည် ထိုအခြင်းအရာကိုတွေ့လိုက်သောအခါ သဘောကျစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် လီဝူချန်း၏ဗျူဟာကို သဘောကျကြသည်။ မန္တန်အစီအရင်ကိုသုံး၍ မြူခိုးတာအိုကျောင်းတော်၏ တရှိန်တိုးတိုက်ခိုက်နေမှုကို ခုခံခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်သည်။
ထိုဗျူဟာသည် အမှန်ပင် အကျိုးသက်ရောက်မှုရှိပေသည်။ အကျိုးသက်ရောက်ရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ မန္တန်အစီအရင်များကြောင့်ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် ထိုကဲ့သို့သောတိုက်ပွဲမျိုးကို တိုက်ခိုက်ဖူးသည့် အတွေ့အကြုံမရှိသောကြောင့်ဖြစ်သည်။ သူတို့သည် သူတို့၏တိုက်ခိုက်မှုကို အကောင်းဆုံးအကျိုးသက်ရောက်မှုရှိစေရန် ပူးပေါင်းတိုက်ခိုက်ခြင်းတွင် အတွေ့အကြုံမရှိကြောင်း ထင်ရှားလေသည်။
ဝမ်ပေါင်လဲ့သည် အခြေအနေများ ရုတ်တရက်ပြောင်းလဲလာမှုများကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုအခြင်းအရာကို မကျေနပ်ကြောင်း ထင်ရှားလေသည်။ သူသည် သူ၏အော်လံကိုမြှောက်လိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ မင်းတို့တွေ နေလယ်စာမစားခဲ့ရလို့လား။ ငါမင်းတို့ကို အချိန်တစ်မိနစ်ပေးမယ်… တစ်မိနစ်ပြည့်ပြီးသွားလို့ ဟိုဘက်က ပြိုင်ဘက်တွေထဲမှာ ရပ်နေတဲ့သူတစ်ယောက်ရှိနေမယ်ဆိုရင်တောင် ငါမင်းတို့ကို ငါ့တပည့်တွေအဖြစ် သတ်မှတ်တော့မှာ မဟုတ်ဘူး။ အချိန်ကို အခုကစမှတ်ပြီ ”
မြူခိုးတာအိုကျောင်းတော်မှ ပြိုင်ပွဲဝင်တစ်ရာသည် ဝမ်ပေါင်လဲ့ပြောသောစကားကို ကြားလိုက်သောအခါ အသက်ရှူမြန်သွားကြသည်။ သူတို့၏ မျက်လုံးများသည် ရုတ်ခြည်းပင် နီမြန်းလာကြသည်။ အထူးသဖြင့် ကျင့်သိုကျစ်သည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။ သူသည် ဝမ်ပေါင်လဲ့၏တပည့်အဖြစ်မှ စွန့်ပစ်ခြင်းခံရမည်ကို စဉ်းစားကြည့်လိုက်သောအခါ တုန်လှုပ်သွားလေသည်။ သူကြုံးဝါးလိုက်ပြီး ကြံ့ခိုင်သော ကြွက်သားတောင်ကြီးတစ်လုံးအဖြစ် ရှေ့သို့ပြေးသွားလိုက်ပြီး လက်ချောင်းများကို စတင်လှန်ချိုးလေတော့သည်။
ကျန်ပြိုင်ပွဲဝင်များလည်း ထိုသို့လုပ်လိုက်ကြသည်။ သူတို့သည် စိတ်လှုပ်ရှားတုန်လှုပ်ကာ ရူးသွပ်သွားကြလေသည်။ သူတို့၏ခန္ဓာကိုယ်ကို စစ်နတ်ဘုရားက ဝင်ပူးလိုက်သကဲ့သို့ပင်။ သူတို့သည် သူတို့၏ကြီးမားသောခန္ဓာကိုယ်နှင့် မြင့်မားသောကျင့်ကြံခြင်းအဆင့်တို့ကို အားပြုကာ သူတို့၏ပြိုင်ဘက်များဆီသို့ ဒုံးပျံများအလား တိုးဝင်သွားကြသည်။ သူတို့သည် အကြောင်းမရှိပါဘဲ အရိုင်းဆန်ကာ ရက်စက်ကြမ်းကြုတ်နေကြတော့သည်။ သူတို့သည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ ရှေ့မကြည့်၊ နောက်မကြည့်တိုက်ခိုက်နေကြသည်။ သူတို့သည် သစ်ရွက်ကြွေများကို တိုက်ခတ်သွားသော လေပြေများအလား ကျင်လည်သွက်လက်ကြလေသည်။ သူတို့သည် လက်ချောင်းများ၊ လက်ကောက်ဝတ်များကို လိမ်ချိုးနေ၏။ သူတို့သည် သိုးအုပ်အတွင်းသို့ရောက်နေသည့် ဝံပုလွေများကဲ့သို့ပင်။
နာကျင်စွာအော်ဟစ်သံများ၊ ငိုကြွေးသံများသည် ပွဲကွင်းတစ်ခုလုံးရှိ လေထုအတွင်း၌ ပဲ့တင်ထပ်သွားသည်။ ပွဲကြည့်ပရိသတ်များသည် သူတို့ရှေ့ရှိမြင်ကွင်းကို အံ့ဩတကြီးနှင့် မျက်လုံးအပြူးသားကြည့်နေကြသည်။ သူတို့ခေါင်းထဲတွင် ကျယ်လောင်သော တကျီကျီအသံများကို ကြားနေကြရသည်။ မီးဝိညာဉ်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအားလုံးသည် ရူးသွပ်ကုန်ကြသည်။ သူတို့အများစုသည် စတင်အော်ဟစ်ကြလေတော့သည်။
“ အရှက်မရှိတဲ့ကောင်တွေ… မင်းတို့အကုန်လုံးက အရှက်မရှိတဲ့ကောင်တွေပဲ ”
“ ငါလက်ညှိုးကိုလွှတ်စမ်း… နာတယ်ဟ… ”
“ ငါတောင်းပန်ပါတယ်.. ငါတောင်းပန်ပါတယ်… ငါဆက်မတိုက်တော့ပါဘူး… ”
“ ကယ်ပါဦး ဖေကြီး… ”
လေထဲတွင် အော်ဟစ်သံအမျိုးမျိုး ပျံ့နှံ့သွားသည်။ ကျင့်သိုကျစ်သည် သူ၏မဟာရန်သူ၏လက်ချောင်းကို သွက်လက်စွာဖမ်းလိုက်သည်။ ထိုသူသည် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်အပြင်ဘက်တွင် သူ့ကိုထိုးကြိတ်ခဲ့ဖူးလေသည်။ သူသည် လက်ချောင်းကို ဆတ်ခနဲလှန်ချိုးလိုက်ပြီး အော်ပြောလိုက်သည်။
“ အခု ငါ့ကို အဖေလို့ခေါ်လည်း မင်းကိုမကယ်နိုင်တော့ဘူး ”
ဘုရင်ခံအပါအဝင် အင်္ဂါဂြိုလ်၏အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်းဆောင်နေသူများနှင့် ဧရာမသစ်ပင်သည် ထူးဆန်းသောမျက်နှာထားများဖြင့် ပြည်သူ့ရင်ပြင်တွင် ဖြစ်ပေါ်နေသည့် ပရမ်းပတာတိုက်ပွဲကို ကြည့်နေကြသည်။ ထို့နောက် ပို၍ပင်တုန်လှုပ်ဖွယ်ကောင်းသောမြင်ကွင်းပေါ်လာသဖြင့် သူတို့၏မျက်လုံးများသည် မျက်လုံးအိမ်အတွင်းမှ ကျွတ်ကျလုမတတ်ဖြစ်သွားကြသည်။
ကျိုးမေသည် ထွားကြိုင်းသောကျောင်းသူတစ်စုကို ဦးဆောင်ကာ တိုက်ပွဲအတွင်းသို့ ပြေးဝင်သွားသည်။ သူမတို့တွင် လက်ချောင်းလှန်ချိုးခြင်း၊ လက်ကောက်ဝတ်လိမ်ချိုးခြင်းတို့အပြင် အခြားတိုက်ကွက်တစ်ခုရှိပေသေးသည်။
ပေါင်ကြားကို ကန်ခြင်းပင်။
ကျိုးမေ၏ပစ်မှတ်သည် သူမကို အကြိမ်များစွာ အနိုင်ကျင့်ခဲ့သော ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် သူမကို ငွေပင်ညစ်ခဲ့သေးသည်။ သူ၏အဖေသည် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ကျိုးမေသည် ယခင်က နူးညံ့သိမ်မွေ့၍ သည်းညည်းခံတတ်သော မိန်းကလေးမျိုးဖြစ်သဖြင့် ထိုအနိုင်ကျင့်ခံရမှုကို မည်သူ့ကိုမှ ပြောမပြရဲခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် သူမသည် ပြောင်းလဲသွားပြီဖြစ်သည်။ သူမသည် ရှေ့သို့ပြေးထွက်သွားပြီး အခွင့်အရေးရလိုက်သည်နှင့်တစ်ပြိုင်နက် ပေါင်ကြားကို ကျုံး၍ကန်လိုက်လေသည်။
“ နင် ငါ့ကိုထပ်ပြီး အနိုင်ကျင့်ရဲဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့ ”
ကျိုးမေ၏ကန်ချက်ကို ခံလိုက်ရသော ကျောင်းသား၏မျက်နှာသည် ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူသည် သူ၏ပေါင်ကြားကို လက်ဖြင့်အုပ်ကာ မြေပေါ်သို့ ပစ်လဲသွားလေသည်။ ပြိုင်ပွဲကွင်းအတွင်း ကြားခဲ့ရသော အခြားအော်ဟစ်သံအားလုံးထက် အဆပေါင်းများစွာကျယ်လောင်သည့် စူးစူးဝါးဝါးအော်သံကြီးတစ်သံသည် လေထုကိုထွင်းဖောက်ကာ ပြည်သူ့ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။
အင်္ဂါဂြိုလ်အုပ်ချုပ်ရေးပိုင်းမှ လူများသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ဆွံ့အသွားကြသည်။ ကျိုးမေ၏အမေသည် ပွဲကြည့်စင်တွင်ထိုင်နေပေသည်။ သူမဘေးတွင်ထိုင်နေသူမှာ သူမ၏ မိတ်ဆွေတစ်ဦးဖြစ်သည်။ သူသည် မအောင့်ထားနိုင်တော့ဘဲ မေးလိုက်လေသည်။
“ အဲ..အဲဒါ မအောလား ”