စာစဉ် (၂၀) အပိုင်း (၂၇၇)

တောင်ထွတ်ရွေးချယ်မှုအခမ်းအနား၏ ချန်ပီယံ

ဘုန်း…

ကမ္ဘာကိုပင် တုန်လှုပ်စေသော ပေါက်ကွဲမှုကြီးသည် ကောင်းကင်ထက်တွင် ဖြစ်ပေါ်ခဲ့ပြီး ကြမ်းတမ်းသော အားလှိုင်းများက ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။ လေထုပင်လျှင် ပေါက်ကွဲသည့် အားလှိုင်းများ၏ ဒဏ်ကို မခံနိုင်သည့်အလား တွန့်လိမ်သွားခဲ့သည်။

လူတိုင်းက ကောင်းကင်ဆီသို့သာ မခွာတမ်း ကြည့်နေကြပြီး မျက်တောင်ပင် မခတ်ရဲကြပေ။

နောက်ဆုံး အနိုင်ရရှိမည့်သူကို ဆုံးဖြတ်ပေးမည့် အချိန်သို့ ရောက်ရှိလာမှန်း လူတိုင်း သိလိုက်ပေသည်။

အဆုံးသတ်တွင် မည်သူက ရပ်တည်ကာ ကျန်ရစ်မလဲဆိုသည်ကို လူတိုင်းသိချင်နေကြသည်။

အားလုံး၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် ကောင်းကင်ပေါ်ရှိ အဖျက်စွမ်းအားများမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပေသည်။ အဆုံးတွင် ရွှေရောင်စင်မြင့်က ပေါ်လာခဲ့ပြီး ယခုအချိန်တွင် စင်မြင့်တစ်ခုလုံး အပေါက်များ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

သို့သော်လည်း မည်သူမှ အပျက်အစီးများကို အာရုံစိုက်မနေပေ။ လူတိုင်း၏ အကြည့်က စင်ပေါ်ရှိ ပုံရိပ်နှစ်ခုဆီသို့သာ ရောက်ရှိနေသည်။

ပုံရိပ်နှစ်ခုမှာ လက်ရှိအချိန်ထိ တိုက်ခိုက်နေဆဲ ပုံသဏ္ဌာန်ဖြင့် ကျန်ရစ်နေဆဲ ဖြစ်သည်။

လေတစ်ချက် တိုက်ခတ် သွားသည်နှင့် ဖုန်မှုန့်များ ထလာခဲ့သည်။

လုဖန်း၏ မျက်လုံးအစုံမှာ နီရဲနေခဲ့ပြီး ဇူယွမ်အား စိုက်ကြည့်ကာ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည် “ဘယ်လို … ဘယ်လိုလုပ်ပြီး မင်းရဲ့ နဂါးကိုးကောင်နိယာမက စွမ်းအား ကြီးသွားရတာလဲ”

သူက တောက်ပသော ရတနာခန်းမရှိ အဆင့်ငါး မူလသားရဲ သွေးအဆီအနှစ်များ အားလုံးကို ဝယ်ယူခဲ့သဖြင့် ဇူယွမ်၏ နဂါးကိုးကောင်နိယာမမှာ သေချာပေါက်ကို အကန့်အသတ် ရှိသင့်ပေသည်။ သို့သော်လည်း အစောပိုင်းက လှုပ်ရှားမှုက လုဖန်း၏ နှလုံးသားကို တုန်လှုပ်စေပေသည်။

ဇူယွမ်၏ အမူအရာမှာ တည်ငြိမ်နေခဲ့ပြီး သက်ပြင်းရှည် တစ်ချက် ချလိုက်သည်နှင့် သူ၏ မျက်လုံးအစုံမှ ရွှေရောင်အလင်းများမှာ တဖြည်းဖြည်း ပြန်လည် ကွယ်ပျောက်သွားပြီး သူပတ်ဝန်းကျင်ရှိ မူလချီများမှာလည်း ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

ထို့နောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည် “ကြည့်ရတာ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက ပထမနေရာကို မင်းမယူနိုင်တော့ဘူးပဲ”

လုဖန်းမှာ အလွန် စွမ်းအား ကြီးမားကြောင်း ဝန်ခံရပေမည်။ သည်တိုက်ပွဲက ဇူယွမ်အတွက် အတော့်ကို ခါးသီးစွာ ရုန်းကန်ခဲ့ရပေသည်။ လုဖန်းအတွက် ကံဆိုးသွားသည်က ဇူယွမ်က သည်အချိန်အတွက် ပြင်ဆင်မှုများစွာကို လုပ်ဆောင် ထားသောကြောင့်ပင် ဖြစ်သည်။

လုဖန်း၏ မျက်လုံးမျာမှာ နီရဲနေပြီး ရလဒ်ကို လက်မခံနိုင်သေးပေ။

ဝေါ့ …

သူ၏ ပါးစပ်မှသွေးတစ်လုတ် အန်ချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့ပေသည်။ သည်တိုက်ပွဲမှာ သူ့အတွက် ပြင်းထန်သော ဒဏ်ရာများစွာ ရရှိခဲ့ပေသည်။

ဘုန်း …

လုဖန်း၏ ခန္ဓာကိုယ်နှင့် မြေပြင်တို့ ထိခတ်သွားချိန်တွင် ကမ္ဘာတစ်ခွင်လုံးမှာ တိတ်ဆိတ်သွားခဲ့သည်။ များစွာသော တပည့်များမှာ ပါးစပ်အဟောင်းသားနှင့် ရှိနေပြီး သူတို့၏ မျက်လုံးများတွင် အံအားသင့်မှုများနှင့် ပြည့်နှက်နေပေသည်။

ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

ခဏကြာပြီး နောက်တွင် ဆူညံသံများက ကောင်းကင်ယံတွင် ပေါက်ကွဲပြီး ထွက်ပေါ်လာခဲ့သည်။ နားအူမတတ် ဆူညံသံများက တောင်တစ်ခွင်လုံး ပျံ့နှံ့နေခဲ့သည်။

သည်တိုက်ပွဲတွင် လုဖန်း ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။

“အစ်ကိုလေးယွမ်က တကယ်ကို အံ့အားသင့်ဖွယ်ရာပဲ” ရှန့်ဝမ်ကျင်တို့လူစုမှ အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့ပဲ ရွှေရောင်စင်မြင့်ပေါ်ရှိ ပုံရိပ်ကိုသာ ငေးကြည့်နေကြသည်။ သူတို့အားလုံးက ဇူယွမ် အနိုင်ရရှိရန် မျှော်လင့်ခဲ့ကြ သော်လည်းပဲ သူတို့အားလုံး ဇူယွမ်၏ စစ်မှန်သော အစွမ်းအစကို နားမလည်နိုင်ခဲ့ကြပေ။ သူ့အား ကူညီပေးကြတုန်း ကပင် အတော်လေး ကိုးရိုးကားရား နိုင်သည်ဟု ခံစားမိကြပေသည်။ လုဖန်း၏ ဂုဏ်သတင်းက တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် နောက်ဆုံးတွင် လုဖန်းလဲကျသွားချိန်၌ သူတို့အားလုံး ရှော့ခ်ကြီးကြီး ရလိုက်ပေသည်။

ရှောင်ထျန်းရွှမ်း၏ မျက်နှာမှာ စိတ်ရှုပ်ထွေးနေပြီး ကြောက်လန့်စွာဖြင့် ဇူယွမ်အား လှမ်းကြည့်နေပေသည်။ ထိုအခိုက်တွင် သူ့အဖေ၏ အမျှော်အမြင်ရှိမှုအား လေးစားမိပေသည်။

ဇူယွမ်ထုတ်ပြခဲ့သော ပါရမီနှင့်ဆိုပါက သူ့အနေဖြင့် မည်သည့်ပြဿနာမှ မရှိဘဲ ကန်ရွှမ်းကလန်၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး သူ့၏ အနာဂတ်မှာ အလွန့်ကို ထွန်းလင်း တောက်ပနေပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လာပါက သူ၏ အမည်နာမမှာ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးတွင်ပင် ပျံ့နှံ့သွားပေမည်။

ထိုကဲ့သို့သော သူမျိုးနှင့် မည်သူမှ အငြိုးအတေး အာဃာတများ ရှိချင်လိမ့်မည် မဟုတ်ပေ။

ဂူဟွမ်ဂျီက သူမ၏ စင်ကြယ်ပြီး တောက်ပနေသည့် လှပသော မျက်နှာလေးကို မော့လိုက်ကာ ထူးခြားသော အလင်းက သူမ၏ မျက်လုံးတွင် တောက်ပနေခဲ့ပြီး ဇူယွမ်၏ ပုံရိပ်အား စိုက်ကြည့်နေခဲ့သည်။ သည်တိုက်ပွဲက ရလဒ်က သူမကိုလည်း တုန်လှုပ်စေပေသည်။

သူမက လုဖန်းကို မနှစ်သက်သော်လည်း ထိုအကောင်မှာ အတော်လေးပင် အစွမ်းအစ ရှိသည်ကို ဝန်ခံရပေမည်။ အဆုံးအစွန်အားဖြင့် သူမမှာ သူနှင့် တိုက်ခိုက်ရပါက အထက်စီးမှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဇူယွမ်က သူ့အား ရှုံးနိမ့်စေခဲ့သည်။

ဇူယွမ်မှာ ဝေးလံလှသော တိုက်ကြီးတစ်ခုမှ လာရောက်ခဲ့မှန်း သူမသိပေသည်။ ထို့ကြောင့် သူ့အနေဖြင့် ရှန်ဇူတိုက်ကြီးမှ အင်အားကြီးမားသော ကလန်များ၏ တပည့်များလောက် ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိနိုင်ခဲ့မည် မဟုတ်ချေ။ ထိုသို့ ဖြစ်နေတာတောင်မှ သူက အဆုံးတွင် အောင်မြင်မှုကို ရယူခဲ့ပေသည်။

ဘယ်လောက်တောင် အံအားသင့်စရာ ကောင်းတဲ့ကောင်လဲ …

သူ့အား သူမပထမဆုံး အကြိမ်တွေ့ခဲ့သော အချိန်ကို ပြန်အမှတ်ရသွားပြီး ဂူဟွမ်ဂျီ၏ နှုတ်ခမ်းလေးမှာ စူသွားခဲ့သည်။ အတိတ်တွင် သူက ပထမတန်း တပည့်နေရာကို အနောက်တံခါးမှ ဝင်ရောက်ခဲ့သောကြောင့် လူတိုင်း၏ ကဲ့ရဲ့စရာ ဖြစ်ခဲ့ပေသည်။ လူတိုင်းက သူ့အား အထင်အမြင် သေးခဲ့ကြသည်။ သို့သော်လည်း သူ့တို့အားလုံး ငုံ့ကြည့်ခဲ့ရသည့် လူတစ်ယောက်က သုံးလကြာပြီးနောက် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် လူတိုင်း မော့ကြည့်ရသူ တစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

“ကြည့်ရတာ မင်းက ငါ့ကို ကယ်လိုက်တာပဲ” ယန်ရှိုးက ရုတ်တရက် ခါးသက်သက် ရယ်မောကာ ပြောလိုက်သည်။

သူ၏ မျက်လုံးအစုံတွင် သတိအပြည့်ဖြင့် ဇူယွမ်အား စိုက်ကြည့် နေခဲ့ပြီးနောက် သက်ပြင်း ချလိုက်သည်။ သည်လူနှင့် တိုက်ခိုက်ပါက သူ၏ ရှုံးနိမ့်မှုမှာ ပိုပြီး သနားစရာ ကောင်းမည်မှန်း သူသိပေသည်။

တကယ်တော့ ဂူဟွမ်ဂျီက သူ့အား တားဆီးလိုက်ခြင်းက အဆုံးတွင် မျက်နှာ မပျက်ရအောင် ကယ်တင်လိုက်ခြင်းပင် ဖြစ်သည်။

များစွာသော တပည့်များ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်တွင် မူလ ချီတိမ်တိုက်ပေါ်မှာလည်း အနည်းငယ် ဆူဆူညံညံ ဖြစ်နေပေသည်။

ငယ်ရွယ်သော ပုံရိပ်အား စိုက်ကြည့်ရင်း ကလန်ခေါင်းဆောင် ချင်းယန်မှာ ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး “မဆိုးဘူး။ ဆရာ့ရဲ့ သူတော်စင်သွေးကို လက်ခံရရှိထားတဲ့သူ ပီသတယ်”

ဝိညာဉ်များကိုပင် ဖမ်းစားနိုင်သည့် အပြုံးတစ်ခုက တောင်ထွတ်တရာသခင်မ လျို့လျန်းယီ၏ လှပသော မျက်နှာထပ်တွင် ပေါ်လာခဲ့သည်။ သူမက လင်ကျွမ်းထံသို့ လှမ်းကြည့် လိုက်ပြီးနောက် ပြုံးလျက်ပင် “ကြည့်ရတာ ဓားကပ်ဘေး တောင်ထွတ်ဆရာသခင် အတွက်မှားသွားတဲ့ပုံပဲ”

လင်ကျွမ်း၏ ကျောက်စိမ်းကဲ့သို့ ကြည်လင်သော မျက်နှာပေါ်မှာ အပြုံးသည် ရုတ်ခြည်း ကွယ်ပျောက်သွားခဲ့သည်။ ထွက်ပေါ်လာသော ရလဒ်မှာ သူမျှော်လင့်ထားသည်နှင့် လုံးဝကို လွဲချော်နေခဲ့သည်။ သို့သော်လည်း သူက ခေါင်းဆောင်အားလုံးထဲမှ တစ်ဦးဖြစ်သဖြင့် သူ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သူက အမှုမထားဟန်ဖြင့် ပြန်ပြောလိုက်သည် “ဒီလူငယ်လေးက သာမန်ထက်ကို လွန်ကဲလွန်းတယ်။ လုဖန်းရှုံးနိမ့်ရတာ အကြောင်း မဟုတ်တော့ပါဘူး”

သူက ဇူယွမ်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့် နေခဲ့ပြီးနောက် လုဖန်းအား တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့အနေဖြင့် လုဖန်းအား အမှန်ပင် စိတ်ပျက်မိပေသည်။

သူ၏ အနောက်တွင်ရှိသော လုရွှမ်းယင်၏ မျက်နှာလေးမှာ အလွန်အမင်း နာကျင်နေဟန်ရသည်။ သူမက ရွှေရောင် ကျောက်တုံးစင်မြင့်ပေါ်သို့ ကြည့်နေရင်းမှ ရုတ်တရက် လွန်စွာ အရှက်ရသွားဟန်ဖြင့် သူမကို သူမ မထိန်းချုပ်နိုင်တော့ပဲ “ဘာလို့ လုဖန်းက သူ့ကို ရှုံးရမှာလဲ။ ဇူယွမ် လှည့်စားထားတာပဲ ဖြစ်ရမယ်”

ထိုစကားလုံးများ သူမ၏ ပါးစပ်က ထွက်သွားချိန်တွင် လင်ကျွမ်း၏ ခက်ထန်ပြီး စွမ်းအား ပြည့်ဝသော အကြည့်က သူမထံသို့ ရောက်လာသည်ကို ခံစားမိလိုက်ပြီး ကြောက်ရွံ့စွာဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိလေသည်။

“ဒီနေရာက မင်းစကားပြောရမဲ့ နေရာမဟုတ်ဘူး။ ဓားကပ်ဘေး တောင်ထွတ်ရောက်ရင် အပြစ်ပေးခံရဖို့ ပြင်ထား” လင်ကျွမ်း၏ လေသံက ကွဲပြားမှု မရှိပေ။

လုရွှမ်းယင်မှာ တုန်လှုပ်သွားပြီး ကြောက်ရွံ့စွာဖြင့် သူမ၏ ဦးခေါင်းက ငိုက်စိုက် ကျသွားပေတော့သည်။

ကလန်ခေါင်းဆောင် ချင်းယန်က အောက်သို့ လှမ်းကြည့်လိုက်ချိန်တွင် စင်မြင့်(၉၉၉၉)ခုလုံး အတွက် လူများမှာ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သဖြင့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား ပြီးဆုံးရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ပထမဆယ်နေရာတွင် ရှန်ဇူတပည့် မဟုတ်သူများက ခြောက်နေရာ ယူထားသောကြောင့် သူအနည်းငယ် အံ့အားသင့်သွားပေသည်။ ထိုကဲ့သို့ တစ်ကြိမ်မှ မဖြစ်ပွားခဲ့ဖူးပေ။ အမြဲတမ်း ရှန်ဇူတိုက်ကြီးမှ တပည့်များက အခြားတိုက်ကြီးမှ တပည့်များထက် အရေးသာခဲ့ကြပေသည်။

ပထမနေရာ ဆိုလျှင်လည်း ဆယ်ကြိမ်တွင် ရှစ်ကြိမ်လောက် ရှန်ဇူတပည့်များက ရရှိခဲ့သည်သာ ဖြစ်သည်။ ဇူယွမ်၏ သန်မာမှုက အမှန်ပင် မြင်းနက်တစ်ကောင် ဖြစ်သည်။

ကလန်ခေါင်းဆောင် ချင်းယန်က သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်လျှင် များစွာသော အလင်းတန်းများက ကောင်းကင်ယံမှ ကျောက်တုံးစင်မြင့်ပေါ်ရှိ လူတိုင်းဆီသို့ ကျဆင်းလာခဲ့သည်။

အလင်းတန်းများက များစွာသော တပည့်များ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး အံအားသင့်ဖွယ် ကောင်းသော မူလချီများက တစ်ကိုယ်လုံးဖုံးအုပ်ကာ သူတို့ရရှိခဲ့သော ဒဏ်ရာများကို အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေခဲ့သည်။

“ကလန်ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်” များစွာသော တပည့်များက လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်ကြသည်။

ကလန်ခေါင်းဆောင် ချင်းယန်က ညင်သာစွာ ရယ်မောလိုက်ပြီးနောက် သူ၏ ထည်ဝါသော အသံထွက်ပေါ်လာခဲ့သည် “ဒီနေ့က စပြီးတော့ မင်းတို့အားလုံး အတွင်းတောင်ရဲ့ တပည့်တွေ ဖြစ်သွားပြီ”

ထိုစကားကြားချိန်တွင် စင်မြင့်(၉၉၉၉)ခုမှ တပည့်များမှာ သူတို့၏ ပခုံးပေါ်မှ လေးလံသော တာဝန်တစ်ခုကို လွှတ်ချလိုက်ရသည့် အလား မျက်နှာပေါ်တွင် ကျေနပ်မှုများ ပေါ်လာခဲ့သည်။

ကလန်ခေါင်းဆောင် ချင်းယန်က ထိပ်ဆုံးမှ ဆယ်ယောက်အား ကြည့်ကာ ဆက်ပြောခဲ့သည်။ “ပထမဆယ်ယောက်ကတော့ မင်းတို့ရွေးချယ်ချင်တဲ့ တောင်ထွတ်ကို ရွေးချယ်ပြီးတာနဲ့ ရွှေရောင်ခါးစည်းတပည့် အဆင့်အတန်းကို ရရှိပြီးတော့ ရွှေရောင်ခါးစည်း တပည့်ရဲ့ ကျင့်ကြံခြင်း အထောက်အပံ့တွေကို ရရှိမယ်”

တုန်လှုပ်နေသော တပည့်များ၏ အကြည့်အောက်တွင် သူ၏ အကြည့်က ဇူယွမ်ထံသို့ အရောက်တွင် ရပ်တန့်သွားခဲ့ပြီးနောက် သူမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ကာ နွေးထွေးပြီး ကြင်နာသော အသံဖြင့် ပြောလိုက်သည်။

“ဇူယွမ် မင်းက တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံပဲ။ မင်းစိတ်ကြိုက် တောင်ထွတ်ကို ရွေးချယ်ခွင့် ရှိတယ်”

“ကန်ရွမ်းကလန်က ဘယ်တောင်ထွတ်ကို မင်း ရွေးချယ်ချင်လဲ”


Comment

Leave a Reply


Options

not work with dark mode
Reset