” ပေါင်လဲ့။ မင်း မြင်လိုက်တယ်မလား။ ချန်ပင်းက အခု အရမ်းကို မြောက်ကြွမြောက်ကြွ ဖြစ်နေပြီ။ သူက အခြေခံပညာ ကျောင်းကနေ အောင်ခဲ့ပြီးနောက်ပိုင်း ကောလိပ်ကျောင်းကို ဝင်ခွင့်မရခဲ့ပေမယ့် သူ့မိသားစုရဲ့ အရှိန်အဝါကြောင့် ဇာမဏီမြို့ထဲမှာ ပြည်ထောင်စုဝန်ထမ်းရာထူးတစ်ခုကို ရခဲ့တာလို့ ငါ ကြားထားတယ် ”
ဝမ်ပေါင်လဲ့၏ ဘေးတွင်ထိုင်နေသော ခေါင်းတုံးဆံတောက်နှင့် အရပ်ပုပု ကောင်လေးတစ်ယောင်က တိုးတိုးလေး ဆိုလိုက်သည်။
” အထင်ကြီးစရာပဲ ”
ဝမ်ပေါင်လဲ့ကလည်း အသာအယာ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ ဟင်းပွဲများမှာ စားချင့်စဖွယ် ဖြစ်နေပြီး ဝမ်ပေါင်လဲ့မှာလည်း နေ့လည်စာမစားဘဲ ထွက်လာခဲ့သည်ဖြစ်ရာ တူများကို ကောက်ကိုင်လိုက်ပြီး စတင်စားသုံးလိုက်တော့သည်။
သိပ်မကြာခင် ထိုတွေ့ဆုံပွဲသို့ ရောက်လာနိုင်သော အတန်းဖော်အားလုံး ရောက်ရှိလာသောအခါ ညစာစားပွဲကြီးမှာ စကားသံများဖြင့် ဆူညံလာတော့သည်။ သူတို့မှာ တစ်ယောက်အကြောင်းတစ်ယောက် ပြန်ပြောပြရင်း အလုပ်ရှုပ်နေကြ၏။ သူတို့မှာ အခြေခံပညာကျောင်းတွင် ကြုံခဲ့ရသည့် ပျော်ရွှင်စရာ ကိစ္စများသာမက ရှက်စရာကောင်းသော အကြောင်းအရာများကိုပါ ထည့်ပြောနေသောကြောင့် သူတို့၏ စကားဝိုင်းများမှာ ရယ်မောသံများနှင့် ပွဲကျနေတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုစကားဝိုင်းများထဲတွင် ဝင်ပြောလိုက်ပါသော်လည်း တစ်ခုခု လွဲနေသည်ဖြစ်ကြောင်း သတိထားမိလိုက်၏။ သူ၏ အတန်းဖော်အများစုမှာ ယခင်တုန်းကနှင့် ယှဉ်လိုက်လျှင် အများကြီး ပြောင်းလဲသွားခဲ့ခြင်း မရှိပါသော်လည်း တချို့လူအနည်းငယ်ကမူ ထိုစကားဝိုင်းများကို အခွင့်ကောင်းယူကာ သူတို့၏ အောင်မြင်မှုများကို ကြွားဝါနေကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကသိကအောက် ဖြစ်လာ၏။
အထူးသဖြင့် ထိုဝတ်စုံအပြည့် ဆင်မြန်းထားပြီး အရေးကြီးသော လူတစ်ယောက်ပုံစံ ဖမ်းနေသည့် ချန်ပင်း ဆိုသူမှာ အဆိုးဆုံးပင် ဖြစ်သည်။
သူ ပြောသမျှ စကားအားလုံးမှာ သူ၏ ပြည်ထောင်စုဝန်ထမ်းဆိုသော ရာထူးအား ကြွားလုံးထုတ်ရန် ကြိုးပမ်းနေသည့် စကားများဖြင့်ဖြစ်သည်။ ဤတည်းခိုခန်းတွင် တွေ့ဆုံပွဲကျင်းပရန် လိုအပ်သည့်နေရာကို ကြိုတင်မှာယူနိုင်ခဲ့ခြင်းမှာ သူ၏ ရာထူးကြောင့်ဖြစ်ကြောင်း အသိပေးလိုက်၏။ ထို့အပြင် သူသည် ထိုကဲ့သို့ စကားများပြောနေရင်း သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ အခြားသူများကို ဆူပူကြိမ်းမောင်းနေ၏။ သူသည် သူ မည်မျှ အထင်ကြီးစရာကောင်းကြောင်းကို ထုတ်ပြရန် ထိုကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။
ထို့အပြင် အဓိကတာအိုကျောင်းကြီး လေးကျောင်းထဲမှ မဟာမြစ်တာအိုကျောင်းသို့ ဝင်ခွင့်ရခဲ့သော ဟွမ်ကွေ့ဆိုသူလည်း ရှိသေးသည်။ သူသည် ထိုအဖွဲ့၏ ခေါင်းဆောင်ကြီးတစ်ယောက်လို ပြုမူနေ၏။ တစ်ခါတရံတွင် သူသည် သူ၏ ဝိုင်ခွက်ကိုမြှောက်ကာ တည်ကြည်လေးနက်ပြီး ဣန္ဒြေအပြည့်ရှိသော အမူအရာဖြင့် အခြားသူများကို စကားပြောနေ၏။ သို့သော် အမှန်တွင်မူ သူသည် အခွင့်ရေးရလျှင် ရသလို သူ၏ ထူးချွန်ထက်မြက်မှုများကို ကြွားလုံးထုတ်နေခြင်းသာ ဖြစ်သည်။
သို့သော် သူ၏ဘေးတွင် ထိုင်နေကြသော အတန်းဖော်များက ဟွမ်ကွေ့အား ဖော်လံဖားနေသောကြောင့် ဟွမ်ကွေ့မှာ ချန်ပင်းထက်ပို၍ လူအများ၏ အာရုံစိုက်မှုကို ရရှိနေ၏။
ထိုမျှလောက်သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကသိကအောက် ဖြစ်သွားရုံလောက်သာ ရှိမည်ဖြစ်သည်။ သို့သော် ထို မဟာမြစ်တာအိုကျောင်းမှ ဟွမ်ကွေ့ဆိုသူမှာ အသောက်လွန်သွားသည့်ပုံပင်။ သူသည် စားပွဲခုံကို အသံအကျယ်ကြီးမြည်အောင် ရိုက်ချလိုက်ပြီး ခံစားချက်များစွာ ဖုံးလွှမ်းနေသော မျက်နှာကြီးဖြင့် ဆိုလိုက်၏။
” ချစ်ခင်ရတဲ့ အတန်းဖော်တို့ရေ။ တစ်နှစ်တောင် ရှိသွားပြီနော်။ လူတိုင်းကလည်း အများကြီး ပြောင်းလဲကုန်ကြပြီ။ တုမင်။ နင်ဆိုရင်လည်း ပိုလှလာတယ်…. ”
ဟွမ်ကွေ့မှာ ခံစားချက်အပြည့်ဖြင့် အော်ပြောနေ၏။ သူ၏ လေသံမှာ ဝမ်ပေါင်လဲ့နှင့်ပင် တူနေပြီး သူ၏ အမူအရာမှာလည်း ထူးဆန်းစွာ ပြောင်းလဲသွား၏။
ထို့နောက် ဟွမ်ကွေ့မှာ ဝမ်ပေါင်လဲ့၏ မျက်နာအမူအရာကို သတိထားမိလိုက်သဖြင့် ရယ်မောကာ ဆိုလိုက်သည်။
” လူတိုင်းက သိသိသာသာ ပြောင်းလဲသွားကြပေမယ့် ပေါင်လဲ့ကတော့ ဖက်တီးဖြစ်နေတုန်းပါပဲ ”
ဟွမ်ကွေ့မှာ ထိုသို့ဆိုလိုက်သောအခါ သူ့အား ဖော်လံဖားနေကြသည့် အတန်းဖော်များမှာ အော်ဟစ်ရယ်မောလိုက်ကြတော့သည်။ အခြား အတန်းဖော်များကလည်း ဝမ်ပေါင်လဲ့အကြောင်းကို ဟာသလုပ်ပြောနေကြတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါသထွက်နေလျှင်တောင် ထိုဒေါသစိတ်များကို ဖြေဖျောက်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူသည် မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့်သာ အစားအသောက်များကို သူ၏ ပန်းကန်ပြားထဲသို့ ပြောင်း၍ ထည့်နေလိုက်တော့သည်။
တုမင်ကမူ ထိုအခြင်းအရာကို မြင်လိုက်ရသောကြောင့် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေ၏။ ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ ချိုးနှိမ်ခံလိုက်ရသည့် မြင်ကွင်းကို မြင်ရရန်မှာ အလွန် ရှားပါးသည် မဟုတ်ပါလော။
တုမင်၏ အဝတ်အစားများကြောင့်လား သူမ၏ အတန်းခေါင်းဆောင်ဆိုသော ရာထူးဟောင်းကြောင့်လားတော့ မသိပေ။ သူမမှာ လူအများ၏ အာရုံကို ဖမ်းစားနေ၏။ ဟွမ်ကွေ့မှာ စကားဆုံးသွားပြီးနောက် တုမင်အားကြည့်ကာ မေးလိုက်၏။
” တုမင် … နင်နဲ့ ဝမ်ပေါင်လဲ့တို့က ကောင်းကင်တာအိုကျောင်းထဲ ဝင်ခွင့်ရခဲ့တယ်လို့ ငါ ကြားထားတယ်။ သိပ်ကောင်းတယ်ကွာ။ အခု နင်က ဘယ်ဌာနထဲမှာလဲ ”
” မှော်ဆေးရည်ဌာနမှာ ”
တုမင်ကလည်း ပြုံးကာ ပြန်ဖြေလိုက်၏။
” ဪ မှော်ဆေးရည်ဌာနကိုး။ နင် မှော်ဆေးရည်ပညာရပ်နဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ ကြုံနေရရင် ငါ့ဆီကိုသာ အကြောင်းကြားလိုက်။ ငါတို့တွေက အတန်းဖော်တွေလေ။ နင့်ကို ငါ သေချာပေါက် ကူညီရမှာပေါ့ ”
ဟွမ်ကွေ့မှာ ‘ မှော်ဆေးရည်ဌာန ‘ ဆိုသော စကားလုံးများကို ကြားလိုက်ရသောအခါ မျက်လုံးများ ဝင်းလက်သွားပြီး စကားပြောဆိုရန် အကြောင်းအရာအသစ်တစ်ခု ရှာတွေ့သွားသည့်အလား ပြုံးလိုက်၏။
သူ့အား ဖော်လံဖားနေကြသည့် အတန်းဖော်များကလည်း ချက်ချင်းဆိုသလိုပင် အော်ဟစ်အားပေးလိုက်ကြသည်။
” အတန်းဖော်တို့။ ဟွမ်ကွေ့က မဟာမြစ်တာအိုကျောင်းမှာ အညတရ ကျောင်းသားတစ်ယောက် မဟုတ်ဘူးနော်။ သူက မဟာမြစ်တာအိုကျောင်းရဲ့ အသီးအရွက်ခန်းမ ကျောင်းသားခေါင်းဆောင်လေ ”
ထိုစကားကို ကြားလိုက်ရသောအခါ သူတို့အားလုံး အံ့အားသင့်သွားကြတော့သည်။ ‘ ကျောင်းသားခေါင်းဆောင် ‘ ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို ဂဃနဏ မသိသော လူတချို့ ရှိပါသော်လည်း ထိုစကားလုံးမှာ သူတို့အတွက် အထင်ကြီးလေးစားစရာ ကောင်းနေ၏။
ဝမ်ပေါင်လဲ့မှာမူ မရွှင်မပျနှင့်သာ တိုးတိုးလေး သက်ပြင်းချလိုက်ပြီး ဟွမ်ကွေ့အား ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။
ဟွမ်ကွေ့မှာလည်း အခြားလူအားလုံး၏ မျက်နှာအမူအရာများကို လိုက်ကြည့်ရင်း စိတ်ထဲတွင်ကျိတ်၍ ကျေနပ်အားရနေ၏။ သို့သော် သူသည် သူ၏ ကျေနပ်အားရမှုများကို အပြုံးများဖြင့် ဖုံးကွယ်ထား၏။
” အဲ့စကားတွေ ပြောနေတော့ ရောဘာထူးမှာလဲကွ။ ငါတို့အားလုံးက အတန်းဖော်တွေမလား။ အဲဒီတော့ ငါက ကျောင်းသားခေါင်းဆောင် ဖြစ်နေရင်တောင် တခြားကျောင်းသားတွေထက် ပိုပြီးတော့ အဆင့်မြင့်မသွားပါဘူး။ ကျိုးရှင်း … မင်း အဲ့စကားကိုပြောခဲ့တဲ့အတွက် ပြစ်ဒဏ်တစ်ခုအနေနဲ့ ဒီဝိုင်ခွက်ကို ကုန်အောင်သောက်ရမယ် ”
ဟွမ်ကွေ့က သူ့ကိုယ်သူ နှိမ့်ချသည့် လေသံဖြင့်ဆိုလိုက်သည်။
ဟွမ်ကွေ့အား ဖော်လံဖားနေကြသည့် ကျောင်းသားများမှာလည်း ထိုစကားကိုကြားလိုက်ရသောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြပြီး သူတို့၏ ဝိုင်ခွက်များကို ပြိုင်တူမြှောက်ကာ မော့ချလိုက်ကြတော့သည်။
” ကျောင်းသားခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ကျနော်က တစ်ခြားလူတွေပိုပြီး အသိဉာဏ် ကြွယ်ဝလာအောင်လို့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးက ဘယ်လိုမျိုးလဲဆိုတာ ရှင်းပြချင်ရုံပါ ” ကျိုးရှင်းက ပြန်ပြောလိုက်၏။
” ဟာ … မင်းကတော့ကွာ… ”
ဟွမ်ကွေ့ကမူ ပြုံးကာ ခေါင်းယမ်းလိုက်၏။ ကျိုးရှင်းကမူ ဟန်လုပ်၍ ချောင်းဟန့်လိုက်ပြီး ဆက်၍ ပြောဆိုလိုက်ပြန်သည်။
” ချစ်ခင်ရတဲ့ အတန်းဖော်တို့။ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးဆိုတာ ရိုးရိုးရှင်းရှင်း မဟုတ်ဘူး။ မင်းတို့တွေအကုန်လုံး ရှင်းရှင်းလင်းလင်း မသိလောက်သေးတာမလို့ ငါ ပြောပြမယ်။ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးဆိုတာ ဌာနတစ်ခုရဲ့ ခန်းမတစ်ခုထဲမှာ သူမတူတဲ့ အရည်အချင်းတွေကို ထုတ်ပြနိုင်မှ ရတဲ့ လူအများက လေးစားရတဲ့ ရာထူးတစ်ခုပဲ။ သူက သာမန်ကျောင်းသားတစ်ယောက် မဟုတ်ဘူး။ ပါမောက္ခကြီးရဲ့ တပည့်ပဲ။ ကျောင်းတိုင်းကျောင်းတိုင်းမှာ အဲ့လိုရှိတယ်။ တုမင်… နင်တို့ရဲ့ ကောင်းကင်တာအိုကျောင်းမှာလည်း အဲ့လိုပဲ ဟုတ်တယ်မလား ”
တုမင်မှာ ထိုစကားကို ကြားလိုက်ရသောအခါ အမူအရာအနည်းငယ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား ဖျတ်ခနဲကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
ဝမ်ပေါင်လဲ့ကမူ သူ၏နှာခေါင်းကို အသာအယာ ပွတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ကျိုးရှင်းနှင့် ဟွမ်ကွေ့တို့ကိုသာ ကြည့်နေလိုက်သည်။
ကျိုးရှင်း၏ ရှင်းပြမှုကို နားထောင်ပြီးသွားသောအခါ အတန်းဖော်များမှာ ကျောင်းသားခေါင်းဆောင်တစ်ယောက်၏ ကြီးကျယ်ခမ်းနားမှုကို နားလည်သွားကြတော့သည်။ သူတို့အားလုံးမှာ အံ့အားသင့်ကာ တုန်လှုပ်ချောက်ချားသွားကြပြီး ကြည်ညိုလေးစားမှုများ ဖုံးလွှမ်းနေသော မျက်နှာများဖြင့် ဟွမ်ကွေ့အား ကြည့်နေကြ၏။ ထို့နောက် သူတို့အားလုံးက ဝိုင်ခွက်များကိုမြှောက်ကာ ဟွမ်ကွေ့အား ချီးကျုးဂုဏ်ပြုသည့် အနေဖြင့် မော့သောက်လိုက်ကြတော့သည်။
ဟွမ်ကွေ့မှာ သူတို့တစ်ယောက်ချင်းစီကိုလိုက်၍ စကားပြောကာ သူတို့နှင့်အတူ သောက်နေပါသော်လည် အကြိမ်တိုင်း အကြိမ်တိုင်းတွင် ဝိုင်အနည်းငယ်ခန့်သာ သောက်နေ၏။ သူတို့အားလုံး ပို၍ မြူးမြူးကြွကြွ ဖြစ်လာကြသောအခါ ဟွမ်ကွေ့၏ အာရုံမှာ ဝမ်ပေါင်လဲ့ပေါ်သို့ ရောက်သွား၏။
ဝမ်ပေါင်လဲ့မှာ တွေ့ဆုံပွဲ အစကတည်းက ဟွမ်ကွေ့အား ဝိုင်ခွက်မြှောက်ကာ ချီးကျုးဂုဏ်ပြုခြင်း မရှိခဲ့သောကြောင့် ဟွမ်ကွေ့မှာ မကျေမနပ်ဖြစ်နေ၏။ ထို့ကြောင့် ယခုတွင် ဟွမ်ကွေ့မှာ ပြုံး၍ ဝမ်ပေါင်လဲ့အား မေးခွန်းများ မေးလိုက်တော့သည်။
” ပေါင်လဲ့ … မင်းလည်း ကောင်းကင်တာအိုကျောင်းကို ဝင်ခွင့်ရခဲ့တယ်လို့ ငါ ကြားထားတယ်။ အခု မင်းရဲ့ လက်ရှိအခြေအနေက ဘယ်လိုဖြစ်နေပြီလဲ ”
သို့သော် ဟွမ်ကွေ့မှာ ဝမ်ပေါင်လဲ့အား ပြန်ဖြေချိန်ပင်မပေးဘဲ လက်ကိုဝှေ့ယမ်းကာ သူ့အား ဟန့်တားလိုက်၏။
” ထားလိုက်ပါတော့ကွာ။ အနာပေါ် ဆားနဲ့ ပက်မနေတော့ပါဘူး။ ငါတို့အားလုံးက အတန်းဖော်တွေပဲကို။ ပြီးတော့ မင်းက ဝင်ခွင့်ကို ကပ်အောင်ခဲ့တာဆိုတာ လူတိုင်း သိပါတယ်။ မင်း အခုအထိ ပညာသင်နေရတုန်းပဲမလား…. ဘယ်ဌာနမှာလဲ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ဒေါသမီးများ တောက်လောင်လာပြီး ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်သည်။
” ဓမ္မလက်နက်ဌာနမှာ ”
” ဪ ဓမ္မလက်နက်ဌာနကကိုး။ အဲဒါ သာမန်ဌာနတော့ မဟုတ်ဘူးကွ။ အဲ့ဌာနရဲ့ ပညာရပ်တွေက ခက်တယ်။ ဒါပေမဲ့ မင်း ကြိုးစားရင်တော့ မင်းရဲ့ အနာဂတ်က လှမှာပါ။ မင်း မှော်ဆေးရည်ဌာနမှာ တက်နေရင်တော့ ငါ မင်းကို ကူညီလို့ရတယ်။ မင်းကို ထိပ်ဆုံးအဆင့်တစ်ရာထဲအထိ ရောက်အောင် မလုပ်ပေးနိုင်ပေမဲ့ ထိပ်ဆုံးအဆင့် တစ်ထောင်ထဲအထိရောက်အောင်ကတော့ ငါ အေးဆေး လုပ်ပေးနိုင်တယ်ကွ ”
ဟွမ်ကွေ့မှာ ဝမ်ပေါင်လဲ့၏ လေသံကို ဂရုမစိုက်ပေ။ သူ့အတွက်မူ ထိုအခန်းထဲ၌ တုမင်တစ်ယောက်သာလျှင် အချိန်ပေး၍ ပြောဆိုဆက်ဆံသင့်သည့် အဆင့်တွင် ရှိသည်။
အဘယ့်ကြောင့်ဆိုသော် တုမင်မှာ အများကြီးပို၍ ချောလှလာသောကြောင့် ဖြစ်သည်။ အခြားသူများနှင့် သူ၏ ကြားတွင်ရှိသည့် ကွာခြားချက်များမှာ လိုက်မမီနိုင်လောက်အောင် ကြီးမားနေပြီဟု ဟွမ်ကွေ့က မှတ်ယူထား၏။
ဟွမ်ကွေ့မှာ အဆက်မပြတ် စော်ကားနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ပို၍ မခံမရပ်နိုင် ဖြစ်လာရတော့သည်။ အကယ်၍ သူတို့မှာ အတန်းဖော်များမဟုတ်ဘဲ သူတို့ရောက်နေသည့် နေရာမှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲတစ်ခု ဖြစ်မနေခဲ့လျှင် ဝမ်ပေါင်လဲ့မှာ သူ့အား သင်ခန်းစာကောင်းကောင်း ပေးပြီးလောက်ပြီ ဖြစ်သည်။ သူသည် ထိုကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေစဉ် တုမင်မှာ သူ လှောင်ပြောင်ခံနေရသည့်အတွက် ကျေနပ်နေသည့် အမူအရာဖြင့် သူ့အား ကြည့်နေသည်ကို လှမ်းမြင်လိုက်ရ၏။ ထို့ကြောင့် သူသည် သူမအား ချက်ခြင်းပင်ပြန်၍ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့၏ အမူအရာကို မြင်လိုက်ရသောအခါ တုမင်မှာ အလွန် ကျေနပ်အားရသွားတော့သည်။ ထို့နောက် သူမသည် ဟွမ်ကွေ့အား ပြန်၍ကြည့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်၏။
” ဟွမ်ကွေ့ပြောတဲ့စကားက သွေးထွက်လောက်အောင် မှန်တာပဲ ”
တုမင်၏ ထောက်ခံချက်ကို ရလိုက်သောအခါ ဟွမ်ကွေ့မှာ ပျော်ရွှင်ကျေနပ်သွား၏။ ထို့ကြောင့် သူသည် ပို၍ပင် စကားများလာပြီး သူ မဟာမြစ်တာအိုကျောင်းတွင် ကြုံခဲ့ရသည့် အတွေ့အကြုံများကို ဝေမျှကာ အခွင့်ကြုံလာတိုင်း သူ့ကိုယ်သူ ကြွားလုံးများ ထုတ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာမူ လုံးဝသည်းမခံနိုင်လောက်အောင် ဖြစ်နေရင်း လျှိုတောက်ပင်းအကြောင်းကို တွေးမိသွား၏။ သူတို့မှာ အခြေခံပညာကျောင်းတုန်းက အတန်းဖော်များ မဟုတ်ခဲ့သောကြောင့် ဤကျောင်းသား တွေ့ဆုံပွဲတွင် ရှိမနေပေ။ အကယ်၍ လျှိုတောက်ပင်းသာ ရှိနေခဲ့မည်ဆိုပါက ဝမ်ပေါင်လဲ့၏ ကျောင်းတွင်း ရာထူးအဆင့်အတန်းများကို ထုတ်ပြောလိုက်မည်သာဖြစ်ရာ အရာအားလုံး ပြီးပြည့်စုံသွားမည် ဖြစ်သည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ မည်သူမည်ဝါဖြစ်ကြောင်း သူကိုယ်တိုင် ထုတ်ပြောလိုက်မည်ဆိုလျှင် ဟွမ်ကွေ့နှင့် မထူးမခြားနားပင် ဖြစ်သွားမည် မဟုတ်ပါလော။ ထိုကဲ့သို့သော အကြောင်းအရာများကို အခြားသူများကသာ မိမိကိုယ်စား ထုတ်ဖော်ပြောဆိုပေးမှသာ သင့်တော်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မရွှင်မပျနှင့် ဗိုက်ကိုပွတ်၍ ထွက်ခွာရန် ပြင်လိုက်တော့သည်။
သို့သော် ထိုအချိန်မှာပင် ယဉ်ကျေးမှုတည်းခိုခန်း၏ ခန်းမထဲသို့ ခန္ဓာကိုယ်တုတ်ခိုင်ပြီး စူးရှတောက်ပသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသော သတ်လတ်ပိုင်း လူကြီးတစ်ယောက် ရောက်လာ၏။ သူသည် အလွန် ဩဇာအာဏာကြီးမားသည်ပုံ ပေါက်နေပြီး ခန်းမကြီးကို ဖြတ်လျှောက်ကာ အထူးနားနေခန်းထဲသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။ သူ၏ ဘေးတွင် သူ၏ လက်အောက်ငယ်သားတစ်ယောက်နှင့် တည်းခိုခန်းမှ ဝန်ထမ်းတစ်ယောက်က သူ့အား လမ်းပြနေ၏။
သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် သူ့အတန်းဖော်များ၏ဘေးမှ ဖြတ်လျှောက်သွားရင်း သူ၏ မျက်လုံးများမှာ သူတို့အား ဖျတ်ခနဲ လှမ်း၍ ကြည့်မိကာ တုန့်ခနဲ ရပ်တန့်သွားတော့သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား သေသေချာချာကြည့်ကာ ပြုံးသွားပြီး ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ ဝမ်ပေါင်လဲ့ထိုင်နေသော ထိုင်ခုံရှေ့သို့ ရောက်လာတော့သည်။
သူ၏နောက်တွင် လူများစွာ ပါလာသည် ဖြစ်ပြီး သူတို့အားလုံး အံ့ဩနေကြပါသော်လည်း ထို သက်လတ်ပိုင်း လူကြီး၏နောက်သို့ လိုက်လာကြဆဲပင်။ သူတို့ရောက်ရှိလာမှုကြောင့် ညစာစားပွဲ၏ ပတ်ပတ်လည်တွင် ထိုင်နေကြသူများ၏ အာရုံများမှာ သူတို့အပေါ် ရောက်ရှိသွားကြသည်။
ထိုအချိန်တွင် ပြည်ထောင်စုဝန်ထမ်းဖြစ်သော ချန်ပင်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ သူသည် ချက်ချင်းပင် မတ်တတ်ထလာပြီး ဝမ်ပေါင်လဲ့အပါအဝင် အခြားသူများမှာလည်း တအံ့တဩနှင့် မော့ကြည့်လိုက်ကြသည်။ ထိုသတ်လတ်ပိုင်းလူကြီး၏ ခံ့ညားထည်ဝါသော အမူအရာကိုကြည့်၍ သူသည် အရေးပါသော လူတစ်ယောက်ဖြစ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။
သူတို့အားလုံး ထိုကဲ့သို့ မော့ကြည့်လိုက်စဉ်မှာပင် ထိုသက်လတ်ပိုင်းလူကြီးက ရွှင်ပျစွာ ရယ်မောလိုက်၏။
” မင်းက ပေါင်လဲ့မလား။ ဟားဟား … ဦးက တောက်ပင်းရဲ့ အဖေပါ။ မင်းက သူ့ကို ကျောင်းမှာ အများကြီး ကူညီပေးခဲ့တယ်လို့ သူက ဦးကို ပြန်ပြောပြတယ်ကွ။ သူ့ကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ထဲ ဝင်ခွင့်ရအောင်အထိပါ လုပ်ပေးခဲ့တာဆို။ ဦး မင်းကို အရမ်းကျေးဇူးတင်တယ်ကွာ ”
ထိုသက်လတ်ပိုင်းလူကြီးမှာ အမှန်တကယ်ပင် လျှိုတောက်ပင်း၏ ဖခင်ဖြစ်ပြီး ဇာမဏီမြို့၏ လက်ထောက်မြို့စားလည်း ဖြစ်နေ၏။ သူသည် လျှိုတောက်ပင်းဆီမှ ဝမ်ပေါင်လဲ့၏ ရုပ်ပုံတစ်ပုံကို မြင်ဖူးထားသည်ဖြစ်ရာ ယခုတွင် သူသည် ဝမ်ပေါင်လဲ့၏ လက်ကိုဆုပ်ကိုင်ရင်း ဖော်ရွေစွာ ပြုံးနေတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ခေတ္တမျှ ဆွံ့အသွားပြီးမှ ချက်ချင်းဆိုသလို ပြန်ပြုံးပြလိုက်ပြီး သူ့အား နှုတ်ဆက်လိုက်၏။
” မြို့စားလျှိုလားဗျ ”
” အာ။ မြို့စားဆိုတာကြီး ထည့်ခေါ်မနေပါနဲ့။ ဦးလေးလို့ပဲခေါ်ပါ။ မင်းတို့ဝိုင်းကို ဦးလေး ရှင်းပေမယ်။ ပေါင်လဲ့။ ဦးရဲ့ တောက်ပင်းကို သေချာလေး ဂရုစိုက်ပေးပါ။ သူ စည်းကမ်း မလိုက်နာရင် မင်း ဆန္ဒရှိသလိုသာ ဆုံးမ ”
လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာ အလွန် ဖော်ရွေနေပြီး ဝမ်ပေါင်လဲ့အား သူ၏ တူအရင်းတစ်ယောက်ကဲ့သို့ပင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေ၏။
ထိုအခြင်းအရာများကြောင့် သူ၏ လောက်မှလိုက်လာကြသည့် လူများမှာ ကြက်သေသေသွားကြတော့သည်။ သူတို့အားလုံး ဝမ်ပေါင်လဲ့အားကြည့်ရင်း သူ၏ ရာထူးအဆင့်အတန်းနှင့် နောက်ခံအင်အားတို့ကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေကြ၏။
လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာ ချက်ချင်းပင် သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ညစာစားပွဲ၏ ပတ်ပတ်လည်ရှိ လူများအားလုံးနှင့်အတူ သောက်လိုက်၏။ ချန်ပင်းမှာ စိုးစိုးထိတ်ထိတ်နှင့် နှုတ်ဆက်လိုက်ပါသော်လည်း လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာ သူသည် ပြည်ထောင်စု ဝန်ထမ်းတစ်ယောက်သာဖြစ်ကြောင်း သိလိုက်ရသဖြင့် ခေါင်းသာညိတ်ပြလိုက်ပြီး သူ့အပေါ် အာရုံစိုက်မနေတော့ပေ။ သူသည် ဝမ်ပေါင်လဲ့နှင့် အချိန်အနည်းငယ်ခန့်ကြအောင် စကားထပ်ပြောလိုက်ပြီးမှ ထွက်ခွာသွားတော့သည်။
ညစာစားပွဲပတ်ပတ်လည်တွင် ထိုင်နေကြသည့် လူများအားလုံး အံ့ဩတုန်လှုပ်နေကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် ထိုသက်လတ်ပိုင်းလူကြီးတို့ ပြောဆိုခဲ့သောစကားများကြောင့် ထိုလူကြီး၏ ရာထူးအဆင့်အတန်းကို သူတို့ ရိပ်မိသွားကြသည် ဖြစ်သလို ချန်ပင်း၏ လုပ်ရပ်များကလည်း သူတို့၏ ထင်မြင်ချက်များကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွား၏။ သူတို့အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ဝမ်ပေါင်လဲ့အားကြည့်ကာ မည်သို့မည်ဖုံ ပြုမူရမှန်း မသိလောက်အောင် ဖြစ်သွားကြတော့သည်။
ပွဲအစကတည်းက သိုသိုသိပ်သိပ်သာ နေခဲ့သော ဝမ်ပေါင်လဲ့မှာ သူတို့ထဲတွင် အလျှို့ဝှက်အဆန်းကြယ်ဆုံးလူ ဖြစ်နေမှန်း သိလိုက်ရသဖြင့် သူတို့အားလုံး အံ့ဩတုန်လှုပ်နေကြရတော့သည်။