စာစဉ် (၂၀) အပိုင်း (၂၇၁)

တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၄)

ဇူယွမ်၏ ပုံရိပ်က ထိုနေရာမှာ ပျောက်ကွယ်သွားသည်။

ဘုန်း…

လုဖန်း၏ လက်သီးချက်က ဘာမှမရှိသည့် လေထုကိုသာ ထိုးမိပြီး လေထုပင် ထိုစွမ်းအားကြောင့် တုန်ခါသွားသည်။

လုဖန်း၏ အမူအရာက ချောက်ချားဖွယ် ကောင်းအောင်ပင် အေးစက်သွားခဲ့ပြီး အရှေ့သို့ တက်လှမ်းလိုက်ပြန်သည်။

ပေဒါဇင်ချီသော အကွာအဝေး တစ်ခုတွင် ဇူယွမ်၏ ခန္ဓာကိုယ်က အရိပ်တစ်ခုအလား လေတိုးသံနှင့်အတူ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ဝှစ် … ဝှစ် …

ရွှေ‌ရောင်ကျောက်တုံး စင်မြင့်ကြီးပေါ်တွင် ပုံရိပ်နှစ်ခုသည် တစ်နေရာမှ တစ်နေရာ ပေါ်လိုက်ပျောက်လိုက်ဖြင့် တိုက်ခိုက်ရင်း ရွေ့လျားနေကြသည်။ သူတို့နှစ်ယောက်၏ အမြန်နှုန်းကြောင့် လူအမြောက်အမြား အံ့အားသင့်ခဲ့ရသည်။

သို့သော်လည်း တိုက်ပွဲတစ်ခုလုံးကို လုဖန်းက ထိန်းချုပ်ထားကြောင်း လူတိုင်းမြင်နိုင်ခဲ့ပေသည်။ သူ၏ တိုက်ခိုက်မှုများသည် ဒေါသတကြီး တိုက်ခိုက်နေသော မုန်တိုင်းအလား ပြင်းထန်နေခဲ့ပြီး ဇူယွမ်အား ဝါးမျိုရန် ကြိုးစားနေသည့် အတွက် ဇူယွမ်မှာ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာ ပေးနေရပေသည်။

သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်ကျင့်စဉ်က သူ့ကို အလွန်အမင်း လျင်မြန်စေသော်လည်း လုဖန်း၏ သာလွန်သော မူလချီများကလည်း လုဖန်း၏ အမြန်နှုန်းကို မြှင့်တင်ပေးသောကြောင့် ဇူယွမ်ထက် အနည်းငယ်သာ နှေးပေသည်။

တိုက်ခိုက်မှု အချို့ကို ဇူယွမ်က ဆံခြည်မျှင်တစ်မျှင်စာမျှ အကွာအဝေးနှင့် ကပ်ရှောင်သွားသဖြင့် ကြည့်နေကြသူများ၏ နှလုံးသားများပင် ခန္ဓာကိုယ်ထဲမှ ခုန်ပေါက်နေကြပေသည်။

စင်မြင့် (၉၉၉၉)ပေါ်တွင် အချို့သော တပည့်များက သူတို့၏ တိုက်ပွဲများ ပြီးဆုံးသွားသဖြင့် ခေါင်းများကို မော့ကာ ကြည့်လိုက်ကြသည်နှင့် ရွှေရောင်ကျောက်တုံး စင်မြင့်ပေါ်ရှိ တိုက်ပွဲကြောင့် သူတို့၏ အမူအရာများ ပြောင်းလဲသွားတော့သည်။

သူတို့အားလုံးသာ ဇူယွမ်၏ နေရာတွင် ဆိုပါက လုဖန်း၏ တိုက်ကွက် ဆယ်ကွက်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်ကြပေ။

ဘုန်း …

လုဖန်း၏ လက်သီးချက်သည် လေကိုခွင်းလာခဲ့ပြီး သူ၏ရုန့်ရင်းသော မူလချီများက လေထုကိုပင် တုန်ခါနေစေပေသည်။ ပြင်းထန်သော အင်အားဖြင့် လေထုကို ထိုးဖောက်သွားပြီး ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။

သို့သော်လည်း ဇူယွမ်၏ ဒြပ်မဲ့နေသော ခန္ဓာကိုယ်သည် အနည်းငယ်မျှသာ တုန်ခါသွားပြီး အားလှိုင်းများကို ပျက်ပြယ်စေသည်။

ထို့နောက် တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အားအရှိန်ကိုယူကာ ဇူယွမ်က ပို၍ ဝေးသောနေရာသို့ ဆုတ်ခွာသွားလိုက်သည်။

လုဖန်း၏ အမူအရာက အေးစက်နေပြီး “မင်းက ယုန်လေး တစ်ကောင်လို ဘယ်လိုပြေးရမလဲပဲ သိတာလား”

သို့သော်လည်း သူ၏ စကားလုံးများက ဇူယွမ်အား မည်သည့် သက်ရောက်မှုမှ မဖြစ်စေပေ။ သူက အရူးတစ်ယောက် မဟုတ်ပေ။ အမြန်နှုန်းသည်သာ သူ၏ အားသာချက်ဖြစ်ပြီး လုဖန်း၏ တိုက်ခိုက်မှုများမှာ မြန်ဆန်ပြီး စွမ်းအားပြည့်လှသည့် အတွက် သူ့ခန္ဓာကိုယ်ကို ဆက်တိုက် ထိခိုက်စေဖို့ မဖြစ်နိုင်ပေ။

ပြိုင်ဘက်၏ ထိုးနှက်စကားကြောင့် မိမိ၏ အားသာချက်ကို စွန့်လွှတ်ခြင်းမှာ အရူးများသာ လုပ်မည့် အလုပ်ဖြစ်သည်။

ဇူယွမ်က သူ့အား လျစ်လျူရှုထားသည်ကို မြင်ရသောအခါ လုဖန်း၏ မျက်လုံးများက ခက်ထန်သွားခဲ့ပြီး “ကြည့်ရတာ ငါ့မှာ မင်းနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းမရှိဘူးလို့ ယုံကြည်နေတဲ့ပုံပဲ”

“ငါအစော ကတည်းက ပြောခဲ့သလိုပါပဲ။ မင်းဘယ်လောက်မြန်မြန် ကိစ္စမရှိဘူး။ မင်းက ယုန်တစ်ကောင် ဖြစ်နေလို့ပဲလေ”

“မင်းရဲ့ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်က ငါ့ကို ပြသာနာ မဖြစ်စေဘူး”

“မင်းရဲ့ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ဘယ်လိုချိုးဖြတ်ပြမလဲ ကြည့်ထားလိုက်”

လုဖန်း၏ လက်နှစ်ဖက်မှာ စုစည်းသွားပြီး လှောင်ပြုံး ပြုံးနေသည့် သူ၏ နှုတ်ခမ်းဆီမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အဆင့်နိမ့် ကောင်းကင်ဘုံအဆင့် ကျင့်စဉ်၊ လေပင်လယ်”

ထိုခဏချင်းပင် ဧရိယာ တစ်ဝှိုက်ရှိ လေထုမှာ လှုပ်ခတ်သွားပြီး ကျောက်တုံးစင်မြင့် တစ်ခုလုံးကို ဖုံးအုပ်သွားသလို ခံစားလိုက်ရသည်။

လေထုမှာ မသဲမကွဲ တောက်ပနေပြီး တိုက်ခတ်နေသော လေများအားလုံးက မရေမတွက်နိုင်သည့် လေဓားသွားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လေဓားသွားများ အတူတကွ စုစည်းလာပြီး လေဓားသွား ပင်လယ်တစ်ခု ဖြစ်ပေါ်လာလေသည်။

ဇူယွမ်၏ ပုံရိပ်မှာ လေဓားသွား ပင်လယ်၏ အလယ်ဗဟိုတွင် ရှိနေပြီး သူ၏ မျက်နှာမှာ လေးနက် တည်ကြည်နေသည်။

လုဖန်းမှာ အမှန်ပင် အစွမ်းအစရှိပြီး သူ၏ အမြန်နှုန်ဒအား သည်နည်းလမ်းဖြင့် ပိတ်ဆို့လိုက်ပေသည်။

“ဇူယွမ်။ မင်းနဲ့ ငါ့ရဲ့ ကြားက ကွာခြားချက်ကို ငါပြမယ်”

လုဖန်း၏ အကြည့်က ဓားသွားတစ်စင်းလို ထပ်ရှနေပြီး သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။

ဘန်း …

များစွာသော အစိမ်းရောင် လေဓားသွားများမှာ တုန်ခါသွားခဲ့သည်။ ခဏအကြာတွင် ကောင်းကင်အပြည့် ဖုံးအုပ်နေသော လေဓားသွားများသည် ပုန်းကွယ်စရာ နေရာမရှိသည့် ဇူယွမ်ထံသို့ ဦးတည်သွားခဲ့သည်။

ထိုနေရာ တစ်ခုလုံးတွင် ရှိနေသော အကြည့်များက ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။ လုဖန်းမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသူတစ်ဦး ဖြစ်သည်။

လုရွှမ်းယင်၏ နှုတ်ခမ်းက ကွေးညွတ်သွားပြီး သူမ၏ မျက်လုံးတွင် ပျော်ရွှင်နေဟန် ပေါ်နေသည်။ တောကတက်လာတဲ့ ကောင်က လုဖန်းနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားရဲတယ်လား … တောကြိုအုံကြား တိုက်ကြီးက လာတဲ့သူတစ်ယောက်က လုကလန်ရဲ့ ပါရမီရှင်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ…

“သူ့ကို သေချာပေါက် မသန်စွမ်းဖြစ်အောင် လုပ်လိုက်”

ထိုအချိန်တွင် ဇူယွမ်မှာ လုဖန်း၏ လူသတ်ထောင်ချောက် အတွင်းတွင် ရောက်ရှိနေသည်မှာ သေချာနေပြီ ဖြစ်သည်။

ထိုအရာက ဆိုးရွားသော အခြေအနေ တစ်ခုအတွင်းသို့ ကျဆင်းနေခြင်း ဖြစ်သည်။

ဘန်း …

အစိမ်းရောင် လေဓားသွား ပင်လယ်ကြီးသည် ရွှေရောင်ကျောက်တုံး စင်မြင့်တစ်ခုလုံး ပြည့်နှက်နေခဲ့သည်။ မရေမတွက်နိုင်အောင် များပြားသော တုန်ခါနေသည့် လေပြင်း ဓားသွားများသည် လူတစ်ဦး၏ နှလုံးသားကိုပင် တုန်လှုပ်စေပါသည်။

သည်အခိုက်တွင် လုဖန်းက ကြီးမြတ်သော အပြင်ဘက်တောင် တပည့်ဆယ်ယောက်၏ ပထမနေရာတွင် ရှိနေသည့် သူ၏ အစွမ်းအစကို ပြသလိုက်သည်။

စင်မြင့်တစ်ခုလုံးတွင် ပြည့်နှက်နေသော လေဓားသွား ပင်လယ်အတွင်းမှ ဇူယွမ်ကို ကြည့်ရင်း လူတိုင်း၏ နဖူးပေါ်တွင် အေးစက်သောချွေးများ ကျဆင်းလာခဲ့သည်။

“သတ် …”

လုဖန်း၏ မျက်လုံးမှာ အေးစက်လျက်ရှိပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူ၏ လက်များက ကောင်းကင်တွင် ပြည့်နှက်နေသော လေဓားသွားများကို ညွှန်ကြားလိုက်သည်။ ဟစ်ကြွေးသံတစ်ခုနှင့် အတူ လေဓားသွားများ အားလုံးက ဇူယွမ်ထံသို့ တိုးဝင် သွားပေတော့သည်။

“မင်းဘယ်လောက် မြန်မြန် ငါ့ရဲ့ လေဓားသွား ပင်လယ်ကနေ မလွတ်မြောက်နိုင်ပါဘူး”

ဇူယွမ်လည်းပဲ သည်တိုက်ခိုက်မှုကို သူမရှောင်တိမ်းနိုင်ကြောင်း သိပေသည်။ ထို့ကြောင့် သူက လှုပ်ရှားခြင်း မရှိတော့ပဲ သူ့ထံသို့ ပျံသန်းလာခဲ့သော လေဓားသွားများကိုသာ အာရုံစိုက်ကြည့် လိုက်သည်။

လေဓားသွားတိုင်းတွင် သေစေနိုင်သော မူလချီများ ပါဝင်နေပြီး မူလစဦးတတိယ အဆင့်တစ်ယောက်ပင် မဆိုထားနှင့် မူလစဦးစတုတ္ထအဆင့် တစ်ယောက်ပင်လျှင် ဆန်ခါပေါက် ဖြစ်သွားနိုင်ပေသည်။

ထိုလေဓားသွား ပင်လယ်အတွင်း ရောက်ရှိနေသည့် ဇူယွမ်၏ အခြေအနေမှာ လုံးဝကို အာမခံမှုမရှိပေ။

အားလုံး၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် အစိမ်းရောင် လေဓားသွားများ အားလုံးက ဇူယွမ်ဆီသို့ ခဏအတွင်း သက်ဆင်းလာခဲ့သည်။

ချပ်ချပ်ချပ် …

ဆူညံသံများနှင့် အတူ ရွှေရောင်မြေပြင်ပင်လျှင် အပေါက်များနှင့် ပြည့်နှက်သွားခဲ့သည်။

လေဓားသွား ပင်လယ်၏ တိုက်ခိုက်မှုက အပျက်အစီးများစွာကို ဖြစ်ပေါ်စေခဲ့သည်။

အတော်အတန် ကြာပြီးနောက် လေဓားသွား ပင်လယ်၏ တိုက်ခိုက်မှုမှာ ရပ်တန့်သွားခဲ့သည့်။ ထိုအချိန်၌ လူတိုင်း၏ အကြည့်က ဇူယွမ်ရပ်နေခဲ့သော နေရာဆီသို့သာ ရောက်ရှိသွားသည်။

လုဖန်း၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေခဲ့သည်။ သူ၏ တိုက်ခိုက်မှုတွင် အားအပြည့် ထည့်ထားခဲ့ပြီး ဇူယွမ်ကဲ့သို့ မူလစဦး ပထမအဆင့် မဆိုထားနှင့် မူလစဦး စတုတ္ထအဆင့် တစ်ယောက်ပင်လျှင် ဒဏ်ရာပြင်းထန်စွာ ရသွားပေလိမ့်မည်။

သို့သော်လည်း အရှေ့သို့ လှမ်းကြည့်လိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး အေးခဲသွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးမှာလည်း ကွယ်ပျောက်သွားခဲ့သည်။

ဇူယွမ်က မူလက နေရာတွင်သာ ရပ်လျက်ရှိပြီး သူ၏ ဒြပ်မဲ့နေသော ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရွှေရောင် ကြေးခွံများက ကာကွယ် ဖုံးအုပ်ထားလေသည်။

ခရမ်းရွှေရောင် ကြေးခွံများပေါ်တွင် မှော်စာလုံးအချို့က လင်းလက်နေပြီး ထူးခြားသော စွမ်းအားများကို ထုတ်လွှတ်ပေးနေသည်။

သည်စွမ်းအားများမှာ မူလမှော်စာလုံး၏ စွမ်းအားများပင် ဖြစ်သည်။

ခရမ်းရွှေရောင် ကြေးခွံများပေါ်တွင် ဓားရှရာများ ရှိနေခဲ့ပြီး အချို့နေရာများ ဆိုလျှင်ပင် ကျိုးပဲ့၍ နေလေသည်။ သို့သော်လည်း လေဓားသွား ပင်လယ်က ဇူယွမ်၏ အကာကွယ်အလွှာကို မချိုးဖောက်နိုင်ခဲ့ပေ။

ဆူညံသံများက ဧရိယာတစ်ခုလုံး ပျံ့နှံ့သွားသည်။

မူလစဦး စတုတ္ထအဆင့် တစ်ယောက်ပင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည့် တိုက်ခိုက်မှုကို ဇူယွမ်လွယ်ကူစွာ ရင်ဆိုင်နိုင်မည်ဟု မည်သူမှ မမျှော်လင့်မိကြပေ။


Comment

Leave a Reply


Options

not work with dark mode
Reset