အခန်း ( ၅၈ )

မိသားစု သုံးယောက်

အိမ်ပြန်လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့မှာ မျက်နှာဖုံးကြီးအကြောင်းကို မေးချင်ခဲ့ပါသော်လည်း ၎င်းမှာ အရေးကြီးသော ကိစ္စတစ်ခုဖြစ်ရာ အပြင်ဘက်တွင် ဆွေးနွေးရန် သင့်တော်မည် မဟုတ်ကြောင်း သိထားသောကြောင့် သိချင်စိတ်များကို ချုပ်တည်းခဲ့၏။ ထို့ကြောင့် ညအချိန်သို့ရောက်ပြီး စားသောက်ပြီးမှသာ သူ၏ အဖေအား မေးမြန်းရန် ဆုံးဖြတ်ထားသည်။

သိပ်မကြာခင် သူတို့သားအဖမှာ ဝမ်ပေါင်လဲ့ ကြီးပြင်းလာခဲ့သော နေရာဖြစ်သည့် သူတို့၏အိမ်သို့ ရောက်ရှိလာသည်။ ထိုရင်းနှီးနေသော ခံစားချက်ကြောင့် လွန်ခဲ့သောတစ်နှစ်ခန့်က ဇာမဏီမြို့တော်မှ တပျော်တပါးနှင့် ထွက်ခွာသွားခဲ့သည့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်နှလုံး လှုပ်ရှားသွားရတော့သည်။

သူ၏ဖခင်ဖြစ်သူမှာ ရှေးဟောင်းသုတေသနပြု လုပ်ငန်းများကို လုပ်ကိုင်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့တို့၏ သီးသန့်နေအိမ်လေးမှာ ဇာမဏီမြို့တော်ထဲတွင် အတော်အသင့် အဆင့်မြင့်သည့် နေအိမ်များထဲတွင် ပါဝင်၏။ သို့သော် ၎င်းမှာ ကောင်းကင်မြို့တော်ရှိ သာမန် တိုက်ခန်းတစ်ခန်းလောက်တော့ တန်ဖိုးမကြီးပေ။

ဝမ်ပေါင်လဲ့မှာ ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်နေသော ထမင်းနံ့ ဟင်းနံ့များကို ချက်ချင်းပင် ရလိုက်၏။ ထို့ကြောင့် သူ၏မျက်လုံးများမှာ ဝင်းလက်သွားပြီး ချက်ချင်းဆိုသလိုပင် ဖိနပ်များကိုချွတ်ကာ အိမ်ထဲသို့ ပြေးဝင်သွား၏။ ထိုအခါ သူ၏မိခင် ဖြစ်သူမှာ အသားနှပ်ပန်းကန်တစ်ချပ်ဖြင့် သူ့ဆီသို့ လျှောက်လမ်းလာနေသည်ကို မြင်လိုက်ရသည်။

” အမေ။ သား အိမ်ပြန်ရောက်ပြီဗျ ”
ဝမ်ပေါင်လဲ့မှာ ရွှင်ပျစွာ အော်ပြောလိုက်ပြီး သူ၏မိခင်အား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။

” သားရယ်။ ဖြေးဖြေးလုပ်ပါ ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ အသက်လေးဆယ်ဝန်းကျင်ခန့် ရှိနေပြီး သူမ၏မျက်နှာပေါ်တွင် အရေးကြောင်းများ ခပ်ရေးရေးခန့် ပေါ်နေပြီ ဖြစ်သော်လည်း ငယ်ရွယ်စဉ်က ချောမောလှပခဲ့မည်ဖြစ်ကြောင်း အထင်အရှား မြင်နိုင်သေးသည်။ ယခုတွင်မူ သူမ၏ မျက်လုံးများထဲတွင် မိခင်တစ်‌ယောက်၏ ချစ်ခြင်း‌မေတ္တာတရားများဖြင့် ပြည့်နှက်နေ၏။ သူမသည် လက်ထဲမှ ဟင်းပန်းကန်ကို အောက်သို့ချကာ ဝမ်ပေါင်လဲ့အား ညစာ စားပွဲဆီသို့ ခေါ်သွားလိုက်ပြီး တစ်ဆိတ်ကိုတစ်အိတ်လုပ် ပြောလိုက်တော့သည်။
” ပေါင်လဲ့ရယ်။ သား ပိန်ကျသွားလိုက်တာ။ လာ လာ။ များများစား ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ ထိုကဲ့သို့ ဆိုလိုက်ပြီး ဝက်သားနီနှပ် အတုံးကြီးတစ်တုံးကို ဝမ်ပေါင်လဲ့၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်၏။

ထိုမြင်ကွင်းကို ဖိနပ်ချွတ်နေဆဲဖြစ်သော ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူ မြင်လိုက်ရသောအခါ ရှုံ့မဲ့ကာ ခေါင်းယမ်းလိုက်၏။ ဝမ်ပေါင်လဲ့ အောင်အောင်မြင်မြင် ဝိတ်မကျနိုင်ရသည့် အဓိက အကြောင်းအရင်းမှာ ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူက သူ့အား လိုအပ်သည်ထက်ပို၍ အလိုလိုက်ထားသောကြောင့် ဖြစ်ပေသည်။

ထိုမိသားစုသုံးယောက်မှာ ညစာ စားပွဲ၏ပတ်လည်တွင် အလျင်အမြန် စုဝေးလိုက်ကြ၏။ ဝမ်ပေါင်လဲ့၏ ပြီးခဲ့သည့်တစ်နှစ်အတွင်း ကြုံခဲ့ရသည့်အရာများကို ကြားသိပြီးသွားသောအခါ သူ၏ ဖခင်ဖြစ်သူမှာ ဝိုင်ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပြီး သူနှင့်အတူ သောက်လိုက်တော့သည်။

” ပေါင်လဲ့။ အများကြီး သိပ်မစားနဲ့ကွ။ ဝိုင်သာ များများသောက် ”

” အဘိုးကြီးဝမ်။ သား အဖေ့အတွက် ဆုတောင်းမင်္ဂလာ ပြုပေးမယ်။ အနာဂတ်မှာ သားတို့ရဲ့ မိသားစုတစ်ခုလုံး သားအပေါ် မှီခိုလို့ရပြီ။ အဖေလည်း အငြိမ်းစားယူပြီးတော့ ဟိုနေရာတူးလိုက် ဒီနေရာတူးလိုက် လုပ်နေတာကို ရပ်လိုက်တော့။ အဲဒီအလုပ်က အရမ်းအန္တရာယ်များတယ် “

ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာမူ သူ ပြောခဲ့သောစကားကြောင့် သူ့အား စနောက်သည့်လေသံဖြင့် ငေါက်လိုက်၏။ သူ၏ သားဖြစ်သူမှာ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်နှင့် သင်္ချိုင်းတူးသည့် လူတစ်ယောက်ကို ယခုအထိ ကွဲကွဲပြားပြား မသိသေးပေ။ မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့၏ စကားများကြောင့် သူ၏ နှလုံးသားထဲတွင် နွေးထွေးသွားရပြီး သူသည် ဝိုင်အရက်အား ကျေနပ်အားရစွာ မော့ချလိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာလည်း ထိုသားအဖနှစ်ယောက်၏ အပြန်အလှန် ပြောဆိုဆက်ဆံပုံများကို ကြည့်ရင်း အလွန် ကျေနပ်နေ၏။ သူတို့နှစ်ယောက်စလုံးမှာ သူမအတွက် ကမ္ဘာကြီးခဲ့သို့ပင် ဖြစ်ရာ သူမ၏ အကြည့်မှာ နူးညံ့သိမ်မွေ့ပြီး မေတ္တာဓာတ်အပြည့် ကိန်းအောင်းနေ၏။

” အမေ … ကျနော်ကအခု တော်‌တော်ကို အဆင်‌ပြေနေပြီဗျ။ ကျနော်က ကျောင်းမှာရှိတဲ့ ဓမ္မလက်နက်ဌာနရဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်နေပြီ ”
ဝမ်ပေါင်လဲ့မှာ အသားတုံးကြီးတစ်တုံးကို သူ၏ ပါးစပ်ထဲသို့ ထိုးထည့်ရင်း မပီမသ ပြောလိုက်၏။

” ငါတို့ရဲ့ ပေါင်လဲ့က ငယ်ငယ်လေးကတည်းက အမြဲတမ်း ဉာဏ်ကောင်းပြီးတော့ ခန့်ချောကြီး ဖြစ်နေခဲ့တာလေ။ အဲဒီတော့ သူ ကျောင်းသားခေါင်းဆောင်ဖြစ်လာတာ မထူးဆန်းပါဘူး ”

ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ သူမ၏ တူနှစ်ချောင်းဖြင့် နောက်ထပ် အသားနှပ်တစ်တုံးကို ဝမ်ပေါင်လဲ့၏ ပန်းကန်လုံးထဲသို့ ထည့်ပေးရန် ပြင်လိုက်ပြီး ချိုသာစွာ ပြုံး၍ သိချင်နေသည့် အမူအရာဖြင့် မေးလိုက်၏။
” ဒါနဲ့ ပေါင်လဲ့ … ကျောင်းသားခေါင်းဆောင်ဆိုတာ ဘာလဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သူ၏ မိခင်ဖြစ်သူအား ကျောင်းသားခေါင်းဆောင်၏ အဓိပ္ပါယ်ကို စိတ်ရှည်ရှည်နှင့် အတိုချုပ် ရှင်းပြလိုက်၏။ ကျောင်းသားခေါင်းဆောင်တစ်‌ယောက်၏ ရာထူးအဆင့်အတန်းကို နားလည်သွားသောအခါ ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ အံ့အားသင့်သွားရပြီး သူ၏ ဖခင်ဖြစ်သူမှာမူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။

” သိပ်မကြာသေးခင်တုန်းက မြို့စားက ဘာလို့ လူတွေအများကြီး ခေါ်လာပြီးတော့ အမေတို့ဆီကို လာလည်ခဲ့တာလည်း ဆိုတာကို အမေက သိချင်နေခဲ့တာ။ လက်စသတ်တော့ အမေတို့ရဲ့ ပေါင်လဲ့က အရမ်းကို တန်ခိုးထွားနေတာကိုး ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူက ရွှင်ပျစွာ ဆိုလိုက်ပြီး လွန်ခဲ့သော လအနည်းငယ်အတွင်း မြို့စားနှင့် မြို့စား၏ လက်ထောက်တို့မှာ သူတို့ဆီသို့ ကြိမ်ဖန်များစွာ ရောက်လာခဲ့ပြီး သူတို့အား သာကြောင်းမာကြောင်း မေးမြန်းကာ လက်ဆောင်မြောက်မြားစွာ ပေးအပ်ခဲ့သည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့အား ရှင်းပြလိုက်သည်။

” မြို့စားလက်ထောက် ဟုတ်လား။ သူ့သားက အခု ကျနော့်ရဲ့ လက်အောက်ငယ်သား ဖြစ်နေပြီဗျ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီး သူ၏ ညာလက်အား ကျေနပ်အားရစွာ မြှောက်ကာ သူ၏ လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်အား သူ့ မိဘများ၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။

” အဲ့အကြောင်း မပြောဘဲနေရအောင်။ ဒီ လက်ကောက်ကို ကြည့်လိုက်။ အဆင့်မြင့်ကျွန်းမှာနေတဲ့ အကြီးအကဲကြီး တစ်ယောက်ရဲ့ မေးခွန်းကို ကျနော် မှန်မှန်ကန်ကန်ဖြေနိုင်ခဲ့လို့ သူက ဒီသိုလှောင်လက်ကောက်နဲ့ ကျနော့်ကို ဆုချခဲ့တာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ လက်ကောက်အား အနည်းငယ်ခန့် ခါယမ်းကာ ကြွားလုံးထုတ်လိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေဘူးပေါင်းများစွာနှင့် ဆေးလုံးများစွာကိုသာမက ဓမ္မအဆောင်အချို့ကိုပါ ထုတ်ယူလိုက်ပြီး သူ၏ မိဘများအား လှမ်း၍ ပေးလိုက်သည်။

” ဒီ ဝိညာဉ်ရေခဲရေကို တာအိုကျောင်းက ထုတ်လုပ်ထားတာ။ စမ်းသောက်ကြည့်။ တော်တော်ကို လန်းဆန်းစေတယ် ”

” ပြီးတော့ ဒီ ဆေးလုံးတွေလည်း သောက်ပစ်ဦး။ သား အဲဒီဆေးလုံးတွေကို တာအိုကျောင်းမှာရှိတဲ့ မှော်ဆေးရည်ဌာနကနေ ဝယ်ထားတာ။ သူတို့က အမေတို့ အဖေတို့ရဲ့ ခန္ဓာကိုယ်ကို ခွန်အား တိုးပွားလာအောင် လုပ်နိုင်ပေးတဲ့အပြင် ဘယ်ရောဂါကိုမဆို ကုသပေးနိုင်တယ် ”

” အမေကလည်း ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ အဲ့တော့ ဒါတွေ များများသောက်ပေး။ အဖေကလည်း အမြဲတမ်း ရှေးဟောင်းသုတေသန တူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းတွေ လုပ်နေရတာဆိုတော့ ဒီဆေးလုံးတချို့ကို ယူသွားလိုက်။ နောက်တစ်ခေါက်ကျရင် အဖေတို့ အမေတို့ နှစ်ယောက်စလုံးအတွက် အရည်အသွေး ပိုပြီးကောင်းတဲ့ ဆေးလုံးတွေကို ဝယ်လာခဲ့မယ် ”

” ဒီ ဓမ္မအဆောင်တွေကို ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုရင်း သူ၏ အဆောင်များကို လှမ်း၍ပေးလိုက်၏။
” သားကိုယ်တိုင် ပြုလုပ်ထားတာ။ အဖေ၊ ဒါက အဖေ့အတွက်။ အမေ၊ ဒါတွေကို ကိုယ်နဲ့မကွာဆောင်ထား ”

ဝမ်ပေါင်လဲ့မှာ ပညာသင်နှစ် တစ်နှစ်အတွင်း သူ၏ကျောင်းစာ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည်ဖြစ်ပြီး သားသမီးဝတ္တရားကို အလွန် ကျေပွန်နေသည်ဖြစ်ရာ သူ၏ မိဘဖြစ်သူများမှာ အလွန် ေကျနပ်ပီတိဖြစ်နေကြတော့သည်။ ထိုမိသားစုသုံးယောက်မှာ နွေးထွေးကြင်နာမှု မေတ္တာတရားများဖြင့် ပြည့်နှက်နေကြတော့သည်။

သူတို့မှာ အချိန်အကြာကြီး ညစာစားရင်း ဝမ်ပေါင်လဲ့မှာ ပြီးခဲ့သည့် တစ်နှစ်အတွင်း သူကြုံတွေ့ခဲ့ရသည့် အရာများကို ပြန်၍ပြောပြနေ၏။ သူ၏ မိဘများ စိတ်ပူသွားနိုင်လောက်မည့် တချို့ဖြစ်ရပ်အနည်းငယ်ကိုသာ ထိမ်ချန်၍ သူသည် အခြားအဖြစ်အပျက်အားလုံးကို အသေးစိတ်ပြောပြလိုက်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ မိခင်ဖြစ်သူနှင့်အတူ ရယ်မောရင်း စားသောက်ပြီးသည့် ပန်းကန်များကို သန့်စင်ဆေးကြောလိုက်တော့သည်။

” တုမင်နဲ့ တချိန်လုံး ရန်ဖြစ်မနေနဲ့ဦး။ အမေ့အမြင်မှာတော့ သူက မိန်းမကောင်းလေးတစ်ယောက်ပါ။ ပြီးတော့ သားပြောတဲ့ ကျိုးရှောင်ရဆိုတဲ့ ကောင်မလေးရော…. သူ့ကို နောက်တစ်ခါ အိမ်အလည်လာဖို့ ဖိတ်လိုက်လေ ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူက ဆိုလိုက်သည်။

” စိတ်မပူပါနဲ့။ အမေ့အတွက် သား တစ်နှစ်တစ်‌ယောက် အိမ်ကိုခေါ်လာပါ့မယ် ”
ဝမ်ပေါင်လဲ့မှာ အသောက်လွန်သွားသဖြင့် အနည်းငယ် ရီဝေဝေ ဖြစ်နေသောကြောင့် ကျေနပ်အားရနေသည့် လေသံဖြင့်ဆိုလိုက်၏။

” ပေါင်လဲ့။ သားက တကယ်စွမ်းတာပဲ ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ သူ့အား စိုက်ကြည့်နေလိုက်တော့သည်။ သူ၏ ဖခင်ဖြစ်သူမှာမူ ဝိုင်ခွက်ကို မြှောက်လိုက်ပြီး သူ၏ ငယ်ဘဝကို ပြန်၍ အမှတ်ရနေသည့်အလား သူ၏ နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်နေတော့သည်။

” အမေ။ ကျနော်က အဲ့ပညာတွေ အကုန်လုံးကို အဖေ့ဆီကနေ တတ်ထားတာဗျ ”
ဝမ်ပေါင်လဲ့က ဟန်ဆောင် ချောင်းဟန့်ကာ ဆိုလိုက်၏။ ထိုစကားကိုကြားလိုက်ရသောအခါ သူ၏ ဖခင်ဖြစ်သူမှာ သူ၏ ပါးစပ်ထဲမှ ဝိုင်များကို ထွေးထုတ်လုမတတ် ဖြစ်သွားပြီး အလျင်လျင် အမြန်မြန်နှင့် ပြန်၍ရှင်းပြကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့ကမူ ရှက်ကိုးရှက်ကန်းဖြင့် ရယ်ကာ သူ၏ ဖခင်အတွက် နောက်ထပ် ဝိုင်တစ်ခွက် အပြည့် ငှဲ့ပေးလိုက်၏။ ထိုသားအဖနှစ်ယောက်မှာ ထိုကဲ့သို့ သောက်နေစဉ် ဝမ်ပေါင်လဲ့မှာ အနက်ရောင်မျက်နှာဖုံးကြီးအကြောင်းကို တွေးမိသွား၏။ ထိုမျက်နှာဖုံးကြီးမှာ လူသိရှင်ကြား ပေါ်ထွက်လာခဲ့ခြင်း မဟုတ်ကြောင်း သူက သိထားပါသော်လည်း သူ၏ မိသားစုအပေါ်သို့ အန္တရာယ်အနည်းငယ်ခန့်ပင် မကျရောက်စေလိုပေ။ ထို့ကြောင့် သူသည် ထိုအကြောင်းကို ပေါ်ပေါ်လွင်လွင်ကြီး ထုတ်မပြောဘဲ စကားအစ်ကာ ၎င်းနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို ရရှိနိုင်ရန် ကြိုးပမ်းလိုက်၏။

” မင်း ခိုးသွားခဲ့တဲ့ မျက်နှာဖုံးကို ပြောတာလား။ ဟား … ကောင်စုတ်လေး။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖေ မင်းကို အပြစ်မပေးရသေးဘူး။ ဒါပေမဲ့ ထားလိုက်ပါတော့ကွာ။ မင်း လိုချင်ရင် ယူထားလိုက်လေ ”
ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူက ဆိုလိုက်၏။

” အဲ့မျက်နှာဖုံးက… အဖေ ပြန်စဉ်းစားလိုက်ဦးမယ်။ မနှစ်က မိုးသစ်တောဆီကို ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့နဲ့ သွားခဲ့တုန်းက အဖေ အဲဒီ မျက်နှာဖုံးကို တောင်စဉ်တန်း တစ်ခုနားမှာရှိတဲ့ အပျက်အစီးတွေထဲကနေ ကောက်ရခဲ့တာ ”

” အိမ်ပြန်ရောက်ပြီးတော့ အဲ့မျက်နှာဖုံးကို စစ်ဆေးကြည့်လိုက်မှ အဲဒါက ဝိညာဉ်ချီအကြွင်းအကျန်တစ်ခု မဟုတ်မှန်း သိလိုက်ရတာ။ အဲဒီတော့ အဲ့မျက်နှာဖုံးက သိပ်တန်ဖိုးမရှိဘူးပေါ့။ ဒီတော့ အဖေက အဲ့မျက်နှာဖုံးရဲ့ သက်တမ်းကို သုတေသနလုပ်ရအောင်လို့ ငွေနည်းနည်းသုံးပြီးတော့ ဝယ်ခဲ့တာ။ ဒါပေမဲ့ အဖေ ဘာမှမလုပ်ရသေးခင်မှာတင် မင်းက ယူသွားတာလေ ”

ဝမ်ပေါင်လဲ့၏ ဖခင်မှာ ဝိုင်များစွာ သောက်ထားပြီးပြီ ဖြစ်သော်လည်း ထိုမျက်နှာဖုံး၏ မူလဇာတ်မြစ်ကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်စွမ်းရှိနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ထိုအပျက်အဆီးများ၏ နေရာအတိအကျနှင့် ထိုနေရာတစ်ဝိုက်တွင် ထိုမျက်နှာဖုံးကြီး၏ အပိုင်းအစများ ရှိနေမနေကို ထပ်၍ မေးလိုက်ပြန်သည်။ ထိုမျက်နှာဖုံးကြီးတစ်ခုသာ ရှိနေခဲ့ကြောင်း သေချာအောင် လေ့လာစိစစ်ပြီးသွားသောအခါ သူသည် သူ၏ မူးနေသော ဖခင်ကို သူ့ မိဘများ၏ အခန်းထဲသို့ လိုက်၍ ပို့လိုက်ပြီး သူ၏ အခန်းထဲသို့ ပြန်သွားတော့သည်။ ထို့နောက် သူသည် လဲလျောင်းလိုက်ပြီး လမင်းကြီးကိုကြည့်ကာ နက်နက်နဲနဲ စဉ်းစားတွေးတောနေလိုက်တော့သည်။

” မိုးသစ်တော…. ”

ဝမ်ပေါင်လဲ့မှာ ထိုမိုးသစ်တောကြီးနှင့် အထူးတလည် ရင်းနှီးနေသလို ခံစားနေရ၏။ ထိုအချိန်တွင် သူသည် သူ၏ ဖခင် ပြောပြခဲ့သော ထိုအပျက်အစီးများ၏ နေရာအတိအကျကို စိတ်ကူးထဲတွင် ပုံဖော်လိုက်ပြီး ထိုနေရာနှင့် အသင့်တော်ဆုံးဖြစ်နိုင်မည့် ကိုဩဒိနိတ်အမှတ်များကို မှတ်သားလိုက်သည်။ သူသည် အစွမ်းထက်လာသော အချိန်တွင် ထိုနေရာသို့ သူတစ်ယောက်တည်း သွားရောက်စူးစမ်းလိုက်မည်ဟု ဆုံးဖြတ်ထားသည်။

လဝက်တိတိ အလျင်အမြန် ကုန်ဆုံးသွား၏။

ထိုအချိန်အများစုကို ဝမ်ပေါင်လဲ့မှာ သူ၏ မိဘများနှင့်အတူ အိမ်ထဲတွင်သာနေ၍ ကုန်ဆုံးစေခဲ့၏။ သူ အပြင်ထွက်သောအချိန်များမှာ သူ၏ မိခင်ဈေးဝယ်ထွက်သည့်အခါ အဖော်လိုက်ပေးသည့်အချိန်များနှင့် သူ၏ ဖခင်နှင့် သူ၏ ရှေးဟောင်းသုတေသနအဖွဲ့နောက်သို့ လိုက်သွားသည့် အချိန်များသာ ဖြစ်သည်။

သူ၏ဘဝကြီးမှာ သူ တာအိုကျောင်းသို့ မတက်ရောက်ခင် အချိန်တုန်းကကဲ့သို့ ပြန်၍ဖြစ်သွား၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ဘဝမျိုးတွင် နေထိုင်ရသည်ကို ကျေနပ်နေ၏။ သူသည် သူ၏ မိဘများအား သူ အိမ်သို့ ယူလာခဲ့သည့်ဆေးလုံးအချို့ကို သောက်သုံးခိုင်းလိုက်သည်။ ထို့ကြောင့် သူတို့၏ ကျန်းမာရေးမှာ ပိုမိုကောင်းမွန်လာသလို ပို၍ ငယ်ရွယ်သွားသည့်ပုံ ပေါက်လာကြသည်အပြင် သူတို့၏ စိတ်ဓာတ်များမှာလည်း တက်ကြွလာ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်ပျော်ရွှင်နေရတော့သည်။ သူသည် သူ၏ မိဘများအား သူဖန်တီးပြုလုပ်ထားသော ဓမ္မအဆောင်အချို့ကိုလည်း ဆောင်ထားခိုင်းလိုက်သည်။ ထိုအဆောင်များ၏ ကာကွယ်စောင့်ရှောက်မှုများ ရှိနေပါက သူ၏ ဖခင်ဖြစ်သူမှာ ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးတစ်ကောင်နှင့် ရင်ဆိုင်ရလျှင်တောင် သူ့ကိုယ်သူ အနည်းငယ် ခုခံနိုင်စွမ်း ရှိနေမည်ဖြစ်သည်။

နေ့ရက်များစွာကုန်ဆုံးသွားပြီး နေ့လယ်ခင်းတစ်ခု၌ ဝမ်ပေါင်လဲ့မှာ သူ၏ အိပ်ရာပေါ်တွင်လဲလျောင်းကာ နေ့လယ်စာစားထားသောကြောင့် ပြည့်တင်းနေသော သူ၏ ဗိုက်ကိုပွတ်နေရင်း ကျောင်းသားဟောင်းစုဝေးပွဲ တစ်ပွဲတက်ရောက်ရန်အတွက် ဖိတ်ကြားမှုတစ်ခုကို လက်ခံရရှိလိုက်သည်။

၎င်းမှာ တာအိုကျောင်းမှာ ကျောင်းသားများ၏ စုဝေးပွဲမဟုတ်ဘဲ သူ တာအိုကျောင်းသို့ မသွားခင် တက်ရောက်ခဲ့သော အခြေခံကျောင်းမှ ကျောင်းသားများ၏ တွေ့ဆုံပွဲဖြစ်သည်။ ယခုတွင် အားလပ်ရက်ကာလသို့ ရောက်နေသည်ဖြစ်ရာ သူတို့အကုန်လုံး အိမ်သို့ပြန်ရောက်နေကြပြီ ဖြစ်သောကြောင့် တွေ့ဆုံပွဲလုပ်ရန် သင့်တော်သော အချိန်တစ်ခု ဖြစ်၏။

” တွေ့ဆုံပွဲဆိုပါလား ”
ဝမ်ပေါင်လဲ့မှာ သူ၏ အိပ်ရာပေါ်တွင်ထိုင်ရင်း အသံလွှင့်လက်စွပ်ကို တောက်ပဝင်းလက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် အိပ်ရာထဲမှ ချက်ချင်းပင် ကုန်းရုန်းထလာပြီး အဝတ်အစားများလဲလိုက်၏။ ထို့နောက် သူသည် စိတ်လှုပ်တရှားဖြင့် သူ၏ မိခင်အား နှုတ်ဆက်စကားဆိုလိုက်ပြီး အိမ်မှထွက်ခွာလာတော့သည်။

ဝမ်ပေါင်လဲ့မှာ အခြေခံကျောင်းမှ အောင်မြင်ခဲ့ပြီးနောက် ယခုမှသာ သူ၏ အတန်းဖော်များနှင့် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်သည်။ ထိုတွေ့ဆုံပွဲကို စီစဉ်ကျင်းပပေးသည့်သူမှာ ဇာမဏီမြို့တော်၏ နာမည်ကျော်ကြားသော ယဉ်ကျေးမှုတည်းခိုခန်းသို့ သူတို့ကို ဖိတ်ခေါ်ထား၏။

ဝမ်ပေါင်လဲ့မှာ တည်းခိုခန်းသို့ ရောက်လာသောအခါ သူနှင့် ရှေ့ဆင့်နောက်ဆင့်ပင် တည်းခိုခန်းသို့ ရောက်လာခဲ့သော တုမင်ကို မြင်လိုက်ရသည်။ သူမမှာ တာအိုကျောင်း၏ တူညီဝတ်စုံကို ဆင်မြန်းထားခြင်းမရှိဘဲ သာမန် အဝတ်အစားများကိုသာ ဆင်မြန်းထားပြီး သူမ၏ ဆံပင်အား မြင်းမြီးပုံစံ ကျစ်ထား၏။ သူမမှာ သန့်သန့်ပြန့်ပြန့်နှင့် ချစ်စရာကောင်းနေပါသော်လည်း ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အကျင့်ပါနေသည့်အတိုင်း သူ့အား တင်းမာစွာ စိုက်ကြည့်လိုက်၏။

” ဘာလို့ နင်က အမြဲတမ်း ငါ့ကို စိုက်ကြည့်နေရတာလဲ။ ငါ ဒီနေ့ နင့်ကို ရန်မစရသေးဘူးလေ ”
ဝမ်ပေါင်လဲ့က မရွှင်မပျနှင့် ဆိုလိုက်သည်။

တုမင်ကိုယ်တိုင်မှာလည်း သူ့ကို မြင်လိုက်ရသည့် အချိန်တိုင်း သူ့အား စိုက်ကြည့်လိုသည့် ဆန္ဒများ တဖွားဖွား ပေါ်လာရသည့်အချက်ကို ရှင်းမပြနိုင်လောက်အောင် ဖြစ်နေ၏။ ထို့ကြောင့် သူမမှာ စိတ်ရှုပ်နေသည့် အမူအရာဖြင့် နှာမှုတ်လိုက်ပြီး ဝင့်ကြွားသော ဒေါင်းတစ်ကောင်ကဲ့သို့ ခေါင်းမော့ကာ ဝမ်ပေါင်လဲ့၏ဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။

” ရင်သေးတဲ့ လူတွေက တကယ်ကို စိတ်ဆတ်တာပဲ ”
ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏နောက်မှနေ၍ တည်းခိုခန်းထဲသို့ ဝင်သွားလိုက်သည်။ အတွင်းထဲသို့ရောက်သော် သူသည် တစ်ယောက်နှင့်တစ်ယောက် ရွှင်ပျစွာ စကားစမြည်ပြောဆိုနေကြသော လူများဖြင့် ပြည့်နှက်နေသည့် ခန်းမကြီးတစ်ခုကို မြင်လိုက်ရသည်။

ထိုခန်းမကြီးထဲတွင် ဝတ်စုံအပြည့် ဆင်မြန်းထားပြီး အထင်ကြီးစရာကောင်းသည့်ပုံ ပေါက်နေသော လူငယ်လေးတစ်ယောက်ရှိနေ၏။ သူသည် တွေ့ဆုံပွဲအား ဦးဆောင်ကျင်းပပေးနေသည့်ပုံ ပေါက်နေပြီး သူ၏ ရယ်မောသံမှာလည်း ကျယ်လောင်လွန်းနေသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် တုမင်တို့ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့အား တစ်ချက်မျှသာ ကြည့်လိုက်ပြီး တုမင်အား စိုက်ကြည့်ကာ နှုတ်ဆက်လိုက်၏။

” ငါတို့ရဲ့ အတန်းခေါင်းဆောင် နောက်ဆုံးတော့ ရောက်လာပြီဟေ့ ”
ထိုလူငယ်လေးမှာ ဝမ်းမြောက်ဝမ်းသာ ရယ်မောလိုက်ပြီး အခြားသူများကို လမ်းဖယ်ပေးရန် လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားလိုက်၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့ကိုမူ ခေါင်းသာညိတ်ပြလိုက်ပြီး သိပ်၍ အာရုံစိုက်မနေခဲ့ပေ။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ကွဲပြားသော ဆက်ဆံပုံကို သတိထားမိလိုက်သဖြင့် မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ သူတို့နှစ်ယောက်မှာ ကျောင်းတွင် ရှိခဲ့စဉ်ကတည်းက ရင်းရင်းနှီးနှီး မနေဖူးခဲ့သည်ဖြစ်ရာ သူသည် ထိုအကြောင်းကို ဆက်တွေးမနေတော့ဘဲ ထိုင်ချလိုက်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset