အပိုင်း (၉၂၉)

ငါမင်းကို ဘာလုပ်ရမလဲ

ပေ့ချိန်ရန်၊ ချင်ချီ၊ ရှင်းစန်း။

သည်ပါရမီရှင်များ မှာကား ပုံမှန်အားဖြင့် ပိုမို များပြားသော ဝှက်ဖဲများ ရှိပေသည်။

ရီဖူရှင်းနှင့် တခြားလူများက အောက်ဘုံမှသည် အထက်ဘုံသို့ တိုက်ခိုက် လာခဲ့ကြသော်လည်း သည်နေရာတွင် ဆိုးဝါးသော အဆုံးသတ်နှင့် ကြုံရပေလိမ့်မည်။

ရီဖူရှင်းက အဆက်မပြတ် နောက်ဆုတ် သွားသည်တွင် ပေ့ချိန်ရန်က မည်သို့ လက်လွှတ် မည်နည်း။ မရေမတွက်နိုင်သော ဓားအသိများ ဆင်းသက်လာကာ သူက ရှေ့သို့ တိုးလာသည်။ တိုက်ခိုက်ရေး စင်မြင့်ထက်တွင် အရိပ်ဓားတစ်ခု ပေါ်လာ၏။

“သွား”

ပေ့ချိန်ရန်က ရီဖူရှင်းထံသို့ လက်ညိုး ထိုးလိုက်သည်။ ချက်ချင်းပင် ထောင်ပေါင်း များစွာသော ဓားပုံရိပ်များက ရီဖူရှင်းထံသို့ လာရောက် ပိုင်းဖြတ်ကြ၏။ ထိုအရာများအား မည်သို့ တားဆီးမည်နည်း။

ကြယ်အလင်းများ ဖြာထွက်လာခဲ့ကာ အရံအတားတစ်ခု ဖြစ်ပေါ် လာသော်လည်း ရီဖူရှင်းကား ဓားများ အဆက်မပြတ် ထိုးသွင်း လာမှုတွင် နောက်သို့ တစ်ဆုတ်တည်း ဆုတ်နေရသည်။

သူကား ဖိနှိပ်ခံနေရသည်။ မရေမတွက်နိုင်သော တန်ခိုးရှင်များက တိုက်ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ရီဖူရှင်းကား ရှစ်လွှာတွင် အလွန် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့၏။

ရှစ်လွှာနှင့် ကိုးလွှာ၏ ကွာဟချက်က ထိုမျှ ကြီးမားသည်လား။

ထိုအခိုက်တွက် ကိုးလွှာ၌ တိုက်ပွဲကို ကြည့်နေသော လီချိန်ယွန်က မျက်မှောင် ကြုတ်လိုက်သည်။ သူက ရီဖူရှင်း၏ စွမ်းရည်ကို ကိုယ်တိုင် တွေ့ကြုံခဲ့သူ ဖြစ်သည်။ သူကား သေချာပေါက် ထိုမျှ အားမနည်းပေ။

အလင်း အရံအတားက တဖြည်းဖြည်း ယိုယွင်းလာကာ ရီဖူရှင်းမှာ ရုန်းကန် နေရသော အနေအထား ဖြစ်သည်။ ပေ့ချိန်ရန်က လေထဲတွင် ဝင့်ကြွားစွာ ရပ်လျက်ပြောသည်…

“မင်းက ငါထင်ထားတာထက် အားနည်းတာပဲ … အဆုံးသတ်ရအောင်”

သူ၏ အသံနှင့်အတူ အလင်းတစ်ချက် နှင့်အတူ ဓားတစ်လက် ပေါ်လာသည်။ ပုံရိပ်ကဲ့သို့ပင် ဓားကား လေဟာနယ်ကို ခွင်းကာ စစ်မှန်ခြင်းဖြင့် ဖြတ်သန်းသွားသည်။ ထိုဓားက လေထဲမှ ဓားအသိများကို စုစည်းကာ ရီဖူရှင်း၏ ခေါင်းပေါ်သို့ ဆင်းသက် လာခဲ့သည်။

ဓားအလင်းတန်း တစ်ခုက ကောင်းကင်မှ ဆင်းသက် လာသည်အား လူတိုင်းက မြင်ကြသည်။ လူအများစုမှာ ကြည့်ပင် မကြည့်ရဲကြတော့ပေ။

ရီဖူရှင်းက ထိုကျဆင်းလာသော ဓားအား မည်သို့ ကာကွယ် မည်နည်း။

သို့သော်လည်း ဓားသခင်၊ကျူးကော့မင်းယွီ၊ ဟွာဂျီယူနှင့် တခြားလူများက တည်ငြိမ်စွာ ကြည့်နေ ကြသည်။ သူတို့၏ အမူအရာများတွင် လုံးဝဥသုံ ယုံကြည်မှုများဖြင့် ပြည့်နေသည်။

ရီဖူရှင်း၏ စွမ်းရည်ကို သူတို့ထက် မည်သူက ယုံကြည်မည်နည်း။

ကောင်းကင် ကိုးလွှာကား ဘာမှ မဟုတ်ပေ။ ကောင်းကင် ဆယ်လွှာရှိလျှင်ပင် ရီဖူရှင်းက အလွယ်တကူ အနိုင် ရနိုင်ပေသည်။

“ဟင်”

ပေ့ချိန်ရန်က မျက်မှောင် ကြုတ်လိုက်သည်။ သူက တစ်စုံတစ်ခု ထူးဆန်း နေသည်အား ခံစားမိသည်။ အတွေး တစ်ချက်ဖြင့် ဓားစွမ်းအားများ လှုပ်ခတ်သွားကာ အရာခပ်သိမ်းအား ဖြတ်တောက် သွားသည်။ သို့သော်လည်း ကြည့်ရသည်မှာ သူ၏ သက်စောင့် ဝိညာဉ်က ချုပ်နှောင်ခံရဟန် ရှိသည်။

ဓားအလင်းအောက်တွင် ရီဖူရှင်း၏ ပုံပန်းသွင်ပြင်မှာ ထင်ရှား လာပြန်သည်။ သူကား လေထဲကို မော့ကြည့်ကာ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။ သူ၏ ခေါင်းထဲတွင်ကား မလှုပ်မယှက် တည်မြဲနေသော ဓားတစ်လက်ကို မြင်ကြရသည်။

ဓားအနီးတွင် ကြယ်အလင်းများ တောက်ပနေပြီး လေဟာနယ်က အေးခဲနေဟန် ရသည်။ ဓားကား ကြယ်တာရာ လောကဓာတ်နှင့် လောဟာနယ် ဓာတ်တို့အကြား ပိတ်မိနေဟန်ရ၏။

ပေ့ချိန်ရန်၏အမူအရာက ပျက်ယွင်း သွားသည်။

ထိုအခိုက်တွက် ပွဲကြည့်စင်မြင့်၌ စွေ့ရန်ရှန့် ထိုဓား၏ အမူအရာက ထက်ရှသွားသည်။ မိုလီနှင့် ဖန်းရှောင်တို့မှာလည်း ထိုနည်းတူ ဖြစ်သည်။

ရီဖူရှင်းက သူ၏ တကယ့် စွမ်းရည်ကို ဖုံးကွယ် ထားခဲ့သည်။ ထို့အပြင် သူကား ပေ့ချိန်ရန်၏ သက်စောင့် ဝိညာဉ်အား ပိတ်ဆို့ရန် ကြိုတင် အကွက် ချထားခဲ့၏။

သူက အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့သနည်း။

ကောင်းကင်ကိုးလွှာမှ လူများ အားလုံးက ထိတ်လန့်သော အမူအရာများ ဖြစ်လာခဲ့ကြသည်။ သူတို့ အားလုံးက ရီဝူချင်း၏ ဖြစ်စဉ်အား ပြန်တွေးမိကြသည်။

ပေ့ချိန်ရန်က ရီဝူချင်း၏သက်စောင့်ဝိညာဉ်အား ထုတ်ယူသွားခဲ့သည်။

ဤတွင် လူအများအပြား၏ စိတ်နှလုံးများ အပြင်းအထန် တုန်ယင် လာကြတော့သည်။

မာန်သွင်း အော်ဟစ်သံ တစ်ခုနှင့်အတူ ရွှေလူဝံကြီး တစ်ကောင် ရီဖူရှင်း၏ နောက်၌ ဖြစ်ပေါ်လာသည်။ ရွှေလူဝံကြီးက လက်ဆန့်တန်းကာ ပေ့ချိန်ယွန်၏ ဓားဝိညာဉ်အား လှမ်းဆုပ် လိုက်၏။

ထိုအခိုက်တွင် ရီဖူရှင်းမှာလည်း လေထဲသို့ တက်လာသည်။ မရေမတွက်နိုင်သော ဓားအသိများမှာ သူ၏ ကြယ်တာရာ အရံအတားကို ကျော်ဖြတ်နိုင်ခြင်း မရှိကြတော့ပေ။ ထိုအခိုက်တွင် ရီဖူရှင်းကား မည်သူမှ လက်လှမ်း မမှီနိုင်သော ဖြစ်တည်မှု ဖြစ်သည်။

မကြာမှီ ရီဖူရှင်းက ပေ့ချိန်ရန်၏ ရှေ့သို့ အထိ မြင့်တက် လာခဲ့သည်။ ရွှေလူဝံကား ပေ့ချိန်ရန်၏ သက်စောင့် ဝိညာဉ်အား ဆုပ်ကိုင် ထား၏။

“ကျွန်တော် ပြီးပြီ”

ရီဖူရှင်းက ပြောသည်။ သို့သော်လည်း သူက ပေ့ချိန်ရန်ကို ပြောခြင်း မဟုတ်ပေ။

“ကောင်းပြီ”

စင်မြင့်ထက်တွင် ဂူတုံးလျိုက ခေါင်းညိတ်သည်။

ထိုအခိုက်တွင် ဂူတုံးလျို၏ သက်စောင့်ဝိညာဉ်မှာ ပိုမို၍ လင်းလက်လာခဲ့သည်။ နတ်ဘုရားကိုးပါးက အရပ်မျက်နှာ ကိုးခု၌ နေရာယူကြကာ သူတို့က တစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး ဂူတုံးလျို၏ နောက်၌ ဖြစ်ပေါ် လာခဲ့ကြသည်။

ထိုအခိုက်တွင် ဂူတုံးလျို၏ ကိုယ်ရောင်ကိုယ်ဝါက အားကောင်းလာခဲ့ပြီး ကောင်းကင်နှင့် ပေါင်းစပ်သွားသည်။ သူက ခေါင်းမော့ကာ ချင်ချီအား ကြည့်သည်။ သူ၏ ကူကျိတံဆိပ်တော်ကိုးခုမှာ ရောင်စဉ်များ လင်းလက် တောက်ပလျက် လေထဲ လှည့်ပတ်ကြပြီး နေရာတိုင်းတွင် ရှိနေဟန်ရသည်။

ချင်ချီ မျက်မှောင် ကြုတ်လိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။ ထိုအခိုက်တွက် ဂူတုံးလျိုမှာ နေရာတိုင်း၌ ရှိသည်ဟု သူခံစားရသည်။ ထိုအရာက ဂူတုံးလျို၏ စိတ်က ကောင်းကင်နှင့် ပေါင်းစပ် သွားခြင်းကြောင့် ဖြစ်ကြောင်း သူနားလည်သည်။ ရှိရှိသမျှသော စွမ်းအားများကို သူသာ အသုံးပြုခွင့် ရသွားဟန် ရှိသည်။

ထိုအရာက မည်သည့် စွမ်းရည်နည်း။

သူ၏ စွမ်းရည်များအား အမြင့်ဆုံးသို့ မြှင့်တင် လိုက်ပြီးနောက် ချင်ချီက ရှေ့သို့ တက်လာကာ ကောင်းကင်နှင့် မြေပြင်အား ဖိနှိပ်ရန် ကြိုးစား၏။ သန့်စင်သော သွေးနဂါးနှင့် မျှော်စင်တို့မှာ ဂူတုံးလျိုထံသို့ တိုးဝင်သွားကြ၏။ သင်္ကေတကိုးခုက ဂူတုံးလျိုကို ရစ်ပတ်ကြကာ အလင်းအရံအတား ဖြစ်စေ၏။ အင်အားနှစ်ခု ရင်ဆိုင် တွေ့မိသည်တွင် ဘုန်းခနဲမည်ကာ နှစ်ဖက် စွမ်းအားများ ကြေပျက် သွားရသည်။

ဂူတုံးလျိုက ခေါင်းမော့လိုက်သည်။ ထိုအခိုက်တွင် သူကား ထူးဆန်းသော ခံစားချက် တစ်ခုအား ရသည်။ မဟာလမ်းစဉ်၏ စွမ်းအားမှာ ဂူတုံးလျိုနှင့် ပေါင်းစပ်နေဟန် ရပြီးသူကား အလုံးစုံ အပိုင်စိုးရသူ ဖြစ်သည်။ ကောင်ကင်မှ တံဆိပ်တော်များ၌ အလင်းတန်းများ ဖြာထွက် လာခဲ့ကာ အောက်ကို ဆင်းသက် လာခဲ့ကြသည်။

“သွား”

ဂူတုံးလျိုက ပြောသည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး ဂူတုံးလျို ရှိနေသည်ဟု ချင်ချီ ခံစားရသည်။ တံဆိပ်တော်များမှ ဖိနှိပ်ခြင်း လောကဓာတ်၊ ဖျက်ဆီးခြင်း ဓာတ်နှင့် ထွင်းဖောက်ခြင်း ဓာတ်များ … စသည့် လောကဓာတ် များစွာ ဆင်းသက်လာကြ၏။

ထိုအခိုက်တွင် ဂူတုံးလျိုကား နတ်ဘုရား တစ်ပါးအလား ချင်ချီ၏ ရှေ့တွင် ရပ်နေပြီး လက်ကို ဝှေ့ယမ်း လိုက်သည်။ သူ့နောက်တွင် နတ်ဘုရား ပုံရိပ်ကလည်း သူနှင့် ပုံတူလိုက်တုကာ တိုက်ခိုက် လိုက်ဟန် ရသည်။ မရေမတွက်နိုင်သော သင်္ကေတများ ဖြစ်ပေါ်လာပြီး ချင်ချီထံသို့ ဆင်းသက် လာခဲ့ကြရာ ချင်ချီကလည်း မာန်သွင်း အော်ဟစ်လျက် ရစ်ခွေနဂါးနှင့် မျှော်စင်တို့အား ဆင့်ခေါ်ခုခံသည်။

ဘန်း … ကျယ်လောင်သော အသံနှင့်အတူ ချင်ချီကား မြေပြင်ပေါ်၌ ပြားကပ်သွားကာ သူ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်သည်။

“ကျင့်ကြံခြင်းမှာ အကန့်အသတ် မရှိဘူး … အောက်ဘုံက လူတွေ ဘာလို့ အထက်ဘုံမှာ မလွှမ်းမိုး နိုင်ရမှာလဲ”

ဂူတုံးလျို၏ အသံက ကျူးထန်နန်းတော် တစ်ခုလုံးကို ရိုက်ခတ် သွားသည်။ အားလုံးကလည်း ထိုပြိုင်ဘက်ကင်း စစ်နတ်ဘုရား အလား ပါရမီရှင်ကို အံ့အားသင့်စွာ ကြည့်ကြ၏။

သူတို့အားလုံး အလှည့်စား ခံလိုက်ရကြပြီ။ ကျူးထန် အဆင့်ဝင် ချင်ချီကား ဂူတုံးလျိုကို မနိုင်ပေ။

တစ်ဘက်တွင်ကား ယူချင်းက နောက်ဆုတ်ပေးခြင်း မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ကို ရွှေရောင် အလင်းတန်းများ ဖြတ်သန်းသွားကာ အဆုံးအစမဲ့သော ခွန်းအားများ သူ့ထံသို့ စီးဆင်း လာကြတော့သည်။

ဘုန်း…

ကျယ်လောင်သော အသံနှင့်အတူ ယူချင်းအား ရိုက်နှက်သော ရှင်းစန်း၏လက်မှာ နာကျင်မှုကြောင့် အဆက်မပြတ် တုန်ယင်သွား၏။ သို့သော်လည်း တချိန်တည်းမှာပင် ယူချင်းကလည်း ရင့်သီးစွာ ရပ်လျက် သူ့ရှေ့မှ ရှင်းစန်းကို ကြည့်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှင်းစန်းက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ယူချင်းကို ကြည့်သည်။ သို့သော်လည်း ယူချင်းက သူ့အား ကြည့်သည်…။

“အားနည်းတဲ့လူက တခြားလူတွေရဲ့ အခွင်အလမ်းကို လုယူခွင့်မရှိဘူး …”

သူ၏ အသံနှင့်အတူ ယူချင်း၏ လက်ဝါးက လေဟာနယ်ကို ခွင်းကာ ရှင်းစန်းထံသို့ တိုးဝင်လာသည်။ ရှင်းစန်းက သူ၏လက်ဝါးဖြင့် ပြန်လည် ရိုက်နှက်ကာ နောက်ကို ဆုတ်သည်။ သို့သော်လည်း ယူချင်းကား အလွန်မြန်သည်။

ဘုန်း …

အလွန် ကျယ်လောင်သော အသံနှင့်အတူ သူ၏ အရိုးများ၊ အသားများနှင့် ကလီစာများ အားလုံး ကြေသွားသည်ဟု ခံစားရပြီး နောက်သို့ ဝေးလံစွာ လွင့်စင်သွားသည်။

ကျူးထန်နန်းတော်တွင် မရေမတွက်နိုင်သော အကြည့်များ အေးခဲသွားကြသည်။

အခြေအနေက တစ်ခဏအတွင်း၌ ပြောင်းပြန် ဖြစ်သွားသည်။

ရီဖူရှင်း၊ ဂူတုံးလျိုနှင့် ယူချင်းတို့က ကျူးထန်အဆင့် တန်ခိုးရှင်များ အားလုံးကို ချိုးနှိမ်ခဲ့ကြသည်။

သူတို့၏ စိတ်နှလုံးများက ပြင်းထန်စွာ တုန်ယင်နေကြ၏။ ပေ့ချိန်ရန်၏ သက်စောင့်ဝိညာဉ်ကား ရီဖူရှင်း၏ လက်ထဲတွင် ဖြစ်သည်။ ထိုအခိုက်တွင် ပေ့ချိန်ရန်၏ ယုံကြည်မှုများ အားလုံးမှာ ပျေက်ကွယ်သွားပြီ ဖြစ်သည်။ ဘေးတွင် ဖြစ်ပျက်နေသော တိုက်ပွဲနှစ်ခု အခြေအနေက တစ်ချိန်လုံး ရီဖူရှင်းက သူ့အား လှည့်စား ကစားနေခြင်းသာ ဖြစ်ကြောင်း နားလည် စေသည်။

ပေ့ချိန်ရန်က ရီဖူရှင်းအား လှမ်းကြည့်သည်တွင် သရော်လှောင်ပြောင်သော အပြုံးတစ်ခုသာ မြင်ရသည်။

“အခု ငါမင်းကို ဘာလုပ်ရမလဲ”

ရီဖူရှင်းက တည်ငြိမ်စွာ မေးသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset