Switch Mode

အပိုင်း (၉၂၅)

ကိုးလွှာသို့ အတူတူ

မရေမတွက်နိုင်သော လူများက ရှစ်လွှာမှ စင်မြင့်အား ကြည့်နေ ကြသည်။ နတ်ငှက်နှင့် လူဝံက ရှိရှိသမျှသော ကိုယ်ပွားများအား သုတ်သင်ပြီး ဖြစ်၏။ နတ်ဘုရားအလား သဏ္ဌာန်က လေထဲကို ခုန်တက်ကာ လက်ဝှေ့ယမ်းလျက် အဆုံးအစမဲ့သော အမှုန်အမွှား အလင်းတန်းများအား ကျဆင်းစေ၏။ ထိုအခိုက်တွင် မုဖန်းချန်းထံသို့ ကြယ်တာရာများ ကျဆင်း လာသည်ဟု အားလုံးက ခံစားကြရသည်။

မုဖန်းချန်း၏ကြိုးစား ခုခံမှုများမှာ မည်သို့မှ အရာမထင်ခဲ့ပေ။ သူကား မြန်ဆန်စွာပင် မြေပြင်ပေါ်၌ သွေးပွက်ပွက်အန်၊ ပျော့ခွေလျက် လဲလျောင်း နေရတော့သည်။ မုဖန်းချန်းကဲ့သို့ အားကောင်းသူပင် ရီဖူရှင်းနှင့် တစ်ယောက်ချင်း ယှဉ်တိုက်ရာ၌ ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်ရသည်။

ကွာဟချက်ကား ကြီးမားလွန်းရကား ရီဖူရှင်းမှာ သူ၏နေရာတွင်သာ အေးဆေးစွာ ရပ်လျက် သူဆင့်ခေါ်သော သက်စောင့် ဝိညာဉ်များ၊ ရှေးနတ်ဘုရားများ ကိုသာ စေခိုင်း တိုက်ခိုက်စေ၏။ သူ၏ ဝင့်ကြွားသော ဟန်ပင်က အမှန်တကယ်လည်း ပြည်နယ်ကိုးခုမှ ပြိုင်ဘက်ကင်း တစ်ယောက်၏ ဂုဏ်ဒြပ်များအား ခံစားကြ ရစေသည်။

ရှစ်လွှာမှ မရေမတွက်နိုင်သော လူများမှာ ထိတ်လန့် သွားကြသည်။ ကျောက်ရှီကား ခေါင်းငုံ့ကာ ရလဒ်အား မကြည့်ရဲတော့ပေ။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲလာကာ တင်းကျပ်သော ခံစားချက်အား ရသည်။ သူမက လေးစား အားကျကာ ယုံကြည် ကိုးကွယ်ရသူကား ယခု သူစိမ်း တစ်ယောက်၏လက်ထဲတွင် ကစားစရာ တစ်ခုအလား လွယ်ကူလွန်း နေသည်။

တစ်စုံတစ်ခု ပျက်စီး သွားရသည့် ခံစားချက်ကို ရကာ သူမက စိတ်နှလုံးထဲမှ နာကျင်မှုကို ရ၏။ ဝမ်းနည်းမှုက သူမကိုယ်တိုင် အတွက်လား၊ မုဖန်းချန်း အတွက်လား ကိုလည်း မသဲကွဲပေ။

ရီဖူရှင်းက ပရိသတ်များ မည်သို့ တွေးသည်ကို ဂရုမစိုက်ပေ။ သူ၏မျက်လုံးများက စူးရှသွားကာ နတ်ငှက်နှင့် လူဝံတို့က အနီးတစ်ဝိုက်မှ တန်ခိုးရှင်များအား ဆက်လက်၍ တိုက်ခိုက်တော့သည်။ ရှေးနတ်ဘုရား ခန္ဓာကိုယ်မှ ပိုမို အားကောင်းသော အမှုန်အမွှားလေးများ လှည့်ပတ် ဖြစ်ပေါ်လာ၏။

ဘုန်း… ဘုန်း…

နတ်ငှက်က လှံရှည်ဖြင့် ဝှေ့ယမ်းလိုက်လျှင် ကျယ်လောင်သော အသံနှစ်ချက် ထွက်လာသည်။ ထိုတိုက်ခိုက်မှုကြောင့် ကောင်းကင်ကပင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားဟန် ရ၏။ လူဝံက သူ၏နှင်တံဖြင့် ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်အား အသုံးပြု၍ ရိုက်နှက်သည်တွင် ပါရမီရှင် နှစ်ယောက်အား အတွင်း ဒဏ်ရာများ ရစေသည်။

“တိုက်ကြ…” ဝမ်ကျင့်က ပြောသည်။ သူ့တစ်ယောက်တည်းဖြင့် ရီဖူရှင်းကို မယှဉ်နိုင်သည်ကို သူနားလည် လိုက်သည်။ တကယ့် စွမ်းအားဖြင့် ရင်ဆိုင်ရရာတွင် မာနတရားက အရေးမကြီးတော့ပေ။

တခြားလူများက ရှေးနတ်ဘုရား သူတို့ထံသို့ တိုးဝင် လာသည်ကို မြင်လျှင် ပြင်းထန်သော လောကဓာတ်များအား ထုတ်လွှတ်ကာ အမှုန်အမွှားများအား ဖောက်ထွင်းလျက် ရီဖူရှင်းအား တိုက်ခိုက်ကြသည်။

သို့သော်လည်း ရီဖူရှင်းကား ထိုတိုက်ခိုက်မှုများအား အပြည့်အဝ ထိန်းချုပ်ပြီး ဖြစ်သည်။ တန်ခိုးရှင်များက သူ့ထံသို့ တိုးဝင် လာသည်ကို မြင်သည့်တိုင် ရီဖူရှင်းကား ငြိမ်သက် အေးဆေးနေသည်။ သူက လက်ကို မြှောက်လိုက်ကာ ကောင်းကင် အေးခဲဓာတ်အား ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက ကြယ်တာရာ ထောင်ချောက် တိုက်ကွက်အား ထုတ်ဖော်သည်။

စင်မြင့်ကား ချက်ချင်းပင် ကြယ်များဖြင့် ဖုံးလွှမ်း သွားဟန်ရသည်။ ရီဖူရှင်းထံသို့ လာရောက် တိုက်ခိုက်သူများ အားလုံးမှာ ကြယ်တာရာ ထောင်ချောက် အတွင်း၌ ပိတ်မိနေပြီး လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားကြသည်။

“ပျက်စမ်း…” ဝမ်ကျင့်၏ ခန္ဓာကိုယ်ထံမှ အလင်းများ ကွဲထွက်လာခဲ့ကာ ကြယ်တာရာ ထောင်ချောက်အား ကွဲထွက်စေလျက် ရီဖူရှင်းထံသို့ ခုန်အုပ်လိုက်သည်။ နောက်တစ်ယောက် ကလည်း ပုံရိပ်တစ်ထောင် တိုက်ကွက်ကို အသုံးပြုကာ ရီဖူရှင်းအား အဆက်မပြတ် တိုက်ခိုက် လာသည်။

မည်သို့ဆိုစေ သူတို့အားလုံးမှာ ရှစ်လွှာမှ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြပြီး မိုရှီအဆင့် အမြင့်ဆုံး၌ ရှိကြသည်။ ရီဖူရှင်းက သူ၏လက်ကို ဆန့်တန်း လိုက်သည်တွင် အလွန် လင်းလက်သော ရွှေရောင်လှံရှည် တစ်လက် ပေါ်လာသည်။ လက်နက်ကား သတ္တုဓာတ် ဖွဲ့စည်းခြင်းမှ ဖြစ်လာခြင်း ဖြစ်သည်။ လှံရှည်ကို ကြောက်မက်ဖွယ် လောကဓာတ် မုန်တိုင်းများ ရစ်ပတ်လာပြီး ထိုအခိုက်တွင် ရီဖူရှင်းက လှုပ်ရှား လိုက်သည်။

တန်ခိုးရှင် တစ်ယောက်က ပုံရိပ်ယောင်များ အဖြစ် အဆက်မပြတ် ပြောင်းလဲကာ ကြီးမားသော စွမ်းအားဖြင့် ရောက်လာခဲ့သည်။ ရီဖူရှင်းကား သူ၏လှုပ်ရှားမှုများအား ဂရုမစိုက်ပေ။ သူက လျှပ်တစ်ပြက်ပင် ရှေ့ကို တက်ကာ လှံရှည်အား ဝှေ့ယမ်း လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအား မုန်တိုင်းတစ်ခု ဖြစ်ပေါ် လာခဲ့သည်။ ချက်ချင်းပင် ပုံရိပ်ယောင်များမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွား၏။

လှံရှည်တစ်ချက် ဝင်းလက် သွားသည်။ လူတစ်ယောက်မှာ လေထဲ၌ ရွေ့လျားခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ပခုံးအောက်မှ အရာအားလုံးကို အပိုင်းအစများ အဖြစ် ဖျက်ဆီး နိုင်စွမ်းသော စွမ်းအားတစ်ခု ရှိနေသည်ကို ခံစားရသည်။

ရီဖူရှင်းက လက်ကို လှုပ်ယမ်း လိုက်သည်တွင် တစ်ဖက်လူမှာ နောက်သို့ လွင့်စဉ် သွား၏။ ရီဖူရှင်းက လှံရှည်အား ကိုင်ကာ ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။ တစ်ဖက်လူများက သူတို့၏ ထောင်ချောက်မှ လွတ်မြောက် လာကြသည်တွင် ရီဖူရှင်းက တစ်ဖန် လက်ဆန့်တန်း လိုက်ပြန်သည်။ သူ၏အနီးမှ အချိန်နှင့် လေဟာနယ်မှာ ရပ်တန့် သွားတော့၏။

ဘုန်း … ရီဖူရှင်း၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် မြန်ဆန်လာသည်။ အဆုံးအစမဲ့သော အလင်းများ လှံရှည်ကို စီးဆင်းသွားကာ ငွေရောင် လောကဓာတ် အသိတစ်ခုက ပတ်ဝန်းကျင်သို့ လွှမ်းခြုံလာ၏။

လှံရှည်က ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။ အလင်းတန်းက လေထုကို ခွင်းကာ ကြယ်တာရာ ထောင်ချောက်ထံသို့ တိုက်ရိုက် ရောက်လာခဲ့သည်။ လောကဓာတ်က တစ်ပြိုင်နက်တည်း ပေါက်ကွဲလာခဲ့ကာ ကြယ်တာရာ ထောင်ချောက်အတွင်း ပိတ်မိသူများ အားလုံးက သူတို့၏ ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစ ဖြစ်တော့မည့် အလား ခံစားရသည်။ သူတို့အားလုံး၏ မျက်နှာများ ပြာနှမ်း သွားကြ၏။

ဝမ်ကျင့်က သူ့ထံသို့ တိုးဝင်လာသည်ကို မြင်လျှင် ရီဖူရှင်းက လှံရှည်အား ပြင်းထန်သော အားဖြင့် ပစ်လွှတ်လိုက်သည်။ အလင်းတန်းက လေဟာနယ်ကို ခွင်းကာ ဝမ်ကျင့်ထံသို့ ထွင်းဖောက် ဝင်ရောက်လာခဲ့သည်။ လှံရှည်ကား တားဆီး၍ မရပေ။

ဝမ်ကျင့်က လွန်စွာ ထိတ်လန့်သွားပြီး ရှိရှိသမျှသော စွမ်းအားများကို စုစည်းကာ လှံရှည်အား ခုခံ၏။ သို့သော်လည်း လှံရှည်က သူ၏ အတားအဆီးများ အားလုံးကို ကျော်ဖြတ် ရောက်ရှိလာခဲ့ကာ ထိုအခိုက်၌ သူက အလွန်တရာ နာကျင်မှုကို ခံစားလိုက် ရသည်။ ပါးစပ်မှ သွေးများ စီးကျလာခဲ့ကာ သူကား စင်မြင့် ထောင့်စွန်း တစ်နေရာ၌ ပုံလျက်သား လဲကျသွားခဲ့၏။

နတ်ငှက်၊ လူဝံနှင့် နဂါးကြီးတို့က ကြီးမားသော စွမ်းအားများနှင့်အတူ တိုက်ပွဲအား စတင် ရှင်းလင်း တော့သည်။ ရင်ဆိုင် တိုက်ခိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ကာ မကြာခင် စင်မြင့်ထက်မှ တန်ခိုးရှင်များ အားလုံး ဒဏ်ရာများ ရသွားကြတော့သည်။ အားလုံးက ရီဖူရှင်းအား မျက်နှာများ ပြာနှမ်းလျက် ကြည့်နေကြ၏။

ယခု အဆုံးအစမဲ့သော ဂုဏ်သရေများ လွှမ်းခြုံထားသော ရီဖူရှင်းက နတ်ဘုရား တစ်ပါးအလား ပြိုင်ဘက်များအား ငုံ့ကြည့်နေသည်။ သူက ရှစ်လွှာမှ ပါရမီရှင်များ အားလုံးကို တစ်ယောက်တည်းဖြင့် အသာစီးယူ တိုက်ခိုက်ခဲ့သည်။

“ဒါက တစ်ခုခုပဲ….” ကျူးထန်နန်းတော်မှ မရေမတွက်နိုင်သော လူများ အားလုံးက ထိုပြိုင်ဘက်ကင်း ပါရမီရှင်အား ငေးမော ကြည့်နေကြသည်။

“ပြည်နယ်ကိုးခု ရီဖူရှင်းက ကိုးလွှာသို့တက်ပြီး ကျူးထန်အဆင့်မှာ မှတ်တမ်းတင် ခံရမယ်…”

စင်မြင့်ထက်မှ ကြီးကြပ်သူက ရီဖူရှင်းအား ကိုးလွှာသို့ တက်ရောက် ယှဉ်ပြိုင်ခွင့် တံဆိပ်ပြားအား ပေးသည်။ ရီဖူရှင်း၏ နာမည်ကား ယခု ကျူးထန် အဆင့်တွင် ရေးထွင်း ထားတော့မည် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက ထိုအရာများအား စိတ်မဝင်စားပေ။ သူက ကိုးလွှာသို့ ကြည့်ကာ လှံရှည်ဖြင့် ချိန်ရွယ်သည်။ သူ၏နောက်ထပ် တိုက်ပွဲမှာ ကျူးထန်အဆင့်မှ ပေ့ချိန်ရန်နှင့် ဖြစ်ပေမည်။

သူ၏တမင် ရန်စသော အပြုအမူက အားလုံးကို ပိုမို၍ စိတ်လှုပ်ရှား စေသည်။ ထိုနေရာ တစ်ခုလုံးအား လက်ခုပ် သြဘာသံများဖြင့် လျှံသွား၏။ အကယ်၍ တစ်စုံ တစ်ယောက်က တကယ့်စွမ်းရည် မရှိဘဲ ဟန်ရေးပြပါက လူအများက လှောင်ပြောင် ရယ်မော ကြပေမည်။ သို့သော်လည်း ရီဖူရှင်းကား တခြား လူများနှင့် မတူသော စွမ်းရည်များအား ပြသခဲ့ပြီး ဖြစ်သည်။

ပေ့ချိန်ရန် ပြောခဲ့သည်မှာ ယနေ့တွင် ရီဖူရှင်းတို့က အကြောက်တရားနှင့် လေးစားမှုတို့အား သင်ယူရလိမ့်မည် ဟူ၏။ သို့သော်လည်း ယခုတွင် ရီဖူရှင်း၏လှံရှည်က ကိုးလွှာသို့ ချိန်ရွယ် ထားသည်။

ထိုလှုပ်ရှားဟန်က အားလုံးကို ရူးသွပ် သွားစေလောက် ပေသည်။

“ယူချင်းရဲ့ စင်မြင့်ကို ကြည့်လိုက်…” လူအများအပြားက တခြား စင်မြင့်နှစ်ခုအား ကြည့်လိုက် ကြသည်။ ယူချင်းက သူ၏မိစ္ဆာနှင့် ဗုဒ္ဓ ပေါင်းစပ် စွမ်းအားကို ထုတ်လျှင် သူ၏ ပြိုင်ဘက်များမှာ မည်သို့မှ ခံနိုင်ရည် မရှိကြပေ။ ရီဖူရှင်းကဲ့သို့ပင် သူက ပြိုင်ဘက်များထံသို့ တစ်ပြိုင်နက်တည်း သွားရောက် တိုက်ခိုက်သည်။

ယူချင်းနှင့် တိုက်ခိုက်ရ သူများကား ပိုမို၍ အခြေအနေ ဆိုးသည်။ ခုခံသည်ဖြစ်စေ၊ မခုခံသည်ဖြစ်စေ ယူချင်း၏ လက်ဝါးရိုက်ချက် တစ်ချက်က တစ်ယောက်အား ပုံလျက်သား လဲကျစေရန် လုံလောက်ပေသည်။ တခြား တစ်ဖက်တွင် ယူချင်းကား တခြားလူများ၏ တိုက်ခိုက်မှုများအား သည်အတိုင်း လျစ်လျူရှု ထားသည်။ ထိုမျှ ကြောက်မက်ဖွယ် ကြံ့ခိုင် သန်စွမ်းမှုနှင့် ခွန်အား ကြီးမားမှုတို့က ပြိုင်ဘက်များအား အလွန်အမင်း ကြောက်ရွံ့ စေတော့သည်။

“ယူချင်းလည်း အနိုင်ရလိမ့်မယ်…” တိုက်ပွဲအား ကြည့်နေကြသူများ အားလုံးက တထစ်ချ ပြောကြသည်။ သူတို့ နှစ်ယောက်လုံးက ကိုးလွှာသို့ တက်ကြ ပေလိမ့်မည်။

“ဂူတုံးလျိုလည်း အသာရနေတယ်…” နောက်ထပ် စင်မြင့်တစ်ခုတွင် ဂူတုံးလျိုက သူ၏ ပြိုင်ဘက်အား အထက်စီးမှ တိုက်ခိုက် နေသည်။

ထိုမြင်ကွင်းက ပရိသတ်များအား တုန်လှုပ်စေသည်။ သူတို့ သုံးယောက်လုံးက ကောင်းကင် ကိုးလွှာသို့ တက်ရောက် ကြတော့မည်လား။

“မောင်ငယ်လေးနှင့် ယူချင်းတို့က အရမ်း တော်လာတယ်… သူတို့က အထက်ဘုံမှာ ငါတို့နဲ့အတူ လိုက်ပြီး မလေ့ကျင့်ခဲ့ပေမဲ့ သူတို့ကလည်း ပျင်းရိနေကြဟန် မတူဘူး…” ကျူးကော့မင်းယွီက ရီဖူရှင်းနှင့် ယူချင်းတို့အား ကြည့်ကာ ပြောသည်။ သူတို့ကား ကောင်းကင် လှေကားမှ တက်ရောက်ကာ ကျူးထန်အဆင့်သို့ တက်လှမ်း လာကြ၏။

ပေ့ချိန်ရန်ကား သူ လုပ်ခဲ့သည့်အတွက် ပြန်ပေးဆပ် ရပေတော့မည်။

“ဟုတ်တယ်…” ဓားသခင်ကလည်း ခေါင်းညိတ်သည်။ ယခင်က သူတို့အားလုံးမှာ ရီဖူရှင်းကို ဂရုစိုက် ပေးခဲ့ကြသော်လည်း ယခုကား သူက သူ၏စီနီယာများထက် အားမနည်းတော့ပေ။

ဓားသခင်နှင့် ကျူးကော့မင်းယွီတို့ နှစ်ယောက်လုံးမှာ ကျေနပ် နှစ်သိမ့်ကြရသည်။ နောက်နှစ် အနည်းငယ် အတွင်းတွင် ရီဖူရှင်းအား ရှန့်ထိုအဆင့် အောက်၌ မည်သူကမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်တော့ပေ။ ထိုအချိန် ရောက်သောအခါ ကျောက်ပြည်ထောင်မှ ရှန့်ထို မဟုတ်သူများ အားလုံး၏ အဆုံးသတ်ကို ရောက်ပေလိမ့်မည်။

နောက်ထပ် ဘုန်းခနဲ မြည်သံနှင့်အတူ ယူချင်းက သူ၏ နောက်ဆုံး လက်ကျန် ပြိုင်ဘက်အား လွင့်စဉ်စေသည်။ သူ၏ ကြီးမား သန်မာသော ခန္ဓာကိုယ်က စင်မြင့်ထက်တွင် ဝင့်ကြွားစွာ ရပ်နေ၏။

ယနေ့တွင်  ကောင်းကင် ကိုးလွှာသို့ တက်ရောက်နိုင်သော ဒုတိယ လူတစ်ယောက် မွေးဖွားလာခဲ့သည်။

ဂူတုံးလျို၏ စင်မြင့်ထက်တွင် လီဖန်းမှာ တဖြည်းဖြည်းနှင့် ဂူတုံးလျိုအား ရင်မဆိုင်နိုင် ဖြစ်လာရသည်။ အဆက်မပြတ်သော တိုက်ခိုက်မှုများ အောက်၌ နောက်ဆုံးတွင် ရိုက်ချက်များကို တောင့်မခံနိုင်တော့ဘဲ အရိုက် ခံရတော့သည်။ သူ့ခန္ဓာကိုယ်က အလင်း အရံအတားနှင့် တိုက်မိကာ မြေပြင်ပေါ်သို့ ကျသည်။ လီဖုန်းမှာ တိုက်ပွဲအား ရှုံးနိမ့်ခဲ့၏။

တိုက်ပွဲများ ပြီးဆုံးသွားသည်တွင် ကျူးထန် နန်းတော်က ခတ္တခဏမျှ တိတ်ဆိတ် သွားသည်။ သို့သော် ခဏချင်း၌ပင် ပိုမို အားကောင်းသော ချီးကျူး ဂုဏ်ပြုသံများ၊ လက်ခုပ်သြဘာသံများ ထွက်ပေါ် လာတော့သည်။

အောက်ဘုံမှ တန်ခိုးရှင် သုံးယောက်က ယနေ့တွင် တစ်ချိန်တည်း၌ ကျူးထန် နန်းတော် ကိုးလွှာသို့ တက်လှမ်း နိုင်ခဲ့ကြသည်။

လူအများအပြားက အောက်ဘုံမှ လူသုံးယောက်အား လာရောက် အားပေးကြသည်။ အမှန်တကယ်အားဖြင့် သည်ကိစ္စတွင် ပေ့ချိန်ရန်ကသာ တစ်ဖက်လူ၏ သက်စောင့်ဝိညာဉ်ကို မတရား လုယက်ခဲ့သူဖြစ်ရာ အများစုမှာ ရီဖူရှင်းတို့ဘက်မှ ထောက်ခံ အားပေး ကြပေသည်။

ရီဖူရှင်းတို့က တခြားလူများ ဘာတွေး နေသည်ကို သိပ်ဂရုစိုက်သည်တော့ မဟုတ်ပေ။ သူတို့တွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ အကယ်၍ ပေ့ချိန်ရန် ကိုးလွှာတွင် သူတို့အား စောင့်ဆိုင်းနေသည် ဆိုပါက ကိုးလွှာသို့ တက်ပေမည်။

ရှစ်လွှာမှ တိုက်ပွဲမြင်ကွင်းများ ပျောက်ကွယ်သွားပြီး ဖြစ်သည်။ မရေမတွက်နိုင်သော လူများက ကိုးလွှာသို့ စတင် တက်ရောက်ရန် ကြိုးစား ကြတော့သည်။

ရီဖူရှင်း၊ ယူချင်းနှင့် ဂူတုံးလျိုတို့က စင်မြင့်ထက်မှ ဆင်းလာကာ ရီဝူချင်းကို တစ်ချက် ကြည့်ပြီး တခြားလူများအား ပြောသည်… “သွားကြမယ်…”

ထို့နောက် သူတို့က ကိုးလွှာသို့ ဦးတည် လိုက်ကြတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset