ကျူးထန်နန်းတော် အတွင်း၌ အော်ဟစ် အားပေးသံများ နေရာတိုင်း၌ ဆူညံစွာ ထွက်ပေါ်နေသည်။ ကောင်းကင် အလွှာတိုင်း၌ မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သို့တိုင်အောင် ယနေ့တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိသေးပေ။ မည်သူကမှလည်း တခြားသော တိုက်ပွဲများအား စိတ်မဝင်စားကြပေ။
ယနေ့ ရောက်လာသူများ အားလုံးမှာ ရှစ်လွှာ၌ စတင် တိုက်ခိုက်မည့် အချိန်အခါကို စောင့်ဆိုင်း နေကြသည်။
သူတို့အားလုံးက အောက်ဘုံမှ တက်လှမ်း လာသော ထိုပါရမီရှင်က အမှန်တကယ် ကိုးပွဲ ဆက်တိုင်ကာ ကိုးလွှာသို့ တက်လှမ်း နိုင်မည်လား သိချင်ကြသည်။
လူအများအပြားက ရှစ်လွှာသို့ လှမ်းကြည့် ကြသော်လည်း တိုက်ပွဲမှာ စတင်မည့် အရိပ်အယောင် မမြင်ကြရသေးပေ။
ပွဲကြီး ပွဲကောင်းများမှာ နေရာတိုင်းမှ လူအစုံ တွေ့မြင်နိုင်သော သဘာဝစွမ်းအင် ပုံရိပ်များ ဖြစ်ပေါ်စေသော အလင်း မျက်နှာပြင်တွင် ထုတ်ဖော် ပြသပေသည်။ ထိုပုံရိပ်များအား တိုက်ပွဲအား ကာရံသော သဘာဝ အလင်းအရံအတား ပေါ်တွင် တစ်ခါတည်း ပေါင်းစပ် ဖြစ်ပေါ်စေ၏။ ထို့ကြောင့် ကျူးထန်နန်းတော်၏ မည်သည့်နေရာမှ မဆို တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်ကြရပေသည်။
“ဘာလို့ ကြာနေတာလဲ…” လူအများအပြားက ထိုင်ခုံများတွင် နေရာယူကြကာ စိတ်မရှည် ဖြစ်နေကြသည်။
“သူတို့ ဒီကို ရောက်တာ သိပ်မကြာသေးဘူး … ကျူးထန် နန်းတော်က ယှဉ်ပြိုင်မည့် လူတွေကို ရွေးချယ်ဖို့လည်း လိုသေးတယ်…” တစ်ယောက်က ပြန်ပြောသည်။
“ကောင်းပြီ … ရီဖူရှင်း… ယူချင်းနဲ့ ဂူတုံးလျိုတို့ အထဲမှာ ဘယ်သူတွေက ကိုးလွှာသို့ တက်နိုင်မယ်လို့ မင်းထင်လဲ…”
“ဒီနေ့ ရှစ်လွှာက နာမည်ကျော် ပါရမီရှင်တွေ အများကြီး ရောက်လာကြတယ်… အဲဒီလူတွေကို ဆက်တိုက် အနိုင်ရမယ်လို့ ငါတော့ မထင်ဘူး… သူတို့ သုံးယောက်က ကိုးလွှာသို့ တက်နိုင်မယ်လို့ ငါတော့ သိပ်မထင်ဘူး…”
“စောင့်ကြည့်ပါဦး … ဂူတုံးလျိုက မုဖန်းချန်းကို အပြတ်အသတ် အနိုင်ယူခဲ့တယ် … ရီဖူရှင်းနဲ့ ယူချင်းကလည်း တစ်နေ့တည်းနဲ့ ရှစ်လွှာသို့ တက်လာ နိုင်ခဲ့ကြတယ် … ငါထင်တယ် … သူတို့က ကိုးလွှာမှာ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်…”
အားလုံးက မိမိတို့ ထင်ရာမြင်ရာများအား ပြောဆို ဆွေးနွေး နေကြသည်။ မကြာခင် တိုက်ခိုက်တော့မည့် တိုက်ပွဲအပေါ် သူတို့အားလုံးက မျှော်လင့်တကြီး ဖြစ်နေကြသည်။
သူတို့၏ မျက်လုံးများက ရှစ်လွှာသို့ ရောက်နေကြသည်။ ထိုစဉ်မှာပင် အစီအရင်က အသက်ဝင်လာကာ အလင်း အရံအတားက စင်မြင့်ထက်မှ မြင်ကွင်းကို ရှင်းလင်းစွာ ပြသည်။ နောက်ဆုံးတွင် လူတိုင်းက တိုက်ပွဲစင်မြင့်ကို မြင်ကြရပြီ ဖြစ်သည်။ အော်ဟစ် အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာကာ တိုက်ပွဲမှာ မကြာခင် ရောက်လာတော့မည်ဟု အားလုံးက သိလိုက်ကြသည်။
“ဒါက ရူးသွပ်တာပဲ…”
“မှန်တကယ်… နန်းတော် ကိုယ်တိုင်က အကြီးအကျယ် ပြင်ဆင်ထားတာပဲ…” အလင်း မျက်နှာပြင်တွင် ထုတ်ဖော်ပြသ ထားသော စင်မြင့်မှာ တစ်ခုတည်း မဟုတ်ပေ။ သူတို့က စင်မြင့်သုံးခုအား တစ်ပြိုင်နက်တည်း ပြသထားသည်။
ရှစ်လွှာမှ စင်မြင့်သုံးခုကို အားလုံးက ရှင်းလင်းစွာ မြင်နေကြရသည်။ စင်မြင့်သုံခုက ရှီ၊ မိုရှီနှင့် ကွန်းရှီ အဆင့်များအား ကိုယ်စားပြု၏။
ယခုတွင် စင်မြင့် သုံးခုလုံး၌ လူများ ရပ်နေကြသည်။
ရီဖူရှင်း၊ ယူချင်းနှင့် ဂူတုံးလျိုတို့က ကွဲပြားခြားနားသော စင်မြင့်သုံခုတွင် ပေါ်လာကြသည်။ ဆိုလိုသည်က ရှစ်လွှာ၌ တိုက်ပွဲသုံးခု ဖြစ်ရပေမည်။ ကျူးထန် နန်းတော်ကား ယခင်က တစ်ခါမှ ဤသို့ မစီစဉ်ဖူးပေ။
နန်းတော်က အမှန်တကယ်ပင် စင်မြင့်သုံးခု စီစဉ် ပေးထားသည်။ ရှားရှင်းယွန်က ကျူးထန် နန်းတော်၌ လာရောက် တိုက်ခိုက်စဉ်က စင်မြင့် တစ်ခုတည်းသာ ပြသခဲ့သည်။ ယနေ့ ကျူးထန် နန်းတော်၏ စီစဉ်မှုက မှတ်တမ်းထဲ သွင်းထားရန်ပင် ထိုက်တန်ပေသည်။
ဂူတုံးလျိုရှိရာ နောက်ထပ် စင်မြင့်တစ်ခု၌ နောက်တစ်ယောက် ပေါ်လာသည်။ သူကား ကောင်းကင်ရှစ်လွှာမှ နာမည်ကျော် ပါရမီရှင် လီဖန်းဖြစ်သည်။ သူကား ရှစ်ပွဲဆက်တိုက် အနိုင်ရထားပြီး ဖြစ်သည်။ သူသည်လည်း နောက်တစ်ပွဲ အနိုင်ရပါက ကျူးထန် အဆင့်သို့ တက်လှမ်း နိုင်ပေလိမ့်မည်။
သည်တိုက်ပွဲတွင် မည်သူက အနိုင်ရပါစေ၊ အနိုင်ရသူက ကျူးထန် အဆင့်သို့ တက်လှမ်း နိုင်ပေလိမ့်မည်။
လီဖန်းကား ရှစ်လွှာ၌ မိုရှီအဆင့်တွင် တစ်ဦးတည်းသော ကိုးပွဲဆက် အနိုင်ရှင် ဖြစ်သည်။ ရှစ်လွှာ၌ အနည်းငယ်ကသာ ကိုးပွဲဆက် နိုင်ပွဲ ရယူနိုင်ပေသည်။ နှစ်ယောက်က ကိုးပွဲဆက် အနိုင်ရသောအခါ ကျူးထန် နန်းတော်က သူတို့အတွက် ယှဉ်ပြိုင်ပွဲအား စီစဉ် ပေးပေမည်။ အနိုင်ရသူက ကိုးလွှာသို့ တက်ရောက် နိုင်ကာ ရှုံးနိမ့်သူက တစ်ဖန် အသစ် ပြန်စရပေမည်။
ကျူးထန်နန်းတော်က ဂူတုံးလျိုနှင့် ယှဉ်ပြိုင်ရန် လီဖန်းကို ရွေးချယ်ခဲ့၏။
ရီဖူရှင်းကား ဝမ်ကျင်း၊ မုဖန်းချန်းနှင့် တခြား ပါရမီရှင်တို့ဖြင့် ရင်ဆိုင်နေရသည်။ ထိုအထဲတွင် လက်ရှိအားဖြင့် ပွဲဆက် အနိုင်ရသူများ မပါသော်လည်း ဝမ်ကျင်းကား ယခင်က ကိုးပွဲဆက် အနိုင်ရှင်ဖြစ်သည်။ သူ၏ ပွဲဆက်အနိုင်ရမှုက ကျိုးပျက်သွားကာ အသစ်တစ်ဖန် ပြန်လည် စတင်ရန် လိုအပ်ပေသည်။ မုဖန်းချန်းမှာလည်း မနေ့ကအထိ ရှစ်ပွဲဆက် အနိုင်ရခဲ့ဖူးသူ ဖြစ်သည်။ တခြားလူများမှာလည်း ပွဲဆက် အနိုင်ရဖူးသူများ ဖြစ်ကြကာ အားအနည်းဆုံးမှာ ခုနစ်ပွဲဆက် အနိုင်ရှင် ဖြစ်၏။
ရီဖူရှင်းအား ပါရမီရှင် ဆယ်ယောက်က တစ်ပြိုင်နက်တည်း ရင်ဆိုင်ရာတွင် အနိုင်ရခဲ့ပါက သူကား ကိုးလွှာသို့ တက်ရန် အရည်အချင်း ရှိသည်မှာ သံသယရှိစရာ မလိုတော့ပေ။
ယူချင်းလည်း ထိုနည်းတူ ဖြစ်သည်။ ယွီကျန်းကား ယခင်က ကိုးပွဲဆက် အနိုင်ရဖူးသူဖြစ်ကာ သူနှင့်အတူ လက်တွဲ တိုက်ခိုက်ကြမည့် လူများမှာလည်း ရှစ်လွှာ၌ နာမည်ကျော်များ ဖြစ်ကြသည်။
ယခု စင်မြင့်ထက်တွင် ကျူးထန်နန်းတော်မှ ထိပ်သီး ပါရမီရှင်များနှင့် ပြည်နယ်ကိုးခုမှ ထိပ်သီး ပါရမီရှင် သုံးယောက်တို့ နေရာ ယူထားကြပြီး ဖြစ်သည်။
ရှစ်လွှာတွင် အော်ဟစ်ဆူပူမှုများ သိပ်မရှိတော့ဘဲ တိတ်ဆိတ် သွားဟန်ရသည်။ စင်မြင့်ထက်တွင် ကြည့်နေသူများမှာ မည်သို့ဆိုစေ နာမည်ကျော်ကြား သူများ၊ အထက်တန်းများ ဖြစ်ကြသည်။
ပေ့ချိန်ရန်က ရီဖူရှင်းတို့အား ပြစ်တင်ဝေဖန် ခဲ့သော်လည်း သူက ရှစ်လွှာတွင် တိုက်ပွဲအား ကြည့်ရှုခြင်း မရှိပေ။ ထိုအစား သူက ကိုးလွှာတွင်သာ စောင့်ဆိုင်း နေခဲ့၏။
ပေ့ချိန်ရန် တစ်ယောက်တည်း မဟုတ်ပေ။ တခြား ကိုးလွှာမှ နာမည်ကျော်များ မှာလည်း သူနှင့်အတူ ကိုးလွှာတွင် စောင့်ဆိုင်း နေကြသည်။ သူတို့၏အမြင်တွင် ရီဖူရှင်းက ကိုးလွှာသို့ တက်ရောက်ရန် အရည်အချင်း မရှိပါက သူတို့က သွားကြည့်ခြင်းက အရှက်ရဖွယ်ရာပင် ဖြစ်ပေသည်။
ကျောက်မောင်နှမ ဖြစ်ကြသော ကျောက်ရှီနှင့် ကျောက်စီတို့ ကလည်း ရှစ်လွှာတွင် ရှိနေကြသည်။ ကျောက်စီ၏ မျက်လုံးများထဲ၌ အမုန်းတရားအားကို မြင်တွေ့ကြရသည်။
လီချိန်ယွန်နှင့် သူ့လူများမှာလည်း ရှစ်လွှာတွင် ဖြစ်ကြသည်။ သူတို့က ရီဖူရှင်းနှင့် ယူချင်းတို့အား ကြည့်ကြသည်။ သည်နှစ်ယောက်မှာ ကောင်းကင် လှေကားမှသည် ယခု ကျူးထန် နန်းတော် ကောင်းကင် ရှစ်လွှာသို့ တက်ရောက်နေကြပြီ ဖြစ်သည်။ မကြာခင် သူတို့မှာ ပိုမို၍ ထွန်းတောက် လာမည့်ဟန်လည်း ရှိ၏။
ဓားသခင်၊ ကျူးကော့မင်းယွီ၊ ဟွာဂျီယူ၊ ဟောင်ကျူဂီ၊ ဖီးနစ်နှင့် တခြား လူများကလည်း သတိလစ်နေသော ရီဝူချင်းနှင့်အတူ ထိုင်နေကြသည်။
သည်တိုက်ပွဲကား ရီဝူချင်း၏ဂုဏ်သိက္ခာ အတွက် ဖြစ်သည်။
သူတို့က ရီဖူရှင်း၊ ယူချင်းနှင့် ဂူတုံးလျိုတို့အား သေချာပေါက် ယုံကြည်မှု ရှိပေသည်။ သူတို့ သုံးယောက်က အနိုင်ရမည်ဟု သေချာပေါက် ယုံကြည် ကြပေသည်။ ဂူတုံးလျိုနှင့် လီဖန်းတို့ တိုက်ပွဲစင်မြင့် အောက်မှ အော်ဟစ် အားပေးသံများ ဆူညံလာသည်တွင် ပရိသတ်များအား ပိုမို၍ သွေးဆူစေသည်။
မုဖန်းချန်းက ရီဖူရှင်းရှိနေရာ စင်မြင့်ထက်တွင် ဖြစ်သည်။ သူကား ယမန်နေ့က ဂူတုံးလျိုထံတွင် ရှုံးနိမ့်ခဲ့ရာ ယခု ပြည်နယ်ကိုးခုမှ ရီဖူရှင်း၏ စွမ်းရည်ကို စမ်းသပ်ရန် လွန်စွာ စိတ်အား ထက်သန် နေပေသည်။
မည်သူကမှ လှုပ်ရှားခြင်း မရှိပေ။ သူတို့အားလုံးမှာ ကောင်းကင် ရှစ်လွှာ၌ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြကာ လွန်စွာ မာန ကြီးကြပေသည်။ သူတို့ အားလုံးမှာ စင်မြင့် တစ်ခုတည်း၌ ရပ်နေကြသော်လည်း အတူလက်တွဲ တိုက်ခိုက်လိုခြင်း မရှိပေ။ သူတို့က မုဖန်းချန်းက ရီဖူရှင်းထံသို့ လျှောက်သွား သည်ကို မြင်လိုက်ကြရ၏။
“ရှင် အနိုင်ရမှ ဖြစ်မယ်…” ကျောက်ရှီက မုဖန်းချန်း ရှေ့ထွက် သွားသည်ကို မြင်လျှင် တီးတိုး ရေရွတ်သည်။ သူမက မုဖန်းချန်း နောက်ထပ် ရှုံးနိမ့်မည်ကို မလိုလားပေ။
ကိုယ်ပွားများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာသည်။ ကိုယ်ပွား ခြောက်ယောက်က ရီဖူရှင်းအား ကွဲပြား ခြားနားသော ကိုယ်ရောင်ကိုယ်ဝါ များဖြင့် ဝန်းရံထားကြသည်။ မုဖန်းချန်းကိုပါ ထည့်တွက်ပါက ရီဖူရှင်းမှာ တန်ခိုးရှင် ခုနစ်ယောက်နှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ရသည်နှင့် တူညီပေသည်။
ရီဖူရှင်းက ကိုယ်ပွားများအား ထူးမခြားနားစွာ ကြည့်ကာ စင်မြင့်ထက်မှ တခြား တန်ခိုးရှင်များကိုပါ ပြောသည်… “ခင်ဗျားတို့ အားလုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်…”
စင်မြင့်ထက်မှ ပါရမီရှင်များ အားလုံး မျက်မှောင်ကြုတ် လိုက်ကြသည်။ ပြည်နယ် ကိုးခုမှ လူကား အမှန်ပင် မောက်မာလွန်းသည်။ ပေ့ချိန်ရန်က သူတို့မှာ လေးစားမှု မရှိဟု ပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။
ရီဖူရှင်းက သူ့အား သည်အတိုင်း လျစ်လျူရှု ထားသည်ကို မြင်လျှင် မုဖန်းချန်းက သူ၏ကိုယ်ပွားများအား ရီဖူရှင်းထံသို့ တစ်ပြိုင်နက်တည်း စေလွှတ်လိုက်သည်။ ရီဖူရှင်းထံမှ ရောင်စဉ်များ ဖြာထွက် လာခဲ့သည်။ နတ်ငှက်က လေထဲကို ရုန့်ရင်း ကြမ်းတမ်းစွာ ထိုးတက်သွားကာ တစ်ဖက်လူအား စူးရှစွာ ကြည့်ရင်းဖြင့် သူ့ထံမှ ထက်ရှသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ် လာခဲ့သည်။
“သူက သက်စောင့်ဝိညာဉ်ကို ထုတ်လိုက်ပြီ…” ပရိသတ်များ၏ မျက်လုံးများ အရောင်လက် သွားကြသည်။ ရီဖူရှင်းက ယခင် တိုက်ပွဲများတွင် သူ၏ သက်စောင့်ဝိညာဉ် များအား ထုတ်လွှတ်ခဲ့ဖူးခြင်း မရှိခဲ့ပေ။
ထိုအခိုက်တွင် ရီဖူရှင်း၏ နောက်၌ ရုန့်ရင်း ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ်လာခဲ့ကာ အလွန် ကြီးမားသော ရွှေလူဝံကြီးက ထောင့်တစ်နေရာအား ကာကွယ် စောင့်ကြပ်၏။
နဂါးအော်သံက ကောင်းကင်ကို တုန်ခါစေပြီး ကြီးမားသော နဂါးကြီးက ရီဖူရှင်းအား ရစ်ပတ် ဖြစ်ပေါ်လာသည်။
“သက်စောင့်ဝိညာဉ် နှစ်ခု…” သက်စောင့်ဝိညာဉ် နှစ်ခုလုံးမှာ တိုက်ခိုက်ရေး သားရဲများ ဖြစ်ကြသည်။ သို့တိုင်အောင် ထိုသို့သော သက်စောင့်ဝိညာဉ် များမှာ ရှားပါးသည့် မျိုးစိတ်များတော့ မဟုတ်ပေ။
“အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအား…” ရီဖူရှင်းက အေးစက်စွာ ရေရွတ်လိုက်သည်။ ကြောက်မက်ဖွယ် စိတ်စွမ်းအား တစ်ခုနှင့်အတူ ရီဖူရှင်းရှေ့တွင် နတ်ဘုရားတစ်ပါး ပေါ်လာသည်။
မရေမတွက်နိုင်သော အမှုန်အမွှားများ ဖြစ်ပေါ်လာပြီး ရှေးနတ်ဘုရား ပတ်ပတ်လည်၌ ကြယ်စင်လေးများ အလား လင်းလက် တောက်ပ နေကြသည်။
“ကျုပ်ဆီကို တစ်ပြိုင်နက်တည်း လာခဲ့ကြ… ကျုပ်အချိန်တွေကို မဖြုန်းကြနဲ့…” ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲကို တဖြည်းဖြည်း တက်လာခဲ့ကာ လူဝံကြီးက မြေပြင်ပေါ်တွင် နေရာယူပြီး နဂါးက သူ့ခန္ဓာကိုယ်အား ကာကွယ်သည်။ မြင်ကွင်းကား သည်အတိုင်း ကြည့်ရန်ပင် လွန်စွာ လင်းလက် တောက်ပလွန်းသည်။
ယခု ရီဖူရှင်းက သူ၏စွမ်းအားကုန် များလား။
သူကား ပြည်နယ်ကိုးခု၏ နံပါတ်၁ပါရမီရှင် ဖြစ်ပေသည်။
မြင်ကွင်းကား အတော်များများ အတွက် ထိတ်လန့်ဖွယ် ဖြစ်၏။
ထိုမြင်ကွင်းအား ကြည့်ကာ မုဖန်းချန်း သာမက ပရိသတ်များပါ တုန်လှုပ်ရသည်။ သူတို့ရှေ့၌ အလွန် အားကောင်းသော အန္တရာယ်တစ်ခု မွေးဖွား ဖြစ်တည်လာသည် ဟုလည်း ခံစားကြရ၏။ ရီဖူရှင်းထံမှ အလွန် အားကောင်းသော လောကဓာတ်များမှာ စင်မြင့်တစ်ခုလုံးသို့ ဖြာထွက် လာခဲ့သည်။
မမြင်ရသော လောကဓာတ်၏ အောက်တွင် လေဟာနယ်မှာ အေးခဲသွားဟန် ရသည်။ မုဖန်းချန်းက သူ၏ ကိုယ်ပွားများ အားလုံးကို တင်းမာကာ လှုပ်မရ ဖြစ်စေသော စွမ်းအား တစ်ခုအား ခံစားရ၏။
ဝုန်း… ဝုန်း… ဝုန်း…
မုဖန်းချန်း၏ ကိုယ်ပွားများ အားလုံးက ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါ ကိုယ်စီ ထုတ်လွှတ်လျက် ချုပ်နှောင်ခံရခြင်းမှ လွတ်မြောက်ရန် ကြိုးစားကြ၏။ သူတို့က လှုပ်မရဘဲနှင့် မည်သို့ တိုက်ခိုက်မည်နည်း။ သို့သော်လည်း နတ်ငှက်၏ လက်သည်းများ ကြားမှ လှံရှည် တစ်လက် ထွက်ပေါ် လာခဲ့ကာ လှပသော အလင်းတန်းဖြစ်စေပြီး ကိုယ်ပွား တစ်ခုထံသို့ တိုက်ခိုက် လိုက်သည်။
တစ်ချိန်တည်းမှာပင် ဧရာမလူဝံကြီးက ကြီးမားသော နှင်တံကြီး တစ်လက်ဖြင့် ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။ ရှေးနတ်ဘုရားက မြေပြင်ကို ဆောင့်နင်းကာ ကြယ်တာရာများ ကျဆင်းလာသည့်အလား အားအင်ဖြင့် အရာအားလုံးကို ဖျက်ဆီးသည်။
တစ်ချိန်တည်း၌ စွမ်းအားများ အားလုံး ပေါက်ကွဲ ထွက်လာကြသည်။
မုဖန်းချန်း၏မျက်နှာက ပြာနှမ်းသွားသည်။ သူကား ဂူတုံးလျိုက တိုက်ခိုက်စဉ်ကထပ် ပိုမိုပြင်းထန်သော ဖိအားများ ကျဆင်းလာသည်ဟု ခံစားရ၏။ သို့သော်လည်း သူက ကိုယ်ပွားများဖြင့် ပြင်းထန်သော စွမ်းအားများကို ထုတ်ကာ နတ်ငှက်နှင့် နတ်ဘုရားလူဝံတို့အား ခုခံတိုက်ခိုက်သည်။
နတ်ငှက်က လေထဲကို အလင်း၏ အမြန်ဖြင့် ဖြတ်သန်းလာခဲ့ပြီး လှံရှည်ဖြင့် ဝှေ့ယမ်း လိုက်သည်။ မုဖန်းချန်းမှာ ကြောက်မက်ဖွယ် ကောင်းသော ဆုတ်ဖြဲခြင်း စွမ်းအားကို ခံစားရကာ လေဟာနယ် စွမ်းအားတစ်ခု သူ့ထံသို့ ဆင်းသက် လာခဲ့သည်။ သူ၏ကိုယ်ပွားမှာ ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွား၏။
နောက်ထပ် ကိုယ်ပွားတစ်ခုမှာလည်း လူဝံကြီး၏ ရိုက်ချက်ကို ခံရ၏။ နှင်တံက ကောင်းကင်၏ အရှိန်အဝါဖြင့် ကျဆင်း လာခဲ့သည်တွင် ထိုကိုယ်ပွားမှာ ကြာကြာ မခံလိုက်ပေ။
မုဖန်းချန်း၏ ကိုယ်ပွားများ ရီဖူရှင်း၏ လက်ချက်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ပျက်စီး သွားသည်ကို ပရိသတ်များ မြင်တွေ့ကြရကာ အားလုံးမှာ ဆွံ့အကြရသည်။
ရီဖူရှင်းကား ပြည်နယ်ကိုးခု၏ အမြင့်ဆုံးသော ဂုဏ်ရည်ကို ပိုင်ဆိုင်သူ မဟုတ်ပါလား။
***