အင်ပါယာ ရှားနယ်မြေ အတွင်း၌ အကန့်အသတ် မဲ့စွာဖြင့် မိုးထိုးနေသော နန်းတော်တစ်ခု ရှိပေသည်။ ထိုနန်းတော်မှာ အင်ပါယာရှား နယ်မြေအတွင်း၌ အမြင့်ဆုံးသော အဆောက်အဦလည်း ဖြစ်ပြီး ကျူးထန် နန်းတော်ကပင် ထို့ထက် မြင့်အောင် မဆောက်လုပ်ရဲပေ။
ထိုနေရာကား အင်ပါယာ ရှားနန်းတော် ဖြစ်သည်။
ယခု နန်းတော်အတွင်း တစ်နေရာ၌ ယောက်ျား အဝတ်အစားကို ဝတ်ထားသော်လည်း မိန်းမ တစ်ယောက်ထက် အဆမတန် လှပသောသူတစ်ယောက်က သတင်းပေးအချို့၏ တင်ပြမှုများအား နားထောင်နေသည်။
“ပြည်နယ်ကိုးခု၊ မြေရိုင်းပြည်နယ် တော်ဝင် ကျဲနန်းတော်ရဲ့ ရီဖူရှင်းက ယူချင်းကို ခေါ်လာပြီးတော့ ကောင်းကင် လှေကားကနေ အထက်ဘုံသို့ တက်လာခဲ့ပြီးတော့ ဘယ်သူကမှ သူတို့ကို မတားနိုင်ခဲ့ဘူး … နောက်ပိုင်း သူတို့နှစ်ယောက်က ကျူးထန် နန်းတော်သို့ သွားရောက် တိုက်ခိုက်ပြီးတော့ တစ်ရက်တည်းနဲ့ ရှစ်လွှာသို့ ရောက်လာ ခဲ့ကြတယ် … ပြီးတော့ ခုနစ်လွှာမှာ သူက ကိုးယောက်ကို တစ်ပြိုင်နက်တည်း စိန်ခေါ် အနိုင်ယူခဲ့တယ်… နောက်သုံးရက်နေရင် သူက ရှစ်လွှာက လူတိုင်းကို စိန်ခေါ် တိုက်ခိုက်ပြီးတော့ ကိုးလွှာကို တက်မယ် … ကိုးလွှာမှာ သူက ပေ့ချိန်ရန်ကို စောင့်ဆိုင်း နေဖို့လည်း ပြောခဲ့တယ်…”
ရှားရှင်းယွန်က တိတ်ဆိတ်စွာ နားထောင်နေသည်။ သူမ၏ မျက်လုံးများက အလွန် တည်ငြိမ်နေသည်။ ရှန့်ထိုရှား၏ မွေးနေ့ပွဲ၌ သူမနှင့်အတူ အထက်ဘုံ၌ အတူတူ သွားရောက် မလေ့ကျင့်လိုသော လူငယ်လေးအား သူမက မှတ်မိပေသည်။ သူမက ပြည်နယ်ကိုးခု တမန်တော် အဖြစ် ဆောင်ရွက်စဉ်က ရီဖူရှင်း၏မြင့်မားသော ပါရမီကို ကြားသိခဲ့ရကာ သူ့အား ဖိတ်ခေါ် ခဲ့သော်လည်း သူက ငြင်းပယ်ခဲ့သည်။
ကြည့်ရသည်မှာ သူက သူ၏ ကိုယ်ပိုင် စွမ်းရည်ကို အလွန် ယုံကြည်ဟန် ရသည်။ သူက အထက်ဘုံ၌ လေ့ကျင့်ရန် ကောင်းကင်ဘုံ ရွေးချယ်ခံ မဖြစ်ခဲ့သော်လည်း သူကား အထက်ဘုံသို့ ကောင်းကင် လှေကားမှ တစ်ဆင့် တက်လာ နိုင်သည်သာ။
“စွေ့ရန် နန်းတော်ကို သတင်းပို့လိုက်… စွေ့ရန်ရှန့်ထိုဓားက နောက်သုံးရက်နေရင် ရီဝူချင်းရဲ့ သက်စောင့် ဝိညာဉ်ကို ဆောင်ယူလာပြီးတော့ ကျူးထန် နန်းတော်မှာ စောင့်နေရမယ်.. တကယ်လို့ ပြည်နယ်ကိုးခုက လူတွေ အနိုင်ရရင် သက်စောင့် ဝိညာဉ်ကို ပြန်ပေးရမယ်…” ရှားရှင်းယွန်က ပြောသည်။
“ဟုတ်ကဲ့…” ထိုလူက ဦးညွှတ်ကာ မေးသည်… “မင်းသမီးက သွားမှာပါလား…”
အကယ်၍ ရှားရှင်းယွန်သာ ထိုနေ့၌ ကျူးထန် နန်းတော်သို့ သွားမည် ဆိုပါက သူတို့က မင်းသမီး ကြွရောက် ချီးမြှင့်ခြင်း အတွက် ကြိုတင်ပြင်ဆင် ထားရန် လိုပေသည်။
“ငါက စဉ်းစားနေတုန်းပဲ… မင်းသွားနိုင်ပြီ…” ရှားရှင်းယွန်က တည်ငြိမ်စွာ ပြောသည်။ ချက်ချင်းပင် ထိုလူက နောက်ဆုတ်ကာ ထွက်သွားသည်။ သတင်းက အင်ပါယာ ရှားနယ်မြေ၌ မြန်ဆန်စွာပင် ပျံ့နှံ့သွားခဲ့ကာ လူအများအကြား ကြီးစွာ လှုပ်ခတ်ခဲ့သည်။
အင်ပါယာရှား နယ်မြေ၌ ကျူးထန် အဆင့် တိုက်ပွဲများကား အကြီးမားဆုံးသော အဆင့်အတန်းကို ပေးသည်။ ထို့အပြင် ယခု တစ်ခေါက်တွင်ကား အောက်ဘုံမှ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်က အထက်ဘုံမှ ကျူးထန်အဆင့် ပေ့ချိန်ရန်ကို ယှဉ်ပြိုင် တိုက်ခိုက်မည် ဖြစ်သည်။
သတင်းက ကျူးထန် နန်းတော်မှသည် အင်ပါယာ ရှားနယ်မြေ တစ်ခုလုံးအား ပျံ့နှံ့သွားသည်။ ထိုလူကား အောက်ဘုံ ပြည်နယ်ကိုးခုတွင် ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ကာ တော်ဝင်မြေ ခေါင်းဆောင် ဖြစ်သော်လည်း ရှန့်ထိုအဆင့် မဟုတ်ပေ။ သို့သော် သူက ရှန့်ထိုများအား အုပ်ချုပ်၏။ သူ၏ပါရမီနှင့် သြဇာအာဏာတို့မှာ သိသာ ထင်ရှားပေ၏။
ရီဖူရှင်းတို့က ရှစ်လွှာကို ကျော်ဖြတ်ရန် ပြဿနာမရှိဟု လူအများအပြားက ယူဆကြသည်။ မည်သို့ဆိုစေ ဂူတုံးလျိုကား ကိုးပွဲဆက်တိုက် အနိုင်ရပြီးဖြစ်သည်။ ဂူတုံးလျိုသာ ထိုသို့ လုပ်နိုင်သည် ဆိုပါက ရီဖူရှင်းလည်း လုပ်နိုင်မည်သာ ဖြစ်သည်။
ကောလာဟလများအရ ကျူးထန်အဆင့်မှ လူအများအပြား ကလည်း တိုက်ပွဲကို လွန်စွာ စိတ်ဝင်စားကြကာ ထိုနေ့တွင် ကိုယ်တိုင် လာရောက်ကြမည် ဖြစ်သည်။
ရှစ်လွှာ၌ ပွဲဆက် အနိုင်ရထားသူများ မှာလည်း တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြကာ သူတို့က ကျူးထန် နန်းတော် တိုက်ပွဲ၌ ပါဝင်မည် ဖြစ်ကြောင်း ပြောကြသည်။ ရီဖူရှင်းနှင့် ဂူတုံးလျိုတို့က ကျူးထန်အဆင့်သို့ ဝင်နိုင်မည်လား အားလုံးက စိတ်ဝင်စား ကြသည်။ သူတို့အားလုံးက အောက်ဘုံမှ ပြိုင်ဘက်ကင်း ပါရမီရှင်မှာ မည်မျှ ထူးချွန်သည်ကို သိလိုကြသည်။
အင်ပါယာရှား နယ်မြေအတွင်း၌ သုံးရက်ဟူသော အချိန်အခါကား မျက်လုံး တစ်မှိတ်မျှသာ ကြာပေသည်။ ယနေ့တွင် ကျူးထန်နန်းတော် ပတ်လည်၌ မရေမတွက်နိုင်သော လူများ ရောက်ရှိ လာနေကြသည်။ မနက်ပိုင်းပင် ဖြစ်လင့်ကစား ကျူးထန်နန်းတော် အတွင်း၌ နေရာ လာဦးကြသူများ မရေမတွက် နိုင်အောင် ရှိကာ အလွှာတိုင်း၌ လူများ ပြည့်နှက်နေသည်။ လူတိုင်းက မိမိတို့ တတ်နိုင်သော စျေးနှုန်းဖြင့် အမြင့်ဆုံးသော အလွှာများအား အလုအယက် နေရာယူ နေကြ၏။
ရှစ်လွှာကား သံသယရှိစရာ မလိုအောင်ပင် လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ နာမည်ကျော် ရှန့်ထိုအချို့ပင် ယနေ့တွင် တိုက်ပွဲကို ကိုယ်တိုင် လာကြည့်ကြသည်။
ကျူးထန် နန်းတော် အပြင်ဘက်၌ မရေမတွက်နိုင်သော လူများ စောင့်ဆိုင်း နေကြသည်။
“ဝမ်ကျင်း…” လူအများအပြားက ရေရွတ်ကြသည်။
ဝမ်ကျင်းကား ရှစ်လွှာမှ တန်ခိုးရှင် တစ်ယောက် ဖြစ်ကာ ကျူးထန် နန်းတော်သို့ ရောက်မလာခဲ့သည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက ကိုးပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲတွင်ပင် တစ်ဖက်လူအား ရှုံးနိမ့်ခဲ့ပြီး ကိုးလွှာသို့ တက်ရောက်ခွင့် မရခဲ့ပေ။
ယခု သူက ပြန်လည်၍ ခုနစ်ပွဲဆက်တိုက် အနိုင်ရထားပြီး ဖြစ်သည်။ သို့သော် သူကား ကိုးပွဲဆက် အနိုင်ယူထားဖူးသူ ဖြစ်ရာ သူ၏စွမ်းရည်မှာ သေချာပေါက် ရှစ်လွှာ၌ အမြင့်ဆုံးတွင် ရှိပေသည်။
“မုဖန်းချန်း…” ထိုအခိုက်တွင် နောက်တစ်ယောက် ကောင်းကင်မှ ဆင်းသက် လာသည်။ သူကား ယမန်နေ့က ဂူတုံးလျိုထံ ရှုံးနိမ့်ခဲ့သူ မုဖန်းချန်း ဖြစ်သည်။
ရှစ်ပွဲဆက်တိုက် အနိုင်ရပြီးနောက် သူကား မနေ့က ရှုံးနိမ့်ခဲ့ပေသည်။ ယခု သူကား နိုင်ပွဲဆက် မရှိတော့ရာ အကယ်၍ ရီဖူရှင်းနှင့် ယူချင်းတို့သာ ကျူးထန်အဆင့်သို့ တိုက်ခိုက်လိုပါက သူနှင့် ရင်ဆိုင် တွေ့ပေလိမ့်မည်။
“အဲဒါ ယွီကျန်းပဲ … အရူး တိုက်ခိုက်ရေးသမား…”
ဝမ်ကျင်းကဲ့သို့ပင် ယွီကျန်းမှာလည်း ယခင် ကိုးပွဲဆက်တိုက် အနိုင်ရဖူးကာ လက်ရှိတွင်လည်း ရှစ်ပွဲဆက် နိုင်ပွဲမှတ်တမ်းကို ရယူထားသူ ဖြစ်သည်။ အကယ်၍ မုဖန်းချန်းနှင့် ဂူတုံးလျိုတို့သာ မတွေ့ခဲ့လျှင် သူနှင့် တွေ့ဖြစ်ခဲ့ပေလိမ့်မည်။
“ဒီတစ်ခေါက် အားလုံး ရောက်လာ ကြတာပဲ…”
“ဒီလူတွေ…”
လူအများအပြား၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ခါ သွားကြသည်။ ထိုအရာက အနည်းငယ် ရူးသွပ်ပေသည်။ ရှစ်လွှာတွင် နာမည်ကျော်ကြားကာ ကိုးလွှာသို့ မတက်နိုင်ဘဲ ဖြစ်နေသူများ အားလုံးသည်လည်း ယနေ့တွင် ရောက်ရှိ လာနေကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့က ကိုးလွှာသို့ တက်ရောက်ကာ ပေ့ချိန်ရန်နှင့် တွေ့ဆုံ နိုင်လောက်သည်ဟု အချို့က တွေးတော မိပေသည်။
သည်လူများ ရောက်လာခြင်းက ကျူထန်နန်းတော် အတွက် သည်လူများကို ပရိသတ်များ အတွက် ပိုမိုဆွဲဆောင် နိုင်သော အုပ်စုဖွဲ့တိုက်ပွဲများ စီစဉ်ပေး နိုင်လောက် ပေသည်။
ဤသို့ဆိုလျှင် ရလဒ်က မည်သို့ ဖြစ်မည်နည်း။
ထိုအရာက ရူးသွပ်လောက်ပေသည်။
ကျူးထန် နန်းတော်အတွင်း ပြိုင်ဆိုင်ခြင်းများမှာ အလွန် ပြင်းထန်ပေသည်။ ယခင်က မင်းသမီးလေး ရှားရှင်းယွန်မှာ ကိုးလွှာသို့ တစ်ရက်တည်းဖြင့် တက်ရောက်ကာ အင်ပါယာရှား နယ်မြေတစ်ခုလုံးအား လှုပ်ခတ်စေခဲ့သည်။ ယနေ့ သူတို့က မင်းသမီးရှားရှင်းယွန် ကဲ့သို့ ရူးသွပ်သူများအား တွေ့ဆုံ ရပေတော့မည်။
မှန်သည်… ထိုအရာက ပရိသတ်ကြီးအား ပိုမို၍ စိတ်လှုပ်ရှား စေပေသည်။ သို့သော်လည်း အောက်ဘုံမှ လူတစ်ယောက်က ထိုမျှသော လှုပ်ခတ်မှုများ ဖြစ်စေလိမ့်မည်ဟု သူတို့လုံးဝ မထင်မှတ် ထားခဲ့ကြပေ။ သူက အမှန်တကယ် အားကောင်းရန် မျှော်လင့်ကြပေသည်။ မဟုတ်လျှင် ကိုးလွှာမှ လာရောက် ကြည့်ရှုသူများ အားလုံး အတွက် ဟာသ တစ်ခုထက် မပိုတော့ပေ။
ထိုအချိန်တွင် လေထဲတွင် တန်ခိုးရှင် တစ်အုပ်စု ပေါ်လာကြသည်။ သူတို့ကား ကျူးထန် နန်းတော်မှ အကြီးအကဲများ ဖြစ်ကြသည်။
“စွေ့ရန်ဓား နန်းတော်က လူတွေလည်း ရောက်လာ ကြတယ်…”
“စွေ့ရန် ရှန့်ထိုဓား ကိုယ်တိုင်တောင် ရောက်လာတာပဲ…”
မျက်လုံးများ အားလုံးက စွေ့ရန်ရှန့်ထို ဓားဘေးတွင် ရပ်နေသော ချောမောသော လူငယ်လေးထံသို့ ရောက်သွား ကြသည်။ တိုက်ပွဲက သူ့ကြောင့် ဖြစ်လာ ရပေသည်။
စွေ့ရန်ရှန့်ထိုဓား၏သား၊ ကျူးထန် နန်းတော်အဆင့်ဝင် ပေ့ချိန်ရန်။
ပေ့ချိန်ရန်၏ပါရမီကား အလွန်အမင်း ထူးခြား သာလွန်သည်ဟု ပြောနိုင်ပေသည်။ ယခင်က သူကား ကျူးထန် နန်းတော်အဆင့်သို့ အဆင့်နိမ့်ရှီမျှဖြင့် ဝင်ရောက် နိုင်ခဲ့ပေသည်။ ကျူးထန်နန်းတော် သခင်ကိုယ်တိုင်က ပေ့ချိန်ရန်မှာ ရှားပါးသော ပါရမီရှင်ဖြစ်ကြောင်း အသိအမှတ် ပြုခဲ့ပေသည်။
ယခုကား ပေ့ချိန်ရန်မှာ မိုရှီအဆင့် အမြင့်ဆုံးသို့ ရောက်နေပြီး မကြာခင်က ကွန်းရှီအဆင့်သို့ တက်လှမ်း နိုင်တော့မည် ဖြစ်သည်။ ကျူးထန်အဆင့်၌ မိုရှီအမြင့်ဆုံးတွင် ရှိနေသော သူ့နေရာကား အနည်းငယ်မျှပင် လှုပ်ယမ်းမှု မရှိတော့ပေ။
“ပေ့ချိန်ရန်… ပြီးခဲ့တဲ့သုံးရက်က ကိုးလွှာမှာ အဆင်သင့် စောင့်နေဖို့ ရီဖူရှင်းက မင်းကို ပြောခဲ့တယ်… မင်း ဘယ်လိုထင်လဲ…” လူအုပ်ထဲမှ အသံတစ်သံ ထွက်လာသည်။
တိုက်ပွဲမစတင်မီ ဤသို့သော အပြန်အလှန် ရန်စပြောဆိုမှုများက တိုက်ပွဲကို ပိုမိုစိတ်ဝင်စား စေပေသည်။ ထိုစဉ်မှာပင် ပေ့ချိန်ရန်က လျှောက်နေရာမှ ရပ်လိုက်ကာ သူ၏စူးရှသော မျက်လုံးက လူအုပ်ထံသို့ ရောက်သွားသည်။ ချက်ချင်းပင် မေးခွန်း ထုတ်လိုက်သော တန်ခိုးရှင်မှာ သူ၏စိတ်ဝိညာဉ်က အလွန်နာကျင်မှုကို ခံစားလိုက်ရပြီး ပေ့ချိန်ရန်အား ကြည့်နေသော အကြည့်အား လွှဲကာ ခေါင်းကို ငုံ့လိုက်ရသည်။
“ကျုပ်ငယ်စဉ်က အဖေက ကျုပ်ရှေ့မှာ သူ့ရဲ့ တကယ့်စွမ်းရည်တွေကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ဘူး… ကျုပ်က ဓားပညာကို လေ့ကျင့်ပြီးတော့ ပညာရပ်မျိုးစုံကို ကျွမ်းကျင်တယ် … ကျုပ်က ကိုယ့်ကိုယ်ကိုယ် အရမ်း ထူးချွန်တယ် ထင်ပြီးတော့ အဖေနဲ့ တန်းတူတယ် လို့တောင် ထင်မှတ်ခဲ့တယ်… နောက်ပိုင်း ကျုပ်က ဘယ်လောက် ရူးမိုက်လဲဆိုတာ သိခဲ့ရတယ်… ကျင့်ကြံသူ တစ်ယောက်က အဆင့်မြင့်လာတဲ့အခါ အမှန်တရားက တဖြည်းဖြည်း ပေါ်လွင် လာလိမ့်မယ်…” ပေ့ချိန်ရန်က ဖြည်းညင်းစွာ ပြောလျှင် အားလုံးမှာ မှင်တက် သွားကြသည်။ သူက တစ်စုံတစ်ခုကို ရည်ညွှန်းလိုကြောင်း အားလုံးက ခံစားမိကြသည်။
“သူတို့က အောက်ဘုံက ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက် ကင်းတယ်လို့ အထင်ကြီး နေကြတယ်ဆိုတာ ကြားထားတယ်… သူတို့က ကိုးလွှာကို တက်ပြီး သူတို့ကိုယ်သူတို့ မင်းသမီးလေးနဲ့ နှိုင်းယှဉ်ချင် ကြတယ်…” ပေ့ချိန်ရန်က ဖြည်းညင်းစွာ ပြောသည်… “ဖြစ်နိုင်တာက ဒီနေ့ပြီးရင် သူတို့က လေးစားမှု ဆိုတာကို ပိုနားလည် လာကြလိမ့်မယ်…”
ထို့နောက်တွင် ပေ့ချိန်ရန်က ခြေထောက်ကို မြှောက်ကာ ရှေ့သို့ ဆက်သွားသည်။ အားလုံးက ထွက်ခွာသွားသော သူ့အား ကြည့်ကာ ပိုမို၍ စိတ်လှုပ်ရှား လာကြ၏။ ပေ့ချိန်ရန်က တိတ်ဆိတ်နေမည်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း သူကား ရီဖူရှင်းကို အသိအမြင် နည်းကာ လေးစားမှု မရှိသူဟု သရော်ပြီး အောက်ဘုံမှ လူများအား ပေါ်တင် လှောင်ပြောင် ခဲ့ပေသည်။ လာမည့်တိုက်ပွဲမှာ အလွန် စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် ဖြစ်လာတော့မည်မှာ သံသယ ဖြစ်စရာပင် မလိုတော့ပေ။
ထို့နောက်တွင် နန်းတော်သို့ အထက်တန်း ပုဂ္ဂိုလ်များစွာ အဆက်မပြတ် ရောက်ရှိလာခဲ့ကြသည်။ လက်ရှိ ကျူးထန်အဆင့် ဝင်ပါရမီရှင်များ ကိုလည်း ပရိသတ်များက မြင်ကြသည်။ အချို့က ပေ့ချိန်ရန်နှင့် ပတ်သက်၍ မည်သို့ မြင်သနည်းဟု ထိုလူများကို မေးမြန်းကြ သော်လည်း အများစုမှာ ပြုံးလျက် မေးခွန်းကို ရှောင်လွှဲ သွားခဲ့ကြသည်။ သူတို့က ကိုးလွှာမှ တိုက်ပွဲကို ကိုယ်တိုင် ကြည့်ရှုကြမည် ဖြစ်သည်။
လူအများအပြားက စောင့်ဆိုင်း နေကြသည်။ သူတို့က ရီဖူရှင်း ရောက်လာမည်ကို စောင့်ဆိုင်း နေကြ၏။ နောက်ဆုံးတွင် လူအုပ်အကြီး လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကာ တီးတိုးစကားသံများ ညံစီလာခဲ့သည်။
နောက်ဆုံးတွင် ရီဖူရှင်းတို့အဖွဲ့ ရောက်ရှိ လာခဲ့ကြသည်။ ယနေ့ သူတို့က ရီဝူချင်းကို တဖန် ပြန်လည် ခေါ်ဆောင် လာခဲ့ကြ၏။ ရီဝူချင်း၏နဖူး၌ ပိုမိုအားကောင်းသော စိတ်ဝိညာဉ် လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်။
ကျူးရန်ရှန့်ထိုဓားက သူ၏ သက်စောင့်ဝိညာဉ်ကို ဆောင်ယူ လာခဲ့ပေသည်။ ရီဝူချင်းက သူ၏ သက်စောင့်ဝိညာဉ်နှင့် ဆက်နွယ်မှုအား လုံးဝ လက်လျှော့ခဲ့ခြင်း မရှိခဲ့ပေ။ သူသာ လက်လျှော့လိုက်ပါက သူ၏ကျင့်ကြံခြင်းများ အားလုံး ဆုံးရှုံးကာ အနာဂတ်မှာလည်း ပျက်စီး သွားပေလိမ့်မည်။
ရီဖူရှင်းနှင့် သူ၏အုပ်စုတို့က တစ်လှမ်းပြီး တစ်လှမ်း ကျူးထန် နန်းတော် အပေါ်ထပ်များသို့ တက်လာခဲ့ကြသည်။ သူတို့ထံမှ အလွန် အားကောင်းသော စိတ်ဓာတ်ခိုင်မာမှုနှင့် ယုံကြည်မှုအားကို အားလုံးက ခံစားကြရပေသည်။
***