“ဘယ်သူလဲ…” ရှစ်လွှာတွင် လူသိပ်မများသလို ထိုလူများမှာလည်း ထူးခြား ဆန်းကြယ်သူများ ဖြစ်ကြသည်။
သူတို့က လှေကားအတိုင်း တက်လာကြသော လူအုပ်ကြီးအား ထူးဆန်းစွာ ကြည့်ကြသည်။ သူတို့က ရှေ့ဆုံးမှ လူသုံးယောက်အား မသိကြပေ။ သူတို့က ခုနစ်လွှာ၌ အလွန် ကောင်းမွန်သော မှတ်တမ်းများအား ပိုင်ဆိုင်ခဲ့ကြဟန် ရသည်။
ရှေ့ဆုံးမှ တက်လာသူ သုံးယောက်က အနီးတစ်ဝိုက်အား အကဲခတ် ကြည့်လိုက်ကြကာ သူတို့၏ မျက်လုံးများက သိပ်မဝေးသော တစ်နေရာတွင် ထိုင်နေသော လူစုထံသို့ ရောက်လာသည်။ သူတို့က ထိုလူစုထံသို့ပင် လျှောက်လာရာ အားလုံးက သူတို့အတွက် လမ်းဖယ်ပေးကြ၏။
ထိုလူစုကလည်း တစ်စုံတစ်ခုကို ခံစားမိကြဟန် ရသည်။ တိတ်ဆိတ်စွာ ထိုင်နေကြသူများက မော့ကြည့်ကြလျှင် သူတို့ရှေ့သို့ ရောက်လာသော သူရဲကောင်းဆန်သော သဏ္ဌာန်တစ်ခုအား မြင်သည်။
ထိုအခိုက်တွင် သူတို့ထံသို့ လှမ်းလာသော သူအား ကြည့်ကာ အချို့က ထရပ်လိုက်ကြသည်။
ရီဖူရှင်း ရောက်လာ လေပြီ။
သူက ပြည်နယ်ကိုးခုမှ ရောက်လာကာ ကောင်းကင်ရှစ်လွှာသို့ အထိ တိုက်ခိုက်လာခဲ့သည်။
ရီဖူရှင်းက သတင်းများကို ကြားသိကာ သူတို့အား လာရောက်ရှာဖွေ၏။
သူတို့ တစ်စုံတစ်ခုအား ပြောရန် ကြိုးစားကြသည်။ သို့သော်လည်း သူ၏မျက်လုံးက ရီဝူချင်းထံသို့ ကျဆင်းလာသည်တွင် သူတို့မှာ မည်သို့ ပြောရမည် မသိတော့ပေ။ သူတို့အားလုံးက ရှားရှင်းယွန်နှင့် သွားရောက် လေ့ကျင့်ခဲ့ကြသော်လည်း ရီဝူချင်း တစ်ယောက်သာ ကံဆိုးမိုးမှောင် ကျခဲ့သည်။ ထို့အတွက် အားလုံးတွင် တာဝန်ရှိပေသည်။ သူတို့က အပြစ်ရှိသလို ခံစားရရာ ပြည်နယ်ကိုးခုသို့ မပြန်ဘဲ ကျူးထန် နန်းတော်သို့ ရောက်လာခဲ့ကြသည်။
ရှစ်လွှာမှ လူများမှာ တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားမိကြသည်။ ယခုမှ ရှစ်လွှာသို့ တက်လာသူများမှာ ဂူတုံးလျိုနှင့် တခြားလူများကို သိဟန်ရသည်။
ဂူတုံးလျိုကလည်း ရီဖူရှင်းအနီးသို့ လျှောက်လာခဲ့သည်။ ရီဖူရှင်းက ရီဝူချင်း ဘေးနားသို့ ရောက်လာ၏။ ရီဝူချင်းကား မြေပြင်တွင် လဲလျောင်းနေကာ ဘေးတွင် ဖီးနစ်က ထိုင်နေသည်။ သူမ တစ်ယောက်တည်းသာ ဆေးဝါးကုသရာ၌ ကျွမ်းကျင်ပေသည်။
ရီဖူရှင်းက သူ၏စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်တွင် ရီဝူချင်း၏ စိတ်စွမ်းအားများ ရိုက်ခတ်နေဆဲ ဖြစ်သည်ကို ခံစားမိသည်။ သူကား အိပ်ပျော်နေသူနှင့်ပင် မတူပေ။ သူ့ထံမှ မမြင်ရသော လှိုင်းများ ဖြာထွက်နေသည်။ သူ့အား ကြည့်ရသည်မှာ ကြီးမားသော နာကျင်မှုအား ခံစားနေရဟန်ရှိပြီး သူ၏ စိတ်စွမ်းအားမှာ တင်းကျပ်စွာ ဖိနှိပ်ခံထားရဟန် ရှိသည်။ သူကား သတိလစ်ခံဟန် မရပေ။ သည်အခြေအနေအထိ ရောက်သည့်တိုင် သူကား တောင့်ခံထားဆဲ ဖြစ်သည်။
ရီဖူရှင်း၏ဘေးတွင် ယူချင်းက လက်သီးကို တင်းတင်း ဆုပ်သည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ ယူချင်းထံမှ ရိုက်ခတ်လာသော ဒေါသ အငွေ့အသက်များအား အားလုံးက ခံစားမိကြရသည်။
“သူ့သက်စောင့်ဝိညာဉ်ကို တစ်စုံ တစ်ယောက်က ထုတ်ယူသွားတယ်…” ဖီးနစ်က ရီဖူရှင်းအား ပြောသည်။
“ငါသိတယ်…” ရီဖူရှင်းက ရီဝူချင်းအား ကြည့်သည်။ ရီဖူရှင်းထံမှ ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်လာခြင်း မရှိပေ။ သူကား အလွန် တည်ငြိမ်နေသည်။ မည်သူကမှလည်း မအံ့သြကြပေ။ ရီဖူရှင်းက သည်နေရာအထိ ရောက်လာမှတော့ ကိစ္စရပ်များအား သူကသိပြီး ဖြစ်ရပေမည်။
“ရီဝူချင်းရဲ့ သက်စောင့်ဝိညာဉ် အထုတ်ခံခဲ့ရပြီး ကတည်းက သူက သူ့သက်စောင့် ဝိညာဉ်နဲ့ ဘယ်တုန်းကမှ အဆက် မပြတ်စေခဲ့ဘူး… သူက အဲဒါကို ထိန်းချုပ်ပြီး ပြန်ဆင့်ခေါ်ဖို့ အမြဲ ကြိုးစားနေခဲ့တယ်… ကြည့်ရတာ တစ်ဖက်လူက သူ့သက်စောင့်ဝိညာဉ်ထဲ ပေါင်းစပ်ထားတဲ့ ဓားအသိကို လိုချင်နေတာပဲ…” ဖီးနစ်က ပြောသည်… “ဒါပေမဲ့ သူ့သက်စောင့် ဝိညာဉ်ကို ယူသွားတဲ့သူက သူ့သက်စောင့် ဝိညာဉ်ကို ပိတ်ဆို့ ထိန်းချုပ်ထားပြီး ဓားအသိကို သန့်စင်ဖို့ ကြိုးစားနေတယ်… တစ်ဖက်လူ လုပ်တာက အရမ်း ပြင်းထန်ခဲ့ရင် အဲဒါက သူ့သက်စောင့် ဝိညာဉ်ကို တိုက်ရိုက် ပျက်စီးစေလိမ့်မယ်…”
ဖီးနစ်ပြောသော အဓိပ္ပာယ်ကို ရီဖူရှင်းက နားလည်ပေသည်။ ရှားရှင်းယွန်က သူတို့အား ကိုးလွှာသို့ တက်ကာ ပေ့ချိန်ယွန်အား တိုက်ခိုက်စိန်ခေါ်ရန် အချိန်သုံးလ ပေးထားပေသည်။
“သူက အမြဲတမ်း စိတ်ဓာတ် ခိုင်မာတဲ့သူပဲ…” ရီဖူရှင်းက ပြောသည်။ သူက ရီဝူချင်း၏ စိတ်ဓာတ်ကို တခြားလူများထက် သိပေသည်။ ရီဝူချင်းက သေချာပေါက် လက်လျှော့မည် မဟုတ်ပေ။
“ငါက ကိုးလွှာသို့ တက်ဖို့ နောက်တစ်ပွဲပဲ လိုတော့တယ် … သူ ဒီလို လုပ်ခဲ့တဲ့အတွက် ပြန်ပေးဆပ် ရလိမ့်မယ်…” ဂူတုံးလျိုက ပြောသည်။
“အစ်ကို၃…” ရီဖူရှင်းက ဂူတုံးလျိုအား ကြည့်သည်… “ကျွန်တော် အစ်ကို၃နဲ့အတူ သွားမယ်…”
ပေ့ချိန်ရန်က သည်အတွက် ပေးဆပ် ရပေမည်။
“အစ်ကိုကြီး … အစ်မ၂ …” ရီဖူရှင်းက ဘေးမှ ရင်းနှီးသော သူများအား ကြည့်သည်။ သူကား သူတို့ကို မတွေ့သည်မှာ သုံးနှစ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ သူတို့အားလုံးမှာ ပိုမိုရင့်ကျက် လာကြဟန်ရှိပြီး တန်ခိုး အဆင့်များမှာလည်း မြင့်တက် လာခဲ့ကြသည်။ အစ်ကိုကြီးကား ကွန်းရှီအဆင့်သို့ တက်လှမ်းခဲ့ပြီး ဖြစ်၏။ သို့သော်လည်း သူကား ကွန်းရှီ အဆင့်နိမ့်ဖြစ်ရာ ကျူးထန် အဆင့်မှ ထိပ်သီး ကွန်းရှီများဖြင့် ယှဉ်ပြိုင်ရန် မလွယ်ကူပေ။
အစ်ကို၃က မိုရှီအမြင့်ဆုံး၌ ရှိသည်။ ထို့ကြောင့် သူက ရှစ်လွှာသို့ တက်ရောက် လာနိုင်ခြင်း ဖြစ်သည်။ သူက ကိုးလွှာသို့တက်ရန် နောက်တစ်ပွဲ အနိုင်ရရန်သာ လိုတော့သည်။ တခြား လူများကလည်း အနည်းနှင့်အများ တိုးတက်ခဲ့ကြကာ အများစုမှ မိုရှီများ ဖြစ်ကြသည်။
“ဂျီယူ…” ရီဖူရှင်းက သူမအား လှမ်းခေါ်သည်။ သူမကား သူနှင့်အရင်းနှီးဆုံး ဖြစ်သော်လည်း ရီဖူရှင်းက နောက်ဆုံးမှသာ ခေါ်ခဲ့သည်။ ပုံမှန်အားဖြင့် သူမက ရီဖူရှင်းကို နားလည်ပေသည်။ သူမက ရီဖူရှင်းဘေးနားသို့ လျှောက်လာကာ အနည်းငယ် ခေါင်းညိတ်သည်။ သူမက မိမိကိုယ်ကို အပြစ်တင်ဟန်ဖြင့် ပြောသည်… “ဝူချင်းကို မကာကွယ်နိုင်တာ ငါ့အပြစ်ပါပဲ…” အားလုံးထဲတွင် သူမနှင့် ဓားသခင်တို့က တိုက်ခိုက်ရေး စွမ်းအားအမြင့်ဆုံး ဖြစ်သည်။
“ဂျီယူ … ဒါက မင်းနဲ့သိပ်မဆိုင်ဘူး… ငါတို့အားလုံးက အပျက်အစီးနယ်ထဲမှာ ပိတ်မိနေတာ… ငါတို့က ပေ့ချိန်ရန်က ရီဝူချင်းကို တိုက်ခိုက်တာကို တားဖို့ အခွင့်အရေးမှ မရှိခဲ့တာ…” ကျူးကော့မင်းယွီက ဟွာဂျီယူကို ပြောသည်။
ရီဖူရှင်းက ဟွာဂျီယူ၏လက်ကို ဆုပ်ကိုင်ကာ ပြောသည်… “ဝူချင်းက သူ့သက်စောင့် ဝိညာဉ်နဲ့ ဆက်သွယ် နိုင်သေးတယ် ဆိုမှတော့ ငါတို့မှာ အချိန်ရှိသေးတယ် … သူနိုးလာတဲ့အခါ ငါတို့ မြေရိုင်း ပြည်နယ်သို့ ပြန်ကြမယ်…”
“အင်း…” အားလုံးက ခေါင်းညိတ် ကြသည်။ ရီဖူရှင်း၏ တည်ငြိမ်သော စကားက အားလုံးကို ယုံကြည်မှုများ ပေးသည်။
ဝူချင်း နိုးလာသောအခါ သူတို့က မြေရိုင်း ပြည်နယ်သို့ ပြန်ကြပေမည်။
ရှစ်လွှာမှ လူများက သူတို့အုပ်စုအား ကြည့်ကာ ရီဖူရှင်း မည်သူ ဖြစ်သည်ကို ခန့်မှန်းနေကြ၏။ မြေရိုင်း ပြည်နယ်မှ အလှဆုံးသော မိန်းကလေးမှာ ထိုလူ၏မိန်းမ ဖြစ်ဟန်ရသည်။ သည်လူများက ရှားရှင်းယွန်နှင့်အတူ လာရောက် လေ့ကျင့်ခဲ့ကြသော်လည်း သည်လူက ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။ သူ မည်သူ ဖြစ်မည်ကို အားလုံးက သိလိုကြ၏။
ထိုအခိုက်တွင် ရီဖူရှင်းတို့နှင့်အတူ ခုနစ်လွှာမှ တက်လာ သူများလည်း ရှစ်လွှာသို့ ရောက်လာကြပြီ ဖြစ်သည်။
ထိုစဉ်မှာပင် ရီဖူရှင်းက စင်မြင့်ထက်မှ အကြီးအကဲအား ပြောသည်… “ကျုပ်မှာ အချိန်မရှိဘူး.. ကျုပ်က နိုင်ပွဲဆက်နေတဲ့ လူတွေကို တစ်ခါတည်း စိန်ခေါ်လို့ ရမလား…”
စင်မြင့်ထက်မှ အကြီးအကဲမှာ ပုံမှန်အားဖြင့် ခုနစ်လွှာတွင် ဖြစ်ခဲ့သည်များကို သိပေသည်။
ရှစ်လွှာမှ လူများအားလုံးမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။ ခုနစ်လွှာတွင် ဘာဖြစ်ခဲ့သနည်း။
“ရှစ်လွှာမှာက လူသိပ်မရှိဘူး … သူတို့ကလည်း ကျူးထန် နန်းတော်ကို နေ့တိုင်း မလာကြဘူး… နိုင်ပွဲဆက်တဲ့သူဆိုရင် ပိုပြီးတောင် ရှားပါးတယ်… မင်းက ရှစ်ပွဲဆက်၊ ကိုးပွဲဆက်တွေကို စိန်ခေါ်ဖို့ဆိုရင် အချိန် အများကြီး စောင့်ဖို့လိုတယ်… ကျုပ်တို့က မင်းရဲ့ တောင်းဆိုမှုကို လက်ခံချင်ရင် တောင်မှ အခု ရှစ်လွှာမှာ လုံလောက်တဲ့ လူအရေအတွက် မရှိဘူး…” အကြီးအကဲက ဖြေသည်။
“မင်းသမီးက ကျူးထန်အဆင့်သို့ တစ်ရက်တည်းနဲ့ တိုက်ခိုက် တက်ရောက်ခဲ့တယ်လို့ ကျုပ်ကြားတယ်…” ရီဖူရှင်း ပြောသည်။ အားလုံးက သူ့အား အံ့အားသင့်စွာ ကြည့်ကြသည်။
သည်လူက ရှစ်လွှာသို့ တစ်ရက်တည်းနဲ့ တက်ရောက်လာခဲ့သည် များလား။ ထို့အပြင် သူက မိမိကိုယ်ကို မင်းသမီးလေးနှင့် နှိုင်းယှဉ် ထားသည်။
သူက ရူးနေသည်လား။
အင်ပါယာ ရှားနယ်မြေ၌ မင်းသမီး ရှားရှင်းယွန်ကား လူငယ်မျိုးဆက်၏ ပါရမီအမြင့်ဆုံး ဖြစ်သည်။ အင်ပါယာ ရှားနယ်မြေတွင် သူမနှင့် သက်တူရွယ်တူ၌ သူမထက် ထူးချွန်သူ မရှိပေ။
“ဒီလို မောက်မာမှုမျိုး..” စင်မြင့်ထက်မှ အကြီးအကဲ တစ်ယောက်က ပြောသည်… “မင်းသမီးရဲ့ အဆင့်အတန်းနဲ့ဆို သူမက ကျူးထန် နန်းတော်မှာ လာရောက် စိန်ခေါ်ဖို့ လူငယ် သူရဲကောင်းတွေ အကုန်လုံး စုစည်းတာက ဘာထူးခြားလို့လဲ…”
“ဒါဆိုလည်း ကျုပ်က ကျူးထန် နန်းတော် ကိုးလွှာသို့ တက်ရောက် တိုက်ခိုက် စိန်ခေါ်ချင်တဲ့ အကြောင်းကို ကြေညာလိုက်ရင် အဆင်ပြေတာပဲ… ဒါက ပိုပြီး မြန်စေနိုင်တာပဲ မလား…” ရီဖူရှင်းက မေးသည်။
စင်မြင့်ထက်မှ အကြီးအကဲများက ရီဖူရှင်းအား ကြည့်ကြသည်။ ရီဖူရှင်း၏ စွမ်းရည်မှာ သံသယဖြစ်စရာ မလိုပေ။ သို့သော် သူကား မောက်မာလွန်းပေသည်။ သူက ကျူးထန် နန်းတော်မှ တန်ခိုးရှင်များအား အထင်သေး၏။
“ငါတို့က နောက်ခုနစ်ရက်သို့ ချိန်းလိုက်ရင် ဘယ်လိုလဲ…” အကြီးအကဲ တစ်ယောက်က ပြောသည်။ ရီဖူရှင်းက ထိုနည်းဖြင့် ကိုးလွှာသို့ တက်မည် ဆိုပါက သူတို့ကလည်း မတားတော့ပေ။ မည်သို့ဆိုစေ သည်နည်းလမ်းက တန်ခိုးရှင်များ၏ စိတ်ဝင်စားမှုကို ခံရပါက သူတို့မှာလည်း ကြီးစွာ အကျိုးအမြတ် ရပေသည်။
“ကျူးထန် နန်းတော်ရဲ့ အင်အားနဲ့ဆို တစ်ရက်က မလုံလောက်ဘူးလား…” ရီဖူရှင်းက ပြောသည်။ ၇ရက်ကား ကြာလွန်းပေသည်။
“သုံးရက်… ဒီထက် မရတော့ဘူး…” အကြီးအကဲက ပြောသည်။ ရီဖူရှင်းက သူ့အား ကြည့်သည်။ ကျူးထန် နန်းတော်၏ ရည်ရွယ်ချက်ကို သူ နားလည်သည်။ တစ်ရက်တည်းကား တိုတောင်း လွန်းသည်။ သူတို့က သတင်းများကို မြန်မြန်ဆန်ဆန် ဖြန့်ကာ သည်ကိစ္စအား လူအများ သိစေလိုသည်။ ဤနည်းဖြင့် လူအများက တိုက်ပွဲကို လာကြည့်လျှင် သူတို့မှာလည်း အကျိုးအမြတ် များစွာ ရပေမည်။
“ကောင်းပြီ…” ရီဖူရှင်းက လက်ခံသည်။ သူက သည့်ထက် တိုးတောင်း လျှင်လည်း ကျူးထန် နန်းတော်က လက်မခံတော့သည်ကို သူ နားလည်သည်။
ထို့နောက် ရီဖူရှင်းက အကြီးအကဲအား ဆက်ပြောသည်… “ပြီးတော့ ပေ့ချိန်ရန်ကိုလည်း ပြောလိုက်ပါ… ကိုးလွှာက စောင့်နေပါလို့…”
အားလုံးက စိတ်လှုပ်ရှား သွားကြသည်။ ရီဖူရှင်းက ကျူးထန်အဆင့်မှ ပေ့ချိန်ရန်အား စိန်ခေါ်လိုက်သည်။
ယခု ဂူတုံးလျို တစ်ယောက်တည်း မဟုတ်တော့ပေ။
“သွားရအောင်…” ရီဖူရှင်းက သူ၏အစ်ကို၃အား ပြောသည်။ သူတို့အားလုံး ခေါင်းညိတ်ကြကာ ရီဝူချင်းအား ထမ်းထုတ်လျက် ထွက်ခွာ လာခဲ့ကြ၏။
သူတို့ ထွက်သွားပြီး နောက်ပိုင်း သတင်းများက မြန်ဆန်စွာပင် ပြန့်သွားခဲ့ကာ တန်ခိုးရှင် များစွာအား ပြင်းပြင်းထန်ထန် တုန်လှုပ်စေခဲ့သည်။
စွေ့ရန် နန်းတော်ကား အင်ပါယာ ရှားနယ်မြေအတွင်း၌ စွေ့ရန်ရှန့်ထို ဓားလေ့ကျင့်ရာ နေရာဖြစ်သည်။ ထိုနေရာက ပေ့မိသားစုတို့ အိမ်လည်းဖြစ်၏။ ယခုကား စွေ့ရန်ရှန့်ထိုဓားမှာ ခန်းမဆောင် တစ်ခုအတွင်း၌ မရေမတွက်နိုင်သော ဓားအသိများ ရစ်ပတ်လျက် ထိုင်နေသည်။ သူ့ရှေ့တွင်ကား ငွေဓားငယ် တစ်လက်ရှိသည်။ သို့သော်လည်း ထိုဓားငယ်ကား ကြောက်မက်ဖွယ် ကောင်းသော ဓားအသိများ ကပ်ငြိနေသည်။
သူက ဓားအသိများအား သန့်စင် လိုသော်လည်း ငွေဓားငယ်က ထိုဓားအသိများအား လက်မလွှတ်လိုပေ။ သူက ဓားအသိများအား အလုံးစုံ သန့်စင်လိုပါက ဓားငယ်ကို ဖျက်ဆီးပစ်ရန် လိုအပ်ပေသည်။ သို့သော် ထိုသို့လုပ်ခြင်းက ရှားရှင်းယန်၏ အမိန့်ကို လွန်ဆန်ရာ ကျပေသည်။ သူက ရှန့်ထိုဓား ဖြစ်သည့်တိုင် ရှားရှင်းယွန်ကို အပြစ်လုပ်၍ မရပေ။ ထို့ကြောင့် သူက သုံးလကာလကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။
ထိုအခိုက်တွင် အခန်း အပြင်ဘက် တစ်နေရာ၌ ချောမောသော လူငယ်လေး တစ်ယောက်က ထိုင်နေကာ သူ့အား အကြီးအကဲ တစ်ယောက်က လာရောက် သတင်းပို့သည်ကို နားထောင်နေသည်။
သူ၏မျက်လုံးများက ရုတ်တရက် ထက်ရှသွားကာ သူက အေးစက်စွာ ပြောသည်… “နောက်သုံးရက်နေရင် သူက ခုနစ်လွှာနဲ့ ကိုးလွှာကြားထဲက ကွာဟချက်နဲ့ အထက်ဘုံ အောက်ဘုံ ကြားက ခြားနားချက်တွေကို သိနားလည် လိမ့်မယ်….”
***