Switch Mode

အခန်း ( ၅၇ )

ကောင်းကင်ထက်က လူ

တုမင်မှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး စိန်းစိန်းဝါးဝါးကြည့်ကာ သူမ၏ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်လာ၏။ သို့သော် ဖက်တီးမှာ လျှာစောင်းထက်သူဖြစ်ကြောင်း သူမက သိထားသောကြောင့် မည်သည့်စကားမှ ပြန်မပြောနိုင်ခဲ့ပေ။ အကယ်၍ သူမသာ စကားတစ်ခွန်းခွန်း ပြန်ပြောလိုက်မည်ဆိုပါက သူသည် ချက်ခြင်းပင် တောင်းပန်ကာ သူ၏ အမှားများကို ဝန်ခံလိုက်မည်ဖြစ်ပြီး သူသည် အသက်ငယ်သေးသောကြောင့်သာ ထိုကဲ့သို့ ပြောဆိုခဲ့မိခြင်းဖြစ်ကြောင်း ဆိုလိုက်မည် ဖြစ်သည်။

စကားတစ်ခွန်းတည်းဖြင့် တုမင်အား ငြိမ်ကျသွားအောင် လုပ်လိုက်နိုင်သောကြောင့် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်နေတော့သည်။

” တောက်ပင်းရေ … အချိန်တွေကုန်တာ မြန်လိုက်တာ။ မင်းက အခု အရပ်တွေ ပိုရှည်လာပြီပဲ။ ပြီးတော့ ဘန်နီလေး … နင့်ကိုယ်နင် ပြန်ကြည့်ပါဦး။ နင်လည်း ဘန်နီကြီး ဖြစ်နေပြီပဲ။ ကျစ်ဟန်ကတော့ တော်တော်ကို ရင့်ကျက်လာပြီ။ ဪ… အချိန်တွေကုန်တာ မြန်လိုက်တာ ”

ထိုအခါ ချန်းကျစ်ဟန်မှာ သူ့အား စိုက်ကြည့်နေလိုက်ပြီး ဘန်နီလေးမှာမူ မျက်နှာများ နီရဲသွား၏။ လျှိုတောက်ပင်းသည်ပင် ရှုံ့မဲ့မဲ့နှင့် ရယ်‌မောနေရတော့သည်။ ဝမ်ပေါင်လဲ့ကမူ နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချလိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်မှ လူများ၏ အထူးတဆန်းဖြစ်နေသော အမူအရာများကို ကြည့်နေလိုက်တော့သည်။

” ငါလည်း အရွယ်ရလာပါပြီကွာ။ အခုဆို ငါက ဝိညာဉ်ကျောက်တုံးခန်းမ၊ ကမ္ဗည်းစာခန်းမနဲ့ ဝိညာဉ်အမြုတေခန်းမတို့ရဲ့ ကျောင်းသားခေါင်းဆောင်၊ အတိုကောက် ပြောရမယ်ဆိုရင် သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင် ဖြစ်နေပြီ။ ငါ့ကို ဓမ္မလက်နက်ဌာနရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိခဲ့ဘူးတဲ့ ထိပ်တန်း ကျောင်းသားခေါင်းဆောင် ဆိုပြီးတော့ ခေါ်နေကြတဲ့လူတွေလည်း ရှိတယ် ”

ဝမ်ပေါင်လဲ့မှာ ခံစားချက်အပြည့်ပါသော အမူအရာဖြင့် သူ၏ ဘဝတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်လည်တွေးတောနေ၏။ သူသည် သူ၏ ရာထူးဂုဏ်ပုဒ်များကို ထိုကဲ့သို့ အထစ်အငေါ့မရှိ အသေးစိတ်ရှင်းပြကာ ထပ်ခါထပ်ခါ ကြေညာနေရင်း ဆံပင်ဖြူများ ပေါက်နေသည့် အမူအရာဖြင့် သူ၏ ဆံပင်များကို လက်ဖြင့် ပွတ်သပ်လိုက်၏။

ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ပတ်ပတ်လည်မှ လူများမှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏အောင်မြင်မှုများကို ကြွားဝါနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ကို အထင်အရှား မြင်နိုင်ပေသည်။ လျှိုတောက်ပင်းနှင့် အခြားစစ်ဆေးရေးမှူးများမှာမူ ဂရုမစိုက်သည့်ပုံစံ ပေါက်နေကြပါသော်လည်း ချန်းကျစ်ဟန်နှင့် တုမင်တို့ကဲ့သို့သော အခြားလူများမှာမူ လုံးဝ သည်းမခံနိုင်တော့ဘဲ သူ့အား အထင်အမြင်သေးစ ပြုလာတော့သည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝမ်ပေါင်လဲ့၏ ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးမှာ ကျောင်းဖွင့်ချိန် ကျောင်းထဲတွင်သာ အသုံးဝင်သည်ဟု တွေးတောနေကြ၏။ သူတို့မှာ အုပ်စုဖွဲ့ကာ ဝမ်ပေါင်လဲ့အား ကျောင်းအပြင်ဘက်တွင် သင်ခန်းစာကောင်းကောင်းပေးရန် ချင့်ချိန်စဉ်းစားနေကြ၏။

သို့သော် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်စွမ်းရည်များကို ပြန်၍ အမှတ်ရသွားသဖြင့် ထိုအတွေးကို စွန့်လွှတ်လိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ စကားကြောင့် အခြားလူများ တိတ်ဆိတ်သွားရသည်ကို သတိထားမိလိုက်သောကြောင့် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ လျှိုတောက်ပင်းအား စိုက်ကြည့်လိုက်၏။

လျှိုတောက်ပင်းမှာ သူ့အား ဝမ်ပေါင်လဲ့က စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အကြံတစ်ခုရသွားပြီး လက်ခုပ်တီးအားပေးလိုက်၏။

” ကျောင်းသားခေါင်းဆောင်ပြောတာ မှန်တယ်။ သူပြောခဲ့တဲ့ စကားတွေက တော်တော်လေးကို ကြီးကျယ်ခမ်းနားတာပဲ။ အချိန်တွေကုန်တာ မြန်လိုက်တာ… တစ်နှစ်ဆိုတဲ့ အချိန်အတောအတွင်းမှာ ကျနော်တို့တွေအားလုံး ပြောင်းလဲသွားခဲ့ပြီ ”

လျှိုတောက်ပင်း၏ စကားများကြောင့် တုမင်၊ ချန်းကျစ်ဟန်နှင့် အခြားဌာနများမှ ကျောင်းသားများမှာ သူ့ကိုပါ ရွံရှာစက်ဆုပ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာမူ အားရကျေနပ်သွားပြီး ထပ်၍ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အခန်းထောင့်နားတွင် ရပ်နေသည့် ရှက်သွေးဖြာနေသော ဘန်နီလေးမှာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” အစ်ကိုပေါင်လဲ့ ပြောတဲ့စကားတွေက အမှန်တွေပဲ ”

တုမင်မှာ ဘန်နီလေး၏ စကားကို ကြားလိုက်ရသောအခါ သည်းမခံနိုင်တော့ပေ။ သူမသည် ချက်ချင်းပင် ဘန်နီလေးအား လှမ်းတားလိုက်ပြီး သူမ၏ အချစ်ဆုံးသူငယ်ချင်းအား မိမိကိုယ်ကို တန်ဖိုးထားတတ်လာအောင် သင်ကြားပေးရန် ပြင်လိုက်၏။ ဝမ်ပေါင်လဲ့မှာမူ မျက်နှာ ဝင်းလက်သွားပြီး အားရကျေနပ်သွား၏။

” ရှောင်ရ … အချိန်ရရင် ငါ့အိမ်ကို အလည်လာခဲ့လေ။ ငါ့အမေက ဟင်းချက်အရမ်းကောင်းတာနော် ”

ထိုစကားကြောင့် ရှောင်ရမှာ မျက်နှာလေး နီရဲသွားပြီး သူမ၏ မျက်ဝန်းများမှာလည်း တလက်လက် တောက်ပသွား၏။ သူမမှာ စကားပြန်ပြောရန် ပါးစပ်ဟလိုက်ချိန်တွင် တုမင်က သူမကို ချုပ်၍ အခန်းပြင်ဘက်သို့ ဆွဲထုတ်သွားတော့သည်။ သို့သော် ကျိုးရှောင်ရမှာ အခန်းထဲသို့ ပြန်ပြေးဝင်လာပြီး ဝမ်ပေါင်လဲ့အား ရှက်ကိုးရှက်ကန်း ပြုံးပြကာ မျက်တောင်တဖျတ်ဖျတ် ခပ်၍ ခေါင်းညိတ်ပြလိုက်၏။

ထိုအခြင်းအရာကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် အားရကျေနပ်သွား၏။ သူ၏ ဩဇာတိက္ကမမှာ အခြားမည်သူမှ လိုက်မမီနိုင်လောက်အောင် ကြီးမားနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ချောင်းဟန့်လိုက်ပြီး စကားပြောရန် ပြင်လိုက်ပြန်သည်။

ထိုအခိုက်အတန့်မှာပင် လူတစ်ယောက်က တအံ့တသြနှင့် အော်ဟစ်လိုက်၏။
” ရှေ့မှာ မြင်နေရတာ မိုးသစ်တောပဲ ဖြစ်ရမယ်။ ကြည့်လိုက်ကြစမ်း။ ကောင်းကင်ထဲမှာ လူတစ်ယောက် ရှိနေတယ် ”

ထိုစကားကို ကြားလိုက်ရသောအခါ အခန်းထဲမှ လူများအားလုံး အံ့ဩတုန်လှုပ်သွားကြ၏။ ဝမ်ပေါင်လဲ့ အပါအဝင် သူတို့အားလုံး အပြင်သို့ပြေးထွက်လာကြပြီး ကုန်းပတ်ပေါ်မှနေ၍ ကောင်းကင်ကြီးအား မော့ကြည့်လိုက်ကြသည်။

တိမ်တိုက်များကြားထဲတွင် ရက်စက်ကြမ်းကြုတ်ပြီး ကင်းခြေများနှင့်တူသော သတ္တဝါကြီးတစ်ကောင်ရှိနေပြီး ၎င်းမှာ အတောင်ပံများကို တဖျတ်ဖျတ် ခပ်ကာ ထွက်ပြေးနေ၏။ ၎င်း၏ အကြေးခွံများမှာ လက်သီးဆုပ်အရွယ်ခန့်ရှိပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ခရမ်းနက်ရောင် ရှိနေ၏။ ၎င်းမှာ ဒဏ်ရာများရထားသောကြောင့် သွေးများဖြင့် ပေကျံနေပါသော်လည်း ၎င်း၏ အငွေ့အသက်မှာ လူတိုင်းကို အသက်ရှူ ကြပ်သွားလောက်အောင် လုပ်နိုင်သည်အထိ အန္တရာယ်များနေဆဲပင်။ ထို့အပြင် ၎င်း၏ စူးရှသော အော်ဟစ်သံများမှာလည်း နားစည်းများကိုပင် ထိုးဖောက်နိုင်စွမ်း ရှိနေ၏။

” ဒါက…. ”

သင်္ဘောပျံကြီးပေါ်တွင် ပါလာသော ကျောင်းသားများထဲမှ ထိုကဲ့သို့ သတ္တဝါကြီးများအား လေ့လာရသည့် ပညာရပ်တွင် အထူးပြုထားကြသည့် ကျောင်းသားများမှာ ချက်ချင်းဆိုသလိုပင် တအံ့တဩ အော်ပြောလိုက်ကြ၏။
” အာနာပါနအဆင့်မှာရှိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါကြီးတစ်ကောင်ပဲ ”

ဝမ်ပေါင်လဲ့မှာလည်း အသက်ပြင်းပြင်းရှူလိုက်၏။ သင်္ဘောပျံကြီးပေါ်ရှိ လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြစဉ် သင်္ဘောပျံကြီးထဲ၌ တပ်ဆင်ထားသော အကာအကွယ်ဒိုင်းကာ ပေါ်ပေါက်လာ၏။ ထိုသင်္ဘောပျံကြီး၏ လျှို့ဝှက်အခန်းထဲမှ မျက်လုံးဖြင့် မမြင်ရပါသော်လည်း ငြိမ်သက်မှုအပြည့်ရှိသော အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ထိုသတ္တဝါကြီးဆီသို့ ဦးတည်သွား၏။

တချိန်တည်းမှာပင် ထိုသတ္တဝါကြီး၏ နောက်ဘက်ရှိ အဝေးတစ်နေရာတွင် သက်တန့်ရောင် အလင်းတန်း‌များစွာက ၎င်း၏နောက်သို့ လိုက်လာကြသည်ကို ဝမ်ပေါင်လဲ့နှင့် အခြားသူများက မြင်လိုက်ရသည်။ ထို သက်တန့်ရောင် အလင်းတန်း တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည့် ဓားတစ်လက်စီ ရှိနေ၏။

ထို ဓားပျံများ၏ ရှေ့တွင်မူ အဖြူရောင် လက်ရှည်အင်္ကျီတစ်ထည်ကို ဆင်မြန်းထားပြီး အနက်ရောင် ရှေးဟောင်းဓားတစ်လက်ပေါ်တွင် မတ်တတ်ရပ်နေသည့် လူငယ်လေးတစ်ယောက် ရှိနေသည်။ သူသည် ကျောင်းသားတစ်ယောက်နှင့် တူပါသော်လည်း သူ၏ အကြည့်မှာ စူးရှတောက်ပနေပြီး ဓားနေမင်းကြီးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့်ပုံစံ ပေါက်နေ၏။

သူသည် သူ၏ပတ်ပတ်လည်တွင် ရစ်ဝဲနေသော ဓားပျံပေါင်းများစွာကို ထိန်းချုပ်ထား၏။ လက်ရှိတွင် ဓားမုန်တိုင်းကြီးတစ်ခု စတင်တိုက်ခတ်လာသကဲ့သို့ ဖြစ်နေပြီး ထိုမုန်တိုင်းကြီး၏ အမြန်နှုန်းမှာ ထိုလူငယ်၏ မန္တန်လက်ကွက်များနှင့်အတူ အဆပေါင်းများစွာ ပို၍ မြန်ဆန်လာ၏။ ထို့နောက် သူ၏ ဓားပျံများမှာ မှုန်ဝါးဝါးဖြစ်သွားပြီး လျှပ်စီးတန်းတစ်တန်းကဲ့သို့ ထိုရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

” ယုတ်မာတဲ့ မိစ္ဆာကောင်ကြီး။ မင်း ပြေးမလွတ်ပါဘူးကွာ ”

ထိုရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးမှာ ပြန်လည်တုံ့ပြန်ချင်ပါသော်လည်း ရုန်းကန်နိုင်စွမ်း မရှိတော့သောကြောင့် စူးစူးရှရှ အော်ဟစ်မြည်တမ်းလိုက်၏။ ထိုအခိုက်အတန့်တွင် ဓားပျံအားလုံးမှာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြသဖြင့် ရဲရဲနီနေသောသွေးများ ပန်းထွက်လာတော့သည်။ ထို့နောက် ထိုသတ္တဝါကြီးမှာ မြေပြင်ပေါ်သို့ ဘိုင်းခနဲ ပြုတ်ကျသွားပြီး ဓားများစိုက်နေသောကြောင့် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ထိုသတ္တဝါကြီးမှာ သေဆုံးသွားပြီဖြစ်သည်။

အဖြူ‌ရောင် အဝတ်အစားများနှင့် လူငယ်လေးမှာမူ ထိုသတ္တဝါကြီး၏ အလောင်းဘေးသို့ ရောက်ရှိလာ၏။ ထို့နောက် သူ၏ ညာလက်ဖြင့် ထိုအလောင်းကြီးကို တို့ထိလိုက်ပြီး ၎င်းအား သိမ်းဆည်းလိုက်တော့သည်။ ထိုသို့သိမ်းဆည်းလိုက်ပြီးနောက် သူသည် မျက်လုံးများမှေးကာ သင်္ဘောပျံကြီးကို လှမ်း၍ကြည့်လိုက်၏။

” အဲဒါ အဆင့်မြင့်ကျွန်းရဲ့ သိုင်းပညာဌာနက ရွှီလင်းမလား ”

” ဟုတ်တယ် ”
ထိုလူငယ်လေး၏ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် သင်္ဘောပျံကြီး၏ အခန်းထဲမှ အေးစက်စက် စကားသံတစ်သံ ထွက်ပေါ်လာ၏။

ထိုလူငယ်လေးကမူ ပြုံးကာ လက်နှစ်ဖက်ဆုပ်လိုက်ပြီးနောက် မန္တန်လက်ကွက်များဖော်ကာ ဓားပျံအားလုံးကို ကောင်းကင်ယံသို့ စေလွှတ်လိုက်ပြီး လေပေါ်သို့ ပျံတက်သွား၏။ ထို့နောက် သူသည် မိုးသစ်တောထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

အဖြစ်အပျက်အားလုံး မြန်ဆန်လွန်းနေ၏။ အစမှ အဆုံးအထိ မိနစ်ဝက်လောက်သာ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်လေး ပျောက်ဆုံးသွားသည့်တိုင်အောင် သင်္ဘောပျံကြီးပေါ်မှ မည်သူကမှ သတိပြန်လည်လာခြင်း မရှိသေးပေ။

အချိန်အနည်းငယ်ခန့် ကြာမှသာ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်၏။ ထိုလူငယ်လေး၏ ပေါ်ပေါက်လာမှုနှင့် ထိုသတ္တဝါကြီးကို သုတ်သင်ရှင်းလင်းရန်အတွက် သူ အသုံးပြုခဲ့သော စွမ်းရည်များကြောင့် ဝမ်ပေါင်လဲ့မှာ အထင်ကြီးနေရတော့သည်။ ယခင်က ဓမ္မလက်နက်ဂေဟာမှ အကြီးအကဲကြီးပင် ဝမ်ပေါင်လဲ့အား ယခုလောက် စိတ်နှလုံး လှုပ်ရှားသွားအောင် မလုပ်နိုင်ခဲ့ပေ။ ဓမ္မလက်နက်ဂေဟာမှ အကြီးအကဲကြီး၏ သပ်ရပ်ကြော့ရှင်းမှုနှင့် ယှဉ်လိုက်မည်ဆိုပါက ထိုအဖြူရောင် အဝတ်အစားနှင့် လူငယ်လေးမှာ ဇီဝိန်ချုပ်တိုက်ကွက်ကို ထုတ်သုံးခဲ့သည် မဟုတ်ပါလော။

အကြီးအကဲကြီးနှင့် ထိုလူငယ်လေးတို့ နှစ်ယောက်စလုံးမှာ လုံးဝ မတူညီကြပေ။

” ဒါ… ကျင့်ကြံသူတစ်ယောက်လား ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူရင်း ခေါင်းငုံ့ကာ သင်္ဘောပျံကြီးကို ကြည့်နေ၏။ မကြာသေးမီက သူတို့ကြားလိုက်ရသည့် အေးစက်စက် စကားသံကြီးမှာ သင်္ဘောပျံကြီးထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသူမှာ ကျောင်းသားများကို ကာကွယ်ပေးရန်အတွက် သင်္ဘောပျံကြီးနှင့်အတူ လိုက်ပါလာသော ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က သုံးသပ်လိုက်၏။

” အဆင့်မြင့်ကျွန်း … ”

ဝမ်ပေါင်လဲ့မှာ ထိုကျွန်းအကြောင်းကို တွေးတောရင်း သူ၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များနှင့် ပြင်းပြသောစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့သည်။

ဝမ်ပေါင်လဲ့ပင် မဆိုထားဘိ သင်္ဘောပျံကြီးပေါ်ရှိ အခြားလူအားလုံးမှာလည်း ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီး ဇာမဏီမြို့တော်သို့ ဆိုက်ရောက်လာသည့် အချိန်အထိ ထိုဖြစ်ရပ်ကြီးကို မမေ့နိုင်ကြသေးပေ။

ကောင်းကင်တာအိုကျောင်းမှ သင်္ဘောပျံကြီး ဆင်းသက်လာသောအခါ ညနေခင်းအချိန်သို့ ရောက်နေပြီ ဖြစ်သည်။ ကောင်းကင်ယံရှိ ဓားနေမင်းကြီးက ထုတ်လွှတ်နေသော လိမ္မော်နီရောင် အလင်းတန်းများမှာ ကမ္ဘာကြီးအား အလင်းဓာတ်ပေးနေပြီး ဇာမဏီမြို့တော်တစ်ခုလုံးအား ခြုံထည်ပါးပါးလေးတစ်ထည်ဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေ၏။

ပြည်ထောင်စုကြီး၏ အရှေ့တောင်ဘက်တွင် ရှိသော ဇာမဏီမြို့တော်မှာ လူဦးရေ သန်းပေါင်းအနည်းငယ်ခန့်သာရှိသော မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။

ပြည်ထောင်စုကြီး တစ်ခုလုံးတွင် ကောင်းကင်မြို့တော်ကဲ့သို့ အဓိကမြို့ကြီး ဆယ့်ခုနစ်မြို့မှလွဲ၍ ဇာမဏီမြို့တော်ကဲ့သို့ မြို့ငယ်လေးများမှာ ထောင်ဂဏန်းအထိ ရှိကြသည်။

၎င်းမှာ မြို့ငယ်လေးတစ်မြို့ ဖြစ်ပါသော်လည်း ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးများကို တွန်းလှန်ရင်ဆိုင်နိုင်မည့် အကာအကွယ်များကို အလုံအလောက် ပိုင်ဆိုင်ထား၏။ ဇာမဏီမြို့တော်မှာ တုန့်လင်မြို့တော်နှင့် သိပ်မဝေးသော နေရာတွင် ရှိနေသည်ဖြစ်ရာ သမိုင်းတစ်လျှောက်တွင် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ကြုံခဲ့ရသည့် သားရဲကျူးကျော်မှုတစ်ခုကိုသာ ရင်ဆိုင်ခဲ့ဖူးသည်။

ဇာမဏီမြို့တော်မှ မြို့သူမြို့သားများ အတွက်မူ မြို့ပြင်သို့ မထွက်သရွေ သူတို့၏ နေ့စဉ်ဓူဝ ဘဝများမှာ ဘေးကင်းလုံခြုံကာ အေးချမ်းနေမည်သာ ဖြစ်သည်။

ကောင်းကင်တာအိုကျောင်းမှ သင်္ဘောပျံကြီး ဇာမဏီမြို့တော်၏ လေဆိပ်သို့ ဆင်းသက်လာသောအခါ အခြားကျောင်းများမှ ကျောင်းသားများကို အိမ်သို့ပြန်ပို့ကြသည့် သင်္ဘောပျံ ခုနစ်စင်း၊ ရှစ်စင်းခန့်ကို တွေ့မြင်နိုင်ပေသည်။

ကျောင်းမျိုးစုံမှ ဇာမဏီမြို့တော် ဇာတိဖြစ်ကြသော ကျောင်းသားတိုင်း အလွန် စိတ်လှုပ်ရှားနေကြပြီး အိမ်ကိုလွမ်းဆွတ်နေသော စိတ်များဖြင့် သင်္ဘောပျံများပေါ်မှ ဆင်းလာကြသည်။ သူတို့မှာ ဇာတိမြေ၏ အငွေ့အသက်များကို ခံစားကာ သူတို့နှင့် ရင်းနှီးနေပြီးသားဖြစ်သော လမ်းများကို ငေးကြည့်ရင်း ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ သူတို့၏ အိမ်ပြန်အလာကို စောင့်ကြိုနေကြသည့် မိသားစုဝင်များနှင့် ပြန်လည် ဆုံစည်းလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး ရက်စက်ကြမ်းကြုတ်သောသတ္တဝါကြီးအား သုတ်သင်ရှင်းလင်းခဲ့သည့် ကျင့်ကြံသူ၏ ပုံရိပ်ကို မေ့ထားလိုက်တော့သည်။ ထို့နောက် သူသည် လျှိုတောက်ပင်းနှင့် အခြားကျောင်းသားများကို စိတ်လှုပ်တရှားနှင့် လက်ပြနှုတ်ဆက်လိုက်ပြီး လေဆိပ်အပြင်ဘက်သို့ ပြေးထွက်ကာ ဧည့်ကြိုခန်းမကြီးထဲသို့ ဝင်သွားလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အနီးအနားတွင်ရပ်နေပြီး ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်ကာ သူ့အား ရှာဖွေနေသော အရပ်ရှည်ရှည်၊ ပိန်ပါးပါးနှင့် သူ၏ ဖခင်ဖြစ်သူကို ချက်ချင်းပင် လှမ်း၍မြင်လိုက်သည်။

” အဘိုးကြီးဝမ်ရေ။ သား ဒီမှာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ဖခင်ဖြစ်သူကို မြင်လိုက်ရသောအခါ ဝမ်းသာအားရပြုံးကာ သူ့ဆီသို့ ပြေးသွားလိုက်တော့သည်။

သို့သော် သူ၏ အသံမှာ ကျယ်လွန်းနေ၏။ ထို့ကြောင့် သူ၏ ” အဘိုးကြီးဝမ် ” ဆိုသော အော်ခေါ်သံကို ဘေးနားတစ်ဝိုက်မှ မိဘဖြစ်သူများက ကြားသွားကြသဖြင့် ဝမ်ပေါင်လဲ့အား အထူးတဆန်းနှင့် ကြည့်နေကြတော့သည်။

ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာမူ ရှုံ့မဲ့မဲ့ ရယ်မောလိုက်ပြီး သူ့အား စိုက်ကြည့်နေ၏။

” ကောင်စုတ်လေး။ မင်းရဲ့ အသံကျယ်ကြီးကို ကြွားနေတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူက လှမ်း၍မေးလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ မလုံမလဲ ရယ်မောကာ သူ၏ ဖခင်အား တင်းကျပ်စွာ ဖက်ထားလိုက်တော့သည်။ ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာလည်း သူ့သားကို လွမ်း‌ဆွတ်နေခဲ့သောကြောင့် သူ၏ မျက်ဝန်းများထဲတွင် နူးညံ့သိမ်မွေ့သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ ထို့နောက် သူသည် သူ့သား၏ ခေါင်းကို ပွတ်သပ်ပေးလိုက်တော့သည်။

” ပေါင်လဲ့ … မင်းကိုကြည့်ရတာ ဝိတ်တက်လာတဲ့ ပုံပဲကွ ”

” အဘိုးကြီးဝမ်။ အဖေက ဝိတ်ကျသွားတာဗျ ”
ဝမ်ပေါင်လဲ့မှာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်၍ပြောလိုက်သောကြောင့် သူ၏ ဖခင်မှာ ရယ်မောကာ သူ့အား စနောက်၍ ဆူလိုက်၏။ ထို့နောက် သူတို့ သားအဖမှာ လေဆိပ်မှ ထွက်ခွာလာပြီး အိမ်သို့ ပျော်ရွှင်စွာ ပြန်လာကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset