အပိုင်း (၉၂၀)

ကောင်းကင်မှ ဆင်းသက်လာသော နှင်တံ

“ခင်ဗျားက ဘယ်သူပါလဲ အရှင်…” ကျောက်မိသားစုမှ တစ်ယောက်က ရီဖူရှင်းအား မေးသည်။ သူ့အား ရှန့်ထိုတစ်ပါးက လိုက်လံ စောင့်ရှောက်နေသည်။ သူတို့ကလန်မှ အကြီးအကဲများပင် လူငယ်အား အပြစ်မလုပ်ရဲပေ။

“ကျုပ်က ပြည်နယ်ကိုးခုက လာတယ်… ဒါကြောင့် ကျုပ်က သူမပြောသလိုပဲ အောက်ဘုံက လာတယ်…” ရီဖူရှင်းက ပြောသည်။

အားလုံး၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ ဂူတုံးလျိုကလည်း အောက်ဘုံမှ လာခဲ့သည်။ ယခု သူကလည်း အောက်ဘုံမှ လာသည်ဟု ပြောနေသည်။

“ဂူတုံးလျိုက ကျုပ်အစ်ကိုပဲ…” ရီဖူရှင်းက ဆက်ပြောသည်။ အားလုံး၏ စိတ်နှလုံးများ အခုန် မြန်လာခဲ့ကြသည်။ ညီအစ်ကို နှစ်ယောက်ကား အလွန် ထူးချွန်လွန်းသည်။ သူမက ရီဖူရှင်းအား မည်သို့ အပြစ် လုပ်မိသည်ကို ကျောက်ရှီက နားလည်လိုက်၏။ သူမက အထင်သေး အမြင်သေး ပြောခဲ့သည်ကား ရီဖူရှင်း၏အစ်ကို ဖြစ်နေသည်။

“ကျုပ် အထက်ဘုံကို ကောင်းကင် လှေကားက တက်လာတုန်း ကလည်း လူအချို့ ကျုပ်ကို အထင်သေး ခဲ့ကြတယ်…”

“အခု ကျူးထန် နန်းတော်မှာ ကျုပ်ဆီက တိုက်ကွက် တစ်ကွက်ကို ခုခံနိုင်တဲ့သူတောင် မရှိဘူး…. ဒါက ခင်ဗျားတို့ပြောတဲ့ အထက်ဘုံရဲ့ စွမ်းရည်လား…”  ရီဖူရှင်း၏ မျက်လုံးများက မောက်မာ ဝင့်ကြွားမှုများဖြင့် ပြည့်နေသည်။

“ကျုပ်က အထက်ဘုံကို တက်လာတာ ကောင်းကင် ဘယ်နှလွှာသို့ တက်နိုင်တယ် ဆိုတာ သက်သေပြချင်လို့ မဟုတ်ဘူး … ကျုပ်က လူတစ်ယောက်ကို လာရှာတာ … သူက ကျူးထန်အဆင့်မှာ ရှိတယ်လို့ ပြောတယ်…” ရီဖူရှင်း၏စကားက အားလုံး၏ရင်ခုန်သံကို မြန်ဆန် စေသည်။

ရီဖူရှင်းက မည်သူ့အတွက် လာသည်ကို အားလုံးက သိကြသည်။ သူပြောသောသူကား ပေ့ချိန်ရန် ဖြစ်သည်။

“ခုနစ်လွှာက တိုက်ပွဲက ကျုပ်အတွက် အဓိပ္ပာယ် သိပ်မရှိဘူး … တကယ်လို့ ကွဲပြားခြားနားတဲ့ နိုင်ပွဲဆက်လူတွေ ရှိရင် … ကျုပ်က သူတို့အားလုံးကို တိုက်ခိုက်နိုင်တယ် … ကျုပ်က အမြန်လိုတယ်…” ရီဖူရှင်းက ဆက်ပြောသည်။

ဤတွင် အားလုံးက ရီဖူရှင်း၏သဘောကို နားလည် လိုက်ကြသည်။

သူက အမြန်လိုနေရာ မစောင့်လိုတော့ပေ။

ကျူးထန် နန်းတော်၏ စည်းကမ်းအရ သူကား ရှစ်လွှာသို့ တက်ရန် ရက်များစွာ စောင့်ရပေဦးမည်။ သူကား ထိုမျှ စိတ်မရှည်ပေ။ ထို့ကြောင့် ကွဲပြား ခြားနားသော နိုင်ပွဲဆက် တန်ခိုးရှင်များအား သူက တိုက်ရိုက် စိန်ခေါ် တိုက်ခိုက်လိုသည်။

သူက အားလုံးကို တစ်ပြိုင်နက်တည်း စိန်ခေါ်လို၏။

ကောင်းကင် ခုနစ်လွှာတွင် အားလုံးက စင်မြင့်ထက်မှ ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်း၏ တိုက်ပွဲများကို လိုက်လံကြည့်ရှု နေကြသူများမှာလည်း အလွန် အားရကြ၏။ သူတို့က ရီဖူရှင်း၏ နောက်ကို လိုက်လာခဲ့ရခြင်းမှာ သူ၏ အရည်အချင်းများကို တွေ့မြင် ခဲ့ရသောကြောင့် ရီဖူရှင်းက ကောင်းကင်အလွှာ မည်သည့် အထပ်အထိ တက်ရောက်နိုင်သည်ကို ကိုယ်တိုင် ကြည့်လို ကြပေသည်။

ကောင်းကင်ရှစ်လွှာသို့ တက်ရောက်ခြင်းက အလွန် ခက်ခဲမည်ဟု သူတို့ ထင်မြင်ခဲ့ကြသည်။ သို့သော် ရီဖူရှင်း၏ ဦးတည်ချက်က ကောင်းကင်ရှစ်လွှာမျှသာ မဟုတ်ခဲ့ပေ။ သူက ကောင်းကင် ကိုးလွှာမှ ပေ့ချိန်ရန်အား တိုက်ခိုက်လို၏။

အချို့မှာ အနည်းငယ် စိတ်ဆိုးဒေါသထွက် နေကြသည်။ သူတို့အားလုံးမှာ ထူးခြား ထက်မြက်သူများ ဖြစ်ကြသည်။ ရီဖူရှင်းက ပြိုင်ဘက်အား အားလုံးကို အပြတ်အသတ် အနိုင်ယူခဲ့ရာ သူ၏ စွမ်းရည်က သံသယဖြစ်စရာ မလိုပေ။ သို့သော် ခုနစ်လွှာမှ တန်ခိုးရှင်များ အားလုံးကို အနိုင်ယူရန်ကား ရီဖူရှင်းက အလွန်တရာ မောက်မာလွန်း ပေသည်။ ထိုစဉ်မှာပင် စင်မြင့်ထက်မှ အကြီးအကဲက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “မင်းသမီးက ကျူးထန်အဆင့်ကို တက်လှမ်းစဉ်က စည်းမျဉ်းတွေက သူမအတွက် ပြောင်းလဲ ပေးခဲ့တယ်… မင်းကရော ဘာကို အားကိုးမှာလဲ…”

ရီဖူရှင်းက ကျောက်စီအား အနိုင်ယူခဲ့ခြင်းမှာ သူ၏ ဒေါသများကို ဖြေဖျောက်ခြင်းမျှသာ မဟုတ်ဘဲ သူ၏ မာနတရားကို ထုတ်ဖော်ခြင်းလည်း ဖြစ်ကြောင်း သူ သိသည်။

သူ၏ စွမ်းအားကို ထုတ်ဖော်ကာ ကျူးထန် နန်းတော် ခုနစ်လွှာမှ တန်ခိုးရှင်များအား မောက်မာ ဝင့်ကြွားသော ဟန်ပန်ဖြင့် ရန်စခဲ့ခြင်းကား နန်းတော်၏ စည်းမျဉ်း စည်းကမ်းကို ပြောင်းလဲစေကာ အားလုံးကို စိန်ခေါ် တိုက်ခတ်လျက် ကောင်းကင်ရှစ်လွှာသို့ တိုက်ရိုက် တက်လှမ်း နိုင်ပေသည်။

ကျောက်စီကား ရီဖူရှင်း၏ ရန်စမှုအား သည်းမခံနိုင်ခဲ့ရာ ရီဖူရှင်း၏ အသုံးချခံ ဖြစ်ခဲ့ရသည်။ သူ့အတွက် အမှန်ပင် ကံဆိုးပေ၏။ သို့သော်လည်း ရှားရှင်းယွန်က အဆင့်အတန်း မြင့်မားရာ ကျူးထန်နန်းတော်ကား သူမအတွက် စည်းမျဉ်းစည်းကမ်းများအား ပြောင်းလဲပေးခဲ့၏။

ရီဖူရှင်းက ထူးခြား ကောင်းမွန်သော ပါရမီ ရှိသော်လည်း ကျူးထန် နန်းတော်က သူ့အတွက် စည်းမျဉ်းများအား ပြောင်းလဲရန် မည်သည့်အရာကို အားကိုး မည်နည်း။

ရီဖူရှင်းက စင်မြင့်ထက်မှ တန်ခိုးရှင်အား ကြည့်ကာ ပြောသည်…“ကျုပ်က နှစ်သုံးဆယ်ကျော် ကျင့်ကြံ လာခဲ့ပြီးပြီ… ကျုပ်က တန်ခိုးအဆင့်တူ အတွင်း ဘယ်သူ့ဆီမှာမှ မရှုံးနိမ့်ခဲ့ဖူးဘူး … ကျုပ်က ပြည်နယ်ကိုးခုရဲ့ တော်ဝင်မြေ ခေါင်းဆောင် နေရာတစ်ခုကို နိုဘယ်အဆင့်နဲ့ ရရှိခဲ့တယ်… ရှီတန်ခိုးရှင်တွေက ကျုပ်အမိန့်ကို နာခံရပြီးတော့ ရှန့်ထိုနှစ်ပါးက ကျုပ်ကို ကူညီပေးခဲ့ကြတယ်… ပြည်နယ်ကိုးခုမှာ ကျုပ်က တစ်ဦးတည်းသော ရှန့်ထိုမဟုတ်တဲ့ တော်ဝင်မြေ ခေါင်းဆောင်ပဲ … ကျုပ်က ပြည်နယ်ကိုးခုက လာပြီးတော့ ကောင်းကင် လှေကားကို တက်ခဲ့တယ်… ဘယ်သူကမှ ကျုပ်ကို မတားဆီးနိုင်ခဲ့ဘူး … ဒီအတိုင်းပဲ … ကျူးထန်အဆင့်ကို တက်လှမ်းရာမှာလည်း ဘယ်သူကမှ ကျုပ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး… ဒါက လုံလောက်ရဲ့လား…” ရီဖူရှင်းက စင်မြင့်ထက်မှ အကြီးအကဲကို တည်ငြိမ်စွာ ကြည့်ကာ ပြောသည်။

သူရဲကောင်းဆန်သော ပုံသဏ္ဌာန်ကို ကြည့်ကာ အားလုံး၏ စိတ်နှလုံးကား တုန်ယင် လာကြသည်။ အင်ပါယာ ရှားနယ်မြေအတွင်း သူ့အား အဘယ်ကြောင့် တစ်ယောက်မှ မသိသည်ကို သူတို့က နားလည်လိုက်သလို သူက အဘယ်ကြောင့် အလွန် အားကောင်းနေသည် ကိုလည်း သိလိုက်ကြသည်။

သူက အင်ပါယာ ရှားနယ်မြေ အတွင်း၌ နာမည် ကျော်ကြားခြင်း မရှိပေ။ သို့သော် အောက်ဘုံတွင် သူ့အား လူတိုင်းက သိသည်။ သူက ရှန့်ထိုမဟုတ်သော တစ်ဦးတည်းသော တော်ဝင်မြေ ခေါင်းဆောင် ဖြစ်ကာ ရှန့်ထိ နှစ်ပါးက သူ့အား လိုလိုလားလား ကူညီကြသည်။ ထိုအရာကပင် သဘာဝလွန် ပါရမီ ဖြစ်သည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ သူက နိုဘယ်အဆင့်မျှဖြင့် တော်ဝင်မြေ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ပြည်နယ်ကိုးခုတွင် သည်လူက မည်မျှပင် ကြီးကျယ် ခမ်းနားလိုက် သနည်း။

ရီဖူရှင်း၏ စကားကို မည်သူကမျှ သံသယ မဝင်ကြချေ။ ရှန့်ထိုတပါးက သူ၏အမိန့်အား နာခံသည်ကို အားလုံးက တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။

ကျောက်ရှီ၏ မျက်နှာကား စာရွက်ကဲ့သို့ ဖြူဖွေးသွားသည်။ လူအများအပြားက တွေးတော မိကြသည်။ ရီဖူရှင်းက ကောင်းကင်လှေကားမှ တက်ကာ ကျူးထန်နန်းတော် ကောင်းကင် အလွှာသို့ ရောက်လာခဲ့၏။ ထို့အပြင် သူက နန်းတော် သခင် ဖြစ်သည်။ သူက ဂူတုံးလျိုထက် အားကောင်းသည်များလား။ မုဖန်းချန်းကို အနိုင်ယူခဲ့သော သူ၏ စွမ်းရည်အရ အောင်မြင်ရန် အခွင့်အလမ်း အလွန် များပေသည်။ ဂူထုံးလျို လုပ်နိုင်သည့် အရာအားလုံးကို ရီဖူရှင်းကလည်း လုပ်နိုင်လောက် ပေသည်။ ယနေ့ ကျူးထန်နန်းတော် အဆင့်သို့ လူနှစ်ယောက်က တက်ရောက် နိုင်ကြမည်လား။

စင်မြင့်ထက်မှ အကြီးအကဲကလည်း ရီဖူရှင်းအား ကြည့်နေသည်။ သူ၏ စိတ်ကလည်း ဝေခွဲမရပေ။ ရှားရှင်းယွန်က အင်ပါယာ ရှားနယ်မြေ အတွင်း၌ ပါရမီ အမြင့်ဆုံးအဖြစ် သတ်မှတ်ထားခြင်း ခံထားရသည်။ သူမ၏ မြင့်မားသော အဆင့်အတန်းနှင့် ဆိုလျှင် ကျူးထန်နန်းတော်၏ စည်းမျဉ်း စည်းကမ်းများကို ပြောင်းလဲခြင်းကား ပြဿနာ သိပ်မရှိပေ။ ယခု အောက်ဘုံမှ အလွန် ထူးခြား ထက်မြက်သော လူတစ်ယောက်လည်း ရောက်ရှိလာကာ ကိုးလွှာသို့ တက်ရောက် တိုက်ခိုက်လိုသည်။ သည်အောက်ဘုံမှ လူကား မင်းသမီးနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ခြင်း မရှိသော်လည်း ဤလူက မည်မျှစွမ်းသည်ကို သူလည်း တွေ့မြင် လိုပေသည်။

“ဒီမှာစောင့်နေ…” စင်မြင့်ထက်မှ အကြီးအကဲက သူ့အား ကြည့်ကာ ပြောပြီး ထွက်သွားသည်။ သူကလည်း ထိုဆုံးဖြတ်ချက်ကို ချမှတ်နိုင်သော အခွင့်အာဏာ ရှိဟန် မတူပေ။

“ခင်ဗျား ကျုပ်ကို လွှတ်ပေးလို့ ရမလား…” ရီဖူရှင်းက ကျောက်စီကို ကိုင်မြှောက်ထားဆဲ ဖြစ်သည်။ သူ၏ မျက်နှာမှာ သွေးခြင်းခြင်းနီနေပြီး အလွန်အမင်း အရှက်ရနေပြီ ဖြစ်သည်။ သူက ကျီးကန်း တစ်ကောင်မျှသာ ဖြစ်သည်။ ရီဖူရှင်းက ကျောက်စီအား လွှင့်ပစ်လိုက်ရာ ကျောက်စီမှာ အဝေးသို့ လွင့်စဉ်သွားပြီးမှ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။

ကျောက်ရှီက သူ့ထံသို့ ပြေးလာပြီး တွဲထူလိုက်သည်။ သူမ၏ မျက်နှာမှာလည်း အလွန်အမင်း ပြာနှမ်းနေ၏။ သူမက ရီဖူရှင်းအား ကြည့်သောအခါ ရီဖူရှင်းက သူမအား ကြည့်ရှုခြင်းပင် မရှိသည်ကို မြင်ရ၏။ ကြည့်ရသည်မှာ သူက သူမအား မူလကတည်းက ဂရုစိုက်ခဲ့ဟန်လည်း မတူပေ။

မကြာမီ တန်ခိုးရှင်တစ်စု ကောင်းကင်ပေါ်မှ ပျံသန်း လာခဲ့ကြ၏။ ထိုအထဲတွင် စင်မြင့်အလယ်၌ ရပ်ကာ တိုက်ပွဲများအား ကြည့်ကြသော အကြီးအကဲလည်း ပါဝင်သည်။ သူတို့၏ မျက်လုံးများက ရီဖူရှင်းထံ ရောက်လာကာ သူတို့အားလုံးက စင်မြင့်ထက်တွင် ရပ်နေကြသည်။ တစ်ယောက်က နောက်လှည့်ကာ သူတို့အား ပြောသည်…“တစ်စုံတစ်ယောက်က ခုနစ်လွှာက တန်ခိုးရှင်တွေ အားလုံးကို စိန်ခေါ်ချင် နေတယ်။ ဘယ်သူတွေက သူနဲ့ တိုက်ခိုက်ချင်သလဲ”

သိသာစွာပင် ကျူးထန် နန်းတော်က ရီဖူရှင်း၏ တောင်းဆိုမှုကို လက်ခံကာ ယှဉ်ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို ပြောင်းလဲ ပေးခဲ့သည်။

“ကျုပ် ကြိုးစား ကြည့်မယ်”

အသံတစ်သံကို ကြားလိုက်ရသည်။ အားလုံးက လှမ်းကြည့် လိုက်သည်တွင် အပြာရောင် ဝတ်စုံဝတ် လူတစ်ယောက်အား တွေ့လိုက်ရသည်။ သူက အသက် ၃၀ ဝန်းကျင်ခန့် ရှိ၏။ သူ၏ မျက်လုံးများက တောက်ပ ဝင်းလက်နေကာ ပင်လယ်ကဲ့သို့ နက်ရှိုင်းဟန် ရသည်။

“ကျင်းလီ”

အားလုံး၏ နှလုံးသားများ တုန်ရီ သွားကြသည်။ သူက ခုနစ်လွှာတွင် နာမည် အကျော်ကြားဆုံး တန်ခိုးရှင် ဖြစ်သည်။ သူက ကိုးပွဲဆက်တိုက် အနိုင်ရရှိပြီး ဖြစ်၏။ နောက်တပွဲ အနိုင်ရရုံမျှဖြင့် သူက ကောင်းကင် ရှစ်လွှာသို့ တက်လှမ်း နိုင်မည် ဖြစ်ရာ ဤသို့ စွန့်စား ပါဝင် တိုက်ခိုက်နေစရာ မလိုပေ။ သို့သော်လည်း သူက ဦးဆုံး ထွက်လာခဲ့သည်။ သိသာစွာပင် လူအများစုအတွက် ကျူးထန် နန်းတော်သို့ လာရောက် တိုက်ခိုက်ခြင်းမှာ အဆင့်တက်ရန်ထက် မိမိတို့၏ တန်ခိုး အဆင့်တူအတွင်း ကောင်းမွန်သော ပြိုင်ဘက်များကို ရှာဖွေ တွေ့ရှိရန်လည်း အကြောင်းပြချက် တစ်ခု ဖြစ်ပေသည်။ ရီဖူရှင်းက ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်မည်ဟု သူက ယုံကြည်ရာ ကျန်းလီက ရှေ့သို့ ထွက်လာခဲ့သည်။

“ကျုပ်လည်း ကြိုးစား ကြည့်မယ်”

နောက်ထပ် အသံတစ်သံကို ကြားလိုက် ရပြန်သည်။ အားလုံးက လှမ်းကြည့်လိုက်ရာ နောက်ထပ် တန်ခိုးရှင်တစ်ပါး ထွက်လာသည်ကို မြင်လိုက်ရ၏။

“ယွီချီဖန်း”

အားလုံးက သူ့အား အံ့အားသင့်စွာ ကြည့်လိုက် ကြသည်။ ယွီချီဖန်းမှာလည်း ခုနစ်လွှာ အတွင်း၌ နာမည် ကျော်ကြားကာ သူက ရှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဖြစ်သည်။

ကျင်းလီနှင့် ယွီချီဖန်းတို့က ဦးဆောင်ပြီး ထွက်လာသည်တွင် နောက်ထပ် တန်ခိုးရှင်များ အများအပြား ထွက်လာကြသည်။ မကြာခင် လူ ကိုးယောက် ပြည့်သွား၏။ ထို့အပြင် သူတို့ အားလုံးမှာ အနည်းဆုံး သုံးပွဲ ဆက်တိုက် အနိုင် ရရှိထားသူများလည်း ဖြစ်ကြသည်။

တိုက်ပွဲ ကြီးကြပ်သူက ထိုလူများ၏ နာမည်နှင့် မှတ်တမ်းများကို ကြေညာကာ ရီဖူရှင်းအား မေးလိုက်သည်…“မင်းမှာ ငြင်းဆန်စရာ တစ်ခုခု ရှိသလား”

“မရှိဘူး…” ရီဖူရှင်းက ဖြေလိုက်သည်။

“ကောင်းတယ်…” အကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အားလုံး တက်လာခဲ့ကြ…” သူက ပြောလျှင် စိန်ခေါ်သူများ အားလုံးက စင်မြင့်ထက်သို့ တက်လာကြကာ ရီဖူရှင်းအား ဝိုင်းရံလိုက်ကြ၏။

စင်မြင့်အား ပတ်လည် ဝိုင်းရံလိုက်လျက် အလင်းအရံအတား အစီအရင်က အသက်ဝင်လာ၏။ ခြောက်လွှာမှ လူများက အပေါ်ကို မော့ကြည့်ကြသည်။ သိပ်မကြာသေးခင်က ရှစ်လွှာတွင် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့၏။ ယခု ခုနစ်လွှာတွင်လည်း နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်ပွား တော့မည်လား။

လူအများအပြားမှာ စိတ်လှုပ်ရှား သွားကြလေသည်။ တစ်နေ့တည်းမှာပင် အလွန် ကောင်းမွန်သော တိုက်ပွဲနှစ်ခု သူတို့ တွေ့ကြုံရမည်ကို မမျှော်လင့် ထားခဲ့ကြချေ။ သို့သော် ခုနစ်လွှာ အတွင်းမှ တိုက်ပွဲ အခြေအနေကို တွေ့မြင် လိုက်ရသည်တွင် သူတို့အားလုံး ထိတ်လန့် အံ့အားသင့် သွားကြလေသည်။

ဘာဖြစ်နေကြသနည်း။

နာမည် ကျော်ကြားသော တန်ခိုးရှင် ၁၀ ယောက်။

ခုနစ်လွှာတွင် တိုက်ပွဲများ အားလုံးမှာ တစ်ယောက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ရခြင်း ဖြစ်သည်။ နှစ်ယောက်ထက် ပိုသော တိုက်ပွဲဟူ၍ မရှိပေ။ အဘယ်ကြောင့် စင်မြင့်ထက်တွင် လူဆယ်ယောက်က ရပ်နေရသနည်း။

“အဲဒါ ရီဖူရှင်း မဟုတ်ဘူးလား”

ရီဖူရှင်း၏ တိုက်ပွဲများကို မြင်တွေ့ခဲ့ကြရသော ပထမအလွှာ၊ လေးလွှာနှင့် ခြောက်လွှာမှ လူများက အထူးအဆန်း သဖွယ် ကြည့်လိုက် ကြသည်။ အထူးသဖြင့် ပထမအလွှာမှ လူများမှာ တုန်လှုပ် သွားကြ၏။ သူက ထိုမျှ တိုတောင်းသော အချိန်ကာလ အတွင်း၌ ခုနစ်လွှာသို့ ရောက်ရှိနေပြီ ဖြစ်ကာ ကြီးမားသော တိုက်ပွဲ တစ်ခုကိုပင် တိုက်ခိုက်တော့မည့်ဟန် ရလေသည်။ ထိုမျှ အမြန်နှုန်းကား ကြောက်မက်ဖွယ် ကောင်း၏။

ကိုးပွဲဆက်တိုက် အနိုင်ယူထားတဲ့ ကျင်းလီ။

ရှစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့ ယွီချီဖန်း။

ခုနစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဟန်ကျန်း။

တစ်ဦး တစ်ယောက်ချင်းစီ၏ ယှဉ်ပြိုင်မှု မှတ်တမ်းများကို ကြေညာသော အသံများ တစ်သံပြီးတစ်သံ ထွက်လာရာ လူအများ၏ စိတ်နှလုံးမှာ ပို၍ တုန်ရီလာကြ၏။ ဘာဖြစ်နေသနည်း။ ကိုးပွဲဆက်တိုက် အနိုင်ယူသူများ၊ ရှစ်ပွဲဆက်တိုက် အနိုင်ယူသူများ၊ ခုနစ်ပွဲ ဆက်တိုက် အနိုင်ယူသူများ အားလုံးက စင်မြင့်ထက်ကို တက်ရောက် လာခဲ့ကြသည်။ သူတို့အားလုံး နားမလည်ပေ။

ထိုနာမည်များ အားလုံး ခေါ်ဆိုပြီးသောအခါ အကြီးအကဲက ခေတ္တမျှ ရပ်တန့်လိုက်သည်။ အလယ်တွင် ရပ်နေသည့် လူတစ်ယောက်၏ နာမည်ခေါ်သံ မကြေညာရသေးပေ။

“ရီဖူရှင်းက တန်ခိုးရှင် ကိုးယောက်ကို စိန်ခေါ်ခဲ့တယ်…”

သူ၏အသံကို ကြားရသည်တွင် အားလုံးက ထိတ်လန့် သွားကြသည်။ ရီဖူရှင်းက တန်ခိုးရှင် ကိုးယောက်ကို စိန်ခေါ်ခဲ့သည်။ ကျူးထန် နန်းတော်က သူ့အတွက် စည်းမျဉ်း စည်းကမ်းများကို ပြောင်းလဲခဲ့ကာ လူကိုးယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်စေခဲ့သည်။ ထိုအရာက ဘာကို ဆိုလိုသနည်း။ ထိုရီဖူရှင်းက မည်သူနည်း။

ကျင်းလီ၏ မျက်လုံးများကား ခရမ်းရောင်သို့ ပြောင်းလဲ သွားသည်။ ဖျက်ဆီးအား ပြင်းသော လျှပ်စီးမုန်တိုင်း တစ်ခု သူ့အနီး၌ ဖြစ်ပေါ်လာသည်။ လျှပ်စီးတန်းများ ကောင်းကင်မှ ကျဆင်းလာ၏။ သူ၏ မျက်လုံးများကား မုန်တိုင်း ဗဟိုချက်မအလား ထင်မှတ်ရသည်။ သူ၏အကြည့်က ရီဖူရှင်းထံသို့ ရောက်ရှိ လာသောအခါ မမြင်ရသော လျှပ်စီး စွမ်းအားများက ကြောက်မက်ဖွယ် လျှပ်စီးသားရဲများ အဖြစ် ပြောင်းလဲ သွားကာ သူ့ထံသို့ တိုးဝင် လာလေ၏။

ရီဖူရှင်းက ကျန်းလီအား ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏ လျှပ်စီး ကမ္ဘာအတွင်းသို့ သက်ဝင် ကျဆင်း သွားသည့်အလား ခံစားလိုက်ရ၏။

ဒုန်း…

ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး စွမ်းပကားများက ရီဖူရှင်းထံသို့ အဆက်မပြတ် ကျဆင်း လာတော့၏။ သို့သော် ထိုအရာများကား ရီဖူရှင်း၏ ခန္ဓာကိုယ်ကို မည်သို့မျှ မထိခိုက်စေခဲ့ပေ။ ရီဖူရှင်းက ထိုနေရာတွင်ပင် ကြယ်အလင်းများ တဖျတ်ဖျတ် လင်းလက်လျက် ရပ်နေလေသည်။ အဆက်မပြတ် ကျဆင်းလာသော လျှပ်စီးတန်းများကြောင့် သူ၏ ကြယ်တာရာ အရံအတားမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ် လာတော့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု ထပ်မံ ဆင်းသက် လာခဲ့သည်။

ယွီချီဖန်းက ကောင်းကင်ထက်မှ သူ၏ မြေခွေး အစွယ် လက်နက်ဖြင့် တိုက်ခိုက်၏။ မြေခွေးအစွယ် လက်နက်မှာ သူ၏လက်ထဲတွင် ဧရာမ ကြီးမားသွားပြီး ပေ ၃၀ ခန့်မျှ ရှည်လျား လာခဲ့သည်။ လက်နက်က အဆုံးအစမဲ့သော စွမ်းအားများကို သယ်ဆောင်လျက် ကောင်းကင်ကို ခွင်းကာ ရီဖူရှင်းထံသို့ ကျဆင်း လာခဲ့သည်။ ရီဖူရှင်း၏ အနီးတွင် မမြင်ရသော လောကဓာတ်တစ်ခု စတင်ဖြစ်ပေါ်လာကာ မြေခွေးအစွယ်လက်နက်၏ အမြန်နှုန်းကို လျှော့ချလိုက်သည်။ လောကဓာတ်က သူ၏ အနီးတစ်ဝိုက်အား အေးခဲစေခဲ့ဟန် ရသည်။ သို့သော် ယွီချီဖန်းက မာန်သွင်း အော်ဟစ် လိုက်သည့်အခါ မြေခွေးအစွယ် လက်နက်က ရီဖူရှင်းထံသို့ ဆက်လက် ကျဆင်း လာခဲ့သည်။

အလွန် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ကြယ်တာရာ အလင်း အရံအတားမှာ ပိုမို များပြားသော အက်ကွဲကြောင်းများ ဖြစ်ပေါ် လာခဲ့သည်။ ထိုအခိုက်တွင် ကောင်းကင်ထက်မှ မရေမတွက်နိုင်သော ဓားများ ရီဖူရှင်းထံသို့ ကျဆင်း လာခဲ့ကြ၏။ လျှပ်တစ်ပြက်ပင် တန်ခိုးရှင် ကိုးယောက်က ကွဲပြားခြားနားသော လောကဓာတ်များဖြင့် ရီဖူရှင်းအား အနီးကပ် တိုက်ခိုက်လိုက် ကြလေသည်။

ရီဖူရှင်းက လောကဓာတ် ပေါင်းစုံတို့၏ အလယ်၌ ကျဆင်းနေခဲ့ဟန် ရ၏။ အားလုံးက တိုက်ပွဲကို စူးနစ်စွာ ကြည့်နေကြ၏။ တန်ခိုးရှင် ကိုးယောက်၏ တိုက်ခိုက်မှုကား အလွန်အမင်း ပြင်းထန်၏။ ရီဖူရှင်းက အမှန်တကယ်ကို ခုခံနိုင်ပါ့မည်လား။

ရီဖူရှင်းက စင်မြင့်ထက်တွင် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။ ထိုအခိုက် ရီဖူရှင်းက အနည်းငယ် ခေါင်းညိတ် လိုက်သည်ကို အားလုံးက သတိထားမိ လိုက်ကြလေသည်။ ထိုလှုပ်ရှားမှုက လူတိုင်းအား ပိုမို၍ ထိတ်လန့် စေခဲ့သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော အလင်းများမှာ ပိုမို၍ လင်းလက်လာခဲ့ကာ အမှုန်အမွှား တစ်ခုချင်းစီက ပိုမို တောက်ပသော အလင်းများအဖြစ် ပြောင်းလဲသွားပြီး အမှုန်အမွှား မုန်တိုင်းများအဖြစ် ဖြစ်ပေါ် လာခဲ့လေသည်။

သူတို့က ရီဖူရှင်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်အား ပြင်းထန်စွာ လှည့်ပတ် ကြသည်တွင် တိုက်ခိုက်မှုတိုင်းမှာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားကြ၏။ တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်လာသော မုန်တိုင်းများမှာ အလွန်အမင်း ပြင်းထန် လာခဲ့ဟန် ရသည်။

ထိုအခိုက် ရီဖူရှင်းက ရုတ်တရက် လက်ဆန့်တန်း လိုက်သည်တွင် အမှုန်အမွှား မုန်တိုင်းက ရှည်လျားသော ရွှေရောင် နှင်တံတစ်လက်အဖြစ် ဖြစ်ပေါ်လာပြီး သူ၏ လက်ထဲကို ရောက်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းက အပေါ်သို့ ခုန်တိုက်လိုက်လျှင် အမှုန်အမွှား မုန်တိုင်းက သူ၏ ရွှေရောင်နှင်တံ ပတ်ပတ်လည်၌ လာရောက် ရစ်ပတ်ကြသည်။ သူ၏ ကိုယ်ရောင် ကိုယ်ဝါကား တဖြည်းဖြည်း ပိုမို အားကောင်းလာခဲ့ကာ တန်ခိုးရှင် ကိုးယောက်မှာ သူ့ထံမှ ဖြာထွက်လာသော အန္တရာယ်၏ အငွေ့အသက်များကို ခံစားလိုက် ကြရသည်။

ဝုန်း…

လေပြင်းတစ်ချက် ရိုက်ခတ်သွားကာ ရွှေရောင်နှင်တံက အဆုံးအစမဲ့သော လင်းလက်မှုနှင့်အတူ တန်ခိုးရှင် ကိုးယောက်ထံသို့ အဆက်မပြတ် ကျဆင်းလာခဲ့သည်။

ဗုန်း… ဗုန်း… ဗုန်း …

နှင်တံပုံရိပ်များက တန်ခိုးရှင် ကိုးယောက်ထံသို့ အဆက်မပြတ် ကျဆင်းလာခဲ့ကာ တစ်ယောက်ပြီး တစ်ယောက် အဝေးသို့ လွင့်စဉ် သွားခဲ့ကြသည်။ နှင်တံက တိုက်ပွဲစင်မြင့်အား အစိတ်စိတ် အမြွှာမြွှာပင် ကွဲအက် စေခဲ့ဟန် ရသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset