Switch Mode

အပိုင်း (၉၁၆)

ကံဆိုးသူလုချောင်

ဝှစ်…

ကိုယ်ပွားတစ်ခု ပေါ်လာခဲ့သည်။ စုထူကား ထုတ်ခိုင်သန်မာသော လူတစ်ယောက် ဖြစ်သော်လည်း လေဓာတ်ပညာရှင် တစ်ယောက်ဖြစ်ကာ အလွန်မြန်၏။ သူကား အချွန်ထက်ဆုံးသော ဓားတစ်လက်နှင့် တူ၏။

“သေသေချာချာကြည့် … လေဓာတ်နဲ့ ထွင်းဖောက်ခြင်းဓာတ် ပေါင်းထားတဲ့ မုန်တိုင်းဓားသိုင်းပဲ…”

စုထူ၏ ပရိသတ်တစ်ယောက်က အော်ကြီးဟစ်ကျယ် ပြောသည်။ ပြင်းထန်သော ဓားချက်နှင့်အတူ စုထူက ရီဖူရှင်း၏ ရှေ့ကို ရောက်လာခဲ့၏။ ဓားအလင်းက လေထုကို ခွင်းလျက် ရောက်လာသည်တွင် ရန်သူကို အရိုးကွဲမတတ် ဖိအားများကို မေး၏။ ပရိသတ်များမှာ ရီဖူရှင်းအတွက် ချွေးစေးများ ထွက်လာကြ၏။

ဓားအလင်းက ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ပစ်မှတ်ကို ထိတော့မည် ထင်ရသည့်တိုင် ရီဖူရှင်းကား နေရာမှ ရွေ့လျားခြင်း မပြုသေးပေ။ စုထူကလည်း သက်ညှာမည့်သဘော မရှိပေ။ ရီဖူရှင်းက သူ့ဒုက္ခသူ ရှာခြင်းဖြစ်၏။

သို့သော်…

ဓားအလင်းက ရီဖူရှင်းနှင့် နီးကပ်သွားသောအခါ ပြင်းထန်သော အားလှိုင်းတစ်ခုက ဓားကို ခဲသွားစေဟန်ရကာ အမြန်နှုန်းက လျော့ကျသွားပြီး ရှေ့သို့ တိုးရန်ပင် ခက်ခဲစေခဲ့၏။

ထန်း … ထန်း…

စူးရှသော အသံများ ထွက်လာကာ ဓားက လောကဓာတ် အရံအတားများကို ချိုးဖျက်ကာ ရီဖူရှင်း၏ပခုံးကို လာရောက် ခုတ်ဖြတ်သည်။

စုထူ၏ မျက်လုံးများက အေးစက် ခက်ထန်သွား၏။ သူက ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေဘူးလား။

ရီဖူရှင်း၏ ခန္ဓာကိုယ် အပေါ်ယံ၌ ကြယ်တာရာ အလင်းလွှာတစ်ခု တောက်ပနေ၏။ ဓားအလင်းက သူ့ပခုံးကို ပိုင်းဖြတ် လာသောအခါ သတ္တုဖြင့် ထိရိုက်သံ တစ်ခုသာ ကြည်လင် ပြတ်သားစွာ မြည်လာခဲ့၏။ ဓားက ကျိုးပျက်သွားကာ စုထူ၏မျက်လုံးက ပြူးကျယ် သွားသည်။

“ဟာ…”

ဧည့်ကြည့်စင်မှ မရေမတွက်နိုင်သော ပရိသတ်များ၏ မျက်လုံးများကလည်း ပြူးကျယ် သွား၏။ ရီဖူရှင်း ခံရတော့မည်ကို အားရဝမ်းသာ စောင့်နေကြသူများ မှာလည်း ပါးစပ်ပိတ် သွားကြသည်။ ကောင်းကင် လေးလွှာမှ တန်ခိုးရှင်များပင် သူ့အရံအတားကို မဖြိုဖျက်နိုင်၊ သူ့အား လှုပ်ရှားစေရန်ပင် မတတ်နိုင်ခဲ့။

စုထူ၏ မုန်တိုင်းဓားသိုင်းမှာ လောကဓာတ်နှစ်ခု အသုံးပြုထားခြင်း ဖြစ်ရာ အလွန် ပြင်းထန်ပေသည်။ သို့သော်လည်း ထိုသို့ ပြင်းထန် အားကောင်းသော ဓားသိုင်းက လူငယ်၏ခုခံအားကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့။ စွမ်းရည် ကွဲပြားခြင်းကား ထင်သာမြင်သာ ရှိလွန်းသည်။

ဓား၏ လောကဓာတ်က အဆင့်ဆင့် အားနည်း သွားသည့်တိုင် ထိုမျှလောက် မကြွပ်ဆတ်သင့်ပေ။ ဤတွင် ရီဖူရှင်း၏ ရုပ်ခန္ဓာမှာ သန်မာလွန်းရကား မည်သည့် လောကဓာတ်ကမှ မချိုးဖျက်နိုင်ဟု ပြောရပေတော့မည်။

စုထူ၏ မျက်လုံးများက ပြူးကျယ်နေ၏။ ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။

စုထူက လေ၏အလျင်ကဲ့သို့ နောက်ဆုတ် သော်လည်း လက်ဝါးကား သူ့ထက်မြန်သည်။ သူ့တစ်ကိုယ်လုံးအား ထွင်းဖောက်သွားသော အားလှိုင်း တစ်ခုနှင့်အတူ စုထူကား အဝေးသို့ လွင့်စဉ်သွားကာ လေထဲတွင်ပင် သွေးပွက်ပွက် အန်သည်။

“ဘာလဲဟ…”

ပထမအလွှာ ကတည်းက ရီဖူရှင်းကို စောင့်ကြည့်ရန် အပေါ်သို့ တက်လာသူများ အားလုံးမှာ မျက်လုံးများ ဝင်းဝင်းတောက် နေကြသည်။ ရီဖူရှင်းက ကောင်းကင် ခုနစ်လွှာသို့ သေချာပေါက် တက်မည့်သူဟုလည်း တထစ်ချ ယုံကြည် လိုက်ကြ၏။

“ရီဖူရှင်းက ဘယ်အင်အားစုကလဲ…”

ရီဖူရှင်း၏ နောက်ခံ အင်အားစုနှင့် မျိုးရိုး အသိုင်းအဝိုင်းကို စိတ်ဝင်စား သူများလည်း ရှိလာကြသည်။

“မသိဘူး…”

မည်သူကမှ မသိကြပေ။ သို့သော်လည်း အင်ပါယာ ရှားနယ်မြေတွင် ရှိသော မရေမတွက်နိုင်သော လူများအကြားမှ လူတစ်ယောက်ကို မသိခြင်းမှာလည်း သိပ်တော့ ထူးဆန်းသည် မဟုတ်ပေ။ သူတို့ သိသည်ကား ကောင်းကင်ပထမ အလွှာမှ မြင့်မားသော ပါရမီဖြင့် တန်ခိုးရှင် တစ်ယောက်က ကျူးထန် အဆင့်သို့ ဦးတည်နေခြင်းပင်။ သူက စုထူ၏ တိုက်ခိုက်မှုကို မမှုခြင်းကပင် သူ့အတွက် ကောင်းကင်အလွှာ ခြောက်ဆင့်သို့ တက်လှမ်းရန် သိပ်မခက်ကြောင်း သေချာ စေပေသည်။

ဝမ်ရန်မှာ တုန်လှုပ်သွားသလို လင်းယွီချူကလည်း နှုတ်ခမ်းအား ဖိကိုက်လိုက်သည်။ ပြဿနာမှာ သူတို့၏ စွမ်းရည် မဟုတ်ဘဲ ကံဆိုးခြင်း သက်သက် ဖြစ်ဟန်ရ၏။ သူတို့က ကျူးထန် နန်းတော်၏ ကောင်းကင် ပထမအလွှာ၌ ထိုလူသားနှင့် တွေ့ဆုံခဲ့ခြင်းကပင် ကံဆိုးခြင်း မဟုတ်ပါလား။

စင်မြင့်ထက်တွင် လူတိုင်းက အခြေအနေကို ရိပ်မိလိုက်ကြကာ မည်သူကမှ ရီဖူရှင်းအား သွားမထိကြတော့ပေ။ သူတို့က အချင်းချင်း တိုက်ခိုက်ကြရင်း နောက်ဆုံးတွင် ဆန်းချီ အမည်ရသော မိန်းမ တစ်ယောက်သာ ကျန်၏။

ရီဖူရှင်းအား ကြည့်နေသော ဆန်းချီ၏ မျက်လုံးများက ရေစင်ကဲ့သို့ ကြည်လင်နေ၏။ အားပြင်းသော စိတ်စွမ်းအင်တစ်ခု မွေးဖွားလာခဲ့ကာ ရီဖူရှင်းက သူ၏စိတ်အသိအား လာရောက် ထိန်းချုပ်ရန် ကြိုးစားသော ထူးဆန်းသောစွမ်းအားကို ခံစားမိသည်။ သူ့ရှေ့မှ မိန်းမကား ဟွာဂျီယူကဲ့သို့သော ကျင့်ကြံသူ ဖြစ်၏။

“ကျုပ်က မင်းကို မထိခိုက်စေချင်ဘူး … ငါပြောတာ နားလည်ရင် နောက်ဆုတ် လိုက်တော့…”

ရီဖူရှင်း၏ စကားသံက ဆန်းချီ၏ စိတ်ထဲကို ဝင်ရောက်လာခဲ့၏။ သူမ၏စိတ်ထဲကို အတားအဆီးမဲ့စွာ ဝင်ရောက်လာသော အားလှိုင်းက သူမအား လက်ရှိ အခြေအနေကို ကောင်းကောင်း သဘောပေါက် သွားစေသည်။ သည်တိုက်ပွဲတွင် သူမက မည်သို့မှ အနိုင်မရနိုင်ပေ။

“ကျွန်မ အရှုံးပေးတယ်…” ဆန်းချီက လက်လျှော့ကာ သူမ၏ စွမ်းအားများကို ရုပ်သိမ်းလိုက်၏။ ထင်မှတ်ထားသည့် အတိုင်း ရီဖူရှင်းကား တစ်ပွဲတိုက်ရုံမျှဖြင့် ပထမရခဲ့သည်။ အကြီးအကဲက ပြိုင်ပွဲရလဒ်အား ကြေညာကာ ရီဖူရှင်းအား ကျူးထန် တံဆိပ်ပြားကို ပေးသည်။ တံဆိပ်ပြား ပေါ်တွင်ကား နံပါတ်(၆) အား ရေးထွင်းထား၏။ တစ်ဖက်ခြင်းတွင် သူ့နာမည် “ရီဖူရှင်း…” အား ရေးထွင်းထားသည်။

ရီဖူရှင်းက တံဆိပ်ပြားကို လက်ခံယူကာ စင်မြင့်အောက်သို့ ဆင်းလာခဲ့သည်။ ယူချင်းကား အောက်တွင် သူ့ကို စောင့်နေဟန်ရ၏။ ရီဖူရှင်းက သူ့အား ကြည့်ကာ ဆွံ့အရသည်။ ယူချင်းနှင့် တစ်ပွဲတည်း တိုက်ခိုက်ရသူများကား အမှန်ပင် ကံဆိုးကြ၏။ သူတို့ နှစ်ယောက်လုံးက လှေကားထစ် အတိုင်း အပေါ်သို့ ဆက်တက်ကြသည်။

“ခြောက်လွှာသို့ သွားကြမယ်…”

ရီဖူရှင်းတို့နောက်မှ မြန်ဆန်စွာပင် လူအုပ်ကြီးတစ်ခု ဖြစ်လာခဲ့ကြ၏။ ရီဖူရှင်းကလည်း ထိုအချက်ကို ဂရုပြုမိသော်လည်း ဂရုမစိုက်ပေ။ သူတို့က ပိုမို၍ ကြီးမားစွာ လှုပ်ခတ် နိုင်လေလေ ပို၍ ကောင်းလေ ဖြစ်သည်။ ဟွာဂျီယူတို့က ထိုလှုပ်ခတ်မှုများအား မြင်တွေ့လျှင် သူတို့ ရောက်လာပြီ ဖြစ်ကြောင်း သိပေမည်။

ခြောက်လွှာတွင်ကား ရီဖူရှင်းနှင့် ယူချင်းတို့က တကွဲတပြား တိုက်ခိုက်စရာ မလိုတော့ပေ။ တန်ခိုးအဆင့် တစ်ခုအတွက် စင်မြင့်တစ်ခုစီသာ ရှိ၏။ ယှဉ်ပြိုင်မည့် သူများမှာလည်း အလွန် နည်းပါး သွားပေသည်။

သူတို့၏ယှဉ်ပြိုင်ခွင့် တံဆိပ်ပြားများ မှာလည်း ခြောက်လွှာသို့ ရောက်သည်နှင့် သိမ်းယူသွားခြင်း ခံရသည်။ တိုက်ပွဲ စည်းမျဉ်းများမှာလည်း အနည်းငယ် ကွဲပြားသွားကာ တိုက်ပွဲများအား ယှဉ်ပြိုင်သူများက မိမိတို့ဘာသာ တက်ရောက် ယှဉ်ပြိုင်သည့် ပုံစံအစား ကျူးထန်နန်းတော်မှ လူများမှ စီစဉ်ခြင်း ဖြစ်သွားသည်။

ရီဖူရှင်းနှင့် ယူချင်းတို့က စင်မြင့်ဘေးနား တစ်နေရာတွင် ထိုင်လိုက် ကြသည်တွင် လူအများအပြားကလည်း သူတို့အနီးတွင် လာရောက် ထိုင်ကြသည်။ မူမမှန်မှုများအား လူအများက သတိထားမိကြသည်တွင် အချင်းချင်း မေးမြန်း စုံစမ်းကြသည်။

“ဘာဖြစ်လို့လဲ…”

“ခြောက်လွှာသို့ နှစ်ပွဲတည်း တိုက်ခိုက်ပြီး တက်လာတဲ့လူ အချို့ရှိတယ်… သူတို့က သုံးပွဲတိုက်ခိုက်ပြီး ခုနစ်လွှာသို့ တက်မည့်ပုံစံ ရှိတယ်…” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။

“သူတို့က ဘယ်သူတွေလဲ…”

အားလုံးက ရီဖူရှင်းနှင့် ယူချင်းတို့အား လက်ညှိုးထိုးကာ ပြောကြသည်…” သူတို့နှစ်ယောက်က ဒီကို နှစ်ပွဲပဲ တိုက်ခိုက်ပြီး တက်လာခဲ့ကြတာ … သူတို့က နောက်တစ်ပွဲ တိုက်ခိုက်ပြီးရင် ခုနစ်လွှာသို့ တက်ဖို့များတယ်…”

“ခြောက်လွှာသို့ နှစ်ပွဲတည်း တိုက်ပြီး တက်နိုင်တာက ဒီလောက် ခက်ခဲလို့လား…” အေးစက် တင်းမာသော အသံတစ်သံအား ကြားကြရသည်တွင် လူအများအပြားက လှမ်းကြည့် ကြသည်။

ချောမောခန့်ညားသော လူငယ်တစ်ယောက်က ပြောသည်… “ခြောက်လွှာက လူအတော်များများက ခင်ဗျားပြောသလို လုပ်နိုင်ကြတယ် … ဆယ်ယောက်ထဲကမှ တစ်ယောက်က ခုနစ်လွှာသို့ တက်နိုင်တယ်… ပြီးတော့ သူတို့က အဲဒီအဆင့်တွေမှာ ဆက်ပြီး တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး…”

လူငယ်ကား ထူးခြား ထက်မြက်သူ တစ်ယောက်ဖြစ်ကာ ခုနစ်လွှာသို့ တက်ရန် ကြိုးစားနေသူလည်း ဖြစ်၏။ သို့သော်လည်း သူ၏ ကြိုးစားမှုတိုင်းက အရာမထင် ဖြစ်နေသည်မှာ အတော်ကြာခဲ့ပြီး ဖြစ်သည်။ သည်အဆင့်တွင် သူတို့က တစ်နေ့ကို တစ်ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရှိကာ ပထမ မရခဲ့ပါက နောက်တစ်နေ့မှ ဆက်လက် တိုက်ခိုက်ခွင့် ရှိပေသည်။

လူအများအပြားက သူပြောသည်ကို သဘောတူ ကြပေသည်။ ခြောက်လွှာသို့ တက်ရောက်နိုင်သော သူများမှာ ထိုသို့ အရည်အချင်းများ အမှန်တကယ် ရှိကြပေသည်။ ထို့အပြင် ထိုလူများ ဆယ်ယောက်ထဲတွင်မှ တစ်ယောက်တည်းသာ နောက်တစ်ဆင့်သို့ တက်နိုင်ပေမည်။

မှတ်သားရမည်ကား ငါးလွှာမှ ယခုမှ တက်လာသူများအပြင် ခြောက်လွှာ၌ ခုနစ်လွှာသို့ တက်ရောက်ရန် ကျရှုံးနေသူများလည်း ရှိသည်ကိုပင်။ ထို့အပြင် ကျူးထန်နန်းတော်၏ မှတ်တမ်းများအရ သည်အဆင့်သို့ အသစ် တက်ရောက် လာသူများနှင့် ယခင် ရှိနေပြီးသား လူဟောင်းများကို အရေအတွက် မျှတစွာ ရောနှော ပေးခြင်းပင်။

“သူတို့ မအောင်မြင်တာက ပြဿနာ မရှိဘူး… ကျုပ်က ခုနစ်လွှာသို့ တက်ဖို့ ကြိုးစားနေတာ ဒီနေ့နဲ့ဆို ရက်၁၀၀ ရှိပြီ… ဒီနေ့ရှုံးရင် ငါက ပွဲ၁၀၀ ပြည့်လိမ့်မယ် … မင်းက ငါနဲ့အတူတူ ကံဆိုးပြီး မကျဖို့ မျှော်လင့်တယ်…” ဝတုတ်ကြီး တစ်ယောက်က ပြုံးလျက် ပြောသည်။

လူအများအပြားက ရယ်မော လိုက်ကြသည်။ သည်ဝတုတ်ကား သည်အလွှာတွင် နာမည်ကျော်ကြား ပေသည်။ သူ၏နာမည်က လုချောင်ဖြစ်ကာ အမှန်တကယ်အားဖြင့် အားနည်းသူ မဟုတ်ပေ။ အမှန်တကယ်အားဖြင့် သူကား ကံဆိုးနေခြင်းသာ ဖြစ်သည်။ သူပါဝင်ယှဉ်ပြိုင်တဲ့ တိုက်ပွဲတိုင်း၌ သူကား အလွန် အားကောင်းသော သူများနှင့်သာ အမြဲ ရင်ဆိုင်တွေ့ခဲ့ရကာ ထိုသို့ ဖြစ်နေသည်မှာ ၉၉ပွဲရှိပြီ ဖြစ်သည်။ သူကား ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်မှာ အကြိမ်၃၀ ရှိပြီဖြစ်၏။ သူ၏ကံဆိုးမှုကို ပြောနေစရာပင် မလိုပေ။

ရီဖူရှင်းက လုချောင်အား လှမ်းကြည့်သည်။ သူနှင့်လုချောင်တို့က စင်မြင့်တစ်ခုတည်း ဖြစ်ကာ ယူချင်းလည်း ရှိပေသေးသည်။ ဆိုလိုသည်က မကြာမီ စီစဉ်မည့် တိုက်ပွဲတွင် လုချောင်မှာ သူနှင့်ယူချင်းတို့ တစ်ဦးဦးနှင့် ရင်ဆိုင်တွေ့မည်မှာ သေချာသလောက် ရှိနေသည်။

“မင်းက တကယ်ပဲ ကံဆိုးတယ်…” ရီဖူရှင်းက ပြောသည်။

“ငါသိတယ်… ဒါပေမဲ့ ဒီနေ့ ငါ့ကံက သိပ်မဆိုးဘူး ထင်တာပဲ … ဒီနေ့ သိပ်အားကောင်းတဲ့သူတွေ မတွေ့ရဘူး … အဲဒီ မျက်နှာပြာပြာနဲ့ အကောင်က ပညာလျှိုထားတာတွေ ရှိနိုင်တယ်ဆိုပေမဲ့ သူက သိပ်ခက်တဲ့ အထဲတော့ မပါဘူး…” လုချောင်က ပြုံးလျက် ပြောသည်။ သူကား ချောမောသော လူငယ်လေး ဟေးလျူကို ပြောခြင်း ဖြစ်သည်။

ရီဖူရှင်းက ဘာမှ ထပ်မပြောတော့ပေ။ ထိုစဉ်မှာပင် စင်မြင့်ထက်မှ ကြေညာသံကို ကြားကြရသည်… “လုချောင်၊ ဝမ်ရီ၊ ကျင့်ဟီ၊ ရီဖူရှင်းနဲ့ ဟေးလျူ တို့က စင်မြင့်ထက်ကို တက်မယ်…”

ယူချင်း၏နာမည်ကား စာရင်းထဲတွင် မပါပေ။ ရီဖူရှင်းက သူ၏တံဆိပ်ပြားကို အပ်ကတည်းက သူနှင့်ယူချင်းအား တိုက်ပွဲ၌ ခွဲခြားကာ နေရာချပေးရန် တောင်းဆိုခဲ့၏။ ကျူးထန် နန်းတော်က သူ၏ဆန္ဒအား လိုက်လျောခဲ့ဟန် ရသည်။

တစ်ယောက်ပြီး တစ်ယောက် လေထဲကို ခုန်တက်ကာ စင်မြင့်ထက်သို့ ရောက်လာကြသည်။

ဝုန်း…

ရုန့်ရင်း ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု မွေးဖွားလာခဲ့ကာ လုချောင်၏ ဖက်တီးခန္ဓာကိုယ်မှာ ကျောက်သား ကျောက်စိုင်များလို ဖြစ်လာခဲ့သည်။ ကျောက်တုံး နတ်ဘုရားကဲ့သို့ သက်စောင့်ဝိညာဉ် ထွက်လာလျှင် သူကား မြန်ဆန်စွာ ပုံစံပြောင်း သွားသည်။ သူ့ခန္ဓာကိုယ်က ဆက်လက်၍ ကြီးမားလာပြီး ကျောက်ဘီလူး တစ်ကောင် ဖြစ်သွား၏။

“ကောင်လေး… မင်းတော့ ကံဆိုးပြီ…” လုချောင်က ရီဖူရှင်းအား ပြောကာ လောကဓာတ်များဖြင့် ဖိအားပေး လာသည်။ နောက်ထပ် ရှစ်ယောက်မှာလည်း အလင်းရောင်များ ပြိုးပြိုးပြက်ပြက် ဖြစ်ပေါ်စေလျက် သက်စောင့်ဝိညာဉ်များအား ထုတ်လိုက်ကြသည်။

လုချောင်က အနီး ပတ်ဝန်းကျင်မှ လူကိုးယောက်လုံးကို တိုက်ခိုက်လိုဟန် ရကာ ထိုအချက်ကပင် သူ၏ယုံကြည်မှုကို ထင်ဟပ် နေပေသည်။ တခြားသော တန်ခိုးရှင်များ ကလည်း သူတို့၏ လောကဓာတ်များကို ထုတ်ကာ အစိုင်အခဲဖွဲ့ခြင်း လောကဓာတ်ကို တားဆီး ခုခံကြသည်။ သို့သော်လည်း လုချောင်၏ လက်များက ကျောက်သား ကျောက်စိုင်များဖြင့် လက်များ ဆတိုးပွားပြီး ရှည်လျားလာခဲ့ကာ ပြိုင်ဘက်များအား တစ်ပြိုင်နက်တည်း တိုက်ခိုက်သည်။

လုချောင်က အဘယ်ကြောင့် ကံဆိုးနေသည်ကို အားလုံးက နားလည် လိုက်ကြသည်။ သူကား တိုက်ပွဲစသည်နှင့် ပြိုင်ဘက်များ အားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ကြိုးစား၏။ ဤသို့သော နည်းလမ်းဖြင့် ယှဉ်ပြိုင်ခြင်းကား သူ့အနေဖြင့် အားလုံးကို အသာစီး တိုက်ခိုက် အနိုင်ယူနိုင်မည့် အရည်အချင်း မရှိခဲ့လျှင် သူ့အတွက် အဆုံးသတ် မလှဖြစ်မည်မှာ သေချာစေသည်။ သို့သော်လည်း သူက ဤသို့သော လုပ်ဆောင် ရသည်ကိုပင် သဘောကျ နှစ်ခြိုက်ဟန် ရသည်။

လက်များက တောင်များအလား ပြင်းထန်သော အားဖြင့် ရိုက်နှက်၏။ ရီဖူရှင်းက သည်အတိုင်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ၏ကြယ်တာရာ လောကဓာတ်က တစ်ဖက်လူ၏ ကျောက်သား လောကဓာတ်ဖြင့် ရင်ဆိုင်မိကာ အားအင်နှစ်ခုလုံးမှာ မြန်ဆန်စွာပင် အငွေ့များ ဖြစ်သွား၏။

“ဟား… ဟား… ကောင်းတယ်… ကောင်လေး…” လုချောင်က ရယ်မောကာ ပြောသည်။ သူ၏လက်ချက်ဖြင့် တန်ခိုးရှင် နှစ်ယောက်မှာ ဒဏ်ရာရသွားပြီး ဖြစ်သည်။

“မင်းတို့နေရာမှာ ရပ်နေကြစမ်း…” လုချောင်က အော်ဟစ် လိုက်သည်တွင် ကျောက်ဆောင်များ စတင် ဖြစ်တည်လာကာ သူတို့ ပတ်ပတ်လည်အား ပိတ်ဆို့လာသည်။ အချို့ကား ကျောက်သား ဓာတ်စွမ်းအင်၏ ရစ်ပတ်မှုကြောင့် ကျောက်သားများ အဖြစ် စတင် ပြောင်းလဲကာ လှုပ်ရှား ရုန်းကန် နေကြရ၏။ သို့သော်လည်း လုချောင်၏ တိုက်ခိုက်မှုက အပေါ်မှ ဆင်းသက်လာလျှင် သူတို့မှာ အဝေးသို့ လွင့်စဉ် သွားရတော့သည်။

အစိုင်အခဲ ဖွဲ့ခြင်း လောကဓာတ်က ကျောက်သားများ အဖြစ် ပြောင်းလဲကာ ရီဖူရှင်းအား ရစ်ပတ်လာ၏။ လုချောင်၏ စွမ်းအားများက အမှန်ပင် အားကောင်းပေသည်။ သို့သော်လည်း အလွန် ကံဆိုးပေ၏။

ရီဖူရှင်းက ဘာမှ မလုပ်ဘဲ သည်အတိုင်း ရပ်နေ၏။ လုချောင်က တခြား ရှစ်ယောက်အား အနိုင်ယူနေသည်ကို သူ စောင့်နေသည်။

“နောက်ဆုံးတော့ လုချောင် သတ္တမအလွှာသို့ တက်တော့မယ် ထင်တယ်…” အနီးတစ်ဝိုက်မှ လူများက ရယ်မောကာ ပြောကြသည်။

“မင်းတို့ပြောတဲ့ တစ်ယောက်က ဒီလောက်လည်း စွမ်းဟန် မတူပါဘူး…” တစ်ယောက်က ရီဖူရှင်းမှာ ကျောက်သားများ ရစ်ပတ် ထားခံရသည်ကို မြင်ရာ မှတ်ချက် စကားဆိုသည်။

“စောင့်ကြည့်ပါဦး…” အောက်လွှာမှ တက်လာသူများက ဆိုသည်။ ရီဖူရှင်း တိုက်ခိုက်ခဲ့သည်ကို မြင်ဖူးသူများကား ရီဖူရှင်း၏ စွမ်းရည်ကို သံသယ မဝင်ကြပေ။ လုချောင်က အားကောင်းသည် မှန်သော်လည်း ရီဖူရှင်းက သူ့အား အနိုင်ယူနိုင် ပေသည်။

“မင်း ဘယ်လိုထင်လဲ…” လုချောင်က ရီဖူရှင်းအား ကြည့်ကာ ဆက်ပြောသည် …” မင်းက အရည်အချင်း ရှိပုံပဲ … မင်းက ငါနဲ့အတူ လိုက်မလား…”

ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည်… “မင်းက တော်ပါတယ်… ဒါပေမဲ့ စိတ်မကောင်းစရာပဲ…”

“စိတ်မကောင်းစရာ … ဟုတ်လား … ဘယ်လိုလဲ…” လု​ချောင်က ကျောက်သားများ ရစ်ပတ်နေသော ရီဖူရှင်းအား ရယ်မောကာ ကြည့်သည်။

ဝုန်း…

ရီဖူရှင်းအား ရစ်ပတ်ထားသော ကျောက်သားများ အလိုအလျောက် ပြိုဆင်း လာခဲ့ကြသည်။ ထို့နောက် ရီဖူရှင်းက လုချောင်ထံသို့ ပျံသန်း သွားသည်။

လုချောင်က အံ့အားသင့် သွားပြီးမှ ရယ်မောလိုက်ကာ ပြောသည်… “တကယ်ပဲ ထူးခြားတာပဲ… ဟား… ဟား …”

မြန်ဆန်စွာပင် မရေမတွက်နိုင်သော လက်များ ရီဖူရှင်းထံသို့ တိုးဝင် လာခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက တားဆီးဟန် မရပေ။ ကြယ်အလင်းများနှင့်အတူ သူက ကျောက်သား လက်များအား သည်အတိုင်း ခံယူသည်။

“မင်းက သေချင်နေတာပဲ…”

လုချောင်က ထိုသို့ ပြောလိုက်စဉ်မှာပင် သူ၏ ကျောက်သား လက်များ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားသည်ကို မြင်ပြီး ထိတ်လန့် သွား၏။ သူက ချက်ချင်းပင် ပိုမို အားကောင်းသော စွမ်းအားများဖြင့် ရီဖူရှင်းကို တိုက်ခိုက်သည်။ သို့သော်လည်း သူ၏ကြိုးစားမှုများ အားလုံးက မည်သို့မှ အရာမဝင်ပေ။

ကျောက်သားများ ပြိုကွဲသွားလျှင် လုချောင်၏ ဖက်တီးခန္ဓာကိုယ် ပေါ်လာ၏။ လုချောင်ကား ထိုအခိုက်တွက် ရီဖူရှင်းကို မျက်လုံးပြူးလျက် ကြည့်သည်။

“မနက်ဖြန် မင်း ကံကောင်းပါစေ…” ရီဖူရှင်းက ပြုံးလိုက်သည်။

“ငါ…” လုချောင်က ရီဖူရှင်းအား လွန်စွာ ရိုက်နှက်လိုစိတ် ဖြစ်လာသော်လည်း သူမည်သို့မှ မတတ်နိုင်သည်ကို သိသည်။

သူကား အမှန်ပင် ပွဲ၁၀၀ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

စင်မြင့်အောက်မှ လူများက ပါးစပ်ဟကာ ငေးမော ကြည့်နေကြသည်။ သူတို့ အားလုံးမှာ ဆွံ့အနေကြ၏။ ရီဖူရှင်းကား သုံးပွဲတည်း တိုက်ခိုက်ကာ သတ္တမအလွှာသို့ တက်ရောက်ခဲ့ပြီ ဖြစ်သည်။ လုချောင်ကဲ့သို့ အားကောင်းသူပင် စက္ကန့်ပိုင်းသာ ခံနိုင်၏။

လုချောင်၏ ကံဆိုးမှုကား အမှန်ပင် ပုံမှန်မဟုတ်ဟု ပြောရပေတော့မည်။ သူ၏ ပွဲတစ်ရာမြောက်တွင် ရီဖူရှင်းကဲ့သို့သော လူနှင့် တွေ့ဆုံခဲ့သေးသည်။

ရီဖူရှင်းက သတ္တမအလွှာသို့ တက်ရောက်ခွင့် တံဆိပ်ပြားအား အကြီးအကဲထံမှ ယူလိုက်သည်။

သူကား တစ်နေ့တည်းဖြင့် သတ္တမအလွှာသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်းက တံဆိပ်ပြားကို ရသည်နှင့် စင်မြင့်ထက်မှ ဆင်းလာခဲ့သည်။ လုချောင်ကလည်း စိတ်ပျက်စွာ ဆင်းလာခဲ့၏။ မရေမတွက်နိုင်သော လူများက ထိုမျှ ကံဆိုးသော လုချောင်ကို ကြည့်ကာ သြချကြရသည်။

သို့သော်လည်း ရီဖူရှင်းကား အမှန်တကယ် အားကောင်း ပေသည်။ လုချောင်ကား သေချာပေါက် သတ္တမအလွှာသို့ တက်ရန် အရည်အချင်း ရှိပေသည်။ သို့သော်လည်း သူကား ကံဆိုး၏။ ရီဖူရှင်းက လုချောင်ကိုပင် စက္ကန့်ပိုင်းအတွင်း အနိုင်ယူနိုင်စွမ်း ရှိသည်ဆိုပါက သူကား သေချာပေါက် တစ်နေရာရပိုင်ခွင့် ရှိပေသည်။

သို့သော်လည်း သူက သတ္တမအလွှာသို့ တက်နိုင်မလား ဟူသည်ကိုကား မည်သူမှ မသေချာပေ။ သတ္တမအလွှာနှင့် အဋ္ဌမအလွှာတို့မှာ ဆဋ္ဌမအလွှာထက် အဆမတန် ကြောက်မက်ဖွယ် ကောင်းပေသည်။

ခြောက်လွှာ၌ တိုက်ခိုက်ကြသူများမှာ သေချာပေါက် အနိုင်ရသူ တစ်ဦးတော့ ရှိသည်သာ။ တစ်နေ့တည်းတွင် သတ္တမအလွှာသို့ တက်ရောက်နိုင်သူ အများအပြား ရှိကြပေသည်။ သို့သော်လည်း သတ္တမအလွှာနှင့် အဋ္ဌမအလွှာတို့ကား ကွဲပြား ခြားနားပေသည်။ တစ်စုံတစ်ယောက် ထိုအဆင့်မှ တက်ရန်မှာ ပိုမိုပြင်းထန်သော စိန်ခေါ်မှုများအား ရင်ဆိုင် ကြရပေသည်။

ထို့ကြောင့် ရီဖူရှင်းက အလွန်အမင်း ထူးချွန်သည် ဆိုသည့်တိုင် သူက သတ္တမအလွှာ၌ ရလဒ် ကောင်းမွန်မည်ဟု မည်သူမှ အာမ မခံနိုင်ပေ။

ရီဖူရှင်းက မထွက်သွားသေးဘဲ ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်သည်။ ယူချင်းကား မတိုက်ခိုက် ရသေးပေ။ လူဆယ်ယောက်က စုံသေးဟန်မတူ။ အကြီးအကဲက စောင့်ဆိုင်း နေသေးဟန်ရ၏။

မကြာမီ အကြီးအကဲက လူစာရင်းများကို ကြေညာကာ စင်မြင့်ထက်သို့ ခေါ်သည်။ ယူချင်းကလည်း စင်မြင့်ထက်သို့ တက်၏။

ယူချင်းက အနိုင်ရမည်လား မရမည်လားကို မတွေးသလို တွေးစရာလည်း မလိုအပ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset