Switch Mode

အပိုင်း (၉၁၂)

ကျုပ်က သဘောရှိ သွားလာနိုင်တယ်

လူကြီးက ပြုံးလျက်ပြောသည် …

“ချိန်ယွန် … ပြည်နယ်ကိုးခုက လာတဲ့ ဒီနှစ်ယောက်က တော်တော်ကိုအားကောင်းတယ်… ဟုတ်တယ်မလား…”

လီချိန်ယွန်က အံ့အားသင့်နေရာမှ ပြန်လည် သတိဝင်လာကာ အသာအယာ ခေါင်းညိတ်လျက် ပြောသည် … “သူတို့က လောကဓာတ်ရဲ့ အားလှိုင်းတွေကို ပြန်လည်သက်ရောက် စေပြီးတော့ ဝင်္ကပါကို ဖျက်ဆီးခဲ့ကြတယ်… ဒါက တကယ်ကို အံ့အားသင့်စရာပဲ… ဒါပေမဲ့ သူတို့က ကောင်းကင်ဘုံသို့ တက်ရောက်ခွင့် အမိန့်တော်ကို ရဖို့ဆိုရင် အများကြီး လိုသေးတယ် … ကျွန်တော်တို့ ဆက်ကြည့်ရအောင် …”

လူကြီးက ပြုံးလျက် ပြောသည် …

“ပြည်နယ်ကိုးခုက လူတွေက ငါတို့ကို အံ့အားသင့်စရာတွေ ပေးကောင်း ပေးလိမ့်မယ် …”

သူက ထိုသို့ ပြောလိုက်စဉ်မှာပင် နန်းတော်၏ အရောင်အဝါများ ပိုမို၍ လင်းလက်လာခဲ့ကာ အလွန်လင်းလက်သော အလင်းတန်းတစ်ခုက ကောင်းကင် လှေကားအတိုင်း ရီဖူရှင်းနှင့်ယူချင်း ရှိရာသို့ ဆင်းသက်သွားကြ၏။

ရီဖူရှင်းတို့မှာ နန်းတော်သို့ ရောက်ရန် များစွာ လိုသေးပေသည်။ သို့သော်လည်း အပေါ်မှ ဆင်းသက်လာသော အလင်းတန်းများအား သူတို့က မြင်ကြ၏။ ထိုအလင်းတန်းများမှာ မိုရှီအဆင့်ရှိသည်ဟု ရီဖူရှင်းက ခံစားမိသည်။

ကောင်းကင်လှေကား စမ်းသပ်မှုမှာလည်း သူ၏ စည်းမျဉ်းစည်းကမ်းများ ရှိပေသည်။ ယခုသူတို့က ကောင်းကင်လှေကားသို့ တက်ရောက်လာသော သူများမှာ မိုရှီအဆင့်၌ ဖြစ်သောကြောင့် လာရောက် စမ်းသပ်သော သူများနှင့် စမ်းသပ်မှုဖြစ်စဉ် များမှာလည်း မိုရှီအဆင့်များသာ ဖြစ်ပေသည်။

သို့သော်လည်း ကောင်းကင်လှေကားမှ ဖိအားနှင့် တခြားတိုက်ခိုက်မှုများ ပေါင်းစပ်ခြင်းက ကွန်းရှီအဆင့်တန်ခိုးရှင် တစ်ယောက်နှင့် မခြားသော စွမ်းအားကို ပေးစွမ်းပေသည်။

ရီဖူရှင်းက မည်သို့မျှ မခံစားရသလို ဆက်လက်၍ တက်လာသည်။ သူ၏ခြေလှမ်း တစ်လှမ်းစီတိုင်းက ကောင်းကင်လှေကားကို တုန်ခါစေ၏။ သူတို့နှစ်ယောက်မှာ ကြီးမားသော ဖိအားကို ခံစားရသော်လည်း ထိုမျှသောဖိအားက သူတို့၏ အမြန်နှုန်းကို လျော့ကျစေခြင်း မရှိခဲ့ပေ။  စည်တော်ဝင်္ကပါ ပေါ်ပေါက်လာသော အချိန်၌သာ သူတို့အား ခေတ္တခဏ ရပ်တန့်စေခဲ့သည်။

“ဘုန်း …”

ရီဖူရှင်းက နောက်တစ်လှမ်း လှမ်းလိုက်ရင် သဏ္ဌာန်မဲ့ အားလှိုင်းတစ်ခု သူ့ခန္ဓာကိုယ်မှ ရိုက်ခတ်သွားသည်။ သူ့ထံသို့ ဆင်းသက်လာသော အလင်းတန်းမှာလည်း အားလှိုင်းနှင့် ရင်ဆိုင်တွေ့ကာ အပိုင်းပိုင်းအစစ ပျက်စီးသွား၏။

ထိုအခိုက်တွင် ယူချင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ဗုဒ္ဓတစ်ဝက်၊ နတ်ဆိုးတစ်ဝက် အသွင်သို့ ပြောင်းလဲသွား၏။ သူ၏ တန်ခိုးအဆင့်မှာ ရီဖူရှင်းထက် နိမ့်ကျရာ သူခံစားရသော ဖိအားမှာ ပိုများ၏။ သို့တိုင်အောင် ယူချင်းကား နောက်သို့ ခြေတစ်လှမ်းမျှပင် မဆုတ်ခဲ့ရဘဲ ရှေ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် တက်သည်။

နန်းတော်အပေါ်မှ လူများမှာ လှေကားထစ်အတိုင်း တစ်ရွေ့ရွေ့ တက်လာနေသော လူနှစ်ယောက်ကို မြင်ကြရ၏။

“အထက်ဘုံမှာ ဆိုရင်တောင်မှ ဒီနှစ်ယောက်က ထပ်သီးပါရမီ ရှင်တွေပဲ … သူတို့က အောက်ဘုံမှာ ဘယ်အင်အားစုကို ကိုယ်စားပြုလဲဆိုတာ ငါ စိတ်ဝင်စားမိတယ် … သူတို့က တော်ဝင်မြေတွေက ပါရမီရှင်တွေများလား …” လူကြီးက မှတ်ချက်ချသည်။

ကောင်းကင်လှေကားမှ ဖိအားမှာ ဝင်္ကပါ၏ ဖိအားကြောင့် ဆတိုးပွားများလာ၏။ ရီဖူရှင်း တို့နှစ်ယောက်မှာ တည်ငြိမ်ဟန်ရသော်လည်း အမှန်တကယ်အားဖြင့် ကြီးမားသော ဖိအားများကို ခံစားနေကြရသည်။ သို့သော်လည်း သူတို့က တည်ငြိမ်စွာပင် အပေါ်သို့ တက်လာနိုင်ကြ၏။

“ဗိုလ်ချုပ် …”

ထိုအခိုက်တွင် လူအများအပြားက လူကြီးနှင့် လီချိန်ယွန်တို့ နောက်၌ ပေါ်လာသည်။ သူတို့တစ်အုပ်စုလုံးက ထူးခြား ကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါများ ရှိကြသည်။ သူတို့အားလုံးက အောက်သို့ ငုံ့ကြည့်ကြရင် ကောင်းကင်ဘုံသို့ တက်ရာ လှေကားအတိုင်း အပေါ်သို့ တက်လာကြသော လူနှစ်ယောက်အား မြင်ကြသည်။

“ကျုပ်တို့က ဝင်္ကပါပျက်သွားတာ မတော်တဆလို့ ထင်ခဲ့ကြတယ် … ဒါပေမဲ့ မထင်ထားတာက ကောင်းကင်ဘုံ လှေကားအတိုင်း လူတွေ တက်လာကြတာပဲ … ဒီနှစ်လည်း ဘာမှစိတ်ဝင် စားစရာ မကောင်းဘူးလို့ ငါက ထင်ခဲ့တာ … ဒါပေမဲ့ အခု ပြည်နယ်ကိုးခုက လူတွေ ကောင်းကင်ဘုံပေါ်သို့ တက်လာကြတယ် …”

လူအုပ်ထံမှ အသံများ ကြားသည်။ သူတို့မှာကား အင်ပါယာရှား၏ စစ်တပ်များမှ ဖြစ်ကြကာ ကောင်းကင်ဘုံကို စောင့်ကြပ်ရန် တာဝန်ပေးခံရသူများ ဖြစ်ကြသည်။

“ဟုတ်တယ် … သူတို့နှစ်ယောက်က မိုရှီအဆင့်မှာ ရှိကြတယ် … မင်းတို့အထဲက မိုရှီအဆင့် ရှိတဲ့သူတွေ သူတို့ကို သွားပြီး စမ်းသပ်ချင်သလား …” လူကြီးက ပြုံးလျက် မေးသည်။

“သူတို့က ပုံရိပ်ယောင် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါ့မလား … တကယ်လို့ ကျုပ်တို့က ဝင်ပြီးတိုက်ခိုက်ရင် ဒါက သူတို့ကို အရမ်း အနိုင်ကျင့်သလို ဖြစ်နေမှာပဲ …”တစ်ယောက်က မှတ်ချက်ချသည်။

“အခုကြည့်ရတာတော့ အဆင်ပြေလောက်တယ် … သူတို့နှစ်ယောက်က တော်တော်ကို အားကောင်းမယ့်ပုံပဲ … မင်းတို့ သွားပြီးတော့ စမ်းကြည့်ချင်ရင် စမ်းကြည့်ကြပါ …”လူကြီးက ပြုံးလျက်ပြောသည်။

“ဒီလိုဆိုရင်လည်း ကျုပ်က သူတို့ကို အိမ်ပြန်ပို့ပေး လိုက်မယ် …”လူတစ်ယောက်ကပြောကာ လျှပ်တစ်ပြက် ကောင်းကင်ဘုံ လှေကားထံသို့ ဆင်းသွားသည်။ ထို့အတူ သူ့နောက်မှ လူအချို့ကလည်း လိုက်ပါသွားကြ၏။ မျက်လုံးတစ်မှိတ် အတွင်း၌ မိုရှီအဆင့်ရှိသော တန်ခိုးရှင် ကိုးယောက်က လှေကားထစ်သို့ ဆင်းသက်လာခဲ့ကာ ရီဖူရှင်းနှင့်ယူချင်းတို့၏ ရှေ့၌ ရပ်လိုက်ကြသည်။

“လူကြီးမင်းတို့ …”

ထိုအခိုက်တွင် မိုရှီအဆင့်ရှိသော တန်ခိုးရှင် တစ်ယောက်က ရီဖူရှင်းနှင့်ယူချင်းအား ကြည့်ကာ ပြောသည်။

“ခင်ဗျားတို့ နှစ်ယောက်က ကိုယ့်ဘာသာကိုယ် ပြန်သွားကြမလား … ဒါမှမဟုတ် ကျုပ်တို့က ပြန်ပို့ပေးရမလား…”

ရီဖူရှင်းနှင့် ယူချင်းက ခေါင်းမော့ကာ လေထဲတွင် ပေါ်လာသော လူကိုးယောက်အား ကြည့်သည်။ သူတို့က ထိုလူများအား လျစ်လျူရှု ကာ အပေါ်သို့ ဆက်တက်ကြသည်။

“ဒါက ကောင်းကင်ဘုံသို့ တက်ရာလမ်းပဲ … အထက်ဘုံသို့ တက်မယ်ဆိုရင် သတ်မှတ်ထားတဲ့ စမ်းသပ်မှုကို ခံယူရမယ် … မင်းတို့ နှစ်ယောက်က ဒီအထိ ရောက်လာတာ တစ်ကယ်ကို ပါရမီ မြင့်မားတဲ့သူတွေ ဖြစ်လို့ပဲ … ပြန်သွားကြပါ … ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်ပါနဲ့ …”

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လက်ပိုက်ကာ ရီဖူရှင်းတို့အား အကြံပေးသည်။

“ကောင်းကင်ဘုံသို့ တက်ဖို့အတွက် စမ်းသပ်မှုကို ခံယူရမယ် …”

ရီဖူရှင်းကား လေထဲမှ လူများအား တစ်ချက်ကြည့်ကာ ထူးမခြားနားစွာဖြင့် ဆက်တက်သည်။

“ဘာက ခက်ခဲတာလဲ …” ရီဖူရှင်းက အေးစက်စွာ ပြောကာ နောက်တစ်လှမ်း တက်သည်။

သက်လတ်ပိုင်း အရွယ်လူကြီး၏ မျက်နှာ၌ မဲ့ပြုံးတစ်ချက် ပေါ်လာကာ ပြောသည် …

“မင်းက စမ်းကြည့်ချင်တယ် ဆိုမှတော့ ခက်ခဲမှုကို ကိုယ်တိုင်ခံစား ကြည့်ပေါ့ …”

သူက ထိုသို့ ပြောလိုက်ပြီးနောက် ရီဖူရှင်း၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူ၏လှုပ်ရှားမှုက ပုံရိပ်ယောင် တစ်ခုနှင့် ဆင်တူ၏။ သူ၏လက်၌  ဓားတစ်လက်ပေါ်လာခဲ့ကာ ဓားစွမ်းအင်များက ထိုနေရာ အနီးတစ်ဝိုက်၌ မရေတွက်နိုင်သော ဓားများကို ဖြစ်ပေါ်စေလျက် ရီဖူရှင်းထံသို့ ထိုးနှက် တိုက်ခိုက်ကြ၏။ မဟာလမ်းစဉ်၏ဓားများမှာ အရာအားလုံးကို ဖျက်ဆီးနိုင်ပေသည်။

ဓားအလင်းများ၏ အလယ်၌ရှိနေသော ရီဖူရှင်းအား လူအများက ကြည့်ပင် မကြည့်ရဲကြတော့ပေ။ မဟာလမ်းစဉ်ဓားက အောက်သို့ ကျဆင်းလာကာ မရေမတွက်နိုင်သော ဓားများမှာ ရီဖူရှင်းထံသို့ လာရောက်ပိုင်းဖြတ်ကြသည်။ သို့သော်လည်း ထိုအခိုက်တွင် သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။

သက်လတ်ပိုင်းအရွယ် လူကြီးက သူ၏ဓားကို ကိုင်စွဲကာ ရီဖူရှင်းထံသို့ ခုတ်သော်လည်း အမှန်တကယ်အားဖြင့် သူ၏ ဓားမှာ ရှေ့ကို ဆက်၍ တိုးဝင်မလာခဲ့ပေ။ ရီဖူရှင်းကား ခေါင်းမော့ကာ ကြည့်ရင် သူ့ထံသို့ တိုးဝင်လာသော ဓားမှာ လေထဲ ရပ်တန့်သွားသည်။ သက်လတ်ပိုင်းအရွယ် လူကြီး၏မျက်နှာ အမူအရာမှာ ပြာနှမ်းသွား၏။ ယခု ကောင်းကင်ဘုံ၏ စမ်းသပ်မှု ခံနေရသူမှာ ရီဖူရှင်း မဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေသည်။

“ဘယ်မှာ ခက်ခဲလို့လဲ …”

ရီဖူရှင်းက ထပ်မေးသည်။ သူက လက်ကို ရှေ့သို့ ဆန့်တန်းလိုက်ရင် ဓားအလင်းမှာ ပျက်ပြယ် သွားသည်။ ထို့နောက် သူက လက်ကို နောက်တစ်ခေါက် ဝှေ့ရမ်းလိုက်လျှင် သက်လတ်ပိုင်းအရွယ် ဓားသမားမှာ အဝေးကို လွှင့်စင်သွား၏။

“ဒါ…”

လူအုပ်ကြီးက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။

“အဲဒါ အာကာသလောကဓာတ်ပဲ…” ဗိုလ်ချုပ်၏ အမူအရာက ထူးခြားလေးနက် သွားသည်။

ယခုတွင် ရီဖူရှင်း၏ အနီးတဝိုက်၌ အားကောင်းသော အာကာသဓာတ်များ လှည့်ပတ်လာနေကြကာ အနီးတစ်ဝိုက်တွင် ရှိသော လေဟာနယ် တစ်ခုလုံးအား အေးခဲစေ၏။ လောကဓာတ်က အားကောင်း လွန်းရကား တစ်ဖက်လူအား လှုပ်ရှားနိုင်စွမ်းပင် မဲ့စေသည်။

“ဒုန်း …”

ရီဖူရှင်းက အပေါ်သို့ တစ်လှမ်းတက်လိုက်ကာ ထူးမခြားနားစွာ ပြောသည် …

“ကျုပ်လမ်းကဖယ် …”

သူ၏အသံတွင် အဆုံးစွန်သော အမိန့်အာဏာများ ပါဝင်နေပြီး ဗိုလ်ချုပ်နှင့် လီချိန်ယွန် တို့ကိုပင် တုန်လှုပ်စေ၏။ သူ၏ လေသံကား တန်ခိုးအာဏာဖြင့် ပြည့်စုံသော လူတစ်ယောက်က သူ၏ လက်အောက်ငယ်သား တစ်ယောက်အား အမိန့်ပေးနေသည်နှင့် တူ၏။

ဤမိုရှီတန်ခိုးရှင်မှာ အောက်ဘုံ၌ မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်သူ ဖြစ်ရပေမည်။ သို့သော်လည်း ဤလူကား မည်သူပင် ဖြစ်ပါစေ၊ ဤကဲ့သို့ မောက်မာ၍ မရပေ။

လေထဲတွင် ရှိနေသော တန်ခိုးရှင် ရှစ်ယောက်က ရီဖူရှင်းတို့အား လှမ်းကြည့်ကြသည်။ သူတို့ကား အောက်ဘုံမှ လူတစ်ယောက်၏ လျစ်လျူရှုခြင်းကို ခံကြရ၏။ သူတို့ထံမှ အားကောင်းသော လောကဓာတ်များ ဖြာထွက်လာခဲ့သည်။ ရှစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လျှင် လေထဲ၌ မရေမတွက်နိုင်သော လှံများဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင် ယူချင်းက ရီဖူရှင်း၏ ရှေ့သို့ ရောက်လာသည်။ သူက တိုက်ခိုက်ရေး ပုံစံအဖြစ် ပြောင်းလဲလိုက်လျှင် ဗုဒ္ဓနတ်ဘုရားတစ်ပါး အလားထင်မှတ်ရ၏။ အလင်းတန်းများ သူ့ထံမှ ဖြာထွက်လာခဲ့ကာ သူ၏ တိုက်ခိုက်ရေး ပုံစံမှ မရေမတွက်နိုင်သော လက်များ ဖြစ်ပေါ်လာပြီး လက်တစ်ထောင် ဗုဒ္ဓနတ်ဘုရားက ထိုနေရာ တစ်ခုလုံးအား ပိတ်ဆို့ပြီး လောကဓာတ်အား တားဆီးခံယူသည်။ မရေမတွက် နိုင်သော လှံများမှာ ဗုဒ္ဓနတ်ဘုရားအား တုန်ခါစေ၏။ သို့သော်လည်း ယူချင်းကား မည်သို့မျှ ထူးခြားဟန် မရပေ။ သူ့ခန္ဓာကိုယ်အား ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာလောကဓာတ်တစ်ခု စီးဆင်းသွားကာ ရောက်လာသမျှသော တိုက်ခိုက်မှုများအား ဝါးမျိုသည်။

ယူချင်းက သူ့အပေါ်တွင် ကာကွယ်ပေးထားလျှင် ရီဖူရှင်းကလည်း အေးအေးလူလူဖြင့် ရှေ့ကို ဆက်တက်လာခဲ့သည်။ သူကလည်း ဒီနှစ်ကာလအတွင်း၌ ယူချင်း မည်မျှတိုးတက် လာသည်ကို သိလိုပေသည်။ တန်ခိုးရှင် ရှစ်ယောက်၏ တိုက်ခိုက်မှုများက တစ်ချိန်တည်းတွင် ကျဆင်းလာခဲ့သော်လည်း ထိုအခိုက်တွင် ယူချင်း၏ တိုက်ခိုက်ရေးပုံစံမှာ ထောင်ပေါင်းများစွာသော လက်များဖြင့်  ပိုမို၍ အားကောင်းလာဟန် ရသည်။

ကောင်းကင်လှေကား ထစ်ထဲ၌ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားလာကာ အနီးပတ်လည်မှ လေထုကို ပြင်းထန်စွာ တုန်ခါစေ၏။

“စည်တော်ကို တီးခတ်ပါ …”

လီချိန်ယွန်ကား ရီဖူရှင်းနှင့် ယူချင်းတို့ အပေါ်သို့ ဆက်လက် တက်လာသည်ကို မြင်လျှင် အေးစက်စွာ အမိန့်ပေးသည်။ ဤလူကား သူတို့အား တည်ရှိသည်ဟုပင် ထင်ပုံမရပေ။ လူရိပ်များ ရိပ်ခနဲဖြင့် စည်တော်များထံသို့ ရောက်သွားကြကာ တီးခတ်လိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်း စည်တော်များထံမှ ဆင်းသက်လာသော ဖိအားက ကောင်းကင်လှေကားထစ်သို့ ကျဆင်းလာခဲ့ပြန်သည်။

“ဝင်္ကပါကို တည်ဆောက်ကြ …”

လီချိန်ယွန်က ဆက်လက်၍ အမိန့်ပေးသည်။ ချက်ချင်းပင် မိုရှီအဆင့်ရှိသော လူတစ်စုက ရှေ့ကို တက်လာကာ နန်းတော်၏ အရှေ့၌ ရပ်လိုက်ကြသည်။ သူတို့က လှေကားအတိုင်း တက်လာသော လူနှစ်ယောက်အား အံ့အားသင့်စွာ ကြည့်ကြသည်။ သည်လူများကား ဤနေရာသို့ အထိပင် ရောက်လာကြ၏။

“ဗိုလ်ချုပ် ကျုပ်ကိုယ်တိုင် သွားလိုက်မယ် …”

လီချိန်ယွန်က နန်းတော်ရှေ့သို့ လှမ်းသွားလိုက်ရင်း ပြောသည်။

ဝင်္ကပါ တည်ဆောက်ထားသော တန်ခိုးရှင်များ၏ ကိုယ်ရောင် ကိုယ်ဝါများမှာ စည်တော်များ၏ ဖိအားများနှင့် ပေါင်းစပ်သွားပြီး ပိုမိုကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။

“ဖိနှိပ်ပါ …”

လီချိန်ယွန်က ပြောသည်။ သူ၏ အမိန့်တွင် တန်ခိုးရှင်များ အားလုံးက တစ်ပြိုင်နက်တည်း လက်ဝါးချက်များ ရိုက်ထုတ်လိုက်ကြသည်။ သူတို့အားလုံးက ဝင်္ကပါ၏ စွမ်းအား တစ်ခုတည်းအဖြစ် စုစည်းလိုက်ဟန် ရကြသည်။ ဧရာမကြီးမားသော သဏ္ဍန်တစ်ခု ဝင်္ကပါ၏ နောက်၌ ဖြစ်ပေါ်လာသည်။ ထိုအရာက လေထုကို ဖြတ်သန်းကာ ရီဖူရှင်းနှင့် ယူချင်းထံသို့ ပြင်းထန်သော တိုက်ခိုက်မှုများ ပြု လုပ်သည်။

“ဘန်း … ဘန်း … ဘန်း …”

ယူချင်း၏ ခန္ဓာကိုယ်ကား ပြင်းထန်စွာ လှုပ်ယမ်းသွားကာ သူတည်ဆောက် ထားသော တိုက်ခိုက်ရေး ပုံစံမှာလည်း အချိန်မရွေး ပြိုလဲတော့မည့် ပုံစံမြင်လာရ၏။ တစ်ဖက်လူများမှာ ဝင်္ကပါတစ်ခုကို တည်ဆောက်ခဲ့ကြသလို စည်တော်များ၏ ဖိအားနှင့် ကောင်းကင်လှေကား၏ ဖိအားများကိုပါ ပေါင်းစပ်ခဲ့ကြသည်။ ထိုအရာများ အားလုံး၏ ပေါင်းစပ်စွမ်းအားကား မိုရှီတန်ခိုးရှင် တစ်ယောက်ထက် မြင့်မားပေသည်။

“ယူချင်း … ငါတိုက်ခိုက်ရမလား …” ရီဖူရှင်းက ပြောသည်။

“မလိုဘူး …”

ယူချင်းက ပြန်ပြောကာ ရှေ့ကို တက်သွားလိုက်ပြီး ပြင်းထန်သော တိုက်ခိုက်မှုများအား သူ၏ခန္ဓာကိုယ်ဖြင့် ခံယူသည်။ သူ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြစ်ပေါ်စီးဆင်း လာခဲ့ကာ အရိုးအဆစ်မြည်သံများ တစ်ဖျောက်ဖျောက် ထွက်ပေါ်လာ၏။

ထိုမြင်ကွင်းအား ကြည့်ကာ ရီဖူရှင်းပင် အံ့အားသင့်ရသည်။ ယူချင်းက တစ်ဖက်လူ၏ တိုက်ခိုက်မှုများအား အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို ပိုမို သန်မာလာအောင် ပြုလုပ်နေသည်။ တော်ဝင်မြင့်မြတ်သော ဗုဒ္ဓနတ်ဘုရား အလင်းတစ်ခု ဖြစ်ပေါ်လာကာ ထိုအရာကား ရှိရှိသမျှသော စွမ်းအားများအား စုပ်ယူဟန်ရသည်။ ထိုအလင်းက ယူချင်း၏ ခန္ဓာကိုယ်အား ပြုပြင်ပြောင်းလဲစေကာ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း စစ်မှန်သော ရွှေစင်ရွှေသားများ အသွင်သို့ ပြောင်းလဲစေ၏။

“ဘုန်း …”

နောက်ထပ်ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုနှင့်အတူ အားလှိုင်းက ယူချင်း၏ ခန္ဓာကိုယ်သို့ ရောက်ရှိလာကာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ရင်ဘတ်မှာလည်း တဖြည်းဖြည်းနှင့် ရွှေစင်ရွှေသားအဖြစ် ပြောင်းလဲသွား၏။ ကြည့်ရသည်မှာ မကြာမှီ သူ၏ ခန္ဓာကိုယ်ကား ရွှေသား အားလုံးအဖြစ် ပြောင်းလဲတော့မည့်ဟန် ဖြစ်သည်။ သူ၏ရွှေရောင် ခန္ဓာကိုယ်ပေါ်တွင် မိစ္ဆာအငွေ့ အသက်များ စီးဆင်းလာခဲ့ကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါအား ပိုမို ပြင်းထန်စေ၏။

ယူချင်း၏ ခန္ဓာကိုယ်မှာ ရောင်စဉ်ရောင်ဝါများ ထွန်းလင်းလာခဲ့ကာ ရှေးဟောင်း ဗုဒ္ဓနတ်ဘုရား အသွင်တစ်ခုက သူ့အပေါ်မှ အုပ်မိုး ဖြစ်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ပိုမိုပြင်းထန်သော ကိုယ်ရောင် ကိုယ်ဝါများ ပိုမိုဖြစ်ပေါ်လာခဲ့ကာ သူ၏ တန်ခိုးအဆင့်မှာလည်း အလယ်အလတ် မိုရှီအဆင့်သို့ တက်ရောက်လာခဲ့ဟန် ရသည်။ သူက အမှန်တကယ်ပင် တစ်ဖက်တိုက်ခိုက် မှုများ၏ ဖိအားများကို ခံယူကာ သူ့ရုပ်ခန္ဓာအား အဆင့်တက် စေခဲ့သည်။

ယခု ယူချင်းကား သူ့၏ ခန္ဓာကိုယ်အား ရွှေခန္ဓာကိုယ်အဖြစ် တည်ဆောက်စေလျက် သူ၏ တန်ခိုးအဆင့်ကို မြှင့်တက်စေခဲ့သည်။ ရှေးဟောင်း နတ်ဘုရားက လက်ဆန့်တန်း လိုက်သည်တွင် ဗုဒ္ဓလက်ဝါး တံဆိပ်တော်က ရှေ့ကို ပြင်းထန်စွာ တိုးဝင်သွား၏။ လက်ဝါးက တစ်ဖက် ဝင်္ကပါကို ရိုက်ခတ်သွားသည်တွင် ပြင်းထန်စွာ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် လက်ဝါးက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ဝင်္ကပါအတွင်းတွင် ရှိသော တန်ခိုးရှင်များ အားလုံးမှာလည်း အဝေးကို လွှင့်စင်သွားကြ၏။

ယူချင်းက ရှေ့ကို တက်သွားကာ ပြင်းထန်စွာ မာန်သွင်း အော်ဟစ်လိုက်လျှင် ရွှေရောင်ခြင်္သေ့၏ မာန်သွင်း အော်ဟစ်သံက စည်တော်များ၏ အသံများနှင့် တန်ပြန်တုန်ခါစေကာ လေထုအား ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။ ထိုအခိုက်တွင် စည်တော်များ၏ အလယ်၌ လူတစ်ယောက် ပေါ်လာသည်။ ခြင်္သေ့ဟိန်းသံက သူ၏ အဝတ်စများလား တစ်ဖျပ်ဖျပ် လွှင့်စေသော်လည်း သူ့အား မည်သို့မျှ ထိခိုက်စေဟန် မရပေ။ သူကား လီချိန်ယွန် ဖြစ်သည်။

လီချိန်ယွန်က ရီဖူရှင်းနှင့် ယူချင်းအား အေးစက်စွာ ကြည့်သည်။

“အောက်ဘုံမှာ မင်းတို့က ဘယ်သူပဲ ဖြစ်နေနေ … မင်းတို့ရဲ့ မောက်မာမှုကို အထက်ဘုံမှာ ထိန်းသိမ်းဖို့ လိုတယ် … အထက်ဘုံမှာ မင်းတို့ မော်ကြည့်ရမယ့်လူတွေ အများကြီးရှိတယ် …”

လီချိန်ယွန်က ဝင့်ကြွားစွာ ပြောသည်။ သူက လက်ဆန့်တန်းလိုက်လျှင် ထိုနေရာ တစ်ခုလုံးမှ လောကဓာတ်များမှာ သူ့ခွန်အားအဖြစ် ပြောင်းလဲသွားသည်။ မမြင်ရသော အားလှိုင်းတစ်ခုက သူ့လက်အနီးတွင် ရစ်ပတ်လာခဲ့ကာ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးမုန်တိုင်းအဖြစ် ဖြစ်ပေါ်လာခဲ့သည်။ လျှပ်စီးဓာတ်များက ထိုနေရာကို ပြင်းထန်စွာ စီးဆင်းလာခဲ့ကာ ကောင်းကင်ဘုံ လှေကားထစ်မှာလည်း ပိုမို၍ ရုန့်ရမ်းကြမ်းတမ်း လာခဲ့သည်။ လီချိန်ယွန်၏ လက်၌ တူတစ်လက် ဖြစ်ပေါ်လာသည်။

“ဟုတ်လား …”

ရီဖူရှင်းက ပြန်ပြောသည်။ သူက လက်ဆန့်တန်းလိုက်လျှင် သူ၏လက်ထဲ၌ လှံရှည်တစ်လက် ပေါ်လာသည်။ လှံရှည်၏အနီးတွင် ကြောက်မက်ဖွယ်ကောင်းသော လောကဓာတ်များ ဖြစ်ပေါ်လာပြီး အမှုန်အမွှား လောကဓာတ်က အဆုံးမဲ့သော စွမ်းအားများကို သယ်ဆောင်လာဟန်ရသည်။

“ဘုန်း …”

ရီဖူရှင်းက ရှေ့ကို တစ်ဟုန်တိုး တက်သွားကာ ဖိအားများအားလုံးကို လျစ်လျူရှုလျက် လီချိန်ယွန်ထံသို့ ပျံသန်းသွားသည်။ လီချိန်ယွန်က လက်ကို မြှောက်လိုက်လျှင် စည်တော်များ၏ အသံများမှာ ပိုမို၍ပြင်းထန် လာဟန်ရသည်။ ဖိအားလှိုင်းများမှာ လှေကားထစ်ထံသို့ ပြင်းထန်စွာ ဆင်းသက်လာ၏။ ရီဖူရှင်းက သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်လျှင် သူက ကြီးမားသော တူကြီး ဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

သို့်သော်လည်း ရီဖူရှင်းက မည်သည့်ဖိအားမျှ မခံစားရဟန်ဖြင့် လက်မှ လှံဖြင့် ပြန်လည်၍ ထိုးနှက်လိုက်သည်။ ဖျက်ဆီးအားတစ်ခုက အနက်ရောင် လေပွေလှိုင်းတစ်ခု အသွင်ဖြင့် အရာအားလုံးကို ဖျက်ဆီးကာ ရှေ့ကို တိုးဝင်သွားသည်။ ထိုနေရာတစ်ခုလုံးကို  အလွန်အားကောင်းသော လေပွေ ဖျက်ဆီးအား တစ်ခုက တိုးဝင်လာခဲ့ပြီး လူအများအပြားမှာ တိုက်ခိုက်မှု၏ ဖိအားလှိုင်းများကြောင့် တိုက်ပွဲကိုပင် သေသေချာချာ မမြင်ကြရတော့ပေ။

သို့သော် ထိုအခိုက်တွင် အားလှိုင်းများ အားလုံးပျက်စီး ပျောက်ကွယ်သွားပြီး ကြီးမားသော တူကြီးမှာလည်း ပျောက်ကွယ်သွားကာ ရီဖူရှင်း၏ လှံရှည်က လီချိန်ယွန်း၏ လည်ပင်းအား တေ့ထားသည်ကို အားလုံးက ထိတ်လန့်တကြား မြင်ကြရသည်။

“ပြည်နယ်ကိုးခုရဲ့ ရှန့်ထိုအဆင့်အောက်မှာ ကျုပ်က ဘယ်သူ့ကိုမှ မော့ကြည့်စရာ မလိုဘူး … အထက်ဘုံမှာလည်း ဒီအတိုင်းပဲ …” ရီဖူရှင်းက လီချိန်ယွန်အား ထူးမခြားနားစွာ ပြောသည်။

လှံရှည်က ပျောက်ကွယ်သွားကာ ရီဖူရှင်းက သူ့ဘေးမှ ဖြတ်လျက် ရှေ့ကို ဆက်လျှောက်သွားလျှင် ယူချင်းကလည်း သူ့နောက်မှ လိုက်ပါသွားသည်။ တခြားလူများက သူတို့ကို တားဆီးခြင်း မပြုရဲကြတော့ပေ။ ထို့နောက်တွင် ရီဖူရှင်းတို့က လှေကားအတိုင်းအပေါ်သို့ ဆက်တက်လာခဲ့ကြသည်။

ရီဖူရှင်းနှင့် ယူချင်းတို့က အပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေသော ကျေးရွာခေါင်းဆောင်အား မြင်လျှင် သူ့ထံသို့ လှမ်းသွားလိုက်ကြသည်။ ရီဖူရှင်းတို့ ထွက်ခွာသွားမည့်ဟန်ကို မြင်လျှင် ဗိုလ်ချုပ်၏မျက်နှာ၌ ထူးဆန်းမှု တစ်ခုပေါ်လာ ကာ လှမ်းပြောသည်…“မင်းတို့က ကောင်းကင်ဘုံသို့ တက်ရောက်ခွင့် အမိန့်တော်ကို မယူရသေးဘူး …”

“စည်းမျဉ်းအတွင်း ကျုပ်က အထက်ဘုံမှာ စိတ်ကြိုက် သွားလာနိုင်တယ် … ဘာလို့ ကောင်းကင်ဘုံဝင်ခွင့် တံဆိပ်တုံးကို ယူရဦးမှာလဲ …”အဝေးမှ အသံတစ်သံကို ကြားရသည်။

ဗိုလ်ချုပ်၏ အမူအရာက အေးခဲသွားကာ သူက ထိုနေရာတွင်ပင် မလှုပ် မယှက် ရပ်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset