Switch Mode

အခန်း ( ၅၆ )

အခု ငါတို့က အရင်တုန်းကလို မဟုတ်တော့ဘူး

ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းမှာ တစ်နှစ်တွင် အားလပ်ရက်ကာလ တစ်ကြိမ်သာပေးသည်။

ထိုအားလပ်ရက်များ ရောက်လာသည့်အခါတိုင်း အဆင့်နိမ့်ကျွန်းမှ ကျောင်းသားတချို့မှာ ကျောင်းတွင်သာ နေရစ်ခဲ့လေ့ ရှိကြသည်။ ကျောင်းသားအများစုထဲမှ တချို့မှာ ထို အားလပ်ရက် အချိန်နှစ်လအတွင်း အိမ်ပြန်ကြပြီး တချို့မှာ ပို၍ အစွမ်းထက်လာရန်အတွက် အပြင်သို့ ထွက်၍ လေ့ကျင့်လေ့ ရှိကြသည်။

သူတို့ထဲတွင် အသက်ကြီးသော ကျောင်းသားအများစုမှာ စူးစမ်းလေ့လာရေးခရီးများ သွားလေ့ရှိကြသလို ပြည်ထောင်စုကြီးနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများနှင့်ပေါင်း၍ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် အလုပ်လုပ်လေ့လည်း ရှိကြသည်။ အိမ်နှင့် ပထမဆုံးအကြိမ်အဖြစ် ခွဲခွာခဲ့ရသော ကျောင်းသားအသစ်များကမူ ထိုအားလပ်ရက်များအတွင်း အိမ်သို့ ပြန်နိုင်ရန်သာ အာရုံစိုက်ထားကြသည်။

ထိုအားလပ်ရက်များ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ဒယ်အိုးဂူထဲမှ ထွက်ခွာလာပြီး ဓမ္မလက်နက်‌ဌာန၏ တောင်ထိပ်ပေါ်သို့ တက်လာသောအခါ ကျောင်းသားမြောက်မြားစွာ အထုပ်အပိုးများ သယ်နေကြသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ သူတို့က သူတို့၏ အိမ်များကို လွမ်းဆွတ်တမ်းတနေသည့် အကြောင်းများ ပြောဆိုကာ ရယ်မောရင်း သင်္ဘောပျံကြီးပေါ်သို့ တက်သွားကြသည်။

ထိုမြင်ကွင်းမှာ ကျောင်းသားအသစ်များ စတင်ရောက်ရှိလာခဲ့သည့် အချိန်ကနှင့် တစ်ပုံစံတည်းပင်။ တောနက်ထဲတွင် အန္တရာယ်မြောက်မြားစွာ ရှိနေသောကြောင့် အားလပ်ရက်ကာလသို့ ရောက်သည့်အချိန်တိုင်း တာအိုကျောင်းမှာ ကျောင်းသားများအား သယ်ယူပို့ဆောင်ပေးရန် တာဝန်ယူကာ သူတို့အား မြို့တော်ထဲရှိ သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ လိုက်လံပို့ဆောင်ပေးရမြဲ ဖြစ်သည်။

” ကျောင်းပြန်ဖွင့်တဲ့ အချိန်ကျရင် ပြန်တွေ့မယ် ကျောင်းသားခေါင်းဆောင်ရေ ”

” ကျောင်းသားခေါင်းဆောင် ကျနော်တို့သွားပြီနော် ”

ဝမ်ပေါင်လဲ့နှင့် လမ်းတွင်ဆုံခဲ့ရသည့် ကျောင်းသားအားလုံးက မထွက်ခွာခင် သူ့အား နွေးထွေးစွာ နှုတ်ဆက်သွားကြ၏။ အားလပ်ရက်ကာလသို့ ရောက်လာသောကြောင့် သာမန် ကျောင်းဖွင့်ရက်များအတွင်း တာအိုကျောင်း၏ ကျောင်းသားခေါင်းဆောင်အပေါ် ထားရှိသော သူတို့၏ ရိုသေလေးစားမှုများမှာ လျော့ကျသွားသည်ဟုပင် ထင်ရသည်။

ဝမ်ပေါင်လဲ့ကမူ ရယ်မောကာ သူ့အား နှုတ်ဆက်သည့် ကျောင်းသားအားလုံးကို ခေါင်းညိတ်ပြလိုက်ရင်း ထွက်ခွာသွားကြသည့် ကျောင်းသားများကိုကြည့်၍ စိတ်နှလုံး လှုပ်ရှားသွား၏။ သူသည် တာအိုကျောင်းတွင် ရှိနေခဲ့သည့် တစ်နှစ်အတွင်း သူ၏ လွမ်းဆွတ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည့် အလားပင်။ ထို့ကြောင့် ယခုတွင် သူသည် သူ၏ မိဘများကို ပို၍ပင် သတိရနေတော့သည်။

ဝမ်ပေါင်လဲ့မှာ အမြန်ဆုံးနည်းဖြင့် အိမ်သို့ ပြန်ချင်နေသောကြောင့် ခပ်သွက်သွက် လမ်းလျှောက်လိုက်၏။ သူသည် နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားလိုက်ပြီး သူ၏ပစ္စည်းများကို ထုပ်ပိုးကာ အရာအားလုံးကို သိုလှောင်လက်ကောက်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေ အမြောက်အမြားကိုလည်း ဝယ်ယူလိုက်သည်။

” ဝိညာဉ်ရေခဲရေက တာအိုကျောင်းရဲ့ အထူးထုတ်ကုန်ပဲ။ သူ့ရဲ့ အရသာက တခြားနေရာတွေက ဝိညာဉ်ရေခဲရေတွေရဲ့ အရသာနဲ့ လုံးဝမတူဘူး။ အမေ့ဖို့ ဝယ်သွားရမယ် ”

ထို့နောက် သူသည် ကျန့်လျန်အား ဆက်သွယ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ သာမန်လူများအတွက် သင့်တော်သော အရေးအ‌သွေးမြင့် ဆေးလုံးများစွာကို ဝယ်ယူလိုက်သည်။ အကုန်ပြီးစီးသွားသောအခါမှသာ သူသည် နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ထွက်လာပြီး သူ တစ်နှစ်ပတ်လုံး နေထိုင်ခဲ့သောနေရာကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှုလိုက်ပြီး မန္တန်အစီအရင်ကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူသည် ဝင်းလင်တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့် နောက်သို့ပြန်လှည့်သွားတော့သည်။

“ အိမ်ပြန်မယ်ဟေ့… “

သူသည် ရယ်မောကာ တောင်အောက်ကို ပြေးဆင်းသွား၏။ ထိုအခိုက်အတန့်တွင် သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်နေသည့်အချက်ကိုပင် မေ့ပျောက်သွားပြီး လွန်ခဲ့သောတစ်နှစ်ခန့်က အနေအထားသို့ ပြန်၍ ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။ သူသည် တောင်အောက်အထိ ပြေးဆင်းသွားပြီး သစ်တောစိမ်းရေကန်၏ ဘေးရှိ သင်္ဘောပျံများ ရပ်နားသော ကွင်းကြီးဆီသို့ တည့်မတ်စွာ ပြေးသွားလိုက်တော့သည်။

ထိုမြင်ကွင်းမှာလည်း ကျောင်းစတင် ဖွင့်ခဲ့သည့် အချိန်တုန်းက မြင်ကွင်းအတိုင်းပင်။ ထိုနေရာတွင် ကျောင်းသားများဖြင့် ပြည့်နှက်နေပြီး ရယ်မောသံများမှာလည်း ပဲ့တင်ထပ်နေ၏။ ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကာ သက်ဆိုင်ရာသင်္ဘောပျံကြီးများပေါ်သို့ အသီးသီးတက်သွားကြသည်။ ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ရောက်လာသောအခါ လူအုပ်ကြီးထဲသို့ တိုးဝင်းရင်း ချက်ချင်းဆိုသလိုပင် လူတစ်ယောက်က သူ့အား လှမ်းခေါ်နေသည်ကို ကြားလိုက်ရသည်။

” ကျောင်းသားခေါင်းဆောင်ရေ။ ဒီဘက်မှာဗျို့။ ဒီဘက်မှာ ”

ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကြည့်လိုက်သောအခါ အနီးနားရှိ မီးပုံးပျံသင်္ဘောကြီးတစ်စင်းပေါ်မှနေ၍ သူ့အား လက်ပြနေသော လျှိုတောက်ပင်းကို မြင်လိုက်ရသည်။

လျှိုတောက်ပင်းနှင့်အတူ သူနှင့် ရင်းနှီးနေသော မျက်နှာများစွာလည်း ရှိနေ၏။ သူတို့အားလုံးမှာ စစချင်းတွင် သူနှင့်အတူ ဇာမဏီမြို့တော်မှနေ၍ ရောက်ရှိလာသော ကျောင်းသားများ ဖြစ်ကြသည်။ တုမင်နှင့် ဘန်နီလေးတို့မှာလည်း ကြိုရောက်နေကြပြီဖြစ်သည်။ သူတို့က ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ တုမင်မှာ နှာမှုတ်လိုက်ပြီး ဘန်နီလေးကမူ သူ့အား ပြုံးပြလိုက်သည်။

ချန်းကျစ်ဟန်မှာလည်း သူတို့နှင့်အတူ ရှိနေ၏။ အစတွင် သူ၏အမူအရာမှာ ပုံမှန်အတိုင်း ရှိနေပါသော်လည်း ဝမ်ပေါင်လဲ့ကို မြင်လိုက်ရသောအခါတွင်မူ မျက်စိမျက်နှာ ပျက်သွား၏။ သူသည် သိုင်းပညာဌာနကို ဝမ်ပေါင်လဲ့ အနှောင့်အယှက်ပေးခဲ့သည့် ပုံရိပ်များနှင့် ပြီးခဲ့သည့် နှစ်အတွင်း သူ၏ တစ်ဟုန်ထိုး ကျော်ကြားလာမှုများကို တွေးမိသွားခြင်း ဖြစ်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းနှင့် အခြားသူများကို မြင်လိုက်ရသောအခါ အလျင်စလို လူအုပ်ကြားထဲသို့ တိုးဝင်လိုက်၏။ ယခုတွင် လူများစွာ ရှိနေပြီဖြစ်ရာ သူ၏ ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးမှာလည်း အသုံးမဝင်တော့ပေ။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ခက်ခက်ခဲခဲ တိုးဝှေ့ရင်း ထိုသင်္ဘောပျံကြီးပေါ်သို့ ရောက်ရှိသွားတော့သည်။ သူသည် ချွေးသုတ်လိုက်ပြီး ဝိညာဉ်ရေခဲရေဘူးတစ်ဘူး ထုတ်ယူရန် ပြင်လိုက်ချိန်တွင် လျှိုတောက်ပင်းက သူ့အား တစ်ဘူး လှမ်းပေးလိုက်၏။

” ကျောင်းသားခေါင်းဆောင်။ ကျနော် ကျောင်းသားခေါင်းဆောင်အတွက် ပြင်ဆင်ထားပြီးသားပါ ”
လျှိုတောက်ပင်းက ပြုံးကာဆိုလိုက်သည်။
” ကျောင်းသားခေါင်းဆောင်ရဲ့ မိဘတွေအတွက်တောင် ကျနော် ပိုဝယ်လာသေးတယ် ”

ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းအား ကြည့်ရင်း အမှန်တကယ်ပင် အားကိုး၍ရကြောင်း ပို၍ ခံစားလာရတော့သည်။ ထို့ကြောင့် သူသည် ရယ်မောကာ လျှိုတောက်ပင်း၏ ပခုံးကို ပုတ်လိုက်ပြီး သူပေးသော ရေဘူးကို မော့သောက်လိုက်တော့သည်။

တုမင်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားတစ်ဖက်သို့ လှည့်သွားပြီး နောက်ထပ်တစ်ကြိန် နှာမှုတ်လိုက်ပြန်သည်။ သူမသည် သူမ၏ရှေ့တွင် မြင်နေရသည့် မြင်ကွင်းကို နှစ်သက်ပုံ မပေါ်ပေ။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ရေခဲရေများကို သောက်သုံးရင်း သင်္ဘောပျံကြီးပေါ်ရှိလူများကို ကြည့်လိုက်ပြီးနောက် အဝေးတွင် ကျန်ရစ်ခဲ့သော ဓမ္မလက်နက်ဌာန၏ တောင်ထိပ်ကို လှမ်း၍ကြည့်လိုက်သည်။ သူ၏ ဇာမဏီမြို့ကို လွမ်းဆွတ်နေသည်စိတ်များမှာ ပို၍ ကြီးထွားလာတော့သည်။ သို့သော် သူသည် တိကျသေချာစွာ မသိသေးသော မေးခွန်းတစ်ခုကို တနုံ့နုံ့ စဉ်းစားနေဆဲပင်။ သူ၏ ဖခင်ဖြစ်သူမှာ တစ်ဝက်သာပါ‌သော လျှို့ဝှက်ဆန်းကြယ်သည့် မျက်နှာဖုံးကြီးကို မည်သည့်နေရာမှ ရရှိခဲ့ပါသနည်း။ ထို့အပြင် ကျန်တစ်ဝက်မှာ မည်သည့်နေရာသို့ ရောက်နေပါသနည်း။

ထိုကိစ္စကြီးမှာ သူ၏ အသိစိတ်ထဲတွင် နေရာယူနေခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီ ဖြစ်သည်။ သူသည် ထိုမျက်နှာဖုံးကြီးက တမူထူးခြားကြောင်းကို သိထားသည်ဖြစ်ပြီး အကယ်၍ အခြားသူများကသာ ထိုအကြောင်းကို သိသွားမည်ဆိုလျှင် သူ၏ မိသားစုမှာ မလိုအပ်ဘဲ အန္တရာယ်နှင့် ကြုံရနိုင်ကြောင်းကိုလည်း သူက သိထားသည်။ ထို့ကြောင့် သူသည် သူ၏ဆန္ဒကို ချုပ်တည်းကာ အသံထုတ်လွှင့်ခြင်းတစ်ခု ပေးပို့၍ ထိုမျက်နှာဖုံးအကြောင်းကို မေးမြန်းခြင်း မလုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် အိမ်ပြန်ရောက်သည့် အချိန်အထိ စောင့်ဆိုင်းပြီးမှ သူ၏အဖေကို စကားအစ်ကာ အဖြေကိုဖော်ထုတ်ရန် ဆုံးဖြတ်ထားသည်။

သိပ်မကြာခင် သင်္ဘောပျံကြီးများ စတင် တုန်ရီလာ၏။ သင်္ဘောပျံ ရပ်နားကွင်းထဲမှ အခြား သင်္ဘောပျံအားလုံးမှာလည်း တဖြည်းဖြည်းနှင့် လေပေါ်သို့ ပျံတက်သွားကာ မိုးကောင်းကင်ကြီးထဲရှိ တိမ်တိုက်များအတွင်း ဝင်ရောက်သွားကြပြီး အရက်မျက်နှာအနှံ့သို့ ထွက်ခွာသွားကြတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံကြီးထဲရှိ ဓားနေမင်းကြီးမှာ ကမ္ဘာကြီးကို အုပ်မိုးထားသည့်အလား ထိုအိမ်သို့ ပြန်နေကြသော သင်္ဘောပျံကြီးများကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေ၏။

နေမင်းကြီး၏ ပြီးပြည့်စုံမှုမရှိသော ရောင်ခြည် စက်ဝန်းမှ ပေါ်ထွက်လာနေသည့် ဝိညာဉ်ချုပ်တည်းခြင်း စွမ်းအားများနှင့် စိမ်းဖန့်ဖန့်အရောင်ရှိသော ရှေးဟောင်း ကြေးညိုရောင်ဓားကြီးတို့မှာလည်း ယခင်ကနှင့် မတူတော့ဘဲ ကွဲပြားခြားနားနေသကဲ့သို့ ဖြစ်နေ၏။

ယခုနှစ်မှာ ရှေးဦးဝိညာဥ်ခေတ်၏ သုံးဆယ့်ရှစ်နှစ်မြောက်နှစ် ဖြစ်သည်။

အချိန်အနည်းငယ်ခန့် ကြာပြီးနောက် ဇာမဏီမြို့တော်သို့ ဆိုက်ရောက်မည့် သင်္ဘောပျံကြီးမှာ တိမ်တိုက်များနှင့် မြူခိုးများကြားမှ ပျံထွက်လာပြီး မိုးကောင်းကင်ကြီးအား ထိုးခွင်းသွားတော့သည်။

ရှေ့သို့ မျှော်ကြည့်လိုက်ပါက အပြာရင့်ရောင် ကောင်းကင်ကြီးနှင့် မျက်စိတစ်ဆုံး ကျယ်ပြောနေသော ဟင်းလင်းပြင်ကြီးမှာ ကမ္ဘာကြီး၏ တောနက်ကြီးနှင့် ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေသည်။ တစ်ခါတရံတွင် ငှက်များ ပေါ်လာပြီး ပိုးသားကဲ့သို့ သိမ်မွေ့နူးညံ့သော ကောင်းကင်ကြီးထဲတွင် ပျံသန်းနေတတ်သည်။

ထိုငှက်များမှာ ရံခါဖန်ခါ ပေါ်ထွက်လာသော အသံများကြောင့် အဝေးမှကြည့်လိုက်ပါက အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသည့်ပုံ ပေါက်နေ၏။ သို့သော် အနီးကပ် ကြည့်ရှုလိုက်မည်ဆိုလျှင် ၎င်းတို့၏ သွေးဆာ‌ပြီး ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေသော မျက်လုံးများကိုသာမက ၎င်းတို့၏ လက်သည်းများနှင့် သွားများကြားရှိ လူသားများနှင့် သားရဲများ၏ ကြောက်မက်ဖွယ်ကောင်းသော အသားစနှင့် သွေးစများကိုပါ မြင်လိုက်ရမည်ဖြစ်သည်။

၎င်းမှာ ပြည်ထောင်စုကြီး၏ တောနက်ကြီးပင် ဖြစ်သည်။ နေရာအနှံ့တွင် အန္တရာယ်များပုန်းအောင်းနေတတ်၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စစ်ပွဲကြီးနှင့် မတူသည့်အချက်မှာ လက်ရှိတွင် ထိုသားရဲကြီးများထံ၌ ခေါင်းဆောင်တစ်ယောက်တစ်လေပင် မရှိသောကြောင့် ၎င်းတို့မှာ မညီမညွတ်ဖြစ်ကာ ပြိုကွဲနေကြ၏။ သို့သော် ထိုတောနက်ကြီးထဲရှိ တစ်ကောင်တည်းဖြစ်နေသော သားရဲများပင် လူသားများကို ကြီးမားစွာ အန္တရာယ်ပြုနိုင်စွမ်းရှိသည်။

ဝိညာဉ်ချီများ ပေါ်ပေါက်လာမှုကြောင့် ထို သားရဲကြီးများနှင့် အပင်များမှာ ၎င်း၏ အကျိုးကျေးဇူးများကို အများဆုံး ရရှိခံစားခဲ့ကြရပေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က လူသားများမှာ စစ်ပွဲကြီးကို အနိုင်ရရှိခဲ့သည်ဖြစ်၍ ပြည်ထောင်စုထဲရှိ မြို့တော်ကြီးများမှာ သာမန် အခြေအနေများတွင်ဆိုလျှင် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသော သားရဲများကို အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။ လက်ရှိပြည်ထောင်စုထဲတွင် ရှေးဟောင်းသိုင်းပညာရပ်များနှင့် ကျင့်ကြံခြင်းနည်းလမ်းများ တိုးတက်လာသည်ဖြစ်ရာ ထိုသားရဲကြီးများကို အမဲလိုက်ကြသည့် လူအရေအတွက်မှာလည်း ပို၍ များပြားလာကြပြီဖြစ်သည်။

ကောင်းကင်တာအိုကျောင်းမှာ ပြည်ထောင်စုထဲရှိ အဖွဲ့အစည်းများထဲတွင် အင်အားကြီးသော အဖွဲ့အစည်းတစ်ခုဖြစ်ရာ ကျောင်းသားများကို တင်ဆောင်လာသည့် သင်္ဘောပျံကြီးများတွင် အစွမ်းထက်သော လျှို့ဝှက်ဆန်းကြယ်ရတနာများစွာ တပ်ဆင်ထားသည့်အပြင် သင်္ဘောပျံပေါ်တွင် ကိုယ်ရံတော်များကိုပါ နေရာချထားသည်လည်း ဖြစ်သည်။ ထိုကဲ့သို့သော ကြိုတင်ကာကွယ်မှုများကြောင့် ထိုခရီးစဉ်တွင် ကြုံရနိုင်သည့် အန္တရာယ်များမှာ အလွန် နည်းပါး‌နေပြီ ဖြစ်သည်။

ဇာမဏီမြို့တော်သို့ ဆိုက်ရောက်မည့် သင်္ဘောပျံကြီးပေါ်ရှိ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားအားလုံးမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။ ယခုတွင် သူတို့က ထိုခရီးရှည်ကြီးကို ဒုတိယအကြိမ်အဖြစ် ဖြတ်သန်းနေသည် မဟုတ်ပါလော။ သူတို့မှာ စာသင်နှစ်တစ်နှစ် ပြီးမြောက်သွားပြီဖြစ်ရာ နှစ်စတုန်းကထက် တစ်ယောက်နှင့်တစ်ယောက် ပို၍ ရင်းနှီးနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့ထံတွင် ပြောစရာစကားများစွာ ရှိနေကြပြီဖြစ်သည်။ ကျောင်းသားနှင့် ကျောင်းသူများ၏ ကြားရှိ သိမ်မွေ့နူးညံ့သော ခံစားချက်များပင် ထိုခရီးစဉ်တစ်လျှောက် စတင်ကြီးထွားလာနေကြပြီ ဖြစ်သည်။

လက်ရှိတွင် သင်္ဘောပျံကြီးပေါ်၌ အတွဲကိုယ်စီနှင့် ကြည်နူးဖွယ်ရာ စကားများကို ပြောဆိုနေကြသည့် ကျောင်းသားကျောင်းသူများစွာပင် ရှိနေကြပြီ ဖြစ်သည်။ သူတို့ကြောင့် တစ်ကိုယ်တည်းသမားများမှာ မနာလိုဖြစ်နေကြပါသော်လည်း တချိန်တည်းမှာပင် သူတို့မှာလည်း ထိုအတွဲများ၏ ချစ်သူသက်တမ်းမှာ အလျင်အမြန်သာ ကုန်ဆုံးသွားမည်သာ ဖြစ်ကြောင်း အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုသူများထဲတွင် အပါအဝင်ဖြစ်သည်။ သူသည် သင်္ဘောပျံကြီးပေါ်ရှိ အခန်းထဲတွင်ထိုင်ရင်း ခေါင်းယမ်းလိုက်ပြီး ဝန်းနည်းနေသည့်အမူအရာဖြင့် ရေရွတ်လိုက်၏။

” ငါ့ရဲ့ မျိုးဆက်ထဲက ကျောင်းသူကျောင်းသားတွေက ကိုယ့်ကိုယ်ကို အ‌ခြေကျအောင်လုပ်ပြီး စကားကို ထိန်းပြောရမဲ့အပြင် အပြုအမူအနေအထိုင်ကိုပါ ဆင်ခြင်ရမှာလေ။ ကြည့်ရတာ သူတို့တွေက ပါမောက္ခကြီး ပြောခဲ့တဲ့ စကားတွေအားလုံးကို မေ့သွားကြတဲ့ပုံပဲ။ ဒီလိုမျိုး ချစ်ကြည်နူးနေကြတာကို မြင်နေရတာ မလျော်ကန်ပါဘူးကွာ ”

ထိုအခန်းထဲတွင် လျှိုတောက်ပင်းအပါအဝင် အခြားလူများစွာ ရှိနေ၏။ ဝမ်ပေါင်လဲ့၏ စကားကိုကြားလိုက်ရသောအခါ တုမင်မှာ အသံအကျယ်ကြီးဖြင့် စုတ်သပ်လိုက်၏။ ဘန်နီးလေးကမူ သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောနေ၏။ ချန်းကျစ်ဟန်ကမူ မျက်လုံးများကိုပင့်လိုက်ပြီး ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်၏။

” ကျောင်းသားခေါင်းဆောင်ပြောတာ အဓိပ္ပါယ်ရှိတယ် ”
လျှိုတောက်ပင်းတစ်ယောက်သာ သူ့အား ထောက်ခံလိုက်၏။ သူသည် သင်ခန်းစာတစ်ခု ရလိုက်သည့် အမူအရာဖြင့် သူ၏ဘေးပတ်ပတ်လည်မှ လူများ၏ အကြည့်များကို လျစ်လျူရှုလိုက်တော့သည်။ သူသည် သူ၏ ဖခင်ဖြစ်သူက သူ့အား ပြောခဲ့သည့် စကားအတိုင်း လိုက်လုပ်နေခြင်းသာဖြစ်သည်။ ၎င်းမှာ ” မိမိ၏ အထက်လူကြီးက ဘာလုပ်လုပ် မှန်တယ် ” ဟူသော စကားပင်ဖြစ်သည်။

ထိုကျောင်းသားများထဲတွင် ဓမ္မလက်နက်ဌာနမှ အခြားစစ်ဆေးရေးမှူးများလည်း ရှိနေကြသည်ဖြစ်ရာ သူတို့အားလုံးမှာလည်း ခေါင်းများညိတ်လိုက်ကြပြီး ထောက်ခံစကားများကို ဝင်ပြောလိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာ ထောက်ခံသူများစွာ ရရှိလိုက်သည်ကို မြင်လိုက်ရသောကြောင့် အလွန် ကျေနပ်သွား၏။ သိပ်မကြာခင်တွင် သူသည် အလွန် စကားများလာပြီး ခံစားချက်ပေါင်းစုံ ရောယှက်နေသော မျက်ဝန်းများဖြင့် သူ၏ ပတ်ပတ်လည်မှ လူများကို ကျေနပ်အားရစွာ ကြည့်လိုက်၏။

ထို့နောက် ဝမ်ပေါင်လဲ့မှာ လက်နှစ်ဖက်ကို နောက်ပစ်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက အမှတ်တရများကို ပြန်လည် တမ်းတနေသည့် အမူအရာဖြင့် ဆိုလိုက်၏။

” ငါတို့တွေအားလုံး အရွယ်ရောက်လာကြပြီ။ ငါတို့တွေ ချော‌ချောမောမော ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းကိုစသွားခဲ့တဲ့ အချိန်ကို ငါ ခပ်ရေးရေး‌လေး မှတ်မိနေတုန်းပဲ။ အဲဒီတုန်းကဆို ငါတို့က ခန္ဓာကိုယ်ပိန်ပိန်လေးတွေ၊ မျက်ခုံးမွေးထူထူလေးတွေနဲ့ ဝင်းလင်တောက်ပနေတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်ခဲ့ကြတာလေ။ မင်းတို့အားလုံးကလည်း အပြစ်ကင်းပြီး ဖြူစင်တဲ့ ကလေးတွေအဖြစ် ရှိနေခဲ့တုန်းပဲ။ ဒါပေမဲ့ အချိန်ဆိုတဲ့အရာက ဘယ်သူ့ကိုမှ စောင့်ဆိုင်းနေတာမဟုတ်ဘူး။ လျှပ်တစ်ပြက်အတွင်းမှာပဲ ငါတို့တွေ ဒီနေ့ဒီအချိန်အထိ ရောက်လာပြီးတော့ အရင်တုန်းကနဲ့ လုံးဝမတူတော့တဲ့ အခြေအ‌နေတွေကို ရောက်ကုန်ကြပြီ။ မင်းတို့တွေ ငါပြောတဲ့စကားကို လက်ခံတယ်မလား ”

ကျောင်းစဖွင့်သည်မှာ တစ်နှစ်သာ ရှိသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ အသက်အရွယ်အိုမင်းကာ အတွေ့အကြုံရင့်သန်နေသည့် အဘိုးကြီးတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေသည့် မြင်ကွင်းကြောင့် အခြားလူများအားလုံး ဆွံ့အသွားရတော့သည်။ လျှိုတောက်ပင်းသည်ပင် တစ်ခဏမျှ ရပ်တန့်သွားရပြီး စိတ်ထဲတွင် ဝမ်ပေါင်လဲ့၏ စကားများကို တုန့်ပြန်ပြောဆိုနိုင်မည့် နည်းလမ်းများအား အလျင်အမြန် စဉ်းစားတွေးတောနေတော့သည်။ အကယ်၍ သူသာ ထိုစကားများကို လက်ခံလိုက်မည်ဆိုလျှင် ဝမ်ပေါင်လဲ့အား အိုမင်းနေပြီဟု သတ်မှတ်လိုက်သလို ဖြစ်သွားမည် မဟုတ်ပါလော။ သို့သော် လက်မခံပါကလည်း သူ၏ ဖခင် သေချာသင်ကြားပေးခဲ့သော စကားများကို မလိုက်နာသလို ဖြစ်သွားမည်မှာ အမှန်ပင်။

နောက်ဆုံးတွင် လျှိုတောက်ပင်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ၎င်းမှာ ဆုပ်လည်းစူး စားလည်းရူးအခြေအနေသာ ဖြစ်ကြောင်း ယူဆကာ တွေးလိုက်တော့သည်။
” ဒါ မေးခွန်းလှည့်ထားတာပဲ ”

ဘန်နီလေးမှာမူ မထိန်းနိုင်တော့ပဲ ဗိုက်နာလာသည်အထိ တခစ်ခစ် ရယ်မောနေလိုက်တော့သည်။ ချန်းကျစ်ဟန်ကမူ စကားတစ်ခွန်းကိုမှ မကြားလိုက်သည့်ပုံစံ ဟန်ဆောင်နေ၏။ တုမင်ကမူ သည်းမခံနိုင်တော့ပေ။

” ဆရာဝမ်ရှင့်။ ကျမ ဆရာ့ရဲ့ အသက် ဘယ်လောက်ရှိပြီလဲဆိုတာ သိခွင့်ရှိမလား ”
တုမင်က လှောင်ပြောင်သည့် လေသံဖြင့် ဝင်မေးလိုက်သည်။

တုမင်၏ ထေ့လုံးကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ တုမင်အား အသက်မပါသည့် မျက်လုံးများဖြင့် ကြည့်လိုင်ပြီး ခေါင်းယမ်းကာ သက်ပြင်းချ၍ ဆိုလိုက်တော့သည်။
” အခု ငါတို့က အရင်တုန်းကလို မဟုတ်တော့ဘူး မင်အာရဲ့။ ကြည့်လိုက်လေ … မင်းရဲ့ ရင်သားတွေတောင်မှ ကြီးလာပြီကို “


Comment

Leave a Reply

Options

not work with dark mode
Reset