ပြည်နယ်ကိုးခု၏ အနောက်ဘက်စူးစူးသို့ ခရီးနှင်မည် ဆိုပါက နွေဦးပြည်နယ် အကျော်တွင် ပြည်နယ်ကိုးခုနယ်စပ် တည်ရှိပေသည်။ ထိုနယ်စပ်တွင် ထူးဆန်း အံ့ဩဖွယ်ကောင်းသော မြို့တစ်မြို့ တည်ရှိ၏။ ထို့မြို့က သိပ်မကြီးပါ။ တန်ခိုးရှင်များလည်း များများစားစား မရှိပေ။ သို့သော် ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များမှာ ထိုမြို့သို့ မကြာခဏ လာရောက်ကြသည်။
ယခု ရီဖူရှင်း၊ ယူချင်းနှင့် ကျေးရွာခေါင်းဆောင်တို့ ထိုမြို့သို့ ရောက်လာကြသည်။ သူတို့ရှေ့တွင်ကား ကောင်းကင်ဘုံသို့ ဦးတည်နေသော ကျောက်စိမ်းဖြူ လှေကားထစ်များ ရှိနေသည်။ သူတို့က မော်ကြည့်လျှင် ထိုလှေကားထစ်များမှာ တိမ်များအကြား ဝင်ရောက် ပျောက်ကွယ်သွားလျက် ကောင်းကင်ဘုံသို့အထိ ဆက်နွှယ်ထားသည်ကို မြင်နိုင်ပေသည်။
ကောလာဟလများအရ သည်လှေကားထစ်များမှာ ကောင်းကင်ဘုံသို့ တက်ရောက်ရာလမ်း ဖြစ်ပေသည်။ လှေကားထစ်၏ အမြင့်မှာကား အဆုံးအစ မဲ့ဟန်ရ၏။ အကယ်၍ တစ်စုံတစ်ယောက်က အထက်ဘုံသို့ တက်ရောက်မည် ဆိုပါက သည်လှေကားမှ တက်ရောက်ရမည် ဖြစ်ပေသည်။
ပုံမှန်အားဖြင့် လူတစ်ယောက်မှာ ရှန့်ထို အဆင့်သို့ မတက်ရောက်နိုင်ဘဲ အထက်ဘုံသို့ သွားရောက်ခွင့် မရှိပေ။ သို့သော်လည်း တစ်စုံတစ်ယောက်က အထက်ဘုံသို့ ရှန့်ထို မဟုတ်ဘဲ တက်ရောက်မည် ဆိုပါက သည်ကောင်းကင်လှေကားကို အသုံးပြုနိုင် ပေသည်။ ပြောကြသည်မှာ ကောင်းကင်လှေကား အဆုံး၌ အင်ပါယာရှား ပိုင်ဆိုင်သော နန်းတော်တစ်ခု တည်ရှိသည်။ သို့သော်လည်း ထိုအဆောက်အဦ အမှန်တကယ် တည်ရှိသည်ကိုကား မည်သူမှ သေသေချာချာ မပြောနိုင်ပေ။ တော်ဝင်မြေများနှင့် ထိပ်သီး အင်အားစုများသာ အချို့သော အမှန်တရားများကို သိကြသည်။
“ကောင်းကင်လှေကား … ကောင်းကင်ဘုံသို့ တက်ရောက်ခွင့် အမိန့်တော် …”
ရီဖူရှင်းက လှပစွာ တည်ဆောက်ထားသော လှေကားထစ်များအား ကြည့်ကာ သက်ပြင်းတစ်ချက် ချသည်။ လောကကြီးတွင် အချို့သော အရာများမှာ အမှန်တကယ် ထူးဆန်းအံ့ဩဖွယ် ကောင်း၏။ ပုံမှန်လူများ အတွက်မူ ကောင်းကင်နှင့်မြေပြင်မှ ဖန်ဆင်းသော ထူးဆန်းအံ့ဩဖွယ် အရာများအား နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဤကောင်းကင် လှေကားအား ဖြတ်ကျော်နိုင်သည် ဆိုပါက ထိုသူမှာ ကောင်းကင်ဘုံသို့ တက်ရောက်ခွင့် အမိန့်တော်ကို ပိုင်ဆိုင်နိုင်ပြီး အထက်ဘုံနှင့် အောက်ဘုံကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပေသည်။ သို့သော်လည်း ကောလာဟလများအရ သည်လှေကားထစ်သို့ တက်ရောက်နိုင်သောသူမှာ မရှိသလောက် ရှားပါးခဲ့ရာ မည်သူကမှ ကြိုးစားခဲ့ခြင်း မရှိတော့ဘဲ နောက်ပိုင်းတွင် တဖြည်းဖြည်းဖြင့် သည်လှေကား တည်ရှိသည် ဆိုခြင်းအား လူအများက မေ့လျော့သွားခဲ့ ကြပေသည်။
“တော်ဝင်အကြီးအကဲ… ကျုပ်တို့ကို အထက်ဘုံမှာ စောင့်နေပါ …”
ရီဖူရှင်းက ကျေးရွာခေါင်းဆောင်ကို ပြောသည်။
ကျေးရွာခေါင်းဆောင်က ခေါင်းညိတ်သည်။
“သတိထားပါ …”
သူက ထိုသို့ ပြောပြီးနောက် ကောင်းကင်ယံသို့ အလင်းတန်း အသွင်ဖြင့် ထိုးတက်သွားပြီး မျက်လုံး တစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
“ယူချင်း … သွားရအောင် …”
ရီဖူရှင်းက ပြောလျှင် သူတို့နှစ်ယောက်က ကောင်းကင်လှေကားပေါ်သို့ တက်ရောက်လိုက်ကြသည်။ ထိုအခိုက်တွင် လှေကားခြေရင်း၌ လူအများအပြား ရှိနေကာ လှေကားထစ်ပေါ်သို့ တက်ရောက်သွားသော လူနှစ်ယောက်အား အံ့အားသင့်စွာ ကြည့်ကြသည်။
ရီဖူရှင်းနှင့် ယူချင်းက သူတို့အား လျစ်လျူရှုထားကြသည်။ သူတို့က လှေကားမှ အပေါ်သို့ မြန်ဆန်စွာ တက်သွားကြသည်။ မြေပြင်မှ လူများက အပေါ်သို့ မော့ကြည့်လျှင် ကောင်းကင်ထက်သို့ လှေကားမှတစ်ဆင့် တက်ရောက်ကာ တိမ်များ အကြားသို့ ပျောက်ကွယ်သွားသော လူနှစ်ယောက်အား မြင်ကြသည်။
သူတို့မှာ သိပ်မကြာခင်ပင် တိမ်များအကြားသို့ ဝင်ရောက်ပျောက်ကွယ် သွားကြ၏။ ကောင်းကင်လှေကား အပေါ်တွင်ကား တိမ်များနှင့် မြူများ ရစ်သိုင်းနေသည်။ လှေကားမှတစ်ဆင့် အပေါ်သို့ တက်လေလေ ရီဖူရှင်းနှင့် ယူချင်းက သူတို့ထံသို့ ကျဆင်းလာသော ဖိအားများကို ခံစားရလေလေ ဖြစ်သည်။ သို့သော်လည်း သူတို့က ထိုဖိအားများကို ဂရုမစိုက်ဘဲ အလွန်မြန်ဆန်စွာဖြင့် လှေကားမှတစ်ဆင့် တက်နေကြသည်။
ထိုအခိုက်တွင် အလွန်အားကောင်းသော မြေဆွဲအားက ဖိအားပေးလာကာ သူတို့၏ ခန္ဓာကိုယ်အား တောင့်တင်းစေခဲ့သည်။ ထိုဖိအားက သူတို့ကို အနည်းငယ် နှေးကွေးစေသော်လည်း ရပ်တန့်စေခြင်းတော့ မရှိခဲ့ပေ။
သူတို့က အပေါ်ကို ဆက်လက်၍ တက်လေလေ ဖိအားက တဖြည်းဖြည်းပိုမို အားကောင်းလာလေ ဖြစ်သည်။
ကြောက်မက်ဖွယ် လေစီးကြောင်း တစ်ခုက လှေကားထံသို့ ရိုက်ခတ်လာ၏။ ပြင်းထန်သော လေလှိုင်း၏ ရိုက်ခတ်မှုကြောင့် သူတို့၏ အဝတ်အစားများမှာ တဖျတ်ဖျတ် လွင့်နေ၏။ လှေကားထစ်၏ အဆုံးတွင်ကား အဝေး၌ ထူးခြားဆန်းပြားသော နန်းတော် တစ်ခုအား မှုန်ဝါးဝါး တွေ့ရပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုနန်းတော်မှ အောက်ကို ကြည့်လျှင် လှေကားထစ် တစ်ခုလုံးအား ကောင်းကောင်း မြင်နိုင်ပေသည်။ နန်းတော်၏ ဘေးတွင်ကား လှပစွာ တန်ဆာဆင်ထားသော နတ်ဘုရား မုဒ်ဝတစ်ခု တည်ရှိ၏။ နန်းတော်၏ ရှေ့တွင် များစွာသော တန်ခိုးရှင်များ စောင့်ကြပ် နေကြသည်။ သူတို့အားလုံးမှာ အရောင်တူချပ်ဝတ တန်ဆာများ ဝတ်ဆင်ထားကြပြီး ထည်ဝါခန့်ညား ကြသည်။
ယခု နန်းတော်ထဲတွင် အေးအေးလူလူ စားသောက်နေကြသော လူနှစ်ယောက် ရှိပေသည်။
“သိပ်မစိုးရိမ်နဲ့ … ချိန်ယွန် … ကောင်းကင်လှေကားကို စောင့်ကြပ်တဲ့ အလုပ်က အေးဆေးပေမဲ့ မင်းက ဒီအခွင့်အရေးကို အသုံးချပြီးတော့ မင်းရဲ့စိတ်ကို ရင့်ကျက်အောင် လေ့ကျင့်နိုင်တယ် … ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင့်ကြံတာက မကောင်းဘူးလား … မင်းက တစ်နှစ်ပဲ အချိန်ရှိတယ် ဆိုပေမဲ့ ငါက ဒီနေရာကို သုံးနှစ် စောင့်ကြပ်ရမှာ …”
သက်လတ်ပိုင်း အရွယ်ခန့်ရှိသော လူကြီးတစ်ယောက်က ရှေ့မှ လူငယ်တစ်ယောက်ကို ဝိုင်ခွက်အား မြှောက်လျက်ပြောသည်။
“ကျုပ်ကို နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့ ဗိုလ်ချုပ်။ ဒီနေရာမှာ ကျုပ်က ရင့်ကျက်အောင် ဘယ်လ လေ့ကျင့်ရမှာလဲ … အရမ်း ပျင်းစရာကောင်းတဲ့ အလုပ်ပဲ …”
လီချိန်ယွန်က မသက်မသာ ခေါင်းရမ်းကာ ပြောသည်။
“ဟားဟား … ပျင်းစရာ ကောင်းတာကပဲ မင်းရဲ့စိတ်ကို ရင့်ကျက်အောင် လေ့ကျင့်ပေးနိုင်တာ …”
လူကြီးက ရယ်မောလိုက်သည်။ သူက ထိုသို့ ပြောလိုက်စဉ်မှာပင် အလင်းတန်း တစ်ခုက ဖျတ်ခနဲ လက်သွားက လူတစ်ယောက်က နန်းတော်၏ အပြင်ဘက်သို့ ကျဆင်းလာပြီး ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်လျှက် တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
“ဟမ် …”
လူကြီးက အဝေးတွင်ရပ်နေသော ထိုလူအား ထူးဆန်းစွာ ကြည့်သည်။ ထိုလူ၏ တန်ခိုးအဆင့်မှာ ရှန့်ထိုဖြစ်၏။ ထိုလူက ပြည်နယ်ကိုးခု၏ မည်သည့်အင်အားစုမှ ဖြစ်သည်ကို သူမသိပေ။
“ဒီနှစ်ထဲမှာ ပြည်နယ်ကိုးခုက အထက်ဘုံသို့ တက်လာတဲ့ လူနည်းနည်း ရှိတယ် …”
လူကြီးက ပြောသည်။
“ဒါပေမဲ့ လွန်ခဲ့သည့် သုံးနှစ်က မင်းသမီး ရှားရှင်းယွန် အောက်ဘုံက လူတွေကိုခေါ်ပြီး စမ်းသပ်မှု ခရီးစဉ်တစ်ခုကို ခေါ်သွားခဲ့တယ် … အဲဒီအချိန်က ပြည်နယ်ကိုးခုက လူတွေ အထက်ဘုံမှာ မင်းသမီးနဲ့အတူ လေ့ကျင့်ခွင့် ရခဲ့ကြတယ် … ဒါနဲ့ မင်းက အင်းအားကောင်းတဲ့ အိမ်တော်တစ်ခုက လာခဲ့တာ မဟုတ်ဘူးလား … ချိန်ယွန် … မင်းကလည်း မင်းသမီးနှင့်အတူ လေ့ကျင့်ခွင့် ရနိုင်တာပဲ … ဒါပေမဲ့ မင်းက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့တော့ လိုတယ် …”
ရှားရှင်းယွန်၏ နာမည်ကို ကြားသောအခါ လီချိန်ယွန်၏ အမူအရာ ပြောင်းလဲသွားသည်။ သူမက ရှားအင်ပါယာ၏ ပြိုင်ဘက်ကင်း မင်းသမီးတစ်ပါး ဖြစ်ကာ တစ်လောကလုံးကို ကိုင်လှုပ်နိုင်စွမ်း ရှိသော အလှတရားအား ပိုင်ဆိုင်သည်။ အင်ပါယာရှား ကိုယ်တိုင်က သူမ၏ ပါရမီမှာ သူ့ထက် မြင့်မားကြောင်း ပြောကြားခဲ့ဖူးပြီး တစ်ချိန်တွင် သူမ၏ အောင်မြင်မှုမှာ အင်ပါယာရှားထက်ပင် ကြီးမားနိုင်ပေသည်။ သူမက မွေးကတည်းက အောင်မြင်ထွန်းကားရန် ကံပါလာသူ ဖြစ်၏။ သူမက နတ်မိမယ် တစ်ပါးနှင့်လည်း တူ၏။ အထက်ဘုံဖြစ်စေ၊ အောက်ဘုံဖြစ်စေ မည်သူက ထိုသို့သော အခွင့်အရေးကို မဆုပ်ကိုင်လိုဘဲ နေမည်နည်း။
သို့သော်လည်း ရှားရှင်းယွန်၏ အာရုံကို ဖမ်းစားနိုင်ရန်ကား မလွယ်ကူပေ။ တစ်စုံတစ်ယောက်က အလွန်အမင်း ပါရမီမြင့်မား နေလျှင်ပင် သူမ၏ အနီးတွင် ထိုလူထက်တော်သော၊ တတ်သောသူများ ပတ်လည်ဝိုင်းနေပေ၏။ သူမက ထိုသူများကိုပင် သိပ်ဂရုစိုက်သည် မဟုတ်ပေ။ သူမ၏ စိတ်နှလုံး တစ်ခုလုံးမှာ ကျင့်ကြံခြင်း အပေါ်၌သာ အာရုံစိုက်ထားပြီး အမြဲတမ်းအားဖြင့် ယောက်ျား အဝတ်အစားများအား ဝတ်ဆင်လေ့ရှိသူ ဖြစ်သည်။ ထို့အပြင် အင်ပါယာရှားက သူမကို အချစ်မြတ်နိုးဆုံး ဖြစ်သည်။ ရှားရှင်းယွန်၏ ချစ်သူ ဖြစ်ရန်မှာ ကြီးမားခမ်းနားသော အရာတစ်ခု ဖြစ်ပေသည်။
“မင်းသမီးက အောက်ဘုံသို့ ဘာလို့ သွားခဲ့လဲဆိုတာကို ဘယ်သူမှ နားမလည်ခဲ့ကြဘူး … ပြည်နယ်ကိုးခုက အရမ်းထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်တစ်လေကို တစ်ခါတစ်ရ မွေးထုတ်နိုင်ပေမဲ့ သူတို့က ဘယ်လိုလုပ် အထက်ဘုံကို ယှဉ်နိုင်မှာလဲ …”
လီချိန်ယွန်၏အသံ၌ အနည်းငယ် ဝင့်ကြွားသော ဟန်ပန်များ ရှိနေပေသည်။
သူ၏ ဘိုးဘေးများက အင်ပါယာရှား၏ နောက်လိုက်များဖြစ်ရာ ပုံမှန်အားဖြင့် မြင့်မားသော အဆင့်အတန်းတစ်ခု ရှိသော သူက ပြည်နယ်ကိုးခုကို အထင်သေးပေသည်။
“ဒီလိုဆိုရင်တောင်မှ တစ်ခါတလေ အံ့အားသင့်ဖွယ်ကောင်းတဲ့ ပါရမီရှင်တွေ အောက်ဘုံက မွေးထုတ်ပေးလေ့ ရှိတယ် … အောက်ဘုံမှာ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့် ဆိုပြီးတော့ ရှိတယ် … အဲဒီအဆင့်မှာ ထိပ်သီးသုံးယောက်က တကယ်ကို ထက်မြက်တဲ့ သူတွေပဲ … ပြီးတော့ တချို့လူတွေက အထက်ဘုံမှာတောင် နာမည်ကျော်ကြားကြတယ်… မင်းက သူတို့တွေကို ကြားကောင်း ကြားဖူးလိမ့်မယ် …”
လူကြီးက ပြောသည်။
“ဒါပေမဲ့ အဆုံးသတ်မှာတော့ အဲဒီလို ပါရမီရှင်ဆိုတာက အရမ်းအရမ်းကို ရှားပါးတာပဲ မဟုတ်ဘူးလား …”
လီချိန်ယွန်က ပြောသည်။
“အောက်ဘုံကနေ ကျူးထန် ဘုရားကျောင်းကို သွားခဲ့တဲ့ တစ်ဖွဲ့ရှိတယ် … သူတို့က အသက်ရှင်မလား … သေမလားဆိုတာ တကယ်မသိဘူး … တကယ်လို့ မင်းသမီးက သူတို့ကို မျှတတဲ့ အခွင့်အရေး ပေးခဲ့ရင် သူတို့က အသက်ရှင်နိုင်လောက်တယ် …”
“ဒါမှန်တယ်…”
လူကြီးက ခေါင်းညိတ်သည်။
“ငါတို့ ဆက်သောက်ရအောင် …”
အဝေးတွင် ကျေးရွာခေါင်းဆောင်၏ မျက်လုံးများက အရောင် လက်သွားသည်။ ဤနေရာမှ လူများပင် ကျူးထန် ဘုရားကျောင်း၌ ဖြစ်ပွားခဲ့သည်များကို သိဟန်ရသည်။
ထိုအခိုက်တွင် နန်းတော်၏ အောက်၌ရှိသော ကောင်းကင်လှေကားမှ ပြင်းထန်စွာ တုန်ခါမှုအား ခံစား လိုက်ကြရသည်။
လူကြီးက အံ့ဩသွားဟန်ဖြင့်ပြောသည်။
“ကောင်းကင်လှေကားမှာ လှုပ်ရှားမှုတွေ ရှိတယ် … ငါတို့သွားကြရအောင်…”
“တစ်ယောက်ယောက်က ကောင်းကင်လှေကားအတိုင်း အထက်ကို တက်လာတာများလား …”
လီချိန်ယွန်၏ မျက်နှာ၌ စိတ်ဝင်စားသော အငွေ့အသက်များ ထင်ဟပ်လာသည်။ သူက သေရည်ခွက်အား ကောက်ကိုင်လိုက်ပြီး နန်းတော်၏ ထောင့်စွန်းသို့ သွားလိုက်သည်။ သူက အောက်ကို ငုံ့ကြည့်လိုက်လျှင် လေလှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်နေသည်ကို မြင်ရ၏။ လူကြီးကလည်း သူ့ဘေးနားသို့ ရောက်လာသည်။ သူတို့၏ မျက်လုံးများက ရုတ်တရက် ထက်ရှသွားကြ၏။ သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများက လှေကားအတိုင်း ဆင်းသွားကာ အာရုံခံကြသည်တွင် လူနှစ်ယောက်က လှေကားထစ်အတိုင်း တစ်လှမ်းပြီး တစ်လှမ်း တက်လာသည်ကို မြင်ကြသည်။
“နောက်ပိုင်းနှစ်တွေမှာ ကောင်းကင်လှေကားကို တက်တဲ့လူတွေက ဒီလောက်အမြင့်အထိ တက်မလာနိုင်ခဲ့တာ တော်တော်ကြာပြီ …”
ဗိုလ်ချုပ်က တီးတိုးပြောသည်။
ထို့အပြင် သည်တစ်ခေါက် လှေကားအပေါ်သို့ တက်လာသူမှာ လူနှစ်ယောက် ဖြစ်သည်။
“ဒီလူတွေက ဒီကိုလာတာ အန္တရာယ်ရှိတယ်ဆိုတာ သိပုံမရဘူး …”
လီချန်ယွန်က သေရည်ခွက်ကို မြှောက်ကာ ပြောသည်။
ထိုအချိန်တွင် ရီဖူရှင်းနှင့် ယူချင်းတို့မှာ ကောင်းကင်လှေကားအတိုင်း တက်ရောက် လာကြပြီး အပေါ်သို့ မော့ကြည့်လျှင် လှေကား၏ အဆုံးကို မြင်ကြသည်။ အဆုံး၌ ထည်ဝါခမ်းနားသော နန်းတော်တစ်ခု တည်ဆောက်ထားသည်။ အနီးတွင် များစွာသော ချပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်သည်များ စောင့်ကြည့်နေကြ၏။ သူတို့၏ ခြေလှမ်းများမှာ အနည်းငယ် လေးလံသည် ဆိုသော်လည်း သူတို့သည် တည်ငြိမ်စွာ အပေါ်သို့ တက်ရောက်လာကြသည်။
“ဘယ်သူ တက်လာတာလဲ …”
အသံတစ်သံက လှေကားထစ်အတိုင်း ဆင်းလာကာ သူတို့၏နားထဲသို့ ဝင်ရောက်လာ၏။
“မြေရိုင်းပြည်နယ်က ရီဖူရှင်း …”
“မြေရိုင်းပြည်နယ်က ယူချင်း …”
ရီဖူရှင်းတို့ကလည်း ပြန်လည်၍ အော်ဟစ်လိုက်ကြသည်။
“မင်းတို့အခု နောက်ပြန်လှည့်သွားရင် ငါတို့ တိုက်ခိုက်မှာ မဟုတ်ဘူး …”
နန်းတော်ထဲမှ အသံတစ်တစ်သံ ထွက်ပေါ်လာသည်။ သို့သော် ရီဖူရှင်းတို့က ရပ်တန့်ခြင်း မရှိဘဲ အပေါ်ကို ဆက်တက်လာကြသည်။
နန်းတော်ထဲတွင် လူကြီးက ထူးမခြားနားစွာ ပြောသည်။
“မိုရှီစည်တော် ဝင်္ကပါကို တည်ဆောက်ကြစမ်း …”
သူက ထိုသို့ ပြောလိုက်စဉ်မှာပင် မိုရှီတန်ခိုးရှင် တစ်ယောက်က နန်းတော်၏ အရှေ့တွင်ရှိသော စည်တော်များထံသို့ လှမ်းသွားလိုက်သည်။ မမြင်ရသော ဖိအားတစ်ခု ရုတ်တရက် ရိုက်ခတ်လာ၏။
“ဘုန်း …”
ပြင်းထန်သော စည်သံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက်တွင် စည်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ ရီဖူရှင်းနှင့် ယူချင်းတို့၏စိတ်နှလုံးများ တုန်ရီလာကြသည်။
အလွန် ပြင်းထန်သော အားလှိုင်းက အောက်သို့ တစ်မုဟုတ်ချင်း ဆင်းသက်လာကြ၏။ စည်တော်များမှာ မဟာလမ်းစဉ် စွမ်းအားကို သယ်ဆောင်လာဟန်ရကာ ရီဖူရှင်းတို့အား ကြီးမားသော ဖိအားကို ပေး၏။
ရီဖူရှင်း၏ခြေလှမ်းများ နှေးကွေးသွားသော်လည်း သူကအပေါ်သို့ ဆက်လက်၍ တက်လာမြဲ ဖြစ်သည်။ ဒုန်းခနဲ မြည်သံနှင့်အတူ ပြင်းထန်သော အားလှိုင်းက အောက်သို့ ဆင်းသက်လာကာ ရီဖူရှင်းတို့အား တိုက်ခိုက်ကြ၏။
“သူတို့က စည်တော်သံတွေကို တောင့်ခံနိုင်မယ်လို့ ထင်လား …”
လီချိန်ယွန်က သေရည်ခွက်ကို အေးအေးလူလူ ကိုင်ကာ ပြောသည်။
“သူတို့တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါက ထူခြားတယ် … သူတို့က စည်သံ ငါးချက်လောက်တော့ ခံနိုင်ရည်ရှိမယ် ထင်တယ် …”
လူကြီးက ပြောသည်။
ဘုန်း …
တတိယမြောက် စည်တော်သံ ထွက်ပေါ်လာကာ ကောင်းကင်ယံကို တုန်ခါသွားစေသည်။ စည်တော်သံ တစ်ချက်စီက ပြင်းထန်သော ဖိအားကိုပေးကာ အပေါ်သို့ ဆက်တက်ရန် ခက်ခဲစေသည်။ ရီဖူရှင်းနှင့် ယူချင်းတို့၏ ခန္ဓာကိုယ်ထံမှ အရိုးအဆစ်များ တဖြောက်ဖြောက်မြည်သံ ကြားလာရကာ သူတို့မှာ အပေါ်ကို ဆက်လက်၍ တက်လာကြသည်။
စည်တော်သံ လေးချက်နှင့် ငါးချက်မြောက်တွင် ဖိအားမှာ အလွန် ရုန့်ရမ်းကြမ်းတမ်း လာခဲ့၏။
ယူချင်း၏ ခန္ဓာကိုယ်မှ မိစ္ဆာ အငွေ့အသက်များပင် ထွက်ပေါ်လာကာ သူ့ကိုယ်ရောင် ကိုယ်ဝါမှာ နက်ရွှေရောင်များ ဖြစ်လာသည်။
ဘုန်း …
နောက်ထပ် စည်တော်သံတစ်ချက် ထွက်ပေါ်လာကာ ရီဖူရှင်းတို့ထံသို့ ရိုက်ခတ် လာပြန်သည်။
“ခြောက်ချက်မြောက် စည်တော်သံ …”
လူကြီး၏မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်လာသည်။
“ဒီနှစ်ယောက်က တော်တော် အားကောင်းတယ် … ကောင်းကင်လှေကားကို ဒီအထိ တက်လာနိုင်တဲ့ သူတွေက ဘယ်အားနည်းပါ့မလဲ … သူတို့က နောက်တစ်ချက် ခံနိုင်မလားဆိုတာ ကြည့်ကြတာပေါ့ …”
လီချိန်ယွန်က ထူးမခြားနားစွာ ပြောသည်။
ဘုန်း … ဘုန်း …
ခြောက်ချက်မြောက်နှင့် ခုနစ်ချက်မြောက် စည်တော်သံများက ရီဖူရှင်းနှင့် ယူချင်းကို ဆက်လက် တိုက်ခိုက်ကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များမှာ အလွန်ပင် သန်မာပြီး သူတို့၏ စိတ်စွမ်းအားများမှာလည်း တုန်လှုပ်ခြင်း ကင်းမဲ့ပေသည်။
ဘုန်း …
ကိုးချက်မြောက် စည်တော်သံ ဆင်းသက်လာသည်တွင် ကောင်းကင်မှာ ရီဖူရှင်းနှင့် ယူချင်းထံသို့ ပြိုဆင်းလာသည်ဟု ထင်ရသည်။
ရီဖူရှင်းက သူ၏ ခန္ဓာကိုယ်သန်မာမှုဖြင့် ထိုတိုက်ခိုက်မှုကို ခံယူပြီး ယူချင်းမူကား ထိုစွမ်းအားများကို သည်အတိုင်းပင် တိုက်ရိုက် စုပ်ယူလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အဆုံးအစမဲ့သော ရွှေရောင်များ ထွက်ပေါ်လာသည်။
“ယား … ”
ယူချင်းက သူ၏ ပါးစပ်ကို ဖွင့်ကာ မာန်သွင်းလျှင် ကြီးမားသော ခြင်္သေ့တစ်ကောင်၏ အသွင်သဏ္ဌာန် တစ်ခုက သူ့ခန္ဓာကိုယ်အား ဖုံးအုပ်သွားကာ မီတာတစ်ရာခန့် မြင့်မားလာစေသည်။
သူ၏ မာန်သွင်းသံတွင် လောကကြီးက တုန်ခါသွားပြီး စည်တော်များမှာ တန်ပြန် သက်ရောက်လာသော ဖိအားများကို ခံစားရ၏။ စည်တော်ကို တီးခတ်နေသော တန်ခိုးရှင်များ၏ မျက်နှာများမှာ ပြာနှမ်း သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ပါးစပ်မှ သွေးများ ထွက်လာကြသည်။ စည်တော်များ၏ ရိုက်ခတ်မှုများမှာ ချက်ချင်း ရပ်တန့်သွားကြ၏။ ထို့အတူ ရွှေရောင်ခြင်္သေ့မှာလည်း လေထုထဲတွင် လွှင့်ပါးပျောက်ကွယ်သွားသည်။ ယူချင်းက ကောင်းကင်ထက်ကို တစ်ချက် မော့ကြည့်ကာ နတ်ဆိုးတစ်ပါးအလား ဆက်လက်၍ တက်လာသည်။
နန်းတော်အထက်တွင် ရှိသော လူကြီးနှင့် လီချိန်ယွန်တို့၏မျက်နှာများ၌ ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ ပုံမှန်အားဖြင့် သူတို့လည်း ထိတ်လန့်မိကြသည်။ ကောင်းကင်လှေကားသို့ တက်လာသော ဖြစ်စဉ်တွင် သူတို့က အမှန်တကယ်ပင် ပြန်လည်၍ တိုက်ခိုက်ခဲ့ကြ၏။
***