နွေဦးပြည်နယ်တွင် ဓားအလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းလာခဲ့ပြီး ရှားကလန်သို့ ဆင်းသက်လာခဲ့၏။
လူတစ်ယောက် လေထဲတွင် ပေါ်လာလျှင် သူက ကျေးရွာခေါင်းဆောင်၊ ရီဖူရှင်းနှင့် ယူချင်းတို့အား ကြည့်သည်။ သူတို့သုံးယောက်က နွေဦးပြည်နယ်ကို ရောက်ဖူးပေသည်။ သူက ရီဖူရှင်းတို့အား မှတ်မိ၏။
“ဘာကိစ္စနဲ့ ရောက်လာတာပါလဲ … သခင်ရီ …”
လေထက်သို့ တက်လာသူက ဦးညွှတ်ကာ မေးသည်။
“ကျုပ်တို့က ရှန့်ထိုရှားကို လာတွေ့တာ …”
ရီဖူရှင်းကလည်း အနည်းငယ် ဦးညွှတ်၍ ပြောသည်။
ရှားကလန်မှလူက ရီဖူရှင်းအား ကြည့်ကာ ပြောသည်။
“ဝင်လာခဲ့ပါ အရှင်ရီ … ကျူပ်က ခင်ဗျားရောက်လာခဲ့တာကို သတင်းပို့ပေး ပြီးပါပြ … ရှန့်ထိုရှားက ခင်ဗျားကို တွေ့မလားဆိုတာကတော့ မသေချာဘူး …”
“ကောင်းပြီ …”
ရီဖူရှင်းက ခေါင်းညိတ်ကာ ရှားကလန်မှ လူနောက်သို့ လိုက်သွားသည်။
သိပ်မကြာခင် ရှန့်ထိုရှားက ရီဖူရှင်းအား တွေ့မည်ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ ထို့နောက် ရီဖူရှင်းအား ရှားကလန်၏ခန်းမအပြင်ဘက်၌ စောင့်နေစေသည်။
“အရှင်ရီ …”
လူအများအပြားက ခန်းမထဲမှ ထွက်လာကြသည်။ သူတို့မှာ ရှားကလန်မှ လူငယ်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့ အားလုံးမှာ အထက်ဘုံ၌ စမ်းသပ် စစ်ဆေးခြင်းသို့ သွားရောက်ကာ ပြန်ရောက်လာသူများ ဖြစ်ကြသည်။
“ခင်ဗျားက စမ်းသပ်မှု ခံယူဖို့ ရောက်လာတာလား …”
လူငယ်က မေးသည်။
“ဟုတ်တယ် …”
ရီဖူရှင်းက ခေါင်းညိတ်သည်။
“မြေရိုင်းပြည်နယ်က လူတွေရဲ့ သတင်းကို မင်းတို့သိလား …”
လူငယ်က အနည်းငယ် ပြုံးလိုက်ကာ ပြောသည်။
“ပထမက ဆရာက ခင်ဗျားကို စမ်းသပ်မှု ခံယူဖို့ အကြံပေးတာကို အဲဒီအချိန်က ခင်ဗျား ငြင်းပယ်ခဲ့တယ် … အခု ခင်ဗျားက ဘာလို့ ထပ်လာပြီး တောင်းဆိုတာလဲ …”
ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သော်လည်း ဘာမှမပြောပေ။ မည်သို့ဆိုစေ သူက တောင်းဆိုရန် ရောက်လာခြင်း မဟုတ်ပါလား။
“မွေးနေ့ပွဲ ကျင်းပပြီးခဲ့တာ သုံးနှစ်ကြာခဲ့ပြီ … ခင်ဗျားရဲ့ တန်ခိုးအဆင့်က တိုးတက် လာခဲ့သလား …”
လူငယ်က ရီဖူရှင်းအား မေးသည်။
ရီဖူရှင်း သူ့အားကြည့်ကာပြောသည်။
“ကျုပ်က အလယ်အလတ်မိုရှီအဆင့်မှာ…”
“အရမ်းကောင်းတယ်… ကျုပ်ကလဲ အဲဒီအဆင့်မှာပဲ… ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျုပ်က ကျင့်ကြံတာမှာ အတော် အားစိုက်ခဲ့တယ်… အခု ကျုပ်ကို နည်းနည်း လမ်းညွှန် ပြသပေးနိုင်မလား…” လူငယ်က ပြုံးလျက် မေးသည်။
ပြီးခဲ့သော သုံးနှစ်အတွင်း သူကရှေးဟောင်း အပျက်အစီး နယ်မြေများ၊ လေ့ကျင့်ရေး နေရာများနှင့် တိုက်ခိုက်ရေး နေရာများသို့ သွားရောက်ကာ လေ့ကျင့်ခဲ့ရာ များစွာ တိုးတက်ခဲ့သည်။ သူက ကောင်းကင်ဘုံမှ ရွေးချယ်ခြင်း ခံရသူ မဖြစ်ခဲ့သော်လည်း ထိုလူများနှင့် ယှဉ်ပါက သိပ်နိမ့်ကျခြင်း မရှိဟု မိမိကိုယ်ကို ယုံကြည်သည်။ ယခု ရီဖူရှင်း ရောက်လာရာ မိမိ၏ စွမ်းရည်ကို စမ်းသပ်ရန် အကောင်းဆုံး အချိန်အခါ ဖြစ်သည်။
“ကျုပ်က ရှားကလန်ကို သင်ပေးဖို့လာခဲ့တာ မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းလျက် ပြောသည်။
“ခင်ဗျားက ကျုပ်ကို အနိုင်ရရင် ကျုပ်သိတာတွေ ခင်ဗျားကို ပြောမယ်…” လူငယ်က ပြုံးလျက် ပြောသည်။
ရီဖူရှင်းက ထိုစကားကို ကြားသည်တွင် နောက်သို့ ရုတ်တရက် လှည့်လိုက်ရာ သူ၏ဆံပင်များ လေထဲတွင် လွင့်သွားသည်။
“မင်း အသင့်ဖြစ်ပြီလား…” သူက ရုတ်တရက် မေးလိုက်၏။
ရှားရန်၏မျက်နှာက ရုတ်တရက် အေးခဲသွားပြီးမှ ချက်ချင်း ပြုံးလိုက်၏။ သူက ရှေ့သို့ တက်သွားလိုက်လျှင် ကြီးမြတ်သော အရောင်အဝါတစ်ခုက သူ့ထံမှ ရိုက်ခတ်လာ၏။ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါမှာ ထိုနေရာ တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။
သူက ရီဖူရှင်းအား ကြည့်ကာပြောသည်။
“ကျုပ်အဆင်သင့်ဖြစ်ပြီ …”
ရှားရန်၏အနီးမှ လူများက ဘေးကို ရှောင်ဖယ်ပေးကာ သူတို့နှစ်ယောက်အတွက် တိုက်ပွဲ နေရာအား ပြင်ဆင်ပေးကြ၏။ ယခု သူတို့က ရှားရန်နှင့် ရီဖူရှင်းတို့ နှစ်ယောက်တွင် မည်သူက ပိုအားကောင်းသည်ကို သိလိုကြသည်။
ဟူး …
လေပြင်းတစ်ချက် ရိုက်ခတ်သွားသည်။ ရီဖူရှင်းက ရှေ့သို့ တက်လာလျှင် မမြင်ရသော လေစီးကြောင်းများက သူခန္ဒာကိုယ်အား ဖုံးအုပ်သွားသည်။ တစ်ချိန်ထဲမှာပင် ရှားရန်၏ကိုယ်ရောင်ကိုယ်ဝါမှာ ပိုမို၍ အားကောင်းလာခဲ့သည်။ သူ့အား နဂါးသဏ္ဌာန် လေစီးကြောင်းများ ရစ်ပတ်ထားဟန် ရ၏။ နဂါးသဏ္ဌာန်က ပြင်းထန်သော အဟုန်ဖြင့် ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သည်။
သို့သော် ရီဖူရှင်းက ရှေ့ကို တက်လာခဲ့သောအခါ ထိုအရာက သူ့အား အနည်းငယ်မျှပင် ဟန့်တားနိုင်ဟန် မရပေ။ ရီဖူရှင်းက ရှေ့သို့ ဆက်လက် လှမ်းလာခဲ့ရင်းက ရုတ်တရက် လျှပ်စီးတန်းအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
“သေစမ်း…”
ရှားရန်က လက်ကို ဝှေ့ယမ်းလိုက်လျှင် အနီးမှ လေစီးကြောင်းက ပြင်းထန် ရုန့်ရမ်းစွာဖြင့် ရီဖူရှင်းထံသို့ နဂါးတစ်ကောင်အလား တိုးဝင်သွားခဲ့သည်။
ထိုစဉ်မှာပင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်များ ဖြာထွက်လာခဲ့ပြီး ဆံပင်ရှည် တလွင့်လွင့်ဖြင့် ရီဖူရှင်းက ရှေ့ကို ပျံသန်းလာခဲ့လျှင် မည်သည့်အရာကမှ သူ့အား တားဆီးနိုင်ခြင်း ရှိဟန်မရပေ။
ရီဖူရှင်းက တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လျှင် ရှားရန်၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
ရီဖူရှင်းက လက်ကိုမြှောက်ကာ သူ့ထံကို ရိုက်လိုက်သည်အား သူမြင်လိုက်၏။ လေဟာနယ်က နှစ်ခြမ်းကွဲသွားသလို သူ၏ကြောက်မက်ဖွယ်ရာ သဘာဝစွမ်းအား များမှာလည်း နှစ်ခြမ်း ကွဲသွားသည်။ လက်ဝါးက တဖြည်းဖြည်း နီးကပ်လာခဲ့ကာ နောက်ဆုံးတွင် ရှားရန်အား ရိုက်မိ သွားခဲ့သည်။ ထိုအခိုက်တွင် အလွန်ပြင်းထန်သော ဆုတ်ဖြဲခြင်း စွမ်းအားတစ်ခုက သူ့အပေါ်ကို ကျဆင်းလာခဲ့သည်ကို ရှားရန်က ခံစားရ၏။
ဘုန်း…
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာကာ ရှားရန်မှာ နောက်သို့ လွင့်စဉ်သွားခဲ့သည်။ သူက မြေပြင်ပေါ်သို့ ကျသွားပြီးမှ သွေးတစ်ပွက် အန်၏။ သူ၏မျက်နှာမှာလည်း ပြာနှမ်းသွား၏။ ထိုမျှလောက်သာ ဒဏ်ရာရခြင်းမှာ ရီဖူရှင်း၏ ငဲ့ညာမူကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူက သည့်ထက် အခြေအနေ ဆိုးနိုင်၏။
“ကျုပ်ကို အနိုင်ပေးတာ ကျေးဇူးတင်ပါတယ် …”
ရီဖူရှင်းက ပြောသည်။ ရှားရန်က ထရပ်၏။ သူ၏မျက်နှာမှာ ပြာနှမ်းနေပြီး သည်မတိုင်မှီက ပြသခဲ့သော သူ၏မာန်မာနများ အားလုံးမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သုံးနှစ်တာ ကာလမျှ အဆက်မပြတ် လေ့ကျင့်မှုတွင် သူက များစွာ တိုးတက်ခဲ့သည်။ သူက အထက်ဘုံသို့ သွားရောက်လေ့ကျင့်ကာ ပြည်နယ်ကိုးခု အပြင်ဘက်၌လည်း အဆင့်မြင့် တန်ခိုးရှင်များ၏ စွမ်းရည်များကို လေ့လာသင်ကြားခွင့် ရခဲ့သည်။ သူက အကောင်းဆုံးအဆင့်တွင် မရှိသော်လည်း ထူးချွန်သူ တစ်ဦးထဲတွင် ပါဝင်၏။ ယနေ့ ပြည်နယ်ကိုးခုသို့ ပြန်ရောက်သောအခါ သူ့အား ယုဉ်နိုင်မည့်သူမှာ အနည်းငယ်သာ ရှိတော့မည်ဟု ရှားရန်က ထင်မှတ်ခဲ့သည်။
ယနေ့ သူက ရီဖူရှင်းနှင့် တွေ့ဆုံခဲ့ရာ သူ၏ သုံးနှစ်တာကာလ ကျင့်ကြံခြင်းအား စမ်းသပ်လိုခဲ့သည်။
သို့သော်လည်း တစ်ကွက်မျှက အဆုံးအဖြတ်ပေးခဲ့၏။
ထို့အပြင် ထိုတစ်ကွက်ကပင် သူ့အတွက် လွန်ကဲ လွန်းနေသည်။
“ရှားရန်…”
ခန်းမထဲမှ အသံတစ်သံ ထွက်လာသည်။ လူတစ်ယောက် ထွက်လာ၏။ သူကား ရှန့်ထိုရှား ဖြစ်သည်။
“သခင်ရီလ ပါရမီရှင်က ပြည်နယ်ကိုးခုမှာ ရှားပါးတယ် … မင်းက သုံးနှစ်တိတိ ကြိုးစား လေ့ကျင့်ခဲ့တယ် ဆိုတာ မှန်တယ် … ဒါပေမဲ့ သူကကော ဒီအတိုင်း ထိုင်နေတယ်လို့ မင်းထင်လား … ”
ရှန့်ထိုရှားက ထူးမခြားနားစွာ ပြောသည်။
ရှားရန်က ဦးညွှတ်ကာ ပြောသည်။
“ကျွန်တော်က တော်တော် မာနထောင်လွှားမိပါတယ် …”
“မင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ကောင်းကောင်း မထိန်းချုပ် မလေ့ကျင့်ဘူးဆိုရင် မင်းက သခင်ရီလို လူမျိုးကို ဘယ်တော့မှ ယုဉ်နိုင်မှာ မဟုတ်ဘူး… ”
ရှန့်ထိုရှားက ပြောသည်။ ရှားရန်က ခေါင်းညိတ်ကာ ဘေးကို ဖယ်ပေးသည်။
ရှန့်ထိုရှားက ရီဖူရှင်းအား ကြည့်သည်။ သူ၏ ဘေးတွင်ကား အထက်ဘုံမှ ပြန်လာကြသော တန်ခိုးရှင်များ ပါလာကြပေသည်။
“ကျွန်တော်က စီနီယာကို လာရောက် တွေ့ဆုံပါတယ် … ”
ရီဖူရှင်းက ဦးညွှတ်သည်။
“သုံးနှစ်လောက် ကြာပြီးနောက် မင်းရဲ့ စွမ်းရည်တွေက ပိုပြီး ထူးခြားကောင်းမွန် လာလေရဲ့ … အခု မင်းသုံးလိုက်တာက လေဟာနယ် ဆုတ်ဖြဲခြင်း … ဟုတ်တယ်မလား … ”
ရှန့်ထိုရှားက မေးသည်။
“ကျွန်တော်က မကြာသေးခင်ကမှ နားလည်သဘောပေါက် ခဲ့တာပါ … ”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။
“မင်းက အထက်ဘုံကို သွားမလေ့ကျင့်ခဲ့တာ မထူးဆန်းတော့ပါဘူး … မင်းက အထက်ဘုံကို မသွားခဲ့ပေမဲ့ မင်းရဲ့ တိုးတက်မှုက အံ့မခန်းပဲ …”
ရှန့်ထိုရှားက ချီးကျူးသည်။
ရီဖူရှင်းကား လေဟာနယ် အေးခဲခြင်းတွင် ထက်မြက်ကာ ယခု သူက လေဟာနယ် ဆုပ်ဖြဲခြင်းအား ထပ်မံ၍ နားလည်ခဲ့၏။ သူ၏လေဟာနယ် လောကဓာတ်မှာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်လာဟန် ရသည်။
“ကျွန်တော်က အထက်ဘုံကို မသွားခဲ့ပေမဲ့ ဒီသုံးနှစ်တာ ကာလကို အလာဟသ မဖြစ်စေခဲ့ပါဘူး … ကျွန်တော်က ပြည်နယ်ကိုးခု ကျောင်းတော်မှာ အချိန်တစ်ခုကြာ လေ့ကျင့်သင်ယူ ခဲ့ပြီးတော့ တိုးတက်မှုအချို့ ရှိခဲ့ပါတယ် …”
ရီဖူရှင်းက ပြောသည်။
“အင်း…”
ရှန့်ထိုရှားက အနည်းငယ် ခေါင်းညိတ်သည်။
“မြေရိုင်းပြည်နယ်က တပည့်တွေ ပြန်မရောက်လာလို့ လာမေးတာ မဟုတ်လား … ”
“မှန်ပါတယ် … ”
ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ကာ ပြောသည်။ သူက အထက်ဘုံကို သွားမည် ဖြစ်သော်လည်း ထိုနေရာ၌ ဘာပြဿနာများ ဖြစ်ပွားနေသည်ကို ကြိုတင် သိနားလည်ရန် လိုပေသည်။
“ရှားနန် … အရှင်ရီကို ပြောလိုက်ပါ …”
ရှန့်ထိုရှားက သူ့ဘေးမှ လူငယ်ကို ပြောသည်။
ရှားနန်ကား ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူ တစ်ဦးဖြစ်ကာ အထက်ဘုံ၌ လေ့ကျင့်ရန် အခွင့်အရေး ရသူလည်း ဖြစ်သည်။
ရှားနန်၏ ဟန်ပန် အမူအရာက ထူခြားကောင်းမွန်ပေသည်။ သူ၏အကြည့်က ရီဖူရှင်းထံ ရောက်လာကာ ပြောသည်။
“ပြည်နယ်ကိုးခုက လူတွေက တမန်တော်နှင့်အတူ စမ်းသပ်စစ်ဆေးမှု နယ်မြေတွေကို သွားခဲ့ကြတယ် … ဒီအထဲမှာ ပြည်နယ်ကိုးခုက အရမ်းဝေးလံတ နေရာတွေတောင်မှ ပါဝင်တယ် … ဒီစမ်းသပ်စစ်ဆေးမှု ခရီးစဉ်တွေမှာ တော်ဝင်ကျဲ နန်းတော်က တပည့်တွေ ကောင်းကောင်းစွမ်းဆောင် နိုင်ခဲ့ကြတယ် … ပြီးတော့ သူတို့က အသင်းအဖွဲ့ တစ်ခုတည်း အနေနဲ့ စုစုစည်းစည်း ရှိပြီးတော့ လူတွေ အများကြီးရဲ့ လေးစားချီးကျူး မှုကိုတောင်မှ ရရှိခဲ့ကြတယ် … ဒါပေမဲ့ သူတို့က အရမ်းခေါင်းမာပြီးတော့ စိတ်ဓာတ် ပြင်းထန်ကြတယ် … အပျက်အစီး နယ်မြေတွေကို ရှာဖွေတဲ့အခါ တော်ဝင်ကျဲနန်းတော်က တပည့်တွေနဲ့ အထက်ဘုံက အင်အားစု အချို့တို့ ပဋိပက္ခ ဖြစ်ပွားခဲ့တယ် … ဒီခရီးမှာ ရီဝူချင်းက တန်ဖိုးရှိတဲ့ အရာတစ်ခုကို ရရှိခဲ့ပြီးတော့ အဲဒါက သူ့ရဲ့ သက်စောင့်ဝိညာဉ်နဲ့ သက်ဆိုင်တယ် … တစ်ဘက်အင်အားစုက ဒါကို လိုချင်တပ်မက် ခဲ့ကြတာ … တစ်ဖက် အင်အားစုတွေကလည်း မောက်မာပြီးတော့ အင်အား ကောင်းကြတယ် … ဒါကြောင့်ပဲ သူတို့နှစ်ဖွဲ့ကြား ပြင်းထန်တဲ့ ရင်ဆိုင်တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့တယ်…”
ရီဖူရှင်းက ကြားဖြတ် မေးမြန်းခြင်း မပြုဘဲ တိတ်ဆိတ်စွာ နားထောင်နေ၏။ သို့သော်လည်း သူက စိုးရိမ်စိတ်များ ဖြစ်ပေါ်နေသည်။
“အဆုံးသတ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျုပ်က သေသေချာချာ မသိဘူး … ဒါပေမဲ့ အကြမ်းဖျင်းတော့ ပြောနိုင်တယ် … ကြည့်ရတာ ရီဝူချင်းရဲ့ သက်စောင့်ဝိညာဉ်က ဖယ်ရှား ခံခဲ့ရပုံပဲ …”
ရှားနန်က ပြောသည်။
ရီဖူရှင်း၏ နှလုံးက ဒိန်းကနဲ ခုန်သွားသည်။ သူ့ခန္ဒာကိုယ်မှ ရုန့်ရမ်းကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုက အတားအဆီးမရှိ ထွက်ပေါ်လာ၏။ သူ၏ လက်ရှိတန်ခိုး အဆင့်ဖြင့် ထိုကဲ့သို့သော တုံ့ပြန်မှုများ ဖြစ်ပေါ်စရာအကြောင်း မရှိပေ။ သို့သော်လည်း လက်ရှိတွင် သူက ဒေါသကို ထိန်းသိမ်းနိုင်ဟန် မတူတော့။
သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ယူချင်းထံမှလည်း ရုန့်ရမ်းကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာသည်။ လူတိုင်းက သူ့ထံမှ ထွက်ပေါ်လာသော လူသတ အငွေ့အသတ်များအား ခံစားမိကြ၏။
ရီဝူချင်း၏ သက်စောင့်ဝိညာဉ် ဖယ်ရှား ခံခဲ့ရပြီလား။
သက်စောင့်ဝိညာဉ်က တန်ခိုးရှင် တစ်ယောက်အတွက် အလွန်အမင်း အရေးပါပေသည်။ ရီဖူရှင်းက ထိုအချက်ကို ကောင်းကောင်းသိ၏။ ရီဝူချင်းက စိတ်ဝိညာဉ်ကို အထူးပြု လေ့ကျင့်ကာ သူ၏ သက်စောင့်ဝိညာဉ် ငွေဓားငယ်မှာ သူ၏ကျင့်ကြံခြင်း၌ အရေးပါသော အခန်းကဏ္ဍ၌ ရှိပေသည်။ အကယ်၍ သူ၏ သက်စောင့်ဝိညာဉ်သာ ဖယ်ရှားခံခဲ့ရပါက အကျိုးဆက်က မည်သို့ ဖြစ်မည်နည်း။
ရှန့်ထိုရှားက ရီဖူရှင်းနှင့် ယူချင်းကို ထူးဆန်းစွာ ကြည့်သည်။ သူတို့က အဘယ်ကြောင့်ထိုမျှ အားကောင်းစွာ တုန့်ပြန်ကြသနည်း။ ယခု သူတို့မှာ ဒေါသကို ထိန်းသိမ်းနိုင်ဟန် မတူကြပေ။
ရှားနန်က အနည်းငယ် အံသြသွားခဲ့သည်။ တော်ဝင်ကျဲ နန်းတော်မှ လူများမှာ အမှန်တကယ် စည်းလုံးကြပေသည်။ စမ်းသပ်မှု ကာလ၌ သူက ထိုလူများထံမှ အကြံဉာဏ် များစွာကို တောင်းခံခဲ့ဖူး၏။ မြေရိုင်းပြည်နယ်မှ လူများထဲတွင် ရီဝူချင်းက သိပ်ထင်ပေါ်ခြင်း မရှိပေ။ သူက အမြဲတမ်း နှိမ့်ချနေထိုင်ကာ စကားလည်း နည်းလှသည်။ ယခုရီဝူချင်းက တစ်ခုခု ဖြစ်သွားခဲ့သည်ဟု ကြားသိရသောအခါ ရီဖူရှင်း၏ တုန့်ပြန်မှုမှာလည်း အလွန်အားကောင်းဟန် ရနေ၏။ ထို့အပြင် ရီဖူရှင်း တစ်ယောက်ထဲသာ မဟုတ်ပေ။ ယူချင်းလည်း ထို့အတူပင် ဖြစ်သည်။
“သူတို့ဘယ်မှာလဲ…”
ရီဖူရှင်း၏ အသံက အနည်းငယ် တုန်နေသည်။
သူက မိမိကိုယ်ကို အပြစ်တင်မိသည်။ မိမိက မူလကတည်းက စမ်းသပ်မှု ခရီးစဉ်သို့ ထိုလူများနှင့်အတူ လိုက်ပါခဲ့သင့်သည်။ ထိုအတွေးမှာလည်း သူ၏ ဒေါသမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ရတနာက ရီဝူချင်း တွေ့ရှိခြင်းဖြစ်ကာ သူ၏ သက်စောင့်ဝိညာဉ်ဖြင့် ပေါင်းစပ်ခဲ့ပြီး ဖြစ်ရမည်။ တစ်ဘက်လူက ထိုရတနာအား တပ်မက်သောကြောင့် ရီဝူချင်း၏သက်စောင့်ဝိညာဉ်အား လုယူသွားခြင်း ဖြစ်ရမည်။ ထိုသို့ တွေးမိလျှင် ရီဖူရှင်းက ပိုမို၍ ဒေါသထွက်လာသည်။
“တော်ဝင်ကျဲ နန်းတော်က လူတွေရဲ့ စွမ်းဆောင်ရည်ကို ပြောရရင်တော့ သူတို့ထဲမှာ အထက်ဘုံမှာ လေ့ကျင့်ဖို့အတွက် အရည်အချင်း ရှိသူတွေ ပါတယ် … ဒါပေမဲ့ သူတို့က တမန်တော်ကို တခြားသော အခွင့်အရေး တွေကိုပဲပေးဖို့ တောင်းဆိုခဲ့ကြတယ် … အဲဒါက ရီဝူချင်းနဲ့ ပတ်သက်လိမ့်မယ်…”
ရှားနန်က ပြောသည်။
“နောက်ဆုံး ကျုပ်တို့ ပြန်ရောက်လာတဲ့အခါ တော်ဝင်ကျဲ နန်းတော်က လူတွေ အထက်ဘုံမှာပဲ ကျန်ရစ်ခဲ့တယ်လို့ ယူဆရတယ် …”
“တိတိကျကျ ပြောရရင် တစ်ဖက် ပဋိပက ဖြစ်ကြတဲ့သူတွေက ဘယ်သူတွေလဲ”
ရီဖူရှင်းက မေးသည်။
“အရှင်ရီ … ရှန့်ထို တန်ခိုးရှင်တွေက အထက်ဘုံကို သွားနိုင်တယ် ဆိုပေမဲ့ ကျုပ်က ခင်ဗျားကို သတိပေးချင်တယ် … တစ်ဖက် အင်အားစုတွေက တော်တော်အင်အား ကောင်းတယ် … အနည်းဆုံး သူတို့က ကျောက်ပြည်ထောင်ထက် အားမနည်းဘူး…”
ရှန့်နန်က ပြောသည်။
သူသတိပေးခြင်းမှာ အကယ်၍ တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထိုနှစ်ပါးက အထက်ဘုံကို သွားသောအခါ တစ်ဖက် အင်အားစုများနှင့် ပြဿနာများ တက်ပါက မြေရိုင်းပြည်နယ်အတွက် မည်သည့် အကျိုးကျေးဇူးမှ ရှိမည်မဟုတ်ပေ။
“ကျေးဇူးပြုလို့ ကျုပ်ကို ပြောပေးပါ …”
ရီဖူရှင်းက မေးသည်။
“တစ်ကယ်လို့ ခင်ဗျားတို့ ရှန့်ထိုတွေက သွားချင်တယ်ဆိုရင် သူတို့က ကျူးထန်နန်းတော်သို့ သွားတွေ့နိုင်တယ် …”
ရှန့်နန်ကပြောသည်။
“ကျေးဇူးတင်ပါတယ် …”
ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ကာ ရှန့်ထိုရှားအား ပြောသည်။
“အခုလို အနှောင့်အယှက် ပေးရတာ အားနာပါတယ် …”
“ပြဿနာမရှိပါဘူး …”
ရှန့်ထိုရှားက ထူးမခြားနားစွာ ပြောသည်။
မွေးနေ့ပွဲတွင် သူက ရီဖူရှင်းအား အနည်းငယ် သဘောမကျ ဖြစ်ခဲ့သော်လည်း ထိုမျှလောက်က ကြီးကျယ်သောကိစ္စ မဟုတ်ပေ။ ရီဖူရှင်းက အနည်းငယ် မာနထောင်လွှားခြင်းသာ ဖြစ်သည်။ တော်ဝင်မြေမှ တပည့်များမှာလည်း ထိုနည်းတူ ဖြစ်သည်။ ထိုမျှလောက်သော အပြုအမူအတွက် သူက စိတ်ထဲထားမည် မဟုတ်ပေ။
ရီဖူရှင်း ထွက်ခွာသွားသောအခါ ရှန့်နန်က ရှန့်ထိုရှားအား ပြောသည်။
“ရီဖူရှင်းက သူ့ရဲ့ ရှန့်ထိုတွေကို အထက်ဘုံသို့ လွှတ်မယ်လို့ ခေါင်းဆောင်ထင်လား …”
ရှန့်ထိုရှားက ရှန့်နန်ကို ကြည့်ကာ ပြုံးလျက် ပြောသည်။
“ဒီတစ်ခေါက် သူတို့လာတာ သုံးယောက်ပဲ ဖြစ်တယ်ဆိုတာ မင်းမြင်လိမ့်မယ် … ရှန့်ထိုတစ်ပါးအပြင် သူနဲ့ယူချင်းပဲ ပါတယ် …”
“ခေါင်းဆောင် … ဘာကို ဆိုလိုတာပါလဲ …”
ရှန့်နန်၏ မျက်နှာတွင် ထူးခြားသော အမူအရာ ဖြစ်လာသည်။ ထိုကိစ္စကား မဖြစ်နိုင်လောက်ပေ။
“ပြည်နယ်ကိုးခုက လူတွေက အထက်ဘုံကို သွားလို့ရတဲ့ လမ်းကို မေ့လျော့နေခဲ့တာ တော်တော် ကြာခဲ့ပြီ …”
ရှန့်ထိုရှားက ရီဖူရှင်း ပျောက်ကွယ်သွားရာ အရပ်သို့ ကြည့်ကာ တီးတိုး ပြောသည်။
“ဒါပေမယ့် အဲဒီလမ်းကို ဘယ်သူက ကြိုးစားရဲကြသလဲ … ကောလာဟလတွေအရ ကောင်းကင်ဘုံသို့ တက်ရာလမ်းက ရှန့်ထိုဖြစ်ဖို့ထက်တောင် ခက်ခဲတယ်လို့ ပြောကြတယ် … ဒီကလေးက ကိုယ့်ကိုယ်ကို နှိမ့်ချတယ်လို့ ထင်ရပေမဲ့ သူဟာ တခြားလူတွေထက် ခေါင်းမာပြီးတော့ မာနကြီးတယ် … ပြည်နယ်ကိုးခုမှာ သူ့လိုလူ နောက်တစ်ယောက် မရှိဘူးလို့ သူက ထင်နေတာ … ပြည်နယ်ကိုးခု စင်မြင့်ထက်မှာ သူပြောခဲ့တဲ့ စကားက ဒါကို ထင်ဟပ်စေတယ် … သူ့ရဲ့ပုံစံအရ ကြည့်ရတာ သူ မကြိုးစားရဲတဲ့အရာ ရှိမှာမဟုတ်ဘူး …”
***