အပိုင်း (၉၀၆)

ဆုံးဖြတ်ချက်

အရာအားလုံး ပျောက်ကွယ် သွားသောအခါ ပင်လယ်လှိုင်းများ ရိုက်ခတ် လာသည်။ သို့သော်လည်း တန်ခိုးရှင်များကား ထိုနေရာတွင်ပင် တောင့်တင်းစွာ ရပ်နေကြ၏။ နန်းတော်က ပျောက်ကွယ်သွားကာ ယခုကား လုံးဝ အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
လှံတစ်ချက်က ရေအောက်နန်းတော် တစ်ခုလုံးအား ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲခဲ့ကာ အရာအားလုံးအား ဖျက်ဆီးခဲ့သည်။ မောက်မာသောပိုင်ရှင်၊ ရက်စက် ကြမ်းကြုတ်သော သူ့စီးတော်သတ္တဝါ … အဆုံးသတ်၌ ကျူးရင်ကား ပင်လယ်ဘုရင်၏ ရက်စက်သော တွက်ချက်မှုအောက်၌ သေဆုံးခဲ့ရ၏။ လှံချက်အား ရီဖူရှင်းက ထုတ်သုံးခဲ့ခြင်း ဖြစ်သော်လည်း အမှန်တကယ်အားဖြင့် ကျူးရင်ကို သတ်သူမှာ ပင်လယ်ဘုရင်သာ ဖြစ်သည်။
ရီဖူရှင်း ပြောခဲ့သလိုပင် အစကနေ အဆုံးအထိ ပင်လယ်ဘုရင်ကား ကျူးရင်ကို အသက်ရှင်သန် လွတ်မြောက်ရန် တစ်ကြိမ် တစ်ခါမှပင် အခွင့်အရေး မပေးခဲ့ပေ။
ရီဖူရှင်းကား အတွေးနက် နေသည်။ ရှန့်ထိုများ … သူတို့၏ တန်ခိုးအဆင့်များက မြင့်မားသော အဆင့်တစ်ခုသို့ ရောက်သောအခါ သူတို့မှာ ပိုမို၍ အေးစက်လာကာ လျစ်လျူရှု တတ်လာဟန် ရသည်။ ရီဖူရှင်းအတွက်မူ ကျူးရင်အား စီးတော်အဖြစ် ရွေးချယ်ခဲ့ပြီးမှတော့ နှစ်ပေါင်းများစွာ အတူတူ လက်တွဲလာခဲ့သော အပေါင်းအဖော် တစ်ယောက်အား ဤသို့သော နည်းလမ်းဖြင့် ချုပ်နှောင်ကာ သတ်ဖြတ်ရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။ သူတို့နှစ်ယောက်က အချိန်နှင့် မျိုးဆက်များ ကွာဟကာ ဖြစ်တည်ခဲ့သော်လည်း ရီဖူရှင်းကား ပင်လယ်ဘုရင်၏ ရက်စက်မှုကို ခံစား၍ ရပေသည်။
ပင်လယ်ရေများက သူတို့၏ ခန္ဓာကိုယ်များကို လာရောက် ရိုက်ခတ်ကြသည်။ ဤတွင် အတွေးနက် နေသူများမှာ ပြန်လည်၍ သတိဝင်လာကြ၏။ အားလုံးက သက်ပြင်းများ ရှိုက်လိုက်ကြသည်။ သူတို့ ကြောက်လန့် တုန်လှုပ်ခဲ့ရသော ရှန့်ထိုသားရဲကား သေဆုံးခဲ့ပြီ ဖြစ်သည်။ အဖြစ်အပျက်က သူတို့အားလုံး မမျှော်လင့်သောပုံစံဖြင့် ရောက်လာခဲ့သည်။ သူတို့အားလုံးမှာ မျှော်လင့်ချက်များ ကုန်ဆုံးကာ သေဆုံးရတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း ရီဖူရှင်းက ဝင်္ကပါကို အသုံးပြုကာ ကျူးရင်အား သတ်ဖြတ်ခဲ့၏။

အဆုံးသတ်ကား အမှန်ပင် ပြဇာတ်ဆန်လွန်းသည်။ သူတို့၏ မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။ ငွေရောင် မျက်နှာဖုံးအုပ်မှ သူ၏မျက်နှာကိုမူကား မည်သူမှ မမြင်ရပေ။ မှန်သည်… လက်ရှိတွင် ရီဖူရှင်း မည်သူဖြစ်သည် ဆိုခြင်းထက် သူ၏လက်ထဲမှ ရတနာလှံကိုသာ ပို၍ စိတ်ဝင်စား ကြပေသည်။ ထိုအရာကား ပြည်နယ်ကိုးခုတွင် အဆင့်၃ရှိသော အချိန်နှင့် လေဟာနယ်လှံ ဖြစ်သည်။
ထို့အပြင် ထိပ်သီး ရတနာသုံးခုမှာ အမှန်တကယ်အားဖြင့် တစ်ခါမှ အချင်းချင်း ရင်ဆိုင်တိုးမိခဲ့ခြင်း မရှိခဲ့ပေ။ ရတနာများ၏ စွမ်းရည်များအား သူတို့ပိုင်ရှင်၏ စွမ်းရည်များ ဖြင့်သာ အကြမ်းဖျင်း သတ်မှတ်ထားရာ အမှန်တကယ် အားဖြင့် အဆင့်၃ ဆိုသည်မှာကား အမြင့်ဆုံးဖြစ်နေပြီး ဖြစ်သည်။

ရီဖူရှင်းက ပင်လယ်ဘုရင် ချန်ထားခဲ့သော လျှို့ဝှက်ချက်အား အဖြေရှာနိင်ခဲ့ရာ ပုံမှန်အားဖြင့် သူ၏ပါရမီမှာ ပြိုင်ဘက်ကင်း ပေသည်။ သို့သော်လည်း သူ၏ တန်ခိုးအဆင့်မှာ မိုရှီအဆင့်မျှသာ ရှိဟန်ရသည်။ ယခု နန်းတော်က ပျက်စီးသွားရာ မည်သည့် ဝင်္ကပါမှလည်း မကျန်တော့ပေ။ ထို့ကြောင့် တော်ဝင်မြေများမှာ ခေါင်းထဲသို့ အတွေးတချို့ ဝင်လာကြသည်။

ကျူးရင်က သူတို့ထဲမှ လူအများအပြားကို သတ်ဖြတ်ခဲ့သော်လည်း သူတို့တွင် ရှီတန်ခိုးရှင်များစွာ ကျန်ရှိပေသေးသည်။ မိုရှီအဆင့် တန်ခိုးရှင်များပင် များစွာ ကျန်ပေသေး၏။ တစ်ဖက်လူတွင် အချိန်နှင့် လေဟာနယ်လှံ ရှိသည့်တိုင် သူတို့အတွက် ပြန်လည် လုယက်ရန် လွယ်ကူပေသည်။

သူတို့က ရီဖူရှင်း မည်သူ ဖြစ်သည်ကို သိပ်အရေး မစိုက်ပေ။ မည်သို့ဆိုစေ သည်နေရာကား အဆုံးမဲ့ ပင်လယ်ဖြစ်ပြီး တော်ဝင်မြေ သုံးခုလုံးလည်း လက်ရှိတွင် ရောက်နေကြသည်။ ရှန့်ထိုတစ်ပါး မဟုတ်လျှင် ထိုလူမှာ မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။

“အရှင်က မိစ္ဆာသားရဲကို သတ်ခဲ့ပြီး ထူးခြား ကောင်းမွန်တဲ့ပါရမီ ရှိတယ်… ပင်လယ် နန်းတော်ကို ကျင့်ကြံဖို့ ဝင်ချင်ပါသလား…” ထိုအခိုက်တွက် ပင်လယ်နန်းတော်မှ လင်းယွီက ရီဖူရှင်းအား ဖိတ်ခေါ်သည်။ ပန်ခွန်နှင့် နန်းတော်မှ ထိပ်သီး တန်ခိုးရှင်များမှာ သေဆုံးသွားကြပြီး ဖြစ်သည်။ ကျန်ရစ်သူများထဲတွင် သူတစ်ကား ရှန့်ထို၏ တပည့်ဖြစ်ကာ အဆင့်အတန်း အမြင့်ဆုံးဖြစ်၏။ အကယ်၍ သူက ရတနာလှံအား ရယူကာ သူ့ဆရာထံကို ဆက်သနိုင်ပါက ပင်လယ်နန်းတော်တွင် သူ၏နေရာမှာ အလွန်ခိုင်မာကာ အနာဂတ်မှာလည်း ပိုမိုကောင်းမွန် လာပေလိမ့်မည်။

ရီဖူရှင်းက လင်းယွီအား လှမ်းကြည့်သည်။ တခြား တော်ဝင်မြေမှ တန်ခိုးရှင်များကလည်း မဲ့ပြုံး ပြုံးလိုက်ကြသည်။

ရီဖူရှင်းအား ပင်လယ်နန်းတော်၌ လေ့ကျင့်ရန် ဖိတ်ခေါ်သည်။ ရည်ရွယ်ချက်မှာ ရီဖူရှင်း ဟုတ်ဟန်မရပေ။

ရီဖူရှင်းကလည်း ကောင်းကောင်း နားလည်ပေသည်။ သူက အေးစက်စွာ ပြန်ပြောသည်… “မလိုဘူး…”

လျူယွီက စိတ်ဆိုးဟန် မရပေ။ သူက ပြုံးလျက် ဆက်ပြောသည်… “စိတ်မကောင်းစရာပဲ … ပင်လယ်နန်းတော်က ပင်လယ်ဘုရင်ရဲ့ မျိုးဆက်တွေ တည်ထောင်ခဲ့တာပဲ … အခု ရတနာလှံက ပြန်ပေါ်လာခဲ့ပြီ … မူလပိုင်ရှင်ဆီကို ပြန်မပေးသင့်ဘူးလား… ပင်လယ်ဘုရင်က ခင်ဗျားကို သေချာပေါက် ဆုလာဘ်တွေ ချီးမြှင့်လိမ့်မယ်…”

ရီဖူရှင်းက နှာခေါင်း ရှုံ့လိုက်သည်။

“မင်းက ပင်လယ်ဘုရင်ရဲ့ မျိုးဆက် ဖြစ်တယ် ဆိုတာကို ကျူးရင်နဲ့တုန်းက ဘာလို့ မပြောခဲ့တာလဲ…”

ရီဖူရှင်းက လင်းယွီအား အေးစက်စွာ ပြောသည်။

“မှန်တယ်… ပင်လယ်ဘုရင်က အဆုံးမဲ့ပင်လယ်ရဲ့ ဘုရင်ပဲ… ရတနာလှံက ပင်လယ်နန်းတော် တစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူး… တော်ဝင်မြေ သုံးခုလုံးက ပိုင်ဆိုင်ဖို့ အခွင့်အရေး ရှိတယ်…”

မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင် တစ်ယောက်က လင်းယွီကဲ့သို့ အတွေးရှိဟန်ဖြင့် ပြောသည်။

ရတနာလှံကား မိုရှီ အဆင့် တန်ခိုးရှင် တစ်ယောက်၏လက်ထဲ၌ ရှိနေသည်။ ထို့အပြင် သူကား တစ်ယောက်တည်း ဖြစ်သည်။ သူတို့က မည်သို့ တခြားသော စိတ်ကူးများမရှိဘဲ နေမည်နည်း။

“အရှင်… ခင်ဗျားက ရတနာလှံကို ကျုပ်တို့ကို ပေးတာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်…”

နတ်ဘုရား ကမ်းပါးမှ လူများကလည်း ရီဖူရှင်းအား ပြောကြသည်။ သူတို့က ဖြည်းဖြည်းချင်း ရွေ့လျားလာကြကာ ရီဖူရှင်းအား ဝန်းရံလိုက်ကြ၏။

“သေချာတယ် … ခင်ဗျားက ကျူးရင်ကို နဂိုတည်းက သတ်နိုင်စွမ်း ရှိခဲ့တယ် … ဒါပေမဲ့ ကျူးရင်က တော်ဝင်မြေက လူတွေ အများအပြားကို သတ်ပြီးတဲ့အထိ စောင့်ခဲ့တယ် … ခင်ဗျားက ရတနာလှံကို ပေးရင် ဒီအချက်ကို ကျုပ်က လျစ်လျူရှု ပေးလို့ရတယ်…” လင်းယွီ၏လေသံက အေးစက်လာသည်။

လျူယွီက ထိုလူများ၏ စကားများကို ကြားသောအခါ အလွန်အမင်း စိတ်ပျက်မှုကို ခံစားရသည်။ တော်ဝင်မြေများက ဤသို့လား…။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းသနည်း။

“ဒီလို အခြေအနေမှာ သူက ဦးဆုံးရှေ့ကို ထွက်လာပြီး ပြောရင် သူလည်း သေတာကြာပြီ… ဘယ်သူက ကျူးရင်ကို တိုက်ခိုက်ရဲလဲ … ပြီးတော့ သူက အားလုံးရဲ့ အသက်ကို ကယ်တင်ခဲ့တာပဲ မလား… ဒါတောင် ရှင်တို့က ကျေးဇူးမတင်ဘူး… ပြီးတော့ ရတနာလှံက စွမ်းရည် အမြင့်ဆုံးလူပဲ ရသင့်တာ မဟုတ်ဘူးလား… ရီဟွန်က ကျူးရင်ကို သတ်ပြီး အားလုံးကို ကယ်တင်ခဲ့တယ်… ရတနာလှံက သူနဲ့ပဲ သက်ဆိုင်သင့်တာ မဟုတ်ဘူးလား … အခု လှံက တော်ဝင်မြေ သုံးခုနဲ့ သက်ဆိုင်တယ်လို့ ရှင်ပြောတယ် … ဒါက အဓိပ္ပာယ် မရှိတာပဲ…”

သူမက ရီဖူရှင်း မည်သူ ဖြစ်သည်ကို ခန့်မှန်းမိသော်လည်း ယခု အဆုံးမဲ့ ပင်လယ်၌ ရီဖူရှင်းကား တစ်ယောက်တည်း ဖြစ်သည်။ အကယ်၍ တော်ဝင်မြေသုံးခုက ရီဖူရှင်းအား ဝိုင်းဝန်း တိုက်ခိုက်လျှင် ရီဖူရှင်းအတွက် လွယ်ကူမည် မဟုတ်ပေ။

သည်လူများကား မကြာခင်ကမှ သေခြင်းတရားနှင့် ကြုံတွေ့ ခဲ့ကြရသည်။ ယခု ကျူးရင် သေဆုံးသွားပြီ ဖြစ်ကာ သူတို့အားလုံး ရီဖူရှင်းအပေါ် အသက်ကြွေးများ တင်ခဲ့ကြသည်။ မျက်လုံး တစ်မှိတ် အတွင်းသည် ထိုလူများမှာ ကျေးဇူးကန်းကြ၏။

ရီဖူရှင်း၏ အမြင်တွင်ကား သည်လူများ ကျေးဇူး သိတတ်မည်ကို တစ်ခါမှ မမျှော်လင့်ခဲ့ပေ။ သူကား ထိုလူများ၏ အသက်ကို ကယ်တင်ရန်ထက် မိမိကိုယ်တိုင်၏ အသက်ကို ကယ်တင်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။

လူသားတို့ သဘာဝကား အမှန်ပင် ရှုပ်ထွေးပွေလီလွန်း ပေသည်။ မကြာသေးခင်က သူတို့အသေအလဲ ကြောက်ရွံ့ ခဲ့ကြရသော သူမှာ သေဆုံး သွားခဲ့သည်။ ချက်ချင်းပင် သူတို့က ရီဖူရှင်း၏ လက်ထဲမှ ရတနာလှံကို လောဘတက် လာခဲ့ကြ၏။

လူသားတို့ သဘာဝက ရှုပ်ထွေးသည် ဆိုခြင်းမှာ ဉာဏ်ရည် ထက်မြက်ခြင်းနှင့် လိမ်လည် လှည့်စားခြင်းများအား ရှင်းလင်းစွာ မြင်တတ်ခြင်းများ ဖြစ်သည်။ မိမိ အလေးနိမ့်မှုကို ရှောင်လွှဲရန် အခွင့်အလမ်း ကောင်းကို ဆုပ်ကိုင်ရန် ကြိုးစား အားထုတ်ခြင်းက လူသားတို့ သဘာဝ မဟုတ်ပါလား။ ပုံမှန်အားဖြင့် သူကလည်း ထိုသို့ ဖြစ်သည့်တိုင် သူ့တွင် ကိုယ်ပိုင် ကိုယ်ကျင့်သိက္ခာ ရှိပေသေးသည်။

“အတင့်ရဲတယ်… သူမကို ဖမ်းစမ်း…”

အေးစက်သော အသံတစ်သံကို ကြားကြရကာ များစွာသော တန်ခိုးရှင်များက လျူယွီဘေးသို့ ရောက်လာပြီး ကြီးမားသော ဖိအားတစ်ခုက သူမအား လှုပ်ရှားနိုင်စွမ်း မဲ့စေသည်။ လျူယွီ၏ မျက်နှာက ပြာနှမ်း သွားသည်။ သူမကို လာဖမ်းသူများမှာ သူမ၏ မိသားစုဝင်များ ဖြစ်ကြပြီး အမိန့်ပေး စေခိုင်းသူမှာ လျူရှီဖြစ်သည်။

လျူရှီကား ဉာဏ်ကောင်းသူ ဖြစ်သည်။ လက်ရှိအချိန်တွင် အကောင်းဆုံးသော ဆုံးဖြတ်ချက်အား မည်သို့ ချရမည်ကို သိပေသည်။ ထို့အပြင် သူကား ရီဖူရှင်း၏ အပြုအမူများကို မနှစ်သက်ခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်၏။

“ရှင် ဘာလုပ်တာလဲ…”

လျူယွီက လျူရှီအား အေးစက်စွာ မေးသည်။

“လျူယွီ… မင်းက မိသားစု ထိခိုက်အောင် ပြင်ပကလူတွေနဲ့ ပူးပေါင်းတယ်… မင်းရဲ့ ရည်ရွယ်ချက်က သံသယဖြစ်စရာပဲ … အခု မင်းက တော်ဝင်မြေကို မေးခွန်း ထုတ်ရဲတယ်… မင်းရဲ့နေရာကို သိလား…”

လျူရှီက အေးစက်စွာ ပြောသည်… “ရတနာလှံကို တော်ဝင်မြေတွေကို ပေးရင် ကျုပ်က ဘာမှ မသိသလို ဟန်ဆောင် ပေးမယ်… လျူယွီလည်း ဘေးကင်း လိမ့်မယ်…”

ရီဖူရှင်း၏ မျက်တောင်များ ကွေးကောက် သွားသည်။ လျူရှီကား သူ၏ မိသားစုဝင်ကိုပင် ဖမ်းဆီးကာ သူ့အား ခြိမ်းခြောက်နေသည်။

“သူမကို လွှတ်လိုက်…”

လျူစီရွှမ်က လျူယွီအနီးမှ လူများကို ပြောသည်။

“သခင်မလေး…”

လျူယွီကို ဖမ်းထားသော လူများမှာ မည်သို့ လုပ်ရမည် မသိတော့ပေ။ လျူရှီနှင့် လျူစီရွှမ်တို့ နှစ်ယောက်လုံးမှာ မိသားစု၏ အရေးပါသော နေရာ၌ ရှိကာ မည်သူ့ကိုမှ လွန်ဆန်၍ မရသော အနေအထား ဖြစ်သည်။

လျူရှီက ထိုလူများအား ပြောသည်… “ကျုပ်အမိန့်ကိုပဲ လိုက်နာပါ…”

“မိသားစု အကျိုးအတွက်ဆို ရှင်ကိုယ်တိုင် သွားယူ…” လျူစီရွှမ်က လျူရှီအား အေးစက်စွာ ပြောသည်။

“စီရွှမ် … မင်းက ပါရမီပါတယ် ဆိုပေမဲ့ မင်းက အရမ်း စိတ်ပျော့တယ် … ဘယ်လို အောင်မြင်မှာလဲ…” လျူရှီက ပြောသည်။

လျူစီရွှမ် ဤသို့ ဆန့်ကျင်ဘက် တုံ့ပြန်သည်ကို သူကား အလွန် ကျေနပ်သည်။ သူနှင့် လျူစီရွှမ်တို့က ပင်လယ် နန်းတော်ကို အတူတူ ဝင်ခဲ့သော်လည်း သူ၏ပါရမီက သူမထက် နိမ့်ပေသည်။ လင်းယွီ၏ အပြုအမူများအရ သူက လျူစီရွှမ်ကို ပိုသဘောကျ နေသည်မှာ ထင်ရှားသည်။ ယခု သူ၏ အခွင့်အရေး ရောက်လာပေပြီ။

“မင်း … ဆုံးဖြတ်ချက် ချပြီးပြီလား…” လျူရှီက ရီဖူရှင်းအား ကြည့်ကာ အလွန်ရန်လိုစွာ ပြောသည်။

မျက်နှာဖုံး အောက်မှ ရီဖူရှင်း၏ မျက်လုံးများက တည်ငြိမ် နေသည်။ သူက ဘာမှ မပြောခဲ့သည်မှာ တွေးတော နေခြင်းကြောင့် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် နောက်ပိုင်း သူ့အပေါ် ထိခိုက်ခြင်း မရှိအောင် မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေခြင်း ဖြစ်သည်။

“ကျုပ်က မပေးရင် မင်းတို့က ဘာလုပ်မှာလဲ…”

ရီဖူရှင်းက တော်ဝင်မြေသုံးခုမှ လူများအား မေးသည်။

“ခင်ဗျားမှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်လို ထင်လား…”

မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များက ရီဖူရှင်းအား ဝန်းရံထားလျက်က ပြောကြသည်။ သူတို့၏ အေးစက် အားကောင်းသော အငွေ့အသက်များက လေထုထဲကို လွှမ်းခြုံလာသည်။

“မင်းမှာ ပါရမီရှိတယ် … ကိုယ့်အသက်ကို တန်ဖိုး ထားသင့်တယ်…”

နတ်ဘုရားကမ်းပါးမှ လူများကလည်း ဝင်ပြောကြသည်။

“ကျုပ် ကတိက အခုလက်ခံရင် ရသေးတယ် … တကယ်လို့ ရတနာလှံကို ပေးရင် မင်းကို ပင်လယ် နန်းတော် သခင်ဆီမှာ မိတ်ဆက်ပေးပြီး ကျုပ်တပည့်အဖြစ် လက်ခံပေးလို့ရတယ်…”

လင်းယွီက ရီဖူရှင်းအား အခွင့်အလမ်းလည်း ပေးသလို ခြိမ်းခြောက်မှုလည်း လုပ်သည်။
လက်ရှိအခြေအနေကား ရီဖူရှင်း၏လက်ထဲမှ ရတနာကို ရယူရန်သာမက တော်ဝင်မြေသုံးခု အကြားမှ ရင်ဆိုင် အားပြိုင်မှုလည်း ဖြစ်သည်။ ရတနာကား တစ်ခုတည်းသာ ရှိသည်။

“မင်းက ငါ့ကို တပည့်အနေနဲ့ လက်ခံမယ် ဟုတ်လား…”

ရီဖူရှင်းက လင်းယွီကို မေးသည်။

“ဟုတ်တယ်… ငါ့တပည့် အနေနဲ့ပဲ…”

လင်းယွီက လေးနက်စွာ ပြောသည်။

“ပင်လယ်နန်းတော် သခင်ကိုယ်တိုင် ငါ့ရှေ့မှာ ရပ်နေရင်တောင်မှာ သူက ငါ့ကို ဒီလိုပြောဖို့ မထိုက်တန်ဘူး…”

ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်တွင် လင်းယွီ မျက်မှောင်ကြုတ် လိုက်သည်။

“အတင့်ရဲတယ်…”

လင်းယွီက အေးစက်စွာ ပြောသည်။

“ဒီကိစ္စကို ဖြေရှင်းဖို့ ကျုပ် တော်တော် တွေဝေခဲ့တယ်…”

ရီဖူရှင်းက လင်းယွီကို ကြည့်ကာ ဆက်ပြောသည်… “အခု မင်းက ငါ့ကို အဖြေပေးလိုက်ပြီပဲ…”
တော်ဝင်မြေ သုံးခုမှလူများ မျက်မှောင်ကြုတ် လိုက်ကြသည်။ ရီဖူရှင်း၏လေသံက ခုနကနှင့် အလွန် ကွဲပြားခြားနား နေသည်။

“ငါ ဘယ်သူလဲ ဆိုတာ မင်း မေးခဲ့တယ်မလား..”

ရီဖူရှင်းက လင်းယွီကို ကြည့်ကာ သူ၏ မျက်နှာဖုံးအား ဖြည်းညင်းစွာ ချွတ်လိုက်သည်။
ယခုတွင် တော်ဝင်မြေသုံးခုမှ လူများအားလုံး စိတ်လှုပ်ရှား သွားကြသည်။ သည်လူတွင် ထူးခြားသော ဂုဏ်ထူးဝိသေသအား ပိုင်ဆိုင်သည်များလား။ သူတို့၏ မျက်လုံးများ အားလုံးက ရီဖူရှင်းထံကို ရောက်နေကြသည်။ မျက်နှာဖုံး ကွယ်ပျောက်သွားလျှင် ချောမောသော မျက်နှာတစ်ခု ပေါ်လာသည်။

“ငါ့ကို သိလား…”

ရီဖူရှင်းက အေးစက်စွာ ပြောသည်။ လူအများအပြားက အချင်းချင်း တိတ်ဆိတ်စွာ ကြည့်ကြသည်။ မည်သူမှ ရီဖူရှင်းအား မမြင်ဖူးကြပေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ထိုအခိုက် အလွန် ထိတ်လန့်တကြား အသံတစ်သံ ထွက်ပေါ်လာသည်။ သူကား ပင်လယ် နန်းတော်မှ တန်ခိုးရှင်တစ်ပါး ဖြစ်ကာ သူ၏မျက်နှာက သွေးဆုတ် နေသည်။  သည်လူကား ပြည်နယ်ကိုးခုတွင် လျှမ်းလျှမ်းတောက် ကျော်ကြား၏။ ယခု သူက မျက်နှာဖုံးကို ချွတ်ပြခဲ့သည် ဆိုပါက အခြေအနေ မည်သို့ ဖြစ်လာမည်နည်း။

“သူက ဘယ်သူလဲ…”

လင်းယွီက ထိုလူအား ကြည့်ကာ မေးသည်။ သူ၏အသံကလည်း အနည်းငယ် စိုးရိမ်မှုများ ပါနေ၏။

လျူရှီကလည်း ထိုလူအား ကြည့်သည်။ ထိုတန်ခိုးရှင်က လင်းယွီအား ပြာနှမ်းသော မျက်နှာဖြင့် ပြောသည်… “မြေရိုင်းပြည်နယ်… တော်ဝင်ကျဲ နန်းတော်… ရီဖူရှင်း…” လင်းယွီ၏ စိတ်နှလုံး တုန်ယင် သွားသည်။ တော်ဝင်ကျဲ နန်းတော်မှ ပြည်နယ်ကိုးခု တိုင်အောင် လျှမ်းလျှမ်းတောက် ကျော်ကြားသူ၊ လက်ရှိမျိုးဆက်၏ သင်္ကေတတစ်ခု ဖြစ်သူ ရီဖူရှင်းက သူ့ရှေ့တွင် ရပ်နေသည်။ သူကိုယ်တိုင်က ရီဖူရှင်း၏နာမည်၌ အစားထိုးမည်ဟု ကြိမ်ဖန်များစွာ စိတ်ကူးယဉ်ခဲ့ ဖူးသော်လည်း အမှန်တကယ် ရီဖူရှင်းက သူ့ရှေ့တွင် ရပ်နေသောအခါ တောင်တစ်လုံးတမျှ ကြီးမားသော ဖိအားကို ခံစားရပြီး အသက်ပင် ရှူရန် ခက်ခဲလာခဲ့သည်။

ရီဖူရှင်း ပြောခဲ့သလိုပင် ပင်လယ်နန်းတော် သခင် ကိုယ်တိုင်ပင် ရီဖူရှင်းအား တပည့်အဖြစ် လက်ခံရန် မထိုက်တန်ပေ။ ထို့အတူ လျူစီရွှမ်၏ နှလုံးမှာလည်း မြန်ဆန်စွာ ခုန်နေသည်။ ရီဖူရှင်းဟူသော နာမည်က ထူးဆန်းသော်လည်း အလွန် ရင်းနှီးနေသည်။ ဤသို့သော ပုံစံမျိုးဖြင့် သူက သူမ၏ရှေ့၌ ပေါ်လာသည်။

“ခင်ဗျားက ရီဖူရှင်း ဖြစ်ရင်တောင်မှ ကျုပ်ခြံထဲက ကြက်ပဲ … ခင်ဗျားက အဆုံမဲ့ပင်လယ်ထဲမှာ ရောက်နေတယ် … ခင်ဗျား ဘာတတ်နိုင်မလဲ…” လင်းယွီက အနည်းငယ် အရှက်ရ သွားဟန်ဖြင့် ပြောသည်။ သူကား ရီဖူရှင်း၏ နာမည်ကြောင့် ကြောက်ရွံ့ခဲ့သည်။

“ဒီလိုဆိုရင်လည်း…” ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံကို ကိုင်စွဲကာ ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်း တိုးသွားသည်တွင် လင်းယွီကလည်း နောက်ကို တစ်လှမ်းပြီးတစ်လှမ်း ဆုတ်သည်။

ဟူး…  ရီဖူရှင်း၏ ပုံရိပ်ပျောက်ကွယ် သွားသည်။ လင်းယွီကလည်း နောက်သို့ မြန်ဆန်စွာ ဆုတ်ကာ အမိန့်ပေးသည်… “သူ့ကိုတား…”

လင်းယွီကား မြန်ဆန်စွာပင် အဝေးသို့ ဆုတ်သွားသည်။ သူကား အဆင်ပြေသည်။ သို့သော် တခြား တစ်နေရာတွင် လျူယွီ၏ မျက်လုံးများကား ပြူးကျယ် နေသည်။ သူက တုန်ယင်စွာဖြင့် လည်ပင်းအား ဆုပ်ကိုင်သည်။ သို့သော်လည်း လက်ဖြင့် အုပ်မိုး ထားရင်းဖြင့်ပင် လည်ပင်းမှ သွေးများ အဆက်မပြတ် ယိုစီးကျလာ ကြတော့သည်။

ယခုကား လျူရှီ၏နှလုံးထဲ၌ မဆုံးနိုင်သော နောင်တ တရားများ ဖြစ်ပေါ်နေသည်။ ဘဝ အနိမ့်အမြင့် အတက်အကျ အားများ သူကား ခဏအတွင်း ကြုံတွေ့ခဲ့ရသည်။ သူကား တော်ဝင်မြေသို့ ဝင်ခဲ့သည်မှာ မကြာသေးသလို သူ၏ အနာဂတ်မှာလည်း သာယာ လှပနေသည်။ သူက ကျူးရင်၏လက်မှ လွတ်မြောက် ခဲ့သော်လည်း ယခု လည်ပင်းအား လှံရှည်၏ ဖြတ်တောက်ခြင်း ခံရ၏။
လျူရှီက သူ့အား ဖြတ်ကျော် သွားသော လူအား ကြည့်သော်လည်း ရီဖူရှင်း သူ့အား လှည့်ကြည့်ခြင်းပင် မရှိသည်ကို သိလိုက်သည်။ မဆုံးနိုင်သော ဝမ်းနည်းခြင်းများဖြင့် သူကား မျက်လုံးကို မှိတ်လိုက်သည်။
ဂုဏ်ယူစရာပါရမီရှင်…။ သူကား မိမိကို သတ်ဖြတ်သူကပင် ပြန်ကြည့်ခြင်း မခံခဲ့ရပေ။ သည့်ထက် ဝမ်းနည်းစရာ မရှိတော့။

***


Comment

Leave a Reply


Options

not work with dark mode
Reset