အပိုင်း (၉၀၄)

ပြည်နယ်ကိုးခုမှာ ကျုပ်ပဲ ပြိုင်ဘက်ကင်းတယ်...

လူအုပ်က ရှေ့ကို တောင့်တင်းစွာ လျှောက်သွားကြသည်။ သူတို့က ကျူးရင်၏ဘေးမှ ဖြတ်လျှောက် သွားသောအခါ သူတို့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရ၏။ သူကား သားရဲသတ္တဝါ ဖြစ်သည်။ ကျူးရင်မှ စာပေသမားအဖြစ် ဖန်ဆင်ထားသော သူက ဘေးမှရပ်ကာ သူတို့အား ပြုံးလျက် ကြည့်နေသည်။ သူ၏လက်ရှိ ပုံစံဖြင့် ထိုမျှ ကြမ်းကြုတ် ရက်စက်သော သဘောသဘာဝ ရှိမည်ဟု မည်သူ တွေးထင်မိမည်နည်း။

ရီဖူရှင်းနှင့် လျူယွီတို့ သူ့ဘေးကို လျှောက်လာခဲ့ကြသည်။ ကျူးရင်က ရယ်မောကာ ပြောသည်ကို သူတို့ကြားကြရသည်။

“မင်းတို့ ဉာဏ်ကောင်းသွားတယ်… တကယ်လို့ မင်းတို့က ဒီအတိုင်း လွှတ်ပေးဖို့ တောင်းပန်ရင် သေချာပေါက် အသေဆိုးနဲ့ သေကြေကြရမှာပဲ… ဒါပေမဲ့ မင်းတို့က မင်းတို့ကိုယ်တိုင် လွတ်မြောက်ဖို့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြံကို ပေးခဲ့ကြတယ် … ဒါပေမဲ့ မင်းတို့ တန်ခိုးအဆင့်နဲ့ အဆုံးသတ်အထိ အသက်ရှင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး…”

သည်လူများက ရတနာလှံကို ရနိုင်မည်ဟု သူမယုံကြည်သည်မှာ ထင်ရှားပေသည်။ သူကား ပင်လယ်ဘုရင်၏ နောက်ကို နှစ်ပေါင်းများစွာ လိုက်လာခဲ့သူဖြစ်ရာ ပင်လယ်ဘုရင်၏ မောက်မာမှုကို နားလည်၏။ သူ၏ ဆရာသခင်ကား အလွန်အမင်း ဘဝင်မြင့်သူ ဖြစ်သည်။ သူက သူ့ရတနာအား တစ်စုံတစ်ယောက်ကို ဆက်ခံစေလိုပါက ဤသို့သော နည်းလမ်းကို သုံးမည်မဟုတ်ပေ။ သူကား သည်အရာများ အားလုံးကို လုပ်ခဲ့ခြင်းမှာ အဆုံးမဲ့ ပင်လယ်မှလူများ သူ့နာမည်ကို ထာဝရ မှတ်မိစေလိုသော ရည်ရွယ်ချက် တစ်ခုတည်းကြောင့်သာ ဖြစ်သည်။ သူကား တခြားလူများကို သူ၏ကြီးမြတ်မှု၊ အောင်မြင်မှုများအား မှတ်မိစေလိုသည်။

သေဆုံးသွားသည့်တိုင် သူကား အဆုံးမဲ့ ပင်လယ်၌ သူ၏နာမည် ထာဝရ ရှင်သန်စေလို၏။

ထို့ကြောင့်ပင် ယခု သည်လူများမှာ အဆုံးစွန်အထိ အသက်ရှင်ရန် ရုန်းကန် တိုက်ခိုက်ခြင်းများ ဖြစ်လာရ၏။

“စီနီယာက ဒီစည်းမျဥ်းကို ချမှတ်ခဲ့မှတော့ သနားငဲ့ညှာဖို့ တောင်းဆိုတာက ဘာအသုံးဝင်ပါ့မလဲ … အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိနေသရွေ့ ကျုပ်က ကြိုးစားကြည့်ရမှာပဲ… ” ရီဖူရှင်းက ကျူးရင်ကို ပြောသည်။

ကျူးရင်၏ မျက်နှာတွင် ခနဲ့သော အပြုံးတစ်ခု ပေါ်လာသည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “ မင်းကို ငါသတ်မိတော့မယ်… ”

ရီဖူရှင်းက ပုံမှန်အားဖြင့် သူ၏စကားကို မယုံကြည်ပေ။ ရီဖူရှင်းက ပြောသည်။

“ ဒါဆိုလည်း ကျွန်တော် သွားပြီ… ” ထို့နောက် သူက ရှေ့ကို လှမ်းသွားလိုက်၏။ သူကား အသနားခံရန် ထိုမျှ မမိုက်မဲပေ။ မရေမတွက်နိုင်သော အချိန်ကာလ တစ်ခု ဖမ်းချုပ်ခံ ထားရသော သားရဲမိစ္ဆာ တစ်ကောင်အတွက် သူ့တစ်သက်တာ စုဆောင်း ထားသည်ကား အမုန်းတရားများသာ ဖြစ်သည်။ သူကား သတ်ဖြတ်ခြင်းဖြင့် သူ၏စိတ်ကို အာသာဖြေနေသည်။ ဤသို့သော အခြေအနေတွင် အသက်ရှင်ရင်ကား ထိုသားရဲအတွက် ပိုမို စိတ်လှုပ်ရှားဖွယ်ရာ စည်းမျဥ်းများ အကြံပေးကာ အသက်ရှင်ရန် လမ်းစရှာခြင်းသာ ဖြစ်သည်။ တန်ခိုးရှင်များစွာကို သည်အတိုင်း အမဲလိုက်သကဲ့သို့ သတ်ဖြတ်ပြီးနောက် သူကား ထိုသို့လုပ်ခြင်းကို အနည်းငယ် ငြီးငွေ့ပြီး ဖြစ်ရမည်။ ထို့ကြောင့် ရီဖူရှင်းက ပိုမိုစိတ်လှုပ်ရှားဖွယ် အကြံကို ပေးသောအခါ ပုံမှန်အားဖြင့် ကျူးရင်က ငြင်းဆန်ခြင်း မရှိပေ။

လှေကားထစ် အတိုင်း တက်လာရင်း သူတို့က နောက်ဆုံး နန်းဆောင်ခန်းမသို့ ရောက်လာကြသည်။ သည်နေရာကား ရွှေသားများဖြင့် အဆင်တန်ဆာ ဆင်ထားပြီး ခန်းမ၏ တစ်ဝက်ခန့်အား ရွှေရောင်ဝင်္ကပါ အစီအရင်များ ခင်းကျင်းထားပြီး နံရံမှ အင်းအိုင်များဖြင့် ဆက်စပ်ထား၏။ ဝင်္ကပါထံမှ အားကောင်းသော စွမ်းအင်များအား သူတို့ခံစားမိကြသည်။

သူတို့ရှေ့တွင်ကား ပင်လယ်ဘုရင်၏ ရုပ်တုကြီး နှင့်အတူ သူ၏လက်ထဲမှ အချိန်နှင့် လေဟာနယ်လှံကိုလည်း မြင်ကြရသည်။ သို့သော်လည်း ရုပ်တုနှင့် ရတနာလှံ အကြား၌ ရွှေရောင် အလင်းအရံအတား တစ်ခုရှိနေသည်။ ထိုအရာကား နောက်ဆုံး အတားအဆီး ဖြစ်သည်။ အလင်း မျက်နှာပြင်ထဲ၌ သူတို့က လှံရှည်ကို ကိုင်ထားသော ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးအား ရေးရေးမျှ မြင်နိုင်ပေသည်။ အလင်းမျက်နှာပြင်ကို ကြည့်ရုံမျှကပင် သူတို့အား ကြီးမားသော ဖိအားများ ဖြစ်စေ၏။

အစီအရင်၌ စာကြောင်းတစ်ခု ရေးထွင်း ထားပေသည်… ကျုပ်က အဆုံးမဲ့ပင်လယ်ရဲ့ တစ်ဦးတည်းသော အပိုင်စိုးသူပဲ။ ပြည်နယ်ကိုးခုမှာ ဘယ်သူ ပြိုင်ဘက် ကင်းနိုင်သလဲ။

ထိုစကားလုံးများထံမှ ဝင့်ကြွားသော အငွေ့အသက်များအား ခံစားနိုင်ပေသည်။ ထိုအရာက မေးခွန်းတစ်ခု ဖြစ်သော်လည်း ပင်လယ်ဘုရင်က သူကား အဆုံးမဲ့ ပင်လယ်ကို အုပ်စိုးသူဖြစ်ကာ ပြည်နယ် ကိုးခုတွင်လည်း ပြိုင်ဘက် ကင်းနိုင်သည်ဟု ရည်ညွန်းထားပေသည်။

ရီဖူရှင်းက စာလုံးများအား ကြည့်ကာ နန်းတော်ကို မဝင်မှီ ကျူးရင်ပြောခဲ့သော စကားများအား ပြန်အမှတ်ရမိ၏။ ပင်လယ်ဘုရင်မှာ အမှန်တကယ် မောက်မာ ဝင့်ကြွားသူ ဖြစ်ကြောင်း သိလိုက်၏။ သူက နံရံများတွင် ရေးထွင်းထားသော အင်းအိုင်များအား လိုက်ကြည့်သည်။ ထိုအင်းကွက်များမှာ လှံရှည်ပညာရပ် တစ်ခုအား ရေးထွင်းထားဟန် ရသည်။ အချိန်နှင့် လေဟာနယ်လှံကို ရယူရန် သည်အင်းကွက်များမှာ အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ရပေမည်။

ပင်လယ်ဘုရင် ကဲ့သို့သော မောက်မာသောသူ၊ သူ၏ကြီးမြတ်မှုကို လူအများအား ထာဝရအမှတ်ရ စေလိုသူက မဖြေရှင်းနိုင်သော လျှို့ဝှက်ချက်အား ထားခဲ့မည် မဟုတ်ပေ။ ကျူးရင် ပြောသကဲ့သို့သာ ဆိုပါက ပင်လယ်ဘုရင်က သူ့အား မည်သူမှ မကျော်ဖြတ်နိုင်ကြောင်း သက်သေပြရန် ထိုလျို့ဝှက်ချက်အား ဖြေရှင်းနိုင်မည့် တစ်စုံတစ်ခုအား အရိပ်အမြွက် ထားခဲ့မည် ဖြစ်သည်။ သို့သော်လည်း ထိုသို့သော အရိပ်အမြွက်များ ထားခဲ့သည့်တိုင် မည်သူမှ မဖြေရှင်း နိုင်လောက်အောင် ခက်ခဲပေသည်။ ထိုနည်းဖြင့်သာ သူကား ပြည်နယ်ကိုးခု၌ ပြိုင်ဘက်ကင်းပေမည်။

“ကျေးဇူးတင်ပါတယ်…” ညင်သာသော အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းက နောက်လှည့် ကြည့်သည်တွင် လျူစီရွှမ်နှင့် လျူဟန်တို့ လျှောက်လာသည်ကို မြင်၏။ ပြောလိုက်သူကား လျူစီရွှမ်ဖြစ်သည်။ ရီဖူရှင်း၏ အကြံပေးမှုကြောင့်သာ မဟုတ်ပါက လျူဟန်မှာ ကျူးရင်၏ လက်ချက်ဖြင့် အသက်ပျောက် ရပေတော့မည်။

ရီဖူရှင်းက လျူစီရွှမ်ကို ကြည့်သည်။ ယခုကား လျူကလန်မှာ ရှိစဥ်ကကဲ့သို့သို့ မာန်မာန ကြီးမားသော ဟန်ပန် အငွေ့အသက်များ မရှိတော့ပေ။ သူမက တည်ငြိမ်နေဟန် ရသော်လည်း လန်းဆန်းသော အလှတရား၏ နောက်ကွယ်၌ အားနည်းမှု အငွေ့အသက်များကို မြင်တွေ့ရနိုင်ပေသည်။ ဤနေရာတွင် မည်မျှပင် မြင့်မားသော ပါရမီအား ပိုင်ဆိုင်ပါစေ… သေခြင်းတရားနှင့် ကြုံတွေ့နေရသည့် အချိန် အခိုက်အတန့်၌ကား အရာခပ်သိမ်းက အသက်ထက် အရေးကြီးသည့်အရာ မရှိတော့ပေ။ သူမက ပင်လယ်နန်းတော်သို့ မကြာခင်ကမှ ဝင်ခွင့်ရခဲ့သည်။ သို့သော်လည်း ယခု သူမက သေခြင်းတရားနှင့် ရင်ဆိုင်နေရသည်။ မည်မျှ အဓိပ္ပာယ် ကင်းမဲ့လိုက်သနည်း။

“ကိစ္စမရှိပါဘူး… ကျုပ်က မင်းအတွက် ပြောပေးခဲ့တာ မဟုတ်ဘူး… ” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ အမှန်တကယ်အားဖြင့် သူက တမင်ပြောခဲ့ခြင်း မဟုတ်သည့်တိုင် သူ၏ စကားကြောင့်သာ လျူဟန်နှင့် လျူစီရွှမ်တို့ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ရီဖူရှင်းကား သူကိုယ်တိုင်၏ အသက် အန္တရာယ်ကိုပင် မကာကွယ်နိုင်ရာ တခြားလူများကို မည်သည့် တွေးတော ပေးနိုင်မည်နည်း။ အကြောင်းအရာ တိုက်ဆိုင်သွား၍ သူမအား ကယ်တင်သလို ဖြစ်သွားခြင်းမျှသာ။ အကယ်၍ ထိုအကြံအစည်အား သူက စောစီးစွာ ပြောခဲ့ပါက ကျူးရင်ကား သူ့ကို အစိမ်းလိုက် ဝါးစားပေလိမ့်မည်။ သူက ကျုးရင်အနေဖြင့် ပုံမှန် သတ်ဖြတ်ခြင်းအား ငြီးငွေ့သည်အထိ စောင့်ရန် လိုအပ်ပေသည်။ ထိုမှသာ သူ့အား စိတ်လှုပ်ရှားဖွယ် ကောင်းစေမည့် အစီအစဥ်အား လက်ခံမည် မဟုတ်ပါလား။

လျူစီရွှမ်က ညင်သာစွာ ခေါင်းညိတ်သည်။ ရီဖူရှင်းကား တခြားလူများနှင့် ကွဲပြားခြားနားဟန် ရသည်။ သူက လျူကလန် နှင့်အတူ လိုက်ပါလာသော်လည်း သူ့တွင် လျူကလန်မှ လူများတွင် ရှိသော သူမအပေါ် ကိုးကွယ် ယုံကြည်သည့် ဟန်ပင်များ ကင်းမဲ့ပေသည်။ သို့သော်လည်း လက်ရှိတွင် သူမအတွက် ထိုအရာများအား စဥ်းစား တွေးတောနေရန် အချိန်မရှိပေ။ လက်ရှိတွင် သေဘေးမှ မည်သို့ လွတ်မြောက်အောင် ကြံဆောင်မည်ကသာ အရေးအကြီးဆုံး ဖြစ်သည်။ အသက်ထက် မည်သည့် အရာကမှ အရေးမကြီးပေ။

“တစ်ရက်က နောက်ဆုံး အတားအဆီးကို ကျော်ဖြတ်ဖို့ မလုံလောက်ဘူး…” တစ်ယောက်က​ ပြောသည်။ တော်ဝင်မြေသုံးခုမှ လူများက ရှေ့သို့ကြည့်ကာ မျက်နှာများ ညိုမှိုင်းနေကြသည်။

“အကြီးအကဲတွေ ပြောတာ ကြားတာကတော့ အရင်တုန်းက ထိပ်သီး ပါရမီရှင်တွေ ဒီကို ရောက်လာကြဖူးတယ်… ဒါပေမဲ့ သူတို့က ဒီအင်းအစီအရင်တွေကို နားမလည်လို့ နောက်ပြန် လှည့်ခဲ့ရတယ်တဲ့… အခု ငါတို့က တစ်ရက်ပဲ အချိန်ရတယ်…”

စိတ်ပျက် အားငယ်သော အသံတစ်သံ ထွက်လာသည်။ ကြည့်ရသည်မှာ သူတို့က သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည်ထင်၏။

ယခု သူတို့အုပ်စုထဲတွင် ကွန်းရှီအဆင့်များ သိပ်မကျန်တော့ပေ။ သူတို့က ပတ်ဝန်းကျင်အား အကဲခတ် ကြည့်နေကြရာ အားလုံးသော လူများမှာ အန္တရာယ်၏ အငွေ့အသက်များအား ခံစားမိကြသည်။ သည်မတိုင်ခင် ကျူးရင် ပြောခဲ့သည်က သူတို့မှာ အချိန်နှင့် လေဟာနယ်လှံကို မရခဲ့ပါက သူတို့အထဲမှ တစ်ယောက်က အသက်ရှင်ခွင့်ရမည် ဖြစ်သည်။

“ကျုပ်တို့အားလုံးက တော်ဝင်မြေက တန်ခိုးရှင်တွေပဲ… ကျုပ်တို့က မကြိုးစားကြည့်ဘဲ သတ်ဖြတ်ဖို့ပဲ စဥ်းစားနေရင် နှစ်ခါ ပြန်စဥ်းစားဖို့ ကျုပ်အကြံပေးချင်တယ်။  တကယ်လို့ တစ်ယောက် စပြီးသတ်ဖြတ်ရင် တန်ခိုးအဆင့်နိမ့်တဲ့ သူတွေက ပူးပေါင်းပြီးတော့ အဆင့်မြင့်တဲ့ သူတွေကို သတ်ဖြတ်ရလိမ့်မယ်…”

ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ချက်ချင်းပင် ကွန်းရှီတန်ခိုးရှင်များ၏ မျက်လုံးများက ရီဖူရှင်းထံကို အေးစက်စွာ ရောက်လာကြသည်။

ရီဖူရှင်းက ထိုလူများ၏ အကြည့်ကို မသိသလိုပင် ဆက်ပြောသည်။

“အနည်းဆုံး ကျုပ်တို့မှာ အသက်ရှင်ဖို့ တစ်ရက် အချိန်ရတယ်… ” ရီဖူရှင်းက ထိုသို့ပြောကာ နံရံထံသို့ လျှောက်သွားပြီး သူ၏လွတ်လပ်ခြင်း ကျင့်စဥ်အား အသက်သွင်း လိုက်သည်။ သူ၏မျက်လုံးများက နံရံပေါ်တွင် ရှိနေသော အင်းအစီအရင်များထံသို့​ ရောက်သွားသည်တွင် အင်းအစီအရင်က အသက်ဝင် လာဟန်ရ၏။ ထိုအခိုက်တွင် သူကား ပင်လယ်ထက်တွင် လှံရှည် ကိုင်ထားသော ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်၏ ပုံရိပ်ကို မြင်တွေ့ရဟန် ရသည်။ ထိုပုံရိပ်က လှံရှည်ကိုကိုင်၍ လှုပ်ရှားနေ၏။

သည်အရာကထိုမျှ ခက်ခဲဟန် မရှိပေ။

တခြား လူများကလည်း ကျောက်နံရံများပေါ်မှ အင်းအစီအရင်များကို စတင်၍ ကြည့်ကြသည်။ သူတို့အားလုံးမှာ ပါရမီရှင်များ ဖြစ်ကြရာ သေဆုံးခါနီး အခြေအနေတွင်ပင် စိတ်ဓာတ် ယိမ်းယိုင်ခြင်း မရှိဘဲ အချိန်အခါနှင့် လိုက်လျောညီထွေစွာ ပြုမူနိုင်ကြပေသည်။ ထို့ကြောင့် သူတို့အားလုံးက ကြိုးစားကြပေသည်။

ရီဖူရှင်းကလည်း အင်းအစီအရင် တစ်ခုစီကို အချိန်ကြာကြာ ကြည့်နေရင်းက သူ၏ခြေလှမ်းများကလည်း နောက်အစီအရင် တစ်ခုထံသို့ ဖြည်းညင်းစွာ ရွေ့လျှားနေပေသည်။

လင်းယွီကလည်း အင်းကွက်များအား နားလည်အောင် ကြိုးစားကြည့်ပေသည်။ သို့သော်လည်း သူမ၏တန်ခိုးအဆင့်ဖြင့် ပထမအင်းကွက်ကိုပင် နားလည်ရန် မလွယ်ကူပေ။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သလို အချို့သောလူများမှာ စတင်၍ စိုးရိမ်ထိတ်လန့် လာခဲ့ကြသည်။ အလွန် စိတ်ဓာတ် ခိုင်မာသော ပါရမီရှင် အနည်းငယ်သာ ဤသို့သော အခြေအနေတွင် ဆက်လက် လေ့လာနိုင်ပေမည်။ တစ်ချိန်တည်းမှာပင် လူအချို့မှာလည်း ပင်လယ်ဘုရင်၏ ရုပ်တုကို တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော်လည်း သူတို့၏ ကြိုးစားမှုများမှာ အရာမထင်ပေ.

ရီဖူရှင်းကား နံရံတစ်ခုကို နားလည် ဆင်ခြင်ပြီးဖြစ်ရာ ဒုတိယနံရံသို့ ရောက်နေပြီ ဖြစ်သည်။ နံရံများတွင် ရေးထွင်းထားသော အင်းအစီအရင်များမှာ အလွန်အားကောင်းသော လှံရှည်ပညာရပ် တစ်ခုအား ရေးထွင်းထားခြင်း ဖြစ်သည်။ ထိုပညာအား နားလည်ရန် တစ်စုံတစ်ယောက်က နံရံများထံမှ စိတ်ဝိညာဥ် စွမ်းအားဖြင့် ဆက်သွယ်ရန် လိုပေသည်။ သို့သော် ရီဖူရှင်းအတွက် ထိုမျှက မခက်ခဲပေ။ သူက လွတ်လပ်ခြင်း ကျင့်စဥ်ကို လေ့ကျင့်သလို သူ့တွင် လေဟာနယ် လောကဓာတ်လည်း ရှိပေသည်။ တိုက်ဆိုင်စွာပင် ပင်လယ်ဘုရင်မှာလည်း လေဟာနယ်ဓာတ်ကို လေ့ကျင့်သူ မဟုတ်ပါလား။

တစ်ရက်ဟူသော အချိန်ကာလကား တိုတောင်းလွန်း ပေသည်။ ထိုအခိုက် ခြေသံများကြားရကာ လူအများအပြားက တုန်လှုပ်သွားကြသည်။ မကြာမှီ မခိုးမခန့် အပြုံးဖြင့် ကျူးရင်က အခန်းထဲသို့ တစ်လှမ်းချင်း ဝင်လာသည်အား မြင်ကြရ၏။ သူက ပြုံးလျက်ပင် ပြောသည်။

“မင်းတို့မှာ တစ်နာရီ အချိန်ကျန်သေးတယ်…”

“ကျုပ်တို့အားလုံး အတူကြိုးစားပြီး အစီအရင်ကို ဖျက်ကြည့်ရအောင်” တစ်ယောက်က အကြံပေးသည်။ အားလုံးက ခေါင်းညိတ်ကာ အလင်းအရံအတားအား ပူးပေါင်း တိုက်ခိုက်ကြသည်။ သို့သော်လည်း ရွှေရောင် အလင်းအရံအတားကား တုတ်တုတ်မျှ မလှုပ်ပေ။

“ကျုပ်မယုံဘူး… ဆက်ဖျက်ရအောင်…” လင်းယွီ၏ အမူအရာမှာ ပြာနှမ်းနေသည်။ သူက ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်သည်တွင် လူအုပ်ကလည်း သူနှင့်အတူ လိုက်ပါ၍ တိုက်ခိုက်ကြသည်။ သို့သော်လည်း သူတို့၏တိုက်ခိုက်မှုက မည်သို့မှ အရာမထင်ပေ။

“မင်းတို့မှာ တစ်နာရီပဲ ကျန်တော့တယ်… ” သူက ပြုံးလျက်ပင် ဆက်ပြောသည်။ ထိုအခိုက်တွင် သူ၏အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းကား နံရံကို မျက်နှာမူကား တခြားအရာမျာနှင့် မည်သို့မှ မသက်ဆိုင်သလို ကြည့်နေသည်။

“စိတ်ဝင်စားစရာပဲ… ” ကျူးရင်က ပြောသည်။

ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်သည်။ ထိုအခိုက်တွင် သူ၏ စိတ်နယ်ပယ်ထဲ၌ လှံရှည် ကိုင်ထားသော လူတစ်ယောက် ပေါ်လာကာ စတင်လှုပ်ရှားသည်။ သူ၏ လှုပ်ရှားဟန်များ ကလည်း နံရံများမှ အစီအရင်များမှ ပြောသော နည်းလမ်းအတိုင်း ဖြစ်သည်။ နောက်ဆုံးတွင် လှံချက်များ အားလုံး ပေါင်းစပ်ပြီး ပြင်းထန်သော တိုက်ခိုက်ဟန် တစ်ခုဖြစ်ပေါ်လာ၏။

ထို့နောက် ဝင်္ကပါများ၏ လျှို့ဝှက်ချက်များနှင့် လှံချက်၏ စွမ်းရည်များ အားလုံး ဆက်စပ် သွားကာ ရီဖူရှင်း၏ ခေါင်းထဲတွင် အရာအားလုံး ကြည်လင် ပြတ်သား သွားတော့သည်။

ပင်လယ်ဘုရင်ကား အမှန်ပင် ရက်စက် ကြမ်းကြုတ်ပေသည်။ ကျူးရင်က သူ့ဆရာအား နားလည်သော်လည်း သူ့ဆရာ၏ ရက်စက်မှုကို လျှော့တွက်ခဲ့ပေသည်။

“အချိန်ပြည့်တော့မယ်…” ကျူးရင်က ထပ်ပြောသည်။ သူ၏စကားသံက အားလုံးကို ထိတ်လန့် ကြောက်ရွံ့စေသည်။

“ငါတို့ တကယ် သေတော့မှာလား… ” လျူယွီက သူမ၏ ခေါင်းကိုမော့ကာ ကြည့်သည်တွင် ရီဖူရှင်းက မျက်လုံးကို ဖွင့်လျက် ရုပ်တုထံသို့ လျှောက်လာသည်အား မြင်၏။

“ အစ်ကိုရီ.. ” လျူယွီက သူ့အား လှမ်းခေါ်သည်။

“စိတ်မပူနဲ့… မင်းသေမှာ မဟုတ်ဘူး… ” သူမ၏ခေါင်းထဲကို အသံတစ်သံ ရောက်လာသည်။ လျူယွီက သူ၏ မျက်လုံးများကို ကြည့်သည်တွင် အလွန် ယုံကြည်ချက်ရှိသော အငွေ့အသက်များအား မြင်သည်။

“ကျုပ် မသေချင်သေးဘူး…” လျူရှီက မျက်နှာများ ပြာနှမ်းလျက် ပြောသည်။ သူက တော်ဝင်လမ်းသို့ ယခုမှ ဝင်ခဲ့ခြင်းဖြစ်ကာ သူ၏အနာဂတ်မှာလည်း ယခုမှ စတင်ခြင်းဖြစ်သည်။ သူက မည်သို့ ဤနေရာတွင် သေဆုံးရမည်နည်း။

အားလုံးမှာ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် အလင်းအရံအတားကို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ အချို့မှာ အနီးမှ လူများအား အေးစက်စွာ ကြည့်ကာ တခြားလွတ်လမ်းအား ရှာကြံရန် အဆင်သင့် ပြင်ထားကြသည်။

လျူစီရွှမ်ကလည်း လူအုပ်ထဲတွင် ရပ်နေသည်။ ထိုအခိုက်တွင် ရီဖူရှင်းက လူအုပ်ထံသို့ လှမ်းလာနေသည်ကို သူမမြင်သည်။

“မင်းတို့အတွက် အချိန်သိပ် မကျန်တော့ဘူး။ နောက်ဆုံး အချိန်လေးကို ကောင်းကောင်း အသုံးချကြ… ” ကျူးရင်က သူ၏လက်နှစ်ဖက်ကို နောက်တွင် ချိတ်ကာ အေးအေးလူလူ ပြောသည်။ သူ၏အသံက ထိုလူများအား ပိုမိုကြောက်လန့်စေသည်။

“ဘေးကိုဖယ်… ” ထိုအခိုက်တွင် အားကောင်းသော အသံတစ်သံ ထွက်ပေါ်လာကာ အားလုံးက ရီဖူရှင်းထံသို့ လှမ်းကြည့် ကြသည်။

ရီဖူရှင်းက ရှေ့သို့ တက်လာသည်။ လူအုပ်ကြီးက သူအား အေးစက်စွာ ကြည့်ကြ၏။ သို့သော်လည်း ရီဖူရှင်းထံမှ ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိကြသည်တွင် အများစုမှာ အလိုအလျောက် ဘေးကို ဖယ်ပေးမိကြသည်။

“ အစ်ကိုရီ… ”

လျူယွီက တိုးညင်းစွာ ခေါ်မိသည်။ သူ့ထံမှ ထွက်ပေါ်လာသော ကိုယ်ရောင်ကိုယ်ဝါမှာ အမှန်ပင် မိုရှီအဆင့်၌ ရှိနေသည်။ အစ်ကိုရီကား ထိုမျှ အားကောင်းနေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲတွင် ပျံတက်လာကာ ကြောက်မက်ဖွယ် စီးကြောင်းများ ရစ်ပတ် လာနေသည်ကို သူတို့အားလုံး မြင်ကြရသည်။ စိတ်ဝိညာဥ် စွမ်းအားများက ကျောက်နံရံများသို့ စီးဆင်းသွားသည်တွင် ကျောက်နံရံများမှ အစီအရင်များမှာ လင်းလက်လာပြီး အလင်းတန်းများ အဖြစ် ပြန်လည် ထွက်ပေါ်လာကာ ရီဖူရှင်းထံ၌ လာရောက် စုစည်းကြသည်။

ရီဖူရှင်းအနီးမှ အလင်းရောင်များမှာ ပိုမို၍ လင်းလက်လာခဲ့ပြီး လူအများအပြား၏ မျက်လုံးများကို စူးရှစေခဲ့သည်။ သူတို့က ထိုမြင်ကွင်းအား ထိတ်လန့်စွာ ကြည့်ကြသည်။

သူက အမှန်တကယ်ပင် ပင်လယ်ဘုရင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သည်လား။

ကျူးရင်ကလည်း အံ့အားသင့်စွာ ကြည့်သည်။ သည်အရာက အမှန်တကယ်ကော ဖြစ်နိုင်ပါ၏လော။

လျူယွီကလည်း ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်နေသည်။

မရေမတွက်နိုင်သော စီးကြောင်းများ ရီဖူရှင်းကို လာရောက် ရစ်ပတ်ကြသည်။ ရီဖူရှင်းက လက်ဆန့်တန်း လိုက်သည်တွင် အလင်းတန်းများ ဖြာထွက်နေသော လှံရှည်တစ်ချောင်း ဖြစ်ပေါ်လာသည်။ နံရံမှ အင်းအစီအရင်များ အားလုံး အသက်ဝင်လာပြီး သူနှင့်ဆက်စပ် သွားသည်။ ထိုအခိုက်တွင် အားလုံးက ရီဖူရှင်း၏ ရှေ့တွင် ရှိနေသော စာတန်းအား တွေ့မြင်ကြသည်။

ပြည်နယ်ကိုးခုတွင် မည်သူက ပြိုင်ဘက်ကင်းသနည်း။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားသည်။ မရေမတွက်နိုင်သော စီးကြောင်းများကလည်း လှံရှည်နှင့်အတူ စုစည်းသွားကာ လှံရှည်၏ ထိုးနှက်ချက်တွင် ကောင်းကင်က တုန်ခါသွားပြီး နန်းတော်တစ်ခုလုံး လှုပ်ခတ်သွား၏။

“ပြည်နယ် ကိုးခုလုံးမှာ ကျုပ်ပဲ ပြိုင်ဘက်ကင်းတယ်… ” သူ၏မောက်မာ ဝင့်ကြွားသော အသံကား ထိုမေးခွန်းကို ပြန်ဖြေနေသယောင်ယောင်။ အလင်းရောင်များ ရစ်ပတ်ထားသော လှံရှည်က အလင်းအရံ အတားကို ထိုးနှက်တိုက်ခိုက်လိုက်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset