ဓမ္မလက်နက်ဌာန၏ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်ပြီးနောက် ဝမ်ပေါင်လဲ့၏ ဘဝမှာ ယခင်နှင့်မတူဘဲ လုံးဝ ပြောင်းလဲသွားခဲ့သည်။ အသိသာဆုံး ကွာခြားချက်မှာ သူ အပြင်ထွက်တိုင်း တွေ့သမျှ ကျောင်းသားများက ကျောင်းသားသစ်ဖြစ်စေ၊ ကျောင်းသားဟောင်းဖြစ်စေ အလွန် လေးစားရိုကျိုးစွာ ဆက်ဆံကြခြင်း ဖြစ်သည်။
အခြားဌာနများ၏ ကျောင်းသားခေါင်းဆောင်များမှာလည်း သဘောထား ပြောင်းလာကြသည်။ ယခင်ကဲ့သို့ ဝမ်ပေါင်လဲ့ထံ နှုတ်ဆက်စာချွန်လွှာ ပို့ရုံမျှ မဟုတ်ဘဲ ပိုမို ရင်းနှီးခွင့်ရရန် လာရောက်တွေ့ဆုံခြင်းများ လုပ်လာကြသည်။
ဝမ်ပေါင်လဲ့ကလည်း လာတွေ့သူများကို လိုလိုချင်ချင်ပင် လက်ခံတွေ့ဆုံသည်။ သူသည် အသိုင်းအဝိုင်း၊ အဆက်အသွယ် ရှိခြင်း၏ တန်ဖိုးကို သိထားသည့်အပြင် လောကဝတ်အရ အတုံ့အလှည့် ရှိသင့်သည့် သဘောကိုလည်း သဘောပေါက် နားလည်သည်။ ထို့ကြောင့် နောက်ရက်များတွင် သူသည် ဌာနအသီးသီးမှ ကျောင်းသားခေါင်းဆောင်များနှင့် ရင်းနှီးလာအောင် ကြိုးစားနေသည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့သည် ကျောင်းသားခေါင်းဆောင် ဖြစ်ပြီး ပထမနှစ် ကျောင်းပိတ်ခါနီးတွင် သူတို့နှစ် ကျောင်းသားသစ်များထဲမှ အခြားသော ကျောင်းသားခေါင်းဆောင်များ ပေါ်ထွက်လာခဲ့သည်။ ဒုတိယမြောက် ကျောင်းသားခေါင်းဆောင် ဖြစ်လာသူမှာ ကျောက်ယမုန့် ဖြစ်သည်။
( စာစဥ်အခန်းခြောက်မှာ ချိန်ယမုန့်လို့ english translator က ရေးသားထားပါတယ်။ အခုအခန်းမှာတော့ ကျောက်ယမုန့်လို့ english translator ပဲရေးထားတာပါ )
နှစ်အစပိုင်းတွင် ဝိညာဥ်ကွန်ရက်ပေါ်၌ သူမ အကြောင်းမှာ ရေပန်းအစားဆုံး ဖြစ်သွားသည်မှအပ ထိုကျောင်းသူသည် သိုသိုသိပ်သိပ် နေခဲ့သည်။ ယခု လှုပ်ရှားလိုက်သည့် တခဏ၌ မှော်ကျောက်စာဌာန၏ ကျောင်းသားခေါင်းဆောင် နေရာတစ်နေရာကို ချက်ချင်း ယူနိုင်ခဲ့သည်။
ထို့နောက် တတိယမြောက် ကျောင်းသားခေါင်းဆောင် ဖြစ်လာသူမှာ ကျိုးရိဖန် ဖြစ်သည်။ လုကျစ်ဟောင်၊ ချန်းကျစ်ဟန်တို့နှင့် တစ်နှစ်တာလုံး ယှဥ်ပြိုင်ပြီးသကာလ စစ်ဆေးပွဲတွင် ခေါင်းတစ်လုံးအသာဖြင့် သိုင်းပညာဌာန၏ ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
သာမန်အားဖြင့် သူတို့နှစ်ယောက်လုံး ကျောင်းသားခေါင်းဆောင် ဖြစ်သွားကြသည့် အချက်မှာ ပွက်လောရိုက်သွားစေမည် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ဖီဆန်သည်ဟု တင်စားနိုင်သည်အထိ အရှိန်အဝါ တောက်ပလွန်းသောကြောင့် ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့၏ အောင်မြင်မှုများမှာ ထင်ထားသကဲ့သို့ အရေးပေးခြင်း မခံရပေ။
သို့ရာတွင် ဌာနအားလုံးမှ ဆရာများ၊ ဌာနမှူးများနှင့် ပါမောက္ခပင် ဝမ်ပေါင်လဲ့နှင့် သူတို့အသုတ်၏ ထူးချွန်ပြောင်မြောက်မှုကို သတိထားမိကြသည်။ အထူးသဖြင့် ဝမ်ပေါင်လဲ့မှာ ပို၍ လူသိများသည်။ အဆင့်မြင့်ကျွန်း၌ပါ သူ့ကို သိကြသည်။ ဝမ်ပေါင်လဲ့က ဓမ္မလက်နက်ဌာန၏ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်သွားစဥ်က ပါမောက္ခထံသို့ စုံစမ်းမေးမြန်းကြသော လုပ်ဖော်ကိုင်ဖက်များ ရှိခဲ့သည်။
ဆရာမုတ်ဆိတ်ထံသို့ စုံစမ်းမေးမြန်းကြသူများမှာ မေးစရာပင် မလို၊ ပို၍ပင် များနေသေးသည်။ တစ်ကြိမ် ဖြေလိုက်တိုင်း သူသည် ဝမ်ပေါင်လဲ့ကို အထူးဝင်ခွင့်ပေးခဲ့သူ ဖြစ်ကြောင်း စုံစမ်းသူကို ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိသည်။
“ မင်းတို့က ဘယ်သိမလဲ၊ ဒါပေမဲ့ ငါ ဝမ်ပေါင်လဲ့ကို မြင် မြင်ချင်း သူက အရောင်ထွက်နေတဲ့ ပုလဲတစ်လုံးလို အံ့မခန်း ပါရမီရှင်ဆိုတာ ငါ ချက်ချင်း သိလိုက်တယ်။ ဒီတော့ တွန့်ဆုတ်မနေဘဲ တခြားဌာနတွေ တွေဝေနေတုန်း သူ့ကို အထူးခန့်အပ်ဖို့ ငါ့အခွင့်အရေးကို သုံးခဲ့တာ ”
“ ငါ့မျက်လုံးနှစ်လုံးက လူကဲခတ်မမှန်ဘူးဆိုတာ ရှိခဲ့လို့လား။ ဒီဝမ်ပေါင်လဲ့ဆိုတာက ငါ ဘယ်လောက် လူကဲခတ် တော်သလဲဆိုတဲ့ ငါ့အရည်အချင်းရဲ့ သက်သေပဲလေ ”
ယခုရက်ပိုင်းများတွင် ဆရာမုတ်ဆိတ်သည် ဂုဏ်ယူမဆုံးဖြစ်နေကာ သူ့အပေါင်းအသင်းများ၏ အားကျသည့်အကြည့်များကို ခံယူရင်း အလွန်တရာ ကျေနပ်ပီတိ ဖြစ်နေသည်။
သို့ဖြင့် ယခင်က ဝမ်ပေါင်လဲ့ကို ဓမ္မအဆောင်တစ်ခု လက်ဆောင်ပေးရန် စဥ်းစားဖူးသည်ကို သတိရသွားသည်။ သူက စဥ်းစားရင်း ယခင်က ပေးရန် စီစဥ်ထားသည့် ပထမအဆင့် ဓမ္မအဆောင်ကို ဘေးဖယ်ထားလိုက်ပြီး ဝမ်ပေါင်လဲ့အတွက် ဒုတိယအဆင့် ဓမ္မအဆောင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ သန့်စင်ပေးလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် သူသန့်စင်ထားသည့် ဓမ္မအဆောင်ကို ကြည့်ကာ ဆရာမုတ်ဆိတ်သည် ဝမ်ပေါင်လဲ့မှာ ကံကောင်းသည်ဟု တွေးနေမိသည်။
‘ ဒီကောင်လေးကို အထူးဝင်ခွင့်ပြုလိုက်ရတာ တကယ်တန်တာပဲ၊ ကံကောင်းချက် ’
ထိုသို့တွေးနေပြီးနောက် ဆရာမုတ်ဆိတ်မှာ ဤသို့ တွေ့ဆုံရခြင်းကို ရေစက်ဟု သတ်မှတ်ကာ ဝမ်ပေါင်လဲ့ဆီ လက်ဆောင်ပို့ရန် ပြင်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်သော်လည်း ဆရာမုတ်ဆိတ်၏ ဆင့်ခေါ်မှုကို ရရှိပြီးနောက် ဒုပါမောက္ခက သူ့ကို ကျောင်းထုတ်ချင်နေစဥ်က သူ့အတွက် ရပ်တည်ပေးခဲ့သည်မှာ ဆရာမုတ်ဆိတ် တစ်ယောက်တည်းသာ ဖြစ်ကြောင်း အမှတ်ရသွားသည်။
ဝမ်ပေါင်လဲ့မှာ ဤအဖြစ်အပျက်ကို လုံးဝ မမေ့သေးပေ။ သို့ဖြစ်ရာ အသံလွှင့်ချက်ကို ရရှိချိန်၌ ချက်ချင်းပင် ဝတ်ရုံများကို ဆွဲချကာ တောင်ထိပ်ရှိ ဌာနမှူးခန်းမဆောင်သို့ ရောက်သွားသည်။ သူ ဝင်သွားသည်နှင့် ပြုံးနေသော ဆရာမုတ်ဆိတ်ကို တွေ့ရပြီး ချက်ချင်းပင် လက်သီးများ ဆုပ်ကာ ဦးညွှတ် အရိုအသေပြုလိုက်သည်။
“ ဌာနမှူးခင်ဗျာ၊ ကျောင်းသား ဝမ်ပေါင်လဲ့ကို အလိုရှိရာ စေခိုင်းနိုင်ကြောင်းပါ ”
ဆရာမုတ်ဆိတ်က ရယ်မောက ဝမ်ပေါင်လဲ့ကို ထူပေးလိုက်သည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ပြီး အတိတ်ကို လွမ်းဆွတ်သွားဟန် တူသည်။
“ မဆိုးဘူး၊ ကောင်လေး၊ မင်း တကယ် တော်တယ် ”
သူသည် ဝမ်ပေါင်လဲ့ကို ပုခုံးပုတ် ပြောနေပြီး သူ၏ လေသံနှင့် သဘောထားမှာလည်း ကြင်နာနွေးထွေးသည်။ ဝမ်ပေါင်လဲ့က ဆိတ်ဆိတ်သာ နေလိုက်သည်။ သူသည် ဆရာမုတ်ဆိတ်ကို သဘောကျသောကြောင့် ရှေ့ဆက်ကာ စကားလက်ဆုံကျနေသည်။
ဝမ်ပေါင်လဲ့၏ လေ့လာမှုများနှင့် ပတ်သက်၍ မေးမြန်းဖြေကြားပြီးနောက် ဆရာမုတ်ဆိတ်မှာ သူ့ရှေ့တွင် ဝမ်ပေါင်လဲ့က နှိမ်ချရိုကျိုးစွာ ပြောဆိုသောကြောင့် အလွန် ကျေနပ်သွားသည်။ ယခင် ကျောင်းသားခေါင်းဆောင်များနှင့် သူသည် အဆင်ပြေပြေနေခဲ့သော်လည်း စိတ်ထဲမှ သဘောမကျပေ။
သို့သော် ဝမ်ပေါင်လဲ့မှာမူ မတူပေ။ သူကိုယ်တိုင် ဝမ်ပေါင်လဲ့ကို ရွေးထားခဲ့သည် ဖြစ်ရာ ပိုသဘောကျနေရသည်။ ထို့နောက် သူက ညာဘက်လက်ကို လှုပ်ခတ်လိုက်ပြီး ဓါးပျံတစ်လက်ကို ထုတ်ပြလိုက်သည်။
ဓါးပျံတစ်လက်လုံး ခရမ်းရောင်ဖြစ်ပြီး အတွင်းဘက်၌ အမှတ်အသားများ ရှိသည်။ ဓါး ပေါ်ထွက်လာသည်နှင့် အပူလှိုင်းကြီး ထုတ်လိုက်ရာ မီးတောက်နေသည့် မြေပြင်ပေါ်၌ ရပ်နေရသည့်အလား ခံစားရစေသည်။
တဖြည်းဖြည်းနှင့် ဓါးပျံဘေးပတ်လည်မှာ လှိုင်းဂယက်များ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဤဓါးမှာ သာမန်ဓါးတစ်လက် မဟုတ်ကြောင်း သိသာလှသည်။
ထိုမျှသာမကသေး ဓါးပေါ်တွင် လုံးဝန်းသော အပေါက်လေး တစ်ပေါက်လည်း ပါသေးသည်။ ထိုအပေါက်ကလေးမှာ ဓါးသန့်စင်ပြီးမှ ထည့်ထားခြင်းမဟုတ်ဘဲ ဓါးသွားနှင့် တစ်သားတည်း ဖြစ်နေသည်။ ၎င်းမှာ သန့်စင်နေစဥ်အတွင်း သဘာဝအလျောက် ပေါ်လာခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဓါးကို တစ်ချက်သာ ဝေ့ကြည့်လိုက်သော်လည်း သူ၏ ဓမ္မအဆောင် အသိပညာများကြောင့် ဓါးမှာ ထူးကဲလှသည်ဟု ခံစားမိကာ သိသိသာသာ စိတ်လှုပ်ရှားသွားလေသည်။
ဆရာမုတ်ဆိတ်က ပြုံးကာ ဝမ်ပေါင်လဲ့ကို ကြည့်ပြီး မေးလိုက်သည်။
“ မင်း ဘာတွေ မြင်သလဲ ”
“ ဆရာက သက်တံ့ဝိညာဥ်ကျောက်တုံး ခုနစ်တုံးနဲ့ အနည်းဆုံး တာအိုကမ္ဗည်းစာပေါင်း လေးသောင်းလောက် ထည့်သွင်း ရေးထိုးထားတယ်။ ပြီးတော့ အမြန်နှုန်းနဲ့ မီးပညာရပ်မှာလည်း ဩချရလောက်အောင်ပါပဲ၊ ကုန်ကြမ်းပစ္စည်းနဲ့ ပတ်သက်လို့ကတော့… သတ္တုပစ္စည်းတွေနဲ့ သိပ်မရင်းနှီးလို့ ကျွန်တော့်အတွက် အတိအကျ ပြောဖို့တော့ ခက်တယ်။ ဒါပေမဲ့ ပစ္စည်းတွေကလည်း အကောင်းတကာ့ အကောင်းဆုံးတွေဆိုတာ မြင်နေရပါတယ် ”
“ ဒီအပေါက်လေးကတော့…..”
ဝမ်ပေါင်လဲ့မှာ ခေတ္တမျှ တွေဝေသွားသည်။ သူသည် ထိုအပေါက်လေးကို မမှတ်မိပေ။
ဆရာမုတ်ဆိတ်က ဝမ်ပေါင်လဲ့၏ သုံးသပ်ချက်ကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ မင်းက တော်တော်လေး ပြည့်စုံအောင် ပြောသွားနိုင်တာပဲ၊ မင်း ဒီအပေါက်လေးကို နားမလည်တာ မထူးဆန်းပါဘူး။ ဒါ မင်းရဲ့ သန့်စင်ပြီးသား အဆောင်တစ်ခုကို ပုံစံပြန်သွင်းတဲ့အခါမှာ နောက်ဆုံးအဆင့်ကျမှ သင်ရမဲ့ အရာတစ်ခုပဲ။ ဒါကို နတ်ဘုရားအပေါက် လို့ခေါ်တယ်။ ဓမ္မအဆောင်တွေ သန့်စင်ရာမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာလို့ အဲဒီလို ခေါ်တာ။ ပေါ်လာတာက ကံကြမ္မာအပေါ်မှာပဲ မူတည်ပြီး လူသားက ထိန်းချုပ်လို့ မရဘူး”
“ ဓမ္မအဆောင်မှာ ဒီ နတ်ဘုရားအပေါက် ပေါ်လာတဲ့ အချိန်ကစလို့ ဝိညာဥ်ကျောက်တုံးတွေ ထပ်ထည့်ပြီးတော့ အဲဒီပစ္စည်းရဲ့ အစွမ်းကို အများကြီး တိုးသွားအောင် လုပ်လို့ရတယ် ”
“ ဝမ်ပေါင်လဲ့၊ ငါ ဒီဓါးကို မင်းပေးမယ် ”
ဆရာမုတ်ဆိတ်က ပြောနေစဥ် ညာလက်ကို ဝှေ့ရမ်းလိုက်သည်။ ဓါးသည် ခရမ်းဖျော့ရောင် အလင်းတန်းတစ်ခု ဖြစ်သွားကာ ဝမ်ပေါင်လဲ့ဆီသို့ ပျံသန်းသွားသည်။
ဝမ်ပေါင်လဲ့မှာ ဓါးကို လက်ခံယူလိုက်စဥ် အသက်ရှူသံများ မြန်လာသည်။ သူက ဆရာမုတ်ဆိတ်ကို တစ်လှည့် လက်ထဲမှ ဓါးပျံကို တစ်လှည့် ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ကာ လေးစားရိုသေစွာ ဦးညွှတ်လိုက်သည်။
“ ကျေးဇူးအများကြီး တင်ပါတယ်၊ ဌာနမှူး ”
“ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူးကွာ၊ ပုံရိပ်ယောင် နယ်မြေစစ်ဆေးပွဲမှာ မင်း ထိပ်ပိုင်းအဆင့် ရခဲ့တာရော၊ သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင် ဖြစ်လာတာရောက မင်းက ဓမ္မလက်နက်ဌာနရဲ့ သမိုင်းမှာ အထူးချွန်ဆုံး ကျောင်းသားဆိုတာ သက်သေပြလိုက်တာပဲ”
ဆရာမုတ်ဆိတ်သည် မုတ်ဆိတ်ကို ပွတ်သပ်နေရင်း သူ့မျက်နှာ အမူအရာမှာ တဖြည်းဖြည်း လေးနက်လာသည်။
“ ဒီဓါးကို မင်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သုံး။ မြဲမြဲမှတ်ထား၊ မမောက်မာနဲ့၊ အဆင့်မြင့်ကျွန်းကို ဝင်ပြီး ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ စာမေးပွဲအောင်အောင် အခုထက်ပိုပြီး ကြိုးစားရမယ် ”
ဝမ်ပေါင်လဲ့က သက်ပြင်းကို အားရပါးရ ရှူရှိုက်ကာ သဘောတူ လိုက်နာပါမည့်အကြောင်း လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။ နောက်ဆုံးတွင် ဆရာမုတ်ဆိတ်က ရေနွေးကြမ်းခွက်ကို မြှောက်လိုက်ရာ ဝမ်ပေါင်လဲ့က အရိပ်အခြေကို သဘောပေါက်ကာ ထွက်ခွာလာခဲ့သည်။
သူသည် နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်သောအခါ ခရမ်းရောင်ဓါးကို ထုတ်ပြီး ပျော်ရွှင်စွာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက သက်တံ့ဝိညာဥ်ကျောက်တုံး တစ်တုံးကို ထုတ်ကာ နတ်ဘုရားအပေါက်တွင်း ထည့်ကြည့်လိုက်သည်။ ဝိညာဥ်ချီက ဓါးသွားထဲကို ဝင်ရောက်သွားသည်နှင့် ဓါးသေးသေးလေးမှာ အံ့ဖွယ် ခရမ်းရောင်အလင်းတန်းတစ်တန်ူ တောက်ပလာကာ လျင်မြန်စွာ ကြီးမားလာပြီး ဓါးကြီးတစ်လက်အသွင် ပြောင်းသွားလေသည်။ ဝမ်ပေါင်လဲ့က ဓါးကို ဆုပ်ကိုင်ကာ သူ့နောက်မှ ကျောက်တုံးကြီးတစ်တုံးကို လွှဲကာ ခုတ်ချလိုက်သည်။
ထိုအခိုက် အပူလှိုင်းတစ်လှိုင်း ပေါက်ကွဲထွက်လာပြီး ထိုနေရာတစ်ဝိုက် လွှမ်းခြုံသွားကာ ကျောက်တုံးမှာ တစ်ခြမ်းစာသာ ကျန်ပြီး တစ်ပေခန့် အမှတ်အသား တစ်ခု ကျောက်တုံးပေါ်တွင် ပေါ်လာသည်။
ထက်လိုက်တာ….
ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူသည် တိုက်ခိုက်ရေးဓမ္မလက်နက်များကို ယခင်က မမြင်ဖူးသော်လည်း ဤဓါးထဲရှိ စွမ်းအင်မှာ အလွန် အံ့ဩစရာ ကောင်းနေသည်ဟု ခံစားရသည်။
“ ဓမ္မလက်နက်ဆိုလို့ ငါ့မှာ ဝိညာဥ်အမြုတေ နည်းနည်းပါးပါး ရှိသေးတာပဲ… “
ဝမ်ပေါင်လဲ့သည် ဓါးကို သိုလှောင်လက်ပတ်ထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်သည်။ ထို့နောက် ယခင်က သန့်စင်ထားသည့် ဝိညာဥ်အမြုတေ ရာဂဏန်းထဲမှ တချို့ကို ထုတ်ကာ ဝိညာဥ်အမြုတေ သန့်စင်ခြင်းကို လေ့ကျင့်ရန် ပြင်လိုက်သည်။
‘ ဒီဝိညာဥ်အမြုတေတွေကို အဆင့်မြင့် ဝိညာဥ်ကျောက်တုံးတွေပေါ်မှာ ကမ္ဗည်းစာတွေ ရေးထိုးစုစည်းပြီး ဖန်တီးထားရတာ၊ ငါ ဖြုန်းတီးပစ်လို့ မဖြစ်ဘူး… ‘
ဝမ်ပေါင်လဲ့က ခေါင်းကို ကုတ်လိုက်သည်။ ဓမ္မလက်နက်ဌာန၏ သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင် တစ်ယောက် အနေဖြင့် သူ့ကိုယ်ပိုင်မဟုတ်ဘဲ ပေးထားသည့် ဓမ္မလက်နက်နှစ်ခုတည်းသာ ပိုင်ဆိုင်ခြင်းမှာ ရှက်စရာကောင်းသည်ဟု ခံစားရသည်။
အနည်းငယ် စဥ်းစားပြီးနောက် ဝမ်ပေါင်လဲ့က ၎င်းတို့ကို ဓမ္မလက်နက်များ အဖြစ် သန့်စင်မည်ဟု ဆုံးဖြတ်လိုက်သည်။ တစ်ဖက်တွင်လည်း သူ့ကိုယ်ပိုင် ဓမ္မလက်နက်များ အဆင်သင့် ရပြီး အခြား တစ်ဖက်က ကြည့်ပါကလည်း ရိုးရိုးဓမ္မလက်နက်များကို ဖန်တီးသည့် လုပ်ငန်းစဥ်ကို လေ့ကျင့်ကြည့်နိုင်သည် မဟုတ်ပါလား။
ဝမ်ပေါင်လဲ့က ဆုံးဖြတ်ပြီးနောက် ရှဲ့ဟေးရန်ကို ဆက်သွယ်ကာ လက်နက်သန့်စင်ရန်အတွက် ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို လဲလှယ်ရန် ပြောလိုက်သည်။ ဤပစ္စည်းများမှာ သာမန်လူသုံးများသည့် ပစ္စည်းများသာ ဖြစ်သော်လည်း ဝမ်ပေါင်လဲ့မှာ ပမာဏများစွာ လိုအပ်နေသောကြောင့် ဈေးမှာ မနည်းလှပေ။ သို့သော် သူ့မှာ ဝိညာဥ်ကျောက်တုံး အများအပြား ရှိပြီး မလောက်ပါကလည်း ဝိညာဥ်အမြုတေများဖြင့် လဲလှယ်နိုင်သည်။ မည်သို့ပင် ဖြစ်စေ ဝိညာဥ်အမြုတေများမှာ ဝိညာဥ်ကျောက်တုံးများထက်ပင် ပို၍ တန်ဖိုးကြီးသည်။
မကြာမီ ရှဲ့ဟေးရန်က ပစ္စည်းများ အားလုံးကို ပို့ပေးလိုက်ရာ ဝမ်ပေါင်လဲ့သည် နောက်ပိုင်းရက်များတွင် ဝိညာဥ်ဒယ်အိုးဂူထဲတွင် ဓမ္မလက်နက်များကို သီးခြား သန့်စင်နေခဲ့သည်။
သူ သန့်စင်သည့် ပထမဆုံး ပစ္စည်းမှာ အစွမ်းထက် အော်လံကြီးတစ်ခု ဖြစ်သည်။ ဝမ်ပေါင်လဲ့က အော်လံကြီးကို သန့်စင်ကာ စမ်းသုံးကြည့်လိုက်ရာ အလန့်တကြား ဖြစ်သွားရသည်။ ဆူညံနေသည့် နေရာမှာ သုံးလျှင်ပင် ဤအော်လံကြီးမှာ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းနိုင်သည်။
သူက ထိုအော်လံကြီးကို သဘောကျလွန်းသဖြင့် မခွဲနိုင်အောင် ဖြစ်နေသည်။ မကြာမီ သူသည် အခြားသော ဓမ္မလက်နက်များကို စတင်သန့်စင်လိုက်သည်။ ၎င်းတို့ထဲတွင် လူများကို ထောင်ချောက်ဆင်နိုင်သည့် ကြိုးတစ်ချောင်းနှင့် ဓါးပျံအတော်များများ ပါဝင်သည်။ သို့သော် ထိုဓါးပျံများမှာ ခရမ်းရောင်ဓါးကို မမီပေ။
ထို့နောက် သူသည် ခုခံရေးဓမ္မအဆောင်တချို့ လိုအပ်နေသည်ဟု ခံစားရသည်။ သို့ဖြင့် သူ၏ တာအိုကျောင်းသားခေါင်းဆောင် ဝတ်ရုံထဲသို့ မရေမတွက်နိုင်သော ကမ္ဗည်းစာများ ရေးဆွဲထည့်သွင်းကာ ဝိညာဥ်ကျောက်တုံး အများအပြား ထည့်လိုက်သည်။ ထို့ပြင် ဝတ်ရုံနှင့် ပေါင်းစပ်နိုင်သည့် အခြားသော ပစ္စည်းများကိုလည်း ထည့်သွင်းကာ ခက်ခက်ခဲခဲဖြင့် တာအိုဝတ်ရုံမှ ဓမ္မအဆောင်တစ်ခု ဖန်တီးလိုက်သည်။
သို့သော်လည်း သူ အရေအတွက် အများဆုံး ဖန်တီးသည်မှာ တံဆိပ်တော်များ ဖြစ်သည်။ ဤသည်မှာ အဓိကအားဖြင့် ဝိညာဥ်အမြုတေများ ဖန်တီးရန် စတင်လေ့ကျင့်စဥ်က တံဆိပ်တော်အချုပ်အနှောင်များကို သူ အထူး နှစ်ခြိုက်သွားသောကြောင့် ဖြစ်သည်။ အဆင့်မြင့်တံဆိပ်တော်များကို မဖန်တီးနိုင်သေးသော်လည်း များများ ရှိထားခြင်းက အကျိုးများပေသည်။
လွယ်ကူရိုးရှင်းသည့် ဓမ္မလက်နက်များ ဖန်တီးရာတွင် လက်ရည်တက်လာသောကြောင့် ဝမ်ပေါင်လဲ့သည် အဆင့်မြင့်ကျွန်းမှ လျှို့ဝှက်နက်နဲသည့် ဦးထုပ်ပိုင်ရှင်အတွက် ခုခံအရုပ်တစ်ရုပ် ဖန်တီးပေးရန် တွေးလိုက်မိသည်။
‘ အဲဒီလို အရုပ်က တော်တော် အစွမ်းထက်ပုံပဲ၊ ငါလည်း အဲဒီလို အရုပ်မျိုးကို သက်တော်စောင့်၊ ကင်းစောင့်၊ ဒါမှမဟုတ် ရေနွေးကြမ်း နှပ်ပေးဖို့ပဲဖြစ်ဖြစ် သုံးလို့ရအောင် ငါ့အတွက် နည်းနည်းလောက် လုပ်ထားရမယ်… ‘
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီး အရုပ်များမှာ အလွန် အသုံးဝင်သည်ဟု ခံစားရကာ အချိန်တိုင်း အရုပ်များ ဖန်တီးရန် ကြိုးပမ်းနေတော့သည်။
ထို့အပြင် ၎င်းအရုပ်များမှာ သူကိုယ်တိုင် သုံးရန် ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့သည် အရုပ်များထဲသို့ ထပ်ထည့်ရန် ရှဲ့ဟေးရန်ဆီမှ ကုန်ကြမ်းအမြောက်အများ ထပ်ဝယ်ခဲ့သည်။ ထိုသို့ဆိုလျှင် သူပေးလိုက်သည့် အရုပ်ထက် အဘက်ဘက်မှ ပိုမိုကောင်းမွန်သည့် အရုပ်များ ထွက်လာမည် ဖြစ်သည်။
သူ ဖန်တီးထားသည့် အရုပ်များမှာ အမျိုးစုံလှသည်။ သားရဲကဲ့သို့ အရိုင်းဆန်ဆန် အရုပ်များ ရှိသကဲ့သို့ အိမ်အကူ အမျိုးသမီးပုံစံ အရုပ်များလည်း ရှိသည်။
နောက်ဆုံးတွင် သူဖန်တီးထားသည့် အရုပ်ရှစ်ရုပ်ကို ကျေနပ်စွာ ကြည့်လိုက်သည်။ တိုက်ပွဲစွမ်းအားအရာတွင် ဤအရုပ်ရှစ်ရုပ်မှာ သက်တံ့ ဝိညာဥ်ကျောက်တုံးများဖြင့် ထောက်ကန်ထားသည်ဖြစ်၍ ကမ္ဗည်းစာများကို ပိုမို လက်ခံနိုင်စွမ်းရှိသည်။ သူတို့အားလုံး၏ စွမ်းအင်များကို နှိုးဆော်လိုက်ချိန်တွင် ဤအရုပ်များသည် ပြီးပြည့်စုံသော သွေးချီအဆင့်မှ စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်သည်။
တောင့်တင်းကြံ့ခိုင်မှုတွင် ဝမ်ပေါင်လဲ့က အဖိုးတန် ပစ္စည်းများကို ပေါင်းစပ် ထည့်သွင်းထားသဖြင့် ဖွံ့ထွားသွေးကြောအဆင့် သိုင်းသမားများပင် ၎င်းတို့ကို တခဏအတွင်း မဖျက်ဆီးနိုင်ပေ။
‘ ငါ ကုန်ကြမ်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး သိပ်မသိသေးတာ ဆိုးတာပဲ၊ မဟုတ်ရင် ကုန်ကြမ်းပစ္စည်းတွေအလိုက် ကမ္ဗည်းစာတွေ ငါ ရေးထိုးနိုင်ခဲ့ရင် ဖွံ့ထွားသွေးကြောအဆင့်ထက်တောင် ပိုမြင့်တဲ့ အရုပ်တွေ ဖန်တီးနိုင်လောက်တယ်… ‘
ဝမ်ပေါင်လဲ့သည် သူ့ရှေ့မှ အရုပ်များကို အနည်းငယ် အားမရဖြစ်ကာ ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့သည် မည်သို့ တိုးတက်အောင် လုပ်ရမည်ကို စဥ်းစားနေစဥ်မှာပင် လျှိုတောက်ပင်း၏ အသံကို အသံလွှင့်လက်စွပ်မှ တစ်ဆင့် ကြားလိုက်ရသည်။
“ ကျောင်းသားခေါင်းဆောင်၊ မနက်ဖြန်က တာအိုကျောင်းရဲ့ ပိတ်ရက်လေ၊ ကျွန်တော် တုမင်၊ ကျိုးရှောင်ရ၊ ချန်းကျစ်ဟန်နဲ့ တခြားသူငယ်ချင်းဟောင်းတွေကို ဆက်သွယ်ထားတယ်၊ ကျွန်တော်တို့အားလုံးက ဇာမဏီမြို့တော်ကပဲဆိုတော့ အတူတူပြန်ကြမလား”