အပိုင်း (၈၉၈)

အပျက်အစီးနယ်မြေသို့

လျူကလန်မှ လူများအားလုံး၏ အာရုံက အသံလာရာ ဘက်သို့ ရောက်သွားကြသည်။

သူတို့က ငယ်ရွယ်ကာ ချောမောသော လူငယ် တစ်ယောက်အား မြင်ကြ၏။ ထိုလူငယ်မှာ ကိုယ်ရောင် ကိုယ်ဝါကို ထိန်းချုပ် ကွယ်ဝှက်ထားဟန် ရသော်လည်း လူတိုင်းက သူ၏ သာလွန် ကောင်းမွန်သော ဖြစ်တည်မှုကို သတိထားမိ ကြပေ၏။

လျူကလန်၏ မိသားစုခွဲတစ်ခု ဖြစ်သော လျူယွန်က သူ၏ သားသမီးများ အတွက် ဆရာတစ်ယောက် ရှာတွေ့ခဲ့သည်ဟု လူအများက ပြောကြ၏။ ထိုဆရာမှာ သည်လူငယ် ဖြစ်နိုင်ပေသည်။

ရီဖူရှင်း၊ လျူယွန်နှင့် လျူယွီတို့က လျူချိန်၏ဘေးသို့ လျှောက်လာခဲ့ကြ၏။ သူတို့သုံးယောက်၏ မျက်နှာများက တင်းမာ နေကြသည်။ သူတို့က ဖြစ်ပျက်ခဲ့သမျှအား မြင်တွေ့ခဲ့ကြပေသည်။ လျူယွမ်က လျူချိန်အား တမင် ရန်စစော်ကားကာ ရန်ပွဲအား အစပျိုးခဲ့ပြီး လျူယွမ်၏ဆရာဖြစ်ဟန်တူသူက ဝင်ရောက် စွက်ဖက်ခဲ့သည်။

သူ၏ အပြုအမူများ မှာလည်း ဂုဏ်သိက္ခာ မရှိခဲ့ပေ။ သူကား လျူချိန်၏ တိုက်ခိုက်မှုကို တားဆီးခဲ့သော်လည်း လျူယွမ်၏ တန်ပြန်တိုက်ခိုက်မှုကို တားဆီးခဲ့ခြင်း မရှိရာ အကျိုးဆက်အားဖြင့် လျူချိန်အား ဒဏ်ရာရစေခဲ့၏။

သူကား သူ၏သားတပည့်ကို ကာကွယ်ရုံမျှမကဘဲ သွယ်ဝိုက်သောအားဖြင့် လျူချိန်ကို ထိခိုက်စေခဲ့သည်မှာ ထင်ရှားပေသည်။ ပုံမှန်အားဖြင့် လူငယ်များအကြား ခိုက်ရန် ဖြစ်ပွားမှုတွင် ကြီးမားသော ဘေးအန္တရာယ် မရှိဘဲ ရှီတန်ခိုးရှင် တစ်ပါးက ဝင်ရောက် စွက်ဖက်စရာ အကြောင်း မရှိပေ။

ထိုလူကြီး၏ နာမည်မှာ ရန်လူဖြစ်ကာ လျူကလန်ဝင် တစ်ယောက် မဟုတ်ပေ။ သို့သော် သူကား ကမ်းပါးမြို့သား တစ်ယောက်ဖြစ်၏။ သူ့အား လျူယွမ်၏ အကြီးအကဲများက လျူယွမ်ကို သင်ကြားပေးရန် ငှားရမ်းထားခြင်း ဖြစ်ပေသည်။

ရန်လူသည်လည်း ဤတစ်ခေါက် ခရီးကို လိုက်ပါမည် ဖြစ်သည်။

ရန်လူ၏ အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ တစ်ဖက်လူ၏ အကြည့်ကို မြင်လျှင် သူက ပြုံးလျက်မေးသည်… “မင်း တပည့်လား…”

“အမှန်ပဲ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကျုပ်ပြောခဲ့တာနဲ့ ပတ်သက်ပြီး မင်းမှာ ပြဿနာရှိလား…” ရန်လူက မေးသည်။

“ပြဿနာရှိတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဘာပြဿနာလဲ…” ရန်လူက ရယ်မောလျက် ပြန်ထပ်မေး၏။

“ခင်ဗျားက အစောကြီး ရောက်လာခဲ့တယ် … ဒါပေမဲ့ ခင်ဗျားတပည့် မရှုံးနိမ့်ခင်အထိ ရန်ပွဲကို မတားခဲ့ဘူး … ခင်ဗျား တပည့်ရှုံးတော့မှ လျူချိန်ကို တားခဲ့တယ် … ဒါပေမဲ့ ခင်ဗျားတပည့်က တန်ပြန် တိုက်ခိုက်တာ ကိုတော့ မတားခဲ့ဘူး … ဒါကြောင့်ပဲ အနိုင်ရတဲ့သူက ရှုံးနိမ့်တဲ့သူ လက်ချက်ကြောင့် ဒဏ်ရာရခဲ့တယ် … ခင်ဗျားရဲ့ လုပ်ရပ်က ဂုဏ်သိက္ခာ မရှိဘူး … ခင်ဗျားက တခြားလူတွေကို သင်ပေးဖို့ အဆင့်မမှီဘူး…” ရီဖူရှင်းက အေးဆေး တည်ငြိမ်စွာ ပြောသော်လည်း အေးစက်သော အငွေ့အသက်များ ပါဝင်နေသည်။

ရန်လူက မှားယွင်းသောလူဖြစ်ရာ သူ့တွင် တခြားလူကို သင်ပေးရန် အဆင့်မရှိကြောင်း ရီဖူရှင်းက ပြောသည်။ သည်ကိစ္စတွင် မှားသည် မှန်သည် မရှိပေ။

ပြဿနာအား ပိုမိုသောလူများက စိတ်ဝင်စား လာခဲ့ကြသည်။ ရန်လူကား လျူကလန် အတွင်း၌ အတွင်စည်း အကြီးအကဲ တစ်ယောက် မဟုတ်သော်လည်း သူကား ရှီတန်ခိုးရှင် တစ်ယောက် ဖြစ်၏။

လျူရှီနှင့် လျူစီရွှမ်တို့ပင် ပြဿနာ ဖြစ်ပွားရာနေရာသို့ လှမ်းကြည့် နေကြသည်။

ရန်လူက သူ့ရှေ့မှ လူငယ်ကို ကြည့်၏။ သူ၏ မျက်လုံးထဲတွင် ဒေါသထွက်သော အရပ်အယောင် စိုးစဉ်းမျှ မရှိပေ။ သူက ပြုံးလျက် ပြောသည်… “ခုနက ဘာပြောလိုက်တာလဲ…”

“ခင်ဗျား စမ်းကြည့်ချင်လား…” ရီဖူရှင်းက ထပ်ပြောသည်။

“ကောင်းတယ်…” ရန်လူက ခေါင်းညိတ်ကာ လေထဲကို ခုန်တက်၏။

“လှံပညာကိစ္စက ဒီလောက်အထိ ရေးကြီးခွင့်ကျယ် လုပ်နေစရာ မလိုပါဘူး … ဒီနေရာက အဆင်ပြေတယ်…” ရီဖူရှင်းက ထိုသို့ ပြောသည်တွင် ရန်လူကား စက္ကန့်ပိုင်းမျှ မှင်တက် သွား၏။

“အစ်ကိုရီ … သူက ရှီတန်ခိုးရှင်ပဲ…” လျူချိန်က ရီဖူရှင်း၏ နောက်နားကို ကပ်လာကာ တီးတိုး ပြောသည်။

“လျူချိန်… မင်းရဲ့ တန်ခိုးအဆင့်မှာ ကောင်းကင်နှင့် မြေကြီးတို့ရဲ့ စွမ်းအားကို ပိုနားလည်အောင် ကြိုးစား သင့်တယ်လို့ ပြောခဲ့တယ် … ဒါပေမဲ့ တိုက်ခိုက်ရေး ပညာရပ်တွေကလည်း အသုံးမဝင်တာတော့ မဟုတ်ဘူး … ပညာရပ်တစ်ခုကို အဆုံးစွန်အထိ လေ့ကျင့်တဲ့အခါ အဲဒီပညာရပ်က လောကဓာတ်အဖြစ် ပြောင်းလဲ သွားနိုင်တယ်… သေသေချာချာ ကြည့်…” ရီဖူရှင်းက လက်ဆန့်တန်း လိုက်လျှင် သူ၏လက်ထဲ၌ လှံရှည်တစ်လက် ပေါ်လာသည်။

လျူချိန်က လေးနက်စွာ ခေါင်းညိတ်သည်။

ရီဖူရှင်း၏ လှုပ်ရှားမှုကို မြင်သည်တွင် ရန်လူ၏နောက်၌ ကြီးမားသော ရေနဂါးတစ်ကောင် ပေါ်လာ၏။ သူ၏ သက်စောင့်ဝိညာဉ်မှာ ရေနဂါး ဖြစ်သော ကြောင့်လည်း အကြီးအကဲများက သူ့အား လျူယွမ်၏ ဆရာအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ရန်လူအား ပြင်းထန်သော လောကဓာတ်များ လှည့်ပတ် စီးဆင်းလာသည်။ သူကား အလယ် အလတ် အဆင့် ရှီတန်ခိုးရှင် ဖြစ်၏။

“စပါ…” ရန်လူက ပြောသည်။

ရီဖူရှင်းထံမှ သိသာ ထင်ရှားသော ကိုယ်ရောင်ကိုယ်ဝါ ထွက်လာခြင်း မရှိရာ သူ၏ တန်ခိုးအဆင့်ကို ခန့်မှန်းရန် မလွယ်ပေ။ သို့သော်လည်း လောကဓာတ်များမှာ လှံရှည်ကို စီးဆင်းလာကြကာ ရန်လူနှင့် တူညီသော စွမ်းအားများကို ခံစားမိကြရသည်။

လေပြင်းတစ်ချက် ရိုက်ခတ် သွားသည်ဟု ထင်ရကာ ရီဖူရှင်းက သူ၏နေရာမှ ပျောက်ကွယ်သွားပြီး ရန်လူ၏ရှေ့၌ လှံရှည်တစ်လက် ဖြစ်ပေါ်လာကာ ထိုးနှက် တိုက်ခိုက်လာသည်။ လှံချက်ကား လျူချိန်၏တိုက်ကွက်နှင့် အလွန် ဆင်တူပေသည်။

သို့သော်လည်း လှံချက်ကား ဆင်တူခြင်းမျှသာ ဖြစ်သည်။

လှံရှည်က ရန်လူ၏အနီးကို ရောက်လာသောအခါ ကောင်းကင်နှင့် သက်ဆိုင်သော စွမ်းအားတစ်ခု ဆင်းသက်လာဟန် ရပြီး လှံရှည် ပုံရိပ်များစွာက နေရာပေါင်းစုံမှ ထိုးနှက်လာခဲ့ကြကာ ရန်လူရှိနေရာအား ဖိနှိပ်ကြသည်။

ဖိနှိပ်ခြင်း လောကဓာတ်…။

ပြင်းထန်သော လောကဓာတ်များတွင် ကျွမ်းကျင်သော ရီဖူရှင်းက လှံရှည်အား လောကဓာတ်အဖြစ် ပြောင်းလဲခဲ့၏။

လျူချိန်၏ မျက်လုံးများက ရီဖူရှင်း ထုတ်လွှတ်လိုက်သော လှံချက်အား မမှိတ်မသုန် ကြည့်နေသည်။ သူ၏ အသက်ရှူခြင်းကလည်း ရပ်တန့်သွားဟန် ရသည်။ သူ၏မျက်လုံးထဲတွင် လှံရှည်ပုံရိပ်များသာ ရှိသည်။

လှံချက်အောက်တွင် ကြီးမားသော ရေနဂါးကား ဖိနှိပ်ခံရ၏။ နဂါးကြီးက အော်ဟစ် ရုန်းကန်သည့်တိုင် လောကဓာတ်များကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။ ကြောက်မက်ဖွယ် အားလှိုင်းတစ်ခု ရိုက်ခတ်သွားကာ ပရိသတ်များ ကိုယ်တိုင်က အသက်ရှူကျပ် လာသလို ခံစားကြရ၏။

သို့သော်လည်း ထိုအခိုက် အတန့်တွင်ပင် ရန်လူကား အဝေးကို လွင့်စဉ် သွားတော့သည်။

လှံရှည် တစ်ချက်မျှသာ…။

လျူယွမ်ကား ဖိအားလှိုင်းကြောင့်ပင် မြေကြီးပေါ်၌ ပြားကပ် သွားသည်။ သူက ရီဖူရှင်းကို ကြည့်ကာ အကြီးအကျယ် တုန်လှုပ်ရ၏။ သူက အရူးဟုခေါ်သော တစ်ယောက်မှာ သူ့ဆရာအား လှံချက်တစ်ချက်မျှဖြင့် အနိုင်ယူခဲ့သည်။

သည်တိုက်ပွဲ ပြီးနောက်တွင် သူ၏ဆရာကား သေချာပေါက် ကမ်းပါးမြို့မှ ထွက်သွားတော့မည်မှာ သေချာပေသည်။

ရီဖူရှင်းက လျူယွမ်အား မကြည့်ပေ။ သူက လျူချိန် ရသင့်သည့် အရာတစ်ခုကို ပြန်ယူပေးသည် ဟုသာ သဘောထားသည်။ ထို့အပြင် သူက အပျက်အစီး နေရာသို့ သွားရန် အကဲဖြတ် စစ်ဆေးခံရန်လည်း လိုအပ်မည် မထင်တော့ပေ။

ရီဖူရှင်းက လျူချိန်ထံသို့ လျှောက်လာသည်။ လျူချိန်၏ မျက်နှာကား စိတ်လှုပ်ရှားခြင်းကြောင့် သွေးရောင်များ လွှမ်းနေသည်။

“အစ်ကိုရီ…” လျူရန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ခေါ်သည်။

တစ်ကွက်တည်းဖြင့် အစ်ကိုရီကား ရန်လူကို တိုက်ခိုက် အနိုင်ယူခဲ့သည်။

“ကောင်းကောင်း လေ့ကျင့် … အနာဂတ်မှာ မင်းလည်း ငါ့လို ဖြစ်လာလိမ့်မယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“အင်း…” လျူချိန်က လေးနက်စွာ ခေါင်းညိတ်သည်။

ရန်လူက တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။ လျူကလန်လူများက မည်သို့မှ ထူးခြားဟန် မရဘဲ ဆက်လက်၍ စကား ပြောဆိုနေကြသည်။ သူတို့အတွက်မူ သည်ကိစ္စက ထိုမျှ အရေးမပါပေ။ မည်သို့ဆိုစေ လျူကလန်ကား ကြီးမားလွန်းကာ လျူယွမ်ကား မိသားစုခွဲမှ သားတစ်ယောက်သာ ဖြစ်သည်။

“ဒါက ခင်ဗျားကို ထိခိုက်စေမလား…” ရီဖူရှင်းက လျူယွန်ကို မေးသည်။ ထိုသို့ဖြစ်လျှင် သူက အဆင်ပြေအောင် ကူညီပေးလိုပေသည်။

“မဖြစ်ပါဘူး… ကျုပ်တို့က လျူကလန် မိသားစုဝင်တွေပဲကို … ဒီလောက် အချေအတင် ဖြစ်တာက ပြဿနာ မဟုတ်ပါဘူး… လျူယွီ ကိုယ်တိုင်ကလည်း ကလန်ထဲမှာ အရေးပါတဲ့နေရာမှာ ရှိပါတယ်…” လျူယွန်က ပြန်ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ဘာမှ မပြောတော့ပေ။

သိပ်မကြာခင် လူတစ်ယောက်က လျူယွီထံသို့ ရောက်လာကာ ရီဖူရှင်းအား သူတို့နှင့်အတူ လိုက်ခွင့်ပြုသည့် အကြောင်း ပြောခဲ့သည်။

သူတို့အားလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်း နေခဲ့ကြသည်။ နောက်ဆုံးတွင် ကောင်းကင်ထက်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ဆင်းသက် လာကြသည်။ သူတို့အားလုံးက ငွေရောင်ဝတ်စုံများကို ဝတ်ဆင် ထားကြကာ လှပခန့်ညားနေကြ၏။

“ကြိုဆိုဖို့ ပြင်ဆင်ကြ…” လျူကလန် ခေါင်းဆောင်က ရှေ့ကို တက်သွားကာ လေထဲကို ပျံတက်သွားသည်။ သူ့ဘေးမှ လူရှီနှင့် လျူစီရွှမ်တို့လည်း သူ့နောက်မှ လိုက်ပါ သွားကြကာ တစ်ဖက်မှ ရောက်လာ သူများအား ကြည့်နေကြသည်။

ကောင်းကင်ထက်၌ အလင်းတန်းများ ဆင်းသက် လာကြသည်။ ပင်လယ်နန်းတော်မှ တန်ခိုးရှင်များက လျူကလန်အပေါ် ကောင်းကင်ထက်၌ နတ်ဘုရားများ သဖွယ် ရောက်လာကြ၏။

“လျူကလန်ကလူတွေ… တော်ဝင်မြေက ဧည့်သည်တွေကို ကြိုဆိုကြ…” လျူကလန် ခေါင်းဆောင်က ဦးညွှတ်ကာ နှုတ်ဆက်သည်တွင် မြေပြင်မှ လူများကလည်း ဦးညွှတ် နှုတ်ဆက်ကြသည်။

မရေမတွက်နိုင်သော လူများမှာ အလွန်အမင်း စိတ်လှုပ်ရှား ကြသည်။ သူတို့အတွက် တော်ဝင်မြေမှ လူများမှာ လက်တွေ့ မြင်တွေ့ရန် မလွယ်ကူပေ။

ယခု သူတို့က တော်ဝင်မြေမှ လူများ ကောင်းကင်ထက်မှ ကြီးမြတ်သော အရှိန်အဝါများဖြင့် ဆင်းသက် လာခဲ့ကြသည်။

“သက်သက်သာသာ နေကြပါ…” ပင်လယ်နန်းတော် အုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန်တူသူက ထူးမခြားနားစွာ​ မေးသည်… “လျူရှီနဲ့ လျူစီရွှမ်တို့က ဘယ်မှာလဲ…”

လျူရှီနှင့် လျူစီရွှမ်တို့ ရှေ့ကို ထွက်လာကြသည်တွင် ပင်လယ်နန်းတော်မှ လူများက စိတ်ကျေနပ်ဟန်ဖြင့် ပြောသည်… “အခုအချိန်ကစပြီး မင်းတို့နှစ်ယောက်က ပင်လယ်နန်းတော်ရဲ့ တန်ခိုးရှင်တွေ ဖြစ်သွားပြီ … နေရာကို ပြန်လာပါ…”

“ကျေးဇူးတင်ပါတယ် … အကြီးအကဲ…” သူတို့နှစ်ယောက်က ဦးညွှတ်ကြကာ ပင်လယ် နန်းတော်မှ တန်ခိုးရှင်များ အကြားသို့ လျှောက်သွား လိုက်ကြသည်။

လျူကလန်မှ လူများအားလုံး၏ မျက်လုံးများက ကောင်းကင်ထက်ကို ရောက်လာကြသည်။ သူတို့နှစ်ယောက်ကား ပင်လယ်နန်းတော် တန်ခိုးရှင်များ အကြားတွင် လိုက်လျောညီထွေစွာ ရပ်နေသည်မှာ မူကလတည်းက တော်ဝင်မြေပါရမီရှင်များ ဖြစ်ခဲ့သည့် အတိုင်းဟု တွေးထင် ရနိုင်ပေသည်။

“အနာဂတ်မှာ ကျုပ်လည်း တော်ဝင်မြေ တစ်ခုမှာ လေ့ကျင့်နိုင်ရမယ်…” လျူချိန်ကလည်း တက်ကြွစွာ ပြောသည်။ ဘေးမှ လျူယွီနှင့် လျူရန်တို့လည်း စိတ်အား ထက်သန်သော မျက်လုံးများဖြင့် ကြည့်ကြသည်။ တော်ဝင်မြေကား တန်ခိုးရှင်တိုင်း၏ အိပ်မက် ဖြစ်ပေသည်။

ရီဖူရှင်းက လူအုပ်ထဲတွင် ရပ်ကာ အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေသည်။ ပြင်ပလောကတွင် တော်ဝင်မြေ၏ လွှမ်းမိုးမှုများမှာ သူထင်ထားသည်ထက် အားကောင်း နေပေသည်။

တော်ဝင်ကျဲနန်းတော်၏ ခေါင်းဆောင်ဖြစ်သော သူ့အတွက်မူကား မည်သို့မှ ထူးထူးခြားခြား မခံစားရပေ။

“သွားရအောင်…” ပင်လယ်နန်းတော်မှ လူများက သည်နေရာတွင် အချိန်ကြာကြာ နေလိုဟန် မရကြပေ။

လျူကလန် ခေါင်းဆောင်က သူ့လူများအား လက်ဝှေ့ယမ်း ပြသည်တွင် လူတစ်စု ကောင်းကင်ထက်ကို ပျံတက်သွားသည်။ ထိုအုပ်စုက ပင်လယ်နန်းတော်မှ လူများနှင့်အတူ အပျက်အစီးနယ်မြေကို သွားမည် ဖြစ်သည်။

“အဖေ … သမီးသွားတော့မယ်…” လျူယွီက လျူယွန်အား ကြည့်ကာ ပြောသည်။

လျူယွန်က သူ၏သမီးအား ကြည့်သည်။ သူက တားလျှင်လည်း မည်သို့မှ မထူးခြားသည်ကို သိသည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “လမ်းမှာ ကျုပ်သမီးကို ဂရုစိုက်ပေးပါဦး…”

“ကျုပ်က အကောင်းဆုံး ကြိုးစားပေးပါ့မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အစ်ကိုရီက ပြန်လာမှာလား…” လျူရန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူတို့က တစ်လခန့် ကာလမျှသာ သိကျွမ်း ရင်းနှီးခဲ့ကြသော်လည်း နှုတ်ဆက်ခြင်းကား ခက်ခဲနေဆဲ ဖြစ်သည်။

“နောက်ပိုင်း အခွင့်အရေးရှိရင် မင်းတို့ကို လောကကြီး အပြင်ဘက်ကို လျှောက်ကြည့်ဖို့ လာခေါ်ပေးမယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

သူတို့နှစ်ယောက်က ခေါင်းညိတ် ကြသည်။

“သွားကြမယ်…” ရီဖူရှင်းက လျူယွီအား ကြည့်ကာ ပြောပြီး လေထဲကို ပျံတက် သွားကြသည်။ သူ၏ လက်ထဲတွင် ငွေရောင်မျက်နှာဖုံး တစ်ခုပေါ်လာပြီး သူ၏မျက်နှာတွင် ကပ်လိုက်သည်။

ပင်လယ်နန်းတော်မှ သူ့မျက်နှာကို မြင်ဖူးသူ အနည်းငယ်မျှသာ ရှိသော်လည်း သူက ကြိုတင်ပြင်ဆင် ထားခြင်းက မမှားပေ။ ထို့ကြောင့် သူက သည်အချိန်အခါ အတွက် ကြိုတင်ပြင်ဆင် ထားသော မျက်နှာဖုံးအား တပ်လိုက်ခြင်း ဖြစ်သည်။

“ဒါက ဘာကို ဆိုလိုတာလဲ… အစ်ကိုရီ…” လျူယွီက စိတ်ဝင်စားစွာ မေးသည်။

“အပြင်လောကကို စွန့်စား သွားလာတဲ့အခါ ရန်မီးပွားတာ သဘာဝပဲ … ကျုပ်မျက်နှာကို မမှတ်မိစေချင်ဘူး…” ရီဖူရှင်းက ပြောသည်။

“နားလည်ပါပြီ…” လျူယွီက ခေါင်းညိတ်သည်။

မကြာမီ သူတို့အုပ်စုက ပင်လယ် နန်းတော် တန်ခိုးရှင်များ၏ ဦးဆောင်မှုဖြင့် ကောင်းကင်သို့ တိုးဝင် ပျောက်ကွယ် သွားကြတော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset