ရှဲ့ဟေးရန်ကို ပြန်လွှတ်ပြီးနောက် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလွန်းသောကြောင့် ပင်ပန်းနေသည်များပင် ပျောက်သွားရသည်။ ချက်ချင်းပင် ဦးထုပ်အနီကိုယူကာ စစ်ဆေးကြည့်လိုက်သည်။ ဉီးထုပ်ပေါ်တွင် မြင်သာရုံလေးသာ ရှိသည့် အမှတ်အသားသုံးခုကို တွေ့သောအခါ ဝမ်ပေါင်လဲ့ မျက်လုံးများ ပြူးထွက်လာသည်။
လက်နက်အမှတ်အသား သုံးခု…. ဝမ်ပေါင်လဲ့မှာ အံ့ဩတကြီး ဖြစ်သွားသည်။ ချီအားဖြည့်ပညာရပ် ဒုတိယတွဲကို အမြန်ထုတ်ကာ ဓမ္မလက်နက်များကို မိတ်ဆက်ထားသည့် စာမျက်နှာသို့ လှန်ကြည့်လိုက်သည်။ ဂရုတစိုက် တိုက်စစ်ပြီးနောက် သူ့မျက်လုံးများ အရောင်လက်သွားလေသည်။
‘ ဒါက တကယ်ကြီး နတ်ဘုရား ရတနာပဲ … ‘
ချီအားဖြည့်ပညာရပ် ဒုတိယတွဲ၏ မိတ်ဆက် ရှင်းလင်းချက်အရ ဤသို့သော အမှတ်အသားမျိုးမှာ လက်နက်အမှတ်အသားဖြစ်သည်။ ပထမအဆင့်၊ ဒုတိယအဆင့် ဓမ္မအဆောင်များတွင် ထိုသို့သော အမှတ်အသားမျိုး မရှိပေ။ သို့သော် တတိယအဆင့် ဓမ္မအဆောင်များက နတ်ဘုရား ရတနာများ ဖြစ်လာချိန်တွင် ထိုအမှတ်အသားများ ပေါ်လာခြင်း ဖြစ်သည်။
သူ့လက်ထဲတွင် နတ်ဘုရား ရတနာတစ်ပါး ကိုင်ထားရကြောင်း သိသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ဝိတ်ကျရန် ပိုမို စိတ်ချသေချာသွားသည်။ ချက်ချင်းပင် အသုံးပြုနည်းများကို လေ့လာကြည့်ပြီး ဦးထုပ်ကို ဆောင်းလိုက်သည်။
‘ ဒီနတ်ဘုရား ရတနာကတော့ အစွမ်းထက်မှာပါ … ‘ ဝမ်ပေါင်လဲ့မှာ ရုတ်တရက် စိတ်မချ ဖြစ်လာသည်။ သို့သော်ငြား သူသည် ဤဦးထုပ်ကို ကြေးကြီးကြီး ပေးထားရသည့်အပြင် နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရင်တဒိန်းဒိန်း ခုန်လာပြီး စိတ်လှုပ်ရှားလာသည်။
အသက်ကို ပြင်းပြင်းရှူကာ အံကို ကြိတ်ပြီး ဝမ်ပေါင်လဲ့သည် ဝိညာဥ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ လှည့်ပတ်စေလိုက်ပြီး ဦးထုပ်ထဲသို့ ပေါင်းစပ်လိုက်သည်။ ဝမ်ပေါင်လဲ့သည် ဦးနှောက်ထဲ၌ အုန်းခနဲ ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။ မြင်ကွင်းများ ဝေဝါးသွားပြီး သေချာမကြားရသော်လည်း အသံတစ်သံက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည့်အလား ခံစားလိုက်ရသည်။
လမ်းညွှန်ချက်များအရ ဝမ်ပေါင်လဲ့သည် ယခုအခိုက်အတန့်တွင် သူ့ဦးနှောက်ကို လှည့်စားရန်အလို့ငှာ အမိန့်ပေးရန် လိုအပ်ကြောင်း သိထားသည်။
“ ငါ သုံးလလုံးလုံး ဘာမှ မစားရသေးဘူး ”
ဝမ်ပေါင်လဲ့သည် ဦးနှောက်ကို လှည့်စားရန် ခပ်မြန်မြန်ပင် အမိန့်ပေးလိုက်သည်။ ပြောစကား မဆုံးခင် သူ့ခေါင်းထဲ၌ အုန်းခနဲ ထပ်ဖြစ်သွားရာ ရုတ်တရက် မျက်လုံးများ ပြူးသွားသည်။ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အသက်ရှူသံများ မယုံကြည်နိုင်လောက်အောင် မြန်လာသည်။
“ ဗိုက်ဆာလိုက်တာ၊ အား ငါ ဗိုက်ဆာလို့ သေတော့မယ် ”
သူ့အစာအိမ်မှာ ဗိုက်မဆာနေသော်လည်း သူ့အသိစိတ်ထဲတွင် ဆာလောင်နေသည့် ခံစားချက်မှာ ဒီရေ လှိုင်းကဲ့သို့ လွှမ်းမိုးနေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ ထိန်းမရနိုင်လောက်အောင် သိမ့်သိမ့်တုန် လှုပ်ခါသွားသည်ကို သတိထားမိလိုက်သည်။
မြန်ဆန်စွာပင် သူ့မျက်လုံးများမှာ အစိမ်းရောင် ပြောင်းသွားပြီး သူက ဝုန်းခနဲ မတ်တတ်ထရပ်ကာ ချည့်နဲ့စွာ အော်ဟစ်လိုက်သည်။
“ ငါ သည်းမခံနိုင်တော့ဘူး။ ငါ တစ်ခုခု စားမှ ဖြစ်မယ် ”
ဆာလောင်မွတ်သိပ်သည့် ဤခံစားချက်ကြောင့် ဝမ်ပေါင်လဲ့မှာ ရူးမတတ် ဖြစ်နေသည်။ သိုလှောင်လက်ပတ်ကို ချက်ချင်း ဖွင့်ကာ မုန့်များထုတ်ပြီး အငမ်းမရ စားတော့သည်။ စားပြီးသည့်တိုင် သည်းမခံနိုင်လောက်အောင် ဆာနေဆဲ ဖြစ်သောကြောင့် အော်ဟစ်ကာ ရေကို တရှိန်ထိုး မော့ချလိုက်သည်။
သို့တိုင် ဆာလောင်သည့် ခံစားချက်မှာ လျော့နည်းမသွားပေ။ ထိုအစား ပို၍သာ တိုးလာသည်။
‘ မဖြစ်ဘူး။ ငါ ကြိတ်မှိတ်ခံမှ ဖြစ်မယ် … ‘
အဆုံးတွင် ဝမ်ပေါင်လဲ့၏ အော်သံများမှာ မယုံနိုင်လောက်အောင် အားနည်းကာ တိုးတိတ်သွားသည်။ သူ ဗိုက်ဆာလွန်းသဖြင့် နံရံများကို ကုတ်ခြစ်နေရပြီး ဝိညာဥ်စွမ်းအင်ကို တော်တော်လေး သုံးပြီးမှသာ သူကိုယ့်သူ ထိန်းချုပ်နိုင်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီလာသည်နှင့်အတူ သူ့ဦးနှောက်က လချီကာ မစားရသေးဟု မှတ်ယူလိုက်သဖြင့် သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဥ်အဆီများမှာ လျင်မြန်စွာ ပြိုကွဲစ ပြုလာသည်။
ဖြစ်စဥ်တစ်ခုလုံး နောက်ထပ် ငါးမိနစ်ခန့်ကြာအောင် ဆက်ဖြစ်နေသည်။ ဆာလောင်သည့် ခံစားချက်က တဖြည်းဖြည်း လျော့ကျလာသည်နှင့် ဝမ်ပေါင်လဲ့မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ခြေလက်များမှာ နာကျင်ကိုက်ခဲပြီး အားမရှိ ဖြစ်နေသည်။ အသက်ကို မနည်းရှိုက်နေရကာ မြင်ကွင်းတစ်ခုလုံး မှောင်ကျသွားသည်ကို ခံစားလိုက်ရပြီး အတော်လေး ကြာမှ ပြန်သက်သာသွားသည်။ သူသည် ထရပ်ရန် အတော်လေး ကြိုးစားပြီးနောက် သိသိသာသာ ပိန်သွားသော ဗိုက်ခေါက်ကို ကြည့်ကာ စိတ်လှုပ်ရှား တက်ကြွလာပြီး တဟားဟား အော်ရယ်လိုက်သည်။
‘ အလုပ်ဖြစ်တယ်ဟ။ နောက်ဆုံးတော့ အစွမ်းပြပြီကွ ‘
’ နောက်တစ်ခေါက်ကွာ၊ ဒီတစ်ခေါက်တော့ ငါ သုံးနှစ်တောင် အစားမစားရသေးတာ … ‘
ဝမ်ပေါင်လဲ့မှာ အစွမ်းကုန် ကြိုးစားကြည့်ရန် အသင့်ဖြစ်နေသည်။ ဝိတ်ချရန် စိတ်ပိုင်းဖြတ်ထားခြင်းက သူ့ကို ဇွဲရှိကာ ထက်သန်သည့် အရှိန်အဝါများ ထွက်နေစေသည်။ သူက အံကိုကြိတ်ပြီး အမိန့်ပေးလိုက်သည်။ ထိုအခိုက် သူ၏ မြင်ကွင်းများမှာ အမှောင်ကျသွားပြီး ဆာလောင်သည့် ခံစားချက်မှာ ဖော်ပြ၍ပင် မရနိုင်ခြေ။ သူသည် အသံကုန် အော်ဟစ်ပြီးနောက် သတိလစ်သွားလေသည်။
သတိလစ်သွားသော်လည်း သူ့ခန္ဓာကိုယ်မှာ တုန်ရီနေဆဲ ဖြစ်ပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။ သို့ရာတွင် ရလဒ်များမှာ အံ့မခန်းပင်။ သူ့ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင်ကြီးမှာ သိသိသာသာပင် ရှုံ့လာသည်။ ဤသည်မှာ သူ့အမိန့်က သူ့ဦးနှောက်ကို ငတ်သေလုနီးနီးဖြစ်နေသည်ဟု လှည့်စားလိုက်သောကြောင့် ဖြစ်သည်။ သို့ဖြင့် သူ့ဦးနှောက်မှာ ပင်ပန်းစွာ အားထုတ်ရသောကြောင့် ပေါက်ကွဲထွက်သွားသည်။
သူ့ဦးနှောက်၏ ထိန်းချုပ်မှုအောက်တွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဥ်မှာ အဆက်မပြတ် သွားနေပြီး ပိုလျှံနေသည့် ဝိညာဥ်အဆီများကို ဆက်တိုက် ဖြိုခွဲပစ်ကာ သူ့ခန္ဓာကိုယ်အတွက် အသက်ဆက်ရှင်ရန် လိုသည့် အားအင်များကို ထုတ်ပေးနေသည်။
ထိုသို့ဖြင့် တစ်နေ့တာ ကုန်ဆုံးသွားသည်။
နောက်နေ့တွင် ဝမ်ပေါင်လဲ့က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူက ပိန်ချပ်သွားသော ဗိုက်ခေါက်လေးကို အားပျက်စွာ ကြည့်နေစဥ် သူ့ကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာအချုပ်အနှောင်အဆင့်ကို ကျော်လွန်ပြီး ဖွံ့ထွားသွေးကြောအဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့ရာတွင် သူသည် ထင်ထားသည့်အတိုင်း ဝမ်းမြောက်ဝမ်းသာ မဖြစ်မိဘဲ ငရဲကို သွားလိုက်ရသည့်အလား ခံစားနေရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး နေရာစုံ ကိုက်ခဲနေသည်။ အထူးသဖြင့် သူ့ဦးနှောက်မှာ အဆုံးထိ ယောင်ယမ်းနေသည့်အလား ခံစားရသည်။ မြင်ကွင်းများမှာလည်း နှစ်ထပ်ဖြစ်နေပြီး မတ်တတ်ထရပ်ရန်ပင် အားအင်မရှိဘဲ မြေပြင်ပေါ်တွင် လှဲနေရသည်။
“ ဒီဝိတ်ချတာကြီးက…. ကြောက်စရာ ကောင်းလိုက်တာ… “
ဝမ်ပေါင်လဲ့၏ မျက်နှာမှာ ဖြူဖျော့နေကာ နှစ်နာရီကြာအောင် လှဲနေလိုက်ပြီးမှ အားအင် အနည်းငယ် ပြန်ဝင်လာသည်ကို ခံစားလိုက်ရသည်။ သူက အားယူကာ ထထိုင်လိုက်ပြီး နံရံကို မှီကာ သူ့ဗိုက်လေးကို ငုံ့ကြည့်မိသည်။ ထို့နောက် သူ၏ ချောမောလှပသော ရုပ်ပုံကို ပြန်ကြည့်လိုက်သည်။ သို့မှသာ အနည်းငယ် နေသာထိုင်သာ ရှိသွားသည်။
ငါ ပိန်သွားတာနဲ့ ထပ်ပြီးတော့ ဝိတ်မချတော့ဘူး။ ဒီနတ်ဘုရား ရတနာက ငါ့အသက်နဲ့ရင်းပြီး ကစားနေရသလိုပဲ…
ဝမ်ပေါင်လဲ့မှာ ထိတ်လန့် အံ့ဩနေဆဲ ဖြစ်ပြီး ဦးထုပ်ကို အမြန်ချွတ်ကာ ရှဲ့ဟေးရန်ကို ဆက်သွယ်လိုက်သည်။ သူက ဦးထုပ်ကို ပြန်ပေးလိုက်ပြီး ဂူထဲ၌ ပြန်ကောင်းလာသည်အထိ သုံးရက်တိုင်တိုင် ကျင့်ကြံနေသည်။
မှန်ထဲမှ သူ့ကိုယ်သူ ကြည့်နေရင်း အားတက်လာသော ဝမ်ပေါင်လဲ့မှာ ဝိတ်ချခဲ့ရသည့် ဒုက္ခကို မေ့သွားဟန်ဖြင့် တစ်ဖန် တက်ကြွလာပြန်သည်။
ဝိတ်ချတယ်ဆိုတာ ဘာခက်တာမှတ်လို့… ငါ့အတွက်တော့ လွယ်လွန်းနေတယ်…
ဝမ်ပေါင်လဲ့သည် တဟားဟား အော်ရယ်ရင်း မှန်ရှေ့တွင် ပုံစံအမျိုးမျိုး ပြောင်းကာ ပဲများနေသည်။ မှန်ထဲမှ ချောမောလှသည့် သူ့ကိုယ်သူ ကြည့်ကာ ဝမ်ပေါင်လဲ့မှာ ဂုဏ်မောက်စွာဖြင့် ခေါင်းကို မော့ချီထားလိုက်သည်။ မုန့်များကို တဂျွမ်းဂျွမ်း ဝါးစားနေရင်း စိတ်ကျေနပ်မှုအပြည့်ဖြင့် ဂူထဲမှ လျှောက်ထွက်လာသည်။
‘ ကဲ၊ ဒီတစ်ခါတော့ ဓမ္မလက်နက်ဌာနရဲ့ ပြိုင်ဘက်ကင်း အတုမဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်ဖို့ အချိန်ကျလာပြီဟေ့ … ‘
ထိုသို့ ရည်မှန်းချက် အကြီးကြီးဖြင့် ဝမ်ပေါင်လဲ့သည် ဝိညာဥ်အမြုတေခန်းမဆီ အပြေးလျှောက်လာသည်။
သူ့ပုံရိပ်မှာ ဝိညာဥ်အမြုတေ စာသင်ခန်း၌ ပေါ်လာပြီး အခန်းထဲမှ နံရံပြာကြီး ရှေ့ရပ်ကာ စစ်ဆေးမှု စတင်လိုက်ချိန်တွင် ထိုအဖြစ်အပျက်က ဓမ္မလက်နက်ဌာနတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သို့ရာတွင် ယခု စစ်ဆေးမှုမှာ ယခင်တစ်ခေါက် စစ်ဆေးမှုကဲ့သို့ အချိန်မကြာဘဲ သုံးမိနစ်ခန့်သာ ကြာသောကြောင့် ကျောင်းသားများ ရောက်လာကြချိန်တွင် ကျောင်သားခေါင်းဆောင်မောင်းမှာ ဓမ္မလက်နက်ဌာနတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
မောင်းသံကြောင့် ကျောင်းသားအားလုံး၊ ဆရာများနှင့် ဌာနမှူးပင် လုပ်လက်စ အလုပ်များကို ရပ်နားကာ ဝိညာဥ်အမြုတေ ခန်းမဆီ လှည့်ကြည့်လိုက်ကြသည်။ စစ်ဆေးမှုကို ဝင်ဖြေသူမှာ ဝမ်ပေါင်လဲ့ဖြစ်ကြောင်း သိသွားချိန်တွင် သူတို့အားလုံး၏ ဦးနှောက်များ တဝီဝီ အသံမြည်ကာ ချာချာလည်သွားလေသည်။
“ သောက်ကျိုးနဲ … ဓမ္မလက်နက်ဌာနရဲ့ ဘယ်တုန်းကမှ မတွေ့ခဲ့ရဖူးတဲ့ အန္တိမ ကျောင်းသားခေါင်းဆောင်ပဲ ”
“ ဝမ်ပေါင်လဲ့… သူက တကယ့်ကို ကောင်းကင်ကို ဖီဆန်နေတာပါလား ”
“ ထာဝရ တာအိုကျောင်းရဲ့ သမိုင်းမှာ ပထမဆုံး … ဝိညာဥ်ကျောက်တုံး၊ ကမ္ဗည်းစာနဲ့ ဝိညာဥ်အမြုတေ ကျောင်းသားခေါင်းဆောင်ပဲ”
ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဓမ္မလက်နက်ဌာနတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားလေသည်။ တချိန်တည်းမှာပင် အခြားသော ဌာနများ၏ တောင်ထိပ်များ၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ခါနိုင်စွမ်း ရှိသည့် မောင်းသံများ အမှန်တကယ် ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် အဆင့်နိမ့်ကျွန်းတစ်ခုလုံး၏ တောင်ထိပ်အားလုံးတွင် မောင်းသံများ စီစီဝေသွားလေသည်။
ထိုမောင်းသံများမှာ ထာဝရတာအိုကျောင်းအတွင်း အန္တိမကျောင်းသားခေါင်းဆောင် တစ်ယောက် ထွက်ပေါ်လာမှသာ မြည်ဟီးခြင်း ဖြစ်သည်။ ဤသည်မှာ ထာဝရတာအိုကျောင်း စတင်တည်ထောင်စဥ်ကတည်းက ချမှတ်ထားသည့် စည်းမျဥ်းတစ်ခု ဖြစ်ပြီး အကြိမ်ရေ အနည်းငယ်သာ မြည်ခဲ့ဖူးသည်။ ရှေးဦးဝိညာဥ်ခေတ်တွင် ဤတစ်ကြိမ်သာ မြည်ဖူးသည်။
“ ဘာတွေ ဖြစ်နေတာလဲဟ”
“ ဘာလို့ ဌာနအားလုံးရဲ့ မောင်းတွေ မြည်နေတာလဲ ”
“ ဟိုမှာ ကြည့်စမ်း၊ ကောင်းကင်မှာ တကယ်ကြီး သက်တန့်တစ်စင်း ရှိနေတယ်ဟ ”
ဌာနအားလုံးတွင် ပွက်ပွက်ညံသွားပြီးနောက် ထာဝရတာအိုကျောင်းမှ ကျောင်းသားအများအပြားက အလန့်တကြား ခေါင်းမော့ကြည့်လိုက်လျှင် သူတို့အပေါ် ကောင်းကင်ယံတွင် သက်တန့်လှလှလေး တစ်စင်း တောက်ပနေသည်ကို မြင်လိုက်ရသည်။
အခြားသော ဌာနများသည် မကြာမီ ပွက်လောရိုက်သွားစေသည့် အကြောင်းရင်းကို ဝိညာဥ်ကွန်ရက်ပေါ်တွင် ရှာဖွေတွေ့ရှိသွားကြသည်။ ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်ဌာနတွင် တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်သွားသည်ကို သိလိုက်ရသည်တွင် အားလုံးမှာ မယုံကြည်နိုင်အောင်ဖြစ်ကာ အံ့ဩဆွံ့အသွားရသည်။
ပါမောက္ခသည်ပင် ကြောက်ရွံ့အံ့ဩကာ အချိန် အတော်ကြာသည်အထိ စိုးထိတ်နေပုံပေါ်လေသည်။
ယနေ့သည် ဓမ္မလက်နက်ဌာနရှိ လူတိုင်း ဘယ်တော့မှ မမေ့နိုင်သည့် နေ့တစ်နေ့ ဖြစ်သည်။ ကျောင်းသားခေါင်းဆောင် သုံးယောက်က တစ်ယောက်တည်း ဖြစ်သွားရာ ကျောင်းသားများ အဖို့ အိပ်မက်ထဲတွင်ပင် ကြောက်လန့်တုန်လှုပ်နေရတော့မည်။ ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်မှာ ကျယ်ပြန့်လှသည့်အတွက် ဓမ္မလက်နက်ဌာန၏ ဆရာများကို ကျော်လွန်ကာ ဌာနမှူးနှင့်ပင် တန်းတူအဆင့် ဖြစ်သွားသည်။
ဓမ္မလက်နက်ဌာနနှင့် အခြားသော ဌာနများမှာပင် ဝမ်ပေါင်လဲ့မှာ လုပ်ပိုင်ခွင့်ရှိသူ တစ်ဦးဖြစ်သွားသည်။
ဝမ်ပေါင်လဲ့သည် ဝိညာဥ်အမြုတေ စာသင်ခန်းထဲမှ လမ်းလျှောက်ထွက်လာစဥ် ဘေးမှ ကျောင်းသားများကို ကြည့်လိုက်သည်။ လူအုပ်ကြီးများ အလယ်တွင် သာမန် ကျောင်းသားများ ရှိနေကြပြီး အဓိက စာသင်ခန်းမသုံးဆောင်မှ စစ်ဆေးရေးမှူးများလည်း ရှိနေကြသည်။ သူတို့ အားလုံးက ဝမ်ပေါင်လဲ့ကို လေးစား ရိုသေစွာ ကြည့်နေကြသည်။
ဤသည်မှာ သာမန်လူတစ်ယောက် လုံးဝ မလုပ်နိုင်သည့် အနှိုင်းမဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ ထာဝရတာအိုကျောင်း၏ ဓမ္မလက်နက်ဌာနတွင် ဝမ်ပေါင်လဲ့က အံ့ဖွယ်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
သူ့အကြည့်များက လူအုပ်ထဲသို့ ဝေ့ဝဲသွားစဥ် သူက စိတ်အားတက်ကြွနေသည့် လျှိုတောက်ပင်းနှင့် အခြားသူများကို သတိပြုမိသွားသည်။ သူက ခေါင်းမော့ကာ ကောင်းကင်ပြာကြီးနှင့် တိမ်ဖြူဖြူများကို ကြည့်လိုက်သည်။ တစ်ဖန် ပြန်ငုံ့လိုက်သည့်အခါတွင် သူက သက်တောင့်သက်သာ ရှိနေသည့် အပြုံးမျိုးဖြင့် အားရပါးရ ပြုံးလိုက်သည်။
“ လျှိုတောက်ပင်း၊ မင်းရဲ့ စစ်ဆေးရေးမှူး ရာထူးကို ပြန်ခန့်အပ်ထားလိုက်ပြီ ”
လျှိုတောက်ပင်းနှင့်အတူ အခြားသော သူ့နောက်လိုက်များကို ရာထူးအသီးသီး ပြန်ခန့်အပ်နေစဥ် ဝမ်ပေါင်လဲ့၏ အသံမှာ ပျံ့နှံ့သွားလေသည်။
သူ့လက်အောက်ငယ်သားများကို အမိန့်ပေးနေစဥ် သူ့အသံက ပဲ့တင်ထပ်ကာ ကျယ်လောင်နေရန် မလိုအပ်ပေ။ သူ့ရာထူးအစွမ်းကြောင့် သူ့အမိန့်ကို သေချာလိုက်နာကြမည်မှာ သေချာသဖြင့် စိတ်ချထားနိုင်သည်။ သူ့အမိန့်တစ်ခွန်းက ကျောင်းသားများ၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့က နောက်ဆုံးအမိန့်ကို ပြောလိုက်သည်။
“ ကျန်းလန်နဲ့ အဖွဲ့က ထုတ်ပယ်ခံရမယ်။ နောက်ပြီး သူတို့သင်ခဲ့သမျှ အရာအားလုံးကို ပြန်ရုတ်သိမ်းမယ် ”
ထိုစကားတစ်ခွန်းကို ကြားလိုက်ရသူ အားလုံး နှလုံးတုန်ကာ ပင့်သက်ရှိုက်လိုက်ကြသည်။ “ သူတို့သင်ခဲ့သမျှ အရာအားလုံးကို ပြန်ရုတ်သိမ်းမယ်” ဟူသော စကားလုံးများမှာ ရက်စက်လွန်းလှသည်။ ဤသည်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖယ်ရှားပစ်ခြင်းပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ရင်ထဲတွင် အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်ရေးအတ္တုပ္ပတ္တိများမှ စုစည်းကာ သိမ်းထားသော အဆိုအမိန့်တစ်ခု ရှိသည်။ ၎င်းမှာ “ ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့ “ ဟူသော အဆိုဖြစ်သည်။ သူ မပြောင်းလဲနိုင်သည့် ပြိုင်ဘက် ရှိနေလျှင် ထိုပြိုင်ဘက်ကို အခွင့်အရေး တစ်ခုမှ မပေးဘဲ ထုတ်ပယ်ပစ်ရန် သူ ဆုံးဖြတ်ထားသည်။
ကျန်းလင်၊ ချောင်ခွင်း၊ ကျန်းလန်နှင့် သူ့သူငယ်ချင်းများအတွက် ဝမ်ပေါင်လဲ့၏ ရင်ဆိုင် ဖြေရှင်းသည့် နည်းလမ်းမှာ ဆုံးဖြတ်ချက် ပြတ်သားလှသည်။
သူက အမိန့်များ ပေးနေချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ အရှိန်အဝါများ တောက်ပနေသည့်အလား ထင်ရသည်။ လျှိုတောက်ပင်းနှင့် ကျန်လူများက ရှေ့ထွက်ကာ သံပြိုင်ဟစ် ထောက်ခံသည်တွင် ဝမ်ပေါင်လဲ့က လက်သီးဆုပ်ကာ လူအုပ်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက အသက်ကို ပြင်းပြင်း ရှူကာ စိတ်ကျေနပ်စွာ ထွက်သွားလေသည်။
ခုတော့၊ ဘယ်သူမှ ငါ့ကို အနိုင်မကျင့်နိုင်တော့ဘူး…
သူက နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်သောအခါ အော်ရယ်လိုက်ပြီး မုန့်များကို ပျော်ပျော်ကြီး ထုတ်ယူကာ အသံမြည်အောင် စားတော့သည်။
တချိန်တည်းမှာပင် ဝိညာဥ်အမြုတေ ကျောင်းသားခေါင်းဆောင်အိမ်တော်တွင် ရှိနေသည့် လင်းတျန်ဟောက်က ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင် အသစ်ထွက်ပေါ်လာကြောင်း အသိပေးသည့် မောင်းသံကို နားထောင်ရင်း ဝိညာဥ်အမြုတေ ခန်းမဆောင် ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ့အမူအရာမှာ တည်ငြိမ်နေသည်။ သူသည် ယခင်ကကဲ့သို့ ဒေါသတကြီး မဖြစ်နေသည့်အပြင် ချောင်ခွင်းကဲ့သို့ မျှော်လင့်ချက် မဲ့နေသည့် ပုံစံလည်း မပေါက်ပေ။
သို့သော် သူ၏ ကျောင်းသားခေါင်းဆောင် အမှတ်အသား ပျက်စီးသွားသံကို ကြားလိုက်ရချိန်တွင် သူ၏ ဒေါသနှင့် ပြင်းထန်လှသော အမုန်း အာဃာတများကို မဖုံးထားနိုင်တော့ပေ။ ကျန်းလင်နှင့် ချောင်ခွင်းတို့၏ ယခင်က အကြံပေးချက်များကို ပြန်တွေးမိပြီး ယခု စိတ်ကြိုက် လှုပ်ရှားခွင့် မရတော့သည့် အချက်ကြောင့် သွေးပေါင်များ ထိုးတက်လာသည်။
အတော်လေး ကြာသွားသည့်နောက် သူသည် မျက်နှာသေဖြင့် ကျောင်းသားခေါင်းဆောင် အိမ်တော်မှ လမ်းလျှောက်ထွက်လာကာ ကိုယ်ပိုင် နတ်ဝိဇ္ဇာဂူသို့ ပြန်သွားလေသည်။ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ကာ သက်ပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး အမိန့်တစ်ခု ပေးလိုက်သည်။
“ ပြင်ဆင်ထားလိုက်တော့၊ ငါ ဝမ်ပေါင်လဲ့ကို အခုထက်ပိုပြီး မမြင်ချင်တော့ဘူး ”