အပိုင်း (၈၉၁)

နန်းတော်၏ဒုတိယရှန့်ထို

မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော် ကောင်းကင်ထက်၌ လူတစ်စု ပေါ်လာသည်။

ထိုအခိုက်တွင် နန်းတော်မှ လူများစွာကလည်း ရောက်လာသူများအား ကြိုဆိုကြသည်။

သိသာစွာပင် နန်းတော်က သတင်းများ ကြိုတင် ရထားသည်။ ရီဖူရှင်းတို့အဖွဲ့က နွေဦးပြည်နယ်မှ ပြန်ရောက်လာကြပြီ ဖြစ်သည်။

ရေခဲနန်းတော်၊ ဟောင်မိသားစု၊ အာခီမီမြို့၊ ကျူးကော့မိသားစုနှင့် တခြား ထိပ်သီး အင်အားစုများမှာ တော်ဝင်ကျဲနန်းတော်သို့ ရွှေ့ပြောင်းခဲ့ကြပြီ ဖြစ်ရာ သူတို့၏ အရေအတွက်မှာ ယခင်လို မဟုတ်တော့ပေ။

ထို့ကြောင့် ကောင်းကင်ထက်ကို မော့ကြည့်ကာ ထိုတန်ခိုးရှင်များက နန်းတော်ကို ပြန်ရောက်လာသော သူရဲကောင်းများအား လာရောက် ကြိုဆိုကြသည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့က အနိုင်ရခဲ့သော်လည်း ကျောက်ပြည်ထောင် မပျက်စီးသရွေ့ သူတို့အားလုံး စိတ်အေးမည် မဟုတ်ပေ။

သို့သော်လည်း မြေရိုင်းပြည်နယ်ကား နောက်ဆုံးတွင် ရှန့်ထိုတစ်ပါး မွေးထုတ်ခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်း များစွာကြအောင် တော်ဝင်ကျဲ နန်းတော်နှင့် မြေရိုင်းပြည်နယ် တစ်ခုလုံးက ရှန့်ထိုတစ်ပါး မွေးဖွားလာရန် မျှော်လင့်ခဲ့ကြသည်။

တိုက်ခိုက်ရေး ရှီနန်းဆောင်သခင် ထောင်ကျန်းကား ယခု ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ပြီ ဖြစ်သည်။

မြေရိုင်းပြည်နယ်က သူတို့၏ပထမဆုံး ရှန့်ထိုတစ်ပါးကို မွေးဖွားခဲ့ရာ ယခုတွင် ရှန့်ထိုနှစ်ပါး ပိုင်ဆိုင်ပြီဖြစ်သည်။

“နန်းတော်သခင်ကို ကြိုဆိုပါတယ်…” ပြိုင်တူ နှုတ်ဆက်သံကို ကြားရကာ တန်ခိုးရှင်များ အားလုံးက ဦးညွှတ်ကြသည်။ ယခု တော်ဝင်ကျဲနန်းတော် တစ်ခုလုံးမှ တန်ခိုးရှင်များ အားလုံးမှာ ရီဖူရှင်းကို စိတ်နှလုံးထဲမှပင် လှိုက်လှိုက်လှဲလှဲ လေးစားနေကြပြီ ဖြစ်သည်။

နိုဘယ်အဆင့်မျှဖြင့် နန်းတော်သခင် ဖြစ်လာသော လူငယ်လေးကား မြေရိုင်းပြည်နယ်သို့ ပထမဆုံး ရှန့်ထိုတစ်ပါးကို ခေါ်ဆောင်လာခဲ့သလို ယခု ထောင်ကျန်းအား ရှန့်ထိုအဆင့်သို့ တက်လှမ်းရန်လည်း အောင်မြင်စွာ အားထုတ် နိုင်ခဲ့သည်။

တော်ဝင်စစ်ပွဲ၏ဖိအား ရှိနေသေးသော်လည်း တော်ဝင်ကျဲနန်းတော်မှ လူများမှာ ယခု တော်ဝင်စစ်ပွဲအနိုင်ရရန် ယုံကြည်ချက် ရှိနေပြီဖြစ်သည်။

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်၏။ မျက်လုံးများစွာကော ထောင်ကျန်းထံကို ရောက်လာကြသည်။ ထောင်ကျန်းကား ယခု ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

“အနာဂတ်မှာ ဆရာက တိုက်ခိုက်ရေး ရှီနန်းဆောင်သခင် အပြင် တော်ဝင်ကျဲနန်းတော် တော်ဝင်အကြီးအကဲ အနေနဲ့လည်း တာဝန်ယူလိမ့်မယ်…” ရီဖူရှင်းက ကြေညာသည်။ တော်ဝင်အကြီးအကဲ နေရာကား ဂုဏ်ပြု ချီးမြှင့်ထားသော နေရာဖြစ်ကာ ရှန့်ထိုများအတွက် အထူးတည် သတ်မှတ်ပေးခြင်း ဖြစ်သည်။

“တော်ဝင် အကြီးအကဲကို နှုတ်ဆက်ပါတယ်…” မရေမတွက်နိုင်သော လူများက ထောင်ကျန်းကို ဦးညွှတ်ကြသည်။ သူကား ရှန့်ထိုဖြစ်သည်။ ထောင်ကျန်းက တော်ဝင် အကြီးအကဲ မဟုတ်လျှင်ပင် သူတို့က ရှန့်ထိုကို နှုတ်ဆက်ရန် လိုသည်။

ထောင်ကျန်းက မြေပြင်တွင် ရပ်နေကြသော လူများကို ကြည့်ကာ သူ့စိတ်နှလုံးများက ကြီးစွာ လှုပ်ရှားနေသည်။ ယခင် နန်းတော်သခင်နှင့် လျူချန်းတို့က ယနေ့ တော်ဝင်ကျဲနန်းတော်၏ အခြေအနေ အဆင့်အတန်းကို မြင်လျှင် လွန်စွာ ပျော်ရွှင်ကြမည် ဖြစ်သည်။

သူ၏ ရှန့်ထိုအဆင့် တက်လှမ်းမှုက မြေရိုင်းပြည်နယ်အတွက် အလွန် အရေးပါသည်ကို သူသိသည်။ မြေရိုင်းပြည်နယ် အတွက် ထိုအရာက စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားများ ဖြစ်စေနိုင်ပေသည်။

နှစ်ပေါင်း များစွာအတွင်း မြေရိုင်းပြည်နယ်ကား ရှန့်ထိုတစ်ပါး မွေးဖွားနိုင်ခဲ့ပြီ ဖြစ်သည်။

“ကျုပ်က တိုက်ခိုက်ရေး ရှီနန်းဆောင်မှာ ဆက်ပြီး လေ့ကျင့်မယ် … တော်ဝင်ကျဲနန်းတော်က ရှီတန်ခိုးရှင်တွေ… မေးခွန်းတွေ ရှိတယ်… နားမလည်တဲ့ကိစ္စတွေ ရှိရင် ကျုပ်နဲ့လာပြီး ပြောဆို ဆွေးနွေးလို့ရတယ်…” ထောင်ကျန်းက ပြောသည်။ ချက်ချင်းပင် လူအများအပြားက မျက်လုံးများ အရောင်တောက် သွားကြသည်။

ရှီတန်ခိုးရှင်များ အတွက် ရှန့်ထိုအဆင့်ကား သူတို့တစ်ဘဝလုံးအတွက် ရည်မှန်းချက် ဖြစ်သည်။

ကျေးရွာခေါင်းဆောင် မှာလည်း ရှန့်ထိုဖြစ်သည့်တိုင် ရီဖူရှင်းက သူ့အား ပြင်ပမှ ခေါ်လာခြင်း ဖြစ်သည်။ သူတို့က မလိုအပ်ဘဲ သူ့အား သွားရောက် နှောင့်ယှက်လိုခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း ထောင်ကျန်းကား ကွဲပြား ခြားနားပေသည်။ သူကား တော်ဝင်ကျဲနန်းတော်၏ အကြီးအကဲ တစ်ယောက်ဖြစ်ကာ မြေရိုင်းပြည်နယ် ဇာတိဖြစ်သည်။ နောက်ပိုင်းတွင် နန်းတော်၏ ထူးချွန်သူများမှာ ထောင်ကျန်း၏လက်အောက်၌ သင်ယူနိုင်ပေသည်။

“ဒါဆိုလည်း ကျုပ်တို့ အနှောင့်အယှက် ပေးတယ် မထင်နဲ့တော့…” ဘေးမှ ယူစီက ဟာသနှောကာ ပြောသည်။ အမှန်တကယ်အားဖြင့် သူတို့မှာ ထောင်ကျန်းအား မနာလို ဖြစ်ရသည်။

မည်သူက ရှန့်ထိုအဆင့်သို့ မတက်လှမ်း လိုသနည်း။

ထိုအဆင့်ကား သူတို့၏ အိပ်မက်ဖြစ်သည်။ အနာဂတ်တွင် သူက ထောင်ကျန်းထံ၌ သင်ယူလေ့လာကာ ရှန့်ထိုအဆင့်သို့ တက်ရန် သေချာပေါက် ကြိုးစားရပေမည်။

ရီဖူရှင်းအနီးမှ လူများအားလုံး ရယ်မောလိုက်ကြသည်။ သူတို့က ထောင်ကျန်းနှင့် ခင်မှီရင်းနှီး ကြသူများဖြစ်ကြရာ ယခု ထောင်ကျန်းရှန့်ထို ဖြစ်ခြင်းက သူတို့အတွက်လည်း တွန်းအားများ ဖြစ်စေပေမည်။

“ခင်ဗျားတို့က ကျုပ်ကိုနန်းတော်သို့ ဝင်ခွင့်ပေးဦးလေ…” ရီဖူရှင်းက ရယ်မော၍ ပြောသည်တွင် အားလုံးက မှင်တက် သွားကြသည်။ သူတို့ကား အမှန်ပင် ရီဖူရှင်း၏လမ်းကို ပိတ်ထား ကြပေသည်။

ဤတွင် လူအများမှာ မှင်တက်နေရာမှ သတိဝင်လာကြပြီး ရယ်မောကာ လမ်းဖယ်ပေးကြသည်…

“ကြွပါ… နန်းတော်သခင်…”

“ဆရာ ရှန့်ထိုဖြစ်တာကို မြေရိုင်းတစ်ပြည်လုံး သတင်း ထုတ်လွှင့်လိုက်ပါ…” ရီဖူရှင်းက ပြေသည်။ ထို့နောက် သူက တော်ဝင်ရှီ နန်းဆောင် အတွင်းသို့ လှမ်းသွားလိုက်၏။

“ဟုတ်ကဲ့ပါ…” တစ်ယောက်က ပြောသည်။

ဤသတင်း မြေရိုင်း တစ်ပြည်နယ်လုံး သိသင့်သလို အနှေးနှင့် အမြန်လည်း သူတို့ သိကြပေတော့မည်။

အမှန်တကယ်ပင် ထိုသတင်းက မြေရိုင်း တစ်ပြည်နယ်လုံးအား ထိတ်လန့်စေခဲ့သည်။

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်ကို ပြန်ရောက်ပြီးနောက် သူ၏ဆရာနှင့် ဆရာကတော်တို့ထံသို့ သွားတွေ့သည်။ ထို့နောက် သူက လျူချန်းယွီ၊ ယိချိန်ချန်တို့နှင့် တခြား လူများထံသို့ သွားရောက်ကာ ဂျီယူ၊ ဝူချင်းနှင့် ယူချင်းတို့ အကြောင်းကို သတင်းပေးသည်။

ယူချင်းက ရှားရှင်းယွန်နောက်ကို မလိုက်ပါ သွားသော်လည်း ဗာဂျရာဗုဒ္ဓနယ်မြေသို့ လိုက်ပါ သွားခဲ့သည်။

ရှားရှင်းယွန်၏မွေးနေ့၌ ဗာဂျရာဗုဒ္ဓနယ်မြေ သခင်က ယူချင်းအား သူ၏လက်အောက်၌ အချိန်တစ်ခုကြာ လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗာဂျရာနယ်မြေ သခင်ကား ပြည်နယ်ကိုးခု ရှန့်ထိုထိပ်သီး ဆယ်စာရင်းဝင်ဖြစ်ကာ ယူချင်းအား ကောင်းမွန်သော ဆန္ဒဖြင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ရာ ရီဖူရှင်းက ခွင့်ပြုပေးခဲ့သည်။

နောက်ပိုင်း နေ့ရက်များတွင် တိုက်ခိုက်ရေး ရှီနန်းဆောင်မှာ ထောင်ကျန်းထံသို့ လာရောက် ဆွေးနွေးကြသော တန်ခိုးရှင်များကြောင့် ဧည့်သည်များဖြင့် ပြည့်နှက် နေတော့သည်။ ထို့အတူ ထိပ်သီးတန်ခိုးရှင်များ မှာလည်း တော်ဝင်ကျဲနန်းတော်၏ လက်အောက်ကို အဆက်မပြတ် ခိုဝင်လာ ကြတော့သည်။

မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်ကား ယခု အလွန် လှုပ်ရှား သက်ဝင်နေတော့သည်။

ရီဖူရှင်းက အသေးအမွှား ကိစ္စများအား တခြားလူများနှင့် လွှဲထားကာ သူကလည်း တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့သည်။

သည်တစ်ခေါက် နန်းတော်ကို ပြန်ရောက်ပြီးနောက် သူနှင့် အရင်းနှီးဆုံး လူများမှာ နန်းတော်၌ မရှိတော့ရာ ရီဖူရှင်းမှာ အနည်းငယ် အသားမကျသလို ခံစားရသည်။

ဤသို့ဖြင့် တိတ်ဆိတ် ငြိမ်သက်စွာ လေ့ကျင့်ရင်း အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

မျက်လုံး တစ်မှိတ် အတွင်းမှာပင် နှစ်ဝက်ဟူသော အချိန်ကာလမှ ကုန်ဆုံးသွားခဲ့ပြီး တော်ဝင်ကျဲ နန်းတော်မှာလည်း အတော်အတန် ငြိမ်သက် အေးဆေးသွားပြီ ဖြစ်သည်။

တိတ်ဆိတ်နေသော တောင်ကုန်း တစ်လုံး၌ ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ တန်ခိုးကျင့် နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ လောကဓာတ်များ ယှက်သန်း နေ၏။

ရီဖူရှင်းနှင့် သိပ်မဝေးသော နေရာ၌ လူတစ်ယောက် ထိုင်နေသည်။

ရီဖူရှင်း၏ မျက်လုံးက ပွင့်လာသည်။ လေပြင်းတစ်ချက် ရိုက်ခတ်သွားကာ ရီဖူရှင်း၏အကြည့်က အဝေးကို ရောက်သွားသည်။ အချိန်တစ်နှစ်ရှိပြီ ဖြစ်သည်။ ဂျီယူနှင့် တခြားလူများ မည်သို့ အခြေအနေရှိမည်ကို သူမသိပေ။

ကော့တေးကို ဝင်လာကတည်းက သူ၏အစ်ကို၊ အစ်မများအပြင် ဂျီယူ၊ ယူချင်းနှင့် ဝူချင်းတို့မှာ သူ့ဘေးတွင် အမြဲတမ်း ရှိနေခဲ့ကြသည်။ ယခု သူတို့ မရှိတော့ရာ အနည်းငယ် အထီးကျန်သလို ခံစားရသည်။

သူ့နောက်တွင် မိန်းကလေး တစ်ယောက် လျှောက်လာကာ ရီဖူရှင်း၏ အပေါ်ဝတ်ရုံကို ဝတ်ပေးသည်။

ရီဖူရှင်းက သူမအား နောက်လှည့် ကြည့်သည်။ သူမ၏ ငွေရောင်မျက်လုံးများမှာ အေးစက် တည်ငြိမ်သော အလှတရားနှင့် ပနံသင့်လှသည်။

“လို့လန်… မင်းက ငါနဲ့ ရှိနေတာ ဆယ်နှစ်လောက် ရှိပြီ…” ရီဖူရှင်းက တီးတိုး ပြောသည်။ လို့လန်ရွှီကား ကော့တေးတွင် ရှိနေကတည်းက သူ့နောက်ကို လိုက်ပါလာခဲ့ကာ မျက်လုံး တစ်မှိတ်အတွင်း၌ ဆယ်နှစ်ရှိခဲ့ပြီ ဖြစ်သည်။

“အင်း…” လို့လန်ရွှီက ခေါင်းညိတ်သည်။

“ဒီရက်ပိုင်း မင်းကို ငါ့ဘေးမှာ လေ့ကျင့်ခိုင်းတာက မင်းကို လောကဓာတ်တွေကို ခံစားစေချင်လို့ပဲ… ဒီနည်းနဲ့ မင်းက ပိုပြီးမြန်မြန် နားလည် နိုင်လိမ့်မယ်… ဘုရင်မက မင်းကို ရှီတန်ခိုးရှင်ဖြစ်ဖို့ အမြဲတမ်း မျှော်လင့်ခဲ့တယ်… မင်း မကြာခင် ဒီအဆင့်ကို တက်နိုင်လိမ့်မယ်…”

ရီဖူရှင်း ပြောသော ဘုရင်မ ဟူသည်မှာ လို့လန်ဘုရင်မကို ဆိုလိုခြင်း ဖြစ်သည်။

“အင်း..” လို့လန်ရွှီက ခေါင်းညိတ် ပြန်သည်။

ရီဖူရှင်းက သိပ်မပြောတော့ပေ။ သူမက ရှီအဆင့်သို့ တက်လှမ်းကာ တော်ဝင်မြေထဲ၌ သူမကိုယ်တိုင် အရေးပါသော နေရာတစ်ခု အခိုင်အမာ တည်ဆောက် နိုင်သောအခါ သူမ၏ စိတ်နေ သဘောထားများလည်း ပြောင်းလဲ လာပေလိမ့်မည်။ ထိုအချိန်တွင် သူမက မည်သည့်လမ်းကို ရွေးချယ်ရမည် ကိုလည်း သိလာ ပေလိမ့်မည်။

“အစ်ကိုဖူရှင်း…” သူတို့နောက်မှ ကြည်လင်ကာ စူးရှရှအသံ တစ်ခုကြားရသည်။ ရီဖူရှင်းက အသံကို ကြားသည်တွင် ပြုံးလျက်ပြောသည်… “လင်းအာ… မင်းက ငါ့ကို လာနှောင့်ယှက် ပြန်ပြီ…”

“အစ်ကိုက တစ်ယောက်တည်း အထီးကျန်နေမှာစိုးလို့ လင်းအာ လာခဲ့တာကို… ကြည့်ပါဦး… ဒိမှာ လင်းအာ နတ်သမီးတစ်ပါး ခေါ်လာတယ်…” သူမက နောက်မှ လိုက်ပါလာသော မူကျိချူအား လက်ညိုးဖြင့် ထိုးကာ တခစ်ခစ် ရယ်မောလျက်ပြောသည်။

“ငါ့မှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ မေးခွန်း နည်းနည်း ရှိတယ်…” မူကျိချူကလည်း ပြုံးလျက် ပြောသည်။

“ကျိချူ… လင်းအာကို ဂရုမစိုက်နဲ့…” ရီဖူရှင်းကလည်း ပြုံးသည်။ ညနက်တွင် ပျော်ရွှင်ဖွယ်ရာ ရယ်မောသံများ ပျံ့လွင့် လာခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset