Switch Mode

အခန်း ( ၃၀၈ )

ဝေးဝေးနေကြစမ်း

ကွင်းထဲသို့ လူများစွာ ထပ်၍ ရောက်ရှိလာကြ၏။ သူတို့မှာ မြူခိုးတာအိုကျောင်းမှ သင်္ဘောပျံကြီး ရောက်ရှိလာသည်ကို မြင်လိုက်ကြသည်။ အထူးသဖြင့် ခြေလျင်ရောက်လာကြသူများမှာ ဝိညာဥ်ဖန်သားပြင်များပေါ်တွင် ထုတ်လွှင့်ပြသခဲ့သည့် ဝမ်ပေါင်လဲ့၏ ပြဇာတ်ဆန်ဆန် ကျမ်းသစ္စာကျိန်ဆိုမှုကြီးကို မြင်ခဲ့ကြရသည်။

ထို့ကြောင့် ဤချစ်ကြည်ရေးပွဲ စတင်ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ လူများမှာ ဆွေးနွေးငြင်းခုံ‌နေကြတော့သည်။ လီဝူချန်းနှင့် ဝမ်ပေါင်လဲ့တို့ကြားရှိ ချစ်ကြည်ရေးပြိုင်ပွဲအကြောင်းကို လျှို့ဝှက်ထားခြင်းမရှိသောကြောင့် ထိုပြိုင်ပွဲအကြောင်းသတင်းများ ပျံ့နှံ့သွားသောအခါ လူအများစုမှာ ထိုကိစ္စကို သတိထားမိလာကြတော့သည်။

ထိုကဲ့သို့ လူအများ အာရုံစိုက်စရာ ဖြစ်လာခဲ့ရသည့် အကြောင်းအရင်းများထဲတွင် ထိုကျောင်းနှစ်ကျောင်း၏ ဂုဏ်သတင်းကြောင့်လည်း ပါသလို ဝမ်ပေါင်လဲ့နှင့် လီဝူချန်းတို့ကြောင့်လည်း ပါသည်။ အင်္ဂါဂြိုဟ်ပေါ်မှ လူများမှာ သူတို့နှစ်ယောက်စလုံးကို လျှော့တွက်၍မရသည့် တမူထူးခြားသော လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားကြသည်ဖြစ်သည်။

လီဝူချန်းမှာ ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းစောင့်အကြီးအကဲကြီး၏ တပည့်ဖြစ်ရာ သူသည် ရောက်သည့်နေရာတိုင်းတွင် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံရမည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် လီဝူချန်းလောက် အထင်ကြီးအံ့သြစရာကောင်းသည့် နောက်ခံအင်အားမျိုးကို မပိုင်ဆိုင်ထားပါသော်လည်း တိုက်ပွဲအောင်မြင်မှုများစွာ ရရှိထားပြီး တမူထူးခြားသော ပင်ကိုအရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ အထူးသဖြင့် သူ၏ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲရှိ စွမ်းဆောင်မှုများမှာ သူ့အား ထင်ပေါ်ကျော်ဇောစေခဲ့၏။

ထို လျှို့ဝှက်ဆန်းကြယ် လကမ္ဘာ ဖြစ်ရပ်ကြီးပြီးနောက် နိုင်ငံရေးအင်အားစုတိုင်း ဝမ်ပေါင်လဲ့အပေါ် အာရုံစိုက်ခဲ့ကြ၏။ သူ၏ လက်ချက်ဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများစွာ သေဆုံးခဲ့ရသည်ဖြစ်ရာ သူတို့မှာ သူ့အား လျစ်လျူရှုထား၍ မဖြစ်ပေ။

ထို့အပြင် သူသည် ဓမ္မလက်နက်များ သန့်စင်ရာ၌လည်း အထူးကျွမ်းကျင်သောကြောင့် လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ပြည်ထောင်စုကြီးမှာ သူ ဖန်တီးခဲ့သည့် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးပုတီးစေ့များ၏ အကြောင်းကို ဖုံးကွယ်ရန် အပြင်းအထန် ကြိုးစားခဲ့ပါသော်လည်း နိုင်ငံရေးအင်အားစု အသီးသီးမှာ ထိုအကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့၏။ ထို့ကြောင့် ထို လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးပုတီးစေ့များမှာ လပေါ်တွင် အလွန်အင်မတန်မှ ကြီးမားသော အကျိုးသက်ရောက်မှုများကို ဆောင်ကျဉ်းပေးနိုင်ကြောင်း သူတို့က နားလည်ထားကြ၏။

သူတို့နှစ်ယောက်အား အင်္ဂါဂြိုဟ်ပေါ်သို့ ရွှေ့ပြောင်းတာဝန်ပေးလိုက်သည့် အချက်ကို လူများစွာ သတိထားမိခဲ့ကြ၏။ ထို့အပြင် သူတို့နှစ်ယောက်၏ ရာထူးအဆင့်အတန်းမှာလည်း အတူတူဖြစ်နေပြီး သူတို့၏ အချင်းချင်း ပြိုင်ဆိုင်မှုကြောင့် ဤ ကျောင်းချစ်ကြည်ရေးပြိုင်ပွဲ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထိုသို့ဖြင့် ပြိုင်ပွဲမစတင်ခင်မှာပင် ဆွေးနွေးငြင်းခုံသံများ၊ ကြော်ငြာများနှင့် ပြိုင်ပွဲကို ကြည့်ရှုနေကြသော ပရိသတ်အုပ်ကြီးတို့၏ အကြောင်းများမှာ ဤချစ်ကြည်ရေးပြိုင်ပွဲအကြောင်းနှင့် ပတ်သတ်သည့် သတင်းများနှင့်အတူ အင်္ဂါဂြိုဟ်တစ်ခုလုံးပေါ်တွင် တောမီးကဲ့သို့ ပျံ့နှံ့နေတော့သည်။

ပြည်ထောင်စုကြီး၏ သတင်းဌာနများမှာလည်း ထိုအကြောင်းကို ကြားသိခဲ့ရသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် ရောက်ရှိလာကြ၏။ သို့သော် အင်္ဂါဂြိုဟ်အခြေစိုက် သတင်းထုတ်လွှင့်ရေးဌာနမှာ ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို အပြည့်အဝအသုံးချခဲ့သည်။ သူတို့မှာ လင်းတျန်ဟောက်ဆီသို့ ဆက်သွယ်ခဲ့ပြီး ငွေကြေးထောက်ပံ့မှုများပေးကာ အကောင်းဆုံးသော တိုက်ရိုက်ထုတ်လွှင့်မှုအခွင့်အရေးများကို ရရှိရန် သဘောတူညီမှုရယူခဲ့၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကြံရသွားပြီး လင်းတျန်ဟောက်ဆီသို့ ညွှန်ကြားချက်များ ပေးပို့လိုက်၏။ အစပိုင်းတွင်မူ လင်းတျန်ဟောက်မှာ တွေဝေတုံ့ဆိုင်းနေခဲ့ပါသော်လည်း နောက်ဆုံးတွင် အံကြိတ်လိုက်ပြီး ကုန်ကျစရိတ်ထောက်ပံ့ပေးမည့် အဖွဲ့အစည်းများကို လိုက်လံရှာဖွေခဲ့၏။ ထို့ကြောင့် ကွင်းထဲရှိ နေရာတိုင်းတွင် ကြော်ငြာစာတန်းများနှင့် နံရံကပ်ပိုစတာများဖြင့် ပြည့်နှက်နေတော့သည်။ ထို ရောင်စုံကြော်ငြာများကြောင့်လည်း ပြိုင်ပွဲကြီးတစ်ခုလုံးမှာ ပို၍ စည်ကားသိုက်မြိုက်နေသည့်ပုံ ပေါ်နေ၏။

အင်္ဂါဂြိုဟ်မြို့တော်ထဲရှိ နာမည်ကျော် လူပုဂ္ဂိုလ်များထဲမှ တစ်ဝက်ကျော်မှာ ပြိုင်ပွဲအား လာရောက်ကြည့်ရှုနေကြသည်။ သူတို့အားလုံးမှာ နိုင်ငံရေးအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။ စစ်တပ်မှာလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်နေပြီး ကွင်းလုံခြုံရေးအပိုင်းတွင် ကူညီပေးနေ၏။ ထို ချစ်ကြည်ရေးပြိုင်ပွဲကြီးမှာ လာရောက်ကြည့်ရှုသည့် ပရိသတ်အရေအတွက် အပိုင်းတွင်ဖြစ်စေ၊ အင်္ဂါဂြိုဟ်ပေါ်ရှိ နိုင်ငံရေးအဖွဲ့အစည်များမှ တက်ရောက်လာကြသည့် လူပုဂ္ဂိုလ် အရေအတွက်အပိုင်းတွင်ဖြစ်စေ အလွန်အင်မတန်မှ ကြီးမားနေပြီ ဖြစ်သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ပြိုင်ပွဲကြီးစတင်ခါနီးတွင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ ကြက်သွေးရောင် သင်္ဘောပျံကြီးတစ်စင်းက အနက်ရောင် သင်္ဘောပျံကြီး ခုနစ်စင်း ရှစ်စင်းနှင့်အတူ ပေါ်ပေါက်လာပြီး ကွင်းကြီးရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာ၏။ ထိုအခါ လူအုပ်ကြီးမှာ တခဲနက် အားပေးလိုက်ကြသည်။

ထို အနီရောင် သင်္ဘောပျံကြီးအား တမူထူးခြားသော ကုန်ကြမ်းစ္စည်းတစ်ခုဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဝေးမှကြည့်လျှင်ပင် ၎င်းဆီမှ ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်နေသည်ကို ခံစားနိုင်ပေသည်။ ထိုသင်္ဘောပျံကြီး အနီးသို့ ရောက်လာသည်နှင့်အမျှ ထိုအပူရှိန်ကြီးမှာ ချစ်ချစ်တောက် ပူပြင်းလာသောကြောင့် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေမည့် မီးတောက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

” ဘုရင်ခံပါလား ”

” ဘုရင်ခံကိုယ်တိုင် ရောက်လာတာပဲဟေ့ ”

ကွင်းထဲရှိလူတိုင်း ထိုသင်္ဘောပျံကြီးကို မြင်လိုက်ရသောအခါ မတ်တတ်ထလာကြပြီး သူတို့ဆီသို့ ချဉ်းကပ်လာသည့် ထိုသင်္ဘောပျံကြီးအား အလေးပြုနှုတ်ဆက်လိုက်ကြ၏။ ထို့နောက် ၎င်းမှာ ကွင်းအထက်ရှိ လေထဲတွင် ရစ်ဝဲနေပြီး လူရိပ်နှစ်ခု ရှေ့ဆင့်‌နောက်ဆင့် ခုန်ထွက်လာကြသည်။ ထိုအခါ လူတိုင်း အော်ဟစ်မြည်တမ်း၍ နှုတ်ဆက်လိုက်ကြ၏။ သူတို့၏ နှုတ်ဆက်သံများမှာ မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လောင်နေပြီး ကောင်းကင်ကြီးအား တုန်ရီသွားတော့သည်။

” မင်္ဂလာပါ ဘုရင်ခံ။ မင်္ဂလာပါ လက်ထောက်ဘုရင်ခံ ”

ထိုကဲ့သို့ရောက်ရှိလာသည့် လူနှစ်ယောက်မှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ထိုအမျိုးသမီးမှာ သက်လတ်ပိုင်း ဖြစ်ပါသော်လည်း သူမ၏ ရုပ်ရည်မှာ အသက်နှင့်မလိုက်အောင် နုနေ၏။ သူမသည် ချောမောလှပပြီး စူးရှသော အကြည့်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် သူမ၏အမူအရာမှာ တည်ကြည်နေသည့်ပုံ ပေါက်နေသည်။ ထို့အပြင် သူမသည် စိတ်ကူးနှင့် မှန်းဆ၍မရနိုင်သော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားပြီး သူမ၏ ကြက်သွေးရောင် ဝတ်ရုံများမှာလည်း အပူဓာတ်များကို ထုတ်လွှတ်နေ၏။

သူမသည် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံပင်ဖြစ်သည်။

သူမ၏နောက်မှကပ်၍ လိုက်လာသူမှာ အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ လက်ထောက်ဘုရင်ခံဖြစ်ပြီး လူယောင်ဆောင်ထားသော ဧရာမသစ်ပင်ကြီးဖြစ်သည်။

သူတို့နှစ်ယောက် ကွင်းထဲသို့ ရောက်လာကြသောအခါ သူတို့၏ တည်ကြည်နေသော မျက်နှာများပေါ်တွင် အပြုံးတစ်ခု ခပ်ရေးရေးခန့် ပေါ်ပေါက်လာ၏။ ဧရာမသစ်ပင်ကြီးမှာ တမင်သက်သက် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်ပြီး အနည်းငယ်ခန့် ဦးညွှတ်ကာ ဘုရင်ခံအား ရှေ့မှလျှောက်ရန် ကိုယ်ဟန်အမူအရာ ပြလိုက်၏။ ထိုအခါ ကြက်သွေးရောင်ဝတ်ရုံနှင့် ဘုရင်ခံမှာ ပြုံးသွားကာ ခေါင်းညိတ်ပြလိုက်ပြီး ပင်မစင်မြင့်ပေါ်ရှိ သူမ၏ထိုင်ခုံဆီသို့သွားကာ ထိုင်ချလိုက်၏။

ဧရာမသစ်ပင်ကြီးမှာလည်း သူမ၏နောက်မှ လိုက်သွားပြီး သူမ၏ဘေးတွင် ထိုင်ချလိုက်သောအခါ သူတို့၏ပတ်ပတ်လည်ရှိ အင်္ဂါဂြိုဟ်ပေါ်မှ အရာရှိများမှာ လှုပ်လှုပ်ရွရွဖြစ်သွားကြ၏။ ဤပြိုင်ပွဲထဲတွင် ဝင်ပြိုင်ကြမည့် ကျောင်းသားကျောင်းသူများ၏ မိဘများမှာဆိုလျှင် သူတို့၏ သားသမီးများဆီသို့ ချက်ချင်းပင် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ကြပြီး အစွမ်းကုန်ကြိုးစားရန် ညွှန်ကြားလိုက်၏။

ဘုရင်ခံ၏ ရှေ့တွင် မိမိအရည်အချင်းကို ထုတ်ဖော်ပြသခွင့် ရခြင်းမှာ အလွန်အင်မတန်မှ ရှားပါးသည့် အခွင့်အရေးတစ်ခု မဟုတ်ပါလော။

ဘုရင်ခံနှင့် လက်ထောက်ဘုရင်ခံတို့၏ ရောက်ရှိလာမှုကြောင့် ကွင်းကြီးတစ်ခုလုံး အစည်ကား အသိုက်မြိုက်ဆုံးအဆင့်သို့ ရောက်ရှိသွား၏။ ထိုအချိန်တွင် ချစ်ကြည်ရေးပြိုင်ပွဲမှာ တရားဝင် စတင်သွားပြီဖြစ်သည်။ လင်းတျန်ဟောက်မှာ ပြိုင်ပွဲစီစဉ်ခြင်းနှင့် လူအများ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်သည့်အပိုင်းတွင် သူ၏အရည်အချင်းများကို ထုတ်ပြနိုင်ခဲ့သည်။ သူသည် မီးဝိညာဉ်ကျောင်းနှင့် ဆွေးနွေးခဲ့ပြီးနောက် ဤ ချစ်ကြည်ရေးပြိုင်ပွဲအတွက် အစီအစဉ်တင်ဆက်သူနှစ်ယောက်ကို ဖိတ်ခေါ်ထား၏။

ထိုနှစ်ယောက်မှာ အင်္ဂါဂြိုဟ်ပေါ်တွင် နာမည်ကြီးများ ဖြစ်ကြ၏။ ထို အမျိုးသား အစီအစဉ်တင်ဆက်သူနှင့် အမျိုးသမီး အစီအစဉ်တင်ဆက်သူတို့မှာ ပြည်သူ့ရင်ပြင်ကြီး၏ အလယ်တွင်ရပ်၍ ပရိသတ်တစ်သိန်းကျော်၏ရှေ့တွင် ရယ်ရယ်မောမောနှင့် စကားပြောဆိုလိုက်ကြတော့သည်။ သူတို့၏ ရယ်မောသံများမှာ လေထဲတွင် ပျံ့လွင့်နေတော့သည်။

” ကောင်းပါပြီ။ အပိုစကားတွေ ရပ်လိုက်ကြတာပေါ့။ ကျနော့်ရဲ့ညာဘက်ကို ကြည့်လိုက်မယ်ဆိုရင် မီးဝိညာဉ်ကျောင်းက ပြိုင်ပွဲဝင်တွေကို မြင်ရတော့မှာဖြစ်ပါတယ်။

အမျိုးသားအစီအစဉ်တင်ဆက်သူ ထိုကဲ့သို့ဆိုလိုက်သည်နှင့် ကွင်းထိရှိ လူတိုင်းမှာ ညာဘက်ရှိ ဥမင်လှိုဏ်ခေါင်းအား ဝိုင်းကြည့်လိုက်ကြ၏။ ခဏအကြာတွင် သူတို့မှာ တာအိုဝတ်ရုံများ ဆင်မြန်းထားပြီး တမူထူးခြားသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ကာ တည်ကြည်သေအမူအရာဖြင့် ထို ဥမင်လှိုင်ခေါင်းထဲမှ ထွက်လာသည့် လီဝူချန်းကို မြင်လိုက်ရသည်။ သူ၏နောက်တွင် ကျောင်းသားအယောက်တစ်ရာ ပါလာပြီး သူတို့အားလုံးမှာ တူညီဝတ်စုံများကို ဆင်မြန်းထားကြ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ အလွန်အင်မတန်မှ အထင်ကြီးလေးစားစရာကောင်းသည့်ပုံ ပေါက်နေကြသည်။

” မီးဝိညာဉ်ကျောင်းရဲ့ အသင်းခေါင်းဆောင်ကတော့ သူတို့ကျောင်းရဲ့ လက်ထောက်အဆောင်မှူး လီဝူချန်းပဲ ဖြစ်ပါတယ်ရှင်။ မိဘပြည်သူများအားလုံးလည်း သူ့ရဲ့နာမည်ကို ရင်းနှီးနေပြီးသားဖြစ်မှာပါ။ သူ့ရဲ့ ဆရာက ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီးလေ ”

” တာအိုရောင်းရင်းလီက အသက်ငယ်ငယ်လေးနဲ့ အခြေတည်အဆင့်ကို ရောက်ခဲ့တာဖြစ်ပြီးတော့ တမူထူးခြားတဲ့ အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ ကျောင်းသားတွေကလည်း သူနဲ့ တစ်ပုံစံတည်းပါပဲ။ ကြည့်လိုက်ပါ။ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ လူ‌ချောလူလှလေးတွေ ချည်းပါပဲ။ အင်္ဂါဂြိုဟ်ပေါ်က လူတွေက ရုပ်ရည်ချောမောတယ်ဆိုပြီးတော့ တိုင်းတစ်ပါးသားတွေက ပြောလေ့ရှိကြတယ်။ ကျနော်လည်း အရင်တုန်းကတော့ အဲ့အချက်ကို သတိမထားမိဘူးဗျ။ အခုမှ သူတို့ရဲ့ ပြောစကားက မှန်နေမှန်း သိတာပါ ”

အစီအစဉ်တင်ဆက်သူများမှာ ထိုကဲ့သို့ ရယ်ရယ်မောမောနှင့် ပြောဆိုနေကြစဉ် ပရိသတ်များမှာ ပြုံးနေကြတော့သည်။ အင်္ဂါဂြိုဟ်၏ သတင်းထုတ်လွှင့်ရေးဌာနနှင့် ပြည်ထောင်စုကြီး၏ သတင်းထုတ်လွှင့်ရေးဌာန နှစ်ခုစလုံးမှာ လီဝူချန်းနှင့် သူ၏ကျောင်းသားများကို အနီးကပ်ရိုက်ပြနေကြသည်။

မီးဝိညာဉ်ကျောင်းမှ ကျောင်းသားမိဘများမှာမူ ရယ်မောနေကြတော့သည်။ သူတို့မှာ အလွန်အင်မတန်မှ ကျေနပ်နေကြပြီး ထိုကျောင်းသားများကို သဘောကျထောက်ခံနေကြ၏။ အခြားတစ်ဖက်တွင်မူ မြူခိုးတာအိုကျောင်းမှ ကျောင်းသားမိဘများမှာ အနည်းငယ်ခန့် ရှက်လာသလို ခံစားနေရတော့သည်။ သူတို့မှာ စကားတစ်ခွန်းမှ မပြောကြပေ။

ဘုရင်ခံမှာ သူမ၏ရှေ့တွင်ရှိနေသော ကျောင်းသားအဖွဲ့အား အကဲခတ်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမမှာ သူမ၏ဘေးတွင် ထိုင်နေသော ဧရာမသစ်ပင်ကြီးဘက်သို့ လှည့်လိုက်ပြီး စကားအချို့ပြောလိုက်၏။

ဤ ပြိုင်ပွဲကြီးကို အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေတစ်ခုလုံးသာ စောင့်ကြည့်နေကြသည်မဟုတ်ဘဲ ပြည်ထောင်စုကြီးထဲမှ လူများစွာမှာလည်း ဖန်သားပြင်များပေါ်မှ ကြည့်ရှုနေကြခြင်း ဖြစ်သည်။ ကောင်းကင်တာအိုကျောင်းမှ လူများလည်း အပါအဝင်ဖြစ်သည်။ လင်းတျန်ဟောက်မှာ လိုအပ်သည်များကို စီစဉ်ထားပြီးသားဖြစ်သောကြောင့် လူများစွာ ဝိညာဉ်ကွန်ရက်ပေါ်မှနေ၍ ထိုပြိုင်ပွဲကြီးကို ကြည့်ရှုနေကြသည်။

” ကောင်းပါပြီရှင်။ အခု ကျမရဲ့ဘယ်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် မြူခိုးတာအိုကျောင်းက လူတွေ ရောက်လာတာကို မြင်ရမှာပါ ”
အမျိုးသမီး အစီအစဉ်တင်ဆက်သူမှာ အလွန်အင်မတန်မှ လှပနေပြီး သူမ၏အပြုံးမှာ စွဲမက်ဖွယ်ကောင်းလှပေသည်။ သူမ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဘယ်ဘက်ရှိ ဥမင်လိုဏ်ခေါင်းထဲမှ မိုးခြိမ်းသံကဲ့သို့သော အသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

” အောင်ပြီ ”

” အောင်ပြီ ”

ထိုအော်ဟစ်သံများမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်နေပြီး တိုက်ခိုက်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ကျောင်းသားများသာ ထိုကဲ့သို့ အော်ဟစ်နေမည်ဆိုလျှင် ကြီးကြီးမားမား မဟုတ်ပါသော်လည်း ထို ကျောင်းသားများစွာ၏ အော်ဟစ်သံများထဲတွင် ဝမ်ပေါင်လဲ့၏ အော်သံလည်း ပါဝင်နေသည်။ ထို့ကြောင့် သူတို့အားလုံး၏ စုပေါင်းအော်ဟစ်သံကြီးများမှာ ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကို တုန်ရီသွားစေပြီး အမျိုးသမီး အစီအစဉ်တင်ဆက်သူ၏ ကြေညာသံကို လွှမ်းသွားတော့သည်။ ထို့ကြောင့် သူမမှာ ကြက်သေသေသွားရပြီး ယခင်ကထက် ပိုကျယ်သော အသံဖြင့် အလောတကော အော်ဟစ်ကြေညာလိုက်၏။

” မြူခိုးတာအိုကျောင်းရဲ့ အသင်းခေါင်းဆောင်ကတော့…. ”
သူမမှာ စကားမဆုံးနိုင်ခင်မှာပင် မြေပြင်ကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် ဘယ်ဘက်ဥမင်လှိုင်ခေါင်းထဲမှ ဝကစ်ကစ် ဖက်တီးလေးများ ပြေးထွက်လာကြသည်ကို မြင်လိုက်ရသောကြောင့် သူမ အံ့ဩတုန်လှုပ်သွားရပြီး ပရိသတ်များမှာလည်း ကြောင်အန်းအန်းနှင့် ငေးကြည့်နေမိကြတော့သည်။

ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ ကျင့်သိုကျစ်နှင့် ကျိုးမေ့တို့ ဖြစ်သည်။ သူတို့မှာ ဝနေရုံသာမက သူတို့၏ခန္ဓာကိုယ်များမှာလည်း ကြွက်သားများဖြင့် တောင့်တင်းခိုင်မာနေကြ၏။ ထို့နောက် သူတို့မှာ ပြေးလွှားနေကြပြီး သူတို့၏ခန္ဓာကိုယ်များထဲမှ ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခု အဆက်မပြတ်ထွက်ပေါ်နေ၏။

သူတို့၏ ပုံပန်းသွင်ပြင်များမှာ ရက်စက်ကြမ်းကြုတ်နေပြီး အရှိန်အဝါ အပြည့်ရှိနေသည့်ပုံ ပေါက်နေကြသည်။ သူတို့၏ မောက်မာဝင့်ကြွားမှု အငွေ့အသက်များကြောင့် ကွင်းထဲရှိလူတိုင်း တုန်လှုပ်ချောက်ချားနေရတော့သည်။

သူတို့နှစ်ယောက်၏ နောက်တွင် ကျောင်းသားကိုးဆယ်ကျော် လိုက်လာကြသည်။ သူတို့မှာ ထိုနှစ်ယောက်လောက် ဝဝကစ်ကစ်နှင့် ကြွက်သားတောင့်တင်နေခြင်း မရှိပေ။ သို့သော် သူတို့၏ ခန္ဓာကိုယ်များမှာ မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများထက်ပို၍ သိသိသာသာကြီးမားနေဆဲပင်။ သူတို့၏ လက်မောင်းများမှာဆိုလျှင် မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများ၏ ခါးထက်ပင် ပို၍တုတ်ခိုင်နေကြ၏။

သူတို့မှာ ပြည်သူ့ရင်ပြင်ထဲသို့ အပြေးရောက်လာကြ၏။ ထိုအခါ အစီအစဉ်တင်ဆက်သူနှစ်ယောက်စလုံးမှာ ပင့်သက်ရှိုက်မိသွားကြပြီ ပရိတ်သတ်ကြီးမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့သည်။

” ဘာတွေဖြစ်နေတာလဲဟ ”

” ဘုရားရေ။ ဒီဖက်တီးတွေက မြူခိုးတာအိုကျောင်းက ကျောင်းသားတွေလား ”

” အဲဒါ အဘိုးကြီးကျင့်ရဲ့ သားမလား။ ဘုရားရေ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက ကျုပ်သူ့ကို မြင်ခဲ့တုန်းကနဲ့ လုံးဝမတူတော့ပါလား ”

” ဘယ်လိုလုပ်ပြီးတော့ ဒီပြိုင်ပွဲကို ဆက်ကျင်းပလို့ ဖြစ်တော့မှာလဲ။ အဲဒီ ဖက်တီးတွေက ဘာတွေကိုများ စားခဲ့ကြတာတုန်းဟ။ မသိရင် စစ်မြင်းကြီးတွေ ကျနေတာပဲ ”

ကွင်းကြီးတခုလုံး ဆူညံပွက်လောရိုက်သွားပြီး ဘုရင်ခံပင်လျှင် အံ့အားသင့်သွားရသည်။ ဧရာမသစ်ပင်ကြီးမှာမူ သူ၏ရှေ့တွင်ရှိနေသော မြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲပင်။ ထိုတိုင်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ အများပြည်သူများမှာလည်း သူတို့မြင်လိုက်ရသော မြင်ကွေးကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။

အမှန်အတိုင်းဆိုလျှင် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်နေစရာ မရှိပါက အရာအားလုံးမှာ သာမန်အတိုင်း ဖြစ်နေမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုကျောင်းသားအဖွဲ့နှစ်ဖွဲ့မှာ ဘေးချင်းကပ်လျက် ရပ်နေကြပြီဖြစ်ရာ မည်သည့်အဖွဲ့က အားနည်းသောအဖွဲ့ဖြစ်ပြီး မည်သည့်အဖွဲ့က ပို၍အစွမ်းထက်သော အဖွဲ့ဖြစ်သည်ကို အရှင်းအလင်း မြင်နေရပြီဖြစ်သည်။ မြူခိုးတာအိုကျောင်းမှ ကျောင်းသားများ၏ ဘေးတွင် မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများမှာ လေပြေလေညင်းလေး တစ်ခုကိုပင် တောင့်ခံနိုင်စွမ်းမရှိသည့် ထိလွယ်ကျိုးလွယ်သော သစ်ကိုင်းခြောက်များနှင့် တူနေတော့သည်။

မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများစွာမှာ မြူခိုးတာအိုကျောင်းမှ ကျောင်းသားများ သူတို့ဆီသို့ ပြေးလာကြသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် စိုးထိတ်သွားကြတော့သည်။ သူတို့မှာ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားကြပြီး အလောတကြီး အော်ဟစ်လိုက်ကြ၏။

” ငါနဲ့ ဝေးဝေးနေစမ်း ”

” ခဏရပ်ပါဦး ပြိုင်ပွဲက စတောင်မစသေးဘူးလေ ”

” ဘုရားရေ ဘယ်လိုလုပ်ပြီးတော့ သူတို့က အခုလောက်အထိ ထွားလာရတာလဲ။ ငါတို့က ဘယ်လိုလုပ်ပြီးတော့ သူတို့ကို တိုက်ခိုက်ရတော့မှာလဲကွ။ သူတို့ထဲကတစ်ယောက်က ငါတို့ဘက်က အယောက်တစ်ရာလောက်ကို ယှဉ်ချနိုင်စွမ်း ရှိနေတာကို ”

ထိုကွင်းကြီးတစ်ခုလုံးနှင့် ဘေးပတ်ပတ်လည်ရှိ ပရိတ်သတ် ပွဲကြည့်စင်ကြီးမှာ တစ်ခဏမျှ ဖရိုဖရဲ ဖြစ်သွားရတော့သည်။

Comment

  1. Kham says:

    အားမရတော့ဘူး မြန်မြန်လေး

  2. Koko Lay says:

    မြန်မြန်လေရေးပါ‌ဖတ်ရတာအားမရလို့အမြန်လေးရေပါ

Leave a Reply

Options

not work with dark mode
Reset