ဝမ်ပေါင်လဲ့မှာ လာမည့် ချစ်ကြည်ရေးပြိုင်ပွဲကို အလွန်အင်မတန်မှ အလေးထားနေ၏။ စစချင်းတွင် သူသည် သူ၏မာနကြောင့်သာ လီဝူချန်း၏ တောင်းဆိုမှုကို လိုက်လျောခဲ့ခြင်း ဖြစ်သည်။ သူသည် လီဝူချန်းအား တိုက်ခိုက်ကာ အနိုင်ရခဲ့သည်ဖြစ်၍ သူ၏ လုပ်ပိုင်ခွင့်အာဏာများနှင့် အစွမ်းအစများကို လူအများသိအောင် ထုတ်ပြနိုင်ခဲ့ပေသည်။
ယခုပြိုင်ပွဲမှာမူ သေးဖွဲ့သိမ်နုတ်သော အချင်းပွားမှုတစ်ခုကြောင့် ပေါ်လာရခြင်း ဖြစ်သည်။ သို့သော် သူသည် ထိပ်တန်းအဆင့် ကျောင်းတစ်ကျောင်း၏ တန်ဖိုးအစစ်အမှန်ကို နားလည်သွားသောအခါ သူ၏ ဦးနှောက်မှာ စတင်အလုပ်လုပ်လာတော့သည်။ ထို့ကြောင့် သူသည် ဤပြိုင်ပွဲမှာ သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်ကြောင်း မှတ်ယူလိုက်၏။
ဤ အခွင့်အရေးကို အသုံးချနိုင်ပါက သူသည် ဧရာမသစ်ပင်ကြီး၏ သူ့အပေါ်ထားရှိသော လွှမ်းမိုးချုပ်ကိုင်မှုများကို လျှော့ချနိုင်မည်ဖြစ်ရာ အနာဂတ်တွင် ထို ဧရာမသစ်ပင်ကြီးအား ယခုလောက် ကြောက်နေစရာ လိုတော့မည်မဟုတ်ပေ။
” ငါ လုပ်ရမှာက အင်္ဂါဂြိုဟ်ပေါ်မှာ ခြေကုပ်ကောင်းကောင်း ယူပြီးတော့ အင်္ဂါဂြိုဟ်အသိုင်းအဝိုင်းထဲမှာ ကျော်ကြားလာအောင် လုပ်ဖို့ပဲ။ အဲဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ဧရာမသစ်ပင်ကြီးက ငါ့ကိုအန္တရာယ်ပြုချင်ရင်တောင် အနှောင့်အယှက် အတားအဆီးတွေ အများကြီးနဲ့ ကြုံရမှာ ”
” ရှင်းအောင်ပြောရမယ်ဆိုရင် ငါ အင်္ဂါဂြိုဟ်ပေါ်မှာ နာမည်ပိုကြီးလာလေလေ ပိုပြီးတော့ ဘေးကင်းလေလေပဲ။ တကယ်လို့ ငါ ဘုရင်ခံနဲ့ ရင်းနှီးလာအောင် လုပ်နိုင်ပြီးတော့ သူ့ဆီကနေ အကူအညီတောင်းနိုင်မယ်ဆိုရင် ဧရာမသစ်ပင်ကြီးကို ဘာမှကြောက်နေစရာ မလိုတော့ဘူး ”
ဝမ်ပေါင်လဲ့မှာ ကျောင်းသားများအား အပြင်းအထန် လေ့ကျင့်ပေးခဲ့သည့် သုံးလအတွင်း သူ၏အတွေးများကို စုစည်းခဲ့ပြီးနောက် နောက်ဆုံးတွင် ယခုကဲ့သို့ ကောက်ချက်ချလိုက်တော့သည်။
ထို့ကြောင့်လည်း သူသည် အပြတ်အသတ် အနိုင်ရရှိရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ သူသည် ချစ်ကြည်ရေးပွဲကို အနိုင်ရရှိရုံလောက်နှင့် ကျေနပ်နိုင်မည်မဟုတ်ဘဲ အပြတ်အသတ် အနိုင်ရရှိချင်နေ၏။ သူသည် သူ၏ကျောင်းသားများအား သူတို့၏ မိဘများ၊ ဘုရင်ခံနှင့် အင်္ဂါဂြိုဟ်မြို့တော်ကြီး တစ်ခုလုံး၏ ရှေ့တွင် သူတို့၏ အစွမ်းအစများကို သက်သေပြစေချင်နေ၏။ သို့မှသာ သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် ခြေကုပ် အခိုင်အမာ ရရှိသွားမည် ဖြစ်သည်။
ထို့အပြင် ထိုနိုင်ပွဲကြောင့် သူသည် အထိုက်အသင့် ထင်ပေါ်ကျော်ကြားသွားမည်လည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ဦးခေါင်းထက်တွင် ရောင်ခြည်တော်စက်ဝန်းတစ်ခု ထင်ဟပ်နေသကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး သူ့အား နာမည်ကျော်ဆရာလေးအဖြစ် လူအများက သိသွားကြမည် ဖြစ်သည်။
သူ၏ ရည်မှန်းချက် ပန်းတိုင်များကို ရရှိနိုင်ရန်အတွက် ဝမ်ပေါင်လဲ့မှာ ထိုချစ်ကြည်ရေးပွဲအကြောင်းကို ကြော်ငြာရာ၌ သူ၏ ရုပ်ပုံများကို ထည့်သွင်းစေခဲ့၏။ ထိုကြော်ငြာများကို အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ တစ်ခုလုံးထဲရှိ လင်းတျန်ဟောက် ငှားရမ်းခဲ့သော ဝိညာဉ်ဖန်သားပြင်များပေါ်တွင် ပြသစေခဲ့၏။ ထိုကြော်ငြာများထဲတွင် ဝမ်ပေါင်လဲ့ ယခင်တုန်းက ရရှိဆွတ်ခူးနိုင်ခဲ့သည့် အောင်မြင်မှုများနှင့် ဆုတံဆိပ်များ ပါဝင်နေ၏။ ထိုကြော်ငြာများ၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့သည် အများနှင့်မတူ တမူထူးခြားသော လူတစ်ယောက်ဖြစ်နေရုံသာမက ဆရာတစ်ယောက်လည်းဖြစ်သည်ဟု လူအများကို သိစေချင်သော အချက်ပင်ဖြစ်သည်။ သူ၏ တပည့်များမှာ သူ့နည်းတူပင် ထူးချွန်ထက်မြက်ကြ၏။ ဆရာကောင်းတပည့် ပန်းကောင်းပန်ဟူသော ဆိုရိုးစကားကဲ့သို့ပင်။
လင်းတျန်ဟောက်မှာ လိုအပ်သော ပြင်ဆင်မှုများအားလုံးကို ပြုလုပ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ ကျောင်းအုပ်ဆီသို့ ချက်ချင်းပင်သွားလိုက်၏။ ထို့နောက် သူသည် သူ၏ တောင်းဆိုမှုကို လိမ္မာပါးနပ်စွာ တင်ပြလိုက်သောအခါ ကျောင်းအုပ်မှာ ပြုံးကာ သဘောကျသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်၏။ သူသည် ထောက်ခံချက်ကို ရလိုက်သောအခါ သူတို့မှာ ဖိတ်ကြားလွှာတစ်စောင်ကို ရေး၍ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံ၏ အိမ်ရာသို့ ပေးပို့လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ သူတစ်ယောက်တည်း၏ ဆန္ဒအတိုင်း ပြုမူခဲ့ခြင်းမရှိဘဲ ကျောင်းအုပ်ဆီသို့ သွားရောက်အကူအညီတောင်းလိုက်ရသည့် ရည်ရွယ်ချက်မှာ သူသည် ကျောင်းတစ်ကျောင်းလုံးကို အုပ်ချုပ်ခွင့်ရှိနေသည့်တိုင်အောင် အမည်စာရင်းထဲတွင်မူ ကျောင်းအုပ်မှာ ခေါင်းဆောင်နေရာ၌ ရှိနေဆဲပင်ဖြစ်သောကြောင့် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းထဲတွင် ရှိခဲ့စဉ်တုန်းက သာမန်ကျောင်းသားအဆင့်မှ လက်ထောက်ကျောင်းအုပ်အဆင့်သို့ အဆင့်ဆင့် တက်လာခဲ့သူတစ်ယောက် ဖြစ်ရာ ယခုကဲ့သို့သော ကိစ္စများအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သိထားပြီးသားဖြစ်သည်။ သူ၏ လုပ်ရပ်များကြောင့် ကျောင်းအုပ်မှာလည်း ကျေနပ်သွားပြီး သူ့အား ကျောင်းကို စီမံအုပ်ချုပ်ခွင့် အပြည့်အဝပေးလိုက်ခြင်းဖြစ်သည်။
အရာအားလုံး ပြင်ဆင်ပြီးသွားသောအခါ အင်္ဂါဂြိုဟ်နှစ်ပတ်လည်နေ့သို့ ရောက်ရှိလာတော့သည်။
ထိုနေ့တွင် အင်္ဂါဂြိုဟ်မြို့တော်တစ်ခုလုံး ပျားပန်းခပ်နေ၏။ မြူခိုးတာအိုကျောင်းမှ ကျောင်းသားတိုင်း သူတို့၏မိဘများအား ချစ်ကြည်ရေးပွဲကို လိုက်လံအားပေးရန် ခေါ်လာခဲ့ကြသောကြောင့် ယခင်နှစ်များတုန်းက အင်္ဂါဂြိုဟ်နှစ်ပတ်လည်နေ့များထက်ပင် ပို၍ စည်ကားသိုက်မြိုက်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ သူတို့အား ထိုတာဝန်ပေးခဲ့သည်ဖြစ်ရာ သူတို့မှာလည်း ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်သာဖြစ်သည်။
မြူခိုးတာအိုကျောင်းထဲရှိ ဝမ်ပေါင်လဲ့၏ လက်ရှိ ရာထူးအဆင့်အတန်းနှင့် ဂုဏ်သတင်းကျော်စောမှုများကြောင့် ကျောင်းသားတိုင်း သူ၏အမိန့်ကို နာခံကြ၏။ မီးဝိညာဉ်ကျောင်းမှာလည်း သူတို့အတိုင်း လိုက်လုပ်ခဲ့သဖြင့် သူတို့ကျောင်းမှ ကျောင်းသားများမှာလည်း သူတို့၏မိဘများအား ပြိုင်ပွဲကို လာရောက်ကြည့်ရှုရန် ပူဆာခဲ့ကြသည်။ ထိုသို့ဖြင့် အင်္ဂါဂြိုဟ်နှစ်ပတ်လည်နေ့တွင် မြို့တော်နယ်မြေ သုံးဆယ်ကျော်၏ အထက်ရှိ ဝေဟင်ထဲတွင် သင်္ဘောပျံကြီးများ မြောက်မြားစွာ ပျံဝဲနေကြတော့သည်။ ၎င်းတို့အားလုံးမှာ နယ်မြေဆယ့်နှစ်ရှိ တိုက်ခိုက်ရေးကွင်းဆီသို့ ဦးတည်နေကြသည်ဖြစ်ရာ ကောင်းကင်ယံထဲတွင် သင်္ဘောပျံကြီးများဖြင့် ပြည့်နှက်နေတော့သည်။ ထို့အပြင် ထိုတိုက်ခိုက်ရေးကွင်းဆီသို့ ခြေလျင်သွားကြသူ အမြောက်အမြားလည်း ရှိနေသေးသည်။
အချို့သောမိဘများမှာ အများပြည်သူရုံးပိတ်ရက် ဖြစ်နေသည့်တိုင်အောင် အလုပ်ရှိနေကြဆဲ ဖြစ်ပါသော်လည်း အကောင်းဆုံးကြိုးစား၍ သူတို့ သားသမီးများ၏ ဆန္ဒများကို ဖြည့်ဆည်းပေးခဲ့ကြသည်။ ထိုပွဲတော်သဘင်ကာလတွင် အင်္ဂါဂြိုဟ်ကိုလိုနီမြို့နယ် တစ်ခုလုံးထဲရှိ လင်းတျန်ဟောက် ငှားရမ်းထားသော ဝိညာဉ်ဖန်သားပြင်များမှာ ထိုချစ်ကြည်ရေးပွဲအကြောင်းကို အဆက်မပြတ် ထုတ်လွှင့်ပြသနေတော့သည်။ ထို့ကြောင့် ပြည်သူလူထုကြီးတစ်ခုလုံးမှာလည်း ထိုကိစ္စကို စိတ်ဝင်စားသွားကြ၏။
ထို့အပြင် တစ်ယောက်နှင့်တစ်ယောက် မနှစ်မြို့ကြသောကြောင့် မိမိတို့၏ သားသမီးများကို ကျောင်းအတူတူတက်ခွင့်ပင် မပေးသည့် မိသားစုအချို့လည်း ရှိနေသေးသည်။ သူတို့မှာ စိတ်အားအထက်သန်ဆုံးဖြစ်နေကြပြီး ဤပြိုင်ပွဲကို သူတို့၏ သားသမီးများ တက်ရောက်သည့် ကျောင်းက အနိုင်ရရှိရန် မျှော်လင့်နေကြ၏။
အတက်ကြွဆုံးလူများမှာမူ ပြိုင်ပွဲဝင်ကျောင်းသားများ၏ မိဘများပင် ဖြစ်ကြသည်။ သူတို့မှာ ကွင်းထဲသို့ အစောဆုံးရောက်လာကြပြီး ပြိုင်ပွဲဝင်အားလုံး၏ မိဘများအားလုံးနီးပါးမှာ ရောက်ရှိနေကြပြီဖြစ်သည်။ အဘိုးအဘွားများ ရှိသူများဆိုလျှင် သူတို့ကိုပါ ပွဲကြည့်ရန် ခေါ်လာကြသည်။
ထိုချစ်ကြည်ရေးပွဲအား ကျင်းပမည့်ကွင်းမှာ နယ်မြေဆယ့်နှစ်ထဲရှိ ပရိတ်သတ် တစ်သိန်းတိတိ ဝင်ဆံ့နိုင်သော ကွင်းကြီးတစ်ခုဖြစ်သည်။ ယခုတွင် ထိုကွင်းကြီးထဲသို့ လူများစွာ ဝင်ရောက်လာနေကြပြီ ဖြစ်ပြီး ခဏအကြာတွင် ကွင်းအပြည့် ဖြစ်သွား၏။ ပရိတ်သတ်များ၏ ဆူညံပွက်လောရိုက်နေကြသော အသံများမှာ လေထုထဲတွင် ပြည့်နှက်နေတော့သည်။
ထိုကွင်းထဲသို့ ရောက်လာကြသူအားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးပြီးသား ဖြစ်နေကြသောကြောင့် ဆွေးနွေးငြင်းခုံသံများနှင့် ရယ်မောသံများကို ကြားနေရ၏။ ထို့ကြောင့် ထိုကွင်းကြီးတစ်ခုလုံးမှာ ပျားပန်းခပ်နေကြတော့သည်။
” အဘိုးကြီးကျန်း။ ခင်ဗျားရော ရောက်လာတာလားဗျ။ မကြုံဖူးပေါင်ဗျာ ”
” ငါ့သားက အတင်းခေါ်နေလို့ပါကွာ။ ထားပါတော့။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်တွေ ဘယ်လောက်အထိ ကောင်းနေပြီလဲဆိုတာ ကြည့်ကြတာပေါ့ ”
ထိုကွင်းကြီးထဲ၌ ပရိတ်သတ်များဖြင့် ပိုမိုစည်ကားလာစဉ် မြူခိုးတာအိုကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသားများမှာ စုဝေးလိုက်ကြပြီး သင်္ဘောပျံကြီးပေါ်သို့ တက်လိုက်ကြ၏။ ထို့နောက် သူတို့မှာ နယ်မြေဆယ့်နှစ်ကွင်းဆီသို့ ဦးတည်သွားကြ၏။ ဤပြိုင်ပွဲမှာ ကျောင်းတော်ကြီးအတွက် အရေးပါသော ပြိုင်ပွဲတစ်ခုဖြစ်ရာ ကျောင်းအုပ်နှင့် ဆရာများအားလုံးမှာ သင်္ဘောပျံကြီးပေါ်၌ ရှိနေကြ၏။
သင်္ဘောပျံကြီး ရှေ့သို့ပျံထွက်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံထဲရှိ ကျောင်းသားများကို ကျေနပ်အားရနေသည့် အမူအရာဖြင့် လိုက်လံကြည့်ရှုလိုက်၏။ ထိုကျောင်းသားများမှာ မုန့်စားသူကစား၊ ဝိညာဉ်ရေခဲရေ သောက်သူကသောက်၊ မှန်ကြည့်သူကကြည့် ဖြစ်နေကြ၏။ သူတို့အားလုံးမှာ ဝကစ်ကစ် ဖက်တီးလေးများဖြစ်နေကြပြီဖြစ်သည်။
” ဒီကျောင်းသားတွေက ပြည်ထောင်စုကြီးရဲ့ အနာဂတ်ထောက်တိုင်တွေ ဖြစ်လာမှာ ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူသည် စိတ်ဓာတ်တက်ကြွစေမည့် ဩဝါဒတစ်ခုပေးရန် ပြင်လိုက်စဉ်မှာပင် မျက်စိလျင်သော ကျောင်းသားတစ်ယောက်က သင်္ဘောပျံကြီး အပြင်ဘက်ရှိ နယ်မြေဆယ့်နှစ်ထဲတွင် ဧရာမ ဝိညာဉ်ဖန်သားပြင်ကြီးတစ်ခုအား ထောင်ထားသည်ကို လှမ်းမြင်လိုက်သည်။ ထို့ကြောင့် သူသည် မျက်လုံးများ အရောင်လက်သွားပြီး ထိုဖန်သားပြင်ကြီးအား ချက်ချင်းပင် လက်ညှိုးထိုးပြလိုက်၏။
” မြန်မြန်လေး။ ဟိုမှာ ကြည့်လိုက်စမ်း။ ကျောင်းအုပ်ပဲကွ ”
သူ၏ စကားသံ ထွက်ပေါ်လာသောအခါ သင်္ဘောပျံထဲရှိ ကျောင်းသားများမှာ လှမ်းကြည့်လိုက်ကြ၏။ ထိုအခါ ကိုက်ရာပေါင်းများစွာ ရှည်လျားနေသည့် ဝိညာဉ်ဖန်သားပြင်ကြီးတစ်ခုကို ချက်ချင်းပင် လှမ်းမြင်လိုက်ရသည်။ ထိုဖန်သားပြင်ပေါ်တွင် ဝမ်ပေါင်လဲ့ ပေါ်လာ၏။
သူသည် ရုံးအဝတ်အစားများ ဝတ်ထားပြီး သူ၏ မျက်နှာအမူအရာမှာ တည်ကြည်နေသလို သူ၏ တောက်ပနေသော မျက်ဝန်းများထဲတွင်လည်း ပြတ်သားမှု အရိပ်အယောင်တစ်ခုကို မြင်နေရ၏။ သူသည် ညာလက်လက်ဝါးကို ရင်ဘတ်ပေါ်သို့တင်ကာ ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်နေရင်း သူ၏ နှုတ်မှ ခပ်အောအော စကားသံတစ်သံ ထွက်ပေါ်လာသည်။
” ကျနော်က ဆရာတစ်ယောက် မဟုတ်ပါဘူး။ အင်္ဂါဂြိုဟ်ပေါ်က ကျောင်းသားတွေအတွက် သူတို့ရဲ့ အနာဂတ်ကို အလင်းပြပေးနိုင်ဖို့ ကျနော့်ရဲ့ အသက်မီးလျှံကို ငြိမ်းသွားတဲ့အထိ ပျော်ပျော်ကြီး တောက်လောင်စေမယ့် ဖယောင်းတိုင် မီးတောက်လေးတစ်ခုပါပဲ ”
” ကျနော် အခုကစပြီးတော့ အင်္ဂါဂြိုဟ်ရဲ့ ပညာရေးနယ်ပယ်အတွက် စိတ်ရောကိုယ်ပါ ပေးဆပ်ဖို့ ကျိန်ဆိုပါတယ်။ ကျနော့်ရဲ့ ပညာသင်ကြားပေးရမယ့် တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်။ ကျနော်တို့ရဲ့ ကျောင်းသားတွေကို ပြုစုပျိုးထောင်လေ့ကျင့်ပေးပြီးတော့ သူတို့ကို ရှေးဦးဝိညာဉ်ခေတ်ရဲ့ အနာဂတ်ထောက်တိုင်ကြီးတွေ ဖြစ်လာအောင် ပြောင်းလဲပေးပ့ါမယ်။ သူတို့လေးတွေရဲ့ ရင်ထဲမှာ ရည်မှန်းချက်ပန်းတိုင်တွေ၊ ယုံကြည်မှုတွေ၊ ကိုယ်ကျင့်တရားတွေ၊ ကြိုးစားရုန်းကန်ချင်စိတ်တွေနဲ့ မေတ္တာတရားတွေ ကိန်းအောင်းနေစေရပါမယ်။ သူတို့တွေ အင်္ဂါဂြိုဟ်ကြီးရဲ့ ဂုဏ်သိက္ခာအတွက် အသက်ပေးပြီးတော့ တိုက်ခိုက်စေရပါမယ် ”
” ကျနော် ဝမ်ပေါင်လဲ့ သစ္စာကျိန်ဆိုပါတယ် ”
သူ၏စကားသံထဲတွင် ခံစားချက်မျိုးစုံ ကိန်းအောင်းနေပါသော်လည်း သူ၏အကြည့်မှာ တည်ကြည်နေပြီး ပြတ်သားမှုအပြည့် ရှိနေဆဲပင်။ သူ၏မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှု မီးတောက်များ တောက်လောင်နေသဖြင့် ၎င်းတို့မှာ အနာဂတ်နှင့် သူ၏ ကျောင်းသားများအပေါ်တွင် ထားရှိသော သူ၏ မျှော်လင့်ချက်များနှင့် စိတ်ဓာတ်ပြတ်သားမှုများကို ထင်ဟပ်နေစေတော့သည်။
ကင်မရာ၏ နေရာယူထားပုံကြောင့် သူသည် ပုံမှန်ထက် ပိုပိန်နေသည့်ပုံ ပေါက်နေ၏။ ထို့အပြင် သူသည် အနည်းငယ်ခန့်ပင် ခံ့ညားနေပြီး သူ၏ စိတ်ဓာတ်ပြတ်သားမှုများနှင့် စိတ်အားထက်သန်မှုများကြောင့် တမူထူးခြားသော ဆွဲဆောင်မှုတစ်မျိုးကိုပင် ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေတော့သည်။
သူသည် ပြည်ထောင်စုကြီးအကြောင်းကို ထည့်မပြောခဲ့ဘဲ အင်္ဂါဂြိုဟ်အကြောင်းကိုသာ ပြောခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် အင်္ဂါဂြိုဟ် ဇာတိဖွားများမှာ စိတ်နှလုံးများ လှုပ်ရှားသွားကြတော့သည်။ အင်္ဂါဂြိုဟ်အစိုးရ၏ အဆင့်မြင့်အရာရှိကြီးများမှာလည်း ထိုထုတ်လွှင့်မှုကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။
ထိုထုတ်လွှင့်မှုကြီးကြောင့် လူတိုင်း ဆွံ့အမှင်တက်နေကြစဉ် ဝိညာဉ်ဖန်သားပြင်ထဲမှ ပြဇာတ်ဆန်ဆန် တီးလုံးများ ကျယ်လောင်စွာထွက်ပေါ်လာပြီး လေထုထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ နယ်မြေဆယ့်နှစ် တစ်ခုတည်းသာ ထိုသို့ဖြစ်နေခြင်းမဟုတ်ပေ။ မြို့တော်ထဲရှိ နယ်မြေတိုင်းတွင် ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်တက်ကြွဖွယ်ရာ ကျမ်းသစ္စာကျိန်ဆိုမှုကြီးကို သူ၏ ရုပ်ပုံကြီးနှင့်အတူ ထုတ်လွှင့်ပြသနေခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း စိတ်ဓာတ်များ တက်ကြွသွားကြ၏။
သာမန်ပြည်သူများသာမက ကွင်းထဲသို့ သွားနေကြသော ကျောင်းသားမိဘများပင်လျှင် ဆွံ့အမှင်တက်သွားရ၏။ သို့သော် သူတို့၏ အမူအရာများမှာ သင်္ဘောပျံပေါ်တွင် ဝမ်ပေါင်လဲ့နှင့်အတူ ရှိနေသည့် ကျောင်းသားများ၏ အမူအရာများကို ယှဉ်နိုင်မည် မဟုတ်ပေ။
သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ကို အရူးအမူး ကြည်ညိုလေးစားနေကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ထိုဝိညာဉ်ဖန်သားပြင်ပေါ်ရှိ ထုတ်လွှင့်မှုကို မြင်လိုက်ရပြီး ဝမ်ပေါင်လဲ့၏ ပြောစကားများကို ကြားလိုက်ရတော့အခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားကြတော့သည်။ သူတို့၏မျက်ဝန်းများထဲရှိ စိတ်အားထက်သန်မှု အရိပ်အယောင်များမှာလည်း ပိုမိုသိသာထင်ရှားလာတော့သည်။
မြူခိုးတာအိုကျောင်းမှ ဆရာများပင်လျှင် နောက်သို့လှည့်လာကြပြီး အံ့ဩတုန်လှုပ်နေသော အကြည့်များဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြတော့သည်။ သို့သော် လင်းတျန်ဟောက်မှာမူ အများနှင့်မတူဘဲ စိတ်ထဲတွင်သာကျိတ်၍ သက်ပြင်းချလိုက်၏။ ထိုအပိုင်းကို ရိုက်ကူးကာ ရုပ်သံမှတ်တမ်းထဲ၌ ထည့်သွင်းရန် အကြံပေးခဲ့သူမှာ ဝမ်ပေါင်လဲ့ပင်ဖြစ်သည်။ ဤအပိုင်းကို ယခင်တုန်းက ထုတ်လွှင့်ပြသခဲ့ခြင်းမရှိဘဲ ယခုမှသာ ဖန်သားပြင်များပေါ်၌ ပထမဆုံးအကြိမ်အဖြစ် ပြသလိုက်ခြင်းဖြစ်သည်။ သူသည် ထိုအပိုင်းကို ရိုက်ကူးခဲ့စဉ်တုန်းက ရှည်ရှည်ဝေးဝေး တွေးမနေခဲ့ဘဲ အနည်းငယ်ခန့်ပင် အပိုလုပ်နေသည်ဟု မှတ်ယူခဲ့၏။ သို့သော် ယခုတွင်မူ လူတိုင်း၏ အမူအရာများကို မြင်လိုက်ရသောအခါ ထိုအကြံအစည်မှာ အလွန်အင်မတန်မှ ကောင်းမွန်နေကြောင်း လက်ခံလိုက်ရတော့သည်။
” ဝမ်ပေါင်လဲ့က ဒီပြိုင်ပွဲကိုနိုင်သွားမယ်ဆိုရင် အင်္ဂါဂြိုဟ်ပေါ်မှာ ခြေကုပ်ကောင်းကောင်းတစ်ခုကို ရသွားရုံတင်မကဘဲ နာမည်ပါကျော်သွားတော့မှာ ”
ရလဒ်နှင့် အောင်မြင်မှုဆိုသော စကားလုံးနှစ်လုံး၏ အဓိပ္ပါယ်မှာ ဆင်တူနိုင်ပါသော်လည်း လက်တွေ့တွင်မူ လုံးဝမတူပေ။ ထိုအချက်ကြောင့် လင်းတျန်ဟောက်မှာ သက်ပြင်းချနေရခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လူတိုင်း၏ မျက်နှာအမူအရာများကို အကဲခတ်ရင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့နေ၏။ ထို့နောက် သူသည် ချောင်းဟန့်လိုက်၏။ ယခုကဲ့သို့သော အချိန်မျိုးတွင် သူသည် မည်သည့်စကားမှ မပြောသင့်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ကြည်သော မျက်နှာထားဖြင့် ရှေ့သို့ လှမ်းမျှော်ကြည့်နေလိုက်တော့သည်။ သူ၏ မျက်ဝန်းများမှာ မှန်းဆ၍ မရနိုင်လောက်အောင် အဓိပ္ပါယ်လေးနက်နေတော့သည်။
ခဏအကြာတွင် နယ်မြေဆယ့်နှစ်မှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် ပေါ်လာ၏။
သင်္ဘောပျံကြီး ကွင်းနားသို့ မရောက်ခင်မှာပင် ထိုကွင်းထဲမှ ဆူညံပွက်လောရိုက်နေသည့် အသံများကို ကြားနေရပြီဖြစ်သည်။ အဝေးမှ ကြည့်လိုက်ပါက ထိုကွင်းကြီးမှာ လေထဲတွင်ပျံနေသော ငှက်တစ်ကောင်နှင့် တူနေပြီး ၎င်း၏ ဖြန့်ထားသော အတောင်ပံနှစ်ဖက်ထဲတွင် ပရိသတ်များ အပြည့်ရှိနေ၏။ ၎င်း၏ ကိုယ်ထည်မှာ ကျောင်းနှစ်ကျောင်း ချစ်ကြည်ရေးပြိုင်ပွဲကျင်းပမည့် ပြည်သူ့ရင်ပြင်ကြီး ဖြစ်သည်။
ထိုရင်ပြင်ကြီး၏ တစ်ဖက်တစ်ချက်ဆီတွင် သင်္ဘောပျံကြီးများ ရပ်နားနိုင်မည့် သီးသန့်နေရာတစ်ခုစီ ရှိနေပြီး ၎င်းတို့မှာ အောက်သို့အနည်းငယ်ခန့် ကျွံဝင်နေ၏။ ကျောင်းသားများ သင်္ဘောပျံပေါ်မှ ဆင်းသက်လာသည်ကို ပွဲကြည့်ပရိသတ်များမှာ မြင်ရမည် မဟုတ်ပေ။ ပြည်သူ့ရင်ပြင်ဆီသို့ ချိတ်ဆက်ထားသည့် အထူးတလည် ဖောက်လုပ်ထားသော လမ်းများ ရှိနေ၏။
” ရောက်ပြီ ”
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်များ ဖျတ်ခနဲလက်သွား၏။ သင်္ဘောပျံကြီးမှာ ပြည်သူ့ရင်ပြင်၏ ဘယ်ဘက်ခြမ်းရှိ ယာဉ်ရပ်နားနိုင်သည့် နေရာထဲသို့ ဆင်းသက်သွား၏။ ကျောင်းသားများမှာ စိတ်လှုပ်ရှားနေကြပြီဖြစ်ပြီး အပြင်ဘက်တွေရှိနေသည့် အရာများကို မမြင်ရတော့ပေ။ သူတို့ အပြင်ဘက်သို့ထွက်လာသောအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လာပြီး ပြိုင်ပွဲထဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသားများကို ကြည့်လိုက်၏။
” အပြင်ဘက်မှာ မင်းတို့မိဘတွေအကုန်လုံး ကြည့်နေကြတာနော်။ တိုက်ပွဲတွေကို မြန်မြန်လေး အဆုံးသတ်လိုက်ကြ။ မြူခိုးတာအိုကျောင်းက ဘာလဲဆိုတာ သူတို့သိအောင် ပြလိုက်ကြစမ်းပါ။ ပြီးတော့ ငါတို့ရဲ့ ပြိုင်ဘက်တွေအတွက် အထူးပြင်ဆင်ထားတဲ့ လက်ဆောင်တွေကိုလည်း မမေ့နဲ့ဦးနော် ”
” အောင်ရမယ်ကွ ”
ကျင့်သိုကျစ်နှင့် အခြားကျောင်းသားများမှာ သွေးများပွက်ပွက်ဆူနေကြပြီး တိုက်ခိုက်လိုစိတ်ပြင်းပြစွာ အော်ဟစ်လိုက်တော့သည်။