လက်ချောင်းလှန်ချိုးကွက်သည် ဝမ်ပေါင်လဲ့ ရှေးဟောင်းသိုင်းအဆင့်တွင် ရှိခဲ့စဉ်က သင်ယူခဲ့သော ဝှက်ဖဲတစ်ခု ဖြစ်သည်။ သူသည် လက်ချောင်းကို လှန်ချိုးခြင်း၊ ဂွကြားကိုကန်ခြင်းစသော ရှေးဟောင်းသိုင်းကွက်များကိုသုံး၍ နာမည်တစ်လုံးရခဲ့သည်။
ယခုတွင် သူသည် အခြေတည်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း ထိုဝှက်ဖဲသုံးချပ်သည် အတိုင်းအတာတစ်ခုအထိ အသုံးဝင်နေဆဲဖြစ်သည်။ ဝမ်ပေါင်လဲ့သည် ထိုဝှက်ဖဲကို ထုတ်သုံးလိုက်ပြီးနောက် သူ့လက်ထဲမှ လွတ်မြောက်သွားသူကို တစ်ဦးပင် မတွေ့ခဲ့ဖူးသေးပေ။ သို့သော် သူတို့အကြားတွင် ကျင့်ကြံခြင်းအဆင့်များစွာ ကွာခြားနေပါက ထိုဝှက်ဖဲသုံးချပ်သည် အသုံးဝင်မည်မဟုတ်ပေ။
တိုက်ပွဲဝင်ပုဆိန်ဟိုတယ်အပြင်တွင် ဝမ်ပေါင်လဲ့၏ကန်ချက်ကို မြင်ဖူးထားခဲ့သော ကျင့်သိုကျစ်နှင့် အခြားကျောင်းသားများသည် လက်ချောင်းလှန်ချိုးကွက်ကို သင်ယူရတော့မည်ဆိုသဖြင့် လွန်စွာစိတ်လှုပ်ရှားနေကြသည်။ ထို့ကြောင့် သူတို့သည် လက်ချောင်းချိုးစွမ်းရည်ကို အခြားကျောင်းသူ၊ ကျောင်းသားများကို ပုံဖော်ပြလိုက်ရာ အခြားကျောင်းသူ၊ ကျောင်းသားများသည်လည်း လွန်စွာစိတ်အားထက်သန်လာ၏။ သို့ဖြင့် သူတို့သည် အနားယူရန်၊ စားသောက်ရန်ကိုပင် သတိမရကြတော့ဘဲ သူတို့၏လေ့ကျင့်မှုကို အရှိန်တင်လိုက်လေသည်။
ဝမ်ပေါင်လဲ့သည် ကျောင်းသူ၊ ကျောင်းသားတိုင်းကို သူတို့၏လေ့ကျင့်မှုကို ကူညီပေးရန်အတွက် ရုပ်သေးရုပ်တစ်ရုပ်စီပေးထားလေသည်။ ထိုနည်းလမ်းဖြင့် ကျောင်းသူ၊ ကျောင်းသားများသည် လေ့ကျင့်သောအခါတွင် ပို၍ စိတ်အားထက်သန်လာမည်ဖြစ်သည်။
နောက်ရက်ပိုင်းအတွင်း ဆရာ၊ဆရာမများနှင့် အခြားကျောင်းသူ၊ ကျောင်းသားများသည် ထိုလေ့ကျင့်နေသော ကျောင်းသူ၊ ကျောင်းသားတစ်ရာခန့်သည် ကျောင်းတော်၏ပြည်သူ့ရင်ပြင်တွင် သူတို့၏ကိုယ်ပိုင်ရုပ်သေးရုပ်များနှင့် တိုက်ခိုက်နေသည်ကို သတိပြုမိခဲ့လေသည်။ သူတို့သည် ရုပ်သေးရုပ်၏ လက်ချောင်းများကိုဖြစ်စေ သို့မဟုတ် လက်ကောက်ဝတ်ကိုဖြစ်စေ လှန်ချိုးနေကြသည်။ ထို့ပြင် သူတို့ထဲမှ အရက်စက်ဆုံးကျောင်းသူများမှာ ကျိုးမေကဲ့သို့ ကျောင်းသူများဖြစ်သည်။ သူမတို့သည် ထိုအကွက်သုံးကွက်ကို လွန်စွာစိတ်ဝင်စားနေကြ၏။ သူမတို့သည် မကြာခဏဆိုသလို လွန်စွာအားပြင်းပြင်းဖြင့် ကန်နေကြရာ ထိုအခြင်းအရာကို မြင်လိုက်သော လူအားလုံး ကြောက်ရွံ့သွားကြရသည်။
ထိုမြင်ကွင်းကို မြင်ခဲ့ရသော ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများသည် ကျောရိုးတစ်လျှောက် အေးစက်သွားသည်အထိ တုန်လှုပ်သွားကြသည်။ ကျင့်သို့ကျစ်ကဲ့သို့သော ကျောင်းသားများသည်ပင် ကျောင်းသူများ ကန်နေသည်ကိုမြင်လိုက်ရသောအခါ တွန့်သွားကြသည်။ သူတို့သည် တစ်လအကြာတွင် ကျင်းပမည့် လက်ရည်စမ်းပွဲတွင် ဝင်ရောက်ပါဝင်ဆင်နွှဲရန် မလိုဟု ခံစားနေကြသည်။ သူတို့လုပ်ရန် လိုအပ်သည်မှာ မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများကို သူတို့လေ့ကျင့်နေသည်ကို တွေ့သွားအောင်လုပ်ရန်သာ ဖြစ်သည်။ ထို့သို့ဆိုလျှင် သူတို့သည် ချက်ချင်းအရှုံးပေးသွားမည်ဖြစ်သည်။
“ ဒါက ရက်စက်လွန်းပါတယ် ”
“ ကျောင်းအုပ်ရဲ့ ဝှက်ဖဲက မိန်းကလေးတွေအတွက် အထူးဖန်တီးထားတာလို့ ငါဘာလို့ခံစားမိနေတာလဲ… ”
ကျင့်သို့ကျစ်နှင့် အခြားကျောင်းသားများသည် အံ့အားသင့်နေကြပြီး တဖြည်းဖြည်းဖြင့် ကျောင်းသူများသည် သူတို့ထက် ဝှက်ဖဲကို ပို၍နားလည်ပြီး ပို၍ကျင်လည်စွာအသုံးပြုနိုင်ကြောင်းကို သဘောပေါက်လာလေသည်။ သူတို့သည် မခံချင်စိတ်များဝင်လာပြီး သူတို့၏လေ့ကျင့်မှုကို တိုးမြှင့်လိုက်ကြသည်။
လက်ချောင်းလှန်ချိုးကွက်သည် သူတို့၏ဘဝများကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပစ်လိုက်ပုံပင်။ ယခင်က တစ်ခါမှမဖွင့်ခဲ့ဖူးသည့် တံခါးတစ်ချပ်ကို ဖွင့်လိုက်သည့်နှယ်ပင်။ ရလာဒ်အနေဖြင့် ကျောင်းသူ၊ ကျောင်းသားများသည် ထိုအကွက်၏အခြေခံကိုနားလည်လာသောအခါ ထပ်မံချဲ့ထွင်နိုင်လာ၏။ ဥပမာအားဖြင့် အခြားလူများ၏ဆံပင်ကို ဆောင့်ဆွဲခြင်းကဲ့သို့ ဝှက်ဖဲအသစ်များကို ဖန်တီးလာနိုင်လေသည်။
နောက်ဆုံးတွင် မြူခိုးတာအိုကျောင်းတော်မှ ဆရာ၊ ဆရာမ အားလုံးနီးပါးသည် အံ့အားသင့်နေရတော့သည်။ သူတို့သည် ကျောင်းသူ၊ ကျောင်းသားများ၏ ပြောင်းလဲလာမှုကို မယုံနိုင်ဖြစ်နေပေသည်။ ကျောင်းသူ၊ ကျောင်းသားများ၏ တိုက်ခိုက်ပုံသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်စရာကောင်းလေသည်။
တချိန်တည်းမှာပင် ကျောင်းသူ၊ ကျောင်းသားအများစုသည် ဝမ်ပေါင်လဲ့၏အကြံကိုလိုက်နာ၍ အဆမတန်ဝလာခြင်းကို ကာကွယ်ရန် ကောင်းကင်ဝါးမျိုခြင်း ပညာရပ်ကို ကျင့်ကြံခြင်းကို ရပ်နားထားသော်လည်း သူတို့ကိုယ်သူတို့အထင်ကြီးသော၊ ခန္ဓာကိုယ်အလေးချိန်ကို ဂရုမစိုက်သောစသည့် ကျောင်းသူ၊ ကျောင်းသားတချို့သည် ကောင်းကင်ဝါးမျိုခြင်း ပညာရပ်ကို ကျင့်ကြံခြင်းကို မရပ်နားခဲ့ပေ။
သူတို့၏ တိုက်ခိုက်စွမ်းရည်သည် အခြားသူများထက် သိသိသာသာ သာလွန်လာပြီး တစ်နေ့တစ်ခြား သိသိသာသာ တိုးတက်လာလေသည်။ သူတို့၏ ခန္ဓာကိုယ်အလေးချိန်သည်လည်း တစ်ရက်တစ်ခြား တက်လာပေသည်။ ထိုလူများထဲတွင် ကျင့်သိုကျစ်၊ ကျိုးမေနှင့် ဝမ်ပေါင်လဲ့တိုက်ခိုက်ခဲ့စဉ်က တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ရှေ့တွင် ရှိနေခဲ့သည် အခြားကျောင်းသားများ ပါဝင်လေသည်။ ထို့ပြင် ကျောင်းသူ၊ ကျောင်းသားလေးဆယ်ခန့်သည်လည်း သူတို့နှင့်အတူ လိုက်ကျင့်ခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များသည် သိသိသာသာ ဝဖီးလာလေတော့သည်။
တဖြည်းဖြည်းဖြင့် သူတို့တစ်ဦးစီတိုင်းသည် လွန်စွာသန်မာလာကာ၊ လွန်စွာဝလာကြသည်။ အထူးသဖြင့် သူတို့ ပြည်သူ့ရင်ပြင်တွင် လမ်းပတ်လျှောက်နေသည့်အချိန်တွင် သူတို့၏ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်များသည် ပို၍ထင်ရှားပေါ်လွင်နေကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့အသေးစားလေးများကဲ့သို့ပင်။
ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် အလျင်အမြန် အုပ်စုသုံးစုကွဲသွားလေသည်။ ပထမအုပ်စုသည် ဖက်တီးများအုပ်စုဖြစ်ပြီး ဒုတိယအုပ်စုသည် အရည်အချင်းအနည်းငယ်လိုသေးသော်လည်း ခန္ဓာကိုယ်ကို ထိန်းထားနိုင်သည့် အုပ်စုဖြစ်သည်။ သို့သော်လည်း သူတို့သည် သူတို့နှင့်သက်တူရွယ်တူများထက် များစွာတိုးတက်ကာ ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်နေသူများဖြစ်သည်။
တတိယအုပ်စုသည် အကြီးဆုံးအုပ်စုဖြစ်သည်။ သူတို့သည် ယခုအထိ ကြိုးစားလေ့ကျင့်ခဲ့ကြသော်လည်း သွေးချီအဆင့်မှ မတက်နိုင်သေးသူများဖြစ်သည်။
သို့သော် ထိုကဲ့သို့အုပ်စုများကွဲနေသော်လည်း ထိုနှစ်လအတွင်း ဝမ်ပေါင်လဲ့ဦးဆောင်သော အထူးလေ့ကျင့်ရေးအစီအစဉ်များကို လေ့ကျင့်ပြီးသွားသောအခါ သူတို့၏ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ကျင့်ကြံခြင်းအဆင့်၊ အသွင်အပြင်နှင့် ကိုယ်ရည်ကိုယ်သွေးတို့ ပြောင်းလဲလာခဲ့ပေသည်။
ဝမ်ပေါင်လဲ့သည် စံပြတစ်ဦးဖြစ်ရာ ထိုကျောင်းသူ၊ ကျောင်းသားများသည် ဝမ်ပေါင်လဲ့၏ကျော်ကြားမှု၊ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်စွမ်းရည်တို့ကို အားကျနေကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့ကို အလွန် လေးစားနေလေတော့သည်။
ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် မုန့်စားသည့်အကျင့်ကို အလိုလိုရရှိသွားကြလေသည်။ ထိုကျောင်းသူ၊ ကျောင်းသားများသည် လက်ချောင်းလှန်ချိုးကွက်ကို ကျင့်ကြံရင်းဖြင့် ပိုမို ဉာဏ်နီဉာဏ်နက်များတတ်လာကြသည်။ သူတို့သည် အခြားသူများက သူတို့ကို ရှုတင်းတင်းကြည့်နေစဉ်တွင် မျက်နှာအရည်ထူထူဖြင့် နေတတ်လာပြီဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ထိုပြောင်းလဲမှုများကို သတိပြုမိသွားသောအခါ အလွန်အမင်းအားတက်သွားသည်။ သူ၏တပည့်များသည် သူ၏အရည်အသွေးကောင်းများကို စတင်ရရှိနေပြီဟု သူခံစားနေရသည်။ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မှန်တစ်ချပ်ကိုထုတ်ယူကာ သူ့ကိုယ်သူ ရွှန်းရွှန်းစားစားကြည့်လိုက်လေသည်။
‘ ငါက အရမ်းခံ့ညားနေလို့ဖြစ်ရမယ်… ’
ဝမ်ပေါင်လဲ့ ခေါင်းခါလိုက်ပြီး ကျေနပ်ဟန် သက်ပြင်းချကာ ပြည်သူ့ရင်ပြင်ထဲမှ ထွက်ခွာသွားလေသည်။ သူထွက်ခွာသွားပြီးနောက် သူ့ကို တချိန်လုံးမျက်လုံးရွဲကြီးများနှင့် ကြည့်နေသော ကျင့်သိုကျစ်သည် မှန်ကိုသတိပြုမိသွား၏။ သူ့မျက်လုံးများ ရုတ်ခြည်း အရောင်လက်လာလေသည်။
နောက်တစ်နေ့တွင် ကျင့်သိုကျစ်၏ သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများကို စုစည်းဖိသိပ်၍ ပြုလုပ်ထားသော တန်ဖိုးကြီးမှန်တစ်ချပ် ပေါ်လာ၏။ သူသည် ထိုမှန်ကို မကြာမကြာထုတ်၍ သူ၏ခပ်ဖိုင့်ဖိုင့်ပုံစံကို ရီဝေဝေမျက်နှာပေးဖြင့်ကြည့်ကာ သူ မည်မျှခံ့ညားကြောင်းကို သူ့ဘာသာချီးကျူးနေလေတော့သည်။
ထိုသို့ဖြင့် မှန်သည် ကျောင်းသူ၊ ကျောင်းသားများအကြားတွင် မရှိမဖြစ်အရာတစ်ခုဖြစ်လာလေတော့သည်။ သူတို့ထဲမှတချို့သည် မှန်ကို မကြာခဏထုတ်ကြည့်တတ်ပြီး တချို့သည် အတော်လေးကြာမှတစ်ခါထုတ်ကြည့်တတ်သည်။ သို့သော် အကြိမ်မည်မျှထုတ်ကြည့်စေကာမူ လူတိုင်းသည် မှန်ကိုထုတ်လိုက်ပြီဆိုလျှင် ရီဝေဝေမျက်နှာပေးဖြစ်သွားကြသည်ချည်းသာဖြစ်သည်။
ကျောင်းသူ၊ ကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်မှာ ထိုဘဝင်ရူးမျက်နှာထားဖြစ်နိုင်ပေသည်။ တဖြည်းဖြည်းဖြင့် ကျင့်သိုကျစ်နှင့် အခြားလူအများအပြားသည် သူတို့၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် နေသားကျလာပြီး သူတို့ကိုယ်သူတို့ လွန်စွာခံ့ညားသည်ဟု ထင်လာကြလေသည်။
သူတို့သည် ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သောအခါတွင်လည်း ဝမ်ပေါင်လဲ့သည် အံ့အားသင့်လောက်အောင် ခံ့ညားသည်ဟု ထင်လာကြသည်။
ဝမ်ပေါင်လဲ့သည် သူ့တပည့်များက အလှအစစ်အမှန်ကို မြင်တတ်လာပြီဖြစ်ကြောင်း သတိပြုမိသွားသောအခါ ပြန်၍မပြင်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
‘ တကယ်လို့ ပြည်ထောင်စုတစ်ခုလုံး ဖက်တီးတွေချည်းပဲဖြစ်ကုန်ပြီး အဝလွန်နေတာကို အလှတစ်မျိုးလို့ မြင်လာကြမယ်ဆိုရင် ငါလည်း ဝိတ်ချစရာမလိုတော့ဘူး ’
ဝမ်ပေါင်လဲ့သည် ထိုသို့တွေးမိသွားသောအခါ သူ၏မဟာအိပ်မက်ကြီးကို ဆုပ်ကိုင်ထားလိုက်လေတော့သည်။
သူသည် ထိုအတွေးသည် တဒင်္ဂအတွေးဟု သတ်မှတ်ထားသော်လည်း ထိုအကြောင်းကို မစဉ်းစားဘဲမနေနိုင် ဖြစ်နေလေသည်။ အကယ်၍ တစ်နေ့တွင် သူသာ ပြည်ထောင်စုဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ကောင်းကင်ဝါးမျိုခြင်း ပညာရပ်ကို သူကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြန့်ပွားအောင်လုပ်ခဲ့ပါက ပြည်ထောင်စုတစ်ခုလုံး၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်ပေလိမ့်မည်။
တချိန်တည်းမှာပင် သူ့ခေါင်းထဲတွင် ပေါ်လာသည့် အိပ်မက်အသစ်ကိုလည်း အကောင်အထည်ဖော်နိုင်ပေလိမ့်မည်။
ဝမ်ပေါင်လဲ့သည် ထိုသို့တွေးမိသွားသောအခါ အသက်ရှူမြန်လာလေသည်။ ထိုအရာသည် မဖြစ်နိုင်သောကိစ္စတစ်ခု မဟုတ်ဟု သူခံစားမိသွား၏။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားများ ထိုကောင်းကင်ဝါးမျိုခြင်း ပညာရပ်ကို လေ့ကျင့်နေစဉ်ကာလအတွင်း ကျောင်းအုပ်သည် ထိုပညာရပ်ကို နားလည်လို၍ဟူသော အကြောင်းပြချက်ဖြင့် အနားသို့မယောင်မလည်လာကာ မေးမြန်းခဲ့သည်။ ကျောင်းအုပ်သည် သူ့ကို ကောင်းကင်ဝါးမျိုခြင်း ပညာရပ်နှင့်ပတ်သက်သည့် ကျောက်စိမ်းပေလိပ်တစ်ခုကိုပင် ပေးသွားသေးသည်။
‘ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါ့မျက်လုံးထဲမှာ သွယ်လျပြီး လှပတဲ့ မမလေးကတော့ တခြားသူတွေရဲ့မျက်လုံးထဲမှာ ရုပ်ဆိုးမကြီးဖြစ်နေတော့မှာပဲ။ ငါသာ သူ့ကိုအထာပေးတဲ့အကြည့်နဲ့ကြည့်လိုက်ရင် သူကိုဆွဲဆောင်ဖို့ ဖြစ်နိုင်လာမှာပဲ။ ဒါမှမဟုတ် သူက ငါ့ရဲ့ခံ့ညားတဲ့အသွင်အပြင်နဲ့ မလိုက်ဖက်ပါဘူးဆိုပြီး နောင်တတကြီး ခြေဆောင့်ချင်ဆောင့်နေဦးမှာ… ’
ထိုအတွေးကြောင့် ဝမ်ပေါင်လဲ့သည် သူ့ခေါင်းကိုသူ အလျင်အမြန်ရိုက်လိုက်ပြီး ထိုရူးကြောင်ကြောင်အတွေးများကို ဆက်မတွေးမိရန် သူ့ကိုယ်သူအတင်းရပ်တန့်လိုက်လေသည်။
‘ ငါ ဒီအကြောင်းကို ဆက်တွေးလို့မရဘူး… ’
ဝမ်ပေါင်လဲ့သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ထိုအတွေးများကို သူ့ဦးနှောက်၏နက်နက်ရှိုင်းရှိုင်းနေရာတွင် မြှုပ်နှံလိုက်ပြီး သူ၏ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူသည် ထိုတချိန်လုံး ကျောင်းသူ၊ ကျောင်းသားများကို လေ့ကျင့်ပေးနေသော်လည်း သူ၏ကျင့်ကြံခြင်းကို လျစ်လျူမရှုထားခဲ့ပေ။ ကောင်းကင်ဝါးမျိုခြင်း ပညာရပ်သည် သာမန်ပညာရပ်တစ်ခုကဲ့သို့ ဖြစ်လာသည်နှင့်အမျှ ကျောင်းသူ၊ ကျောင်းသားများသည် အခြေတည်အစောပိုင်းအဆင့်သို့ လျင်မြန်သောနှုန်းဖြင့် နီးကပ်လာလေတော့သည်။
တစ်ခုတည်းသောပြဿနာမှာ သူသည် အမှောင်ပညာရပ်ကို မကျင့်ကြံနိုင်သေးခြင်းဖြစ်သည်။ ထိုပညာရပ်ကို သူ အတင်းကျင့်ကြံလိုက်ပါက မခံမရပ်နိုင်သောနာကျင်မှုကို ခံစားရပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းလာလေသည်။
ထို့ကြောင့် သူသည် အတော်လေးမချင့်မရဲဖြစ်နေ၏။ ထိုအကြောင်းကို မမလေးအားမေးချင်သော်လည်း အတန်ငယ်ရှက်နေလေသည်။
ထို့ကြောင့် သူသည် ပို၍ပင် ဆုံးဖြတ်ချက်ပြတ်သားလာသည်။
‘ ငါ မကျင့်နိုင်ဘူးဆိုတာကို မယုံဘူး။ ငါ သေချာပေါက် အမှောင်ပညာရပ်ကို ကျွမ်းကျင်တဲ့အထိ ကျင့်ကြံနိုင်ရမယ် ’
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့သည် ကျောင်းသူ၊ ကျောင်းသားများကို လေ့ကျင့်ပေးရင်းဖြင့် နေ့ရက်များကုန်ဆုံးသွားလေသည်။ အင်္ဂါဂြိုလ်နှစ်ပတ်လည်နေ့သည် တဖြည်းဖြည်း နီးကပ်လာပေပြီ။ ထိုအင်္ဂါဂြိုလ်နှစ်ပတ်လည်နေ့သည် အင်္ဂါဂြိုလ်မြို့တော်စတင်တည်ဆောက်သည့်နေ့တွင် ဆင်နွှဲခြင်းဖြစ်ပြီး ပြည်ထောင်စုမှ ရဲရင့်သည့်သူရဲကောင်းများကို အသိအမှတ်ပြုရန်ဖြစ်သည်။
တချိန်တည်းမှာပင် လင်းတျန်ဟောက်၏ ကောလဟာလများဖြန့်မည့်အကြံသည် သုံးလအတွင်းလုပ်ဆောင်ခဲ့သည့် အဆက်မပြတ်ပြင်ဆင်မှုများနှင့် လက်ရည်စမ်းပွဲ နီးကပ်လာမှုတို့ကြောင့် ပို၍သိသာထင်ရှားလာ၏။
သူသည် အင်္ဂါဂြိုလ်ပေါ်ရှိ နယ်မြေတစ်ခုစီတွင် အထင်ရှားဆုံးဝိညာဉ်ဖန်သားပြင်များကိုငှားရန် ပိုက်ဆံအတော်များများ အသုံးပြုခဲ့သည်။ သူသည် လက်ရည်စမ်းပွဲကို ကြော်ငြာခဲ့ပြီး ဖိတ်စာကတ်များပြုလုပ်ကာ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများ၏ မိဘများကို အင်္ဂါဂြိုလ်နှစ်ပတ်လည်နေ့တွင် ကျင်းပမည့်လက်ရည်စမ်းပွဲကိုတက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ထိုမျှသာမကသေးပေ။ သူသည် မီးဝိညာဉ်ကျောင်းတော်ကို မရ၊ ရသည့်နည်းဖြင့် ဆက်သွယ်ကာ ကုန်ကျစရိတ်တစ်ဝက်ကို ကြည်ကြည်ဖြူဖြူပေးရန် နားချခဲ့သေးသည်။ ထိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများ၏မိဘများကိုလည်း လက်ရည်စမ်းပွဲကိုတက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ထို့ပြင် ဘုရင်ခံကို ပွဲကြည့်ပရိသတ်အဖြစ် ဖိတ်ကြားနိုင်ရန် လင်းတျန်ဟောက်သည် ကျောင်းသားဟောင်းမှတ်တမ်းကိုရှာကာ ကျောင်းပြီးသွားပြီဖြစ်သော ကျောင်းသူ၊ ကျောင်းသားအားလုံးကို ဖိတ်ကြားခဲ့သည်။ လူတိုင်းတက်ရောက်နိုင်မည်မဟုတ်သော်လည်း အများစုသည် သူတို့၏ကျောင်းတော်မှ ဖိတ်ကြားချက်ဖြစ်သဖြင့် တက်ရောက်ရန် သဘောတူကြလေသည်။
‘ အင်္ဂါဂြိုလ်ပေါ်က ဩဇာအာဏာကြီးတဲ့သူတွေ တစ်ဝက်နီးပါးလောက် တက်ရောက်ကြမှာပဲ… ဒီနည်းနဲ့ဆို ငါ ဘုရင်ခံကို ပွဲကြည့်ပရိသတ်အဖြစ်တက်ရောက်အောင် ဖိတ်နိုင်ဖို့ အခြေခိုင်သွားလိမ့်မယ်…’
လင်းတျန်ဟောက်သည် ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးသွားသောအခါ ထိုကိစ္စကို ဝမ်ပေါင်လဲ့အား ယုံကြည်မှုရှိရှိ တင်ပြလိုက်သည်။
ယခုတွင် သူသည် ဝမ်ပေါင်လဲ့၏လက်အောက်တွင် အလုပ်လုပ်ရသည်ကို အသားကျလာပြီဖြစ်သည်။ ဘုရင်ခံကို ဖိတ်ကြားခြင်းသည် သူဝင်ပါသင့်သောအရာတစ်ခုမဟုတ်ကြောင်း သူ နားလည်ပေသည်။ ထိုအစား မှန်ကန်သောနည်းလမ်းမှာ ဝမ်ပေါင်လဲ့ကို ကိုင်တွယ်ခိုင်းလိုက်ခြင်းသာ ဖြစ်လေသည်။