“ ဝိတ်ချနည်း ကျင့်စဥ်ရဲ့ ပထမအကွက်က ပြေးတာပဲ ”
ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံနှင့်အတူ ကျောင်းသူ၊ ကျောင်းသား ငါးရာသည် စတင်ပြေးလိုက်ကြသည်။ သူတို့သည် ပြည့်သူ့ရင်ပြင်၌သာ ပြေးခြင်းမဟုတ်ဘဲ ကျောင်းတော်တစ်ခုလုံးကို ပတ်၍ပြေးခြင်းပင်။ သူတို့သည် စိတ်အားတက်ကြွနေကြ၏။
ကျောင်းသူ၊ ကျောင်းသားများသည် သူ ယခင်ကကြုံခဲ့ရသလိုပင် မမောမပန်းပြေးနိုင်နေပေသည်။ သူတို့ကိုယ်ထဲတွင် စွမ်းအင်များပြည့်နှက်နေ၏။ သူတို့ ပြေးနေသဖြင့် ထူထဲသော ဝိညာဉ်အဆီလွှာသည် စုပ်ယူခံနေရပေသည်။ တဖြည်းဖြည်းဖြင့် လူတိုင်းသည် သူတို့၏စွမ်းဆောင်ရည်များ သိသိသာသာ တိုးတက်လာကြောင်း ခံစားနေရလေသည်။
ပြေးလွှားခြင်းသည် သုံးရက်ကြာခဲ့၏။ သူတို့၏ခန္ဓာကိုယ်များ နဂိုအတိုင်းပြန်ဖြစ်လာကြောင်း တွေ့လိုက်ရသောအခါ ကျောင်းသူ၊ ကျောင်းသားများသည် စိတ်သက်သာရာရသွားကြသည်။ သူတို့သည် ကိစ္စတစ်ခုကိုလည်း သိရှိသွားကြသည်။ ပို၍ဝနေခဲ့သူသည် ဝိတ်ချနည်း ကျင့်စဥ်ပြီးသွားနောက် ကျင့်ကြံခြင်းအဆင့်လျင်မြန်စွာတက်သွားခြင်းပင်။
ဥပမာအားဖြင့် ကျင့်သိုကျစ်သည် သွေးချီအဆင့်ကို ချက်ချင်းကျော်တက်သွားပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်သွားလေသည်။ သွေးချီအထွတ်အထိပ်အဆင့်သို့ ရောက်သွားသူများလည်း အများအပြားရှိလေသည်။ ထိုကျောင်းသူ၊ ကျောင်းသားများသည် အားလုံးထဲတွင် အဆင့်တက်အမြန်ဆုံးသူများဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။
“ ကျောင်းအုပ်ကိုယုံလိုက်ပါလို့ ငါ မင်းတို့ကို ပြောခဲ့သားပဲ။ ပြီးတော့ ပြဿနာက ဝတာမဟုတ်ဘူးကွ။ ငါပိုဝနေလေလေ ငါ ပိုအစွမ်းထက်လေပဲ ”
ကျင့်သိုကျစ်သည် သူမည်မျှဝနေကြောင်းကို ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားအများအပြားသည် အံ့အားသင့်သွားပြီး တချိန်တည်းမှာပင် ထိုစကားသည် မည်မျှအကျိုးအကြောင်းဆီလျော်ကြောင်း ဖြည်းဖြည်းချင်း စတင်နားလည်လာလေတော့သည်။
ထို့ကြောင့် သူတို့သည် ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကို ပို၍ကျင်လည်စွာလေ့ကျင်နေရင်း ဆက်လက်ပြေးလွှားနေကြသည်။ ဝမ်ပေါင်လဲ့သည်လည်း အားတက်လာ၏။ ကျောင်းသူ၊ ကျောင်းသားများသည် တစ်နေ့ထက်တစ်နေ့ ကွဲပြားလာလေသည်။ သူတို့၏ခန္ဓာကိုယ်သည် နဂိုအတိုင်းပြန်ဖြစ်လာသော်လည်း မကြာခင် ပြန်၍ဝလာပြန်သည်။
ဤအကြိမ်တွင် ကျောင်းတော်မှ ဆရာ၊ဆရာမများဖြစ်စေ ကျောင်းသူ၊ ကျောင်းသားများ၏မိဘများဖြစ်စေ မည်သူမှ မစိုးရိမ်ကြတော့ပေ။ သူတို့သည် ထိုတစ်လမပြည့်သည့် အချိန်တိုလေးအတွင်း သူတို့ကလေးများ၏ ပြောင်းလဲလာမှုများကို မျက်ဝါးထင်ထင်မြင်ခဲ့ရပြီး ကလေးများ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်လာနှုန်းများနှင့် ကလေးများ ကျင့်ကြံခြင်းအပေါ် ပို၍စိတ်ဝင်စားလာခြင်းများကို ခံစားနိုင်ခဲ့သည် မဟုတ်ပေလော။ ယခင်က သူတို့၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန်မှာ ခက်ခဲနေခဲ့ပြီး ကျင့်ကြံခြင်းအပေါ် သူတို့ အာရုံစိုက်သည်မှာလည်း ပို၍ပင် မဖြစ်နိုင်သောကိစ္စဖြစ်ခဲ့သည်။
ထို့ပြင် ဝမ်ပေါင်လဲ့သည် ကျောင်းသူ၊ ကျောင်းသားများ၏ ဝိတ်တက်လာမှုကို လျစ်လျူမရှုခဲ့ပေ။ သူသည် ကျောင်းသူ၊ ကျောင်းသားအများစု ပို၍ဝလာသည်ကို တွေ့လိုက်သောအခါ ဝိတ်ချနည်း ကျင့်စဥ် ဒုတိယအကွက်ကို သင်ပေးခဲ့သည်။
ထိုအကွက်သည် အလေးမခြင်းပင်။
ဝမ်ပေါင်လဲ့သည် ယခင်က အလေးမ၍ အဆင့်တက်နိုင်ခဲ့ခြင်းကို မှတ်မိနေသေးသည်။ ထို့ကြောင့် သူသည် အလေးမခြင်းကို လွန်စွာအလေးပေးထားပြီး ပြည်သူ့ရင်ပြင်တွင် ကျောင်းသူ၊ ကျောင်းသားများကို အစွမ်းကုန်အလေးမခိုင်းလိုက်သည်။ ကျောင်းသူ၊ ကျောင်းသားများသည် အံကြိတ်၍ အကောင်းဆုံးကြိုးစားမနေကြသည်။
ကျောင်းသားများသာမဟုတ်ဘဲ ကျောင်းသူများသည်လည်း အစွမ်းကုန်ကြိုးစားနေကြသည်။ ကျောင်းသူများမသော အလေးတုံးများသည် ကျောင်းသားအများစု၏အလေးတုံးများထက် လေးပေသည်။ ကျောင်းသူများသည် ထိုကဲ့သို့ ယောက်ျားဆန်ဆန်အော်ဟစ်၍ အလေးမနေကြရာ ကျောင်းသားများပင် အံ့အားသင့်နေလေသည်။
ဝမ်ပေါင်လဲ့သည် ရလဒ်ကို အလွန်ကျေနပ်နေသည်။ သူသည် ကျောင်းသူ၊ ကျောင်းသားအုပ်အတွင်း၌ လျှောက်ကာ သူတို့ကိုအားပေးနေသည်။
ယခုတွင် ပြည်သူ့ရင်ပြင်အပြင်ဘက်တွင် ဆရာ၊ ဆရာမများသည် အရူးများသဖွယ်အလေးမနေသော ကျောင်းသူ၊ ကျောင်းသားများကိုကြည့်၍ အံ့ဩတကြီးရပ်နေကြသည်။ ဆရာ၊ ဆရာမများထဲမှ တစ်ယောက်သည် ကျင့်သိုကျစ်နှင့် အလေးပြိုင်မနေသည့် ကျောင်းသူတစ်ဦးကိုကြည့်၍ ရေရွတ်လိုက်သည်။
“ ပြီးခဲ့တဲ့တစ်လလောက်က ကျိုးမေက သိမ်မွေ့တဲ့ကောင်မလေးပါ… ”
တချိန်ကသိမ်မွေ့သောမိန်းမပျိုလေးသည် အဝလွန်လာခဲ့ပေသည်။ သူမ၏ခွန်အားများ ပွင့်ထွက်လာပြီး သူမ၏ကြွက်သားအမြောင်းမြောင်းထနေသော ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည်လည်း သွေးချီအဆင့်မှနေ၍ ခန္ဓာအချုပ်အနှောင်အဆင့်သို့ မြင့်တက်သွားပြီဖြစ်ပြီး ကျင့်သိုကျစ်နှင့် သူမသာ၊ ကိုယ်မသာဖြစ်နေသည်။
ထိုကဲ့သို့ တိုးတက်လာသူမှာ ကျိုးမေတစ်ဦးတည်းသာမဟုတ်ပေ။ လူတိုင်း ထိုကဲ့သို့တိုးတက်လာသည်မဟုတ်သော်လည်း ကျောင်းသူ၊ ကျောင်းသားငါးရာထဲမှ တစ်ဝက်ခန့်သည် ပြီးခဲ့သည့်လအတွင်း ကျင့်ကြံခဲ့သဖြင့် ဝိတ်ကျသွားသောအခါ သိသိသာသာ တိုးတက်လာပေသည်။ ကျောင်းသူ၊ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းသည် ခန္ဓာကိုယ်သန်စွမ်းလာကြောင်းကို မြင်နိုင်ပေသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ပို၍ယုံကြည်မှုရှိလာသောအခါ ပို၍လေ့ကျင့်လိုလာကြသည်။
သို့သော် မကြာမီမှာပင် ကျင့်ကြံခြင်းအဆင့် အများဆုံးတိုးတက်လာသော ကျောင်းသူ၊ ကျောင်းသားများသည် ခန္ဓာကိုယ်တိုးတက်မှု တန့်သွားလေသည်။ သူတို့ ပြေးသည်ဖြစ်စေ၊ အလေးမသည်ဖြစ်စေ ဝိညာဉ်အဆီများကို ပျော်ဝင်စေရန် ခက်ခဲလာလေတော့သည်။
ထိုအခြေအနေနှင့်ကြုံတွေ့ရသောအခါ သူကိုယ်တိုင် ထိုသို့ကြုံတွေ့ခဲ့ရသည့် ဝမ်ပေါင်လဲ့သည် ပြုံး၍ ပြောလိုက်သည်။
“ မင်းတို့ရဲ့ မိဘတွေထဲက ဘယ်သူများ ငါ့ရဲ့ ပုံကြမ်းကိုသုံးပြီး အရည်ကျိုမီးဖိုကြီးတစ်ခုကို တည်ဆောက်နိုင်လဲ ”
သူ ထိုသို့မေးလိုက်သောအခါ ကျောင်းသူ၊ ကျောင်းသားများသည် ချက်ချင်းပြန်ဖြေလိုက်ကြသည်။ နောက်ဆုံးတွင် ကျင့်သိုကျစ်သည် အခြားကျောင်းသူ၊ ကျောင်းသားများထက် များစွာသာလွန်သော သူ၏ကျင့်ကြံခြင်းအဆင့်ကိုအသုံးချ၍ အခြားကျောင်းသူ၊ ကျောင်းသားများကို ကျော်ဖြတ်ကာ ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် ကျယ်လောင်စွာအော်၍ ကတိပေးလိုက်သည်။
“ စိတ်မပူပါနဲ့ ကျောင်းအုပ်… ကျွန်တော် အခုချက်ချင်းပဲ ကျွန်တော့်ရဲ့အဘိုးဆီကို အသံပို့လွှတ်လိုက်ပါမယ်။ အဲဒါကို နောက်နှစ်ရက်အတွင်း အပြီးလုပ်မပေးနိုင်ရင် ကျွန်တော် သူနဲ့အဆက်အသွယ်ဖြတ်ပစ်လိုက်မယ် ”
ကျင့်သိုကျစ်သည် သူ့ဘေးရှိ မကျေမနပ်ဖြစ်သော သူ၏ကျောင်းနေဖက်သူငယ်ချင်းများကို ဝင့်ဝါစွာကြည့်လိုက်သည်။ သူသည် ကျောင်းအုပ်ကိုမျက်နှာလိုမျက်နှာရလုပ်နိုင်မည့် အခွင့်အရေးကို သူ၏ကျောင်းနေဖက်သူငယ်ချင်းများရသွားမည့်အရေးမှ တားဆီးနိုင်ခဲ့ခြင်းကို ပြန်တွေး၍ ကျေနပ်နေလေတော့သည်။
ဝမ်ပေါင်လဲ့သည် ကျင့်သိုကျစ်၏ပခုံးကို အားပေးဟန်ဖြင့် ပုတ်လိုက်သည်။ သူသည် ကျင့်သိုကျစ်ကို ထပ်၍ပင် အကြံပေးလိုက်သေးသည်။
“ မင်း ကျေးဇူးတင်ကြောင်းကို မင်းရဲ့အဘိုးကို အလေးအနက်ပြလိုက်… သူနဲ့ အလွယ်တကူ အဆက်အသွယ်ဖြတ်မပစ်ပါနဲ့… ဒါက အသေးအဖွဲကိစ္စလေးပါ… ”
ကျင့်သိုကျစ်သည် ဝမ်ပေါင်လဲ့၏ညွှန်ကြားချက်ကို ချက်ချင်းလိုက်နာလိုက်ပြီး ခပ်သွက်သွက်ခေါင်းညိတ်လိုက်သည်။
ထိုညမှာပင် လသုံးစင်းမဟာမိတ်မှ လူအများအပြားရောက်ရှိလာပြီး စတင်ဆောက်လုပ်လေတော့သည်။ အခြေတည်အဆင့်ကျင့်ကြံသူအများအပြားလည်း ဝင်ရောက်ဆောင်လုပ်ခဲ့သည်။ သူတို့သည် မလုပ်လိုသော်လည်း ရွေးစရာမရှိသဖြင့် လုပ်နေရတော့သည်။ နှစ်ရက်အတွင်းမှာပင် အထင်ကြီးလောက်ဖွယ် အရည်ကျိုမီးဖိုကြီးကို အမှန်ပင်တည်ဆောက်ပြီးစီးသွားလေတော့သည်။
ထိုမီးဖိုသည် ကောင်းကင်တာအိုကျောင်းတော်မှ အရည်ကျိုမီးဖိုနှင့်ယှဉ်လျှင် လိုအပ်ချက်များရှိသေးသော်လည်း တော်တော်လေး ဆင်တူပေသည်။ အရေးအကြီးဆုံးအချက်မှာ ထိုမီးဖိုကို နှစ်ရက်အတွင်းအပြီးတည်ဆောက်ခဲ့ခြင်းဖြစ်လေရာ လွန်စွာကုန်ကျစရိတ်များမည့်အချက်ဖြစ်သည်။
အရည်ကျိုမီးဖိုပြီးစီးသွားသောအခါ ဝမ်ပေါင်လဲ့သည် သူ၏ဝိတ်ချနည်း ကျင့်စဥ် တတိယအကွက်ကို လုပ်ဆောင်နိုင်ပေတော့မည်။ အရည်ကျိုမီးဖိုအတွင်းသို့ အရင်ဆုံးဝင်သွားသူများသည် သူတို့၏နဂိုခန္ဓာကိုယ်ကို ပြန်ရသွားပြီဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်လည်း သိသိသာသာတိုးတက်လာလေသည်။ ထို့ကြောင့် အခြားကျောင်းသူ၊ ကျောင်းသားများသည် ပို၍စိတ်အားတက်သွားကြသည်။
တချိန်တည်းမှာပင် အရည်ကျိုမီးဖိုကို အောင်အောင်မြင်မြင်တည်ဆောက်ပြီးသွားသောအခါ သူ၏ကျင့်ကြံခြင်းအစီအစဉ်သည် ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။
သူ၏အစီအစဉ်သည် ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကိုဗဟိုပြု၍ ကျောင်းသူ၊ ကျောင်းသားများ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးရန်ဖြစ်သည်။ သူသည် စုပ်အားကိုအသုံးပြု၍ သာမန်ဆိုလျှင်မဖြစ်နိုင်သည့် ဝိညာဉ်အဆီများကို စုပ်ယူခဲ့ခြင်းပင်။
ထို့နောက် သူသည် ကျင့်ကြံခြင်းအစီအစဉ်ကို ပြေးခြင်းနှင့်အစပြုခဲ့ပြီး အလေးမခြင်းနှင့် နောက်ဆုံးတွင် အရည်ကျိုမီးဖိုကို တည်ဆောက်ခဲ့သည်။
ထိုအဆင့်သုံးဆင့်ဖြင့် ဝိညာဉ်အဆီများကို စုပ်ယူခြင်း၊ ပျော်ဝင်စေခြင်းတို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် သူတို့၏နဂိုခန္ဓာကိုယ်ကို ပြန်ရလာပြီး တချိန်တည်းမှာပဲ တစ်ဦးချင်းစီသည် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာပေသည်။
ထိုအရာအားလုံးသည် သူ့အစီအစဉ်များ၏ ပထမအပိုင်းသာဖြစ်လေသည်။ ပထမအပိုင်းအောင်မြင်သွားလျှင် ဒုတိယအပိုင်းသို့ တက်လှမ်းနိုင်ပြီဖြစ်သည်။ တချိန်တည်းမှာပင် ထုတ်ပယ်ခြင်းလုပ်ငန်းစဉ် စတင်ခဲ့လေသည်။
လူတိုင်းသည် အရည်အချင်းများကို တိုးမြှင့်ရန် ဝိတ်တက်ခံရခြင်းကို ခံနိုင်ရည်ရှိသည်မဟုတ်ပေ။ ပထမဦးဆုံး ထုတ်ပယ်ခံလိုက်ရသူများမှာ ထိုကဲ့သို့ ဆုံးဖြတ်ချက်မရှိသူများဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ကျောင်းအုပ်တစ်ဦးအနေဖြင့် ထိုကျောင်းသူ၊ ကျောင်းသားများအတွက် တာဝန်ရှိသည်ဟု ခံစားနေရသည်။ ထိုနေရာမှ ထွက်ခွာရမည့်လူအားလုံးသည် သူ၏ပြင်းထန်သောလေ့ကျင့်ရေးများကြောင့် နဂိုခန္ဓာကိုယ်ကို ပြန်ရနိုင်ခဲ့ကြသည်။ သူတို့ ထုတ်ပယ်ခံရသဖြင့် ထွက်သွားကြပြီးနောက် ဝမ်ပေါင်လဲ့သည် ဇွဲမရှိသူများအနေဖြင့် ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကို ဆက်၍မကျင့်ရန် မျက်နှာထားတင်းတင်းဖြင့် ကြေညာလိုက်သည်။ အကယ်၍ သူတို့သာ ထိုပညာရပ်ကို ဆက်လက်ကျင့်ကြံလိုပါက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။
မဟုတ်လျှင် အကယ်၍ သူတို့၏ကိုယ်အလေးချိန် အဆမတန်တိုးလာ၍ အပြင်အားကျင့်ကြံခြင်းကို တောင့်မခံနိုင်ခဲ့လျှင် သူတို့၏နဂိုခန္ဓာကိုယ်ကို ပြန်ရရန် ခက်ခဲပေလိမ့်မည်။
ထိုသို့ဖြင့် အချိန်ကုန်လာပြီး ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပရန် ရက်လေးဆယ် မရှိတရှိသာ လိုတော့လေသည်။ ကျောင်းသူ၊ ကျောင်းသား ငါးရာ၏ တစ်ဝက်သာ ထုတ်ပယ်မခံရဘဲ ကျန်ခဲ့သည်။
ထိုကျောင်းသူ၊ ကျောင်းသားများသည် အခြေအနေကိုနားလည်သွားသောအခါ ဆက်၍ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။ သူတို့သည် အရည်ကျိုမီးဖိုအတွင်းသို့ ဝင်ပြီးသွားသဖြင့် သူတို့၏နဂိုခန္ဓာကိုယ်ကို ပြန်ရခဲ့သော်လည်း ဆက်၍ကျင့်ကြံရန် တုံ့ဆိုင်းမှုမရှိခဲ့ကြပေ။ သူတို့သည် ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကို ကျွမ်းကျင်အောင်ကျင့်ကြံရန် ပို၍ဆုံးဖြတ်ချက်ပြတ်သားလာပြီး ရလာဒ်အနေဖြင့် ရက်အနည်းငယ်အတွင်းမှာပင် သူတို့ ပြန်ဝလာကြလေသည်။
သို့သော် အကြိမ်အနည်းငယ်အသုံးပြုပြီးနောက် အရည်ကျိုမီးဖိုသည်လည်း ထိရောက်မှု လျော့ကျလာသည်။ ထို့ကြောင့် သူတို့၏ကျင့်ကြံခြင်းလုပ်ငန်းစဉ်သည် နှေးလာ၏။ သူတို့သည် ထိုအရာကိုဖြေရှင်းရန် နည်းလမ်းများကို ဝမ်ပေါင်လဲ့အား မေးကြ၏။
ဝမ်ပေါင်လဲ့သည် ထိုကျောင်းသူ၊ ကျောင်းသားများကိုကြည့်၍ အတိတ်ကသူ့ကိုယ်သူ ပြန်ကြည့်နေရသကဲ့သို့ ခံစားနေရလေသည်။ သူသည် ဝိညာဉ်ရေခဲရေကိုတစ်ငုံသောက်၍ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
“ စိတ်မပူပါနဲ့… ငါ အရင်ကတည်းက ပြင်ဆင်ထားပါတယ်… ကမ္ဘာမြေကနေပြီး ဝိတ်ကျဆေးလုံးတွေ ဝယ်ထားတယ်။ မနက်ဖြန်လောက်ဆို ရောက်လာပါလိမ့်မယ် ”
ဝမ်ပေါင်လဲ့သည် ကျောင်းသူ၊ ကျောင်းသားများကို အားပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ကျောင်းသူ၊ ကျောင်းသားများ စောင့်မျှော်နေစဉ်တွင် ကမ္ဘာမြေ၏ ကောင်းကင်တာအိုကျောင်းတော်မှ ရှဲ့ဟေးရန်ထံမှ ဝမ်ပေါင်လဲ့မှာထားသည့် သေမင်းဆေးလုံးအမြောက်အမြား နောက်တစ်နေ့နံနက်တွင် ရောက်ရှိလာလေတော့သည်။
သေမင်းဆေးလုံးများကို ဝေပေးလိုက်ပြီးနောက် နောက်ရက်များတွင် ကျောင်းတော်တစ်ခုလုံးတွင် နာကျင်စွာအော်ဟစ်သံများ ဖုံးလွှမ်းနေပေသည်။ ကျောင်းတော်အတွင်းမှ ထွက်ပေါ်လာသော အသံများကို ကြားခဲ့ရသည့် ဖြတ်သွားဖြတ်လာများပင် ကြောက်ရွံ့သွားကြပြီး မည်သည့်ကိစ္စဖြစ်ပျက်နေသနည်းဟုပင် တွေးမိသွားကြသည်။
သေမင်းဆေးလုံးများ၏ ထိရောက်မှုသည် အံ့အားသင့်စရာကောင်းပေသည်။ သို့သော် ထိုဆေးလုံးဒဏ်ကို မခံနိုင်သော ကျောင်းသူ၊ ကျောင်းသားတချို့ရှိသဖြင့် သူတို့သည် ထုတ်ပယ်ခြင်းခံခဲ့ရလေသည်။ နောက်ဆုံးတွင် ကျောင်းသူ၊ ကျောင်းသား တစ်ရာ့ငါးဆယ်သာ ကျန်ခဲ့လေတော့သည်။ သူတို့အားလုံးသည် သေမင်းဆေးလုံးများကို အသုံးပြုပြီးသွားသောအခါ ကျင့်ကြံခြင်းအဆင့်ထပ်မံမြင့်တက်လာပြီး ခန္ဓာကိုယ်လည်း ပို၍သန်စွမ်းလာလေသည်။
အထူးသဖြင့် ကျင့်သိုကျစ်နှင့် အခြားလူသုံးဆယ်ခန့်သည် ပို၍သန်စွမ်းလာပေသည်။ သူတို့၏အခြေခံသည် ကောင်းမွန်နေပြီဖြစ်ပြီး ဝမ်ပေါင်လဲ့၏ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် ဆတိုး တိုးတက်လာပြီး ခန္ဓာအချုပ်အနှောင်အဆင့်ကို ကျော်လွန်ကာ ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်ရှိသွားတော့သည်။
သူတို့၏တိုးတက်မှုသည် သူတို့၏အခြေခံအပေါ်တွင် တစ်စိတ်တစ်ပိုင်းမူတည်သော်လည်း သူတို့၏အပေါင်းအသင်းများနှင့် မိဘများမှာ အံ့အားသင့်နေကြသည်။ တချိန်တည်းမှာပင် ယင်းက အခြားကျောင်းသူ၊ ကျောင်းသားများကို စိတ်ဓာတ်တက်ကြွသွားစေလေသည်။ သူတို့သည် သွေးချီအဆင့်ကို မကျော်နိုင်သေးသော်လည်း သွေးချီအထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်၍ များစွာပြတ်ကျန်ခဲ့ခြင်းမဟုတ်ပေ။
သူတို့၏ခန္ဓာကိုယ်သည်လည်း ကျင့်ကြံခြင်းလုပ်ငန်းစဉ်များကို ကျင့်ကြံပြီးသောအခါ သန်မာလာပေသည်။ ဝမ်ပေါင်လဲ့သည် မမလေးပြောသည့် အပြန်အလှန် အကျိုးပြုခြင်းဆိုသောစကား၏အဓိပ္ပာယ်ကို ပထမဆုံးအကြိမ် နားလည်လာလေသည်။ ဝမ်ပေါင်လဲ့သည် သူ၏ကျောင်းသူ၊ ကျောင်းသားများကို သင်ကြားလေ့ကျင့်ပေးနေရင်းဖြင့် သူ၏ဝါးမျိုခြင်းသစ်စေ့သည်လည်း သိသိသာသာ တိုးတက်လာကြောင်း ခံစားမိခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်လည်း တိုးတက်လာသည်။
ထိုအရာသည် သူ့ကိုအလွန်အံ့အားသင့်သွားစေသည်။ သို့သော် ဝမ်ပေါင်လဲ့သည် ဝိတ်ချခြင်းမှာ လွယ်ကူသောအလုပ်မဟုတ်ကြောင်း သိသဖြင့် ကျောင်းသူ၊ ကျောင်းသားအားလုံးကို လောလောဆယ်တွင် ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကို မကျင့်ကြံသေးရန် တင်းတင်းကျပ်ကျပ် အမိန့်ပေးလိုက်သည်။ သူတို့သည် သေမင်းဆေးလုံးများ၏ ထိရောက်မှု ကျဆင်းလာကြောင်းကို သိလိုက်ရသောအခါ ကောင်းကင်ဝါမျိုခြင်းပညာရပ်အား ကျင့်ကြံခြင်းကို ချက်ချင်းရပ်တန့်လိုက်ကြသည်။
မဟုတ်လျှင် သူတို့သည် သူတို့၏စွမ်းဆောင်ရည်ကို ဆက်မြှင့်တင်နိုင်မည်ဖြစ်သော်လည်း ဝိတ်ချရန် ပို၍ခက်ခဲလာမည်ဖြစ်သည်။
“ မင်းတို့ သေမှာလည်းမဟုတ်ဘူး။ ဝိတ်လည်းပြန်ကျနိုင်ဦးမှာဆိုပေမယ့် အရာအားလုံးကို ဂရုတစိုက်ထည့်စဉ်းစားရမယ်… ”
“ နောက်တစ်ခုအနေနဲ့ ငါ့ရဲ့ဝှက်ဖဲတစ်ခုကို မင်းတို့အားလုံးကို ငါသင်ပေးမယ်။ အဲဒါက ပေါင်လဲ့ ပြိုင်ဘက်ကင်းပညာရပ်ပဲ… ”
“ ဒီပညာရပ်ကို ဘယ်သူမှမယှဉ်နိုင်ဘူး။ ငါသာ ဒီပညာရပ်ရဲ့ ပထမဆုံးအကွက်ကို ထုတ်သုံးလိုက်ရင် ငါ့ကို ဒူးထောက်တောင်းပန်ပြီး အဖေလို့ခေါ်ရတယ်။ ငါသာ ဒုတိယအကွက်ကို ထုတ်သုံးလိုက်ရင် သတိလစ်ပြီး သေသွားရတယ်။ တတိယအကွက်ကတော့ အဲဒါက အစွမ်းကြီးလွန်းလို့ စိတ်ကြိုက်သုံးလို့တောင်မရဘူး။ ဘာလို့လဲဆိုတော့ အဲ့အကွက်ကိုသာ ထုတ်သုံးလိုက်ရင် အနာဂတ်မျိုးဆက်တစ်ခုလုံးကို ပျောက်ကွယ်သွားစေလိမ့်မယ် ”