Switch Mode

အပိုင်း (၈၈၅)

ငြိမ်းချမ်းရေး ဆွေးနွေးခြင်း

တော်ဝင်မြေများမှ တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ ခေါင်းဆောင်များက လှေကားထစ်ပေါ်မှ ထိုင်ခုံများတွင် နေရာယူကြကာ သူတို့အတွက် ပြည်နယ်ကိုးခုမှ ဧည့်သည်များအား ရှင်းလင်းစွာ မြင်ခွင့် ရစေသည်။

ရီဖူရှင်းမှာ ရင်းနှီးသော မျက်နှာများကို မြင်ရသည်။ ဥပမာ ကျိရှမ်းကမ်းပါးမှ ခွန်ယိုနှင့် ချင်ကျောင်းတို့နှင့် တော်ဝင်ကျဲ နန်းတော် အပြင်ဘက် တိုက်ပွဲ၌ ပါဝင်ခဲ့သော တန်ခိုးရှင်များ ဖြစ်သည်။

ခွန်ယိုနှင့် ချင်ကျောင်းတို့လည်း ရီဖူရှင်းကို မြင်ကြပေသည်။ သူတို့က မိမိတို့နေရာတွင် ထိုင်လိုက်ကြပြီး နောက်တွင် ခွန်ယို၏ မျက်လုံးများက အလွန်အမင်း အေးစက် သွားသည်။ ရီဖူရှင်းကား အမှန်ပင် ရှန့်ထိုများနှင့်အတူ ထိုင်ခွင့် ရှိနေသည်။

ချင်ကျောင်းလည်း စိတ်ဝင်စား မိပေသည်။ သို့သော်လည်း သူကား ရီဖူရှင်းအပေါ် အငြိုးအ​တေး မရှိပေ။ သူ ယခင်က ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ဖူးသော်လည်း ထိုအရှုံးက သူ့အား ပိုမိုကြိုးစားရန် တွန်းအား ဖြစ်စေခဲ့၏။ ထို့အပြင် နောက်ထပ် အမှန်တရား တစ်ခုမှာ သူက မည်မျှပြင် ကြိုးစားပါစေ သူနှင့် ရီဖူရှင်းအကြား ကွာဟချက်မှာ ပိုမို၍ ကြီးမားလာသည် ဟူ၍ပင်။

ချင်ကျောင်းကား အလယ်အလတ် ရှီအဆင့်သို့ တက်လှမ်းခဲ့ပြီး ဖြစ်သော်လည်း ကောလာဟလများအရ ရီဖူရှင်းကား ပြည်နယ်ကိုးခု စင်မြင့်ထက်တွင် အဆင့်မြင့် ရှီတန်ခိုးရှင်များ ကိုပင် အထက်စီးဖြင့် တိုက်ခိုက် အနိုင်ယူခဲ့သည်။ ထို့အပြင် သူ အနိုင်ယူခဲ့သူများ မှာလည်း တော်ဝင်မြေ လေးခု၏ထိပ်သီးပါရမီရှင်များ ဖြစ်ကြ၏။ သူကား ရီဖူရှင်းကို မည်သို့မှ လိုက်မမီတော့ပေ။

အချိန်က အရာခပ်သိမ်းကို ပြောင်းလဲ စေခဲ့၏။

ခွန်ယိုနှင့် ချင်ကျောင်းတို့သာ ထိုသို့ တွေးသည် မဟုတ်ပေ။ အမှန်တရားကား ရီဖူရှင်းက ရှန့်ထိုများနှင့် အတူတူ ထိုင်ခွင့်ရခြင်း အပေါ် မြေရိုင်းပြည်နယ်မှ လူများပင် စိတ်လှုပ်ရှား နေကြသည်။

“ငါတို့ မောင်ငယ်လေးက ဒီလို အဆင့်အတန်း အထိတောင် မြင့်တက်ခဲ့ပြီ…” မြေရိုင်းပြည်နယ် အတွင်း လူအုပ်ထဲတွင် ရှိသော ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။ အချိန်ကား အရာရာကို ပြောင်းလဲစေ၏။ ငယ်ရွယ်ကာ ပျော်ပျော် နေတတ်သော လူငယ်လေးကား ယခု အရွယ်ရောက် ရင့်ကျက်သော နန်းတော် သခင်တစ်ပါး ဖြစ်နေလေပြီ။

“ငါတို့ ညီငယ်လေးက ဘယ်လိုပြောပြော ဆရာစောင့်နေခဲ့တဲ့သူ တစ်ယောက်ပဲ…” ဂူတုံးလျိုက ပြောသည်။

ဓားသခင်မူကား တိတ်ဆိတ်စွာ ထိုင်နေသည်။ ရီဖူရှင်းကား သူ၏ ဆရာ စောင့်နေသူထက် ပိုသည်ကိုတော့ သူ တစ်ယောက်တည်းသာ သိပေသည်။

“အင်း… သူတော်တယ်… ကျုပ်က ဒီလောက် လုပ်ပေးထားတာကို… ဒါပေမဲ့လည်း ဒီအကောင်က ဘယ်လိုတောင် ဟန်ထုတ် နေရတာလဲ…” လျိုဖန်းက ရေရွတ်သည်။ ဂူတုံးလျိုက သူ့အား ကြည့်သည်တွင် လျိုဖန်း ပါးစပ် ပိတ်လိုက်သည်။

“ဟေး… ဖက်တီး… မင်းက အရင်တုန်းက ညီငယ်လေးနဲ့ အဆင့်အနီးစပ်ဆုံး တစ်ယောက်မလား … ဒါပေမဲ့ မင်းနဲ့သူနဲ့ ဘာလို့ ဒီလောက် ကွာဟနေတာလဲ…” လျိုဖန်းက ယိရှောင်ရှီကို ကြည့်ကာ ပြောသည်။ သူ အနိုင်ကျင့်နိုင်သူမှာ ယိရှောင်ရှီ တစ်ယောက်သာ ကျန်တော့ဟန် ရ၏။

ယိရှောင်ရှီက လျိုဖန်းအား အထင်သေးသော မျက်လုံးများဖြင့် ကြည့်သည်။ ထိုအကြည့်ကာ လျိုဖန်းအား ပိုမို၍ပင် ဒေါသထွက်စေ၏။ သို့သော်လည်း ဖက်တီးမှာလည်း သူ၏အဆင့်နှင့် အတူတူအထိ တိုးတက်လာပြီ ဖြစ်သည်ကို ချက်ချင်း သတိထားမိ လိုက်ကာ မျက်နှာက နီမြန်း လာတော့သည်။

ရီဖူရှင်းက အနီးမှ ရှန့်ထိုများအား ကြည့်သည်။ တစ်ယောက်ချင်းစီမှ ထွက်ပေါ်လာသော ကိုယ်ရောင် ကိုယ်ဝါများ အရ သူကား ထိုလူများအား အနည်းငယ် ခန့်မှန်း မိပေသည်။

ထိုင်ခုံများမှာ နှစ်ခြမ်း ခွဲခြားထားပြီး သူကား ညာဘက်တွင် ထိုင်နေခြင်း ဖြစ်သည်။ ဘယ်ဘက်၏ အမြင့်ဆုံးသော ထိုင်ခုံကား ထိုင်သူ မရှိသေးပေ။ ထိုထိုင်ခုံက မည်သူ့အတွက် ချန်ထားသည်ကို ရီဖူရှင်းက စိတ်ဝင်စားမိ၏။ သူက အဆင့်များကို ကြည့်ဖူးကာ နံပါတ် ၁နှင့် ၂ မှာ ရောက်လာမည့်ပုံစံ မရှိဟု သူ ထင်မြင်သည်။ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၃ ကား ရှန့်ထိုရှား ဖြစ်သည်။

ထို့ကြောင့် ထိုထိုင်ခုံမှာ နံပါတ်၄အတွက် ဖြစ်ရမည် ဖြစ်သော်လည်း နံပါတ်၄မှာ ပြည်နယ်ကိုးခု ကျောင်းတော် ကျောင်းအုပ် ရှန့်ထိုလီ ဖြစ်သည်။ သူကား ဘယ်ဘက်ခြမ်း၏ ပထမနေရာတွင် ထိုင်နေသည်။ ထို့ကြောင့် လွတ်နေသော ထိုင်ခုံမှာ ရှန့်ထိုရှားပင် အလွန် အလေးထား ရသောသူ ဖြစ်ရမည်ဟု ကောက်ချက် ချနိုင်သည်။

ဘယ်ဘက်အခြမ်း၏ ဒုတိယနေရာတွင် ထိုင်နေသူမှာ ထူးခြားလွန်းရကား ရီဖူရှင်းက တစ်ချက် ကြည့်ရုံဖြင့် သိပေသည်။ သူကား ချီပြည်နယ်၊ တော်ဝင် အလင်းနန်းတော်မှ ရှန့်ထိုကျိ ဖြစ်သည်။ သူကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့် ၅ ဖြစ်၏။

ရှန့်ထိုကျိက ရီဖူရှင်း၏အကြည့်ကို ခံစားမဟန်ဖြင့် ရီဖူရှင်းဘက်ကို လှည့်ကြည့်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏မျက်လုံးမှာ အလင်းတန်း တစ်ခု ထွင်းဖောက် ခံရသည့်အလား ပြာဝါးသွားပြီး မည်သို့မှ မတတ်သာဘဲ တစ်ဖက်ကို လွှဲလိုက်ရသည်။ သို့သော်လည်း သူ့အား ရှန့်ထိုကျိက ဆက်လက် ကြည့်နေသည်ကို ရီဖူရှင်းက သိလိုက်သည်။ အလင်းတန်းက မရှိတော့ သော်လည်း ရှန့်ထိုကျိ၏ မျက်လုံးကား တစ်စုံတစ်ယောက်က အလွယ်တကူ မကြည့်ရဲသော အရာဖြစ်ပေသည်။

“မင်းက အကြည့်ရဲလှချည်လား … မရှက်ဘူးလား…” ရှန့်ထိုကျိ၏ အသံကား တည်ငြိမ်နေကာ ခံစားချက် ကင်းမဲ့၏။ ပတ်ဝန်းကျင်မှာလည်း သူ၏စကားကြောင့် တိတ်ဆိတ် သွားသည်။ အောက်မှ လူများက ရှန့်ထိုများ ထိုင်နေရာသို့ လှမ်းကြည့်ကြ၏။

“အဲဒါ ရှန့်ထိုကျိပဲ…” လူအများအပြားက ထူးဆန်းစွာ ကြည့်ကြသည်။ ရှန့်ထိုကျိကား ရီဖူရှင်းကို မေးခွန်း ထုတ်နေသည်။

“ရှန့်ထိုတွေ အများကြီးကို ကိုယ်တိုင် တွေ့နိုင်တာ ကျုပ်အတွက် ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ… ဒါကြောင့် ကျုပ်က ကြည့်မိတာပါ… ဒီအတွက် ကျုပ် တောင်းပန်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သို့သော်လည်း စိတ်ထဲတွင်ကား အတော် တင်းသွားသည်။ ရှန့်ထိုကျိကား ရှန့်ထိုတစ်ပါး ဖြစ်သော်လည်း ထိုသို့ အကြည့်လွှဲရခြင်း အပေါ် အဓိပ္ပာယ် ကင်းမဲ့သည်ဟု ထင်မြင်သည်။

အားလုံးက နီးနီးကပ်ကပ် ထိုင်နေကြရာ တစ်ချိန်လုံး ခေါင်းမမော့ထားလျှင် သေချာပေါက် တစ်ဖက်လူကို ကြည့်မိရုံမျှမက အကြည့်ချင်းပင် ဆုံနိုင်ပေသည်။

“ရှန့်ထိုကျိ… ခင်ဗျားက ဒီလို သေးသေးမွှားမွှားတွေ ကိုလည်း အရေးလုပ် နေတာလား…” ရှန့်ထိုလီက ပြောသည်။ ထိုအခါမှ ရှန့်ထိုကျိက တစ်ဖက်ကို လွှဲသွားသည်။

“ရှန့်ထိုကျိက ငယ်ကတည်းက ဆိုးဝါးတဲ့ အပြုအမူ အကျင့်စရိုက်တွေ ရှိတယ်လို့ နာမည် ကျော်ကြားတယ်… သူနှင့် သဟဇာတဖြစ်တဲ့ လူရှားပြီးတော့ သူ့မှာ မိတ်ဆွေလည်း နည်းတယ်… ပြီးတော့ သူလေ့ကျင့်တဲ့ ပညာကိုလည်း အရမ်း ယုံကြည်ချက် မြင့်ပြီးတော့ တော်ဝင် အလင်းနန်းတော်ကို အင်အား အကြီးဆုံးလို့ တွေးထားတယ်…” ရီဖူရှင်း၏ စိတ်အသိထဲကို အသံတစ်သံ ဝင်လာသည်။ စန္ဒာ နတ်မယ်ရှန့်ထိုက သူ့အား စိတ်ဖြင့် လှမ်းပြောခြင်း ဖြစ်သည်။

“မင်းက သူ့ကို အပြစ် လုပ်မိထားလား… ” စန္ဒာနတ်မယ် ရှန့်ထိုက မေးသည်။

ရီဖူရှင်းက စန္ဒာနတ်မယ် ရှန့်ထိုအား ကြည့်ကာ စိတ်ဖြင့် ပြန်ပြောသည်… “ဒါ သူနဲ့ပထမဆုံး တွေ့တာပဲ… သူ့ကို အပြစ်လုပ်မိလားဆိုရင် ကျွန်တော် ခန့်မှန်းမိတာကတော့ ပြည်နယ်ကိုးခု ညီလာခံမှာ တော်ဝင်အလင်း နန်တော် တပည့်တွေနဲ့ မြေရိုင်း ပြည်နယ်တွေ ရင်ဆိုင် တိုက်ခိုက် ကြတာပဲ ရှိမယ်… ဒါပေမဲ့ ရှန့်ထိုတစ်ပါးက ဒါတွေကို ဂရုစိုက်မယ်လို့လည်း ကျွန်တော် မထင်ဘူး…”

စန္ဒာနတ်မယ် ရှန့်ထိုက သူ့အား စိတ်ဖြင့် ပြောသည်… “သူက တော်ဝင်အလင်း နန်းတော်တပည့်တွေ နိုင်တာ ရှုံးတာထက် အလင်းလောကဓာတ်က မြေရိုင်းပြည်နယ်က အထူးပြုတဲ့ လောကဓာတ်တွေကို မယှဉ်နိုင်တာကိုပဲ စိတ်ဆိုးတာ ဖြစ်နိုင်တယ်…”

ရီဖူရှင်းက ခေါင်းညိတ်ကာ ထိုကိစ္စအား မတွေးတော့ပေ။ ရှန့်ထိုကျိ၏ ခေါင်းထဲတွင် ဘာရှိသည်ကို သူ ခန့်မှန်းရန် ခက်ခဲပေသည်။

“ရှန့်ထိုရှား ရောက်လာပြီ…” ထိုအခိုက်တွင် တီးတိုး ပြောသံများ ထွက်လာသည်။ အားလုံးက လှမ်းကြည့် လိုက်ကြသည်တွင် ရှန့်ထိုရှားမှာ သူတို့ရှိရာသို့ လျှောက်လာသည်ကို မြင်ကြရ၏။ ရှားကလန် တန်ခိုးရှင်များမှာ သူ၏နောက်မှ လိုက်ပါ လာကြသည်။ သို့သော်လည်း မယုံကြည်နိုင်ဖွယ် ကောင်းအောင် ကြည့်ကောင်းသော လူငယ်တစ်ယောက် ရှန့်ထိုရှား၏ ဘေးတွင် ပါလာသည်။ သူ၏ အသားအရေမှာ မိန်းကလေးတစ်ဦး ကဲ့သို့ပင် ဖြူဖွေး နုထွတ်နေ၏။

“မိန်းမ တစ်ယောက်…” တန်ခိုးရှင်များကား သာမန် ရုပ်ဖျက်မှုများကို သေချာပေါက် သိပေသည်။ လူငယ်မှာ ယောက်ျားလို ဝတ်စား ဆင်ယင်ထားခြင်းသာ ဖြစ်ပြီး အမှန်တကယ်ကား မိန်းကလေး တစ်ယောက် ဖြစ်၏။

“ခုံက သူမ အတွက်လား…” လူအများအပြားက ခန့်မှန်းကြသည်။ မိန်းကလေးကား ရှန့်ထိုရှားနှင့် ရင်ပေါင်တန်း လျှောက်လာခြင်း ဖြစ်ရာ သူမ၏ အဆင့်အတန်းကို သိနိုင်ပေသည်။

“ပြည်နယ်ကိုးခု တမန်တော်…” လူအများအပြားက မိန်းကလေး မည်သူဖြစ်သည်ကို ခန့်မှန်းမိကြသည်။ ရှန့်ထိုရှားနှင့် ဘေးချင်းယှဉ် သွားလာနိုင်သူ အနည်းငယ်မျှသာ ရှိပေသည်။

ရှန့်ထိုများက တစ်ယောက်ပြီး တစ်ယောက် ထရပ်ကာ ရှန့်ထိုရှားအား လက်နှစ်ဖက်ဆုပ်၍ ဂုဏ်ပြုစကား ပြောကြသည်။ မည်သို့ဆိုစေ မွေးနေ့ပွဲက သူ့အတွက် ကျင်းပခြင်း ဖြစ်ပေသည်။

ရှန့်ထိုရှားက ပြုံးလျက် ပြောသည်… “ကျုပ်က ဒီလို ထုံးတမ်းစဉ်လာတွေကို သိပ်အလေး မထားတော့တာ ကြပြီ… အေးအေး သက်သာ နေကြပါ …   သို့သော်လည်း မည်သူကမှ မထိုင်ကြသေးဘဲ ရှန့်ထိုရှားဦးဆုံး ထိုင်ရန် စောင့်နေကြသည်။

“ထိုင်ပါ…” သို့သော်လည်း ရှန့်ထိုရှားက သူကိုယ်တိုင် မထိုင်သေးဘဲ ဘေးမှ မိန်းကလေးကို ဦးဆုံးထိုင်ရန် ပြောဆိုသောအခါ အားလုံးမှာ အံ့အားသင့် သွားကြသည်။ ပြည်နယ်ကိုးခု တမန်တော်ကား သာမန် မဟုတ်ပေ။

မိန်းကလေးကား ဘာမှ မပြောပဲ ထိုင်ခုံတွင် ထိုင်သည်။ ထိုမှသာ ရှန့်ထိုရှားက ထိုင်၏။ ထိုအချိန်မှ အားလုံးကလည်း ထိုင်ကြ ရတော့သည်။

“ဒီနေ့က ကျုပ်မွေးနေ့ပဲ … အားလုံး အခုလို ကြွရောက် လာခဲ့ကြတာ ဝမ်းသာ ဂုဏ်ယူစရာပါပဲ…” ရှန့်ထိုရှားက ပြုံးလျက် ပြောသည်။ ရှန့်ထိုရှားက လူအများရှေ့ ထွက်သည်မှာ ရှားပါးပေသည်။ အေးစက် တင်းမာမည်ဟု လူအများက ထင်မြင်ကြသော်လည်း တကယ်တမ်း တွေ့သောအခါ သူကား ခင်မင် ရင်းနှီးလွယ်ကာ ဖော်ရွေသော ပုံဟန် ဖြစ်သည်။

“ပထမဆုံး အားလုံးကို ဖိတ်ခေါ်တဲ့ ရည်ရွယ်ချက်က ပြည်နယ်ကိုးခုက ကျုပ် မိတ်ဟောင်း ဆွေဟောင်းတွေကို တွေ့ချင်တာနဲ့ လူငယ်တွေ ဘယ်လောက် တိုးတက်လာလဲ သိချင်တဲ့ စိတ်ကြောင့်ပါပဲ…”

“ဒုတိက ကိစ္စကတော့ ကျောက်ပြည်ထောင်နဲ့ တော်ဝင်ကျဲ နန်းတော်အကြား စစ်ပွဲနဲ့ဆိုင်တယ်… နှစ်ဘက်လုံးက အဆုံးအရှုံးတွေ အရမ်းကြီးတယ်လို့ ကျုပ်ကြားတယ်… တော်ဝင်ကျဲ နန်းတော်က ထောင်ကျန်းက ရှန့်ထိုအဆင့်သို့ တက်လှမ်းပြီး ဘေးအန္တရာယ်ထဲ ကျနေတုန်း ဆိုတာရယ်… ကျောက်ဟောင်နဲ့ တခြားလူတွေက သေရေး ရှင်ရေး အခြေအနေမှာ ရှိနေတာတွေ … အကုန်လုံးကို ကျုပ်သိထားတယ်…” ရှန့်ထိုရှားက အားလုံးကို ကြည့်ကာ ပြောသည်… “တန်ခိုးရှင်တွေရဲ့ ဘဝမှာ ရှန့်ထိုအဆင့်သို့ တက်လှမ်း နိုင်တယ် ဆိုကာ ကြီးမားတဲ့ ကံကောင်းမှုပဲ … ကျောက်ဘုရင်ရဲ့သား ကျောက်ဟောင်ကလည်း ပြည်နယ်ကိုးခု ရှီအဆင့်က ဖြစ်ပြီးတော့ ရှန့်ထိုအဆင့်သို့ တက်လှမ်းဖို့ လှေကား တစ်ထစ်ပဲ ကျန်တော့တယ်… ဘာလို့ နှစ်ဖက်လုံး အသေ တိုက်ခိုက်ကြမှာလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset