Switch Mode

အပိုင်း (၈၈၄)

ရှန့်ထိုရှား၏မွေးနေ့မင်္ဂလာ

ရှန့်ထိုရှား၏ မွေးနေ့ပွဲကား ရောက်လာပြီ ဖြစ်သည်။

မနက်ခင်း ကတည်းက မရေမတွက်နိုင်သော လူများမှာ ရှားကလန် အပြင်ဘက်၌ စောစီးစွာ လာရောက် စောင့်ဆိုင်းနေကြသည်။ ပြည်နယ်ကိုးခု၏ နာမည်ကျော် ပုဂ္ဂိုလ်များမှာ သည်နေ့တွင် မွေးနေ့ပွဲသို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သူတို့ သိထားကြသည်။

ရှားကလန်ကား ပြည်နယ်ကိုးခုတွင် အားအကောင်းဆုံးသော ကလန်ဖြစ်ပေသည်။ သူတို့၏ အဆောက်အဦများမှာ ကြီးကျယ် ခမ်းနားလွန်းရကား ကလန်၏ နံရံများမှာပင် မြို့ရိုးကြီးများအလား ထင်မှတ် ရလောက်အောင် ကြီးမား ခန့်ထည်ပေသည်။

အစေခံ မိန်းကလေး များစွာမှာ ပြည်နယ်ကိုးခုမှ ဧည့်သည်များအား လက်ခံနေရာ ချပေးခြင်းများဖြင့် အလုပ်များနေကြ၏။ ကောင်းကင်ထက်မှ စွမ်းအားမြင့် တန်ခိုးရှင်များမှာ အဆက်မပြတ် ဆင်းသက် လာနေကြပြီး ကလန်၏ ဂိတ်တံခါးမှတစ်ဆင့် အတွင်းကို လမ်းလျှောက် ဝင်ကြသည်။

ရောက်လာသူများထဲတွင် နတ္တိမြို့မှ ထိပ်သီး အင်အားစုများလည်း ပါဝင်ကြပေသည်။ နတ္တိမြို့ကိုယ်တိုင်က တော်ဝင်မြေ မဟုတ်သော်လည်း မြို့အတွင်းမှ အင်အားစုများမှာ တော်ဝင်မြေ ပြီးလျှင် အင်အား အကြီးဆုံးများ ဖြစ်ကြသည်။ သို့သော်လည်း မွေးနေ့ပွဲမှာ ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ အတွက် အဓိက ကျင်းပခြင်း ဖြစ်ကြောင်း အားလုံးက သိကြပေသည်။

“ဟိုမှာ ကြည့်လိုက်…” တစ်ယောက်က လက်ညှိုးထိုးပြသည်။ တောက်တောက် ပြောင်ပြောင် ဝတ်စားထားသော လူတစ်စု လျှောက်လာ ကြသည်။ ကောင်းကင်မှာ အုပ်စုလေးခု၏ နေရာယူခြင်းကို ခံလိုက်ဟန်တူ၏။

နဂါးများဆွဲသော ရထားလုံးများဖြင့် စတည်းချနေသော တစ်နေရာရှိကာ သူတို့အားလုံးမှာ ထည်ဝါ မြင့်မြတ်သော အရောင်အဝါများ ရှိကြ၏။ ထိုယာယီ စုရပ်လေးခုမှာ ချီပြည်နယ်မှ တော်ဝင်မြေများ ဖြစ်ကြပြီး တိတိကျကျ ပြောရပါက ကျိရှား တော်ဝင်နန်းတော်၊ ချီကလန်၊ ယွီကလန်နှင့် တော်ဝင်အလင်း နန်းတော်တို့ ဖြစ်ကြ၏။ သူတို့ အားလုံးထံမှ ကြောက်စရာ ဖိအားများ ထွက်ပေါ်နေသည်။ တော်ဝင်မြေတိုင်းတွင် ရှန့်ထိုများ ဦးဆောင် လာခဲ့ကြသည် မဟုတ်ပါလား။

“အဲဒါ ရှန့်ထိုချီမလား…” လူအများအပြားက နဂါးကြီးပေါ်တွင် ထိုင်နေသော လူတစ်ယောက်အား ကြည့်ကာ ပြောကြသည်။ သူကား ထည်ဝါ မြင့်မြတ်ကာ အင်ပါယာတစ်ပါး၏ ကိုယ်ရောင်ကိုယ်ဝါမျိုး ရှိသည်။ ချီပြည်နယ် ချီကလန်ကား ယခင်က ချီတစ်ပြည်နယ်လုံးကို အုပ်ချုပ်ဖူးသော တော်ဝင်မျိုးနွယ်များ ဖြစ်ကြ၏။

“ရှန့်ထိုကျိ…” အချို့က နောက်တစ်နေရာကို လှမ်းကြည့်လျှင် တော်ဝင်အလင်းများ ဖြာထွက်နေသော ပုဂ္ဂိုလ် တစ်ယောက်အား မြင်ကြရသည်။

သူ၏မျိုးရိုးနာမည်မှာ ကျိဖြစ်ပြီး တော်ဝင် အလင်းနန်းတော်တွင် အမြင့်ဆုံးသော အဆင့်အတန်းအား ပိုင်ဆိုင်ပေသည်။

ကျန်ရှိသော အင်အားစုနှစ်ခုမှာ ပုံမှန်အားဖြင့် ကျိရှား တော်ဝင်နန်းတော်နှင့် ယွီအိမ်တော်တို့ ဖြစ်ကြသည်။ ထင်မှတ် ထားသည့်အတိုင်း နန်းတော်သခင်နှင့် အိမ်တော် ခေါင်းဆောင်တို့ နှစ်ယောက်လုံးမှာ မွေးနေ့ပွဲအား ကိုယ်တိုင် တက်ရောက် ကြပေသည်။

ရှားကလန်၏ များစွာသော အဓိက တန်ခိုးရှင်များမှာ ချီပြည်နယ်မှ တော်ဝင်မြေများအား ကိုယ်တိုင် ကြိုဆို ဧည့်ခံကြသည်။ ထိုသို့သော အရေးတယူ ကြိုဆိုခြင်းမှာ ထိပ်သီး အင်အားစုများပင် ရရှိသော အရာမဟုတ်ပေ။

မကြာမီ ဖုန်းပြည်နယ်မှ ကိုယ်စားလှယ်များလည်း ရောက်လာကြ၏။ စီကလန်မှ တန်ခိုးရှင်များ၊ ဖုန်းတူအိမ်တော်၊ တာလျိုတောင်တို့ မှာလည်း အတူတူ ရောက်လာကြ၏။ တိမ်တိုက်ပြည်နယ်နှင့် စစ်ဘုရင်ပြည်နယ်တို့ မှာလည်း အသီးသီး ရောက်လာကြ၏။ ကွဲပြား ခြားနားသော တော်ဝင်မြေများမှ ကိုယ်စားလှယ်များ မှာလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြသည်။

ပြည်နယ်ကိုးခု ရှီနှင့်ရှန့်ထိုအဆင့်မှ တန်ခိုးရှင် တစ်ဝက်ခန့်မှာ သည်နေ့တွင် လာရောက် စုစည်းကြပေမည်။ ပြည်နယ်ကိုးခုတွင် ဤမျှကြီးမားသော ပွဲမျိုးအား စီစဉ်ကျင်းပခြင်း မရှိတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

“အဲဒါ ဘယ်တော်ဝင်မြေလဲ…” တစ်ယောက်က မေးသည်။

“ရှီဟွာတောင်… ရှီဟွာတောင် ရှန့်ထိုကိုယ်တိုင် ရောက်လာတယ်…” တစ်ယောက်က ဖြေသည်။

ရှီဟွာတောင်မှ တန်ခိုးရှင်များမှာ ရှားကလန်ထဲကို ဝင်ရန် အမြန်လိုဟန်မရဘဲ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ မကြာမီ လေတိုးသံများနှင့်အတူ ကြီးမားသော လူအုပ်ကြီးတစ်စု ရောက်လာ ကြတော့၏။

“ပြည်နယ်ကိုးခု ကျောင်းတော်ကလူတွေ၊ ကျောက်ပြည်ထောင်က လူတွေနဲ့ တော်ဝင်ကျဲ နန်းတော်ကလူတွေ ရောက်လာကြပြီ…” လူအများအပြားက အသစ် ရောက်လာသူများအား ကြည့်ကြသည်။ ရှန့်ထိုလီနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ နှစ်ဦးလုံးမှာ လူအုပ်ထဲတွင် ရှိကြပေသည်။

သူတို့က မြန်မြန်ဆန်ဆန်ပင် မြေရိုင်းပြည်နယ်မှ ရီဖူရှင်းကို သတိထားမိ ကြသည်။ သူကား ရှန့်ထို မဟုတ်သည့်တိုင် အချို့သော ရှန့်ထိုများထက်ပင် လူအများ၏ စိတ်ဝင်စားမှုကို ရရှိသူ ဖြစ်သည်။ ထို့အပြင် သူကား အလွန် ကြည့်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ပြီး သူ၏ဘေးတွင် ဟွာဂျီယူ ရပ်နေခြင်းက တခြားလူများနှင့် ကွဲပြားခြားနားမှုကို ဖြစ်စေကာ လူအများအား အလွယ်တကူ ခန့်မှန်း သိရှိစေနိုင်ပေသည်။

ရီဖူရှင်းက ရှန့်ထို မဟုတ်သော်လည်း လူအများက သူ့အား အချို့သော ရှန့်ထိုများထက်ပင် စိတ်ဝင်စား ကြပေသည်။ မည်သို့ဆိုစေ လူအများက ရှန့်ထိုဆိုသည်မှာ လောက၏ အကြီးအမှူးများ အဖြစ် သတ်မှတ်ကြပြီး သာမန်လူများဟု မတွေးကြတော့ပေ။ တခြား တစ်ဖက်တွင် ရီဖူရှင်းကား တိုးတက်နေဆဲ လူငယ်တစ်ယောက် ဖြစ်ကာ လူတိုင်းက လူငယ်မျိုးဆက်မှ ကြီးမားသော အလားအလာ ရှိသူတစ်ယောက်မှာ မည်မျှအထိ အမြင့်သို့ တက်လှမ်းမည်ကိုလည်း အလွန် စိတ်ဝင်စား ကြပေ၏။

ရှီဟွာတောင်ရှန့်ထိုက တခြား တော်ဝင်မြေများကို မြင်လျှင် လက်နှစ်ဖက်ကို ဆုပ်ကာ လေးစားမှုကို ပြသည်… “ရှန့်ထိုလီကို နှုတ်ဆက်ပါတယ်…”

“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး… ရှီဟွာတောင်ရှန့်ထို…” ရှန့်ထိုလီက အနည်းငယ် ခေါင်းညိတ်သည်။ သူတို့အားလုံးက ရှန့်ထိုဖြစ်သော်လည်း စီနီယာ ဖြစ်ခြင်းကိုလည်း အားလုံးက အလေးထား ကြရပေသည်။ ရှန့်ထိုလီကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်တွင် သာမက ဝါစဉ်အရပါ များစွာ မြင့်သူဖြစ်ပေသည်။ ထို့အပြင် သူကား ပြည်နယ်ကိုးခု ကျောင်းတော်၏ ကျောင်းအုပ်လည်း ဖြစ်ပေ၏။

“ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်…” ရှီဟွာတောင်ရှန့်ထိုက ကျောက်ပြည်ထောင် ဘုရင်အား ကြည့်ကာ ခေါင်းညိတ်ပြသည်။

ကျောက်ပြည်ထောင် ဘုရင်ကလည်း ပြန်လည်၍ ခေါင်းညိတ်၏။ ထို့နောက် ရှီဟွာတောင် ရှန့်ထိုက မြေရိုင်း ပြည်နယ်ဘက်ကို ကြည့်သည်။ ရီဖူရှင်းကလည်း ရှီဟွာတောင်ရှန့်ထိုအား လက်နှစ်ဖက်ဆုပ်ကိုင်ကာ လေးစားသည့် အမူအရာဖြင့် ပြောသည်… “ရှီဟွာတောင်ရှန့်ထိုကို နှုတ်ဆက်ပါတယ်…”

ရှီဟွာတောင်ရှန့်ထိုမှာ တစ်စုံတစ်ခုကို တွေးတောနေဟန် ရသည်။ ရီဖူရှင်းက ကျောက်ပြည်ထောင်အား တော်ဝင်စစ်ပွဲ၌ ပြန်လည် တွန်းလှန်နိုင်ခြင်း အတွက် ရှီဟွာတောင် ရှန့်ထိုမှာ အနည်းငယ် အံ့အားသင့်နေဟန် ရ၏။

ရှီဟွာတောင်၌ ပြည်နယ်ကိုးခု ညီလာခံကျင်းပစဉ်က မည်သူမှ မြေရိုင်းပြည်နယ်ကို အလေး မထားခဲ့ကြပေ။

“ကြည့်ရတာ ငါတို့နောက်ဆုံး တွေ့ပြီး ကတည်းက မင်းရဲ့ ဂုဏ်သတင်းက တော်တော် ကျော်စော လာပုံရတယ်…” ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက် ပြောသည်။

“ရှီဟွာတောင်ရှန့်ထိုက အရမ်း ချီးမြှောက်လွန်းပါပြီ…” ရီဖူရှင်းကလည်း ယဉ်ကျေးစွာ ပြောသော်လည်း သူ၏မျက်လုံးများက ရိုးစင်းသည်တော့ မဟုတ်ပေ။

“မင်းတို့ တခြားလူတွေကို စောင့်နေကြတာလား… ငါတို့ အတူတူ ဝင်ကြမလား…” ရှန့်ထိုလီက ရှီဟွာတောင် ရှန့်ထိုကို ပြောသည်။

“ဒါဆိုလည်း အတူတူ ဝင်ကြရအောင်…” ရှီဟွာတောင်ရှန့်ထိုက လက်ဟန်ခြေဟန်ဖြင့် ညွန်ပြသည်… “စီနီယာ ရှေ့က သွားပါ…”

ရှန့်ထိုလီက တွန့်ဆုတ်ခြင်း မရှိဘဲ ရှားကလန်ဂိတ်ထံသို့ ရှေ့မှ လျှောက်သွားသည်။ လူအများအပြားက သူတို့ကို လာရောက် နှုတ်ဆက်ကြကာ အတူတူ လိုက်ပါကြသည်။

ရီဖူရှင်းကလည်း ရှားကလန်ထဲကို ဝင်ရောက်ပြီးနောက် အခမ်းအနား ကျင်းပရာနေရာသို့ ဆက်လက်၍ လျှောက်လာခဲ့သည်။ များစွာသော တော်ဝင်မြေများမှာ ရောက်နှင့် နေကြပြီ ဖြစ်သည်။ များစွာသော အထက်တန်း ပုဂ္ဂိုလ်များမှာ ရှီဟွာတောင် ရှန့်ထိုအား နှုတ်ဆက်ကြပြီးမှ မိမိတို့၏ နေရာတွင် ပြန်ထိုင်ကြသည်။

ရီဖူရှင်းကလည်း သူ၏လူများကို ကိုယ်စီ နေရာများတွင် ထိုင်ရန် ညွှန်ကြားသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့မူကား တော်ဝင်မြေများမှ ရှန့်ထိုများအတွက် သီးသန့် စီစဉ်ထားသော ရှေ့ဆုံးခုံ နေရာများတွင် ထိုင်ကြသည်။

သည်နေ့ကား ရှန့်ရှား၏ မွေးနေ့ပွဲ ကျင်းပသည့်နေ့ ဖြစ်ပေသည်။ ပြည်နယ်ကိုးခုမှ ဧည့်သည့်များ မှာလည်း ရောက်လာကြ၏။ မွေးနေ့ပွဲကျင်းပသော နေရာမှာလည်း အလွန်ကြီးမား ကျယ်ပြောပေသည်။ လှေကားထစ်ပေါ်ကို တက်လျှင် ထိုင်ခုံတန်း နှစ်ခုရှိပြီး ထိုနေရာများတွင် ထိုင်မည့်လူများကို ရှားကလန်မှလူများက စီစဉ်ပေးရသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့မှာ တစ်ဖက်စွန်း ထောင့်နေရာတွင် နေရာ ချပေးထားခြင်း ခံရသည်။ သို့သော်လည်း ရှီဟွာတောင်မှ ဆက်ဆံရေးနှင့် ကွာဟသော အခြေအနေအပေါ် ရီဖူရှင်းက ထူးဆန်းသည်ဟု မခံစားရတော့ပေ။

ရီဖူရှင်း၏ မျက်လုံးက တခြား ထိုင်နေသူများထံသို့ ရောက်လာသည်။ များစွာသောလူများ ထပ်မံ ရောက်လာရန် ရှိသေးသော်လည်း လှေကားထစ်ပေါ်မှ ထိုင်ခုံများမှာ ရှန့်ထိုနှင့် ရှီအဆင့်၏ အစဉ်အလိုက် စီထားခြင်း ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ဥပမာ ရှီဟွာတောင် ရှန့်ထိုနှင့် မိုးစက်ရှန့်ထိုတို့မှာ အတူတူ ရောက်လာ ကြသော်လည်း မိုးစက်ရှန့်ထိုကား အတန်ငယ် အလှမ်းဝေးသော နေရာ၌ သွားထိုင်ရ၏။

များစွာသော တော်ဝင်မြများမှ ရှန့်ထိုများမှာ အချင်းချင်း စကားစမြည် ပြောကြသည်။ ရှန့်ထိုလီ ရောက်လာသောအခါ လူအများအပြားက လာရောက် နှုတ်ဆက်ကြ၏။

ရီဖူရှင်းက ပြည်နယ်ကိုးခုတွင် နာမည်ကျော်ကြား လာသောလည်း သူကား ရှန့်ထိုများ အကြားတွင် ရှိသည်ဟုပင် မထင်ရပေ။ ယွီကလန်မှ စန္ဓာနတ်မယ် ရှန့်ထိုတစ်ပါးသာ ရီဖူရှင်းအား နှုတ်ဆက်သည်။ ရီဖူရှင်းကလည်း အနည်းငယ် ဦးညွှတ်ကာ လေးစာမှုကို ပြသည်။ ကျောက်ပြည်ထောင် ဘုရင်က ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်သည်။ ယွီကလန်မှ လူများက ရီဖူရှင်းထံ သွားရောက် လည်ပတ်သည့် ကိစ္စကို ကျောက်ပြည်ထောင် ဘုရင်က ကြားထားပေသည်။

မီးခိုးရောင် ဝတ်စုံဝတ် လူတစ်ယောက်က မျက်လုံးကို ပင့်လိုက်ကာ ရီဖူရှင်းအား ကြည့်သည်။ သူ့ထံမှ အားကောင်းသော အန္တရာယ် အငွေ့အသက်များအား သူခံစားရ၏။ ရီဖူရှင်းက ပြုံးမယောင် မျက်နှာထားဖြင့် မီးခိုးရောင်ဝတ်လူအား ကြည့်သည်။

“စီနီယာရှန့်ထိုစီကို နှုတ်ခွန်း ဆက်သပါတယ်…” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ကာ ပြောသည်။ သူကား ဖုန်းပြည်နယ်မှ စီကလန်၏ ခေါင်းဆောင် စီမင်ဖြစ်သည်။ သူ့အား သတ်ဖြတ်ခြင်း ရှန့်ထိုဟုလည်း လူသိများ ပေသည်။

“ငါ့ကို သိတယ်ဆိုတော့ မင်းက အသိအမြင် အားကောင်းတာပဲ…” ရှန့်ထိုစီက ရီဖူရှင်းအား ပြုံးလျက် ပြောသည်။ သို့သော်လည်း ရီဖူရှင်းကား သူ့ထံမှ လွင့်လာသော အန္တရာယ် အငွေ့အသက်များအား ခံစားရပေသည်။

“စီနီယာရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ ဟန်ပင်က ထူးကဲပါတယ်..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူက တည်ငြိမ်သောပုံစံ ရှိသော်လည်း တကယ်တမ်းကား စိတ်နှလုံးက တုန်ခါနေသည်။ ပြည်နယ်ကိုးခုမှ ရှန့်ထိုများ ထိုင်နေရာတွင် ရှန့်ထိုမဟုတ်သူကား ရီဖူရှင်း တစ်ယောက်သာ ရှိပေသည်။ ရှန့်ထိုများမှာ သာမန်ကာလျှံကာ သဘောဖြင့် ပြောဆို နေထိုင်ကြသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သာမန်လူများ ခံနိုင်သည် မဟုတ်ပေ။ သို့သော်လည်း ရီဖူရှင်းက ထိုလူများ အကြားတွင် ထိုင်ရခြင်းက သူ့အပေါ် အသိအမှတ်ပြုခြင်း တစ်မျိုးလည်း မဟုတ်ပါလား။

ပိုမိုသောလူများ ရောက်လာကြကာ တော်ဝင်မြေများမှ ရှန့်ထိုများကလည်း တစ်ယောက်ပြီး တစ်ယောက် နေရာယူကြသည်။ ကောင်းကင်ရှန့်ထိုလည်း ရောက်လာခဲ့သည်။ သူနှင့် ရီဖူရှင်းတို့ မျက်လုံးချင်း ဆုံသောအခါ နှစ်ယောက်လုံးက အချင်းချင်း ခေါင်းညိတ် ပြကြသည်။ မှန်နန်းတော် သခင်မ ရောက်လာခဲ့သော အခါကား များစွာသော တန်ခိုးရှင်များက သူမအား လှမ်းကြည့် ကြသည်။

မှန်နန်းတော် သခင်မမှာ ပြည်နယ် ကိုးခုရှန့်ထို အဆင့်၌ မြင့်မားသော နေရာ၌ မရှိသော်လည်း သူမကား မည်သို့ဆိုစေ တော်ဝင်မြေ၏ ခေါင်းဆောင်ဖြစ်ကာ အရှေ့ဘက် ပြည်နယ်၏ အလှဆုံးမိန်းမအဖြစ် နာမည် ကျော်ကြားသည် မဟုတ်ပါလား။

လှပသော မျက်နှာ၊ ချိုမြိန်သော အပြုံးတို့၌ ကျောက်ပြည်ထောင် ဘုရင်ကား မျက်တောင်ပင် မခတ်အားပေ။ သူက သေရက်ခွက်ကို ကိုင်ကာ သူ၏နှုတ်ခမ်းတွင် တေ့လျက် သောက်မယောင် ပြုသော်လည်း သူ၏ အကြည့်ကား မှန်နန်းတော် သခင်မထံမှ တစ်ချက်မျှပင် ခွာခြင်း မရှိခဲ့ပေ။

ရီဖူရှင်းက ထောင့်တွင် ထိုင်နေသော်လည်း မှန်နန်းတော် သခင်မက ရီဖူရှင်းဘေးမှ ဖြတ်သွားသောအခါ သူ့အား ပြုံးပြခဲ့ပြီးမှ ဆက်သွားသည်။ သို့သော်လည်း သူမ၏မျက်လုံးဖြင့် ဆုံမိသော ရီဖူရှင်းကား ခဏတာ မှင်တက်ငေးမော မိသည်သာ။ ဟွာဂျီယူက ဘေးမှ ထိုင်နေရာမှ ပြုံးလိုက်သည်တွင် ရီဖူရှင်းမှာ မကြာမီ အေးစက်သော ခံစားချက်အား ရသည်။

ရီဖူရှင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ် လိုက်သည်တွင် ဟွာဂျီယူက သူ့အား စိတ်ဖြင့် လှမ်းမေးသည်… “ကြည့်ကောင်းတယ် မလား…”

“အင်း..” ရီဖူရှင်းကလည်း ရိုးရိုးသားသား ခေါင်းညိတ်ကာ တွေးသည်… ဒါပဲ မင်း အရင်ဆုံး အကြံပေးခဲ့တာ မဟုတ်ဘူးလား။

***

Comment

Leave a Reply

Options

not work with dark mode
Reset