ဝမ်ပေါင်လဲ့သည် သူ့အား ကူညီပေးမည်ဟု ရဲရဲကြီး အာမခံခဲ့သည့် ရှဲ့ဟေးရန်ကို ကြည့်ကာ ခေါင်းငုံ့၍ သက်ပြင်းချပြီး ဗိုက်ခေါက်ကို ပွတ်လိုက်သည်။ သူ့အမူအရာမှာ ကြံရာမရ အခက်တွေ့နေဟန် ရှိသည်။
“ ဒီတစ်ခါ ဘာလို့ သေမင်းဆေးလုံးတွေက အလုပ်မဖြစ်တော့တာလဲ ”
ယခင် သူ၏အတွေ့အကြုံများအရ ယုံကြည်ချက် ရှိနေခဲ့သော်လည်း ယနေ့ ကြုံလိုက်ရသည့် အမှန်တရားက သူ့စိတ်ဓါတ်များကို ရိုက်ချိုးသွားသည်။ အနာဂတ်တွင် ဆက်လက် လျှောက်လှမ်းရမည့် ဝိတ်ချခရီးစဥ်ကို တွေးမိလျှင် ဧရာမဝန်ထုပ်ဝန်ပိုး ပိနေသည့်အလား ခံစားလိုက်ရသည်။
မျှော်လင့်ချက်မဲ့စွာဖြင့် နတ်ဝိဇ္ဇာဂူ၏ ဝရန်တာတွင် ထိုင်ကာ ကောင်းကင်ပြာကို ငေးမောနေမိသည်။ ဖက်တီးဘိုးဘွားဘီဘင်တို့၏ ပုံရိပ်များကို မှုန်ဝါးဝါး မြင်ယောင်နေမိသောကြောင့် ပို၍ ခံစားချက်မကောင်း ဖြစ်သွားသည်။ သူ၏ ချောမောလှသော ရုပ်ပုံလေးကို ထုတ်ကြည့်ကာ ငေးငိုင်နေရသည်။
“ ကောင်းကင်ဘုံက ငါ့ရဲ့ ပါရမီထူးကဲတာကို မနာလို ဖြစ်နေတာများလား။ ငါ့လို အချောလေးတစ်ယောက်ကို မရှိစေချင်လွန်းလို့ ဝိတ်ချမဲ့ အစီအစဥ်ကို ဟန့်တား ဖျက်ဆီးနေတာ ”
ဝမ်ပေါင်လဲ့မှာ သူ့အခြေအနေကို စဥ်းစားလေလေ၊ ဝမ်းနည်း ဒေါသထွက်လေ ဖြစ်နေသည်။ နောက်ဆုံးတွင် အံကြိတ်ကာ မုန့်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ သို့ရာတွင် မုန့်ထုပ်ကို ကြည့်ပြီးနောက် ဘေးသို့ လွှင့်ပစ်လိုက်သည်။
“ ငါ သည်းခံရမယ် ”
ဒေါသတကြီးနှင့် ဝမ်ပေါင်လဲ့သည် မုန့်များကို မကြည့်မိအောင် အသည်းအသန် ထိန်းထားကာ ရှဲ့ဟေးရန် ပြန်အလာကို ထိုင်စောင့်နေလိုက်သည်။ ထိုသို့ဖြင့် သုံးရက် ကြာသွားပြီးနောက် ရှဲ့ဟေးရန် ပြန်ရောက်လာသည်။
ရှဲ့ဟေးရန်ကို တွေ့လိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားလေသည်။
“ အစ်ကိုရှဲ့၊ အစီအစဥ် ချပြီးပြီလား”
ရှဲ့ဟေးရန်က ဝမ်ပေါင်လဲ့၏ဂူထဲသို့ ဝင်လာပြီးနောက် ဟန်ပါပါ ဆောင့်ကြွားကြွား ပုံစံမျိုးဖြင့် ဆီလိမ်းထားသည့် ဆံပင်ကို နောက်သို့ သပ်တင်လိုက်သည်။ ဝမ်ပေါင်လဲ့၏ အမေးစကားကို နားထောင်ပြီးနောက် ချောင်းဟန့်လိုက်သည်။
“ ညီလေးရဲ့ ပြဿနာက လွယ်လွယ်လေးပါကွာ၊ ဝိတ်ချတာလေးပဲ၊ ဘာခက်တာမှတ်လို့။ သေမင်းဆေးလုံးတွေက သုံးစားမရတော့ပေမဲ့ ဝိတ်ချတဲ့နေရာမှာ အစ်ကိုက ဆရာကြီးပါကွ။ အစ်ကို လှုပ်ရှားလိုက်တာနဲ့ မင်း သေချာပေါက် အောင်မြင်စေရမယ်”
ရှဲ့ဟေးရန်၏ ယုံကြည်ချက် အပြည့်ရှိသော စကားများကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ လက်ခနဲ ဖြစ်သွားလေသည်။ သူက ရှဲ့ဟေးရန်ကို အမြန်ထိုင်ခိုင်းကာ ဝိညာဥ်ရေခဲရေဖြင့် ဧည့်ခံပြီး စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေလေသည်။
“ အစ်ကိုရှဲ့၊ ကျွန်တော်သာ ဝိတ်ကျမယ်ဆို ဝိညာဥ်ကျောက်တုံးဖြစ်ဖြစ် တခြား ဘာဖြစ်ဖြစ် ကျွန်တော် ညှိပေးမယ်ဗျာ”
ရှဲ့ဟေးရန်က ဝိညာဥ်ရေခဲရေကို ဇိမ်ခံသောက်နေရင်း လေသံကိုတိုးကာ ပြောလိုက်သည်။
“ အစ်ကိုပြောမယ်၊ ဒီထာဝရတာအိုကျောင်းမှာ ဓမ္မအဆောင်တစ်ခုရှိတယ်။ အဲဒီအဆောင်က အဖိုးမဖြတ်နိုင်အောင်လောက် တန်ဖိုးကြီးမားတယ်။ အစ်ကို အဲဒါကို ရအောင်ယူပြီး မင်းကို တစ်ပတ်ကြာအောင် ငှားပေးမယ်။ မင်း အဲဒီအဆောင်ကို သုံးလိုက်တာနဲ့ တပြိုင်နက် တစ်ပတ်အတွင်း သေချာပေါက် ပိန်စေရမယ်”
ရှဲ့ဟေးရန်၏ အသံမှာ လွန်စွာ တိုးတိတ် ညင်သာနေပြီး ထူးဆန်းသည့် အငွေ့အသက်များ လွှမ်းနေလေသည်။ ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားပြီးနောက် မျက်လုံးများ တောက်ပလာပြီး ခေါင်းကို ရှဲ့ဟေးရန်ဘက်သို့ တိုးကပ်လာသည်။
“ ဘာဓမ္မအဆောင်မလို့ အဲဒီလောက်တောင် အစွမ်းထက်နေရတာလဲ ”
ဓမ္မလက်နက်ဌာန၏ နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင်အနေနှင့် ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်အဆောင် ဟူသော စကားလုံးများနှင့် ပတ်သက်လာလျှင် သတိထား အာရုံစိုက်ကြည့်လေ့ရှိသည်။ ရှဲ့ဟေးရန်က ဤအဆောင်အကြောင်း ပြောသောအခါ သိချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။
“ ဒဏ္ဍာရီတွေ အရတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းက ဉာဏ်လှည့်စားအတတ်လို့ ခေါ်တဲ့ ရှေးဟောင်းဝိတ်ချနည်းတစ်နည်းရှိတယ်။ ရှင်းရှင်းပြောရရင် အဲဒီနည်းက မင်းဦးနှောက်ကို လှည့်စားလိုက်တာ။ ဉပမာအနေနဲ့ လေ့ကျင့်ခန်းလုပ်တယ် ဆိုပါတော့၊ မင်း လေ့ကျင့်ခန်း လုပ်နေတာ တော်တော်ကြာနေပြီဆိုပြီး ဦးနှောက်ကို လှည့်စားလိုက်တာ။ အဲဒီမှာ ဦးနှောက်က မှတ်ဉာဏ်အဟောင်းကို အခု လေ့ကျင့်ခန်း လုပ်တာကြာပြီဆိုတဲ့ မှတ်ဉာဏ်အသစ်နဲ့ လဲလိုက်ပြီးတော့ မင်းခန္ဓာကိုယ်ထဲက အားအင်တွေကို သုံးပစ်လိုက်တာ၊ အဲဒီလိုနဲ့ ဝိတ်ကျသွားတာ”
ရှဲ့ဟေးရန်မှာ ပြောနေရင်း သူ့ကိုယ်သူ ဂုဏ်ယူကာ ဘဝင်ခိုက်လျက် ရှိသည်။ ဤအစီအစဥ်မှာ ဝိတ်ချခြင်းအတွက် အလွန် သင့်လျော်သည်ဟု ခံစားနေရသည်။
“ အစ်ကို ပြောတဲ့ တန်ဖိုးကြီး ဓမ္မအဆောင်က ဒီနည်းလမ်းကို သုံးပြီးတော့ ဖန်တီး သန့်စင်ထားတာ။ တားမြစ် အဆောင်တစ်ခုလို့ ပြောရင်လည်း မမှားဘူး။ မင်း အဲဒါကို သုံးပြီးရင် သေချာပေါက် ပိန်သွားမှာ”
ထိုစကားကို ကြားပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပနေတော့သည်။
“ အဲဒီလိုမျိုး ဓမ္မလက်နက်အဆောင်မျိုး ရှိတယ်လို့ စဥ်းစားမိဖို့ဆိုတာ အစ်ကိုက တကယ့် ဉာဏ်ကြီးရှင်ပါပဲ။ အဲဒီအဆောင် ယူလာခဲ့ပြီလား”
“ အဲဒီဓမ္မအဆောင်က အဲ့လောက် ငှားဖို့ လွယ်နေရင် တန်ဖိုးဘယ်ကြီးတော့မလဲ။ ဒီရတနာရဲ့ ပိုင်ရှင်က အဆင့်နိမ့်ကျွန်းက လူမဟုတ်ဘူး။ သူက အဆင့်မြင့်ကျွန်းက အာနာပါနအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ”
ရှဲ့ဟေးရန်က အစွမ်းထက်ကျင့်ကြံသူများနှင့်ပင် အလဲအလှယ် လုပ်နိုင်သည့် သူ့စွမ်းရည်ကို သိသာထင်ရှားစေရန် ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်ကို တမင် သေချာ ထည့်ပြောခြင်း ဖြစ်သည်။
“ အဆင့်မြင့်ကျွန်း ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများ ပြူးထွက်သွားသည်။ အဆင့်မြင့်ကျွန်း၌ ဝင်ခွင့်ရရန်မှာ ကျောင်းသားများစွာ မျှော်လင့်စိတ်ကူးယဥ်ကြသည့် အိပ်မက်တစ်ခုဖြစ်သည်။ ထို့ပြင် အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရရန်မှာ အလွန် ယှဥ်ပြိုင်မှု ပြင်းထန်သည့် စာမေးပွဲကို အောင်မြင်ရန် လိုအပ်သည်။ သူတို့မှာ သာမန်လူများ မဟုတ်တော့ဘဲ ကျင့်ကြံသူများပင် ဖြစ်နေကြလေပြီ။
“ ဒီပိုင်ရှင်ရဲ့ နာမည်အစစ်ကို ပြောခွင့်မရှိဘူး။ လျှို့ဝှက်ထားရမှာ၊ ငါ မင်းကို ဘယ်သူဆိုတာ ပြောပြလို့ မရဘူး။ နောက်ပြီး အဲ့လူကလည်း သူ့မှာ တားမြစ်အဆောင်တစ်ခု ရှိနေတယ်ဆိုတာ လူတွေ အများကြီးကို မသိစေချင်ဘူး။ ပုံမှန်အတိုင်းဆို ဒီလူက သူ့အဆောင်ကို ထုတ်ငှားမှာ မဟုတ်ဘူး”
“ ဒါပေမဲ့ ဒီ ထာဝရတာအိုကျောင်းမှာ ငါ၊ ရှဲ့ဟေးရန် မလုပ်နိုင်တဲ့ အရာဆိုတာ မရှိဘူး။ ငါက သူ တောင်းဆိုတာကိုသာ ရအောင် ဖြည့်ဆီးပေးနိုင်ရင် ဒီလူက ငှားဖို့ အသင့်ပဲ။ မင်း အဲဒီ ဓမ္မလက်နက်အဆောင်ကို ငှားချင်ရင် အရုပ်ဓမ္မအဆောင်တချို့ ဖန်တီးသန့်စင်ဖို့လိုတယ်။ အဲဒီလူက အရုပ်ဓမ္မအဆောင် ပုံစံအမျိုးမျိုးကို စုဆောင်းရတာ ကြိုက်တဲ့သူဆိုတော့ အဲဒီလိုဆို ငါ့အတွက် အလဲအလှယ် လုပ်ရတာ ပိုလွယ်သွားမယ်”
ရှဲ့ဟေးရန်က အရုပ်ဓမ္မအဆောင်များအကြောင်း ပြောနေစဥ် ခဏရပ်ကာ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။
“ အရုပ်ဓမ္မအဆောင် ”
ဝမ်ပေါင်လဲ့မှာ ခေတ္တမျှ တွေဝေသွားသည်။ ထိုကဲ့သို့ ဓမ္မအဆောင်များမှာ ဝိညာဥ်အမြုတေများ လေ့လာရာတွင် ပုံမှန်ပါဝင်လေ့မရှိပေ။ ၎င်းတို့ကို ခုခံအရုပ်များနှင့် တိုက်ခိုက်ရေးအရုပ်များဟု ခွဲခြားထားပြီး အရုပ်ဖန်တီးရန် ပုံသေနည်းမှာလည်း အနည်းငယ်မျှသာ ရှိသည်။ ထို့ပြင် အရုပ်တစ်ခုကို ဖန်တီးသန့်စင်ရန်မှာ လူတစ်ယောက်သည် ဝိညာဥ်အမြုတေနှင့် ကမ္ဗည်းစာများကို ကြောက်ခမန်းလိလိ ကျွမ်းကျင်နေရန် လိုအပ်သည်။ ပြောရလျှင် ဓမ္မလက်နက်ဌာန၊ အဆင့်နိမ့်ကျွန်း၌ ဤအရုပ်များကို ဖန်တီးသန့်စင်နိုင်သူမှာ အလွန့်အလွန် ရှားပါးလှသည်။
“ ဒီလို ဓမ္မလက်နက်တွေက ဖန်တီးဖို့ ခက်တယ်။ နောက်ပြီး ကျွန်တော်က အခုလက်ရှိ ဝိညာဥ်အမြုတေကိုပဲ သန့်စင်နိုင်သေးတာ။ ကုန်ကြမ်းပစ္စည်းတွေနဲ့ ပုံသေနည်းလည်း မရှိဘူး ”
ဝမ်ပေါင်လဲ့က မျက်ခုံးတွန့်ကာ ပြောလိုက်သည်။ သူ့အတွက် ဤအလုပ်မှာ ခက်ခဲသည်ဟု ခံစားနေရသည်။
“ ငါ့မှာ ကုန်ကြမ်းပစ္စည်းတွေ ရှိတယ်။ မင်းဘာလိုချင်တာလဲ၊ ပြောသာပြောလိုက် ”
ရှဲ့ဟေးရန်၏ မျက်လုံးများမှာ အရောင်လက်နေပြီး စကားပြောနေရင်း ပြုံးလိုက်သေးသည်။
“ ငါ ပြောတာ မပြီးသေးဘူး။ တစ်ဖက်လူက အရုပ်တွေ စုရတာ ဝါသနာပါတာ။ တိရစ္ဆာန်အရုပ် မလိုချင်ဘူး။ လူရုပ်ပဲ လိုချင်တာ၊ လူရုပ်ကိုလည်း အရွယ်ကြီးကြီး၊ ကြမ်းတမ်းခက်ထန်တဲ့ ပုံစံမျိုး ဖြစ်ရမယ်။ မြို့တော်ရေကန်အလွန်က တောထဲမှာ တောရိုင်းသားရဲတွေက သောင်းကျန်းနေကြတာလေ၊ ငါတို့ သွားမယ်ဆို တုတ်ခိုင်သန်မာတဲ့ အကာအကွယ် အရုပ်တွေ ပါတော့ ပိုပြီး အန္တရာယ် ကင်းတာပေါ့”
အခြေအနေကို သေချာ ရှင်းပြပြီးနောက် ရှဲ့ဟေးရန်က ပစ္စည်းလာယူမည့်နေ့ကို သတ်မှတ်ကာ ပြန်သွားလေသည်။
နတ်ဝိဇ္ဇာဂူထဲတွင် ဝမ်ပေါင်လဲ့သည် မည်သို့ဆက်လုပ်မည်မသိဘဲ မသေချာမရေရာစွာ ထိုင်နေလေသည်။ သူ့စိတ်ထဲတွင် တစ်ခုခု လွဲနေသည်ဟု သံသယစိတ် အနည်းငယ် ဝင်ချင်နေသည်။ သို့ရာတွင် သူသာ ပိန်ချင်ပါက တစ်ဖက်လူ၏ ဓမ္မအဆောင်ကို မသုံးမဖြစ် သုံးရပေမည်။ ထို့ကြောင့် အရုပ်ဓမ္မအဆောင်များ ဖန်တီးသန့်စင်ရန် လိုအပ်သည်။
‘ သန့်စင်မယ်ကွာ ’
ယခင်က သူ မသန့်စင်ဖူးသည့် ဝိညာဥ်အမြုတေ အမျိုးအစားများအတွက် ဝမ်ပေါင်လဲ့သည် ကမ္ဗည်းစာများ မတွက်ချက်ခင် ပထမဦးစွာ လေ့လာဆန်းစစ်ရသည်။ အဖြေထွက်ကာ ယုံကြည်ချက် ရှိလာသောအခါမှသာ ကမ္ဗည်းစာများကို စတင် ရေးထိုးသည်။
‘ တိုက်ခိုက်ရေးအရုပ်တွေက ခက်လွန်းတယ်။ လုပ်စရာ အကြောင်းမရှိဘူး။ ခုခံရေးအရုပ်အမျိုးအစားကိုပဲ ငါ အာရုံစိုက်ပြီး လုပ်သင့်တယ်။ ခုခံရမယ်ဆိုတော့ အရုပ်တွေက တောင့်တင်း အကြမ်းခံဖို့ လိုတယ်။ ဒါဆို ခုခံအားကို တိုးစေဖို့ ငါ အနည်းဆုံး ကမ္ဗည်းစာ သုံးဆယ်လောက်တော့ ထည့်မှ ဖြစ်မယ်’
“ တောင့်တင်းရုံနဲ့လည်း မရသေးဘူး။ လူပုံဆိုတော့ ပျော့ပျော့ပျောင်းပျောင်း အလိုက်သင့်လည်း ဖြစ်ရမယ်။ တချိန်တည်းမှာပဲ အန္တရာယ်ကို သတိပေးတတ်ဖို့လည်း လိုသေးတယ်။ စကားမပြောနိုင်ရင်တောင်မှ အသံထွက်နိုင်မှ ဖြစ်မယ် ”
‘ နောက်ပြီးတော့ အရုပ်မှန်း မသိသာဖို့ လိုတယ်။ ဒါလည်း တော်တော်လေး အရေးကြီးတယ်။ အဲဒါမှ အရုပ်က အံ့ဩစရာ ဖြစ်သွားမှာ။ ပုံစံချိုးတဲ့ အပိုင်းကလည်း အရေးကြီးသေးတာပဲ၊ ဘယ်လိုပဲ ပြောပြော၊အရုပ်က အဆင့်အမြင့်ဆုံးပဲလေ။ ဖန်တီးသန့်စင်ပြီးတာနဲ့ လူအစစ်နဲ့ မကွဲပြားတဲ့ ဓမ္မအဆောင်စစ်စစ်ဖြစ်လာမှာ’
ဝမ်ပေါင်လဲ့မှာ စတင်စဥ်က အာရုံသိပ်မစိုက်ခဲ့ပေ။ သို့သော် ကမ္ဗည်းစာများ ရေးထိုးပြီးနောက် အရုပ်အတွက် ဝိညာဥ်အမြုတေ သန့်စင်ခြင်းမှာ အလွန်ခက်ခဲလာသောကြောင့် မီးကုန်ယမ်းကုန် အားထုတ်ရလေသည်။ နက်နက်နဲနဲ စဥ်းစားတွက်ချက်လာရာ တဖြည်းဖြည်းနှင့် အရုပ်မှာ ပီပြင်လာသည်။
ဝမ်ပေါင်လဲ့သည် အရုပ်ကို ပြီးပြည့်စုံစေရန် သက်တံ့ဝိညာဥ်ကျောက်တုံးများအား အလယ်အူတိုင်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ထားသည်။ ထို့နောက် အဆင့်မြင့် ဝိညာဥ်ကျောက်တုံးများကို ဘေးပတ်ပတ်လည်မှ ဝန်းရံပြီး အားလုံးကို ပေါင်းစပ်ကာ တသားတည်း ဖြစ်စေလိုက်သည်။ နောက်ဆုံးတွင် ရက်အတန်ကြာပြီးနေက် သူသည် ဝိညာဥ်အမြုတေများ သန့်စင်ပြီးသွားလေသည်။ ဝမ်ပေါင်လဲ့မှာ ဝိညာဥ်ကျောက်တုံးပေါင်း လေးဆယ်နီးပါး အသုံးပြုခဲ့သည်။ ကမ္ဗည်းစာ အစီအစဥ်ချရန် အတော်လေး တွက်ချက် အဖြေထုတ်ပြီးမှ လူပုံ ဝိညာဥ်အမြုတေ အောက်ခံပုံစံကို ရှာနိုင်သွားသည်။ နဖူးမှ ချွေးများကို သုတ်လိုက်စဥ် သူ့မျက်လုံးထဲ၌ နောင်တရနေသည့် အရိပ်အယောင်များကို မြင်တွေ့နိုင်သည်။
‘ အချိန်ကလည်း မလောက်၊ အရုပ်လုပ်တာကလည်း ပထမဆုံးအကြိမ်ဖြစ်နေတော့ ဒီလိုသာ မဖြစ်ရင် ငါ သေချာပေါက် ပိုကောင်းအောင် လုပ်နိုင်မှာ’
ဝမ်ပေါင်လဲ့က ခေါင်းကို ယမ်းကာ ရှဲ့ဟေးရန်ဆီသို့ အသံပို့လွှတ်ပြီး ကုန်ကြမ်းပစ္စည်းများ ဝယ်ခိုင်းလိုက်သည်။
ထိုပစ္စည်းများမှာ ဝမ်ပေါင်လဲ့ ကိုယ်တိုင် သန့်စင်ထားသည့် ဝိညာဥ်အမြုတေကမ္ဗည်းစာနှင့် လိုက်ဖက်သည့် သာမန်ပစ္စည်းများ ဖြစ်ပြီး တန်ဖိုးမကြီးလှပေ။ သူသည် ဤအချက်အလက် အများစုကို ဓမ္မလက်နက်အဆောင် အကြီးအကဲက သူ့အား ပေးထားသော ကျောက်စိမ်းပေလွှာထဲမှ လေ့လာထားခြင်း ဖြစ်သည်။
“ ပေါင်းစပ်ပစ္စည်းတွေနဲ့ သန့်စင်တာ ငါ ပထမဆုံး ဖြစ်မှာပဲ… ”
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ ဤတစ်ခေါက် သူ ဝိတ်ချသည့် လုပ်ငန်းစဥ်မှာ အလွန်အမင်း ခက်ခဲနေသည်ဟု ခံစားရသည်။ ထိုဓမ္မအဆောင်သာ အစွမ်းမထက်ပါက အရုပ်များ ဖန်တီးသန့်စင်သည့် ကုန်ကျစရိတ်များကို ရှဲ့ဟေးရန်ဆီမှ သေချာပေါက် အလျော်တောင်းမည် ဖြစ်သည်။
ထိုသို့တွေးကာ ဝိညာဥ်အမြုတေနှင့် ကုန်ကြမ်းပစ္စည်းများကို သယ်ပြီး ဂူထဲမှ ထွက်လာကာ ဓမ္မလက်နက်ဌာန ဝိညာဥ်ဒယ်အိုးဂူဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးသွားသည်။ ဤဝိညာဥ်ဒယ်အိုးဂူမှာ သိုင်းပညာဌာန ချော်ရည်အခန်းနှင့် အပူချိန် ကွာခြားသည်မှအပ အတော်လေး ဆင်တူသည်။ ဝိညာဥ်ဒယ်အိုးဂူ၏ အဓိက ရည်ရွယ်ချက်မှာ ဝိညာဥ်အမြုတေ ကျောင်းသားများကို ဓမ္မလက်နက်များ သန့်စင်ခြင်းနှင့် ပိုမို အကျွမ်းတဝင်ရှိစေရန် ဖြစ်သည်။
အထဲတွင် အခန်းများစွာရှိပြီး အခန်းတိုင်းတွင် အပူပေးထားသည့် ဝိညာဥ်ဒယ်အိုးများနှင့် ရိုးရိုးရှင်းရှင်း ပုံစံခွက်များ ရှိသည်။ ထိုကိရိယာများကို အသုံးပြုကာ ကုန်ကြမ်းပစ္စည်းများကို အရည်ပျော်စေပြီးနောက် ၎င်းတို့ကို ဝိညာဥ်အမြုတေ များနှင့် ပေါင်းစပ်ကာ အခြေခံ ဓမ္မလက်နက်များ ပြုလုပ်နိုင်သည်။
ဝိညာဥ်အမြုတေကျောင်းသားများသာ ဓမ္မလက်နက်သန့်စင်ရန် စမ်းသပ်ကြည့်နိုင်သောကြောင့် ပုံမှန်အားဖြင့် လူနည်းနည်းသာ ရှိသည်။ ကျောင်းသားခေါင်းဆောင်အနေဖြင့် ဝမ်ပေါင်လဲ့မှာ သူ့စိတ်တိုင်းကျ ဝင်ထွက်သွားလာခွင့် ရှိသည်။
သူက ဂူထဲရောက်လျှင် အခန်းတစ်ခန်းရွေးကာ နေသားတကျ ဖြစ်အောင် လေ့လာပြီးနောက် ပထမဆုံး သန့်စင်ခြင်းကို စတင်လိုက်သည်။
ကုန်ကြမ်းပစ္စည်းလေ့လာခြင်းမှာ အလွန် ရှုပ်ထွေးလှသည်။ ဓမ္မလက်နက်အဆောင် အကြီးအကဲ၏ ကျောက်စိမ်းပေလွှာနှင့်ပင် ဝမ်ပေါင်လဲ့မှာ ခက်ခက်ခဲခဲ လုပ်ကိုင်နေရပြီး ပစ္စည်း အများကြီးကို ဖြုန်းတီးမိနေသည်။ ကောင်းသည့်အချက်တစ်ချက်မှာ သူ၏ ဝိညာဥ်အမြုတေသည် တောင့်တင်းကြံ့ခိုင်လှသောကြောင့် ၎င်းတို့ကို မဖျက်ဆီးမိပေ။ မရေမတွက်နိုင်သော စမ်းသပ်ချက်များ၊ ပြင်ဆင်ချက်များ အပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့သည် မျက်ကွင်းညိုညိုကြီးများနှင့် ထွက်လာလေသည်။ သူသည် ဤရက်ပိုင်းအတွင်း စွမ်းအင်များ၊ အားအင်များ ဆုံးရှုံးသွားရာ ယခင်ကထက် ပိန်သွားလေသည်။
သူ၏ နတ်ဝိဇ္ဇာဂူကို ပြန်ရောက်လျှင် ဝမ်ပေါင်လဲ့က ရှဲ့ဟေးရန်ကို အသံလွှင့်ချက်တစ်ခု ပေးပို့လိုက်သည်။ ရှဲ့ဟေးရန် မရောက်လာသေးမီ စောင့်နေရချိန်၌ ဝမ်ပေါင်လဲ့က ဝိညာဥ်ရေခဲရေ ပုလင်းများစွာ သောက်ပြီး ဦးနှောက်ကို လန်းဆန်းအောင် လုပ်ယူရသည်။
‘ဒီအဆောင်သန့်စင်တာက တအားကို ခက်တာပဲ’
ဝမ်ပေါင်လဲ့သည် လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို ပြန်စဥ်းစားကြည့်မိလျှင် ဝိတ်ချရန်အတွက် အလုံးအရင်းနှင့် ငွေသုံးလိုက်ရသည်ဟု ခံစားရသည်။
မကြာမီ ရှဲ့ဟေးရန် ရောက်လာသည်။ သူ ဂူထဲဝင်လာသည်နှင့် ဝမ်ပေါင်လဲ့က တစ်ဖက်လူ စကားမပြောနိုင်မီ ညာလက်ကို မြှောက်လိုက်သည်။ ထိုအခိုက်တွင် သူ့သိုလှောင်လက်ပတ်သည် အရောင်လက်သွားပြီး နှစ်မီတာခန့်နီးနီး မြင့်မားသော လူရုပ်တစ်ရုပ်က ရှဲ့ဟေးရန် ရှေ့၌ ဝုန်းခနဲ ပေါ်လာသည်။
အရုပ်မှာ အလွန် တုတ်ခိုင်ပြီး ရက်စက်ကြမ်းတမ်းသည့် အရှိန်အဝါတစ်မျိုး ထွက်နေသည်။ အထူးသဖြင့် အရုပ်တစ်ကိုယ်လုံး အမွှေးများ ဖုံးနေသောကြောင့် ခက်ထန်ကြမ်းကြုတ်သည့် အသွင်ဆောင်နေသည်။
လူရုပ်နှင့် တစ်ထပ်တည်း မကျသော်လည်း သေချာမကြည့်လျှင် လူစင်စစ်နှင့် များစွာ ကွဲပြားခြင်း မရှိပေ။
“ သူကျေနပ်မလား၊ မကျေနပ်မလားတော့ မသိပေမဲ့ အရုပ်က ကြီးလည်းကြီး၊ ရက်စက်ကြမ်းတမ်းတဲ့ အသွင်လည်း အပြည့်ပဲ ”
ဝမ်ပေါင်လဲ့က ပင်ပန်းလွန်းလှသဖြင့် မျက်ခုံးရိုးကို အသာအယာနှိပ်နယ်ကာ ပြောလိုက်သည်။ သူ့အကြည့်မှာ အရုပ်ဆီသို့ ကျရောက်သွားပြီး ကျေနပ်လှသည်ဟု မဆိုနိုင်သော်လည်း လက်ခံနိုင်သည့် အဆင့်ရှိသည်။
ဘေးတွင် ရှဲ့ဟေးရန်က စေ့စေ့စပ်စပ် ကြည့်နေသည်။ အရုပ်ကို သုံးလေးပတ် ကြည့်ပြီးနောက် ကျေနပ်ဟန်ဖြင့် မျက်လုံးများ တောက်ပကာ အသက်ကို အားပါးတရ ရှူသွင်းလိုက်သည်။
“ ကျေနပ်တယ်၊ သိပ်ကျေနပ်တယ် ”
“ စိတ်မပူပါနဲ့၊ ညီလေးဝမ်။ ဒီပစ္စည်းနဲ့ဆိုရင် မင်းအတွက် ဓမ္မလက်နက်ကို ငါ သေချာပေါက် ရအောင် ငှားနိုင်မှာပါ”
ရှဲ့ဟေးရန်ကို အရုပ်ကို စစ်ဆေးကြည့်ရှုပြီးသည်နှင့် တစ်ခါတည်း သယ်သွားကာ အဆင့်နိမ့်ကျွန်းမှ လှေတစ်စင်းဖြင့် ထွက်လာပြီး အဆင့်မြင့်ကျွန်း ဝင်ပေါက်သို့ ရောက်ရှိလာသည်။
အဝေးမှ မြင်ရသည့် မြင်ကွင်းမှာ အံ့မခန်းပင်။ ကောင်းကင်နှင့် ပင်လယ်မှာ လှပစွာ ဆုံဆည်းသွားကြသည်။ သို့သော် အနီးကပ်လာသည်တွင် မြင်ကွင်းမှာ လုံးဝကွာခြားသွားပြီး ထူထပ်လှသော မြူနှင်းများက ရစ်သိုင်းနေသည်။ ရှဲ့ဟေးရန်မှာ အဆင့်မြင့်ကျွန်းသို့ ရောက်တိုင်း စိတ်လှုပ်ရှားရမြဲပင်။ အနီးကပ်လာသောအခါ လက်မှတ်တစ်စောင်ကို ဝှေ့ယမ်းလိုက်သည်။ မကြာမီမှာပင် မြူနှင်းများက ရှင်းလင်းသွားပြီး ဝေဝါးနေသော ပုံရိပ်တစ်ခု ပေါ်လာသည်။
“ ယူလာခဲ့ပြီလား”
ဝေဝါးနေသော ပုံရိပ်က မျှော်လင့်ချက်ပြည့်နေသော အသံတိုးတိုးဖြင့် မေးလိုက်သည်။
ရှဲ့ဟေးရန်က အရုပ်ကို အမြန် ထုတ်လိုက်သည်။ သူက ကမ်းမပေးရသေးမီ ပုံရိပ်က လက်ကို မြှောက်ကာ လေထဲသို့ လှမ်းဆွဲလိုက်သည်။ တမုဟုတ်ချင်းပင် အရုပ်က မြူများဆီသို့ ပျံသန်းသွားပြီး မကြာခင် မြူများထဲမှ အော်သံထွက်ပေါ်လာလေသည်။
“ ဝိညာဥ်ကျောက်တုံး လေးဆယ်လောက်ကို စုစည်းထားတဲ့ ဝိညာဥ်အမြုတေကို သုံးထားပြီး တာအိုကမ္ဗည်းစာပေါင်း သုံးထောင်နီးနီးပါတယ်။ ဒါပေမဲ့ တာအိုကမ္ဗည်းစာပေါင်း တစ်သောင်းကို ဝိညာဥ်ကျောက်တုံးပေါင်း တစ်ရာမှာ ရေးထိုးထားသလို စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်။ လုပ်ထားတဲ့ လက်ရာက နည်းနည်းကြမ်းပေမဲ့ စိတ်ဝင်စားစရာ ကောင်းသားပဲ၊ မဆိုးဘူး၊ တကယ့်ကို အဆင်ပြေတယ် ”
မြူနှင်းထဲမှ ပုံရိပ်က အားရပါးရ ချီးကျူးလျက် ရှိသည်။ စကားဆုံးသည်အထိ သူ့လေသံမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အသံမျိုး ဖြစ်သည်။ ထို့နောက် သူက ဦးထုပ်တစ်လုံးကို ပစ်ပေးကာ ထွက်သွားသည်။
ရှဲ့ဟေးရန်က သက်ပြင်းမောကြီးကို ရှိုက်ထုတ်လိုက်ပြီး ချွေးများကို သုတ်ကာ ပြန်လာခဲ့သည်။ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူသို့ ရောက်သောအခါ သူ တက်ကြွနေလေသည်။
“ ညီလေးရေ၊ တစ်ဖက်လူကတော့ မင်းရဲ့ အရုပ်ကို အရမ်းကျေနပ်နေတယ်”
သူက ပြောရင်း ဦးထုပ်နီနီတစ်လုံးနှင့် အသုံးပြုနည်း လမ်းညွှန်ချက်များ ပါဝင်သည့် ကျောက်စိမ်းပေလွှာတစ်ချပ်ကို ဝမ်ပေါင်လဲ့အား ပေးလိုက်သည်။
“ ဟိုဘက်က ဒီဓမ္မအဆောင်ကို ငှားပေးလိုက်တယ် ”