အပိုင်း (၈၈၂)

ထူးခြားသော အဓိပ္ပာယ်

ထို့အပြင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကား ရှန့်ထိုတစ်ပါးအား စိတ်ယိမ်းယိုင်အောင် ပြုလုပ်ရန် ခက်ခဲသည်ကို သိနားလည်ပေသည်။ သို့သော်လည်း သူက သိရက်ဖြင့်ပင် ကြိုးစား၏။ သူက ထောင်ကျန်းအား သူ့လက်အောက်ကို ဝင်ရန် အမှန်တကယ် မလိုလားပေ။ သို့သော်လည်း ထောင်ကျန်း၏ စိတ်နှလုံးတွင် သံသယများ ခိုအောင်း လာစေရန် ကြိုးစား၏။

ထောင်ကျန်းမှာ ဘာမှ မထူးခြားသည်ကို ကျောက်ပြည်ထောင်ဘုရင် မြင်သည်တွင် ကြီးမားသော အရှိန်အဝါဖြင့် သူက ရှေ့ကို တိုးလာကာ အေးစက်စွာ ပြောသည်… “ကျုပ် မင်းကို စကားပြောနေတယ်… မင်းကို ငါက ဘာမှမလုပ်ရဲဘူး ထင်နေတာလား…”

“ကျုပ် ရှန့်ထိုအဆင့်သို့ တက်လှမ်း နိုင်တာကလည်း မတော်တဆပါပဲ… နန်းတော် အပြင်ဘက် တိုက်ပွဲမှာ ကတည်းက ကျုပ် သေခဲ့သင့်တယ်… ဒါကြောင့် ကျုပ်က ရှန့်ထိုအဆင့်ကို မတော်တဆ တက်ပြီး အသက်ရှည်ခဲ့တဲ့သူပဲ…” ထောင်ကျန်းကား မျက်လုံးများကို မှိတ်ရက်ဖြင့်ပင် အေးစက်စွာ ပြောသည်… “တကယ်တမ်း ကျုပ်က ဘာမှ ဂရုမစိုက်ဘူး ဆိုတာ တခြားလူတွေထက် ခင်ဗျား သိသင့်တယ်…” သူက ပြောရင်းဖြင့်ပင် မျက်လုံးအား ဖွင့်လိုက်သည်။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ထောင်ကျန်းအား ရွှေရောင် မျက်လုံးများဖြင့် အေးစက်စွာ ကြည့်သည်။

သူ မည်သည့် အချိန်က မြေရိုင်းပြည်နယ်ကို ဂရုစိုက်ခဲ့သနည်း။ ထောင်ကျန်းကား ကောင်းကင်မြေရိုင်း အဆင့်မှ တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ထောင်ကျန်းက နန်းတော် အပြင်ဘက်တွင် အသက်ဖြင့်ရင်း၍ တိုက်ခိုက်ကာ နတ်ဘုရား ဆေးကြောခြင်း စွမ်းအားအား ဆင့်ခေါ်ခဲ့ခြင်းကို သူကိုယ်တိုင် မြင်ခဲ့သည်။

ကျောက်ပြည်ထောင် ဘုရင်ကား သူ့တစ်သက်လုံးတွင် ဂုဏ်မောက်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ထောင်ကျန်းကား ရန်သူဖြစ်သည့်တိုင် ထောင်ကျန်းအပေါ် လေးစားသည့် စိတ်မူကား မလွဲမသွေ ဖြစ်တည် လာခဲ့ပေသည်။

လူတစ်ယောက်၏ ယုံကြည်မှုမှာ အားကောင်းလွန်းရကား သေခြင်းတရားကပင် သူ့အား တုန်လှုပ်ခြင်း ကင်းမဲ့စေသည်။ သူကား တခြားလူများ၏ လေးစားမှုကို ရရှိရန် အမှန်တကယ် ထိုက်တန်ပေသည်။ ထောင်ကျန်းကား သိသာစွာပင် ထိုသို့သော လူမျိုးဖြစ်ပေသည်။ ထို့ကြောင့် ထောင်ကျန်းက ရှန့်ထိုအဆင့်သို့ ကံကောင်း၌ ဝင်ခဲ့သည် ဆိုသော်လည်း ထိုသို့ ဖြစ်လာခြင်းမှာလည်း သင့်တော်သော အချိန်အခါ ရောက်လာ၍ ဖြစ်သည်။

သည်လောကတွင် မည်သူမှ ရှန့်ထို အဆင့်သို့ ကံကောင်း၍ မရောက်ပေ။

သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကား ထောင်ကျန်းကို သတ်ဖြတ် လိုပေသည်။

အေးစက်စွာ တစ်ချက်ကြည့်ကာ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ် ထွက်သွားသည်။

ထောင်ကျန်းက မျက်လုံးကို မှိတ်ကာ ဆက်လက်၍ လေ့ကျင့်သည်။ ကျောက်ပြည်ထောင် ဘုရင် ရောက်လာခြင်းက သူ့အားမည်သို့မှ သက်ရောက်စေခဲ့ဟန် မရပေ။ သူ အသက်ရှင်နေရသော တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ၏တန်ဖိုးက ကျောက်ဟောင်တို့ထက် မြင့်မားသော ကြောင့်ဟု ခံစားမိသည်။

မြေရိုင်းပြည်နယ်ကား နှစ်ပေါင်းများစွာ အားနည်းခဲ့သည်။ ယခု ဦးဆောင်သူ တစ်ယောက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းကား မြေရိုင်းပြည်နယ် အောင်မြင် တိုးတက်ရန် ဦးဆောင် ပေးနိုင်၏။ သို့သော်လည်း သူကား ငယ်ရွယ်သေးရာ အချိန်ပေးရန် လိုအပ်ပေသည်။

မြေရိုင်း ပြည်နယ်ကား သူတို့နှင့် အမှန်တကယ် သက်ဆိုင်သော ရှန့်ထိုတစ်ပါးအား လိုအပ်ပေသည်။ ထိုအရာက သူတို့၏ယုံကြည်မှုအား ပိုမို ခိုင်မာစေပေသည်။

ထို့ကြောင့် သူ အသက်ရှင်နေ၏။

တန်ခိုးရှင်များ အတွက် လအနည်းငယ်ကား တိုတောင်း လွန်းပေသည်။

နွေဦးပြည်နယ်၏ အလယ်ပိုင်းဒေသ၌ ပြည်နယ်ကိုးခု မြို့တော်နှင့် အလားသဏ္ဌာန် ရှေးကျကာ အင်အားကြီး မိသားစုများ၊ ကလန်များ စတည်းချရာ မြို့တစ်မြို့ ရှိပေသည်။ ထိုမြို့အား နတ္တိမြို့ဟု ခေါ်ကြသည်။

ကြီးကျယ် ခမ်းနားသော ရှေးဟောင်း မြို့တော်ထဲ၌ များစွာသော ရှေးမိသားစုများနှင့် အင်အားကြီး ကလန်များ ရှိကြပေသည်။ မြို့အတွင်းမှ မည်သူမဆို ထူးခြား ထက်မြက်သူ တစ်ယောက် ဖြစ်နိုင်ပေသည်။

ထိုအထဲတွင် သမိုင်းတစ်လျှောက် အင်အား အကြီးဆုံး ကလန်တစ်ခုလည်း ရှိကာ သူတို့အား ရှားမိသားစုဟု လူသိများ ကြပေသည်။

ရှားမိသားစု၏ ခေါင်းဆောင်ဖြစ်သော ရှန့်ထိုရှားကား ပြည်နယ်ကိုးခုတွင် မြင့်မားသော အဆင့်အတန်းအား ပိုင်ဆိုင်ပေသည်။ သူကား နှစ်ပေါင်းများစွာ အသက်ရှည်နေခဲ့ကာ လူအများ၏ လေးစားမှုကို ရရှိသူလည်း ဖြစ်သည်။ သူက သမိုင်း အတက်အကျကို ကိုယ်တိုင် တွေ့မြင်ခဲ့သူ ဖြစ်ကာ လွန်ခဲ့သော နှစ်တစ်ရာခန့်က ကောင်းကင်ဒေသ၏ ပေါင်းစည်းခြင်း ခေတ်ကိုပင် မှီခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော နှစ်၃၀၀ခန့်က အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့က မြေဒေသများကို ပေါင်းစည်း စေခဲ့သော်လည်း အမှန်တကယ်ကား ကောင်းကင်ဒေသမှာ မပေါင်စည်းမီ အချိန်အခါက အဆုံးမသတ်သော စစ်ပွဲများကို ဆင်နွှဲခဲ့ကြ ရပေသည်။

လူငယ်မျိုးဆက်များ အတွက် လွန်ခဲ့သော နှစ်၁၀၀ခန့်က သမိုင်းဖြစ်ရပ်များမှာ သူတို့နှင့် လားလားမျှ သက်ဆိုင်သည်ဟု မထင်ကြပေ။ သို့သော်လည်း ရှန့်ထိုရှားတို့လို လူများအတွက်မူ သူတို့ကိုယ်တိုင် ထိုသမိုင်း ဖြစ်ရပ်များကို မြင်ခဲ့၊ ကြုံခဲ့ကြရသည် မဟုတ်ပါလား။

ယခု ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ အားလုံးမှာ ရှန့်ထိုရှား၏ မွေးနေ့မင်္ဂလာပွဲအား တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရ၏။ အချိန်တို အတွင်းမှာပင် နတ္တိမြို့အား နာမည်ကြီး ပုဂ္ဂိုလ်များနှင့် မရေမတွက်နိုင်သော တန်ခိုးရှင်များ၊ အင်အားစုများ လာရောက် စုဝေးကြတော့သည်။

တော်ဝင်မြေများမှ တန်ခိုးရှင်များမှာလည်း ရှန့်ထိုတန်ခိုးရှင်များ၏ ဦးဆောင်မှုဖြင့် ရောက်ရှိ လာခဲ့ကြသည်။ အလွန်ဝေးကွာသော အရပ်တွင်ရှိသော ပင်လယ်ပြည်နယ်မှ တော်ဝင်မြေသုံးခုပင် နတ္တိမြို့သို့ ရောက်လာခဲ့ကြ၏။

ဤတွင် နတ္တိမြို့ကား လတ်တလောတွင် ပြည်နယ်ကိုးခုမှ အရေးကြီး ပုဂ္ဂိုလ်များစုဝေးရာ နေရာတစ်ခု ဖြစ်လာခဲ့တော့သည်။ ပြည်နယ်ကိုးခု ညီလာခံပင် ဤသို့သော စုဝေးမှုမျိုး မရှိခဲ့ပေ။

သုံးနှစ်တစ်ကြိမ် ပြုလုပ်သော ပြည်နယ်ကိုးခု ညီလာခံပင် ရှန့်ထိုများ ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခြင်း မပြုခဲ့ကြပေ။ သို့သော် သည်တစ်ကြိမ်ကား ကွဲပြား ခြားနားပေသည်။ ရှန့်ထိုများ အားလုံးမှာ ရှန့်ထိုရှား၏ မွေးနေ့မင်္ဂလာအား တက်ရောက်ရန် ကြွလာခဲ့ကြ၏။

ပြည်နယ်ကိုးခု၏ အဆုံးအစမဲ့သော နယ်နိမိတ်များထဲတွင် ဤသို့သော သြဇာအာဏာမျိုး ပိုင်ဆိုင်သူ သုံးဦးထက် မပိုပေ။ ထို့အပြင် ရှန့်ထိုရှား၏ မွေးနေ့ပွဲ၌ ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့အကြား တော်ဝင်စစ်ပွဲအတွက် ကြားဝင် ညှိနှိုင်းပေးခြင်းလည်း တစ်ခု ရှိပေသေးသည်။ လွန်ခဲ့သော သုံးလက တိုက်ပွဲမှာ ယခုတွင် နွေဦးပြည်နယ် တစ်ခုလုံး ပျံ့နှံ့နေခဲ့ပြီဖြစ်ရာ နတ္တိမြို့ကို ရောက်လာသည့် လူများမှာလည်း ထိုသတင်းများကို ကြားသိကြရပေသည်။ ကောလာဟလများအရ တော်ဝင်ကျဲနန်းတော် သခင်ရီဖူရှင်းမှာ အမှန်တကယ် ထက်မြက်သူဖြစ်ပြီး လူအများအပြားက ထိုနာမည်ကျော် ခေါင်းဆောင်ငယ်အား ကိုယ်တိုင်မြင်တွေ့ လိုကြပေသည်။ ထိပ်သီး ကလန်များအပြင် တော်ဝင်မြေများကပင် သူ့အား မြင်တွေ့ လိုကြပေသည်။

ထိုအချိန်တွင် နတ္တိမြို့တွင်ရှိသော တည်းခိုခန်းတစ်ခု၌ ချီပြည်နယ်မှ တော်ဝင်အလင်း နန်းတော်တန်ခိုးရှင်များ နားနေကြသည်။ ပြည်နယ်ကိုးခု ညီလာခံ၌ တော်ဝင်အလင်း နန်းတော်ကား တော်ဝင်ကျဲနန်းတော်မှ လူများထံတွင် ကြီးမားစွာ ရှုံးနိမ့်ခဲ့သည်။ ကျိဟွားကား သူတို့၏ ထွန်းတောက်နေသော ကြယ်တစ်စင်း ဖြစ်သော်လည်း ယူချင်းထံတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။

ယခု အချိန်များ ပိုကြာလာသည်နှင့်အမျှ ယူချင်း၏နာမည်မှာ ပိုမို ကျော်ကြား လာခဲ့ပေသည်။ နန်းတော်သခင် ရီဖူရှင်းမူကား ပြည်နယ်ကိုးခုလုံးကို ကျော်ကြား ထင်ရှားနေပြီ ဖြစ်သည်။

ထိုအချိန်တွင် တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များမှာ အတူတူထိုင်နေကြပြီး ကျိဟွားမှာလည်း ထိုနေရာတွင် ရှိနေပေသည်။ သူကား ယူချင်းထံတွင် ရှုံးနိမ့်ခဲ့ရသော်လည်း သူ၏ ထူးခြား ထက်မြင်သော သဘာဝ ပါရမီကြောင့်ပင် ရှီအဆင့်သို့ တက်လှမ်း လာခဲ့ပြီဖြစ်သည်။ သူ့အတွက် ယူချင်းကား အတိတ်မှ အရိပ်တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

“ပြီးခဲ့တဲ့ သုံးလက ပြည်နယ်ကိုးခု စင်မြင့်မှာ ရီဖူရှင်းက တော်ဝင်မြေတွေက ထိပ်သီး ပါရမီရှင်တွေကို အနိုင်ယူခဲ့တယ်… သူတို့အားလုံးက သားတော်တွေနဲ့ တော်ဝင်လမ်း သားတော်တွေပဲ… ဒါပေမဲ့ သူတို့အားလုံး ရှုံးနိမ့်ခဲ့တယ်… ရီဖူရှင်းက လူငယ်မျိုးဆက်တွေ ယှဉ်ပြိုင်ရာမှာ သူ့အဆင့်အတန်းနဲ့ ပါဝင်စရာမလိုဘူး.. စောင့်ကြည့်ရမယ့်သူသာ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့တယ်…   တန်ခိုးရှင် တစ်ယောက်က ပြောသည်…” ပြည်နယ်ကိုးခု ညီလာခံမှာ မင်းတို့ထဲက သူ့ကို ကိုယ်တိုင် တွေ့ခဲ့သူ ရှိတယ်မလား… သူက ဘယ်လောက်တောင် အားကောင်းတာလဲ…”

ရှီဟွာတောင်မှ ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက်ခဲ့သော လူအနည်းငယ် ရှိပေသည်။ ထိုအထဲမှ တစ်ယောက်က ပြောသည်… “ကျောက်ရာက ရီဖူရှင်းကို ရန်စခဲ့တယ်… ဒါပေမဲ့ သူက ရီဖူရှင်းကို တုံ့ပြန်ဖို့ ရင်ဆိုင်ဖို့ အင်အားမရှိဘူး… ဒါကြောင့် အဲဒီလောက်နဲ့ ရီဖူရှင်းရဲ့ တကယ့်စွမ်းရည်ကို ခန့်မှန်းဖို့ခက်တယ်… ဒါပေမဲ့ သူက တော်ဝင်မြေလေးခုက ထိပ်သီး တန်ခိုးရှင်တွေကို အနိုင်ယူနိုင်တယ် ဆိုမှတော့ သူ့စွမ်းရည်က တော်တော် ကောင်းတယ် ပြောရမယ်…”

“တော်ဝင်မြေလေးခုရဲ့ လူငယ် မျိုးဆက်တွေက ဖိနှိပ်ခံရတယ်… ရီဖူရှင်းက ပြည်နယ်ကိုးခုရဲ့ အပေါ်ဆုံးမှာ ရပ်နိုင်အောင်ပဲ တကယ် အရည်အချင်း ရှိတယ်… ဒါပေမဲ့ သူပြောခဲ့တဲ့ စကားကလည်း တော်တော်ကို မောက်မာတယ်…” တစ်ယောက်က ပြောသည်။ သူ၏မျက်လုံးက လူအများကြား တိတ်ဆိတ်စွာ ထိုင်နေသော လူငယ် တစ်ယောက်ထံသို့ ရောက်လာသည်။ သူကား အားလုံး စိတ်ဝင်တစား ပြောနေကြသော အကြောင်းအရာများကို သိရှိခြင်းပင် မရှိသည့်အလား မတုန်မလှုပ် ထိုင်နေ၏။

တော်ဝင်အလင်း နန်းတော်ကား ပြည်နယ်ကိုးခုတွင် ထိပ်သီး အင်အားစုငါးခုထဲ စာရင်းဝင်သော အင်အားစုတစ်ခု ဖြစ်သည်။ ထို့ကြောင့်သူတို့ မည်မျှ အားကောင်းသည်ကို ခန့်မှန်းနိုင်ပေသည်။ အလင်းလောကဓာတ်ကား အားအကောင်းဆုံးသော လောကဓာတ် တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များမှာလည်း ပြည်နယ်ကိုးခုတွင် ထိပ်ဆုံး၌ ရပ်နိုင်သူများ ဖြစ်ကြပေသည်။

တော်ဝင်အလင်း နန်းတော်ကသာ ရောက်လာသည် မဟုတ်ဘဲ ချီပြည်နယ်မှ တခြားသော တော်ဝင်မြေများမှာလည်း ထိုနေရာတွင် ရှိကြပေသည်။ ကျိရှားတော်ဝင် နန်းတော်ကား တော်ဝင်အလင်းနန်းတော် စတည်းချရာနှင့် သိပ်မဝေးသော နေရာတွင် တည်းခိုကြပေသည်။ သည်တစ်ခေါက် ကျိရှားတော်ဝင် နန်းတော်က ပွဲတက်ရန် များစွာသော တန်ခိုးရှင်များအား ခေါ်ယူလာခဲ့ကြသည်။ ခြံဝင်းတစ်ခုထဲတွင် အလွန်ချောမောသော လူငယ် တစ်ယောက်မှာ ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ကို ကျောမှီလျက် ထိုင်နေပြီး အဝေးကို ငေးကြည့်နေသည်။

“နင် ဘာကို စဉ်းစားနေတာလဲ…” လှပသော မိန်းကလေး တစ်ယောက်က သူ့ထံကို လျှောက်လာကာ တီးတိုးမေးသည်။

“ငါက ဒီလောကကြီးထဲမှာ အဓိက ဇာတ်ဆောင်လို့ ထင်ခဲ့ဖူးတယ်… ငါက တခြားလူတွေနဲ့ ကွဲပြားခြားနားပြီး မွေးဖွားလာခဲ့သလို ကြီးမားတဲ့ တာဝန်တွေကိုလည်း ထမ်းပိုး ထားခဲ့ရတယ်… ဒါပေမဲ့ တစ်နေ့မှာ မင်းက သိပ်အရေးမပါဘူး ဆိုတာ သိလိုက်ရတဲ့အခါ… လောကြီးက သူ့စည်းမျဉ်း ဥပဒေအတိုင်း လည်ပတ်နေတာ… တစ်ခါတလေ အရေးမပါတဲ့ သူကလည်း စင်မြင့်အလယ်ကို ရောက်လာတတ်တယ်… ကျုပ်တို့ ကျင့်ကြံတဲ့အခါ တကယ်တမ်း လိုချင်တာက ဘာလဲ…   လူငယ်က တီးတိုး ပြောသည်။

“နင် ဘာပြောချင်တယ် ဆိုတာကို ငါနားမလည်ပေမဲ့ လောကကြီးက ကျယ်လွန်းပါတယ်… ဘယ်သူက တကယ့် အဓိက ဇာတ်ဆောင်လဲ ဆိုတာ ပြောဖို့ခက်တယ်… ဒါပေမဲ့ နင့်ကမ္ဘာထဲမှာတော့ နင်က အတောက်ပဆုံးသော လူတစ်ယောက်ဆိုတာ ငါယုံတယ်…” မိန်းကလေးက တီးတိုးပြောသည်။

“ဖြစ်နိုင်တာက ဒါ ငါလိုချင်တဲ့အရာ မဟုတ်တော့ဘူး…” လူငယ်က ပြောသည်။ လေပြင်းတစ်ချက် တိုက်ခိုက် သွားသော်လည်း သူကား အတွေးနက်နေဟန် ရကာ အဝေးကိုသာ မျှော်ကြည့်နေသည်။

နောက်ရက် အနည်းငယ်တွင် သူကား အတိတ်မှ လူများနှင့် ပြန်လည် တွေ့ဆုံရန် ရှိပေသည်။ တစ်ချိန်က သူကား ထိုလူများအကြား၌ အလေးထားခံရသူ တစ်ယောက် ဖြစ်သော်လည်း ယခု သူက ကျိရှားတော်ဝင်နန်းတော်တွင် လေ့ကျင့်နေသည်။ သူ၏အတိတ်ကို ပြန်ရင်ဆိုင်ရလျှင်ပင် သူ၏စိတ်မှာ မည်သို့မှ နေမည် မဟုတ်ဟု ထင်ခဲ့ဖူး၏။ သို့သော်လည်း ထိုနေ့ ထိုရက် အမှန်တကယ် ရောက်လာတော့မည် ဆိုသောအခါ သူ၏စိတ်က အမှန်တကယ် တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။

မည်သို့ဆိုစေ သူကား လုံလောက်ခြင်း မရှိသေးပေ။

ကျင့်ကြံခြင်းမှာ အသိပညာ ဗဟုသုတကို ရှာမှီးခြင်းလည်း ဖြစ်နိုင်ပေသည်။

အားလုံးတွင် ကိုယ်ပိုင်လမ်းစဉ်ရှိကာ သူကလည်း မိမိ၏လမ်းစဉ်ကို ရှာဖွေနေခဲ့၏။

***

ရီဖူရှင်းတို့အဖွဲ့မှာလည်း နတ္တိမြို့သို့ ရောက်လာခဲ့ကြပြီး ဖြစ်သည်။ သူတို့က ပြည်နယ်ကိုးခု ကျောင်းတော်နှင့်အတူ ရောက်လာခဲ့ကာ အားလုံးကို ရှန့်ထိုလီက ဦးဆောင်ပေသည်။ မည်သို့ဆိုစေ ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့အကြား ပြဿနာမှာ မပြေလည်သေးပေ။ သူနှင့်အတူ ဆိုပါက မည်သည့်ဘက်ကမှ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

သူတို့ ရောက်လာပြီး နောက်ပိုင်းတွင် ရီဖူရှင်းတို့က အဆောင်တစ်ခုတွင် တည်းခိုကြ၏။ သူတို့ထံကို လာရောက် လည်ပတ်သူ များစွာရှိကာ ထိုအထဲတွင် အများစုမှာ ရှန့်ထိုလီထံသို့ လာရောက်ကြခြင်း ဖြစ်သည်။ များစွာသော လူများမှာလည်း တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းကို တွေ့ဆုံရန် ကြိုးပမ်းကြ၏။

ထိုအချိန်တွင် ဝမ်ရှင်းက ရီဖူရှင်း နေထိုင်ရာနေရာသို့ ရောက်လာပြီး ပြောသည်… “နန်းတော်သခင်… ယွီကလန်ရဲ့ ကိုယ်စားလှယ် ရောက်နေတယ်…”

ရီဖူရှင်းက နားမလည်သလို ကြည့်သည်။ ယွီကလန်မှာ သူနှင့် အဆက်အဆံ မရှိဖူးပေ။

“ဘယ်သူများလဲ…” ရီဖူရှင်းက မေးသည်။

“ယွီကလန် ယွီကျင့်လျူ…” ဝမ်ရှင်းက ပြောသည်။ ရီဖူရှင်းက အံ့အားသင့် သွား၏။ ယွီကျင့်လျူကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တစ်ယောက် ဖြစ်ပေသည်။

“သွားမယ်…” ရီဖူရှင်းက ပြောသည်။ သူက တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်သော်လည်း ယွီကလန်၏ ထိပ်သီးတန်ခိုးရှင် တစ်ယောက်က ကိုယ်တိုင် လာရောက်သည် ဆိုပါက လေးစားမှုဖြင့် သွားတွေ့ရန် လိုပေသည်။

ယွီကျင့်လျူကား သက်လတ်ပိုင်း အရွယ်ဖြစ်ကာ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါအား ပိုင်ဆိုင်သည်။ ရီဖူရှင်းက ကိုယ်တိုင် လာရောက် တွေ့ဆုံသည်တွင် သူက ပြုံးလျက် ပြောသည်… “ကျုပ်က ခုနကမှ ရှန့်ထိုလီကို သွားဂါရဝပြုလာခဲ့တာ… တစ်ဆက်တည်း ကျုပ်ကလည်း နန်းတော်သခင်ရီကို နှုတ်ဆက်ချင်လို့ လာခဲ့တာ… ဒါက အနှောင့်အယှက်များ ဖြစ်သွားလား မသိဘူး…”

ရှန့်ထိုလီ၏ အဆင့်ကား အားလုံး၏ လေးစားရသော နေရာတွင်ရှိကာ သူက ရှန့်ထိုလီကို ဦးဆုံး သွားတွေ့ခြင်းမှာလည်း ဖြစ်သင့်သော ကိစ္စပင်။ ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ရပါတယ်… ခင်ဗျား ကိုယ်တိုင် လာတွေ့တာလည်း ကျုပ်အတွက် ဂုဏ်ယူစရာ ကိစ္စပါပဲ…”

“နန်းတော်သခင်ရီက ပြည်နယ်ကိုးခုလုံးကို ကျော်ကြားတဲ့ တော်ဝင်မြေ ခေါင်းဆောင်ပဲ… ကျုပ်က ကိုယ်တိုင် လာရမှာပေါ့…” ယွီကျင့်လျူက ပြုံးလျက် ပြောသည်။ သူ၏မျက်လုံးများက ရီဖူရှင်းကို ဝမ်းသာအားရသော ဟန်ပင်ဖြင့် ကြည့်နေသည်။ ရီဖူရှင်းကား ပြည်နယ်ကိုးခု စင်မြင့်တွင် ရှိနေစဉ်ကနှင့် ယခု အမူအရာများမှာ ကွဲပြား ခြားနားပေသည်။ ယခုကား သူက မာနကင်းစင်ကာ ဖော်ရွေသော လူငယ်တစ်ယောက် ဖြစ်နေ၏။

ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ကျုပ် ဘာကူညီပေးရမလဲ…”

“ဒါက သိပ်အရေးမကြီးပါဘူး…” ယွီကျင့်လျူက သူ့နောက်နားတွင် ရပ်နေသော မိန်းကလေး တစ်ယောက်ကို ကြည့်သည်။ မိန်းကလေးကား သိမ်မွေ့နူးညံ့ကာ ချောမောလှပ၏။

“လင်းရှောင်… နန်းတော်သခင်ရီကို လာနှုတ်ဆက်လေ…” ယွီကျင့်လျူက ပြောသည်။

ယွီလင်းရှောင်၏မျက်လုံးများမှာ ထူးဆန်းသော အရိပ်အယောင်များ ဖြစ်နေပြီး သူမ၏လှပသော မျက်လုံးနက်များဖြင့် ရီဖူရှင်းကို ကြည့်သည်။ သူမ၏ရှက်ရွံ့ဟန်များမှာ ရီဖူရှင်းကိုပိုမို၍ နားမလည် ဖြစ်စေ၏။

“ယွီလင်းရှောင်က နန်းတော်သခင်ရီကို နှုတ်ဆက်ပါတယ်…”

“မိန်းကလေးယွီက အရမ်း ယဉ်ကျေးတာပဲ…” ရီဖူရှင်းကလည်း ပြုံးလျက် နှုတ်ဆက်သည်။

“လင်းရှောင်က နန်းတော်သခင်ရီရဲ့ ကျော်ကြားမှုတွေကို အများကြီး ကြားပြီး ကိုယ်တိုင် တွေ့ချင်တယ်… ဒါကြောင့် သူမကို တစ်ခါတည်း ခေါ်လာလိုက်တာပဲ… အခု နန်းတော်သခင်ရီက ပြည်နယ်ကိုးခုမှာ ပညာ အရည်အချင်းနဲ့ ပြည့်ဝသူ ဖြစ်တယ်ဆိုတာ နာမည်ကျော်တယ် … လင်းရှောင်က နန်းတော်သခင်ရီဆီက အများကြီး သင်ယူနိုင်တာပဲ…” ယွီကျင့်လျူက ပြုံးလျက် ပြောသည်။

“မိန်းကလေးယွီက လှပသိမ်မွေ့တယ်… လူငယ်မျိုးဆက်ထဲမှာ သူမကိုယ်တိုင်က ထူးခြားတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားပြီးသားပါ… ကျုပ်ဆီက သင်ဖို့မလိုပါဘူး…” ရီဖူရှင်းက ယဉ်ကျေးစွာ ပြောသည်။

“သူမရဲ့ သဘာဝပါရမီက မဆိုးဘူးဆိုပေမဲ့ သူမက နန်းတော်သခင်ရဲနဲ့ယှဉ်ရင် အများကြီး လိုပါသေးတယ်… အနာဂတ်မှာ လင်းရှောင်က နန်းတော်သခင်ရီဆီမှာ လာရောက် သင်ယူနိုင်တာပဲ…” ယွီကျင့်လျူက ပြောလျှင် ရီဖူရှင်း၏မျက်နှာတွင် အံ့အားသင့်ဟန်များ ပေါ်လာသည်။

သူ၏အကြံပေးမှုကား ထူးခြားသော အဓိပ္ပာယ်များ ပါဝင်နေပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset