အပိုင်း (၈၈၀)

ရှားကလန်၏ဖိတ်ခေါ်မှု

ရှားကလန်၏ မျိုးရိုးနာမည်မှာ ထူးခြားသော အဓိပ္ပာယ်ကို ပိုင်ဆိုင်ကြောင်း ပြည်နယ်ကိုးခုလုံမှ လူများအားလုံး သိကြပေသည်။ သူတို့မှာ အင်ပါယာရှားနှင့် ဆက်စပ်နေသည်ကို အားလုံးက ခန့်မှန်းမိကြ၏။ ပြည်နယ်ကိုးခုတွင် ရှားကလန်၏ အဆင့်အတန်းမှာ အလွန် ထူးခြားပေသည်။ ထို့ကြောင့် သည်အရေးတွင် ရှားကလန်မှ ဝင်ပါခြင်းမှာ သိပ်တော့ ထူးဆန်းသည် မဟုတ်ပေ။

တော်ဝင်မြေနှစ်ခုမှာ သတ်ကွင်းထဲကို ရောက်နေကြပြီ ဖြစ်သည်။ ရှားကလန်၏ အကြီးအကဲက ဝင်ရောက် ဖျန်ဖြေခြင်းက တော်ဝင်စစ်ပွဲကို အဆုံးမသတ်စေ နိုင်သည့်တိုင် နှစ်ဖက်လုံးမှာ နောက်ဆုတ်လိုစိတ် မရှိသည် မဟုတ်ပေ။

သူတို့၏အရေးပါသောလူများ ဆုံးရှုံးမည်ကို မည်သူမှ လိုလားမည် မဟုတ်ပေ။

“ကျုပ်ဆရာ အဆင်ပြေသရွေ့ ဒီမှာ ရပ်နိုင်တယ် … ကျုပ်က တခြားကိစ္စရပ်တွေကို လက်ခံမှာ မဟုတ်ဘူး…” ရီဖူရှင်းက ပြောသည်။ သူတို့မှာ ယာယီအားဖြင့်သာ နောက်ဆုတ် ပေးနိုင်သည်ကို အားလုံးက နားလည်ကြသည်။ သို့သော်လည်း သူကား အချိန်ကြာကြာ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့သည်ကို ရီဖူရှင်း တစ်ယောက်သာ အသိဆုံးဖြစ်သည်။ စက္ကန့်ပိုင်းမျှက သူ၏ဝင်္ကပါအတွင်းမှ လူများကို ကြီးမားသော ဖိအားများ ဖြစ်စေနိုင်ပေသည်။ ထို့အပြင် အရာအားလုံးက သူက အဘယ်ကြောင့် စီမံခဲ့နည်း။ သူ၏ဆရာက ရှန့်ထိုအဆင့်သို့ တက်လှမ်းရန် မဟုတ်ပါလား။

သူ၏ဆရာက ဘေးကင်းသရွေ့ မြေရိုင်းပြည်နယ်မှာ ရှန့်ထိုနောက်တစ်ပါး ပိုင်ဆိုင်ပေမည်။ သူကား ကျောက်ဟောင်နှင့် တခြားလူများ၏အသက်ကို ယူရန် အလျင်မလိုပေ။ မည်သို့ဆိုစေ သူကား ကျောက်ဟောင်တို့ကို ဖမ်းဆီးခဲ့ခြင်းမှာ သူ၏ဆရာကို ကယ်တင်ရန် မဟုတ်ပါလား။

ရီဖူရှင်းက ဦးဆုံး သဘောတူသည်ကို အားလုံးက နားလည်ကြသည်။ ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်သို့ ရောက်လာသည့် ရည်ရွယ်ချက်မှာ သူ၏ ဆရာရှန့်ထိုဖြစ်ရန် မဟုတ်ပါလား။ ကျောက်ပြည်ထောင် ဘုရင်ကသာ သူ၏စစ်တပ်ဖြင့် လာရောက် ဖိအားပေးခြင်း ဖြစ်သည်။ သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်ကား လက်ရှိ အခြေအနေကို တွက်ဆခဲ့ဟန် မရပေ။ ထို့ကြောင့် ထောင်ကျန်းက ရှန့်ထိုဖြစ်ကာ မြေရိုင်းပြည်နယ်သို့ ပြန်သွားနိုင်သရွေ့ မြေရိုင်းပြည်နယ်က အနိုင်ရပေသည်။

“ဘုရင်မင်းမြတ်… ဘယ်လိုထင်လဲ…” ရှားကလန် အကြီးအကဲက ကျောက်ပြည်ထောင် ဘုရင်ကို မေးသည်။ သူ၏နာမည်မှာ ရှားရှမ်းဖြစ်ပြီး ပြည်နယ်ကိုးခု ရှီအဆင့်တွင် ရှိပေသည်။

ကျောက်ပြည်ထောင် ဘုရင်၏ ရွှေရောင်မျက်လုံးများက စူးရှစွာဖြင့် သူတို့အား ကြည့်သည်။ ရီဖူရှင်း၏ သဘောထားမှာ ခိုင်မာဟန်ရသော်လည်း သူ၏စိတ်မရှည်မှုကို ကျောက်ပြည်ထောင် ဘုရင်က မြင်ပေသည်။ သူ၏စိတ်က မည်မျှ ရင့်သန်သည် ဆိုသော်လည်း သူကား ဆယ်ကျော်သက်မျှသာ ဖြစ်သည်။ သူ၏ စိတ်ခံစားချက်များမှာ ရီဖူရှင်း၏ အားနည်းချက်များ ဖြစ်ကြပေသည်။

တခြား တောင်းဆိုမှုများအား လက်ခံမည် မဟုတ်တဲ့လား။ သူ တွေ့မြင်လိုပေသည်။

“ဒါဆိုလည်း သူတို့ကို သတ်လိုက်…” ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ ပြောသည်။

သူက ရီဖူရှင်းအား သူ၏သားများကိုသတ်ရန် တိုက်တွန်းသည်။

ရီဖူရှင်း လုပ်ရဲမလား သူကြည့်လို၏။

သိသာစွာပင် ကျောက်ပြည်ထောင် ဘုရင်ကား ရီဖူရှင်း၏ သဘောထားများကို လက်ခံရန် ငြင်းဆန်နေသည်။

လူဝံနတ်ဘုရားထံမှ ရုန့်ရမ်းကြမ်းတမ်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်လာသည်။ ကျောက်ဟောင်နှင့် တခြား နှစ်ယောက်မှာ တစ်ကိုယ်လုံး​ အေးစက် တောင့်တင်း သွားကြသည်။ သူတို့၏အဖေကား အမှန်ပင် ရက်စက် ကြမ်းကြုတ်ပေ၏။ ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား စမ်းသပ်နေသည်ကို သူတို့သိသည့်တိုင် ရီဖူရှင်းကကော အမှန်တကယ် လုပ်ရဲပါမည်လား။

ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား စမ်းသပ်နေသည်။ ယခုတွင် သူတို့ထဲ၌ မည်သူက ပိုမို၍ လျစ်လျူရှုနိုင်စွမ်း ရှိသည်ကို ပြိုင်ဆိုင်နေကြရသည်။

ကျောက်ပြည်ထောင် ဘုရင်ကလည်း တူညီစွာပင် ပြင်းထန်သော စွမ်းအားကို စုစည်း ဖြစ်ပေါ်စေသည်။ ရီဖူရှင်းက သူ့သားများကို သတ်ဖြတ်သည်နှင့် သူကလည်း ထိုနည်းတူ လုပ်ပေမည်။

တင်းမာသော အခြေအနေက ဆက်လက်ရှိနေသည်။ ကျောက်ပြည်ထောင် ဘုရင်၏ ခံစားချက်မဲ့သော မျက်နှာကို ကြည့်ကာ ရီဖူရှင်း စိတ်ဓာတ် ကျသွားသည်။ သည်တိုက်ပွဲတွင် သူရှုံးနိမ့်ပြီဟု တွေးမိ၏။

“တကယ်လို့ ခင်ဗျား အဲဒီနှစ်ချက်ကို တောင်းဆိုချင်တယ်ဆိုရင် ထားလိုက်တော့…” ရီဖူရှင်းက ပြောသည်။ သူနှင့် ရာရာတို့မှာ ရန်သူများလက်ထဲသို့ ကျဆင်း၍ မဖြစ်ပေ။ သူသာ ရန်သူများထံကို ကျသွားပါက သူတစ်ယောက်တည်း သေမည်မဟုတ်ပေ။ သူ့နောက်တွင် မြေရိုင်းပြည်နယ် တစ်ခုလုံး ရှိနေသလို သူ၏ဆရာမှာလည်း အသက်ရှင်မည် မဟုတ်ပေ။

“ကျောက်ပြည်ထောင်ဘုရင်… ဒီလိုအခြေအနေမှာ တင်းမာနေတာက အဆင်မပြေဘူး…” ရှားရှမ်းက ဆက်ပြောသည်။

“တော်ဝင်စစ်ပွဲမှာ ကျောက်ပြည်ထောင်က လူတွေ အများကြီး သေပြီးပြီ … ဒီမတိုင်ခင် မြေရိုင်းပြည်နယ်က ကျုပ်တို့ ကျောက်ပြည်ထောင်ကို လာပြီး လုပ်ကြံတာမှာ အဆုံးမဲ့နန်းတော်နဲ့ တခြား အင်အားစုတွေလည်း ပါသွားတယ်… ဝူလျန်နဲ့ တခြား ထိပ်သီးတန်ခိုးရှင်တွေ အများကြီး သေခဲ့ရတယ်… အခု အဲဒီအကြွေးတွေကို ပြန်ဆပ်ရမယ့် အချိန်ပဲ…” ကျောက်ပြည်ထောင် ဘုရင်က တင်းမာစွာ ပြောသည်။

“နန်းတော်က ဘာနဲ့မှ အလဲအလှယ်လုပ်မှာ မဟုတ်ဘူး…” ထောင်ကျန်းက ကျောက်ပြည်ထောင် ဘုရင်ကို ဒေါသတကြီး ကြည့်ကာ ပြောသည်။

“ဒါဆိုလည်း မင်းကို အဆုံးသတ် ပေးရမှာပေါ့… ” ကျောက်ပြည်ထောင်ဘုရင်က ထောင်ကျန်းကို လှောင်ပြုံးပြုံးသည်။

“နောက်ထပ် သုံးလမှာ ရှန့်ထိုရှားက ရှားကလန်မှာ သူ့ရဲ့ မွေးနေ့ဧည့်ခံပွဲကို ကျင်းပလိမ့်မယ်…” ရှားရှမ်းက ရုတ်တရက် ပြောသည်။ မသက်ဆိုင်လှသည့် သတင်းစကားတစ်ခုက အားလုံးကို ထိတ်လန့်စေခဲ့သည်။ ရှန့်ထိုရှား၏ နာမည်ဂုဏ်သတင်းကား ကြီးမားလွန်းပေသည်။

“ဒီနေ့ ကျုပ်က ဒီအခွင့်အရေးကို အသုံးချပြီး ခင်ဗျားတို့အာလုံးကို ဧည့်ခံပွဲသို့ ဖိတ်ပါရစေ… ကျောက်ပြည်ထောင် ဘုရင်နဲ့ သခင်ရီတို့ကရော… ဘယ်လိုလဲ…” ရှားရှမ်းက ဆက်ပြောသည်။

“အဲဒါက စီနီယာရှားရဲ့ မွေးနေ့ဧည့်ခံပွဲ ဖြစ်မှတော့ ကျုပ်က သေချာပေါက် သွားမှာပေါ့…” ကျောက်ပြည်ထောင် ဘုရင်က ပြောသည်။ သူက ရှန့်ထိုရှားအား လေးစားရပေမည်။

“ကျုပ်က သေချာပေါက် တက်မယ်…” ရီဖူရှင်း ပြန်ပြောသည်။ ရှားကလန်မှ ဖိတ်ခေါ်မှုကို ငြင်းပယ်၍ မရပေ။

“ကောင်းပြီ…” ရှားရှမ်းက ပြုံးလျက်ခေါင်းညိတ်သည်… “ဒီလိုဆိုရင်လည်း နှစ်ဖက်လုံးက သဘောတူညီချက် မရဘူး ဖြစ်နေတယ် … ဘာလို့ ထိုင်ပြီး မဆွေးနွေးရမှာလဲ… ရှားကလန်က ဒီတော်ဝင်စစ်ပွဲမှာ ပြန်ညှိနှိုင်း ဖြန်ဖြေချင်တဲ့ဆန္ဒ ရှိတယ်… နှစ်ဖက်လုံးက အခု ရပ်လိုက်ပြီး နောက်သုံးလ အကြာမှာ ရှန့်ထိုရှားကိုယ်တိုင်က ကြားဝင်ညှိပေးမယ် … ဘယ်လိုလဲ…”

အကယ်၍ ဝင်ပြောသူမှာ တခြား တစ်ယောက်သာ ဆိုပါက အားလုံးက ရယ်မောမိကြမည် ဖြစ်သော်လည်း ယခုကား ရှားကလန်မှာ ပြည်နယ်ကိုးခု၏ ခေါင်းဆောင်ဖြစ်ရန် အားထုတ်နေခြင်း ဖြစ်သည်ကို ခန့်မှန်းမိကြရာ သိပ်ထူးဆန်းသည် မထင်ကြတော့ပေ။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ် တိတ်ဆိတ် သွားသည်။ ရှားရှမ်းက ထိုမျှပြောထားပြီ ဖြစ်ရာ သူက အတင်း ခေါင်းမာနေပါက တစ်ဖက်လူအား မလေးစားရာ ဖြစ်နေပေလိမ့်မည်။ ရှားရှမ်းက ရှီတန်ခိုးရှင်မျှသာ ဖြစ်သော်လည်း သူ၏နောက်ခံ အင်အားစုမှာ ကြီးမားလွန်းပေသည်။

“သူတို့နဲ့ ကျုပ်ဆရာကရော…” ရီဖူရှင်းက မေးသည်။ သူက ကျောက်ဟောင်တို့နှင့် ထောင်ကျန်းကို ရည်ညွှန်းခြင်း ဖြစ်၏။ သူတို့ကို မည်သို့ လုပ်မည်နည်း။

“နှစ်ဖွဲ့လုံးက ဒီမတိုင်ခင်က ကျုပ်တို့ ကျောင်းတော်မှာ တည်းခိုခဲ့ကြတာ ဆိုတော့ ကျောင်းတော်မှာပဲ နည်းနည်း ကြာအောင် ဆက်နေလို့ရတာပဲလေ … နှစ်ဖက်လုံးက သူတို့ကို ကောင်းကောင်း မွန်မွန် ထားဖို့ ကျုပ်အာမခံတယ်… ပြီးတော့မှ ကျုပ်တို့က ရှားကလန်ကို အတူတူ သွားကြတာပေါ့… ကျုပ်ကလည်း ရှန့်ထိုရှားကို မတွေ့ရတာ တော်တော်ကြာပြီ…” ရှန့်ထိုလီက ဝင်ပြောသည်။

ရီဖူရှင်းက ဘာမှ မပြောတော့ပေ။ ရှန့်ထိုလီက ကိုယ်တိုင် အာမခံမှတော့ သူတို့က စိတ်အေးနိုင်ပေသည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် ရီဖူရှင်းတို့ နှစ်ဦးလုံးမှာ ရှန့်ထိုလီအပေါ် မလေးမစားလုပ်ရန် သတ္တိမရှိပေ။

“ကျုပ် အဆင်ပြေတယ်…” ရီဖူရှင်းက ပြောသည်။ ယခုကား သူက ထိုနည်းလမ်းကို လက်ခံရုံမျှသာ တတ်နိုင်သည်။ သူ၏အကြည့်က ထောင်ကျန်းထံကို ရောက်သွားသည်။ သူ၏ဆရာအား မြေရိုင်းပြည်နယ်သို့ ပြန်ခေါ်သွားနိုင်ရန် သူ အတတ်နိုင်ဆုံး ကြိုးစားပေမည်။

“ကောင်းပြီ… ကျုပ်တို့က သဘောတူညီချက် ရပြီဆိုတော့လည်း ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြရအောင်…” ရှန့်ထိုလီက လက်ဝှေ့ယမ်းကာ ဆက်ပြောသည်… “အားလုံး… ကျောင်းတော်ကို ပြန်ရအောင်…”

“ကျုပ်အရင်ဆုံး ပြန်လိုက်ဦမယ်… ကျုပ်က ရှန့်ထိုရှားကို ပြန်အစီရင်ခံပြီးတော့ တခြား တော်ဝင်မြေတွေနဲ့ ပြည်နယ်ကိုးခု တမန်တော်ကို ဖိတ်ကြားရဦးမယ်…” ရှားရှမ်းက ပြောသည်။ သည်တစ်ခေါက် ပြည်နယ်ကိုးခု တမန်တော်မှာ ကွဲပြားခြားနားသည်ကို သူနားလည်သည်။ ရှန့်ထိုရှား၏ မွေးနေ့ဧည့်ခံပွဲမှာ တော်ဝင်မြေများ အားလုံးကို ဖိတ်ခေါ်မည်ဖြစ်သည်။ ထိုကိစ္စမှာ ရှန့်ထိုရှား၏ သဘောထားမဟုတ်ဘဲ ထိုသူ၏သဘောထား ဖြစ်သည်။

“ကောင်းပြီ…” ရှန့်ထိုလီက ခေါင်းညိတ်ကာ ပြန်ပြောသည်။

ကျောက်ပြည်ထောင် ဘုရင်က သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ပြန်သိမ်းလိုက်ကာ ထောင်ကျန်းအား ကြည့်လျက် ပြောသည်… “သွားမယ်…”

သူ၏ သက်စောင့်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲ ပြန်ရောက် သွားသည်တွင် ကျေးရွာ ခေါင်းဆောင်က ကျောက်ပြည်ထောင် ဘုရင်အား တစ်ချက်ကြည့်လျက် ရီဖူရှင်း၏ဘေးနားကို ရိပ်ခနဲ ရောက်သွားသည်။

ရီဖူရှင်းကလည်း ကျောက်ဟောင်နှင့် တခြားလူများကို လွှတ်လိုက်ကာ သူ၏တိုက်ခိုက်ရေး ဝင်္ကပါကို ပယ်ဖျက်လိုက်၏။ လူအများအပြားက လေထဲတွင်ပေါ်လာကာ ဟွာဂျီယူက ရီဖူရှင်းအား သွားရောက် တွဲထူသည်။ ရီဖူရှင်း၏မျက်နှာကား ပြာနှမ်းနေ၏။ အမှန်တကယ်အားဖြင့် ဟွာဂျီယူ၏ အခြေအနေမှာလည်း သိပ်မကောင်းပေ။

ကျောက်ပြည်ထောင် ဘုရင်ကလည်း ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်း၏ အခြေအနေကို ကြည့်သည်နှင့် သူက ချက်ချင်း နားလည်လိုက်သည်။ ထင်မှတ်ထားသည့် အတိုင်းပင် ရီဖူရှင်းက ဝင်္ကပါကို ထိန်းထားရန် ကြီးမားလွန်ကဲသော စွမ်းအားကို ထမ်းပိုးထားရပြီး သူကား အချိန်ကြာကြာ ထိန်းထားနိုင်ခြင်း မရှိပေ။

ထောင်ကျန်းကလည်း ရီဖူရှင်းကို ကြည့်သည်။ သူတို့နှစ်ယောက်က အချင်းချင်း ကြည့်ရုံမျှဖြင့် တစ်ဦး၏အတွေးကို တစ်ဦး နားလည်လိုက်ကြသည်။ ထောင်ကျန်းက သူ့အား ခေါင်းညိတ်ပြပြီး အကြောက်အလန့် ကင်းစွာဖြင့် ရှေ့ကို လှမ်းသွားသည်။

“အဘ… သူတို့ကို သေချာ စောင့်ကြည့်ပေးပါ…” ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်ကို တီးတိုးပြောသည်။ ထို့နောက် သူက လက်ကျန် အင်အားဖြင့် ပြည်နယ်ကိုးခု ကျောင်းတော်သို့ လှမ်းသွားလိုက်သည်။

ပြင်းထန်သော တိုက်ပွဲက ပြီးဆုံးသွားခဲ့ကာ ပြည်နယ်ကိုးခု မြို့တော်မှ လူများအတွက် ကြီးမားသော အမြင် သဘောထားများ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းမှာ လူငယ်မျိုးဆက် တစ်ယောက်မျှသာ ဖြစ်သော်လည်း ကျောက်ပြည်ထောင် ဘုရင်အား ရင်ဆိုင်အံတုခဲ့ပုံမှာ ပြောစမှတ်တွင်ခဲ့၏။ ပြည်နယ်ကိုးခုလုံးတွင် ထိုသို့လုပ်နိုင်သူမှာ သူတစ်ယောက်တည်းသာ ဖြစ်ပေလိမ့်မည်။

ကျောက်ပြည်ထောင် ဘုရင်ကသာ သူ့အား မသတ်နိုင်ခဲ့ပါက ပြည်နယ်ကိုးခုတွင် နောက်ထပ် ပုဂ္ဂိုလ်ထူး တစ်ယောက်ပေါ်လာမည်မှာ သေချာပေသည်။

မြေရိုင်းပြည်နယ်၏ လက်ရှိမျိုးဆက်မှာ ထင်ပေါ်လာတော့မည့် အရိပ်အယောင်လည်း ဖြစ်သည်။ ယခု ကျောက်ပြည်ထောင် ဘုရင်ကား သေချာပေါက် ဒေါသပေါက်ကွဲ နေပေလိမ့်မည်။ မဟုတ်လျှင် သူ၏သားများ ဖမ်းဆီးခံရခြင်းတွင်ပင် ထိုမျှ ခေါင်းမာနေခဲ့မည် မဟုတ်ပေ။

သို့သော်လည်း လက်ရှိတွင် မရဏတောင်၌ စူးရှသော မျက်လုံးအစုံမှာ မှိတ်ထားပြီ ဖြစ်သည်။ လေထဲမှ ဓားအသိများမှာလည်း တစ်ဖန် ငြိမ်သက်သွားကာ ပတ်ဝန်းကျင်က တိတ်ဆိတ် သွား၏။ သို့သော်လည်း ဓားမျက်လုံးထံမှ ဓားအသိများမှာ အကန့်အသတ်မဲ့စွာဖြင့် မိန်းကလေးငယ်၏ ခန္ဓာကိုယ်သို့ စီးဆင်း လာနေကြတော့သည်။

***

မကြာမီ သတင်းများ ပျံ့နှံ့လာခဲ့ကာ ပြည်နယ်ကိုးခုမှာ ကြီးမားစွာ လှုပ်ခတ် သွားခဲ့တော့သည်။

မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်မှ ထောင်ကျန်းမှာ ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့သည်။ သူကား နှစ်ပေါင်းများစွာ အတွင်း၌ မြေရိုင်းပြည်နယ်တွင် ပထမဆုံး ပေါ်ထွက်လာခဲ့သော ရှန့်ထိုတစ်ပါးလည်း ဖြစ်၏။ ယခုတွင် မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်၌ ရှန့်ထိုနှစ်ပါး ပိုင်ဆိုင်ပြီဖြစ်သည်။

သို့သော်လည်း ထောင်ကျန်းကား ကျောက်ပြည်ထောင် ဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကာ အန္တရာယ်မှာ မလွတ်သေးပေ။ ထို့အတူ ကျောက်ဟောင်နှင့် တခြားသော ကျောက်ဘုရင် သားနှစ်ယောက်မှာ ရီဖူရှင်း၏လက်ထဲတွင် ရှိသည်။ သို့သော်လည်း ရှန့်ထိုရှား၏ ကြားဝင်ညှိနှိုင်းမှုတွင် နှစ်ဖက်လုံးက နောက်တစ်လှမ်း ဆုတ်ပေးကြမည့်ပုံ ရှိနေသည်။ ထောင်ကျန်းရှန့်ထို ဖြစ်ခဲ့သည့်ကိစ္စအပြင် တိုက်ပွဲ၏ ရလဒ်မှာလည်း လူအများကြား ပြောစမှတ်တွင်ခဲ့သည်။

တစ်ချိန်က ကြီးကျယ် ခမ်းနားခဲ့သော ကျောက်ပြည်ထောင်ကား ယခုတွင် မြေရိုင်းပြည်နယ်ကို ဖိနှိပ်နိုင်ခြင်း မရှိတော့ပေ။ တစ်ချိန်က အရှေ့ဘက်ပြည်နယ်ကို အုပ်ချုပ်ခဲ့သော ကျောက်ပြည်ထောင်မှာ နောက်ထပ် တစ်ဖန် အားနည်းသွားခဲ့ပြီး တော်ဝင်ကျဲ နန်းတော်မူကား မုန်တိုင်းများအကြား ပိုမိုသန်မာ လာခဲ့သည်။

ပြည်နယ်ကိုးခုကား ကြီးမားသော အပြောင်းအလဲများ ဖြစ်လာတော့မည် ဖြစ်သည်။ သမိုင်းတစ်ခေတ်မှာလည်း မကြာခင် ရောက်လာပေတော့မည်။

သတင်းများက မြေရိုင်းပြည်နယ်သို့ ရောက်လာသောအခါ မရေမတွက်နိုင်သော လူများမှာ စိတ်လှုပ်ရှား ပျော်ရွှင်ကြရသည်။ သူတို့က ခေတ်တစ်တစ်ခုကို မြင်တွေ့ခွင့်ရရန် မစောင့်နိုင်အောင် ဖြစ်နေခဲ့ကြကာ မကြာမီ မြေရိုင်းပြည်နယ်ကား တားဆီးမရနိုင်အောင် တိုးတက် လာပေတော့မည်။ သို့သော်လည်း ပြဿနာများ အဆုံး မသတ်နိုင်သေးခြင်း အပေါ်တွင်ကား သူတို့က စိုးရိမ်နေကြဆဲ ဖြစ်သည်။

တော်ဝင်ကျဲနန်းတော်၏ လူများမှာ ပိုမို၍ပင် ပျော်ရွှင်ကြရသည်။ ရီဖူရှင်းက မြေရိုင်း ပြည်နယ်အတွက် နောက်ထပ် ရှန့်ထိုတစ်ပါး ခေါ်ဆောင်လာမည်ကို သူတို့ စောင့်မျှော် နေကြသည်။

ထို့အပြင် နောက်ထပ် ကြီးမားသော သတင်းတစ်ခုမှာလည်း ပျံ့နှံ့လာခဲ့သည်။

ရှန့်ထိုရှားကား သူ၏မွေးနေ့ပွဲကို မကြာခင် ပြုလုပ်တော့မည် ဖြစ်သည်။ ရှားကလန်၏ တန်ခိုးရှင်များမှာ ပြည်နယ်ကိုးခုမှ တော်ဝင်မြေများသို့ သွားရောက်ကာ ဖိတ်ကြားခြင်းများ ပြုလုပ်နေကြသည်။ ရှားကလန်က အဘယ်ကြောင့် ထိုမျှအထိ ကြီးမားသော ပွဲစီစဉ်ခြင်းအား မည်သူမှ မသိကြသော်လည်း မည်သည့် တော်ဝင်မြေကမှ ငြင်းဆန်ခြင်း မပြုကြပေ။ တော်ဝင်မြေများ၏ ခေါင်းဆောင်များမှာ ကိုယ်တိုင် တက်ရောက်ခြင်း မရှိသည့်တိုင် သူတို့က ကိုယ်စားလှယ်များ စေလွှတ်ကြမည် ဖြစ်သည်။

ထိုအချိန်ကာလ အတွင်း၌ နွေဦးပြည်နယ်ကား လှုပ်ရှား သက်ဝင်နေခဲ့ကာ အကြောင်းအရင်းမှာ မွေးနေ့ ဧည့်ခံပွဲ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့အကြား စစ်ပွဲတို့ကြောင့်လည်း ဖြစ်ပေသည်။

မည်သို့ဆိုစေ ရှားကလန်ကလည်း ပြည်နယ်ကိုးခုလုံး၏ အာရုံစိုက်မှုအား ဆွဲငင်ယူဆောင် ထားပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset