အပိုင်း (၈၇၉)

အားပြိုင်ပွဲ

ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

ထောင်ကျန်းက ဝင့်ကြွားစွာ ရပ်နေဆဲ ဖြစ်သည့်တိုင် သူ၏အခြေအနေ မည်မျှ ဆိုးဝါးနေပြီ ဖြစ်သည်ကို ထောင်ကျန်း ကိုယ်တိုင်သာ သိပေသည်။ သူက ကျောက်ပြည်ထောင် ဘုရင်နှင့် တိုက်ခိုက်ရန် သူ၏ အတွင်းအားများစွာကို အသုံးပြုခဲ့ရကာ ယခု သူ၏ ခန္ဓာကိုယ်ကား ယိုယွင်းနေပြီ ဖြစ်သည်။ မဟာလမ်းစဉ် စွမ်းအားများသာ မဖုံးကွယ်ထားပါက သူ၏ခန္ဒာကိုယ်မှာ အပေါက်များစွာ ဖြစ်နေသည်ကို မြင်တွေ့ ကြရပေမည်။

ရီဖူရှင်းက ကျောက်ဟောင်ထံသို့ အချိန်တိုအတွင်း ရောက်ရှိ သွားသော်လည်း ကျောက်ပြည်ထောင် ဘုရင်ကား ထောင်ကျန်းကို အကြိမ်များစွာ တိုက်ခိုက်ပြီး ဖြစ်သည်။

ရီဖူရှင်းက ကျောက်ဟောင်ကို ဖမ်းဆီးလိုက်သည်နှင့် ထောင်ကျန်းမှာ ရီဖူရှင်းက သည်အရေးအတွက် အစီအစဉ်တကျ တွက်ချက်ထားခြင်း ဖြစ်သည်ကို ရိပ်မိလိုက်သည်။

သူက ကျေးရွာခေါင်းဆောင်နှင့် ကျန်ကျောင်းတို့အား ကျောက်ပြည်ထောင်၏ လှုပ်ရှားမှုကို စောင့်ကြည့်စေကာ တစ်ချိန်တည်းမှာပင် ကျေးရွာခေါင်းဆောင်က ကိစ္စရပ်များအား မြန်ဆန်စွာ အပြီးသတ်၍ တိုက်ပွဲအမီ ပြည်နယ်ကိုးခု မြို့တော်သို့ ရောက်လာပြီး ထောင်ကျန်းနှင့်အတူ ကျောက်ပြည်ထောင် ဘုရင်အား ရင်ဆိုင်မည်။ သို့သော်လည်း သူတို့တွင် ကျောက်ပြည်ထောင် ဘုရင်ကို ယှဉ်နိုင်မည်ဟူသော ယုံကြည်ချက် မရှိပေ။ ကျေးရွာ ခေါင်းဆောင်ကား လေဟာနယ်ဓာတ်တွင် ကျွမ်းကျင်ရာ သူ့အတွက် လွတ်မြောက်ရေး၌ မခက်ပေ။ သို့သော်လည်း ထောင်ကျန်း လွတ်မြောက်ရန် သူမလုပ်ပေးနိုင်ပေ။

ထို့ကြောင့် ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်မှ အင်အားစုကို ကျောက်ပြည်ထောင်မှ စစ်ကူများအား ဖြတ်တောက်စေသည်။ ယူစီနှင့် တခြားလူများမှာ အလွန် ကောင်းမွန်သော တိုက်ပွဲတစ်ပွဲအား နိုင်ပွဲရရှိခဲ့ပြီး ကျောက်ပြည်ထောင် စစ်တပ်ကို အားနည်းစေခဲ့သည်။ ထို့ကြောင့်ပင် ယနေ့တွင် ရီဖူရှင်းက ကျောက်ဟောင်၊ ကျောက်ယိုနှင့် ကျောက်ရာတို့အား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူက ပြည်နယ်ကိုးခု မြို့တော်၌ ရှန့်ထိုကျန့်ကို လာတွေ့ကတည်းက အရာအားလုံးမှာ သူ၏ဆရာအတွက် ဖြစ်သည်။

ရီဖူရှင်းမှာ ဤကဲ့သို့သော စွမ်းအားကို နောက်ဆုံးအကြိမ် တော်ဝင်ကျဲ နန်းတော်စစ်ပွဲ၌ သုံးခဲ့သေး၏။ ထိုတိုက်ပွဲအပြီး၌ ရီဖူရှင်းကား အတန်ကြာ ပြိုလဲခဲ့ကာ သတိလစ်နေခဲ့သည်။ ယခု သူက သူကိုယ်တိုင် မခံနိုင်သော စွမ်းအားတစ်ခုကို ထုတ်ဖော်ခဲ့ပြန်သည်။ သူ၏တပည့်က မည်သို့ အသက်ဆက်ရှင် နေသည်ကိုပင် ထောင်ကျန်း နားမလည်ပေ။

အခြေခံအသိပညာ ဗဟုသုတများအရ ဆိုပါလျှင် ရီဖူရှင်းကား သူ၏စွမ်းအားကို အချိန်တို တစ်ခုအတွင်း လွန်ကဲစွာ သုံးစွဲခဲ့သည်။ အချိန်တိုတစ်ခု ဖြစ်သော်လည်း ထိုအခြေအနေတွင် ရီဖူရှင်း၏ စိတ်အသိမှာ ပျက်စီးခြင်းသော် လည်းကောင်း မသန်စွမ်းသော် လည်းကောင်း ဖြစ်နိုင်ပေသည်။

ထောင်ကျန်းက သူ၏တပည့်အား ထိုသို့ မလုပ်စေလိုပေ။

ကျောက်ပြည်ထောင် ဘုရင်လည်း ထိုသို့ ခံစားမိသည်။ ရီဖူရှင်းက ဤသို့သော စွမ်းအားကို နှစ်ကြိမ်အထိ မည်သို့ ထုတ်နိုင်ရသနည်း။ သို့သော်လည်း လက်ရှိ အခြေအနေတွင် သူ့အနေဖြင့် သည်ကိစ္စကို စုံစမ်းရမည့် အချိန်မဟုတ်ပေ။ သူက အလွန်အမင်း အေးစက်စွာဖြင့် ရီဖူရှင်းအား ကြည့်သည်။

ကျောက်ပြည်ထောင် ဘုရင်က ဘာမှ မပြောပေ။ သည်ကဲ့သို့သော အခြေအနေတွင် သူပြောသမျှ စကားတစ်ခွန်းက ကြီးမားသော သက်ရောက်နိုင်စွမ်း ရှိပေသည်။

ခြိမ်းခြောက်မှုတစ်ခု…

အမိန့်တစ်ခု…

ထိုအရာများ အားလုံးက အဓိပ္ပာယ်မဲ့စေသည်။ သူက ရီဖူရှင်းကိုသာ စကားပြောစေလို၏။

“တကယ်လို့ ခင်ဗျား ကျောက်ပြည်ထောင်ကို ပြန်ရင် သူတို့ကို အသက်ရှင်ခွင့်ပေးမယ်…” လူဝံနတ်ဘုရားက ပြောသည်။ သူက ကျောက်ဟောင်နှင့် တခြားလူများအား တိုက်ရိုက် သတ်ဖြတ်နိုင်သည်။ အင်ပါယာရှား၏ စည်းမျဉ်းအရ ကျောက်ပြည်ထောင် ဘုရင်ကား တားဆီးနိုင်စွမ်း မရှိပေ။ သို့သော်လည်း ရီဖူရှင်း၏ အမြင်တွင် သူ၏ဆရာ အသက်မှာ ကျောက်ဟောင်တို့ထက် များစွာ တန်ဖိုး ကြီးမားပေသည်။

ကျောက်ပြည်ထောင် ဘုရင်၏ မျက်နှာက အလွန် တင်းမာသွားသည်။ သူက ရီဖူရှင်း၏ စကားကိုကြားသည်တွင် ထောင်ကျန်းမှာ ရီဖူရှင်းအတွက် မည်မျှ အရေးပါသည်ကို သိလိုက်သည်။

“မင်းတို့ သေမှာ ကြောက်လား…” ကျောက်ပြည်ထောင် ဘုရင်က ကျောက်ဟောင်၊ ကျောက်ရာနှင့် ကျောက်ယိုတို့အား မေးသည်။

ဘုရင်မင်းမြတ်၏ စကားတွင် အားလုံးမှာ အေးစက် တောင့်တင်း သွားကြရ၏။ သူက သူ၏သားများအား သေမှာ ကြောက်သလောဟု မေးသည်။

မှန်သည်… သူတို့ ကြောက်ရွံ့ပေသည်။

သည်လောကတွင် သေမှာ မကြောက်သော သတ္တဝါ မရှိပေ။

အကယ်၍ တစ်စုံတစ်ယောက်က သေခြင်းတရားကို မကြောက်ဟု ပြောခဲ့လျှင် သူ့နှလုံး၌ သေခြင်းတရားထက် ပိုအရေးပါသော တစ်စုံတစ်ခု အတွက်သာ ဖြစ်ပေလိမ့်မည်။

ကျောက်ဟောင်တို့အတွက် ထိုသို့ အရေးပါသည့် တစ်စုံတစ်ခု မရှိသည်မှာ ထင်ရှားရာ သူတို့ သေမှာ ကြောက်ပေသည်။

သို့သော် သူတို့က ကျောက်ပြည်ထောင် ဘုရင်၏ ထွင်းဖောက်မတတ် မျက်လုံများကိုမြင်လျှင် သူတို့ကြောက်သည်ဟု မပြောနိုင်တော့ပေ။

ဘုရင်တွင် သားများစွာ ရှိပေသည်။ အကယ်၍ သူတို့သာ အသုံးမကျပါက ဘုရင်က ထိုသားများကို စွန့်လွှတ် ပေလိမ့်မည်။

“သူတို့ဘက်ကလည်း အရေးကြီးတဲ့လူတွေ ဆုံးရှုံးရတယ် ဆိုရင်က ဒါက ပြဿနာမရှိဘူး…” ကျောက်ရာက အေးစက်စွာ ပြောသည်။ သူက အားပြည့် အင်ပြည့် ပြောလိုက်သော်လည်း သူ၏စိတ်နှလုံးမူကား တုန်ယင်နေသည်။ ကျောက်ပြည်ထောင် ဘုရင်က ရှင်းလင်းစွာ မပြောသော်လည်း သူကား ဆက်ခံသူဖြစ်ရန် အဖြစ်နိုင်ဆုံးပင်။ သူ့အဖေ၏ ရည်ရွယ်ချက်ကိုလည်း သူနားလည်သည်။ အကယ်၍ သူ၏အဖေက ရီဖူရှင်း၏ ခြိမ်းခြောက်မှုကို လက်ခံလိုက်ပါက သူတို့ကား အမှန်အကန် ရှုံးနိမ့်ပေပြီ။

“တကယ်လို့ မင်းတစ်ခုခုဖြစ်ရင် ထောင်ကျန်းနှင့် မြေရိုင်းပြည်နယ်က လူတွေ အကုန်လုံးကို မင်းနဲ့အတူ မြှုပ်ပေးမယ်…” ကျောက်ပြည်ထောင်ဘုရင်၏အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ သူက လက်ကို ရုတ်တရက် ဆန့်တန်းလိုက်ကာ ထောင်ကျန်းထံသို့ တိုးဝင်သွားသည်။

ထောင်ကျန်းကလည်း ပြင်းထန်စွာ ခုခံတိုက်ခိုက်၏။ သို့သော်လည်း အဆုံးအစမဲ့သော စွမ်းအားက သူ၏ခန္ဓကိုယ်ကို ဖြတ်သန်းသွားကာ သူ၏ထွားကျိုင်းသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သည်။ သူ၏ပါးစပ်မှ သွေးတစ်ပွက် အန်ကျ၏။

ကျောက်ပြည်ထောင် ဘုရင်၏ ဖိအားမှာ ပိုမို၍ ပြင်းထန်လာသည်။ ထောင်ကျန်းကား အချိန်မရွေး ပြိုလဲတော့မည့် အခြေအနေတွင် ရှိပေသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ အသည်းစိုင်များပင် အေးခဲရ၏။ တော်ဝင် မိသားစုများထဲ၌ ကျောက်ပြည်ထောင် ဘုရင်တစ်ခုတည်းသာ ထိုမျှ ရက်စက်ပေသည်။ သူကား သူ၏ သားသမီးများကိုပင် တန်ဖိုးမထားပေ။

ကျောက်ဟောင်ကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင်ဖြစ်သလို ကျောက်ရာကား သူ၏ထီးနန်း ဆက်ခံသူဖြစ်သည်။ ထိုသားများမှာ သူတန်ဖိုးထားရသော သားများလည်း ဖြစ်သည်။ သို့သော်လည်း အကယ်၍ သူ၏သားများသာ ဆံပင်တစ်ပင်ပျက်စီးလျှင် သူ၏ဆရာအား သတ်ဖြတ်မည်ဟု ကျောက်ပြည်ထောင် ဘုရင်က ပြောသည်။

ဆိုလိုသည်က ကျောက်ပြည်ထောင် ဘုရင်ကား သူတို့ကို အလုံးစုံ လျစ်လျူရှုထားသည် မဟုတ်ပေ။ သူက အောက်စည်း ရောက်မည်ကို မလိုလားသော ကြောင့်သာ ဖြစ်သည်။

လူဝံနတ်ဘုရားက ရုတ်တရက် သူ၏လက်များကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သည်တွင် အရိုးကျိုးသံသဲ့သဲ့ ကြားကြရသည်။ ရီဖူရှင်း၏ အမူအရာက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေ၏။

အသည်းခိုက်အောင် နာကျင်စွာ အော်ဟစ်သံများ ထွက်လာသည်။ ကျောက်ရာတို့က ပြန်လည်ခုခံ လိုသော်လည်း ကြီးမားသော ခွန်အားအောက်တွင် သူတို့၏ လည်ပင်းရိုးများမှာ တစ်စ ကျိုးအက် လာကြတော့သည်။ ထိုအရာကား အဆိုးဝါးဆုံးသော ကံကြမ္မာလည်း ဖြစ်၏။

“ကျုပ်ဆရာ တစ်ခုခု ထိခိုက်ရင် သူတို့နှစ်ဆ ထိခိုက်စေရမယ်…” အေးစက်သော အသံတစ်သံက လူဝံနတ်ဘုရားထံမှ ထွက်ပေါ်လာသည်။ ရီဖူရှင်းကလည်း လက်မလျှော့ဘဲ ကစားပွဲကို ဆက်သည်။

ကျောက်ပြည်ထောင် ဘုရင်က သူ၏သားများကို ကြည့်သည်။ ရီဖူရှင်းကား သူတွေးထားသည်ထက် ရက်စက် ကြမ်းကြုတ်ကာ ပြဿနာ ပေးသည်။

“မင်းက ငါနဲ့အတူ ကျောက်ပြည်ထောင်ကို လိုက်ခဲ့ရင် ငါသူ့ကို လွှတ်ပေးမယ်…” ကျောက်ပြည်ထောင် ဘုရင်၏ ဖိအားက ပိုမို ပြင်းထန်လာသည်။ သူက ရီဖူရှင်း၏ တောင်းဆိုမှုဖြင့် ကျောက်ပြည်ထောင်သို့ ပြန်လိုက်ပါက သူကား သည်တိုက်ပွဲတွင် အလုံးစုံ ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ကျောက်ဟောင်နှင့် တခြားလူများ အသက်ရှင်မည် ဟုလည်း မည်သူက အာမခံနိုင်ပါသနည်း။

“မဖြစ်ဘူး…” ရီဖူရှင်း မဖြေခင်မှာပင် ထောင်ကျန်း၏ တင်းမာ ခက်ထန်သော အသံအား ကြားကြရသည်။ သည်ကိစ္စတွင် ဆွေးနွေးနေစရာ မရှိပေ။ ရီဖူရှင်းဖြင့် မည်သို့ အလှဲအလှယ် လုပ်ရမည်နည်း။

သူသာ ဤနေရာတွင် အသေခံလိုက် ပေမည်။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ထောင်ကျန်းအား အေးစက်စွာ ကြည့်သည်။ သူက ရီဖူရှင်းအား စမ်းသပ်နေခြင်းသာ ဖြစ်သည်။ ရီဖူရှင်းက သဘောတူမည်ဟု သူလည်း မတွေးပေ။

“ဒါဆိုလည်း ငါက အဲဒီ မိန်းကလေးကို လိုချင်တယ်… မရဏဓားဝင်္ကပါ…” သူက အေးစက်စွာ ပြောသည်။

သူ ပြောသော မိန်းကလေးမှာ ရာရာ ဖြစ်သည်။

သူ၏တောင်းဆိုမှုမှာ အမှန်တကယ်အားဖြင့် လွန်ကဲပေသည်။ ရီဖူရှင်းက ထိုတောင်းဆိုမှုကိုလည်း လက်ခံမည် မဟုတ်ပေ။ သို့သော်လည်း ဤအခြေအနေတွင် ရီဖူရှင်းသာ တွေဝေခဲ့ပါက သူနှင့် ကျေးရွာ ခေါင်းဆောင်တို့အကြား အက်ကြောင်းများ သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ယခုကား ကျေးရွာ ခေါင်းဆောင်မှာ တော်ဝင်ကျဲနန်းတော်၏ စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်ဖြစ်သည်။ ထောင်ကျန်းကို လွှတ်ကာ ကျေးရွာ ခေါင်းဆောင်အား ဖြတ်တောက်ခြင်းမှာ သူတို့အတွက် အလွန်ဆိုးဝါးသော ဆုံးဖြတ်ချက် ဖြစ်သည်။

“ကျုပ် မလုပ်နိုင်ဘူး…” ရီဖူရှင်းက ပြောသည်။ သူ တွန့်ဆုတ်ခြင်းပင် မရှိပေ။ သူအမှန်တကယ် မလုပ်နိုင်ပေ။ တခြား အရေးကိစ္စများကို ဖယ်၍ သူ၏ဆရာကို ရာရာ၏အသက်ဖြင့် လှဲလှယ်ခြင်းကိုပင် သူမလုပ်နိုင်ပေ။

“ဒါဆို မင်းက သူ့ကို သေစေချင်တာလား…” ကျောက်ပြည်ထောင် ဘုရင်၏ အမူအရာမှာ အလွန်အမင်း အေးစက်လာသည်။

“ဆရာ… တပည့် မတတ်နိုင်တော့ပါဘူး… တကယ်လို့ ဆရာသာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော် လုပ်နိုင်တာက မြေရိုင်းပြည်နယ်က အင်အားစုတွေ အကုန်လုံးကို စုစည်းပြီး ကျောက်ပြည်ထောင်ကို သွားတိုက်ခိုက်တာပဲ… ဆရာ့အတွက် ကျွန်တော် ကောင်းကောင်း လက်စားချေ ပေးပါ့မယ်…” ရီဖူရှင်း၏ ဆွေးမြည့်သော လေသံက အားကောင်းစွာ ထွက်ပေါ်လာသည်။

“ကောင်းတယ်…” ထောင်ကျန်းက ကျေနပ် အားရဟန်ဖြင့် ပြောသည်။ သူကား မားမားမတ်မတ် ရပ်နေဆဲဖြစ်ကာ ဝင့်ကြွားစွာဖြင့် ပြောသည်… “ဖူရှင်း… မင်းလုပ်နိုင်တာ အကုန်လုပ်ပြီးပြီ… ငါ့အတွက်ကတော့ ငါလုပ်ခဲ့တာတွေ အတွက်လည်း ငါ အားရကျေနပ်တယ်… နန်းတော် အပြင်မှာ ကတည်းက ငါက သေလူပဲ… ပြီးတော့ အခု ငါက အလိုလား အတောင့်တဆုံး ဖြစ်တဲ့ တော်ဝင်လမ်းကိုလည်း ရခဲ့ပြီ… ငါ့အတွက် အရှုံးမရှိဘူး… မင်းက ကျောက်ပြည်ထောင်ကို ပြာပုံဖြစ်အောင် လုပ်နိုင်တဲ့နေ့မှာ ငါ့အတွက် များများသတ်ပေး…”

“သေချာတာပေါ့…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူတို့နှစ်ယောက်အကြား ပြောစကားများမှာ ကျောက်ပြည်ထောင် ဘုရင်နှင့် ကျောက်ရာတို့ထက် သူရဲကောင်းဆန် ပေသည်။ ထောင်ကျန်းနှင့် ကျောက်ရာတို့မှာလည်း ကွဲပြား ခြားနားပေသည်။ တော်ဝင် စစ်ပွဲတွင် ထောင်ကျန်းကား စစ်ပွဲ၏ အဓိကအခန်း ကဏ္ဍ၌ ပါဝင်ခဲ့ကာ သူ၏အသက်ကိုရင်း၌ တိုက်ခိုက်ခဲ့သည်။ သူ့အတွက်ကား သူ့စိတ်နှလုံး ယုံကြည်မှုမှာ အသက်ထက် အရေးပါပေသည်။

အားလုံးမှာ တိတ်ဆိတ်နေသည်။ ကျယ်ပြန့်သော ပတ်ဝန်းကျင် တစ်ခုလုံးကား တိုက်ပွဲ ဖြစ်ပွားနေသည်နှင့်ပင် မတူတော့ပေ။ မရေမတွက်နိုင်သော လူများက ရှန့်ထိုနှစ်ပါးကို ကြည့်နေကြသည်။

ကစားပွဲမူကား ကျောက်ပြည်ထောင် ဘုရင်နှင့် တော်ဝင်ကျဲနန်းတော် ခေါင်းဆောင် ရီဖူရှင်းတို့က ပါဝင် ကစားနေကြသည်။

လေပြင်းမှာ ဆေးမြည့်ကြေကွဲဖွယ် ခံစားချက်များကို ပေးကာ အူထဲ အသည်းထဲအထိ အေးစက်စေသည်။

ထိုစဉ် နောက်တစ်ယောက် ရှေ့ကို တက်လာသည်။ အားလုံးက လှမ်းကြည့်ကြလျှင် သူကား ရှားကလန် တန်ခိုးရှင် တစ်ယောက် ဖြစ်နေသည်။ သူက အားလုံးကို ကြည့်ကာ ပြောသည်… “တော်ဝင်စစ်ပွဲက ပိုပြီး ပြင်းထန်လာပြီ … အားလုံးက တူညီတဲ့ အခြေအနေ တစ်ခုကို ရောက်နေတယ်… ဘာလို့ ထင်ပြီး မဆွေးနွေးမှာလဲ…”

လက်ရှိ အခြေအနေကို အားလုံးက နားလည်ကြပေသည်။ နှစ်ဖက်လုံးမှာ သူတို့၏ နောက်ဆုံးစည်းအား မဖောက်ရဲကြပေ။

သူတို့က ထိုအတွက် ပေးဆပ်မှု မလုပ်လိုကြပေ။

တော်ဝင်ကျဲနန်းတော်မှ ပေးရမည့် တန်ဖိုးမှာ ထောင်ကျန်းဖြစ်ပြီး ကျောက်ပြည်ထောင်မှ ပေးရမည့် တန်ဖိုးမှာ ဘုရင်၏အလေးထားရသော သားများဖြစ်သည်။

ကျောက်ပြည်ထောင် ဘုရင်နှင့် ရီဖူရှင်းတို့က ဘာမှ မပြောပေ။ အရာအားလုံးက တင်းမာ ခက်ထန်နေဆဲ ဖြစ်သည်။

“အင်ပါယာရှားရဲ့ အမိန့်တော်အောက်မှာ တော်ဝင်မြေတွေက အသေအကြေ တိုက်ခိုက်ကြတယ်… မရေမတွက် နိုင်တဲ့လူတွေ သေကျေကြတယ် … ရှားကလန်က ဒီတော်ဝင်စစ်ပွဲမှာ ကြားဝင် ညှိနှိုင်းပေးချင်တယ်… ပြည်နယ်ကိုးခု တမန်တော်ကို ဖိတ်ကြားပြီးတော့ အရာအားလုံး အာမခံချက် ရအောင်လည်း လုပ်ပေးနိုင်တယ်… ခင်ဗျားတို့ စိတ်ဝင်စားလား…” ရှားကလန်မှ အဘိုးအိုက ပြောသည်။

သို့သော်လည်း စစ်ပွဲမှာ လက်ရှိ အခြေအနေသို့ ရောက်လာပြီးဖြစ်ရာ ညှိနှိုင်း ဖျန်ဖြေခြင်းမှာ အသုံးမဝင်ကြောင်း အားလုံးက သိနားလည် ကြပေသည်။

ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့အကြား တိုက်ပွဲမှာ မည်သည့်အခါမှ အဆုံးသတ်မည် မဟုတ်ပေ။

ကျောက်ပြည်ထောင် ဘုရင်၏ စိတ်နေ သဘောထားအရ သူက ရီဖူရှင်းနှင့် တော်ဝင်ကျဲ နန်းတော်တို့အား မည်သည့်နည်းနှင့်မျှ လွှတ်ပေးမည် မဟုတ်သလို ရီဖူရှင်း၏ လုပ်နည်း လုပ်ဟန်ကလည်း ပိုမိုကြမ်းကြုတ် ပေ၏။ တစ်နေ့ သူက ရှန့်ထို ဖြစ်လာမည်ဆိုလျှင် အရာအားလုံး ဖြစ်သွား နိုင်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset