Switch Mode

အပိုင်း (၈၇၇)

ရုန့်ရင်းကြမ်းတမ်းခြင်း

ပြည်နယ်ကိုးခု မြို့တော်နှင့် အလွန်ဝေးကွာသော အရပ်၌ ပြည်နယ်လေးခု နယ်စပ် အကြားတွင် တိတ်ဆိတ်ကာ ငြိမ်သက်နေသော ကျေးရွာတစ်ရွာ ရှိပေသည်။

ထိုကျေးရွာကား သင်္ချိုင်းကုန်းကျေးရွာ ဖြစ်ပေသည်။ ယခင်နှင့် ကွဲပြား ခြားနား သွားသည်ကား ယခု ကျေးရွာတွင် အခြေချနေထိုင်သူများ အားလုံးမှာ တော်ဝင်ကျဲ နန်းတော်သို့ ပြောင်းရွှေ့ သွားကြပြီဖြစ်သည်။ ယခင်တစ်ခေါက် ကိစ္စဖြစ်ပြီးသည်တွင် တခြား တော်ဝင်မြေများက မရဏတောင်ပေါ်သို့ တက်ရောက်ရန် ကြိုးစားခဲ့ကြသော်လည်း ဘေးဥပါဒ်များမှအပ တခြား အကျိုးတစ်စုံတစ်ရာ မရရာ မည်သူမှ အသက်ကိုရင်း၍ တောင်၏ အတွင်းပိုင်းသို့ မဝင်ရောက် ကြတော့ပေ။

အချို့သော လူများက ကျေးရွာကို လာရောက် ကြည့်ရှုကြသော အခါတွင်လည်း ကျေးရွာကား လူသူမနေတော့သော ရွာဟောင်းရွာပျက် အဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်ကိုသာ တွေ့ကြ ရပေတော့သည်။

မရဏတောင်၏ တားမြစ် အတွင်းစည်းတွင်ကား မရေမတွက်နိုင်သော အုတ်ဂူများ တည်ရှိကာ သန်းပေါင်း များစွာသော ဓားများ မြေပြင်ပေါ်၌ စိုက်ဝင်နေသည်ကို မြင်ကြရသည်။

တားမြစ်နယ်မြေ၏ အတွင်းပိုင်း အကျဆုံး နေရာကား စစ်တုရင်ရှန့်ထို ဆုံးပါးခဲ့သောနေရာ ဖြစ်ပေသည်။ ထိုနေရာတွင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော ဓားမျက်လုံးအား တွေ့ရမည် ဖြစ်သည်။ မျက်လုံးထံမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ဖြာထွက်နေကာ အောက်တွင် ထိုင်နေသော ပုံသဏ္ဌာန်တစ်ခုထံသို့ စီးဆင်းနေသည်။

ထိုပုံသဏ္ဌာန်မှာ မိန်းကလေးတစ်ဦး ဖြစ်ပြီး အသက် ၁၆နှစ်ခန့် ရှိသည်။ သူမအား ဓားအသိများ စီးဆင်းနေပြီး တော်ဝင် အလင်းများက သူမထံမှ ဖြာထွက်နေ၏။

ပတ်ဝန်းကျင်မှ ဓားများမှာလည်း သူမတစ်ယောက်တည်း အတွက် ငြိမ်သက် နေကြဟန်ရသည်။

မိန်းကလေးကား ရာရာဖြစ်သည်။ သူမက မရဏတောင်တွင်ပင် ကျန်နေရစ်ကာ သူမ၏ မိဘအုတ်ဂူများအား အဖော်ပြုနေခဲ့၏။

ပြီးခဲ့သည့် နှစ်အတွင်း သူမ၏ ရုပ်ရည်မှာလည်း အလွန် ပြောင်းလဲခဲ့ဟန် ရသည်။ သူမထံတွင် ကလေးဆန်သော အငွေ့အသက်များမှာ ပိုမိုနည်းပါးလာခဲ့ပြီး အသက်အရွယ်နှင့် မလိုက်သော အေးစက်မှုများကို ခံစားနိုင်ပေသည်။

သို့သော်လည်း အပြောင်းအလဲ အကြီးမားဆုံးမှာ သူမ၏ တန်ခိုးအဆင့် ဖြစ်ပေသည်။ တစ်နှစ်ဟူသော ကာလတိုအတွင်း သူမကား နိုဘယ်အဆင့်မှသည် ကွန်းရှီအဆင့်သို့ တက်လှမ်းခဲ့၏။ သူမ၏ တန်ခိုးကျင့်ကြံခြင်း အမြန်နှုန်းမှာ မြန်ဆန်လွန်းရကား ယုံနိုင်ဖွယ်ပင် မရှိပေ။

ထိုအခိုက်တွင် သူမက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် မျက်တောင်များက ကွေးညွတ် သွားသည်။ သူမက မျက်လုံး ဖွင့်လိုက်သည်တွင် ဓားအလင်းတစ်ခုက သူမ၏မျက်လုံးထဲ ဖြတ်ပြေး သွားသည်။ ထို့နောက် ပုံရိပ်မျက်နှာပြင်တစ်ခုက သူမ၏ရှေ့တွင် ဖြစ်ပေါ်လာသည်။

ထိုပုံရိပ်ထဲတွင် စစ်ပွဲတစ်ခု ဖြစ်ပေါ်နေပြီး နေရာကား ပြည်နယ်ကိုးခု စင်မြင့်တွင် ဖြစ်သည်။

ထိုပုံရိပ်ကား ကျေးရွာ ခေါင်းဆောင်၏ ဓားမှတစ်ဆင့် ရောက်လာခြင်း ဖြစ်ကာ ပုံရိပ်ထဲ၌ ကျောက်ပြည်ထောင် ဘုရင်အားလည်း မြင်သည်။ ထိုအခိုက်၌ သူမ၏မျက်လုံးများက ရေခဲတမျှ အေးစက် သွားသည်။

ထို့နောက် တိုက်ခိုက်သူများ အထဲတွင် ရီဖူရှင်းကိုလည်း မြင်သည်။

“အစ်ကို…” ရာရာက တိတ်ဆိတ်စွာ ရေရွတ်သည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် တိတ်ဆိတ်နေသော ဓားများအားလုံး ပြင်းထန်စွာ လှုပ်ယမ်းကြ၏။

***

ပြည်နယ်ကိုးခု မြို့တော်မှ မရေမတွက်နိုင်သော လူများမှာ ကောင်းကင်ထက်တွင် ကြီးမြတ် ထည်ဝါစွာ ရပ်နေသော ကျောက်ပြည်ထောင် ဘုရင်အား ကြည့်ကြသည်။

“မင်းက ငါ့ကို တားနိုင်မယ်လို့ ထင်လား…” ကျောက်ပြည်ထောင် ဘုရင်က ကျေးရွာ ခေါင်းဆောင်ကို အေးစက်စွာဖြင့် ပြောသည်။ ကောင်းကင်တွင် ရွှေဖီးနစ်မှာ လင်းလက်တောက်ပ နေသည်။

ကျောက်ပြည်ထောင် ဘုရင်ကား နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့ကာ ကောင်းကင် လှေကားသို့ တစ်ကြိမ် တက်ရောက် ဖူးပေသည်။ သူကား ရှန့်ထိုပထမအဆင့်၌ မဟုတ်တော့ပေ။

ထို့ကြောင့် ကျေးရွာ ခေါင်းဆောင်မှာ အာကာသဓာတ်ကို ကျွမ်းကျင် ပိုင်နိုင်သည့်တိုင် သူ၏ပြိုင်ဘက် မဟုတ်ပေ။ ထောင်ကျန်းမူကား ယခုမှ ရှန့်ထိုအဆင့်သို့ တက်လှမ်းခြင်း ဖြစ်ရာ ကျောက်ပြည်ထောင်ကို ယှဉ်နိုင်စရာ မရှိပေ။

“ထောင်ကျန်း… ထွက်သွားတော့…” ကျောက်ပြည်ထောင် ဘုရင်က သူ၏ဓားစကြာမှ သည်အတိုင်း ဖြတ်ကျော် လာခဲ့သည်ကို မြင်လျှင် ကျေးရွာ ခေါင်းဆောင်မှာ ကျောက်ပြည်ထောင် ဘုရင်အား မယှဉ်နိုင်သည်ကို နားလည် လိုက်သည်။ သူကား အာကာသဓာတ်ကို ကျွမ်းကျင်ရာ ကျောက်ပြည်ထောင် ဘုရင်ကို မနိုင်သည့်တိုင် ထွက်သွားရန်လည်း မခက်ပေ။

“ထွက်သွားမှာတဲ့လား…” ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများက ငေါ့တော့တော့ အမူအရာ ပေါ်လာသည်။ သူကား ပြည်နယ်ကိုးခု မြို့တော်တွင် ထောင်ကျန်းအား သတ်ဖြတ်ရန် သတ်ဖြတ်ရန် တောက်လျှောက် စောင့်နေခဲ့သည်။

ယခု ကျောက်ပြည်ထောင်ကား ရှီအဆင့်များ တိုက်ပွဲတွင် တော်ဝင်ကျဲ နန်းတော်ကို အရေးနိမ့်နေရာ ထောင်ကျန်းအား သတ်နိုင်မည့် အခွင့်အရေးအား သူမည်သို့ လက်လွှတ် ခံမည်နည်း။

ကျောက်ပြည်ထောင် ဘုရင်က လက်ကို လှုပ်ယမ်း လိုက်သည်တွင် အဆုံးအစမဲ့သော အလင်းတန်းများ သူ့နောက်မှ ထွက်ပေါ်လာသည်။ လေထဲတွင် အလွန် လှပခန့်ညားသော သားရဲတစ်ကောင် ပေါ်လာကာ ကောင်းကင်ထက်မှ ဖီးနစ်နှင့် သွားရောက် ပေါင်းစပ်သည်။ ထိုအရာကား သူ၏ သက်စောင့်ဝိညာဉ် ဖြစ်ကာ ယခု ဖီးနစ်ငှက်မှာ ယခင်ကထက် များစွာ အားကောင်းသွားဟန် ရသည်။

ကျောက်ပြည်ထောင် ဘုရင်က ရုတ်တရက် လက်ဝှေ့ယမ်း လိုက်သည်။ ပြင်းထန်သော မဟာလမ်းစဉ် စွမ်းအားများ စီးဆင်းလာခဲ့ကာ ဧရာမဖီးနစ်ငှက်ကြီးက သူ၏လက်သည်းဖြင့် လှမ်း၍ ကုတ်ခြစ် တိုက်ခိုက်လိုက်သည်။

ကျေးရွာ ခေါင်းဆောင်ထံမှ အလင်းတစ်ချက် လက်သွားကာ မူလနေရာမှ ပျောက်ကွယ် သွားပြီး ထောင်ကျန်းဘေးကို ရောက်လာကာ ထိုနေရာမှ ထွက်သွားရန် ဟန်ပြင်သည်။

သို့သော်လည်း ကောင်းကင်ထက်မှ ရွှေဖီးနစ်က တစ်ဖန် လက်သည်းဖြင့် ကုတ်ခြစ် တိုက်ခိုက်လိုက်သည်တွင် မဟာလမ်းစဉ် စွမ်းအားမှာ မုန်တိုင်းအလား ရိုက်ခတ်လာပြီး သူတို့ထံကို ဖြန့်ကြက် ရောက်လာသည်။

နတ်ဘုရားဓားက လေထဲတွင် လှုပ်ယမ်းခါသည်။ ဓားစကြာတစ်ခု ဖြစ်ပေါ်လာပြီး လေထဲတွင် ပြင်းထန်စွာ လည်ပတ်လျက် အရာအားလုံးကို ခြေဖျက်ရန် ကြိုးစား၏။

“ဘုန်း…”

ဧရာမရွှေဖီးနစ်က သူ၏အတောင်ပံကို ရိုက်ခတ်လိုက်လျှင် ငှက်တောင်မွေးများက အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ အောက်ကို ဆင်းသက် လာကြသည်။

ကျောက်ပြည်ထောင် ဘုရင်က ဖီးနစ်ငှက်ရှေ့ကို တက်လာကာ သူ၏လက်ကို ဆန့်တန်းလိုက်ပြီး တစ်ဖက် ရန်သူများအား မုန်တိုင်းထဲတွင် ပိတ်ဆို့ရန် ကြိုးစားသည်။

ကျေးရွာ ခေါင်းဆောင်၏ မျက်လုံးများတွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်လာပြီး ဓားစကြာက လေထဲတွင် ပြင်းထန်စွာ ဆက်လက် လှည့်ပတ်သည်။ သူက အပေါ်မှ တိုက်ခိုက်မှုကို မြင်ကာ ရှောင်ဖယ် လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ထက်မှ ဓားက ရောက်လာသော လက်သည်းချက်ဖြင့် ရင်ဆိုင်တွေ့သည်။ ထို့နောက် ဆက်တိုက်ပင် ငှက်တောင်များအား အဆက်မပြတ် ဖျက်ဆီးရန် ကြိုးစားသည်။ သူက လက်ဝှေ့ယမ်း လိုက်သည်တွင် ဓားစကြာက သူ၏လက်ထဲကို ရောက်လာပြီး ကောင်းကင်ထက်မှ ဖီးနစ်ထံသို့ ခုန်တက်သွားကာ သူ၏ ခန္ဓာကိုယ်အား ထွင်းဖောက်ရန် ကြိုးစား၏။

ရွှေဖီးနစ်က သူ၏အတောင့်ပံကို ဖြန့်ကာ ပြန်ပိတ် လိုက်သည်။ ထွက်ပေါ်လာသော သားမွေးများ အားလုံးမှာ အထက်ရှဆုံးသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး များစွာသော သားမွေးများက ကျေးရွာ ခေါင်းဆောင်ထံသို့ ဦးတည် သွားကြသည်။

လေဟာနယ်ဓာတ်မှာ အလွန် အားကောင်းသည် မှန်သော်လည်း တန်ခိုးအဆင့် နိမ့်ခြင်းကား ကျေးရွာ ခေါင်းဆောင်မှာ ကျောက်ပြည်ထောင် ဘုရင်နှင့် ထိပ်တိုက် ရင်ဆိုင်လျှင် ရှုံးနိမ့်မည် သေချာပေ၏။

ထိုအခိုက်တွင် ကျောက်ပြည်ထောင် ဘုရင်ကိုယ်တိုင်က ထောင်ကျန်းထံကို လျှောက်လာသည်။ မဟာလမ်းစဉ် စွမ်းအားက ပတ်ဝန်းကျင် တစ်ခုလုံးအား လောင်ကျွမ်းလာနေဟန် ရသည်။ သူက ထောင်ကျန်းအား ကြည့်ကာ အေးစက်စွာ ပြောသည်… “မင်းက နတ်ဘုရားပြစ်ဒဏ်ကို ခံယူဖို့ မဆုံးဖြတ်ခဲ့ရင် ဒီလို ကံကြမ္မာဆိုး ဝင်စရာမရှိဘူး…”

သူက လက်ဆန့်တန်း လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက သူ၏လက်ကို ဖြတ်သန်း စီးဆင်းလာသည်။

ထောင်ကျန်းကား တည်ငြိမ်နေသည်။ သူ၏ရုပ်ခန္ဓာကား ရှန့်ထိုဖြစ်လာခဲ့ကာ သူရွေးချယ်ခဲ့သော လမ်းစဉ်လည်း ဖြစ်သည်။ ကျောက်ပြည်ထောင် ဘုရင်၏ မဟာလမ်းစဉ် မီးတောက်ပင် သူ့အား လောင်ကျွမ်းရန် တတ်နိုင်မည် မဟုတ်ပေ။

“ကျုပ်စိတ်က ပြီးပြည့်စုံခဲ့လို့ ရှန့်ထိုဖြစ်လာခဲ့ပြီ… ကျုပ်က ဒီစစ်ပွဲမှာ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကျောက်ပြည်ထောင် ကတော့ သမိုင်းမှတ်တမ်း အနေနဲ့ပဲ ကျန်နေရစ်လိမ့်မယ်…” သူ၏ ရှိရှိသမျှသော စွမ်းအားများကို လောင်ကျွမ်းကာ ထောင်ကျန်းက ကျောက်ပြည်ထောင် ဘုရင်ထံသို့ လျှောက်သွား လိုက်သည်။

သူကား မိမိ၏ ယုံကြည်မှုကို ဆုပ်ကိုင် ထားနိုင်သရွေ့ ဘာမှ ကြောက်စရာ မရှိပေ။ တော်ဝင်ကျဲနန်းတော် အပြင်ဘက် တိုက်ပွဲ၌ပင် သူတို့ကား အင်အား အဆမတန်သာသော ကျောက်ပြည်ထောင် စစ်တပ်အား အနိုင်ယူခဲ့ကြသည်။

လေထဲတွင် အလင်းရောင်များ ဖြာထွက် လာသည်။ နတ်ဘုရားအလား သူ၏ တိုက်ခိုက်ရေးပုံစံက ကျောက်ပြည်ထောင် ဘုရင်ထံသို့ ပြေးသွားသည်တွင် အားလုံးမှာ တုန်လှုပ် ကြရသည်။

ထောင်ကျန်းကား အလွှမ်းမိုးခံသူ မဟုတ်သလို သူရဲဘောကြောင်သူလည်း မဟုတ်ပေ။

ထောင်ကျန်း၏ ခန္ဓာကိုယ်က ကျောက်ပြည်ထောင် ဘုရင်ထံသို့ တိုက်ရိုက် ပြေးလွှားသွားကာ လေထုကိုခွင်း၍ လက်သီးဖြင့် ထိုးနှက် တိုက်ခိုက်သည်။

ထို့အတူ ကြောက်မက်ဖွယ် ကောင်းသော မဟာလမ်းစဉ် စွမ်းအားက သူ၏လက်မှတစ်ဆင့် ဧရာမဖီးနစ်ပုံရိပ်အဖြစ် ပြောင်းလဲသွားကာ ထောင်ကျန်းထံသို့ တိုက်ရိုက် တိုးဝင်သွား၏။

နှစ်ယောက်လုံးက ပြင်းထန်စွာ ရင်ဆိုင် တိုက်ခိုက်ကြသည်တွင် အားလုံး မြင်နိုင်သည်ကား အလင်းပေါက်ကွဲမှုများ ကိုသာ ဖြစ်သည်။ နှစ်ယောက်လုံးမှာ ရှန့်ထို အရောင်အဝါများ ထွန်းလင်း နေကြ၏။

ထောင်ကျန်း၏ ခန္ဓာကိုယ်အား အလင်းစက်ကွင်းတစ်ခု ဖြစ်ပေါ်လာကာ သူ့အား စစ်နတ်ဘုရားတစ်ပါး အလား ထင်မြင်ရစေသည်။ ကောင်းကင်က တုန်ယင်သွားကာ သူ့လက်သီး ထိုးချက်များက ထောင်ပေါင်း များစွာသော လက်သီး ထိုးချက်များဖြင့် ထပ်တူ ညီစေသည်။

ကျောက်ပြည်ထောင် ဘုရင်၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်သော လောင်မီးများ လောင်ကျွှမ်းနေသည့်အလား ကိုယ်အရှိန်အဝါက ဖီးနစ်နတ်ငှက် သဏ္ဌာန်ကို ထင်ယောင်ထင်မှား မြင်စေသည်။

ထိုအခိုက်တွင် နှစ်ယောက်လုံးက စက္ကန့်ပိုင်းအတွင်း ကြိမ်ဖန်များစွာ ရင်ဆိုင် တိုက်ခိုက်မိကြဟန် ရသည်။ ပရိသတ်များ မြင်သည်ကား အဆက်မပြတ်သော တိုက်ခိုက်မှုများစွာကို ထောင်ကျန်းက တောင့်ခံနေခြင်းသာ။ ထိရိုက်မှုတိုင်းက ကမ္ဘာမြေကို တုန်ခါစေကာ ကောင်းကို လှုပ်ယမ်းစေ၏။ သူကား တော်ဝင်ရတနာကို ဝတ်ဆင်ထားသည့်တိုင် တိုက်ခိုက်မှုကား ရှန့်ထိုတစ်ပါးထံမှ လာသည် မဟုတ်ပါလား။

နောက်ဆုံးတွင် အလင်းပေါက်ကွဲမှု တစ်ခုနှင့်အတူ နှစ်ယောက်လုံးမှာ လူချင်း ခွဲလိုက်ကြသည်။ သူတို့အားလုံး မြင်ရသည်ကား တော်ဝင်ရတနာ ယိုယွင်းပျက်စီးမှုနှင့် ထောင်ကျန်း၏ သွေးခြင်းခြင်း နီနေသော ခန္ဓာဖြစ်သည်။ သို့သော်လည်း မဟာလမ်းစဉ် စွမ်းအားမှာ သူ၏ ဒဏ်ရာများအား ပြန်လည် ပျက်ပြယ် သွားစေသည်။

ကျောက်ပြည်ထောင် ဘုရင်၏ အသက်ရှူနှုန်းမှာလည်း ငြိမ်သက်ခြင်း မရှိတော့ပေ။ သူက ထောင်ကျန်းအား ဒေါသတကြီး ကြည့်သည်။

ကျောက်ပြည်ထောင် ဘုရင်အား စီးဆင်းသွားသော အလွန်ထက်ရှသော အလင်းတန်း တစ်ခုက ကောင်းကင်ထက်ကို ထိုးတက်သွားဟန် ရသည်။ သူ့နောက်မှ ရွှေဖီးနစ်က အတောင်ပံအား ဖြန့်ကာ ထောင်ကျန်းထံသို့ ဥက္ကာခဲအလား တိုးဝင် သွားသည်။

ထောင်ကျန်း နောက်မဆုတ်ပေ။ သူက လေထဲတွင်ပင် ငြိမ်သက်စွာ ရပ်ကာ အလင်းတန်းအား ဒေါသတကြီး ကြည့်သည်။ သူ၏တိုက်ခိုက်ရေး ပုံစံက ပိုမိုအားကောင်း လာဟန်ရကာ ရှိရှိသမျှ စွမ်းအားကို သူ၏ လက်မောင်းသို့ တွန်းလွှတ်လိုက်သည်။ ထို့နောက် ခုခံရန် အားမထုတ်တော့ဘဲ လက်သီးဖြင့်သာ ရန်သူအား ထိုးနှက် တိုက်ခိုက်တော့သည်။

“ဘုန်း…” ကြောက်မက်ဖွက်အသံအား ကြားကြရသည်။

ထိုအခိုက်တွင် နှစ်ဘက်လုံးက လူချင်း ခွာလိုက်ကြသည်။ ထောင်ကျန်း၏ တိုက်ခိုက်ရေးပုံစံမှာ ယိုယွင်းနေပြီး သူ၏ပါးစပ်မှလည်း သွေးများ စီးကျနေသည်ကို မြင်ကြရသည်။ သို့သော်လည်း သူ့ခန္ဓာကား မဟာလမ်းစဉ် စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ပြိုင်ဘက် ကင်းပေသည်။ ကျောက်ပြည်ထောင် ဘုရင်၏ အဆင့်က ပိုမြင့်နေခြင်း ကြောင့်သာ ထောင်ကျန်းမှာ မည်သို့မှ မတတ်နိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် အဆင့်တူအတွင်း ကျောက်ပြည်ထောင် ဘုရင်ကား ထောင်ကျန်းကို ထိခိုက်အောင် တတ်နိုင်မည် မဟုတ်ပေ။

ကျောက်ပြည်ထောင် ဘုရင်မှာလည်း ချောင်းဆိုးသွားကာ ဝမ်းဗိုက်မှ ဆန်တက်လာသော သွေးများအား ပြန်လည် မျိုချရသည်။ သူ၏အတွင်း ကလီစာများမှာလည်း အနည်းနှင့်အများ ထိခိုက်ခဲ့သည်။ ထောင်ကျန်း နောက်ဆုံးထိုးခဲ့သော လက်သီးချက်ကား အမှန်ပင် သူ့ကို ဒဏ်ရာ ရစေခဲ့သည်။

“ဆရာ…”

ထိုအခိုက်တွင် စစ်မြေပြင်၌ ဖြစ်ပျက်နေသော တိုက်ပွဲများမှာလည်း ပြင်းထန် လှပေသည်။ ရီဖူရှင်းက တိုက်ခိုက်ရေး ဝင်္ကပါအား ဧရာမကြီးမားသော လူဝနတ်ဘုရား အဖြစ် ဖန်ဆင်းကာ ကျောက်ပြည်ထောင် စစ်တပ်အား အဆက်မပြတ် သတ်ဖြတ် တိုက်ခိုက်နေသည်။ သို့သော်လည်း သူကား ကောင်းကင်ထက်မှ တိုက်ပွဲကိုလည်း မျက်ခြည် မပြတ်ပေ။ ထောင်ကျန်း၏ အခြေအနေကို မြင်တွေ့ရသည်တွင် သူ၏စိတ်က တုန်လှုပ် သွားရသည်။

သူတို့ဘက်မှ ရှန့်ထိုနှစ်ယောက် ပေါင်းလျှင်ပင် ကျောက်ပြည်ထောင် ဘုရင်ကို မနိုင်ပေ။

“ဘုန်း…” လူဝံကြီးက ကြီးမား ကျယ်ပြန့်သော ခြေလှမ်းကြီးဖြင့် နင်းခြေလာသည်တွင် များစွာသော ရှီတန်ခိုးရှင်များမှာ သွေးများအန်လျက် လွင့်စဉ်သွားကြသည်။ သူတို့ကား အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းသော ဖိအားများကို ခံစားကြရ၏။

ရီဖူရှင်းက တစ်ဖက် ရန်သူများထံသို့ မြန်ဆန်စွာပင် ပြေးလွှား သွားသည်တွင် တစ်ဖက် စစ်တပ်ကလည်း သူ့အား တားဆီးရန် ကြိုးစားကြသည်။

သူက လက်ဆန့်တန်း လိုက်သည်တွင် ကောင်းကင်အေးခဲ လောကဓာတ် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ အချိန်နှင့်လေဟာနယ်မှာ ရပ်တန့်သွားဟန်ရပြီး ရီဖူရှင်းက လက်ကိုမြှောက်လျက် ဆက်လက် တိုးဝင်သွားသည်။ လက်ဝါးပုံရိပ်များစွာက ကောင်းကင်ထက်မှ မိုးသီး မိုးပေါက်များပမာ ကျလာပြီး များစွာသော တန်ခိုးရှင်များမှာ လွင့်စဉ်သွားရသည်။ အချို့မှာ သွေးအန်ပြီး အချို့မှာ ထိုနေရာ၌ပင် သေကျေပျက်စီးခြင်းသို့ ရောက်၏။

“တကယ့် စွမ်းအားပဲ…”

ဧရာမ လူဝံကြီးမှာ မုန်ယိုနေသလို တိုက်ခိုက်လျှင် ပရိသတ်များပင် ကြောက်ရွံ့ တုန်လှုပ်မှုကို ခံစားကြရသည်။

ယခု လူဝံကြီး ပြေးဝင် လာနေရာကိုမူကား မည်သူမှ ရပ်တန့်နိုင်စွမ်း ရှိဟန်မရပေ။ သူတိုးဝင်နေသော နေရာမှာလည်း ကျောက်ပြည်ထောင် စစ်တပ်၏ ဗဟိုချက်မနေရာ ဖြစ်သည်။ ထိုနေရာတွင် ကျောက်ပြည်ထောင် ဘုရင်၏ သားသမီးများ ဖြစ်သော ကျောက်ဟောင်၊ ကျောက်ရာနှင့် တခြားသူများ ရှိနေပေသည်။

သူတို့အားလုံးမှာ ရီဖူရှင်း၏ ပစ်မှတ်များ ဖြစ်ကြ၏။

“ကျုပ်လမ်းမှာ တားဆီးတဲ့လူမှန်သမျှ သေရမယ်…” ရီဖူရှင်း၏အသံကား အရိုးကွဲမတတ် အေးစက်နေသည်။ သူ့အနီးမှ လေဟာနယ်ကို ပိတ်ဆို့ကာ သူက ရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားသည်။ သူလှမ်းလာသော ခြေလှမ်းတိုင်းမှာလည်း အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းသော ကြယ်တာရာများ အဖြစ် ပြောင်းလဲသွားဟန် ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset