“ရှန့်ထို…”
မရေမတွက်နိုင်သော လူများက ကောင်းကင်ကို ကြည့်ကြသည်။ တော်ဝင် အလင်းများက ထောင်ကျန်းကို စီးဆင်းနေကြရာ ရှန့်ထိုအဆင့်သို့ တက်လှမ်းသော သဘောလက္ခဏာ ဖြစ်သည်။
ပြည်နယ်ကိုးခုလုံးတွင် ရှန့်ထို ၇၂ပါးသာ ရှိသည်။ စစ်တုရင်ရှန့်ထိုကား မရဏတောင်တွင် သေဆုံးခဲ့ပြီး သင်္ချိုင်းကုန်းကျေးရွာ ခေါင်းဆောင်မှာ ရှန့်ထိုဖြစ်နေခဲ့ရာ ရှန့်ထို၇၂ပါးမှာ အပြောင်းအလဲ မရှိခဲ့ပေ။
သို့သော်လည်း ယခု ထောင်ကျန်းမှာ ရှန့်ထိုဖြစ်လာခဲ့ရာ သူက ပြည်နယ်ကိုးခု၏ ၇၃ပါးမြောက် ရှန့်ထို ဖြစ်လာခဲ့သည်။
ထောင်ကျန်းအတွက် ရှန့်ထိုဖြစ်လာသည့် အချိန်အခါမှာ အလွန် ဆိုးဝါးပေသည်။ သူက နတ်ဘုရားပြစ်ဒဏ်ကို ခံယူကာ ရှန့်ထိုဖြစ်လိုသည် ဆိုပါက ရှန့်ထိုကျန့်၏အကူအညီယူရန် လိုကြောင်း အားလုံးက သိပေသည်။ ထို့ကြောင့် သူတို့က ပြည်နယ်ကိုးခု ကျောင်းတော်သို့ ရောက်လာခဲ့ကြသလို ကျောက်ပြည်ထောင် ဘုရင်ကလည်း အနီးကပ် လာရောက် စောင့်ကြည့်ပေသည်။
အကယ်၍ ထောင်ကျန်းက အဆင့်တက်ရန် ငြင်းဆန်ပါကလည်း ကျောက်ပြည်ထောင် ဘုရင်က သူ၏စစ်တပ်ဖြင့် ဖိအားပေးရန် ကြိုးစားမည် ဖြစ်သည်။ ထောင်ကျန်းကား သည်ကိစ္စတွင် ရွေးချယ်စရာ မရှိပေ။
ကျောက်ပြည်ထောင် ဘုရင်က ထောင်ကျန်း၏ အသက်ကို ရယူရန် အစွမ်းကုန် အားထုတ်မည် ဖြစ်သည်။
ယူစီ၊ ကျန့်ကန်းနှင့် တခြားလူများမှာလည်း ဆေးဥယျာဉ်တွင် ဖြစ်ကာ ဟောင်စိ၊ ယွန်ရှင်းတို့မူကား တိုက်ပွဲတွင် ဖြစ်ကြပြီး အားလုံးမှာ ကောင်းကင်ထက်၌ ရှိနေသော ထောင်ကျန်းကို ကြည့်ကြသည်။
ထောင်ကျန်း ရှန့်ထိုဖြစ်လာရာ ဆိုလိုသည်က မြေရိုင်းပြည်နယ်၌ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ရှန့်ထိုတစ်ပါး မွေးဖွားနိုင်ခဲ့ပြီဟု အဓိပ္ပာယ် ရပေသည်။ ကျေးရွာ ခေါင်းဆောင်မှာ ရှန့်ထို ဖြစ်သော်လည်း သူက သင်္ချိုင်းကုန်းကျေးရွာ ဇာတိဖြစ်ကာ မြေရိုင်းပြည်နယ်သို့ နောက်ပိုင်းမှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ယခင် နန်းတော်သခင် နှစ်ပါးကား ရှန့်ထိုတစ်ပါး မွေးဖွားနိုင်ရန် အတွက် အလုံးစုံသော အားထုတ်မှုများကို ပြုလုပ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။
ယခု သူတို့မျိုးဆက်မှ ပထမဆုံး ရှန့်ထိုတစ်ပါးကို မွေးဖွားနိုင်ခဲ့ပေပြီ။ အမှန်တကယ်က သည်ကိစ္စမှာ အလွန် ပျော်ရွှင်ဖွယ်ရာကိစ္စ ဖြစ်ပေသည်။ သို့သော်လည်း ယခု အားလုံး၏ စိတ်ထဲတွင် လေးလံသော ဖိအားများ ဖြစ်ပေါ်နေကြ၏။
ထောင်ကျန်းကား သူ၏ပထမဆုံး နတ်ဘုရားပြစ်ဒဏ်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်း သူ ကြုံတွေ့ရမည့်အရာမှာ နတ်ဘုရား ပြစ်ဒဏ်ထက် ဆိုးဝါးပေမည်။
ရှားကလန်ဘက်တွင် အကြီးအကဲ အချို့ကလည်း ထောင်ကျန်းကို ကြည့်နေကြသည်။ ပြည်နယ်ကိုးခုတွင် နောက်ထပ် ရှန့်ထိုတစ်ပါး မွေးဖွားလာခဲ့သည်။ ရှန့်ထိုဖြစ်လာရန်ကား အလွန်တရာ ခက်ခဲသောကိစ္စ ဖြစ်သည့်တိုင် အင်ပါယာရှားက တော်ဝင်စစ်ပွဲကို ကိုယ်တိုင် အသိအမှတ်ပြု ထားမှတော့ သူတို့ကိုယ်တိုင်လည်း ပါဝင်စွက်ဖက်၍ မရပေ။
အလွန် အားကောင်းသော အရှိန်အဝါက အားလုံးကို လာရောက် ရိုက်ခတ်နေသည်။
ပလ္လင်တွင် ထိုင်နေသော ကျောက်ပြည်ထောင် ဘုရင်က လေထဲကို မော့ကြည့်သည်။ သူက တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေသော်လည်း ယခု ရုတ်တရက် ကြီးမားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများမှာ ကြီးမားသော ဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲလာခဲ့ကြရပြီး သူတို့၏ ဖြစ်တည်မှုမှာ အလွန်တရာ သေးငယ်သည်ဟု ထင်မြင် ခံစားကြရသည်။
အားလုံးက ကျောက်ပြည်ထောင် ဘုရင်အား ကြည့်ကာ တုန်လှုပ် ကြရသည်။ တော်ဝင်စစ်ပွဲ၏ စည်းမျဉ်းကား တစ်ဖက် အင်အားစု အချင်းချင်းတွင် အဆင့်တူချင်းကိုသာ တိုက်ခိုက်ခွင့်ရရာ ကျောက်ပြည်ထောင် ဘုရင်ကား ရှန့်ထိုအဆင့်အောက်မှ လူများကို တိုက်ခိုက်၍ မရပေ။ ကျေးရွာခေါင်းဆောင် အားလည်း သူက လိုက်မမီရာ သူကား တိုက်ခိုက်ခွင့်ရရန် မစောင့်နိုင်အောင် ဖြစ်နေသည်။
ယခု ထောင်ကျန်းက ရှန့်ထို ဖြစ်လာခဲ့သည်။ သူကား ထောင်ကျန်းနှင့် လွန်စွာ တိုက်ခိုက်လိုနေပြီ ဖြစ်သည်။
ဧရာမ ရွှေဖီးနစ်တစ်ကောင် လေထဲတွင် ဖွဲ့စည်းဖြစ်ပေါ်လာပြီး ကောင်းကင်ကို ဖုံးအုပ်သွားသည်။ မရေမတွက်နိုင်သော လူများက ဖီးနစ်ကို လှမ်းကြည့်လျှင် အလွန်အမင်း ထက်ရှအေးစက်သော မျက်လုံးအစုံကို မြင်ကြရ၏။ ကြောက်မက်ဖွယ် ကောင်းသော မဟာလမ်းစဉ် စွမ်းအားက ကောင်းကင်တစ်ခွင် လှည့်ပတ်စီးဆင်း လာကြသည်ကိုလည်း မျက်လုံးဖြင့်ပင် မြင်နိုင်ပေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ လူအများအပြားမှာ တုန်လှုပ် သွားကြသည်။ သည်အရာက ရှန့်ထိုများ၏ စစ်မှန်သော အရှိန်အဝါများလား။
အတွေးတစ်ချက်က ကောင်းကင်နှင့် ပတ်ဝန်းကျင် တစ်ခွင်ကို အမိန့်ပေး စေခိုင်းနိုင်ကာ အရာခပ်သိမ်းကို အုပ်စိုးနိုင်သည်။
ရှန့်ထိုအဆင့်အောက်မှ အရာအားလုံးမှာ လူသားများသာဖြစ်ပြီး ရှန့်ထိုများကို ကိုးကွယ် ယုံကြည်ခြင်းမှအပ တခြားလုပ်နိုင်စွမ်း မရှိပေ။
အင်ပါယာရှားက တော်ဝင်စစ်ပွဲ၏ စည်းကမ်းများကို အဘယ်ကြောင့် ချမှတ်ခဲ့သည်ကို အားလုံးက နားလည် လိုက်ကြသည်။ ရှန့်ထိုများ၏ စွမ်းအင်များမှာ ကြီးမားလွန်းပေသည်။ သူတို့လက်ချက်ဖြင့် တော်ဝင်မြေတစ်ခုမှာ နေ့ချင်းညချင်း ကွင်းပြင်ကြီး ဖြစ်သွားနိုင်ပေသည်။
“ဆရာ…” အောက်တွင် တိုက်ခိုက်နေသော ရီဖူရှင်းကား ကောင်းကင်မှ မြင်ကွင်းကို ကြည့်ကာ လွန်စွာ စိတ်ပူနေသည်။ ကျောက်ပြည်ထောင် ဘုရင်ကား ရှန့်ထိုအဆင့်တွင် ရှိနေသည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူ၏ဆရာနှင့် ကွာဟချက် လွန်စွာ များနေမည် ဖြစ်သည်။
ဟွာဂျီယူနှင့် ရီဖူရှင်းတို့က စိတ်ချင်း ဆက်နွှယ်နေရာ သူမက ရီဖူရှင်း၏ ခံစားချက်ကို နားလည်ပေသည်။ သူကား သူ၏စိတ်အသိကို သံစဉ်အား အသုံးပြုကာ တခြားလူများနှင့် ဆက်နွှယ် ထားပေသည်။ ထို့နောက် ရှေးနတ်ဘုရားအား ဖန်ဆင်းကာ ရန်သူအား တိုက်ခိုက်၏။ သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်၏လှုပ်ရှားမှုက ရီဖူရှင်းအား စိုးရိမ်စိတ် ပိုစေသည်။
ရီဖူရှင်း၏ သက်စောင့်ဟော်နန်းထဲ လှုပ်ရှားသံများကို ကြားရသည်။ အဆုံးအစမဲ့သော အလင်းများ သူ့ခန္ဓာကိုယ်အား စတင် စီးဆင်းလာ၏။ သူ၏တော်ဝင်သွေးများ လောင်ကျွမ်းကာ စွမ်းရည်များအား အကန့်အသတ်သို့ ကျော်လွန်စေပြီး သူ့ထံကို လွှမ်းပြောင်း စီးဆင်းလာသော စိတ်စွမ်းအားများ ကိုလည်း သူ့စိတ်အသိထဲ၌ ပိတ်လှောင်သည်။
စစ်မှန်သော ရွှေလူဝံနတ်ဘုရားတစ်ပါး ပေါ်လာ၏။ ရီဖူရှင်းနှင့် တခြားလူများ အားလုံးကို လူဝံနတ်ဘုရားက ခြုံလွှမ်းထားကာ သူတို့အားလုံး ကိုယ်တိုင်က စစ်မှန်သော လူဝံနတ်ဘုရား ဖြစ်သွားသည်။
လူဝံနတ်ဘုရား၏ မျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။ ပြင်းထန်ရုန့်ရင်းသော စွမ်းအားများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားကာ သူက ကျောက်ပြည်ထောင် စစ်တပ်သို့ တစ်ဟုန်ထိုး ပြေးလွှားသွားသည်။
ထောင်ကျန်း၏ လက်များက လှုပ်ယမ်းသွားကာ တော်ဝင် အလင်းများက သူ့တစ်ကိုယ်လုံးကို စီးဆင်းစေလျက် ကောင်းကင်သို့ တရွေ့ရွေ့ မြောက်တက် သွားစေ၏။ သူ၏ ခန္ဓာကိုယ်ကား စစ်နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။ သူ၏ခန္ဓာကိုယ်ကား မဟာလမ်းစဉ်၏ စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ရာ လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့် မြေပြင်ကို ရိုက်ခတ်စေသည်။
ဤသို့သော စွမ်းအားကား လူသားတို့အတွက် နားလည်ရန် ခက်ခဲပေသည်။ သူကား လောက စွမ်းအားများကို ငှားယူသုံးစွဲစရာ မလိုတော့ဘဲ သူကိုယ်တိုင်က တစ်လောကလုံး ဖြစ်တည်ခြင်းဟု သတ်မှတ်၍ ရသည်။
ထောင်ကျန်းက လက်ကို မြှောက်လိုက်ကာ မဟာလမ်းစဉ် စွမ်းအားကို ခံစားသည်။
သူက မာန်သွင်းကာ လက်ဝါးဖြင့် ရိုက်ထုတ် လိုက်သည်တွင် ပတ်ဝန်းကျင် တစ်ခုလုံးက တုန်ခါသွားပြီး လက်ဝါးက လေဟာနယ်ကို ခွင်းကာ ကျောက်ပြည်ထောင် ဘုရင်ထံသို့ တိုးဝင်သွားသည်။
ထိုလက်ဝါးရိုက်ချက်က အဆုံးအစမဲ့သော စွမ်းအားများ ပါဝင်နေကာ ကျောက်ပြည်ထောင် ဘုရင်အား အမှုန့်ခြေ ပစ်တော့မည့်ဟန်ပင် မြင်ရသည်။
“ကိုယ့်နေရာကိုယ် သိစမ်း…”
ကျောက်ပြည်ထောင် ဘုရင်က ထောင်ကျန်းကို ကြည့်သည်။ သည်ကောင်ကား ရှန့်ထိုအဆင့်သို့ ယခုမှ ရောက်လာပြီး သူ့အား တိုက်ခိုက်လို၏။
ထောင်ကျန်းက ရှန့်ထိုအဆင့်နှင့် ပတ်သက်၍ ဘာမှ မသိနားမလည်သည်မှာ ထင်ရှားပေသည်။ ရှန့်ထိုများအကြား စွမ်းအင်ကွဲပြားမှုမှာ မည်မျှ ကြီးမားသည်ကိုလည်း သူက သိဟန်မတူပေ။
သူက လက်ကို မြှောက်လိုက်ကာ လေထုကို ရိုက်နှက် လိုက်သည်။ လေထုက တုန်ခါသွားကာ သူ့ထံကို ရောက်လာသော လက်ဝါးအား အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေသည်။ သူ့ရှေ့မှ လေထုက တုန်ခါသွားပြီး အရာအားလုံး ပျောက်ကွယ် သွား၏။
ထိုအခိုက်တွင် လေထဲမှ ဖီးနစ်အော်သံကို ကြားကြရသည်။ ရွှေဖီးနစ်ကြီးကား ကောင်းကင် တစ်ခွင်ကို ဖုံးအုပ်ထားကာ သူ၏ ဖီးနစ်လက်သည်းဖြင့် လှမ်း၍ ကုတ်ခြစ် တိုက်ခိုက်သည်။ ဖီးနစ် လက်သည်းနှင့်အတူ ကောင်းကင်ကပါ ပြိုဆင်းလာသည်ဟု ထင်မှတ်ကြရသည်။
ထိုမြင်ကွင်းကို ကြည့်ကာ မရေမတွက်နိုင်သော လူများ၏ စိတ်နှလုံးများ တုန်ယင်ကြသည်။ လက်သည်းကား ထောင်ကျန်းထံကို ကျဆင်းလာကာ အရာအားလုံးက ထိုလက်သည်း ကုတ်ချက်အောက်၌ သေးငယ်သယောင် ထင်မှတ်ရသည်။
ထောင်ကျန်းက သူ့ထံကို တိုးဝင်လာသော တိုက်ခိုက်မှုအား ကြည့်ကာ လက်ဝါးဖြင့် ရိုက်လျက် ပြန်ခုခံသည်။ သူ၏လက်ဝါးက လက်သည်းဖြင့် ရင်ဆိုင်မိသည်တွင် အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သွားပြီး လက်သည်းမှာ ဆက်လက် ကျဆင်းလာသည်။
ထိုအခိုက်တွင် ထောင်ကျန်း၏ရှေ့ကို လူတစ်ယောက် ရောက်လာသည်။ လေထဲတွင် ဓားပန်းချီတစ်ခု ပေါ်လာကာ ဓားအလင်းတန်းများ ဖြာထွက်နေသည်။
သူကား ကျေးရွာ ခေါင်းဆောင် ဖြစ်သည်။
သူက လက်ဝှေ့ယမ်း သည်တွင် သူ၏နောက်မှ ဓားပန်းချီမှာ လင်းလက် တောက်ပလာပြီး ကောင်းကင်ကို ဖြတ်သန်းကာ နတ်ဘုရားဓားက ကောင်းကင်ကို ထက်ခြမ်း ခွဲသွားသည်။
အဆုံးအစမဲ့သော ဓားအရောင်အဝါတစ်ခု ကောင်းကင်တွင် ထွန်းလင်းလာကာ ဓားပန်းချီက လက်သည်းဖြင့် ရင်ဆိုင်သည်။ ဓားပန်းချီမှာ အက်ကွဲသွားပြီး တူညီစွာပင် လက်သည်း ကုတ်ချက်မှာလည်း ကြေပျက် သွားတော့သည်။
နတ်ဘုရားဓားက ကျေးရွာ ခေါင်းဆောင်၏လက်ထဲကို ပြန်လည် ပျံသန်း ရောက်ရှိလာ၏။
“ရှန့်ထိုသုံးပါး…” ထိုမြင်ကွင်းကို ကြည့်ကာ လူအများအပြားမှာ တုန်လှုပ်မိကြသည်။ အားလုံးက တိုက်ပွဲကို ကြည့်နေကြသည်။ ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့၏ တိုက်ပွဲကို အာရုံစိုက်နေသူ သိပ်မရှိပေ။
ရှန့်ထိုများအကြား တိုက်ပွဲကသာ သူတို့တစ်သက်တွင် တစ်ခါ မြင်ရခဲပေသည်။
ရှန့်ထိုများ၏ တိုက်ပွဲကား ကောင်းကင်ထက်တွင် ဖြစ်သော်လည်း သူတို့၏ စွမ်းအင် ရိုက်ခတ်မှုများကြောင့် မိမိတို့ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေသည့်အလား ခံစားမိကြသည်။
ပြည်နယ်ကိုးခု မြို့တော်မှ လူများမှာလည်း ကောင်းကင်ကို မော့ကြည့် နေကြသည်။
ကျောက်ပြည်ထောင် ဘုရင်၏ တော်ဝင်အလင်းမှာ ကောင်းကင်တစ်ခွင် ထွန်းလင်းနေပြီး ပြိုင်ဘက်ကင်း အရှိန်အဝါကို ဖြစ်ပေါ်စေသည်။ သူ၏ထက်ရှသော မျက်လုံးများက တစ်ဖက်လူကို အထင်သေး အမြင်သေးဟန်ဖြင့် ပြောသည်… “မရဏဓား နတ်မယ်သာ ကျုပ်ရှေ့မှာ ရှိရင် ကျုပ်က ပိုအားနည်းမယ် ဆိုတာ ဝန်ခံတယ်… ဒါပေမဲ့… မင်းလို့ ဓားအစေခံ တစ်ယောက်က ငါ့ရှေ့မှာ လာရပ်ရဲတယ်…”
သူက ပြောပြီးသည်နှင့် ရှေ့ကို တက်လာသည်။ မဟာလမ်းစဉ် စွမ်းအားက လေထုကို ဖိအားပေးလာကာ ကောင်းကင်က ပြိုပျက်လာသည်ဟု ထင်မှတ်ရသည်။
ထောင်ကျန်းမူကား ရှန့်ထိုစွမ်းအင်ကို လက်တွေ့ သိရှိခဲ့ပြီဖြစ်ရာ ယခုကား မည်သည့်နောင်တမှ မရတော့သလို ခံစားရသည်။ သို့သော်လည်း သူကား ရှန့်ထိုများအကြား စွမ်းအင်ကွဲပြားမှုကို ခံစားမိသည်သာ။
“ကျုပ်က ဓားအစေခံဖြစ်ရင် ဖြစ်လိမ့်မယ်… ဒါပေမဲ့ ကျုပ်က ခင်ဗျားကိုတော့ ရင်ဆိုင်နိုင်သေးတယ်… ကျောက်ပြည်ထောင် ဘုရင်… ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် စော်ကား နေတာလား…” ကျေးရွာ ခေါင်းဆောင်က ပြောသည်။ သူက လက်ဝှေ့ယမ်းသည်တွင် မဟာလမ်းစဉ် စွမ်းအားက ကောင်းကင်နှင့် မြေပြင်အကြား စီးဆင်းလာသည်။ ကောင်းကင်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ကျေးရွာ ခေါင်းဆောင်၏ နောက်ကို ရောက်လာသည်။
“ဘုန်း… ဘုန်း… ဘုန်း…” ဓားများက ပုံရိပ်ယောင်များ အဖြစ် ခွဲဖြာသွားကာ လေထဲ၌ ပြင်းထန်စွာ လှည့်ပတ် ကြသည်။
“သေစမ်း…” ကျေးရွာခေါင်းဆောင်က ကျောက်ပြည်ထောင် ဘုရင်အား လက်ညှိုးထိုး ပြသည်တွင် ဓားစကြာက လေထဲမှာပင် ပျောက်ကွယ် သွားသည်။ ထို့နောက်တွင် ဓားမှာ ကျောက်ပြည်ထောင် ဘုရင်၏ရှေ့ကို တိုက်ရိုက် ရောက်လာခဲ့၏။
ဧရာမရွှေဖီးနစ်က ကျောက်ပြည်ထောင် ဘုရင်၏ရှေ့ကို တိုက်ရိုက် ရောက်လာခဲ့ကာ လှည့်ပတ်ပျံသန်းလျက် ဓားစကြာအား တစ်စချင်း ခြေဖျက်သည်။
ထို့နောက် ကျောက်ပြည်ထောင် ဘုရင်က ဓားစကြာအား ဆက်လက် ဖြတ်သန်းကာ ရှေ့ကို ဆက်တိုးလာသည်။
***