Switch Mode

အခန်း ( ၃၀၄ )

ဖက်တီးလေးငါးရာ

ဝမ်ပေါင်လဲ့၏ စကားသံမှာ ပြည်သူ့ရင်ပြင်ကြီးတစ်ခုလုံးထဲတွင် ပဲ့တင်ထပ်သွားသောကြောင့် ကျောင်းသားအားလုံးမှာ အလွန်အင်မတန်မှ အံ့အားသင့်သွားကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့အား ပြိုင်ဘက်ကင်းပညာရပ်တစ်ခု သင်ကြားပေးတော့မည်ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူတို့မှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြတော့သည်။

သူတို့ကို အံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့သည့် အရာမှာ ” ပေါင်လဲ့ကောင်းကင်ဝါးမျိုခြင်းပညာရပ် ” ဟူသော နာမည်ပင်ဖြစ်သည်။

ထိုနာမည်ကြောင့် လူများစွာ မျက်လုံးများပြူးသွားရ၏။ သူတို့မှာ ဇဝေဇဝါဖြစ်သွားကြပြီး အချို့မှာဆိုလျှင် တီးတိုးပြောဆိုကာ ဆွေးနွေးငြင်းခုံနေကြတော့သည်။

” ဒီ… ဒီနာမည်က နည်းနည်းလေး ထူးဆန်းနေလားလို့ ”

” ဒီ ကျင့်ကြံခြင်းပညာရပ်ကို ကောင်းကင်ဝါးမျိုခြင်း ပညာရပ်လို့ ခေါ်တာ ဖြစ်လောက်တယ်။ ပေါင်လဲ့ဆိုတဲ့ နာမည်ကို ဝမ်ပေါင်လဲ့က ထပ်ထည့်လိုက်တာပဲ ဖြစ်မှာ ”

” နာမည်ကလည်း အူကြောင်ကြောင်နဲ့ ”

ကျောင်းသားများမှာ ထိုကဲ့သို့ ဆွေးနွေးငြင်းခုံနေကြစဉ် လသုံးစင်းမဟာမိတ်အဖွဲ့မှ ကျင့်သိုကျစ် အပါအဝင် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ရှေ့မှ ဖြစ်ရပ်ကြီးကို ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် ကျောင်းသားများအားလုံးမှာ ထိုကဲ့သို့ ငြင်းခုံနေကြသော ကျောင်းသားများဘက်သို့လှည့်ကာ ဒေါသတကြီးစိုက်ကြည့်လိုက်ကြ၏။

” ပါးစပ်ပိတ်ထားစမ်း။ မင်းတို့တွေက အဲ့ပညာရပ် ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာကို သိမှမသိတာ ”

” ငါတို့ရဲ့ ကျောင်းအုပ်က ကိုယ်ကျိုးမငဲ့ဘဲနဲ့ သူ့ရဲ့ လျှို့ဝှက်ပညာရပ်ကို သင်ပေးဖို့ လုပ်နေတာကို မင်းတို့တွေက သူ့အကြောင်း အတင်းတုတ်နေသေးတယ်ပေါ့။ နာမည်ကိုပဲ နားထောင်ကြည့်လိုက်။ ဒီ ပေါင်လဲ့ကောင်းကင်ဝါးမျိုခြင်း ပညာရပ်ဆိုတဲ့ နာမည်နဲ့တင် တော်တော်လေးကို ကြောက်ဖို့ကောင်းနေပြီ။ ဒီပညာရပ်က ငါ့ရဲ့မိသားစုထဲမှာ မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ ပညာရပ်ထက်ကို အဆပေါင်းများစွာ ပိုပြီးတော့ အစွမ်းထက်တယ်ကွ ”

သူတို့မှာ လူအုပ်ကြီးအား ဒေါသတကြီးစိုက်ကြည့်နေကြပြီး ကျင့်သိုကျစ်မှာမူ အမျက်ချောင်းချောင်းထွက်ကာ သူ၏ စကားသံမှာ အကျယ်ဆုံးဖြစ်နေ၏။

” သူကိုယ်တိုင် ဖန်တီးထားတဲ့ ကျင့်ကြံခြင်းပညာရပ်ကို သူ့နာမည်ပေးထားတာ ဘာဖြစ်လဲ။ ဒီအချက်ကိုကြည့်ရင် ကျိုးကြောင်းဆီလျော်မှုလည်း ရှိသလို ကျောင်းအုပ်က သူ့ရဲ့ပညာရပ်ကို ဘယ်လောက်အထိ ယုံကြည်သလဲဆိုတာကိုလည်း သိနိုင်တယ်ကွ ”

” ပြီးတော့ ” ကောင်းကင်ဝါးမျိုခြင်း ” လို့ နာမည်ပေးထားရတဲ့ အကြောင်းအရင်းက ကျောင်းအုပ်က တော်တော်လေးကို ကြောက်စရာကောင်းပြီးတော့ လူအများကလေးစားရတဲ့ လူတစ်ယောက်မလို့ပဲ။ အဲဒီအချက်ကြောင့် ငါတို့က စိတ်ပါလက်ပါနဲ့ လေ့လာသင်ယူပြီးတော့ လုံ့လဝီရိယရှိရှိနဲ့ လေ့ကျင့်ရမှာ။ ပြီးတော့ သူက ငါတို့မျိုးဆက်ရဲ့ ကျင့်ကြံသူတွေကို ကောင်းကင်ကြီးအဆင့်လောက်နဲ့ ရပ်မနေနဲ့လို့ ပြောချင်တာ။ တစ်ရက်ရက်ရောက်လို့ ငါတို့တွေ အဲဒီ ကောင်းကင်ကြီးဆိုတဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်သွားရင် ကောင်းကင်ကြီးကို ဝါးမျိုပစ်ပြီးတော့ ထင်ပေါ်ကျော်စောအောင် လုပ်ရမှာ ”

” အဲဒီတော့ အဲဒီနာမည်က ငါတို့အတွက် မျှော်လင့်ချက်တွေ ပေးစွမ်းနိုင်တယ်။ တချိန်ထဲမှာပဲ သူက ငါတို့တွေ အောင်မြင်နိုင်ဖို့အတွက် သူ့ကိုယ်သူ စတေးပစ်ဖို့ ဝန်မလေးဘူး။ ဒီ ကျင့်ကြံခြင်းပညာရပ်ရဲ့ နာမည်တစ်ခုတည်းက ကျောင်းအုပ် ငါတို့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ၊ ကောင်းကင်တာအိုနဲ့ ပတ်သက်လာရင် သူ လုံးဝကြောက်ရွံ့မှုမရှိတဲ့ အချက်တွေအပြင် ငါတို့ရဲ့ အိပ်မက်တွေ ပြည့်ဝလာစေဖို့အတွက် ငါတို့ကို မဟာတာအိုထဲ ခရီးနှင်စေချင်တဲ့ ကျောင်းအုပ်ရဲ့ ဆန္ဒတွေကို ကိုယ်စားပြုနေတာ။ ဘာလို့ မင်းတို့တွေက သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို နားမလည်နိုင်ရတာလဲ ”
ကျင့်သိုကျစ်မှာ အခြားသူများ လျစ်လျူရှုခဲ့သည့် အဓိပ္ပါယ်လေးနက်ပြီး အလွန်အင်မတန်မှ အဖိုးတန်သော အချက်အလက်များကို နားလည်လိုက်သကဲ့သို့ ဖြစ်နေပြီး အလွန်အင်မတန်မှ ဝမ်းနည်းနေသည့်လေသံ ပေါက်နေ၏။ သူ၏စကားကို ကြားလိုက်ရသောအခါ ဘေးပတ်ပတ်လည်မှ ကျောင်းသားများအားလုံးမှာ ရင်ထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗလောင်ဆူသွားရတော့သည်။ ထို့နောက် သူတို့မှာ စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ကြတော့သည်။

ကျင့်သိုကျစ်၏ ရှင်းပြမှုကြောင့် ငယ်ရွယ်နုနယ်သေးသော ကျောင်းသားလေးများမှာ စိတ်ဓာတ်များ တက်ကြွသွားကြ၏။ ထို့နောက် သူတို့၏ အတွေးများထဲတွင် တိမ်တိုက်များထဲသို့ စီးနင်းဝင်ရောက်ကာ ကောင်းကင်ကြီးကို ဝါးမျို‌နေကြသည့် ပုံရိပ်များ ပေါ်လာတော့သည်။

ခဏအကြာတွင် စစချင်းတုန်းက ဝမ်ပေါင်လဲ့အား မေးခွန်းထုတ်ခဲ့ပြီး ဇဝေဇဝါဖြစ်နေခဲ့သည့် ကျောင်းသားများပင်လျှင် နောင်တများရသွားကြပြီး စိတ်လှုပ်တရှား ဖြစ်သွားကြတော့သည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း သူ၏ အတွေ့အကြုံ ဗဟုသုတများ ပို့ချမည်ကို စောင့်ဆိုင်းနေလိုက်ကြတော့သည်။

ကျင့်သိုကျစ်ကမူ ဂုဏ်ယူဝံ့ကြွားစွာ ရင်ကော့လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် ခေါင်းပြန်မော့လာပြီး လေသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။

” ကျောင်းအုပ်ရဲ့ အသိပညာ ဗဟုသုတတွေကို ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် ”

သူ ထိုသို့ဆိုလိုက်သောအခါ သူ၏ ပတ်ပတ်လည်မှ ကျောင်းသားများမှာလည်း ချက်ချင်းပင် သူ့အတိုင်း လိုက်လုပ်လိုက်ကြ၏။ ထို့ကြောင့် စကားသံများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး ထိုမြင်ကွင်းကြီးမှာ အံ့ဩ မှင်တက်ဖွယ်ရာ ကောင်းနေတော့သည်။

ဝမ်ပေါင်လဲ့ပင်လျှင် အံ့အားသင့်သွားရ၏။ သူသည် ရှည်ရှည်ဝေးဝေး တွေးတောမနေဘဲ ထိုနာမည်အား အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကျင့်သိုကျစ်က ယခုလို အဓိပ္ပါယ်ကောက်လိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဝမ်ပေါင်လဲ့တစ်ယောက်သာ ဆွံ့နေရသည်တော့ မဟုတ်ပေ။ သူ၏ဘေးတွင်ရပ်နေခဲ့သော လင်းတျန်ဟောက်မှာလည်း ထိုကျင့်ကြံခြင်းပညာရပ်၏ နာမည်ကို ကြားလိုက်ရပြီးနောက် သူနှင့် ခပ်ဝေးဝေးတွင်နေရန် ဆုံးဖြတ်လိုက်၏။ ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည့် ဆရာများမှာလည်း အစပိုင်းတွင် ဇဝေဇဝါ ဖြစ်နေခဲ့ပါသော်လည်း ယခုတွင်မူ ကျင့်သိုကျစ်၏ ရှင်းလင်းချက်ကို ကြားလိုက်ရသောအခါ အများစုမှာ ချီတုံချတုံ ဖြစ်သွားကြတော့သည်။ သူ၏ ရှင်းလင်းချက်မှာ အဓိပ္ပါယ်ရှိနေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့ကမူ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ကျင့်သိုကျစ်အား ကြည့်ရင်း စိတ်နှလုံးလှုပ်ရှားသွားရတော့သည်။ သူသည် ထိုလူငယ်လေးမှာ အရည်အချင်းရှိသော လူငယ်လေးတစ်‌ယောက်ဖြစ်သည်ဟု မှတ်ယူလိုက်ပြီး ချောင်းဟန့်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်တော့သည်။

” မင်းတို့တွေအားလုံး ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို သိသွားကြပြီဆိုတော့ လာမယ့်နေ့တွေမှာ ပင်ပင်ပန်းပန်း ကြိုးစားလေ့ကျင့်ဖို့ ပြင်ထားကြ။။ မင်းတို့တွေထဲက အယောက်လေးရာကို ပယ်ပြီးတော့ ကျန်တဲ့အယောက်တစ်ရာကိုပဲ အနာဂတ်မှာ ငါ့ရဲ့တပည့်အဖြစ် သတ်မှတ်မှာ “
ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်ပြီး သူ၏စကားသံကြီး ပဲ့တင်ထပ်သွားသောအခါ ကျောင်းသားအယောက်ငါးရာမှာ ပို၍ပင် စိတ်လှုပ်ရှားသွားရတော့သည်။

ကျောင်းသားအားလုံး မဟုတ်လျှင်တောင် ကျောင်းသားအများစု၏ မျက်ဝန်းများထဲတွင် စွဲလမ်းမှုမီး‌တောက်များ တောက်လောင်လာတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ရင်ထဲ၌ ခံစားချက်မျိုးစုံ ထွက်ပေါ်လာပြီး ကျေနပ်အားရနေ၏။ ထို့နောက် လင်းတျန်ဟောက်နှင့် အပေါင်းအပါများ ထွက်ခွာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ထိုနေရာကြီးတစ်ခုလုံးကို အဝင်အထွက်လုပ်မရအောင် ပိတ်ဆို့လိုက်ပြီး ကောင်းကင်ဝါးမျိုခြင်းပညာရပ်အား ကျောင်းသားများကို စတင်သင်ကြားပေးလိုက်တော့သည်။

ကောင်းကင်ဝါးမျိုခြင်းပညာရပ်မှာ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်အား ပိုမိုရိုးရှင်းအောင် လုပ်ထားသော ပညာရပ်တစ်ခုဖြစ်ပြီး ဝါးမျိုခြင်းသစ်စေ့ ဖန်တီးပေးနိုင်စွမ်း မရှိပါသော်လည်း ၎င်း၏ စုပ်အားမှာ အံ့သြဖွယ်ရာကောင်းနေဆဲပင်။ ထို့အပြင် ထိုပညာရပ်ကို လေ့လာတတ်မြောက်နိုင်ရန်မှာလည်း အလွန်အင်မတန်မှ လွယ်ကူပေသည်။

ထို့ကြောင့် ကျောင်းသားအယောက်ငါးရာမှာ အာရုံစိုက်ကာ ထိုပညာရပ်ကို ကြိုးစားမှတ်သားလိုက်ကြပြီးနောက် စတင်လေ့ကျင့်လိုက်ကြတော့သည်။ ကောင်းကင်ဝါးမျိုခြင်းပညာရပ်၏ အစွမ်းမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းပြီး ချီအားဖြည့်ပညာရပ်ထက်ပင် အများကြီးပို၍ သာလွန်နေ၏။ ထိုပညာရပ်အား လေ့လာတတ်မြောက်သွားသည့် လူတိုင်း သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော စုပ်အားများကြောင့် ဘေးပတ်ပတ်လည်မှ ဝိညာဉ်ချီများမှာ နဂိုမူလတုန်းကထက် အဆပေါင်းများစွာ ပိုမြန်သောမြန်နှုန်းဖြင့် သူတို့ဆီသို့ ဦးတည်လာနေကြသည်ကို ချက်ချင်းဆိုသလိုပင် ခံစားလိုက်ရတော့သည်။

” ဘုရားရေ။ ဒီ ကောင်းကင်ဝါးမျိုခြင်းပညာရပ်က တော်တော်ကိုအံ့သြဖိုကောင်းတာပဲဟ ”

” အရမ်းမြန်တာပဲ။ ငါ့ရဲ့ အရင်အမြန်နှုန်းထက် အနည်းဆုံး ငါးဆလောက်ကို ပိုပြီးတော့မြန်တယ် ”

” ကျင့်သိုကျစ်ပြောတာ မှန်တယ်ဟ။ ဒီပညာရပ်ကြောင့် ကျောင်းအုပ်က နာမည်ကျော်ကြားပြီးတော့ ကြောက်ဖို့ကောင်းနေတာ။ ဒီ ကျင့်ကြံခြင်းပညာရပ်က ပြိုင်ဘက်ကင်းပဲ ”

ကျောင်းသားများအားလုံးမှာ ထိုပညာရပ်၏ စွမ်းပကားကို ကိုယ်တိုင်ခံစားလိုက်ရပြီးနောက် စိတ်လှုပ်ရှားသွားကြ၏။ သူတို့ထဲတွင် အလွန်အင်မတန်မှ ပါရမီပါသော ကျောင်းသားများမှာ ဆယ်ဂဏန်းအထိ ရှိနေပြီးသား ဖြစ်သည်။ သူတို့မှာ ထိုပညာရပ်အား လေ့ကျင့်လိုက်ကြပြီးနောက် အကျိုးကျေးဇူးများကို သိသိသာသာ ခံစားလိုက်ရတော့သည်။ သူတို့၏ သွေးချီများပင်လျှင် ပိုမိုပျစ်ခဲလာကြ၏။ ထို့ကြောင့် အခြားကျောင်းသားများမှာလည်း အဖိုးတန် ပညာရပ်တစ်ခုကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ လေ့ကျင့်နှုန်းများကို မြှင့်တင်လိုက်ကြတော့သည်။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။

ထိုကျောင်းသားအယောက် ငါးရာစလုံး ကောင်းကင်ဝါးမျိုခြင်းပညာရပ်အား ကျွမ်းကျင်တတ်မြောက်သွားကြပြီဖြစ်သည်။ သူတို့မှာ ထိုပညာရပ်၏ အံ့ဩမှင်တက်ဖွယ်ရာ အကျိုးကျေးဇူးများကို ကိုယ်တိုင် ကြုံတွေ့ခံစားလိုက်ရသဖြင့် ယခင်ကနှင့် မတူလောက်အောင် စိတ်လှုပ်ရှားသွားကြတော့သည်။

တစ်ဖက်တွင် သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေကြသည် ဖြစ်သလို အခြားတစ်ဖက်တွင် ကောင်းကင်ဝါးမျိုခြင်းပညာရပ်အား ဆက်လက်လေ့ကျင့်နေရင်း သူတို့မှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ပျော်ရွှင်ကြည်နူးနေရတော့သည်။ ထို့ကြောင့် သူတို့အားလုံးမှာ စိတ်ဓာတ်ပြတ်သားမှု အပြည့်ဖြင့် လုံ့လဝီရိယရှိစွာ လေ့ကျင့်နေကြတော့သည်။

သူတို့ကဲ့သို့သော လူများဆီမှ ယခုကဲ့သို့သော အပြုအမူများကို တွေ့မြင်ရရန်မှာ အလွန်အင်မတန်မှ ရှားပါး၏။ သူတို့မှာ ချမ်းသာကြွယ်ဝသော မိသားစုများမှ ဖြစ်ကြသောကြောင့် အနည်းနှင့်အများ အပျင်းထူကြသည့် လူများသာ ဖြစ်ကြပေသည်။ သူတို့မှာ အနားယူအပန်းဖြေနိုင်မည့် အခွင့်အရေး တစ်ခုခုရပါက လေ့ကျင့်ရန် အတွေးများကို ခေါင်းထဲ၌ပင် ထည့်ထားမည် မဟုတ်‌ပေ။

သို့သော် ယခုတွင်မူ အခြေအနေများမှာ မတူညီတော့သောကြောင့် သူတို့မှာ စိတ်ဓာတ်များတက်ကြွကာ အားအင်အပြည့် ဖြစ်နေတော့သည်။ သူတို့၏ ယခင်တုန်းကနှင့် ယခုလက်ရှိ အခြေအနေများကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ သူတို့၏ တိုးတက်လာမှုမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေတော့သည်။ မြူခိုးတာအိုကျောင်းမှ ဆရာများ အံ့အားသင့်သွားကြသည်သာမက ကျောင်းသားမိဘများပင်လျှင် သူတို့သားသမီးများ၏ တိုးတက်လာမှုများကို သတိထားမိလိုက်ကြသဖြင့် အထင်ကြီးသွားရတော့သည်။

တချို့မိဘများမှာဆိုလျှင် စိတ်ပူသွားကြပြီး ထိုကျင့်ကြံခြင်း ပညာရပ်အကြောင်းကို သူတို့ကိုယ်တိုင် စစ်ဆေးကြည့်လိုက်ကြ၏။ သူတို့၏ သားသမီးများမှာ သူတို့အား ထိုအကြောင်းနှင့် ပတ်သက်၍ စကားတစ်ခွန်းမှ မဟပါသော်လည်း သူတို့မှာ တစ်နည်းနည်းဖြင့် အဖြေ ရအောင် ရှာနိုင်ပေသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးကြည့်လိုက်ကြပြီးနောက် ထိုကျင့်ကြံခြင်းပညာရပ်မှာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိကြောင်း သိသွားကြ၏။ ၎င်းကို လေ့ကျင့်ပါက မိမိ၏ ကျင့်ကြံခြင်းအဆင့်အား ပို၍လျင်မြန်စွာ တိုးတက်လာစေမည်ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ သူတို့၏ သားသမီးများအား ဆက်လက်လေ့ကျင့်ခွင့် ပေးလိုက်ကြပြီး ဝမ်ပေါင်လဲ့အကြောင်း ပို၍ သိချင်လာကြသလို သူ့အပေါ် ကျေးဇူးတင်လာကြတော့သည်။

” ဒီပညာရပ်က ဝမ်ပေါင်လဲ့ သူ့ဘဝသင်ခန်းစာ‌တွေအပေါ် အခြေပြုပြီးတော့ ဖန်တီးထားတဲ့ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခုပဲ ဖြစ်ရမယ် ”

” လူတိုင်းက ဒီလိုပညာရပ်မျိုးတွေကို လေ့လာတတ်မြောက်ပြီးရင် လျှို့ဝှက်ထားကြမှာ။ ဒါပေမဲ့ ဝမ်ပေါင်လဲ့က ငါ့ရဲ့ကလေးကို သင်ပေးခဲ့တာပါလား ”

” သူ့အပေါ် ကျေးဇူးကြွေးတင်သွားပြီ။ ဒီ ကျင့်ကြံခြင်းပညာရပ်က ရှေးဟောင်းသိုင်းအဆင့် ကျင့်ကြံသူတွေအတွက် တကယ်ကိုသင့်တော်တယ်။ ဒါပေမဲ့ ဝမ်ပေါင်လဲ့ကိုယ်တိုင် သင်ပေးတဲ့ ပညာရပ်ဆိုတော့ ငါတို့တွေ အဲဒီပညာရပ်ကို အပြင်ကို ပေါက်ကြားစေလို့ မဖြစ်ဘူး။ မဟုတ်ရင် ကျင့်ဝတ်မရှိရာကျလိမ့်မယ် ”

ကျောင်းသားမိဘအားလုံး တစ်စိတ်တစ်ဝမ်းတည်း သဘောတူလိုက်ကြ၏။ ထို့အပြင် သူတို့မှာ နောက်သုံးလအကြာတွင် ကျင်းပမည့် လက်ရည်စမ်းပွဲ အကြောင်းကိုလည်း သိရှိသွားကြသည်။ မိဘများ၏ ထောက်ခံအားပေးမှုများကို ရရှိလိုက်ကြသဖြင့် သူတို့၏ သားသမီးများမှာလည်း ပို၍ပင် စိတ်ဓာတ်တက်ကြွလာကြပြီး လေ့ကျင့်မှုများထဲ၌ ပို၍ လုံးလဝီရိယ စိုက်ထုတ်လာကြတော့သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို ယူဆောင်လာရမည့် သင်ထောက်ကူပစ္စည်းများအား ရေးမှတ်ထားသော စာရင်းတစ်ခုစီပေးကာ သူတို့၏မိဘများဆီသို့ ပေးခိုင်းလိုက်၏။ မိဘများမှာလည်း ထိုစာရင်းကိုဖတ်ရှုကာ အပြန်ပြန် အလှန်လှန် စဉ်းစားလိုက်ကြပြီးနောက် ထိုပစ္စည်းများကို သူတို့၏ သားသမီးများအတွက် အသုံးပြုမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ၎င်းတို့အား ကျောင်းအတွက် လိုလိုလားလား လှူဒါန်းလိုက်ကြ၏။

ထိုသို့ဖြင့် လဝက်ဆိုသောအချိန်မှာ အလျင်အမြန် ကုန်ဆုံးသွား၏။ ကျောင်းသားများအားလုံး အံ့ဩမှင်တက်ဖွယ် ကောင်းလောက်အောင် စိတ်ဓာတ်များ တက်ကြွနေကြပြီး တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏ သွေးချီများမှာလည်း ပို၍ ပျစ်ခဲလာကြ၏။ သို့သော် ကောင်းကင်ဝါးမျိုခြင်းပညာရပ်၏ ရှောင်လွှဲ၍မရသော ဘေးထွက်ဆိုးကျိုးတစ်ခုမှာ နောက်ဆုံးတွင် တဖြည်းဖြည်းနှင့် သိသာလာတော့သည်။

၎င်းမှာ အဝလွန်ခြင်းပင်ဖြစ်သည်။

ထိုလဝက်အတွင်း ကျောင်းသားငါးရာမှာ အရူးအမူး လေ့ကျင့်ခဲ့ကြသည်ဖြစ်ရာ သူတို့ စုဆောင်းမိခဲ့ကြသော ဝိညာဉ်ချီများမှာ ဝိညာဉ်အဆီများအဖြစ် ပြောင်းလဲသွားကြ၏။ ထို့ကြောင့် ကျောင်းသားများဖြစ်စေ ကျောင်းသူများဖြစ်စေ သူတို့၏ အလေးချိန်များမှာ တစ်ရက်ပြီးတစ်ရက် သိသိသာသာတက်လာသောကြောင့် နောက်ဆုံးတွင် သူတို့အားလုံး ဖက်တီးလေးများ ဖြစ်လာကြတော့သည်။

လွန်ခဲ့သော လဝက်တုန်းက သူတို့အားလုံးမှာ ပိန်သွယ်သွယ်နှင့် ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ခဲ့ကြ၏။ သို့သော် ယခုတွင်မူ ပြည်သူ့ရင်ပြင်ထဲရှိ ကျောင်းသားငါးရာမှာ ဖက်တီးလေးများအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။ သူတို့အားလုံး ဝဖိုင့်ဖိုင့်နှင့် အလွန်အင်မတန်မှ ချစ်စရာကောင်းနေကြ၏။ သူတို့၏ခန္ဓာကိုယ်များထဲမှ သွေးချီများမှာလည်း လွန်ခဲ့သည့် လဝက်တုန်းကထက် အနည်းဆုံး နှစ်ဆတိတိပို၍ အစွမ်းထက်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့အား အခိုင်အမာ ယုံကြည်ထားသည့် ကျင့်သိုကျစ်ကဲ့သို့ ပါရမီရှိသော ကျောင်းသားအချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့ထက်ပင် ပို၍ဝဖြိုးလာပြီဖြစ်သည်။ ကျင့်သိုကျစ်၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အံ့သြမှင်တက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့သောကြောင့် သွေးချီအဆင့်အား ဖောက်ထွက်လုနီးပါးဖြစ်နေပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်နေပြီဖြစ်သည်။ သူ၏ သွေးချီများမှာ နဂိုမူလတုန်းကထက် ခြောက်ဆနီးပါး ပို၍အစွမ်းထက်လာခဲ့သည်။

သို့သော် ဝိတ်တက်လာမှုများနှင့် ဖတ်တီးများအဖြစ် ပြောင်းလဲသွားမှုများကြောင့် ကျောင်းသားအချို့မှာ တုန်လှုပ်ချောက်ချားနေကြတော့သည်။ အထူးသဖြင့် ကျောင်းသူများမှာဆိုလျှင် ဆွံ့အနေကြရပြီဖြစ်သည်။ သူတို့မှာ သူတို့၏ ရုပ်ရည်ကို အလွန်အင်မတန်မှ အလေးထားကြသူများ ဖြစ်ကြသောကြောင့် နှုတ်ထွက်ရန်ပင် ကြံရွယ်နေကြ၏။

ကျောင်းသားများသာ ထိုကဲ့သို့ဖြစ်နေကြသည်မဟုတ်ပေ။ လင်းတျန်ဟောက်၊ ကျောင်းမှဆရာများနှင့် ကျောင်းသားမိဘများပင်လျှင် တစ်ဖက်တွင် စိတ်ကျေနပ်နေကြပါသော်လည်း အခြားတစ်ဖက်တွင်မူ စိတ်ညစ်နေကြရတော့သည်။ ထိုကျောင်းသားငါးရာမှာ ဝမ်ပေါင်လဲ့၏ အသေးစားပုံစံတူလေးများကဲ့သို့ ဖြစ်နေကြသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့ကလည်း ယခုလိုဖြစ်လာမည်ကို ကြိုတင်မှန်းဆထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူ၏ကျောင်းသားများအားလုံး ဖက်တီးများ ဖြစ်လာကြသည်ကို သတိထားမိလိုက်သောအခါ ပြည်သူ့ရင်ပြင်ပေါ်၌ အစည်းအဝေးတစ်ခု ခေါ်လိုက်၏။ သူသည် မုန့်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားကာ လူတိုင်းအား အသိပေးလိုက်၏။

” ဘာမှ ကြောက်နေစရာမလိုဘူး။ မင်းတို့အားလုံး စိတ်အေးအေးထားကြ။ ဒါတွေ အကုန်လုံးက ငါ့အစီအစဉ်ထဲမှာ ပါပြီးသား။ ဝိတ်တက်တာက အခြေခံအဆင့်အတွက် ပထမဆုံးအဆင့်ပဲ။ ဒီအဆင့်ပြီးရင် ငါက မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ထပ်မြှင့်တင်ပေးရင်း မင်းတို့ကို ဝိတ်ကျလာအောင် ကူညီပေးမှာ ”

” ဘာလို့လဲဆိုတော့ ငါက မင်းတို့ကို ကောင်းကင်ဝါးမျိုခြင်းပညာရပ်ထက် ပိုပြီးတော့ အဖိုးတန်တဲ့ ပညာရပ်တစ်ခုကို ထပ်သင်ပေးဦးမှာ မလို့ပဲ။ အဲဒီပညာရပ်ကို ဝိတ်ချနည်း ကျင့်ကြံခြင်းပညာရပ်လို့ ခေါ်တယ် “

Comment

Leave a Reply

Options

not work with dark mode
Reset