မရေမတွက်နိုင်သော အကြည့်များက ကောင်းကင်ထက်မှ နတ်ဘုရားပြစ်ဒဏ် ခံယူနေသော ပုဂ္ဂိုလ်အား ကြည့်ကြသည်။ ထောက်ကျန်းက နောက်ဆုံး တိုက်ပွဲအပြီး၌ များစွာ တိုးတက်ခဲ့သော်လည်း နတ်ဘုရားပြစ်ဒဏ်ကို ခံယူချင်းမှာ သူ့အတွက် ခက်ခဲသောကိစ္စ ဖြစ်နေဆဲပင်။ ထို့အပြင် သူကား ရွှေဖီးနစ်စစ်တပ်ကို တိုက်ခိုက်ရန် အာရုံရောက်နေသည်။
ထောင်ကျန်းကား တော်ဝင်ကျဲနန်းတော် အတွက် သူတတ်နိုင်သည်များ လုပ်ခဲ့ပြီးဖြစ်သည်။ သူကား အမှန်ပင် လေးစားထိုက်ဖွယ်လူ ဖြစ်သည်။ သူ၏ယုံကြည်မှုကား အားကောင်းလွန်းရကား နတ်ဘုရား ပြစ်ဒဏ်ကိုပင် ဆင့်ခေါ်နိုင်စွမ်း ရှိသည်။
ကျယ်ပြောသော ပြည်နယ်ကိုးခု၌ ရှန့်ထို၇၂ပါးသာ ရှိသည်။
ကောင်းကင်ထက်တွင် မုန်တိုင်းကား ပိုမိုအားကောင်း လာပေသည်။ အဆုံးအစမဲ့သော မုန်တိုင်းများမှာ မဟာလမ်းစဉ် စွမ်းအားများကို သယ်ဆောင် လာကြခြင်း ဖြစ်၏။ ထိုအင်အားက မသက်ဆိုင်သူများအား မတိုက်ခိုက်သော်လည်း မြေပြင်တွင် ရပ်နေသူများမှာ ကောင်းကင်၏ အရှိန်အဝါကို ခံစားမိကြရပေသည်။
ပြည်နယ်ကိုးခုမြို့တော်မှ မရေမတွက်နိုင်သော လူများမှာ ကောင်းကင်ကို ကြည့်နေကြသည်။ သူတို့က ဘေးတွင် ဖြစ်ပွားနေသော တိုက်ပွဲကို သိပ်စိတ်ဝင်စားဟန် မရကြပေ။
တော်ဝင်စစ်ပွဲက ပြင်းထန်သော်လည်း နတ်ဘုရားဆေးကြော သန့်စင်ခြင်း စွမ်းအားကို ခံယူချင်းဖြစ်စဉ်မှာ သူတို့ တစ်သက်တာတွင် တစ်ကြိမ် မြင်တွေ့ရန် ခက်ခဲသောကိစ္စ ဖြစ်သည်။
ရှီတန်ခိုးရှင်များအတွက် နတ်ဘုရားပြစ်ဒဏ်မှာ ကြောက်မက်ဖွယ် ကောင်းသော်လည်း သူတို့တစ်သက်တာလုံး လိုလား တောင့်တရသော အရာလည်း ဖြစ်ပေသည်။
ကောင်းကင်၏ ကြီးမြတ်သော အခွင့်အာဏာ အောက်၌ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကား တိတ်ဆိတ်စွာ ထိုင်လျက် ထောင်ကျန်းကို မမှိတ်မသုန် ကြည့်နေသည်။
တော်ဝင် မြင့်မြတ်ခြင်းကို ရရှိခြင်းမှာ ရှားပါးသော အခွင့်အရေး ဖြစ်သော်လည်း ရှန့်ထိုဖြစ်ခြင်းမှာ သူ၏သေမင်းကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။
“ဘုန်း..” ပိုမို ကြောက်မက်ဖွယ် ကောင်းသော မဟာလမ်းစဉ် စွမ်းအား ဆင်းသက်လာသည်။ ထောင်ကျန်းကား စိတ်အာရုံ ပျံ့လွင့်ခြင်း မရှိတော့ဘဲ နတ်ဘုရား ဆေးကြေသန့်စင်ခြင်း စွမ်းအားကို သူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေပြီး အစိတ်အပိုင်း တစ်ခုချင်းစီအား ဆေးကြော သန့်စင်စေသည်။
တော်ဝင်လမ်းသို့ ဖြတ်လမ်းဟူသည် မရှိပေ။ ဖျက်ဆီးခြင်း စွမ်းအားကို လုံလောက်အောင် ခံယူခြင်းကသာ သူ့ခန္ဓာကိုယ်အား ပြောင်းလဲစေမည်၊ သန့်စင်စေမည်။ သူ့ခန္ဓာကိုယ်က အဆင့်တက်လိုလျှင် ပထမဆုံး စစ်မှန်သော စမ်းသပ်မှုအား ခံယူရမည်။ သူက ပြင်ပစွမ်းအားများ အကူအညီဖြင့် သည်စွမ်းအားကို ကျော်ဖြတ်ခြင်းကလည်း သူ့ခန္ဓာကိုယ်အား မှန်ကန်စွာ ပြောင်းလဲစေခြင်း မရှိရာ ရှန့်ထိုအဆင့်သို့ မည်သောအခါမှ တက်လှမ်းနိုင်မည် မဟုတ်ပေ။
နတ်ဘုရားစွမ်းအားက သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းကာ အသွေးအသားနှင့် ကလီစာများအား တစ်စ တစ်စ ပြောင်းလဲစေသည်။
သိပ်တွေးတော မနေတော့ဘဲ ထောင်ကျန်းက သူ၏စွမ်းအားများ အားလုံးကို သွေးကြောမ ခုနစ်ခုသို့ ဖြန့်ကြက်ကာ တစ်ကြိမ် မာန်သွင်းလိုက်ပြီး ကောင်းကင်ထက်မှ နတ်ဘုရားပြစ်ဒဏ် စုဝေးရာသို့ ပျံတက် သွားလိုက်သည်။
သူကား နတ်ဘုရား ပြစ်ဒဏ်အောက်တွင် တစ်ကြိမ် သေဖူးပြီးသွားရာ ဘာကိုမှ ကြောက်နေစရာ မလိုတော့ပေ။
“ဘုန်း…”
ပိုမိုပြင်းထန်သော စွမ်းအားအောက်တွင် ထောင်ကျန်းကား နတ်ဘုရားတစ်ပါးလို ပျံတက်လာသည်။
သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေပြီကို ထောင်ကျန်းက ခံစားမိသည်။ သို့သော်လည်း သူ၏မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်များအား မြင်နိုင်ပေသည်။ သူက ကောင်းကင်ထက်ကို ကြည့်ကာ ရှေ့ကို ဆက်တိုး သွားလိုက်သည်။
သူ့ဘဝတွင် နတ်ဘုရား ပြစ်ဒဏ်အား ခံယူနိုင်ခြင်းမှာ နောက်ထပ် နောင်တရစရာ မရှိတော့ပေ။
သူ၏ သေခြင်းရှင်ခြင်းကို ဖယ်လိုက်လျှင် တော်ဝင်ကျဲနန်းတော်မှာ ယခင်ကကဲ့သို့ အားနည်းခြင်း မရှိတော့ပေ။ သူတို့က ယခု ကျောက်ပြည်ထောင်နှင့် တန်းတူ ယှဉ်ရပ်နိုင်ပြီ ဖြစ်သည်။
ယနေ့တွင် သူ သေဆုံးခဲ့လျှင်လည်း တော်ဝင်ကျဲ နန်းတော်က ပြည်နယ်ကိုးခုတွင် ခိုင်မာစွာ ရပ်တည်နိုင်ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ် အလင်းတန်းများ သူ၏ခန္ဓာကိုယ်ကို ဖြန်သန်း စီးဆင်းကြလျှင် သွေးကြောများပင် ကွဲအက် လာကြတော့သည်။ သူ၏ ခွန်အားဖြင့်ပင် သူကား အချိန်မရွေး ကြေပျက်နိုင်သော အခိုက်အတန့်သို့ ရောက်လာသည်။
သို့သော်လည်း ထောင်ကျန်းကား ယိုင်နဲ့ခြင်းမရှိသော စိတ်ဓာတ်အား ပိုင်ဆိုင်သည်။ သူ့စိတ်နှလုံးက နောင်တ ကင်းစင်ခြင်းမှာ ကျောက်သား ကျောက်စိုင်ကဲ့သို့ သူ့စိတ်နှလုံးအား ခိုင်မာစေသည်။
မဟာလမ်းစဉ် စွမ်းအားက သူ့အား အဆက်မပြတ် တုန်ယင်စေသည်။ သူကား ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း ခိုင်မာသော စိတ်ဓာတ်က သူ့အား ပြိုလဲခွင့်မပေးပေ။ သူက ဖျက်ဆီးမှုကို ကြံ့ကြံ့ခံရင်း မုန်တိုင်းအား စူးနစ်စွာ ကြည့်နေဆဲ ဖြစ်သည်။
“နတ်ဘုရားပြစ်ဒဏ်က အားနည်း လာနေတယ်…” လူအများအပြားက ထိတ်လန့်ကြသည်။
ထိုမျှသာ မဟုတ်ပေ၊ ထောင်ကျန်းအား လှည့်ပတ် စီးဆင်းနေသော စွမ်းအားများမှာလည်း ပိုမိုလင်းလက် လာနေကြကာ အံ့ဖွယ်ကောင်းအောင် သူ၏ပျက်စီး ယိုယွင်းသော ခန္ဓာမှာ ပြန်လည်၍ ရှန်သန်ကုစား လာနေကြသည်။
“ထောင်ကျန်း အောင်မြင်တော့မယ်…”
လူအများအပြား၏ စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါ နေကြသည်။ ပြည်နယ်ကိုးခုတွင် မကြာမီ နောက်ထပ် ရှန့်ထိုတစ်ပါး မွေးဖွား လာတော့မည်။
သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်က အနီးကပ် စောင့်ကြည့်နေရာ သူက အသက် ရှင်မည်လားကတော့ မသေချာပေ။
ပြည်နယ်ကိုးခုတွင် ထောင်ကျန်းကား အသက်အတိုဆုံး ရှန့်ထိုဖြစ်ရန်လည်း ရှိပေသည်။
ကျောက်ပြည်ထောင် ဘုရင်က သူ့အား သတ်လိုနေသည်။
ရှန့်ထိုများ အကြားလည်း အဆင့်များ ကွဲပြားပေသေးသည်။ ကျောက်ပြည်ထောင် ဘုရင်ကား ရှန့်ထိုဖြစ်သည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ထောင်ကျန်းက ရှန့်ထိုအဆင့်သို့ တက်လှမ်းလျှင်ပင် ကျောက်ပြည်ထောင် ဘုရင်အား ယှဉ်နိုင်မည် မဟုတ်ပေ။
“သူ အောင်မြင်တော့မယ်…”
ရှန့်ထိုလီက ကောင်းကင်ထက်ကို ကြည့်သည်။ ထောင်ကျန်းကား ရှန့်ထိုဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သူ တစ်ယောက်တည်းသာ မဟုတ်ပေ၊ ရှန့်ထိုကျန့်နှင့် တခြား ပုဂ္ဂိုလ်များစွာ ကလည်း အဝေးမှ ကြည့်နေကြသည်။ သူတို့က ကောင်းကင်ထက်ကို မော့ကြည့်ရုံမျှဖြင့် နတ်ဘုရား အလားသဏ္ဌာန်ကို မြင်တွေ့နိုင်သည်။
လိပ်ပြာလေးက သူ့ဘေးတွင် ရပ်နေသည်။ ဆေးဥယျာဉ်တွင် ဒဏ်ရာရနေသော ယူစီနှင့် တခြားလူများကလည်း ထောင်ကျန်းကို စိုးရိမ်ပူပန်စွာ ကြည့်နေကြ၏။
“ဆရာ… တကယ်လို့ ကျောက်ပြည်ထောင် ဘုရင်က ထောင်ကျန်းကို သတ်ချင်ရင် သူက တားနိုင်ပါ့မလား…” လိပ်ပြာလေးက မေးသည်။
ရှန့်ထိုကျန့်က ခေါင်းယမ်းသည်… “ကျောက်ပြည်ထောင် ဘုရင်ရဲ့အဆင့်က ပိုမြင့်တယ်.. ရှန့်ထိုအဆင့်မှာ တစ်ဆင့်က တစ်ကမ္ဘာလောက် ခြားတယ်… သူတို့ နှစ်ယောက်တည်းဆို သေချာတယ်.. ထောင်ကျန်း အသက်မရှင်ဘူး… ဒါပေမဲ့ မြေရိုင်းပြည်နယ်က နောက်ထပ်ရှန့်ထိုရဲ့ စွမ်းအားကို ငါတို့ မသိရသေးဘူး… ဒါပေမဲ့လည်း ထောင်ကျန်းကို ကယ်ဖို့ ခက်လိမ့်မယ်…”
လိပ်ပြာလေးက မျက်နှာပြာနှမ်း သွားကာ ပြောသည်… “ဆရာ သူ့ကို ကူညီလို့ရလား…”
သူမ၏ဆရာကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့် ၁၂ ဖြစ်ရာ ထောင်ကျန်းကို ကူညီနိုင်ပေသည်။
ရှန့်ထိုကျန့်က လိပ်ပြာလေးအား တစ်ချက် ကြည့်ကာ ခေါင်းယမ်းသည်။
ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့အကြား တော်ဝင်စစ်ပွဲမှာ အင်ပါယာရှား ကိုယ်တိုင် ခွင့်ပြုထားပြီး ပြည်နယ်ကိုးခု တမန်တော်များ စောင့်ကြည့်သည်။ ထို့ကြောင့် မည်သူကမှ အင်ပါယာရှား၏စည်းမျဉ်းကို လွန်ဆန်နိုင်ခြင်း မရှိပေ။
နှစ်ဖက်လုံးက ကြီးမားစွာ ဆုံးရှုံးနေသည်။ သူ့တွင် ဝင်ပါစရာ အကြောင်းပြချက် မရှိပေ။
ထို့အပြင် ထောင်ကျန်းနှင့်သူက မည်သည့် ဆက်စပ်မှုမှ မရှိပေ။ သူက ထောင်ကျန်းအား ဆေးစိမ်ပေးခြင်းမှာလည်း ရီဖူရှင်း၏ စတေးမှုကြောင့်သာ ဖြစ်သည်။
လိပ်ပြာလေး၏ မျက်လုံးများက စိတ်ပျက်ဟန်များ အထင်းသား မြင်တွေ့ရသည်။ သူမ၏ တောင်းဆိုမှုက အနည်းငယ် လွန်ကဲနေသည်ကို သူမသိသည်။
ယခုကား ထောင်ကျန်းက လာမည့်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်သာ ဆုတောင်း နိုင်တော့သည်။
ထိုအခိုက်တွင် ထောင်ကျန်း၏အောက် ပြည်နယ်ကိုးခု စင်မြင့်ထက်မှ ကု့ချင်းသံတစ်ခုကို ကြားကြရသည်။
ကု့ချင်းသံကား ထည်ဝါ ခန့်ညားကာ ကြီးမားသော ဂုဏ်၊ မာန်မာနများ ပါဝင်ပြီး သူရဲကောင်းဆန်သော ခံစားချက်အား ပေးသည်။ လူအများအပြားက လှမ်းကြည့်ကြလျှင် တီးခတ်သူမှာ ရီဖူရှင်း ဖြစ်သည်ကို တွေ့ရ၏။ ဟွာဂျီယူ သူ့နောက်တွင် ရပ်နေကာ တခြားလူများက ဝင်္ကပါဖွဲ့လျက် သူတို့၏ စိတ်စွမ်းအားကို ရီဖူရှင်းထံသို့ လွှဲပြောင်း ပေးကြသည်။
ကု့ချင်းသံက လေဟာနယ်ကို ဖြတ်သန်းသွားကာ ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ပေါင်းစပ်သွားသည်။ သူတို့ရှေ့တွင် ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်နေဆဲပင်။
ယခုကား ကျောက်ပြည်ထောင်၏ တကွဲတပြား စစ်တပ်မှာ ရီဖူရှင်းထံသို့ ပြေးဝင် လာနေကြ၏။
သို့သော်လည်း သူတို့က ဝင်္ကပါရှေ့ကို ရောက်လာသောအခါ ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်အား ခံစားလိုက်ကြရပြီး အားလုံး အေးခဲသွားကြသည်။ သူတို့ရပ်နေရာ လေဟာနယ်မှာလည်း ရပ်တန့်သွားသည်။
လက်ချောင်းများက ကြိုးများကို ထိရိုက်သည်တွင် ကု့ချင်းသံက အလင်းစများအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ကို ဖြန့်ကြက်သွားသည်။ ထိုအခိုက်တွင် အလင်းတန်းများက ထိုလူများထံသို့ ရောက်သွားကြပြီး ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အချို့သော လူများ၏အရိုးများမှာ ကြေပျက်ရပြီး အချို့မှာ သွေးများ အန်ကျသည်။ ရီဖူရှင်းအနီးကို ကပ်ရန်မှာ မဖြစ်နိုင်ပေ။
ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ဆရာအား လှမ်းကြည့်သည်။ သူ့ဆရာထံမှ လွန်စွာ လှပသော ရောင်စဉ်များ ဖြာထွက်လာခဲ့ကာ နတ်ဘုရား ပြစ်ဒဏ်မှာလည်း တဖြည်းဖြည်း ပြယ်လွင့်နေပြီ ဖြစ်သည်။
ထောင်ကျန်း၏ ပြန်လည်ဖွဲ့စည်း ဖြစ်ပေါ်လာသော ခန္ဓာမှာ ကောင်းကင်ထက်၌ နတ်ဘုရားတစ်ပါး အလား စူးရှ လင်းလက်စွာ ဖြစ်တည်နေသည်။
နတ်ဘုရား ပြစ်ဒဏ်ပြီးနောက်တွင် တော်ဝင်ခန္ဓာကား ပြီးပြည့်စုံပြီ ဖြစ်သည်။
ထောင်ကျန်းကား တော်ဝင်လမ်းသို့ ဝင်ရောက်ခဲ့လေပြီ။
***