Switch Mode

အခန်း ( ၃၀၃ )

ကောင်းကင်ဝါးမျိုခြင်းပညာရပ်

ဝမ်ပေါင်လဲ့မှာ နားထောင်နေရင်း မျက်လုံးများပြူးသွားပြီး အသက်ရှူသံများ မြန်လာ၏။ လင်းတျန်ဟောက်၏ အကြံမှာ သူ၏စိတ်ကူးထဲမှ အကြံအစည်များနှင့် လုံးလုံးမတူဘဲ ကွဲပြားနေသောကြောင့် သူသည် မျက်စိပွင့်နားပွင့် ဖြစ်သွားရတော့သည်။

” ငါ စောစောကတည်းက အဲဒီအကြံကို တွေးမိခဲ့ရမှာ။ အဆင့်မြင့် အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ထားတာ အလကားပဲ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်တောက်လာ၏။ အထက်လူကြီးတစ်ယောက်၏ အမည်ကိုအသုံးချ၍ အခြားသူများအား အမိန့်ပေးစေခိုင်းသည့် နည်းလမ်းမှာ တစ်ရာရာခိုင်နှုန်းနီးပါး အောင်မြင်မှုရှိနိုင်သည်မဟုတ်ပါလော။

ထို့ကြောင့် ယခုတွင် လင်းတျန်ဟောက်အပေါ် ထားရှိသော ဝမ်ပေါင်လဲ့၏ အမြင်များမှာ ပြောင်းလဲသွားတော့သည်။ သူသည် အနည်းငယ်ခန့် မယုံသင်္ကာဖြစ်သွားပြီး လင်းတျန်ဟောက်မှာလည်း အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားသည်လောဟု တွေးမိသွား၏။ သို့သော် လင်းတျန်ဟောက်၏ ဖခင်ဖြစ်သူမှာ ဒုပဏာမအဆင့်နှစ် အဆင့်မြင့် အရာရှိကြီးတစ်ယောက် ဖြစ်နေသည့်အချက်ကို ပြန်၍အမှတ်ရသွားသောအခါ လင်းတျန်ဟောက်မှာ သူ့ဖခင်၏ နေ့စဉ်ဓူဝ အပြောအဆိုအပြုအမူများမှတစ်ဆင့် လေ့လာနိုင်သောကြောင့် မည်သည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိစာအုပ်များကိုမှ ဖတ်နေစရာမလိုကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရယ်မောလိုက်ပြီး လင်းတျန်ဟောက်၏ ပခုံးအား အားပါပါ ပုတ်လိုက်၏။

” တျန်ဟောက်ရေ မင်းပြောတာ အမှန်ပဲ။ ငါက မင်းကို စမ်းသပ်နေတာ။ မင်းကလည်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ အဆောင်မှုးကို မင်းရဲ့ ကောင်းကြောင်းတွေ ပြောပြပေးဖို့ ထိုက်တန်ပါပေတယ်။ မင်း စောစောက ပြောလိုက်တဲ့ အကြံအစည်က ငါတွေးနေတဲ့ အကြံအစည်နဲ့ အတူတူပဲကွ ”
ဝမ်ပေါင်လဲ့မှာ ပြုံးကာ ဆိုလိုက်၏။

လင်းတျန်ဟောက်မှာ အော့နှလုံးနာသွားပါသော်လည်း သူ၏ခံစားချက်များကို ထုတ်မပြပေ။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား ထပ်၍ မြှောက်ပင့်ပြောဆိုလိုက်သေးသည်။

” လက်ထောက်ကျောင်းအုပ်လို အထက်လူကြီးရဲ့ လက်အောက်မှာ နှစ်တွေအများကြီး လေ့လာသင်ယူခဲ့လို့ ကျနော် အခုလိုဖြစ်နေရတာပါ ”
လင်းတျန်ဟောက်မှာ ထိုသို့ဆိုရင်း အနေရ ခက်လာသဖြင့် မျက်နှာကြီးတစ်ခုလုံး နီမြန်းသွားတော့သည်။ သူသည် ဝမ်ပေါင်လဲ့မှာ သူ့အတွက် အမှန်တကယ်ပင် ဂြိုဟ်ဆိုးတစ်ကောင် ဖြစ်သည်ဟု မှတ်ယူလိုက်ပြီး စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေတော့သည်။ သူသည် တာအိုကျောင်းထဲတွင် အနိုင်ကျင့်ဗိုလ်ကျခဲ့ရုံသာမက အင်္ဂါဂြိုဟ်ပေါ်တွင်ပါ ဆက်၍ အနိုင်ကျင့်ဗိုလ်ကျနေသည်ဖြစ်ရာ လင်းတျန်ဟောက်မှာ ပြန်လည်တုံ့ပြန်လိုစိတ်ပင် မရှိတော့ဘဲ ရေလိုက်ငါးလိုက်သာ ပြုမူနေထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။

လင်းတျန်ဟောက်၏ လျှိုတောက်ပင်းလောက် လိမ္မာပါးနပ်မှုမရှိသော မျက်နှာလိုမျက်နှာရ လုပ်နေသည့် စကားများကို ကြားလိုက်ရသောအခါ ထိုကဲ့သို့သော ကိစ္စများနှင့် ပတ်သက်လာလျှင် သူ အကျွမ်းတဝင် မရှိသေးကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ သို့သော် သူသည် ကျေနပ်နေဆဲပင်။ ထို့ကြောင့် သူသည် ပြုံးကာ စကားဆက်ပြောနေလိုက်ပြီး လင်းတျန်ဟောက်အား ဆိုဖာတစ်ခုပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

” တျန်ဟောက်။ ကြည့်ရတာ မင်း ဒီကျောင်းကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးသား ဖြစ်နေတဲ့ပုံပဲ။ မင်းရဲ့ အဖေက ဒုပဏာမအဆင့်နှစ်အရာရှိ တစ်ယောက် ဖြစ်ပြီးတော့ မင်းကို ဒီရာထူးရအောင် တမင်စီစဉ်ပေးခဲ့တာ။ အချိန်အတိုင်းအတာတစ်ခုအထိ ကြာပြီးတာတောင်မှ မင်းဘက်က စိတ်ကျေနပ်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ထုတ်မပြနိုင်ဘူးဆိုရင် ငါက မင်းကို သတိပေးဖို့ စိတ်ကူးထားပြီးသား ”
ဝမ်ပေါင်လဲ့မှာ ပြုံးကာဆိုလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် အဓိပ္ပါယ်နက်ရှိုင်းသော အရိပ်အယောင်များ ထင်ဟပ်သွားအောင် လုပ်လိုက်၏။

အမှန်တွင် သူသည်လည်း ဤ ထိပ်တန်းအဆင့်ကျောင်းဟု အမည်ရသော ကျောင်းတော်ကြီးမှာ သူ ထင်ထားသလောက် သုံးစားမရသည့် အခြေအနေတွင် ရှိနေခြင်းမဟုတ်ကြောင်း ယခုမှ နားလည်သွားခြင်းဖြစ်သည်။ ထို့အပြင် ဤကျောင်းတော်မှာ သူ့အတွက် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် အကျိုးပြုနိုင်စွမ်း ရှိနေပေသည်။

သူသည် ကျောင်းတစ်ကျောင်းလုံးကို အုပ်ချုပ်နေရပြီဖြစ်သလို ကျောင်းသားများ၏ ကြည်ညိုလေးစားမှုများကိုပါ ရရှိထားပြီဖြစ်ရာ အင်္ဂါဂြိုဟ်ပေါ်ရှိ လူရင်းမြစ်တစ်ခုလုံး၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ထားပြီဟု ဆိုနိုင်ပေသည်။ ထိုလူရင်းမြစ်များမှာ လိုအပ်လာပါက အလွန်အင်မတန်မှ အသုံးဝင်နိုင်ပေသည်။

ထို့အပြင် ထိုအချက်မှာ အရေးအကြီးဆုံး မဟုတ်သေးပေ။ ထိုကျောင်းသားများ အရွယ်ရောက်လာကြမည့် အနာဂတ်ကာလတွင် သူတို့၏ လက်ထောက်ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အချက်ကြောင့် သူသည် ဂုဏ်သတင်း ကျော်စောနေအုံးမည်လည်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို တွေးမိလိုက်သောအခါ ရင်ဘတ်ကြီးတစ်ခုလုံး လှိုက်ဖိုသွားပြီး စိတ်လှုပ်တရှား ဖြစ်သွားရပါသော်လည်း သူ၏ အမူအရာမှာမူ တည်ကြည်စွာရှိနေဆဲပင်။ ထို့ကြောင့် ဤရာထူးကို ရရှိခဲ့သည်မှာ သူ့အတွက် နစ်နာမှုမရှိသည့်အပြင် ကံကောင်းလွန်းနေသည်ဟုပင် မှတ်ယူလိုက်တော့သည်။

” လွှတ်တော်အမတ်လင်းက သူ့သားကို ဒီကျောင်းပို့လိုက်တာ မထူးဆန်းပါဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို နားလည်သွားပါသော်လည်း ထုတ်ပြောခြင်းမရှိဘဲ လင်းတျန်ဟောက်အား ပြုံးပြလိုက်၏။

လင်းတျန်ဟောက်မှာမူ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ဤကျောင်းတော်ကြီးဆီသို့ ရောက်လာရသည့် ရည်ရွယ်ချက်ကို ယခင်ကတည်းက ကြိုသိနေခဲ့သည်လော သို့မဟုတ် ယခုမှ သိရှိသွားသည်လောဟု ဝေခွဲမရ ဖြစ်သွားတော့သည်။ သို့သော် ယခုတွင် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ ပြေပြေလည်လည်ရှိလာပြီ ဖြစ်သောကြောင့် သူသည် မည်သည့်အချက်ကိုမှ ထိမ်ချန်မနေတော့ဘဲ အမှန်အတိုင်း ပြောပြလိုက်တော့သည်။

” ကျောင်းအုပ်။ ကျနော့်အဖေ ကျနော့်ကို ဒီနေရာကို ပို့ဖို့ စပြောခဲ့တဲ့ အချိန်တုန်းက ကျနော်က မလာချင်ခဲ့ဘူး။ သူ အင်္ဂါဂြိုဟ်ရဲ့ ထိပ်တန်းအဆင့် ကျောင်းတော်ကြီးတွေကို အထင်မသေးဖို့ ပြောပြီးမှ ကျနော် စိတ်ပြောင်းသွားတာ။ ဒီကျောင်းမှာရှိတဲ့ ကျောင်းသားတွေရဲ့ မိဘတွေက ချမ်းသာကြွယ်ဝတဲ့လူတွေ ဒါမှမဟုတ် အရှိန်အဝါ ကြီးမားပြီးတော့ နာမည်ကြီးတဲ့ လူတွေချည်းပဲ။ သူတို့အကုန်လုံးက အင်္ဂါဂြိုဟ်ပေါ်မှာ အဆက်အသွယ်တွေ အများကြီးနဲ့ အလုပ်တွေလုပ်နေကြတဲ့ ဂုဏ်ကျက်သရေရှိ လူကြီးတွေချည်းပဲလေ။ သူတို့ရဲ့ သားသမီးတွေရဲ့ ဆရာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတာက သူတို့ရဲ့ အညှာကို ကိုင်ထားရတဲ့ အတိုင်းပဲ။ ဒီလို ရာထူးမျိုးနဲ့သာဆိုရင် သူတို့ရဲ့ အဖွဲ့အစည်းတွေ ကြားမှာရှိတဲ့ အချိတ်အဆက်တွေနဲ့ အဆက်အသွယ်တွေကိုပါ ရရှိပိုင်ဆိုင်နိုင်မှာ ”

” ပြီးတော့ အနာဂတ်ရောက်လို့ ကျောင်းသားတွေ အရွယ်ရောက်လာတဲ့အချိန်ကျရင် သူတို့ကို စာသင်ပေးခဲ့ပြီးတော့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာတစ်ယောက်အနေနဲ့ ဘယ်သူနဲ့မှ မတူတဲ့ ရာထူးအဆင့်အတန်းတစ်ခုကို ရရှိပိုင်ဆိုင်သွားမှာပဲ ”

” ကျနော့်ရဲ့အဖေက ကျနော့်ရဲ့ အစွမ်းတွေကို တိုးတက်လာအောင်လုပ်ရင်း ဒီ အဖိုးတန် လူရင်းမြစ်တွေအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ ချနိုင်ဖို့ ဒီကိုလာသင့်တယ်ဆိုပြီး ပြောခဲ့တာ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး လင်းတျန်ဟောက်၏ ဖခင်ဖြစ်သူ လွှတ်တော်အမတ်လင်းမှာ ဒုပဏာမအဆင့်နှစ်အရာရှိ ဟူသော ရာထူးကို လက်ခံရရှိထားသည့် မြို့စားတစ်ယောက် ဖြစ်ထိုက်ပေသည်ဟု စိတ်ထဲတွင် ချီးကျူးမိလိုက်တော့သည်။ ထို တွေးခေါ်ပုံများမှာ အပြင်ပန်းတွင် ရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း သူ၏ လောကကြီးအပေါ် ထားရှိသော အတွေးအမြင်များမှာ မည်မျှအထိ ကျယ်ပြန့်နေကြောင်း သက်သေပြနေခြင်းဖြစ်သည်။ သူသည် ပစ္စုပ္ပန်တွင် နေထိုင်နေခြင်းဖြစ်ပါသော်လည်း အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နေပြီးသားဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်နှင့် စကားဆက်ပြောနေလိုက်ပြီး လွှင့်ရမည့် ကောလာဟလအကြောင်းများနှင့် ထိုအစီအစဥ် ကြီးအား အဆင့်ဆင့် ပြုမှုဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သတ်၍ အသေးစိတ်ဆွေးနွေးလိုက်၏။ ထို့နောက် သူသည် ထိုတာဝန်ကြီးတစ်ခုလုံးကို လင်းတျန်ဟောက်လက်ထဲသို့ လွှဲပေးလိုက်ပြီး သူ၏လက်ဖက်ရည်ခွက်ကို မြှောက်လိုက်၏။

ထိုအခါ လင်းတျန်ဟောက်မှာ ချက်ချင်းပင် မတ်တတ်ထလာကာ နှုတ်ဆက်စကားများ ဆိုလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏ လက်ဖက်ရည်ခွက်ကို အောက်သို့ပြန်ချလိုက်သည်။ ထို့နောက် သူသည် အသက်ရှူသံများ မြန်ဆန်လာသလို သူ၏ မျက်လုံးများမှာလည်း ဝင်းလက်တောက်ပသွားတော့သည်။ သူသည် မတ်တတ်ထလာပြီး သူ၏ရုံးခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိတ်လှုပ်ရှားနေတော့သည်။

” နောက်သုံးလနေရင် ကျင်းပမယ့် လက်ရည်စမ်းပြိုင်ပွဲမှာ ငါ အနိုင်ရမှဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ အနိုင်ရလိုစိတ် ပြင်းပြနေသောကြောင့် သူ၏ အစီအစဉ်များကို ပြီးပြည့်စုံအောင် လုပ်ရန် စတင်ဆောင်ရွက်လိုက်တော့သည်။ ထို့ကြောင့် သူသည် ရှေးဟောင်းသိုင်းအဆင့်၏ ပထမအဆင့်တွင် ရှိနေသော ကျောင်းသားများအကြောင်းကို တွေးတောကြည့်လိုက်၏။ အကယ်၍ သူတို့၏ ရှေးဟောင်းသိုင်းပညာအဆင့်ကို တိုးတက်လာအောင်လုပ်ချင်ပါက သူတို့တွင် တောင့်တင်းခိုင်မာသော အပြင်ခန္ဓာကိုယ်များ ရှိနေရန် လိုအပ်ပေသည်။

သို့မှသာ သူတို့မှာ ရှေးဟောင်းသိုင်းအဆင့်ထဲရှိ ခန္ဓာအချုပ်အနှောင်အဆင့်နှင့် ဖွံ့ထွားသွေးကြောအဆင့်များဆီသို့ တက်လှမ်းနိုင်ရန် လိုအပ်သည့်‌ သွေးချီများကို အလုံအလောက်ပိုင်ဆိုင်သွားမည် ဖြစ်သည်။

” အပြင်ခန္ဓာကိုယ်က လိုအပ်ချက်တွေထဲက တစ်ခုပဲ။ နောက်ထပ်လိုအပ်ချက် တစ်ခုကတော့ …. ဝှက်ဖဲပေါ့ ”

ဝမ်ပေါင်လဲ့မှာ လေ့ကျင့်ရေး အစီအစဉ်များကို ချမှတ်နေရင်း သူ၏ အတိတ်ကို ပြန်၍တွေးမိလိုက်၏။ သူသည် ရှေးဟောင်းသိုင်းအဆင့်တွင် ရှိခဲ့စဉ်တုန်းက အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းခဲ့သည်ဟု မှတ်ယူလိုက်၏။ အကယ်၍ သူသာ ကျောင်းသား ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းလောက်ကို သူ ငယ်ငယ်တုန်းကအတိုင်း ဖြစ်သွားအောင် ပြုစုပျိုးထောင်ပေးနိုင်မည် ဆိုပါက ထိုလက်ရည်စမ်းပွဲတွင် အနိုင်ရရှိမည့်သူကို ခန့်မှန်းနေစရာပင် လိုတော့မည်မဟုတ်ပေ။

” အဲဒီတော့ ဝှက်ဖဲကလည်း အရမ်းကို အရေးကြီးတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် သူ၏ လက်ချောင်းချိုးစွမ်းရည်အား ကျောင်းသားများကိုသင်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုစွမ်းရည်ကို တမင်သက်သက်ကြီး သင်ပေးနေစရာပင် မလိုပေ။ အဘယ့်ကြောင့်ဆိုသော မည်သူမဆို ၎င်းအား မြင်လိုက်ရုံမျှဖြင့် လိုက်လုပ်နိုင်မည်ဖြစ်သည်။ သူတို့မှာ ထိုစွမ်းရည်အား အကျွမ်းတဝင် ရှိနေအောင် လေ့ကျင့်ထားရန်သာ လိုအပ်ပေသည်။

သို့သော် သူတို့မှာ မည်မျှပင် ကျွမ်းကျင်စေကာမူ ဝမ်ပေါင်လဲ့ကိုတော့ လိုက်မီမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော ဝမ်ပေါင်လဲ့မှာ ဝါးမျိုခြင်းသစ်စေ့ကို ပိုင်ဆိုင်ထားသည့်အတွက် သူအသုံးပြုသည့် လက်ချောင်းချိုးစွမ်းရည်များမှာ အများနှင့် မတူလောက်အောင် အံ့အားသင့်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။

” မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်း ပညာရပ်က ငါ့ရဲ့ အခြေခံအုတ်မြစ်ပညာရပ် ဖြစ်နေတော့ အဲဒီ ပညာရပ်ကိုတော့ သင်ပေးလို့မဖြစ်ဘူး။ မမလေးကလည်း ခွင့်ပြုမှာမဟုတ်ဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ အနည်းငယ်ခန့် အခက်တွေ့သွားရ၏။ ထို့နောက် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်ကာ မမလေးဆီမှ အကြံတောင်းရန် ဆုံးဖြတ်လိုက်သည်။

ပုံရိပ်ယောင်နယ်မြေတစ်ခုလုံးကို နှင်းနှင့် ရေခဲများက ဖုံးလွှမ်းထားနေဆဲပင်။ သို့သော် ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ မမလေးအား မတွေ့ရပေ။ ထို့ကြောင့် သူသည် ပုံရိပ်ယောင်နယ်မြေထဲတွင် အနက်ရောင်မျက်နှာဖုံးကို ထုတ်ယူလိုက်ပြီး သူမေးချင်သောမေးခွန်းကို မေးလိုက်၏။ ထိုအခါ ထိုအနက်ရောင် မျက်နှာဖုံးကြီးမှာ အနည်းငယ်ခန့် တောက်ပလာပြီး ၎င်းပေါ်တွင် စာလုံးများ ပေါ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ အလျင်စလိုနှင့် ဖတ်ကြည့်လိုက်ပြီး‌နောက် ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွား၏။

” အဲဒီလို လုပ်လို့ရတယ်လား ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိလိုက်၏။ အနက်ရောင်မျက်နှာဖုံးကြီးမှာ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ် မဟုတ်ပါသော်လည်း ၎င်းနှင့် အနည်းငယ်ခန့် ဆင်တူသော ကျင့်ကြံခြင်းပညာရပ်တစ်ခု ရှိသေးကြောင်း ပြောနေခြင်းဖြစ်သည်။ ထိုပညာရပ်က ချီဝါးမျိုခြင်းပညာရပ်ကို ရိုးရှင်းအောင်ပြုလုပ်ထားခြင်း ဖြစ်သည်။

ထို ရိုးရှင်းအောင် ပြုလုပ်ထားသည့် ပညာရပ်ကို လေ့လာမည်ဆိုပါက ဝါးမျိုခြင်းသစ်စေ့ကို ဖန်တီးနိုင်မည် မဟုတ်ပါသော်လည်း အတိုင်းအတာတစ်ခုအထိ အစွမ်းထက်သော စုပ်အားတစ်မျိုးကို ဖန်တီးနိုင်မည် ဖြစ်သည်။ ထိုစုပ်အားနှင့်ဆိုလျှင် လက်ချောင်းချိုးစွမ်းရည်အား ကျွမ်းကျင်တတ်မြောက်နိုင်ရန် လုံလောက်ပေသည်။

ထိုအချက်မှာ အရေးအကြီးဆုံး မဟုတ်သေးပေ။ ၎င်းထက် ပို၍အရေးကြီးသည့် အချက်မှာ ထိုကျင့်ကြံခြင်းပညာရပ်အား လေ့ကျင့်ထားသည့်လူတိုင်းကို ဝါးမျိုခြင်းသစ်စေ့က ထိန်းချုပ်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း အနက်ရောင်မျက်နှာဖုံးကြီးက ဝမ်ပေါင်လဲ့အား အတိအလင်း ရှင်းပြထားခြင်းဖြစ်သည်။

ထိုအချက်ကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။ ထို့အပြင် ရှေးဟောင်းသိုင်းအဆင့် ကျင့်ကြံသူများအတွက် ဤကျင့်ကြံခြင်းပညာရပ်မှာ အလွန်အင်မတန်မှ အကျိုးရှိမည်ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းများကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ ဆိုရလျှင် သူတို့မှာ အနာဂတ်၌ ဝမ်ပေါင်လဲ့၏ ရန်သူများ ဖြစ်မလာသရွေ့ နစ်နာမှုရှိမည်မဟုတ်ဟုပင် ဆိုနိုင်သည်။ ထို့အပြင် သူတို့မှာ အကျိုးကျေးဇူး မြောက်မြားစွာကိုသာ ဆက်လက်ရရှိနေမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်အား ရိုးရှင်းအောင်ပြုလုပ်ထားသည့် ပညာရပ်အကြောင်း စဉ်းစားတွေးတောလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ထို့ကြောင့် သူသည် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာလာပြီး သူ၏ လေ့ကျင့်ရေးအစီအစဉ်ကို လက်တွေ့အကောင်အထည် ဖော်လိုက်တော့သည်။ ထိုအစီအစဉ်၏ ပထမဆုံးအသုတ်တွင် ကျောင်းသားငါးရာ ပါဝင်၏။

နောက်သုံးလအတွင်း ထိုကျောင်းသားငါးရာထဲမှ လက်ရည်စမ်းပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ကျောင်းသားအယောက်တစ်ရာကို ရွေးချယ်မည်ဖြစ်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ လက်ရည်စမ်းပွဲမှာ တစ်ဦးချင်းပြိုင်ပွဲ မဟုတ်ဘဲ လူအယောက်တစ်ရာမှာ အဖွဲ့ဖွဲ့ကာ အခြားလူအယောက်တစ်ရာနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဖြစ်သည်။

ထို့ကြောင့် ထိုပြိုင်ပွဲမှာ တိုက်ရည်ခိုက်ရည်များကိုသာမက အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုပါ အကဲဖြတ်ပေးသည့် ပြိုင်ပွဲမျိုးဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ခက်ခဲပါသော်လည်း ပြည်ထောင်စုစိတ်ဓာတ်နှင့် ကိုက်ညီမှုရှိပေသည်။

ပြည်ထောင်စုကြီးမှာ သူရဲကောင်းများကို လိုအပ်ပါသော်လည်း ပြည်ထောင်စုကြီးတစ်ခုလုံး သွေးစည်းညီညွှတ်နေရန် ပို၍လိုအပ်ပေသည်။

ထိုသို့ဖြင့် မြူခိုးတာအိုကျောင်း၏ ကျောင်းအုပ်မှာ လက်ထောက်ကျောင်းအုပ်ဖြစ်သော ဝမ်ပေါင်လဲ့အား လုပ်ပိုင်ခွင့်အပြည့်အဝ ပေးလိုက်၏။ နောက်သုံးရက်အကြာတွင် မြူခိုးတာအိုကျောင်းထဲရှိ ကျင့်ကြံခြင်း လေ့ကျင့်ခန်းများအတွက် အထူးစီစဉ်သတ်မှတ်ထားသော နယ်မြေတစ်ခုထဲ‌၌ ဝမ်ပေါင်လဲ့မှာ သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ရပ်နေ၏။ သူ၏ဘေးတွင် လင်းတျန်ဟောက်လည်း ရှိနေပြီး သူတို့၏ ပတ်ပတ်လည်တွင်လည်း ဒါဇင်ပေါင်းများစွာသော ဆရာများမှာ တည်ကြည်စွာ ရပ်နေကြ၏။

ဝမ်ပေါင်လဲ့၏ ရှေ့တည့်တည့်တွင်မူ ပြည်သူ့ရင်ပြင်ကြီးတစ်ခု ရှိနေပြီး ထိုရင်ပြင်ထဲတွင် ကျောင်းသားငါးရာမှာ အစီအရီ ရပ်နေကြသည်။ ကျောင်းသားနှင့် ကျောင်းသူအရေအတွက်ကို တစ်ဝက်စီခွဲထားပြီး သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။

သူတို့၏မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများနှင့် ကြည်ညိုမှု အရိပ်အရောင်များကို အထင်းသားမြင်နိုင်ပေသည်။ အထူးသဖြင့် ကျင့်သိုကျစ်ကဲ့သို့သော ကျောင်းသားအချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူတို့၏မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများသာမက စွဲလမ်းမှု အရိပ်အယောင်များပါ ထင်ဟပ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ကျောင်းသားများ၏ အမူအရာများကြောင့် အလွန်အင်မတန်မှ ကျေနပ်နေ၏။ ထို့နောက် သူသည် လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် တည်ကြည်စွာဆိုလိုက်၏။

” ဒီနေ့ ငါ မင်းတို့ကို ပြိုင်ဘက်ကင်း ကျင့်ကြံခြင်းပညာရပ်တစ်ခု သင်ပေးမယ်။ ဒီ ကျင့်ကြံခြင်းပညာရပ်က တော်တော်လေးကို ကြောက်ဖို့ကောင်းပြီးတော့ တစ်ဘဝလုံး အသုံးပြုလို့ရတယ်။ အဲဒီပညာရပ်ကြောင့်လည်း ငါက အရမ်းအစွမ်းထက်နေတာ ”

” မင်းတို့အားလုံး မှတ်ထားရမှာက ငါ့ရဲ့ခွင့်ပြုချက် မရဘဲ ဒီပညာရပ်ကို တခြားလူတွေကို သင်ပေးလို့မရဘူးဆိုတဲ့ အချက်ပဲ ”

” ဒီပညာရပ်ကို…. ပေါင်လဲ့ ကောင်းကင် ဝါးမျိုခြင်းပညာရပ်လို့ ခေါ်တယ် “

Comment

  1. ThaKhinMaGyi says:

    ‌ပေါင်လဲအစာမြိုခြင်းကျင့်စဉ်ဆိုနာမည်ပိုလှမှာ🤣

Leave a Reply

Options

not work with dark mode
Reset