Switch Mode

အပိုင်း ( ၈၇၄ )

ဝင်္ကပါကို ဖောက်ထွက်ခြင်း

ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းထဲတွင် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ဆင်းသက် လာသည်။ မဟာလမ်းစဉ်၏ဖိအားက လူအများအပြားအား တင်းကျပ်သော ခံစားချက်ကို ပေးစွမ်း၏။ နောက်ကို ဆုတ်ခွာသူများထဲတွင် တန်ခိုးအဆင့် နိမ့်သူများမှာ ခြေလက်များပင် တုန်ယင် နေကြသည်။

ဘုန်း …

နတ်ဘုရားပြစ်ဒဏ်က ကျဆင်းလာသည်တွင် ထောင်ကျန်း၏ခန္ဓာမှာ ပိုမို၍ လင်းလက် သွားသည်။

သူ့ခန္ဓာကိုယ်၌ ကြီးမားသော အလင်းအစုအဝေးမှာ ပြင်းထန်စွာ လှည့်ပတ်သွားကြပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။

သို့သော်လည်း သည်တစ်ကြိမ်တွင် ထောင်ကျန်းမှာ ခန္ဓာကိုယ်အတွင်း၌ အဆုံးအစမဲ့သော ခွန်အားများ စီးဆင်းနေသည်ကို ခံစားရသည်။ နတ်ဘုရား ပြစ်ဒဏ်ကား သူ့ကို ဒဏ်ရာရစေနိုင်ခြင်း မရှိတော့ပေ။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ထောင်ကျန်းကို ကြည့်သည်။ ထောင်ကျန်းက ပြည်နယ်ကိုးခု ကျောင်းတော်ကို သည်ရည်ရွယ်ချက်ဖြင့် ရောက်လာသည်ကို သူသိသည်။ မြေရိုင်းပြည်နယ်က နောက်ထပ် ရှန့်ထိုတစ်ပါးကို မွေးဖွားလိုသည်။ သို့သော်လည်း ထိုမျှ မရိုးရှင်းပေ။ တော်ဝင်စစ်ပွဲ၏ ရလဒ်မှာ တကယ်တမ်းအားဖြင့် အားအကောင်းဆုံး သူများဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ကျဲ နန်းတော်တွင် ရှန့်ထိုတစ်ပါးစီရှိတိုင်း သူက ထိုရှန့်ထိုအား သတ်ဖြတ်ရပေမည်။

မြေရိုင်းပြည်နယ် တပည့်များ အားလုံး၏ အလားအလာမှာ အလွန်မြင့်နေလျှင်ကော အဘယ်အရေးနည်း။ သူက ထိုလူများအား ရှန့်ထိုအဆင့်သို့ မတက်လှမ်းနိုင်ရန် အမြဲတမ်း စောင့်ကြပ် နေမည်။

သူတို့ ရှန့်ထိုအဆင့်သို့ ဝင်ရောက်သည်နှင့် သူတို့ သေဆုံးရပေမည်။

ရီဖူရှင်းကလည်း ထောင်ကျန်းကို ကြည့်နေသည်။ ယနေ့တွင် သူ၏ဆရာက ရှန့်ထိုအဆင့်သို့ သေချာပေါက် ဝင်ရောက်ကာ မည်သူကမှလည်း တားဆီး၍ မရပေ။

“အမိန့်… သူတို့ကို ဝန်းရံကြ…” ရီဖူရှင်းက ရှေ့ကို တက်သွားကာ စစ်တပ်အား အမိန့်ပေးသည်။

“ဝင်္ကပါ..” ရီဖူရှင်းက ပြောသည်တွင် တော်ဝင်ကျဲ နန်းတော်မှ တပည့်များက ဝင်္ကပါပုံစံဖြင့် ရှေ့ကို ချီတက်ကြသည်။

ထောင်ကျန်းကား နတ်ဘုရား ပြစ်ဒဏ်အား ဖြတ်ကျော်ခြင်း အချိန်ကာလ၌ဖြစ်ရာ ပုံမှန်အားဖြင့် ဝင်္ကပါကို ယန်ဟောင်က ဦးဆောင် ရပေမည်။ တစ်ချိန်တည်းမှာပင် ဟောင်မိသားစုနှင့် ရေခဲနန်းတော်တို့ကလည်း ဝင်္ကပါ၌ ပါဝင်ကြသည်။ သူတို့က နန်းတော်၏ အစိတ်အပိုင်းများ ဖြစ်နေကြပြီး ဖြစ်သည်။

ကျောက်ပြည်ထောင် ဘုရင်က ပလ္လင်တွင်ထိုင်ကာ တော်ဝင်ကျဲ နန်းတော်ဘက်မှ လူများအား လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ကြည့်သည်။

“ပြန်လာခဲ့…” ကျောက်ပြည်ထောင် ဘုရင်က အမိန့်ပေးသည်။ ကျောက်ပြည်ထောင် စစ်တပ်ကလည်း နောက်ဆုတ်ကြ၏။

တိုက်ပွဲကို စောင့်ကြည့် နေကြသူများ အားလုံး အံ့အားသင့် ရသည်။ ကျောက်ပြည်ထောင် ဘုရင်ကား မြေရိုင်းပြည်နယ်ကို ထိပ်တိုက် ရင်မဆိုင်ရဲပေ။

ရွှေဖီးနစ်ဝင်္ကပါထဲ၌ ဖီးနစ်စစ်သူရဲများ ဖန်ဆင်းထားသော ဖီးနစ်သတ္တဝါဆန်းမှာ ကောင်းကင်ကို အုပ်မိုး၍ ဖြစ်ပေါ်နေပြီး အတောင်ပံများကို ဖြန့်ကြက်ထားသည်။ ထိုဝင်္ကပါအား ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ကျောက်မင်နှင့် ကျောက်ဟောင်တို့က တာဝန်ယူ ဦးစီးသည်။

ဖီးနစ်ဝင်္ကပါ၏ ဧရာမအတောင်ပံကြီးက ပြင်းထန်စွာ ရိုက်ခတ်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းကြီး ဖြစ်ပေါ်လာကာ လေဟာနယ်ကို ခွဲခြမ်းသည်။

ကောင်းကင်ဝင်္ကပါ၌ ယန်ဟောင်မှာ ရတနာပုဆိန်အား ကိုင်ဆောင်ထားပြီး အတောင်ပံအား ခုတ်ဖြတ်သည်။ ပြင်းထန်စွာ ထိရိုက်သံ ထွက်ပေါ်လာပြီး ဖီးနစ်အတောင်ပံမှာ နောက်ကို ဆုတ်သွားရသည်။ နေ့ခိုင်၏စစ်တပ်မှာလည်း ဆုတ်ခွာရ၏။

သို့တိုင်အောင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကား ပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူတို့ ပြည်နယ်ကိုးခု မြို့တော်သို့ ရောက်လာခြင်းမှာ ရီဖူရှင်းတို့အတွက် မဟုတ်ပေ … ထောင်ကျန်းကို သတ်ရန်သာ ဖြစ်၏။

ပြည်နယ်ကိုးခု စင်မြင့်ထက်တွင် ထောင်ကျန်းမှာ တိုက်ခိုက်ရေး ပုံစံအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။ ကောင်းကင်ထက်တွင် မဟာလမ်စဉ်၏ လောကဓာတ်များက နတ်ဘုရား ပြစ်ဒဏ်အဖြစ်ဖြင့် ဆင်းသက် လာကြရာသူ့အား တုန်ယင်စေသည်။ သည်စွမ်းအင်က ဆေးရည်စိမ်ခြင်း မပြုလုပ်ထားခဲ့လျှင် သူတားဆီး ခုခံနိုင်ရန် မစွမ်းသာသော အရာဖြစ်ပေမည်။

ထောင်ကျန်းက ဖီးနစ်စစ်တပ်ကို တစ်ချက်ကြည့်ကာ လူသတ်လိုသော အငွေ့အသက်များ ဖြတ်ပြေး သွားသည်။ သူကား ရှန့်ထို မဖြစ်သေးပေ။ နတ်ဘုရားပြစ်ဒဏ် ကောင်းကင်ထက်၌ ရှိနေသရွေ့ ရှန့်ထို မဖြစ်သေးပေ။

ဘုန်း …

သူ၏ခြေထောက်က မြေပြင်ပေါ်ကို ပြင်းထန်စွာ ဆောင့်နင်းကာ စင်မြင့်အား တုန်ခါစေသည်။ ထို့နောက်တွင် ပြင်းထန်သော အရှိန်အဝါနှင့် အတူ ဖီးနစ်စစ်တပ် ထံသို့ ဦးတည် လိုက်၏။

“ထောင်ကျန်း ဘာလုပ်နေတာလဲ …” လူအများအပြားက နားမလည်ကြပေ။ သူကား သည်ကဲ့သို့သော အချိန်အခါတွင် ရန်သူအား တိုက်ခိုက်ရန် ကြံစည်နေသည်။ သူက နတ်ဘုရား ပြစ်ဒဏ်ကို ခုခံရန် မကြိုးစားဘဲ ရန်သူများကိုသာ တိုက်ခိုက်ရန် ဦးစားပေး နေပါက သူ့အတွက် အခြေအနေ ကောင်းနိုင်မည် မဟုတ်ပေ။

ကောင်းကင်ထက်တွင် မဟာလမ်းစဉ်၏ စွမ်းအားက ထောင်ကျန်းနောက်ကို လိုက်ပါ ဆင်းသက် လာသည်။ သူ၏ ခြေလှမ်း တစ်ချက်တွင် ထောင်ကျန်းကား လေကိုခွင်းကာ ဖီးနစ် စစ်တပ်ထံသို့ ရောက်လာ၏။

“လာစမ်း …” ထောင်ကျန်းက ကြီးမားသော ခန္ဓာက ကောင်းကင်ထက်မှ နတ်ဘုရား တစ်ပါးအလား ကျဆင်းလာသည်။ မဟာလမ်းစဉ်၏ စွမ်းအားကလည်း သူ့အား ဖျက်ဆီးရန် အလို့ငှာ ကျဆင်း လာကြ၏။

ကျောက်မင်က ကောင်းကင်ထက်မှ ဆင်းသက်လာသော နတ်ဘုရားအလား သဏ္ဌာန်ကို ကြည့်သည်။ သူ၏အကြည့်က ရေခဲတမျှ အေးစက်နေ၏။

သည်တစ်ကြိမ်ကား ရွှေဖီးနစ် စစ်တပ်က သူတို့၏ အကောင်းဆုံး လူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထောင်ကျန်းကား နောက်ဆုံး တစ်ကြိမ်ကလို ဝင်္ကပါကို ဖျက်ဆီးနိုင်မည်ဟု တွေးခဲ့ပါက ထိုအရာက အဓိပ္ပာယ် ကင်းမဲ့ပေသည်။

“တားစမ်း …” ထောင်ကျန်း ဆင်းသက် လာသည်ကို မြင်လျှင် ကျောက်မင်က တော်ဝင် ရတနာအား အမိန့်ပေးသည်။ ရုတ်တရက် ဝင်္ကပါအတွင်း၌ မရေမတွက်နိုင်သော အတောင်ပံများက ကောင်းကင်သို့ ဖြတ်တောက် တားဆီးကြသည်။ သို့သော်လည်း ထောင်ကျန်းကား ထိုအရာများကို မမြင်သည့်အလား ဆင်းသက်လာမြဲ ဖြစ်သည်။

ဘန်း…

အတောင်ပံများ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားကြပြီး ထောင်ကျန်းက ပြင်းထန်စွာ တိုက်ခိုက်သည်။ သူ၏ခန္ဓာကိုယ်မှ သွေးကြောမခုနစ်ခု ဖွင့်လှစ်ခဲ့သည်တွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ သူ့ခန္ဓာကိုယ်ထံသို့ လှည့်ပတ် လာကြသည်။ မာန်သွင်း အော်ဟစ်ကာ သူ၏ လက်နှစ်ဖက်လုံးက သူ့ထံသို့ ရောက်လာသော အတောင်ပံ ခတ်ချက်မျာအား ရိုက်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရား ပြစ်ဒဏ်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာခဲ့ရာ သူ့အား တုန်ယင်စေသည်။ ကြောက်မက်ဖွယ် ကောင်းသော မဟာလမ်းစဉ် စွမ်းအား၏ရိုက်ခတ်မှုက ဖီးနစ်စစ်တပ်မှ လူများကိုပင် တုန်ယင်စေသည်။ အတော်များများ မှာလည်း သွေးများပင် အန်ကြရ၏။

ကောင်းကင်ထက်တွင် ရွှေဖီးနစ်မှာ လှပစွာ ပျံသန်းနေပြီး ရွှေဖီးနစ်ဓားက ထောင်ကျန်းထံကို ဦးတည်၍ ဝင်လာသည်။

ထောင်ကျန်းကလည်း ကောင်းကင်ထက်သို့ တိုးတက်သွား၏။

ကျယ်လောင်စွာ မြည်ဟည်းသံများနှင့်အတူ အဆုံးအစမဲ့သော နတ်ဘုရား စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်း သွားကြ၏။

ထိုအခိုက်တွင် ကောင်းကင်ထက်မှ အဆုံးအစမဲ့သော လက်ဝါးများက အောက်ကို ဆင်းသက် လာကြသည်။ လက်ဝါးရိုက်ချက် တစ်ချက်စီတိုင်းတွင် မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေပြီး ပြင်းထန်လွန်း ပေသည်။

ဖီးနစ်ဓားကလည်း လက်ဝါးကို ထိုးနှက် တိုက်ခိုက် ကာကွယ်သည်။ သို့သော်လည်း လက်ဝါးရိုက်ချက်ကား ပြင်းထန်လွန်းရကား အရာအားလုံးမှာ လက်ဝါး၏ အောက်၌ နစ်မြုပ် သွားတော့သည့်အလား ခံစား ရကြသည်။

ဘန်း… ဘန်း… ဘန်း…

အဆက်မပြတ် ပေါက်ကွဲသံများနှင့်အတူ ပရိသတ်များ၏ ရင်ဘတ်များမှာလည်း တုန်ခါနေကြသည်။ အဆုံးအစမဲ့သော လက်ဝါးရိုက်ချက်က ဖီးနစ် ခန္ဓာကိုယ်ပေါ်သို့ ကျဆင်း သွားသည်ကို သူတို့ မြင်ကြရသည်။ ဝင်္ကပါအတွင်းမှ လူများစွာမှာလည်း သေကျေကြရ၏။

နတ်ဘုရားပြစ်ဒဏ် ခံယူနေဆဲ ကာလ၌ပင် ထောင်ကျန်းကား ကျောက်ပြည်ထောင် ဖီးနစ်ဝင်္ကပါအား တိုက်ခိုက်နေသည်။ ထိုခံယူချက်က ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

နတ်ဘုရားပြစ်ဒဏ် ပြီးဆုံးသည်အထိ ကျောက်ပြည်ထောင် စစ်တပ်မှာ ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။

ဘုန်း…

ကျယ်လောင်သော အသံနှင့်အတူ ကောင်းကင်မှ တိမ်များ၏ အရောင်က ပြောင်းလဲသွားပြီး မဟာလမ်းစဉ် စွမ်းအားက တစ်ဖန် ဆင်းသက် လာသည်တွင် ထောင်ကျန်းမှာ သွေးတစ်ပွက် အန်သည်။

“ထောင်ကျန်း … တော်ပြီ….” ဓားမိစ္ဆာက အော်ဟစ်သည်။ သည်အတိုင်း ဆက်သွားပါက သူ၏နတ်ဘုရား ပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်စွမ်းအား မဲ့သွားနိုင်သည်။

ထောင်ကျန်းကား တော်ဝင်အလင်းများ ရစ်ပတ် ထားသည်။ နတ်ဘုရားပြစ်ဒဏ် ခံယူဆဲကာလဖြစ်ရာ မဟာလမ်းစဉ် စွမ်းအားက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနေသည်။ သို့သော်လည်း သည်တစ်ကြိမ်ကား ပထမတစ်ကြိမ်ထက် များစွာ သက်သာ ပေသည်။

သူက ဆေးတစ်လုံးကို ထုတ်ကာ ဝါးစားလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ကာ အတော်များများက အံ့အားသင့် သွားကြသည်။ ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများမှာလည်း အေးစက်သွား၏။ ထိုဆေးက ရှန့်ထိုကျန့် ပြင်ဆင်ပေးထားခြင်း ဖြစ်ရပေမည်။

မကြာမီ ထောင်ကျန်း၏ခန္ဓာကိုယ်မှာ ပိုမိုသန့်စင် ကြည်လင် လာ၏။

ကောင်းကင်ထက်တွင် ပိုမို အားကောင်းသော မဟာလမ်းစဉ် စွမ်းအားများ ဖြစ်တည်လာကာ သူ့ထံသို့ ကျဆင်းလာ၏။ သူ၏ခန္ဓာကိုယ်မှာ ရှန့်ထို အတန်းအစားသို့ အပြည့်အဝ မရောက်သေရွေ့ နတ်ဘုရား ပြစ်ဒဏ်မှာ ဆက်လက် ကျဆင်းနေမည် ဖြစ်သည်။

ထောင်ကျန်းက ဓားမိစ္ဆာအား လှမ်းပြောသည်… “ငါက ဝင်္ကပါကို ဖျက်မယ်… မင်းတို့က နောက်ပိုင်းကိစ္စကို တာဝန်ယူ…” ပြောရင်းနှင့်ပင် သူက လက်ကို ဆန့်ထုတ်လိုက်ပြီး မဟာလမ်းစဉ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် နတ်ဘုရား ပြစ်ဒဏ်ကား ကောင်းကင်ထက်မှသည် ထောင်ကျန်းထံသို့ ဆင်းသက် လာကြ၏။ ထို့နောက်တွင် သူက ဖီးနစ်ဝင်္ကပါသို့ တိုက်ရိုက် ဦးတည် ခုန်ဝင်သွားသည်။ အတိအကျအားဖြင့် နတ်ဘုရား ပြစ်ဒဏ်က ထောင်ကျန်းနောက်မှ လိုက်ပါလာသည့် အချိန်တွင် ထောင်ကျန်းက ဝင်္ကပါသို့ ခုန်ဝင်သွားခြင်း ဖြစ်သည်။

ဖီးနစ်စစ်တပ်မှ လူများအားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာပျက် နေကြသည်။

“အဆင်သင့်လုပ်…” ထောင်ကျန်းက အော်ဟစ်သည်။ ဓားမိစ္ဆာ၊ ကျန်ကျောင်းနှင့် တခြားလူများက အချိန်ကိုက် စောင့်ဆိုင်း နေကြသည်။

ထောင်ကျန်းက ဝင်္ကပါကို ဖျက်ပြီးသောအခါ ပြန်လည် မဖွဲ့စည်းနိုင်ရန် သူတို့တာဝန် ယူရမည်ဖြစ်သည်။

မရေမတွက်နိုင်သော လူများက ကောင်းကင်ထက်၌ ရှိနေသော၊ ကြောက်မက်ဖွယ် နတ်ဘုရား ဖျက်ဆီးခြင်း စွမ်းအင် လှည့်ပတ်စီးဆင်းနေသော ထောင်ကျန်းအား ကြည့်ကြသည်။

သူ၏တိုက်ခိုက်မှုကိုမည်သူက တောင့်ခံနိုင်မည်နည်း။

ပြည်နယ်ကိုးခုရှီအဆင့်မှ အမြင့်ဆုံးသော သူပင်လျှင် သေချာပေါက် သေကျေ နိုင်ပေသည်။

ရွှေဖီးနစ်ဝင်္ကပါမှာ ခုခံကာကွယ်ခြင်း ပုံစံသို့ ပြောင်းလဲ သွားသည်။ အလွန် လင်းလက်သော ဖီးနစ်က အတောင်ပံကို ဖြန့်ကာ ဖီးနစ်စစ်တပ်အား ဖုံးအုပ်ထား၏။

ဘုန်း… ဘုန်း… ဘုန်း…

မရေမတွက်နိုင်သော လက်ဝါးရိုက်ချက်များ ကျဆင်းလာသည်တွင် ဝင်္ကပါမှာ ပြင်းထန်စွာ တုန်ယမ်းလှုပ်ခတ်ပြီး အတော်များများမှာ သွေးအန်ကြသည်။

ဘန်း…

နောက်ထပ် ကျယ်လောင်စွာ မြည်ဟည်းသံနှင့်အတူ ဝင်္ကပါက အက်ကွဲ သွားသည်။

နောက်ဆုံးတွင် မဟာလမ်းစဉ် စွမ်းအား၏ ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်တွင် ဘန်းခနဲ မြည်သွားပြီး ဝင်္ကပါမှာ အလယ်မှ ပြိုလဲသည်။ မရေမတွက်နိုင်သော လူများ ဒဏ်ရာရကြပြီး အတော်များများမှာ သေကျေကြသည်။

“တိုက်..” ကျန်ကျောင်းတို့မှာ အသင့်ပြင်ထားကြပြီး ဖြစ်သည်။ ဓားက လေဟာနယ်ကို ဖြတ်သန်းသွားကာ ယန်ဟောင်၊ ဟောင်စီနှင့် တခြားလူများ ဦးဆောင်သော မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်ကား တစ်ဟုန်ထိုး တိုးဝင် တိုက်ခိုက်ကြသည်။

ထိုအခိုက်တွင် လေထဲတွင် ရှိနေသော ထောင်ကျန်းမှာ သွေးတစ်ပွက် အန်သည်။ သို့သော်လည်း သူကား ကောင်းကင်ထက်တွင်ပင် မားမားမတ်မတ် ရပ်ကာ နတ်ဘုရား ပြစ်ဒဏ်ကို ဆက်လက်ခံယူရန် ပြင်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset