လက်တွေ့တွင် ဝိညာဉ်အမြုတေပညာရပ်၏ အဓိကအချက်မှာ အမျိုးမျိုးသော အညွှန်းများကို လိုက်နာ၍ မတူညီသော ကမ္ဗည်းစာလုံးများ ရေးထိုးထားသည့် ဝိညာဉ်ကျောက်တုံးများကို အစီစဉ်တကျ ပြုလုပ်ပေးရန် ဖြစ်သည်။ ထိုပညာရပ်မှာ ဝိညာဉ်ကျောက်တုံးများထဲတွင် ကိန်းအောင်းနေသော စွမ်းအင်များကို လှုပ်နိုးပေးပြီး ထိုဝိညာဉ်ကျောက်တုံးများကို တစ်သားတည်း ပေါင်းစည်းသွားအောင် ကူညီပေးသည်။ ထိုသို့ဖြင့် ဝိညာဉ်အမြုတေ ဓမ္မအဆောင်များ ပေါ်ထွက်လာခြင်းဖြစ်သည်။
အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် ထို ဝိညာဉ်အမြုတေများမှာ ဓမ္မအဆောင် ဖြစ်ခါနီး အနေအထားထိ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့ကို အညွှန်းများထဲတွင် ပြထားသည့်အတိုင်း သတ္တုပစ္စည်းများဖြင့် ရောစပ်ကာ ပြုပြင်မွမ်းမံ၍ အရည်ကျိုပြီးလျှင် ဓမ္မအဆောင်များအဖြစ် သန့်စင်နိုင်ပြီ ဖြစ်သည်။
နောက်ဆုံးလိုအပ်သည့်အဆင့်များ မပြီးသေးဘဲ ဝိညာဉ်အမြုတေအဆင့်သာ ရှိနေသေးသည့်တိုင် ၎င်းတို့မှာ စွမ်းအား အတိုင်းအတာ ပမာဏတစ်ခုအထိ ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သို့သော် သတ္တုရည်ကျိုရာတွင် အသုံးပြုရသည့် ပစ္စည်းများထံမှ စုဆောင်းရရှိထားသော အင်အားတိုးပွားစေသည့် ဂုဏ်သတ္တိများ ပါဝင်နေမည် မဟုတ်သဖြင့် ထိုစွမ်းအားမှာ အများကြီးပို၍ အားနည်းနေမည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ သတ္တုပစ္စည်းများဖြင့် အကာအကွယ်ပြုလုပ်ထားသော ဓမ္မအဆောင်အစစ်များလောက်လည်း ခိုင်ခံ့နေမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာလုံးများကို ရေးထိုးပြီး ဝိညာဉ်အမြုတေများကို သန့်စင်နေရင်း ကမ္ဗည်းစာ ပညာရပ်အား နက်နက်နဲနဲ နားလည်စပြုလာ၏။ သူ၏ ဦးနှောက်ထဲတွင် ထူးဆန်းသော အတွေးများ ပေါ်လာသည့် အခါတိုင်း ထိုအတွေးများထဲတွင် စီးမျောကာ ကမ္ဗည်းစာလုံးများမှတစ်ဆင့် ၎င်းတို့ကို သရုပ်ဖော်နေ၏။ အများစုမှာ မအောင်မြင်ခဲ့ပါသော်လည်း ထိုကဲ့သို့ ပြုလုပ်ရသည်ကို ဝမ်ပေါင်လဲ့က ပျော်ရွှင်နေ၏။
ထိုသို့ဖြင့် နောက်ထပ်တစ်ပတ် ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့တွင်ရှိသော ဝိညာဉ်ကျောက်တုံးများအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်သွားသောအချိန်တွင် သူ၏ ဝိညာဉ်အမြုတေ ပညာရပ်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သည်။
သို့သော် ကျောင်းသားခေါင်းဆောင်ဖြစ်လာရန် အတွက်ဆိုလျှင် ယခုလောက်နှင့် မလုံလောက်သေးကြောင်း ဝမ်ပေါင်လဲ့က သိသည်။ သူသည် ယခုထက်ပို၍ လေ့ကျင့်ရန် လိုအပ်သေးသည် ဖြစ်ရာ နောက်ရက်များတွင် ကျန်ရှိနေသေးသော ဝိညာဉ်အမြုတေများကို ကျွမ်းကျင်လာအောင် ကြိုးစားရုံသာမက ဝိညာဉ်ကျောက်တုံးများကိုပါ အချိန်ပေး၍ သန့်စင်နေလိုက်တော့သည်။
သူသည် ထိုကဲ့သို့ ဝိညာဉ်ကျောက်တုံးများကို သန့်စင်နေသောကြောင့် သူ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်အဆီများ စတင်စုဝေးလာ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအဖြစ်အပျက်မျိုးကို တွေ့ကြုံဖူးသည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ပြောင်းလဲမှုများကို အမြဲမပြတ် စောင့်ကြည့်နေလိုက်တော့သည်။ ယခင်အကြိမ်ကကဲ့သို့ အိမ်ထဲတွင် တစ်နေကုန် မနေဘဲ အပြင်ထွက်ပေးနေမည်ဆိုပါက အဆင်ပြေသွားမည်ဖြစ်ကြောင်း သူက ယူဆလိုက်သည်။
” ပြီးတော့ ဝိညာဉ်အဆီကလည်း ငါ့အတွက် အကျိုးရှိတယ်လေ။ အဲဒီအဆီတွေကို စုပ်ယူပြီးတာနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဖောက်ထွက်သွားမှာ။ ဒီတစ်ခေါက်ကျရင် ငါ ခန္ဓာအချုပ်အနှောင်အဆင့်ကနေ ဖွံ့ထွားသွေးကြောအဆင့်ကို ရောက်မသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့တွေးရင် သူ့ကိုယ်သူ ကျေနပ်နေတော့သည်။ ဝိညာဉ်အဆီပေါ် ထားရှိသော သူ၏ သဘောထားများမှာ ပြောင်းလဲသွားပြီး ထိုအဆီများ စုဝေးလာရန်ကိုပင် သူ မျှော်လင့်နေတော့သည်။
သူ အဖြစ်ချင်ဆုံးဆန္ဒမှာမူ ဝိညာဉ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင် ဖြစ်လာရန်သာဖြစ်သည်။ သို့မှသာ သူသည် သမိုင်းတစ်လျှောက် မည်သူမှ မမြင်ဖူးသော ကောင်းကင်တာအိုကျောင်းရှိ ဓမ္မလက်နက်ဌာန၏ ပြိုင်စံရှားကျောင်းသားခေါင်းဆောင် ဖြစ်သွားမည်မဟုတ်ပါလော။
” အဲဒီအချိန်ကို ရောက်လို့ကတော့ ငါ့ကို ဘယ်သူ အနိုင်ကျင့်ရဲမလဲဆိုတာ ကြည့်ကြတာပေါ့ကွာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ စိတ်လှုပ်ရှားသွားသဖြင့် အော်ရယ်မိလိုက်တော့သည်။ သူသည် ဝိညာဉ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင် ဖြစ်သွားပါက ဓမ္မလက်နက်ဌာနရှိ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်၏ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချမှတ်သူ အဖြစ်သို့ ရောက်ရှိသွားမည် မဟုတ်ပါလော။
” တာအိုကျောင်းက ဓမ္မလက်နက်ဌာနကို စမ်းသပ်မှုတစ်ခုအဖြစ် အသုံးပြုချင်နေတုန်းပဲ။ ထားလိုက်တော့။ ငါ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်သွားတဲ့ အချိန်ကျရင်လည်း ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲ ကျင်းပရဦးမှာပဲ။ ဒါပေမဲ့ အဲဒီအချိန်ကျရင် အစည်းအဝေးပွဲမှာ ငါတစ်ယောက်တည်းပဲ ရှိနေတော့မှာလေ ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ တဖြည်းဖြည်း ပို၍ ကျေနပ်လာသဖြင့် ရယ်မောနေတော့သည်။ သူသည် အလွန် စိတ်ကြည်လင်နေသောကြောင့် မုန့်များကိုစားသုံးကာ ဝိညာဉ်ကျောက်တုံးများကို သန့်စင်ရင်း ဝိညာဉ်အမြုတေများကို အကျွမ်းတဝင်ဖြစ်လာအောင် ကြိုးပမ်းနေတော့သည်။
သူ၏ ဝိတ်မှာလည်း တဖြည်းဖြည်း တက်လာ၏။ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အဆီများမှာလည်း တစ်ရက်ပြီးတစ်ရက် ပို၍ များလာနေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ သန့်စင်ထားသော ဝိညာဉ်ကျောက်တုံးများပေါ်သို့ ကမ္ဗည်းစာလုံးများစွာကို ရေးထိုးနေသည်။ ထိုဝိညာဉ်ကျောက်တုံး ကမ္ဗည်းစာလုံးများကို အသုံးပြုကာ ဝိညာဉ်အမြုတေ အမျိုးမျိုးကို ထုတ်လုပ်ဖန်တီးတော့သည်။
၎င်းမှာ စက်ဝန်းကြီး တစ်ခုပမာပင်။ ဝမ်ပေါင်လဲ့မှာ အဆက်မပြတ် ကြိုးစားအားထုတ်၍ သန့်စင်နေသောကြောင့် သူ ဖန်တီးထုတ်လုပ်ထားသည့် ဝိညာဉ်အမြုတေ အရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာ၏။ သူသည် သန့်စင်ခြင်း လုပ်ငန်းစဉ်ထဲတွင် ဝိညာဉ်အမြုတေများစွာကို ဖြုန်းတီးမိခဲ့ပါသော်လည်း စတုတ္ထမြောက် အပတ်သို့ ရောက်လာသောအခါတွင် သူ၏ သိုလှောင်ကောက်ထဲ၌ ဝိညာဥ်အမြုတေ တစ်ရာဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်။ သူ၏ အောင်မြင်မှု ရာခိုင်နှုန်းမှာလည်း အလျင်အမြန် တိုးတက်လာနေ၏။ ယခုတွင် သူသည် သုံးကြိမ်လျှင် တစ်ကြိမ် အောင်မြင်နိုင်သည့် အခြေအနေအထိ ရောက်ရှိနေပြီဖြစ်သည် ။
ထိုကဲ့သို့သော အောင်မြင်မှုရာခိုင်နှုန်းနှင့် ကျွမ်းကျင်ပိုင်နိုင်မှုမျိုးကို ဝိညာဉ်အမြုတေခန်းမ တစ်ခုလုံးထဲရှိ မည်သူကမှ မယှဉ်နိုင်ပေ။ လင်းတျန်ဟောက်ပင် ထိုအဆင့်အထိ မရောက်နိုင်ပေ။ သူသည် လေးကြိမ်လျှင် တစ်ကြိမ်သာ အောင်မြင်နိုင်သည့် အဆင့်အထိသာ အမြင့်ဆုံး ရောက်ရှိခဲ့ဖူးသည်။
အဘယ်ကြောင့်ဆိုသော် လင်းတျန်ဟောက်မှာ ကမ္ဗည်းစာပညာရပ်တွင် ဝမ်ပေါင်လဲ့လောက်ပင် မဆိုထားဘိ ချောင်ခွင်းလောက်ပင် ကျွမ်းကျင်ပိုင်နိုင်မှုမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တံခါးပိတ်၍ လေ့ကျင့်နေသည့်အချိန်တွင် လင်းတျန်ဟောက်မှာလည်း ထိုကဲ့သို့ပင် လေ့ကျင့်ကာ ဝိညာဉ်အမြုတေ ပညာရပ်များ တိုးတက်လာစေရန်အတွက် အရူးတစ်ယောက်လို ကြိုးစားနေခဲ့၏။ သူသည် စာသင်ခန်းထဲရှိ အပြာရောင်နံရံကြီး၏ ရှေ့သို့ပင် သွားခဲ့ပြီး သူ၏ ရလဒ်များကို တိုးတက်လာအောင် လုပ်ခဲ့သေးသည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ့အား အလွယ်တကူပင် ကျော်တက်နိုင်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။
ထိုသို့ဖြင့် ပဉ္စမမြောက် အပတ်သို့ ရောက်လာသောအခါတွင် ကျန်းလန်နှင့် အခြားသူများကို နောက်ထပ်တစ်ကြိမ် အကျဉ်းချလိုက်ပြီဖြစ်ကြောင်း လျှိုတောက်ပင်းက ဝမ်ပေါင်လဲ့အား အကြောင်းကြားလိုက်၏။ လျှိုတောက်ပင်းမှာ ထိုကိစ္စကို ဖြေရှင်းရန် ကြိုးစားခဲ့စဉ်က လင်းတျန်ဟောက်မှာ သူ့အား ပိတ်ပင်တားဆီးခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့က သူ၏ ဝိညာဉ်ကျောက်တုံး သန့်စင်မှုနှုန်းများကို မြှင့်တင်လိုက်တော့သည်။
သူသည် နောက်နှစ်ပတ်အတွင်း အလွန် များပြားသော ဝိညာဉ်ကျောက်တုံးများစွာကို သန့်စင်ခဲ့သောကြောင့် သူ၏ ဝိညာဉ်အမြုတေ ပညာရပ်မှာလည်း အလျင်အမြန် တိုးတက်လာ၏။ နောက်ဆုံးတွင် ဒုတိယမြောက်အပတ်၏ နောက်ဆုံးနေ့သို့ ရောက်သောအခါ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အမြုတေ သန့်စင်ခြင်း အောင်မြင်မှုရာခိုင်နှုန်းမှာ ထပ်၍ ဖောက်ထွက်သွားတော့သည်။ ယခုတွင် သူ၏ အောင်မြင်မှုရာခိုင်နှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သည်။
” သိပ်မကြာခင် ငါက ဓမ္မလက်နက်ဌာနရဲ့ ပြိုင်ဘက်ကင်း ကျောင်းသားခေါင်းဆောင် ဖြစ်လာတော့မှာကွ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ရယ်မောရင်း ကြိုးစားရုန်းကန်၍ မတ်တတ်ထလိုက်၏။ သူသည် အလွန် စိတ်လှုပ်ရှားနေပြီး သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသောကြောင့် သူ၏ ခန္ဓာကိုယ်အချိုးအစားကိုပင် သိပ်၍ စိတ်ပူမနေတော့ပေ။
” ငါ ဝိတ်ကျအောင် လုပ်လိုက်ရုံပဲ။ ဝိညာဉ်အဆီတွေကို ကျအောင်လုပ်ရတာက လွယ်ပါတယ်။ ငါ ဝိတ်ကျသွားတာနဲ့ ဖောက်ထွက်ပြီးတော့ ဖွံ့ထွားသွေးကြောအဆင့်ကို ရောက်ပြီပဲ ”
ဝမ်ပေါင်လဲ့မှာ အရူးတစ်ယောက်ကဲ့သို့ ဝိတ်ကျအောင် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူးသည်ဖြစ်ရာ သူ့ကိုယ်သူ ပိန်အောင်လုပ်ရန်မှာ လွယ်ကူသည်ဟု မှတ်ယူထား၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ကျေနပ်နေသော အမူအရာဖြင့် ခန္ဓာကိုယ်အား လှုပ်ယမ်းကာ ကျွန်းကိုပတ်၍ အရူးတစ်ယောက်လို ပြေးလွှားနေတော့သည်။
သို့သော် နှစ်ရက်တိတိ ပြေးလွှားပြီးသည့်တိုင်အောင် ဝိတ်မကျသွားသည်ကို သတိထားမိလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိုးရိမ်သွား၏။ သူသည် ထိုကဲ့သို့ စိုးရိမ်နေသည့်တိုင်အောင် ဆင်ခြင်တွေးတောလိုက်ပြီးနောက် ဝိတ်ကျအောင် လုပ်ရန်မှာ လွယ်ကူနေဆဲဖြစ်ကြောင်း မှတ်ယူလိုက်ပြန်သည်။
” ကိစ္စမရှိပါဘူးကွာ။ ငါ့မှာ တခြားနည်းလမ်းတွေ ရှိသေးတာပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချော်ရည်အခန်းဆီသို့ သွားလိုက်၏။ သို့သော် အချိန်အနည်းငယ်ခန့် ကြာပြီးသောအခါ သိုင်းပညာဌာနမှ ကျောင်းသားများက သူ့အား မုန်းတီးနေသောအကြည့်များဖြင့် ကြည့်နေကြသောကြောင့် ဝမ်ပေါင်လဲ့မှာ ချော်ရည်အခန်းထဲမှ ထွက်ခွာလာရတော့သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ အကြီးကြီး ဖြစ်နေဆဲပင်။ ထိုအချိန်သို့ ရောက်မှသာ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ အမှားမှား အယွင်းယွင်း ဖြစ်လာပြီး တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားတော့သည်။
” ဒါ … ငါ့မှာ နောက်ဆုံးနည်းလမ်းတစ်ခု ရှိပါသေးတယ် ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်၍ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားလိုက်ပြီး ချက်ချင်းပင် ရှဲ့ဟေးရန်ဆီသို့ အသံလွှင့်လိုက်သည်။ ရှဲ့ဟေးရန်မှာ သူ၏ ပြောင်လက်နေအောင် ဆီလူးထားသော ဆံပင်တိုလေးဖြင့် ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ရောက်လာသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
” သိုင်းပညာဌာနတစ်ခုလုံး စောဒကတက်နေတာ မထူးဆန်းပါဘူး။ သောက်ကျိုးနဲ့ ဝမ်ပေါင်လဲ့ မင်းက ပြန်ပြီးတော့ ဝလာပြန်ပြီပဲ ”
” အစ်ကိုရှဲ့။ အစ်ကိုက ဝိတ်ကျအောင် လုပ်တဲ့နေရာမှာ ဆရာကြီးလေ။ ကျနော့်အတွက် နည်းလမ်းတစ်ခုလောက် မြန်မြန် စဉ်းစားပေးပါဦးဗျာ။ သေမင်းဆေးလုံး သောက်ရမယ်ဆိုလည်း ကိစ္စမရှိဘူး။ ဝိတ်ကျရင် ပြီးရောပဲဗျာ ”
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သောကြောင့် သူသည် မလုံမလဲနှင့် အလျင်အမြန်ပင် တောင်းဆိုလိုက်တော့သည်။
ရှဲ့ဟေးရန်ကမူ မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသား ပြောလိုက်၏။
” ဒီမှာ ကျောင်းသား … ငါမင်းကို သတိပေးမယ်။ ငါက ရောင်းဝယ်ရေးသမား တစ်ယောက်ကွ။ ဝိတ်ကျအောင် လုပ်ပေးတဲ့ ပညာရှင်တစ်ယောက် မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့ကမူ စကားတစ်ခွန်းမှ ထပ်ပြောမနေတော့ဘဲ ညာလက်ကိုမြှောက်ကာ လှန်လိုက်၏။ ထိုအခါ သက်တံ့ဝိညာဉ်ကျောက်တုံး မြောက်မြားစွာ သူ၏ သိုလှောင်လက်ကောက်ဝတ်ထဲမှ ပျံထွက်လာကြပြီး ဘေးနားတွင် တောင်ငယ်လေးတစ်လုံးကဲ့သို့ ပုံသွားတော့သည်။ ထို သက်တံ့အလင်းတန်းများကြောင့် နတ်ဝိဇ္ဇာဂူ၏ အတွင်းပိုင်းမှာ ရောင်စုံအလင်းများဖြင့် ဝင်းလက်တောက်ပသွား၏။
ရှဲ့ဟေးရန်ကမူ ရှေ့တည့်တည့်သို့ စိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ရင်ဘတ်ကို အားမာန်အပြည့်ဖြင့်ထုကာ ကြိမ်းဝါးလိုက်၏။
” ကျောင်းသား … မင်း ငါ့ကို ဆက်သွယ်လိုက်တာ မှန်သွားပြီ။ ရှဲ့ဟေးရန်ဆိုတဲ့ ငါက ကောင်းကင်တာအိုကျောင်းရဲ့ နာမည်အကျော်အကြားဆုံး ဝိတ်ကျအောင် လုပ်ပေးတဲ့ ပညာရှင်ပဲ။ ညီလေး … အစ်ကိုက ဝိတ်ကျအောင် လုပ်ပေးတဲ့နေရာမှာ အတော်ဆုံးပဲ။ ဘာမှ စိတ်ပူမနေနဲ့။ ညီလေး ပိန်ကျသွားအောင်လို့ အစ်ကိုသေချာပေါက် ကူညီပေးမယ် ”
ရှဲ့ဟေးရန်မှာ အသက်ရှုသံများမြန်လာပြီး ကတိပေးလိုက်၏။
ရှဲ့ဟေးရန်၏ အာမခံမှုကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် စိတ်အေးသွားပြီး ကျေနပ်အားရနေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။ ရှဲ့ဟေးရန်မှာ အပြင်ဘက်သို့ တစ်ခဏမျှ ထွက်သွားလိုက်ပြီးနောက် သိပ်မကြာခင် ဝမ်ပေါင်လဲ့အတွက် သေမင်းဆေးလုံး မြောက်မြားစွာကို ယူဆောင်လာတော့သည်။
” အစ်ကို အဲဒီတုန်းက သေမင်းဆေးလုံးတွေအများကြီး စုထားခဲ့တာ။ လာလာ … ညီလေး စိတ်ကြိုက်သာ သောက် ”
ရှဲ့ဟေးရန်က သူ၏လက်ကို ဝှေ့ယမ်းကာ ဆေးပုလင်းငါးပုလင်းအား ဝမ်ပေါင်လဲ့ဆီသို့ ရက်ရက်ရောရော လှမ်းပစ်ပေးလိုက်ပြီး ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ နတ်ဝိဇ္ဇာဂူထဲတွင် သေမင်းဆေးလုံး ဆယ်လုံးခန့်ကို ချက်ချင်းပင် သောက်သုံးလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲတွင် အပူချိန်များ မြင့်တက်လာသောကြောင့် သူသည် စိတ်လှုပ်တရှားဖြင့် ငြိမ်ငြိမ်လေး ထိုင်နေလိုက်ပြီး ဝိညာဉ်အဆီများ လောင်ကျွမ်းသွားသည်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
သို့သော် သူ၏ ဝိညာဉ်အဆီများမှာ ခေါင်းမာနေသောကြောင့်လား သူ၏ ခန္ဓာကိုယ်မှာ ကျင့်သားရနေသောကြောင့်လားတော့ မသိပေ။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ချွေးများသာ ပြန်လာ၏။ သူသည် ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ကြီးမှာ ကြီးမားနေဆဲဖြစ်ပြီး အနည်းငယ်လေးပင် ပြောင်းလဲသွားခြင်းမရှိသည်ကို မြင်လိုက်ရသည်။
ထို့ကြောင့် သူသည် အလောတကြီးဖြင့် ဆေးလုံးများကို ထပ်၍ သောက်သုံးလိုက်၏။ သို့သော် သူသည် ရှိသမျှ သေမင်းဆေးလုံး အကုန်လုံးကို သောက်သုံးပြီးသည့်တိုင်အောင် မည်သည့်အရာမှ ပြောင်းလဲမသွားခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
” သောက်ကျိုးနဲဟေ့ ဘာလို့ ဆေးလုံးတွေက အလုပ်မဖြစ်တာလဲဟ ”
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ သူ၏ အသက်ရှူသံများမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်နေပြီဖြစ်ပြီး သူ၏ ခေါင်းထဲတွင် ဖက်တီးဘိုးဘေးကြီးများ၏ ခြေသံများကိုပါ ကြားနေရသကဲ့သို့ ဖြစ်နေတော့သည်။
” ရှဲ့ဟေးရန် … ခင်ဗျားရဲ့ သေမင်းဆေးလုံးတွေက ဒီတစ်ခေါက် အတုတွေဗျ ”
ဝမ်ပေါင်လဲ့မှာ အလန့်တကြားဖြင့် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး ရှဲ့ဟေးရန်အား ထပ်၍ ဆက်သွယ်လိုက်သည်။
ရှဲ့ဟေးရန်မှာ ထိုအသံထုတ်လွှင့်ခြင်းကို ရရှိလိုက်သောအခါ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူဆီသို့ ချက်ချင်းပင် ပြေးလာ၏။ သူသည် ဂူထဲသို့ ဝင်လာပြီးနောက် အနည်းငယ်လေးပင် ပြောင်းလဲသွားခြင်းမရှိသော ဝမ်ပေါင်လဲ့နှင့် ဆေးပုလင်းအလွတ်များကို မြင်လိုက်ရသောအခါ ကြက်သေသေသွားရတော့သည်။
” ဘာမှ ထူးမလာဘူးလားဟ ”
” ဘာမှ ထူးမလာဘူးကွ ”
ဝမ်ပေါင်လဲ့မှာ ငိုယိုကာ ရှဲ့ဟေးရန်အား ကြည့်လိုက်၏။
အခြားသူ တစ်ယောက်ယောက်သာဆိုလျှင် ရှဲ့ဟေးရန်မှာ သေချာပေါက် သံသယဝင်သွားမည်သာ ဖြစ်သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့ကို ယုံကြည်နေဆဲဖြစ်သောကြောင့် ခေါင်းကုတ်ကာ သူ၏ဦးနှောက်အား အမြန်ဆုံးနည်းဖြင့် အလုပ်လုပ်ခိုင်းလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် အံကြိတ်၍ ကတိပေးလိုက်၏။
” ငါ့ညီ … သုံးရက်စောင့်ပါ။ အစ်ကို နည်းလမ်းတစ်ခု စဉ်းစားပေးပါ့မယ်။ စိတ်မပူပါနဲ့။ အစ်ကို မလုပ်နိုင်တဲ့ အရာဆိုတာ မရှိဘူး။ ဒီလိုမျိုး ခက်ခဲတဲ့ ပြဿနာမျိုးကို အစ်ကို တာဝန်ယူ ဖြေရှင်းပေးပါ့မယ် “