Switch Mode

အပိုင်း (၈၆၇)

ပြစ်တင်ဝေဖန်ခြင်း

ရီဖူရှင်း၏မှတ်ချက်က လူအုပ်အား တိတ်ဆိတ် စေသည်။ ရီဖူရှင်း၏စကားကို သူတို့ နားလည်ကြသည်။ သူကား တော်ဝင်ကျဲ နန်းတော်၏ နန်းတော်သခင် ဖြစ်သည်။ သူ၏အပြုအမူက မသင့်တော်ဟု ဆိုလျှင်ပင် သူ့အား ပြည်နယ်ကိုးခု ကျောင်းတော်မှ အကြီးအကဲများ ပြောကြပေလိမ့်မည်။

သူ၏ ရှုထောင့်မှဆိုပါလျှင် ရိကလန် လူငယ်မျိုးဆက်က ဝင်ရောက်ဝေဖန်စရာ အကြောင်းမရှိပေ။

ရိချန်းကလည်း ရီဖူရှင်းကို လှမ်းကြည့်သည်။ သူ့အမြင်တွင် ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်သော်လည်း လူငယ် မျိုးဆက်ထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။

ပြုံးလျက်ပင် ရိချန်းက ပြောသည်… “ကျုပ်က မသင့်တော်သလို ဖြစ်နေတယ် ဆိုပေမယ့်လည်း နန်းတော်သခင်ရီက အရင်ဆုံး လေးစားမှုမရှိတဲ့ အပြုအမူကို လုပ်တာဖြစ်ပြီး တခြား လူတွေကလည်း တိတ်ဆိတ် နေကြတယ်လေ… ခင်ဗျားက ပြည်နယ်ကိုးခု ကျောင်းတော်မှာ ရှန့်ထိုကျန့်နဲ့ တွေ့ခွင့်ရဖို့ နတ်မိမယ်ဒီးကို အသုံးချခဲ့တယ်လို့ ကျုပ်ကြားတယ်… အခု ခင်ဗျားက ကျောင်းတော်မှာ လူအများရဲ့ အလေးထားမှုကို ရတော့ ဒီလိုပွဲမျိုးမှာတောင် မလေးမစား ပြုမူတယ်… ဘယ်သူက အပြုအမူပိုင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ကောင်းနေတာလဲ…”

ရိချန်း၏စကားများက အလွန်အမင်း ထက်ရှနေကာ ပြောပြီးသည်နှင့် တစ်ဖက်သို့ လှည့်သွားသည်။ သိသာစွာပင် သူကား ရိကလန်၏ မာန်မာနကြီးမားသော သခင်လေးဖြစ်ပြီး ရီဖူရှင်း၏ စော်ကားမှုကို ငြိမ်သက်စွာ ခံယူမည် မဟုတ်ပေ။

ပြည်နယ်ကိုးခု ကျောင်းတော်ဘက်တွင် လိပ်ပြာလေးက မျက်မှောင်ကြုတ် လိုက်ကာ ရိချန်းအား ကြည့်သည်… “ကျောင်းတော်မှာ ကောလာဟလတွေ ပျံ့နှံ့နေတယ်… ဒါပေမဲ့ နန်းတော်သခင်ရီက သူ့ဆရာအတွက် ဆေးဥယျာဉ် အပြင်ဘက်မှာ တစ်လလုံးလုံး လာရပ်ခဲ့တယ်… ဒါကြောင့်ပဲ ကျွန်မက သူ့ကို ဖိတ်ခေါ်ပြီးတော့ ဆရာနဲ့ တွေ့ဖို့ စီစဉ်ပေးခဲ့တယ်… သူ့ဆရာအတွက် နန်းတော်သခင်ရီက ကိုယ်တိုင်ပဲ ဆေးစမ်းသပ်မှု ခံယူခဲ့တယ် … ဒီလိုလူ တစ်ယောက်ကို ပြစ်တင် ဝေဖန်တယ် ဆိုတာ ယုံကြည်ဖို့တောင် ခက်ခဲတယ်… တော်ဝင်မြေတစ်ခုက ဒီလိုကောလာဟလ စကားတွေကို ယုံကြည်တယ် ဆိုတာကလည်း တကယ်ပဲ ကြားရမြင်ရ မတော်လှပေဘူး…”

လူအများအပြားက လိပ်ပြာလေးကို အံ့အားသင့်စွာ ကြည့်ကြသည်။ နတ်မိမယ်ဒီးက ရီဖူရှင်းနှင့် အလွန် ရင်းနှီးသည်ဟု လူအများအပြားက ပြောကြသည်မှာ မှန်ကန်ဟန် ရပေသည်။ နတ်မိမယ်ဒီးကား ရီဖူရှင်းအတွက် အမှန်တကယ် ဝင်ရောက် ပြောဆိုသည်။

“နန်းတော်သခင်ရီက အကဲဖြတ်ပွဲကို သိပ်မလေးစားတော့ ကျုပ်က ဝင်ပြောရတာပဲ … အခု တော်ဝင်လမ်း သမီးတော်ဖြစ်တဲ့ နတ်မိမယ်ဒီးက ဝင်ပြောတဲ့ကိစ္စမှာ ကျုပ်က ပြန်ပြောစရာ မရှိပါဘူး…” ရိချန်းက အေးဆေးစွာ ပြောသည်။

ရီဖူရှင်းက ရိချန်းအား အေးစက်စွာ တစ်ချက် ကြည့်ပြီးမှ ရှန့်ထိုလီအား ဦးညွှတ်ကာ ပြောသည်… “တော်ဝင်ကျဲ နန်းတော်နဲ့ ကျောက်ပြည်ထောင်က တိုက်ပွဲဖြစ်နေတဲ့ သတင်းကို ကျုပ်က ကြားသိရတဲ့အတွက် စိတ်အာရုံ ပျံ့လွင့်နေခဲ့ပါတယ်… ဒီအတွက်ကြောင့် စီနီယာက ခွင့်လွှတ် ပေးစေလိုပါတယ်…”

ရီဖူရှင်း၏စကားကို ကြားသည်တွင် လူအများအပြားက အံ့အားသင့် သွားကြသည်။ ကျောက်ပြည်ထောင် ဘုရင်၏မျက်လုံးများကလည်း အရောင်လက်သွား၏။

အကယ်၍ အမှန်ပင် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဆိုပါလျှင် သတင်းများက မြန်ဆန်စွာ ပျံ့နှံ့လာရမည် ဖြစ်သည်။ သို့သော်လည်း လက်ရှိ ရီဖူရှင်း၏ အခြေအနေဖြင့် လူအများရှေ့တွင် လိမ်ပြောစရာ အကြောင်း မရှိပေ။ သူက တိုက်ပွဲ ဖြစ်နေသည်ဟု ပြောလျှင် အမှန်ပင် တိုက်ပွဲ ဖြစ်ပွားနေ၍ ဖြစ်ပေမည်။ ဤသို့ဆိုလျှင် အကဲဖြတ်ပွဲအတွင်း မျက်လုံး မှိတ်နေခြင်းမှာလည်း နားလည် လက်ခံဖွယ်ရာ ဖြစ်ပေသည်။

သူ၏နန်းတော်မှ လူများ၏ သေရေးရှင်ရေးကိစ္စမှာ ပြည်နယ်ကိုးခု ကျောင်းတော်၏ အကဲဖြတ်ပွဲထက် ပိုအရေးပါသည်မှာ သေချာပေသည်။

သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က သတင်းများကို ရရှိခြင်း မရှိသေးဘဲ ရီဖူရှင်းက ရီဖူရှင်းက ကြိုတင်သိနေခြင်းမှာ အံ့အားသင့်စရာတော့ ကောင်းပေသည်။

“နန်းတော်သခင်ရီက ရှင်းပြနေစရာ မလိုပါဘူး…” ရှန့်ထိုလီက ပြုံးလျက် ပြောသည်။ ထိုကိစ္စက အရေးမကြီးပေ။ ရိချန်း၏ မေးခွန်းထုတ်မှုကြောင့် မဟုတ်လျှင် သူတို့က အလေးပင်ထားမည် မဟုတ်ပေ။

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်… “အကဲဖြတ်ပွဲကို ဆက်လုပ်ကြပါ … အခုလို ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် အနှောင့်အယှက် ဖြစ်ရတာ တောင်းပန်ပါတယ်…”

ရှန့်ထိုလီကလည်း အကဲဖြတ်ပွဲကို ဆက်လက် ပြုလုပ်စေသည်။ လူအများအပြားက ရိချန်းဘက်ကို လှမ်းကြည့်ကြသည်။ ရိချန်း၏ပြင်းထန်သော တုံ့ပြန်မှုတွင် ရီဖူရှင်းကား ရိချန်းကို အလေးထားဟန် မရတော့ဘဲ ရှန့်ထိုလီကိုသာ ရှင်းပြကာ အပြစ်ကို ခံယူခဲ့သည်။ ရိချန်းနှင့် နှိုင်းယှဉ်ပါက သူတို့ နှစ်ယောက်အကြား ရင့်ကျက်မှုကား အမှန်ပင် ကွာဟပေသည်။

အကယ်၍ ရီဖူရှင်းက ရိချန်းနှင့် သေးငယ်သော ကိစ္စများတွင် အငြင်းပွားနေခဲ့လျှင် သူကား မိမိ အဆင့်အတန်းကို မိမိကိုယ်တိုင် နှိမ့်ချခြင်း ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ပရိသတ်များမူကား အနည်းငယ် စိတ်ပျက် သွားကြရသည်။ သူတို့ကား ထိပ်သီး ပါရမီရှင်များ အကြား တိုက်ပွဲကို ခုံမင် တပ်မက်ကြသည် မဟုတ်ပါလား။

ပြည်နယ်ကိုးခု ကျောင်းတော်မှ အကဲဖြတ် ရွေးချယ်ခံရသူများမှာ အားကောင်း ကြသော်လည်း တော်ဝင်မြေများမှ သားတော်များနှင့် ပြည်နယ်ကိုးခုကို နာမည် ကျော်ကြားသော ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ကား အလွန် လိုအပ် နေပေသေးသည်။

အကဲဖြတ်ပွဲက ရက်အနည်းငယ် ကြာမြင့်ခဲ့ကာ အလွန်ထူးချွန်သော လူအနည်းငယ်လည်း ပေါ်ထွက်ခဲ့ပေသည်။ သူတို့အား ကျောင်းတော်၏ အကြီးအကဲများကလည်း တပည့်များအဖြစ် ရွေးချယ်ခဲ့ကြ၏။

နောက်ဆုံးတွင် လူတစ်ယောက်က ကျောက်ပြည်ထောင် ဘုရင်၏ဘေးနားကို ရောက်လာကာ သတင်းစကားအချို့ လာရောက် တင်ပြဟန်ရသည်။ ကျောက်ပြည်ထောင် ဘုရင်၏မျက်နှာက အလွန်အမင်း အေးစက်သွားကာ မမြင်ရသော ဖိအားများပင် ပျံ့လွင့်လာသည်။ သူ၏အေးစက်သော မျက်လုံးများက ရီဖူရှင်းထံကို တစ်မုဟုတ်ချင်း ရောက်လာ၏။

နောက်ပိုင်းတွင် တခြားသော တော်ဝင်မြေများ ကိုလည်း သတင်းပေးများ ရောက်လာကြသည်။ သတင်းများကို ကြားရသည်တွင် အားလုံးက အံ့အားသင့်စွာဖြင့် ရီဖူရှင်းကို ကြည့်ကြသည်။

ထိုနေ့က ရီဖူရှင်း ပြောခဲ့သည်ကား မှန်ကန်ပေသည်။ နွေဦးပြည်နယ်၏ နယ်နိမိတ်ထဲ၌ပင် တော်ဝင်မြေနှစ်ခုအကြား ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့ကာ ကျောက်ပြည်ထောင်ကား မြေရိုင်းပြည်နယ် စစ်တပ်ထံတွင် ရှုံးနိမ့်ဆုတ်ခွာ ခဲ့ကြရသည်။ ကျောက်ပြည်ထောင် စစ်တပ်မှာလည်း ကြီးမားသော ဆုံးရှုံးမှုများရှိခဲ့၏။

လူအများအပြားက စိတ်လှုပ်ရှားမိ နေကြသည်။ ပထမဆုံး တိုက်ပွဲ၌လည်း တော်ဝင်ကျဲ နန်းတော်က ကျောက်ပြည်ထောင်အား တွန်းလှန်ခဲ့ကာ ယခု ဒုတိယရင်ဆိုင် တိုက်ပွဲတွင်လည်း တော်ဝင်ကျဲ နန်းတော်က အနိုင်ရခဲ့ပြန်သည်။

မြေရိုင်းပြည်နယ်က ကျောက်ပြည်ထောင်ကို တော်ဝင်စစ်ပွဲ၌ အနိုင်ရတော့မည်လား။

ကျောက်ပြည်ထောင်၏ လက်အောက်ခံဖြစ်သော ပင်မအင်အားစုသုံးခု ပျက်စီးခြင်းမှာ ကျောက်ပြည်ထောင်၏ အင်အားကို သိသိသာသာ လျော့နည်း စေခဲ့သည်။ သည်တစ်ခေါက် ရှုံးနိမ့်မှုတွင်လည်း ကျောက်ပြည်ထောင်က များစွာသော တန်ခိုးရှင်များအား ဆုံးရှုံးခဲ့ပြန်သည်။

မြေရိုင်းပြည်နယ်က တော်ဝင်စစ်ပွဲ၌ ကျောက်ပြည်ထောင်ကို အသာစီးရမည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။

“ဘာဖြစ်နေတာလဲ…” မရေမတွက်နိုင်သော ပရိသတ်များက ထူးဆန်းသော ပတ်ဝန်းကျင် အခြေအနေကို သတိထားမိ ကြသည်။ ကြည့်ရသည်မှာ ပုဂ္ဂိုလ်ကြီးများ၏ ပုံစံက ထူးခြားသော အခြေအနေတွင် ရှိနေသည်။

ရီဖူရှင်းကား ထူးမခြားနားစွာပင် ထိုင်နေသည်။ သူက ဘာမှ မဖြစ်သလို အကဲဖြတ်ပွဲကို အေးအေးလူလူ ကြည့်နေ၏။ သူကား တိုက်ပွဲ တစ်ခုလုံးကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်လုံးများက အလွန်အမင်း ထက်ရှနေသည်။ ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်အား ကျန်ကျောင်းတို့အား ခေါ်ဆောင်ကာ ကျောက်ပြည်ထောင်သို့ စေလွှတ်ခြင်းအား သူသိပြီးဖြစ်သည်။ သူက ရီဖူရှင်း၏ ရည်ရွယ်ချက်ကို သိသော်လည်း အလေးမထားခဲ့ပေ။ ကျောက်ရန်ဝမ်ကား ရှန့်ထိုတစ်ပါးဖြစ်ကာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်စစ်တပ်က ကျောက်ပြည်ထောင် စစ်တပ်အား တိုက်ခိုက်ခြင်းမှာ သူမထင်ထားသော ကိစ္စရပ်လည်း ဖြစ်သည်။

သတင်းများအရ တိုက်ပွဲတွင် ကျောက်ပြည်ထောင် စစ်တပ်၏ ခေါင်းဆောင်များ အသတ်ခံခဲ့ရပြီး များစွာသော တန်ခိုးရှင်များမှာ ကြောက်လန့်တကြား ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။

တိုက်ပွဲကား တစ်ဖက်သတ် ဆန်လွန်းခဲ့သည်။

သူ၏မျက်လုံးက ထောင်ကျန်းကို ကြည့်ကာ လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ စစ်ပွဲကား ပြီးဆုံးသွားကာ ထိုကိစ္စအပေါ် တွေးတော စိတ်ပူနေ၍ အဓိပ္ပာယ် မရှိတော့ပေ။ ကျောင်းတော်၏ အကဲဖြတ်ပွဲပြီးသည်နှင့် သူကား ထောင်ကျန်းကို သတ်ဖြတ်ရန် ကြိုးစားတော့မည်။

ကျောင်းတော် အကဲဖြတ်ပွဲ၏ ပတ်ဝန်းကျင် အခြေအနေမှာ ထူးဆန်းသလို ဖြစ်နေသည်။ လာရောက်သော ဧည့်သည်များထဲတွင် တော်ဝင်မြေများ ပါဝင်ကြကာ ထိုလူများ ရောက်လာခြင်းမှာ အကဲဖြတ်ပွဲထက် အကဲဖြတ်ပွဲနောက်ပိုင်း တိုက်ပွဲအား လာရောက် ကြည့်ရှုလိုရင်း ဖြစ်သည်မှာ ထင်ရှားပေသည်။

သည်နေ့တွင် တခြားနာမည် ကျော်ကြားသော တန်ခိုးရှင်များစွာလည်း ရောက်ရှိ နေကြသည်။ သူတို့အားလုံးက နတ်ဘုရားသန့်စင် ဆေးကြောခြင်း ဖြစ်စဉ်အားလည်း မြင်တွေ့လို ကြသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ထိုစဉ် ကောင်းကင်ထက်မှ ဓားအလင်းတစ်ခု ပျံသန်းလာကာ ရီဖူရှင်းဘေးနားကို ကျဆင်းလာသည်။ ဓားအလင်းက လူအသွင်သို့ ပြောင်းလဲသွား၏။

“ရှန့်ထို…” အကြည့်များစွာက ထိုလူထံကို ရောက်သွားကြသည်။ သူကား တော်ဝင်ကျဲ နန်းတော်၏ တော်ဝင် အကြီးအကဲ ဖြစ်သည်။ သူက ကျောက်ပြည်ထောင်ကို သွားရောက်ပြီး ပြန်ရောက်လာဟန် ရ၏။

“အဘ… အခြေအနေ ဘယ်လိုရှိလဲ…” ရီဖူရှင်းက တီးတိုးမေးသည်။

“ကျောက်ရန်ဝမ် ထွက်မလာရဲတော့ဘူး…” ကျေးရွာ ခေါင်းဆောင်က ပြောသည်။ သူက ကျောက်ရန်ဝမ်ကား အဆက်မပြတ် စောင့်ကာ တိုက်ခိုက်ခဲ့ရာ ကျောက်ရန်ဝမ်ကား ထပ်ထွက်မလာ ရဲတော့ပေ။

ရီဖူရှင်းက ခေါင်းညတ်သည်။ ကျေးရွာ ခေါင်းဆောင်က ကျောက်ပြည်ထောင်သို့ သွားရောက်ခြင်းမှာ ကျောက်ပြည်ထောင်မှ နောက်ထပ် ရှန့်ထိုတစ်ပါးအား သည်နေရာသို့ ရောက်မလာစေရန် ဖြစ်သည်။

သူတို့နှစ်ယောက်၏ စကားကို ကြားသည်တွင် ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများက အေးစက်သွားသည်။ သူတို့က နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရန် ရည်ရွယ်ထား သည်လား။

တော်ဝင်မြေများ အားလုံးက စိတ်ဝင်စားသော အမူအရာများ ဖြစ်လာနေကြသည်။ သူတို့က မကြာခင် ရှန့်ထိုများ၏ တိုက်ပွဲကို မြင်တွေ့ရပေဦးမည်။

အတန်ကြာလျှင် ပြည်နယ်ကိုးခု ကျောင်းတော်၏ ကျောင်းသားသစ် ရွေးချယ်ခြင်းမှာ ပြုံးဆုံးခါနီးသို့ ရောက်လာသည်။ ထိုစဉ် စင်မြင့်ထက်ကို နောက်ထပ် တန်ခိုးရှင် တစ်ယောက် ရောက်လာကြပြီး မြေရိုင်းပြည်နယ် အခြမ်းသို့ ဦးတည် လာကြသည်။

ထိုလူများက မည်သူများ ဖြစ်ကြသည်ကို ပရိသတ်များ ခန့်မှန်းမိကြသည်။

ဓားသခင်၊ ယွန်ရှင်း၊ ကျန်ကျောင်း၊ စုရှမ်း၊ ယူစီ၊ ဟောင်စီတို့ အားလုံးမှာ တခြားလူများနှင့်အတူ မြေရိုင်းပြည်နယ် လူများထံသို့ ရောက်လာကြသည်။

ရီဖူရှင်းက ထိုင်ရာမှ ထရကာ ယူစီတို့ထံကို လျှောက်သွာသည်။ ယူစီ၊ ကျန့်ကန်းနှင့် ကျူးကော့ချန်းဖန်တို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရထားသည်။

“ဆရာ… ဆရာဦးလေး…” ရီဖူရှင်းက သူတို့အား နှုတ်ဆက်သည်။ ရီဖူရှင်းနောက်မှ ထာဝရအဘိုးအိုက ရှေ့ကို တက်သွားကာ သူတို့၏ ဒဏ်ရာအားများ စစ်ဆေးသည်။ သူ၏အမူအရာက သိပ်မကောင်းပေ။

“အားလုံးက ဒဏ်ရာပြင်းတယ်… အထူးသဖြင့် ကျန့်ကန်းပဲ…”

ကျန့်ကန်းကား သားရဲပေါ်တွင် လဲလျောင်း နေသည်။

“ညီလေး…” ထောင်ကျန်း၏ မျက်နှာက သိပ်မကောင်းပေ။ သူ၏ညီကား ဝမ်းဗိုက်နှင့် ရင်ဘတ်များမှာ အရိုးများ ကျိုးအက်နေပြီး အတွင်းကလီစာများပင် ထိခိုက်ထားဟန် ရသည်။

လိပ်ပြာလေးကလည်း  အနီးကို ရောက်လာပြီး သူတို့၏ ဒဏ်ရာများကို ကြည့်သည်။ ထို့နောက် သူမက ရီဖူရှင်းကို ပြောသည်… “သူတို့က ချက်ချင်း ဒဏ်ရာကုဖို့ လိုတယ်… အချိန်ကြာသွားရင် မကောင်းဘူး…”

“လိပ်ပြာလေး… သူတို့ကို ဆေးဥယျာဉ်မှာ ကုလို့ ရမလား…” ရီဖူရှင်းက ပြောသည်။

“အင်း… ငါ ဆရာကို ပြောပေးမယ်…” လိပ်ပြာလေးက ပြောသည်။

“အဘ…. သူတို့ကို လိုက်ပို့ပေးပါဦး…” ရီဖူရှင်းက ပြောသည်။ ပြည်နယ်ကိုးခု ကျောင်းတော်ကား အနီးတွင်ဖြစ်ကာ အချိန်တိုအတွင်း ရောက်သွား နိုင်ပေသည်။

“ကောင်းပြီ…” ကျေးရွာ ခေါင်းဆောင်က ပြောကာ နတ်ဘုရားဓားကို ထုတ်ယူလိုက်သည်။ ထို့နောက် သူတို့အုပ်စုက နတ်ဘုရားဓားကို စီးဆင်းကာ အဝေးကို ဝင်ရောက် ပျောက်ကွယ် သွားကြသည်။

ကျောက်ပြည်ထောင် ဘုရင်၏ မျက်နှာကား တင်းမာနေသည်။ ရီဖူရှင်းက လိပ်ပြာလေးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကာ ဆေးဥယျာဉ်၌ ရှန့်ထိုကျန့်၏ အလေးထားမှုကို ရရှိထားဟန်ရသည်။ ရှန့်ထိုကျန့်က တော်ဝင်စစ်ပွဲတွင် ပါဝင်ခြင်း မရှိလျှင်ပင် သူကား ရီဖူရှင်းတို့အတွက် ကြီးမားသော အကူအညီများ ဖြစ်နေပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset