ပြည်နယ်ကိုးခု စင်မြင့်ထက်တွင် ပါရမီရှင်များစွာ ထွက်ပေါ် လာခဲ့ကြကာ ပြည်နယ်ကိုးခု ကျောင်းတော်မှ အကြီးအကဲများက သူတို့အား တပည့်များ အဖြစ် ရွေးချယ်ခဲ့ကြသည်။
ထိုလူများအားလုံးမှာ တန်ခိုးအဆင့် ကွဲပြားခြားနား ကြပေသည်။ ထိုအထဲတွင် အချို့သော ပါရမီရှင်များမှာ တော်ဝင်လမ်း သားတော်များ ဖြစ်ရန် အလားအလာ ရှိကြပေသည်။
“နွေဦးပြည်နယ်မှာ မျိုးဆက်တိုင်း ပါရမီရှင်တွေ အများကြီး ပေါ်ထွက်လာလေ့ ရှိတယ်… ဒီနေ့ ပြည်နယ်ကိုးခု ကျောင်းတော်က တပည့်သစ်တွေ လက်ခံတော့ ထူးခြား ထက်မြက်တဲ့ လူငယ်တွေ အများကြီး ပေါ်လာတယ်… ကြည့်ရတာ ဒီနှစ် ပြည်နယ်ကိုးခု ညီလာခံမှာ ပြိုင်ပွဲမဝင်လိုက်တဲ့ လူငယ်တွေ တော်တော်များများ ရှိကြပုံပဲ…” ရှားကလန် အကြီးအကဲက ပြုံးလျက် ပြောသည်။
“ဒါ မှန်တယ်… ပြည်နယ်ကိုးခု ကျောင်းတော် တပည့် ရွေးချယ်တာက ပြည်နယ်ကိုးခု ညီလာခံထက် မနိမ့်ဘူးပဲ…” နောက်တစ်ယောက်က ရယ်မောလျက် ပြောသည်။ သိသာစွာပင် သူကား အခြေအနေနှင့် အချိန်အခါကို လိုက်၌ လိုက်လျော ညီထွေအောင် ပြောဆိုနေခြင်း ဖြစ်သည်။
“ဒီမတိုင်ခင်က ပြည်နယ်ကိုးခု ညီလာခံကို ရှီဟွာတောင်မှာ ကျင်းပခဲ့တယ်… တခြားပြည်နယ်က တန်ခိုးရှင်တွေက ပြိုင်ပွဲကို ပါဝင်ရမယ်ဆိုရင် သူတို့ပြည်နယ်ရဲ့ တော်ဝင်မြေ နောက်က လိုက်ဖို့လိုတယ်… ဒါကြောင့် တော်ဝင်မြေက မဟုတ်တဲ့ တန်ခိုးရှင်တွေဟာ ပြိုင်ပွဲကို သွားဖို့ တွန့်ဆုတ်ခဲ့ကြတယ် … မှန်တယ် … တော်ဝင်မြေ အများစုက ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်… ဒါက လက်ရှိ မျိုးဆက်ရဲ့ အင်အားကို သေချာပေါက် ပြသနိုင်လိမ့်မယ်…” ပြည်နယ်ကိုးခု ကျောင်းတော် ကျောင်းအုပ် ရှန့်ထိုလီက ပြုံးလျက် ပြောသည်။
“ကျုပ် ကြားတာကတော့ ပြည်နယ်ကိုးခု ညီလာခံမှာ မြေရိုင်းပြည်နယ်ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးဆိုပဲ … ဒီနေ့ ပြည်နယ်ကိုးခု ညီလာခံရဲ့ နံပါတ်၁ ယူချင်းလည်း ရောက်နေပုံရတယ်…” တစ်ယောက်က မှတ်ချက် ချသည်။
သူက ထိုသို့ ပြောလိုက်သည်တွင် လူအများအပြားက ရီဖူရှင်း၏ဘေးတွင် ရှိနေသော ယူချင်းကို ကြည့်ကြသည်။
ရီဖူရှင်းသာ မရှိခဲ့လျှင် ယူချင်းမှာ လက်ရှိမျိုးဆက်၏ အကောင်းဆုံးဟု သတ်မှတ်၍ ရနိုင်ပေသည်။
ထို့အပြင် ယူချင်းမှာ ပြည်နယ်ကိုးခု ညီလာခံ၏ ပထမနေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်း ဖြစ်ကြောင်း လူအများက ပြောဆိုကြသည်။ သို့သော်လည်း တခြား ပြည်နယ်များမှ ပါရမီရှင်များမှာ ထိုအချက်ကို လက်ခံရန် ခက်ခဲနေကြဆဲ ဖြစ်သည်။
“စီနီယာက သူ့ကို အရမ်းကြီး ချီးကျူးလွန်းပါပြီ … ယူချင်းက သိပ်မဆိုးဘူး ဆိုပေမဲ့ သူ့မှာ ပြင်ဆင်ရမယ့် အားနည်းချက်တွေ အများကြီးပါပဲ … ဒါကြောင့်ပဲ သူ့ကို တမင် ပြည်နယ်ကိုးခု ကျောင်းတော်ကို ခေါ်လာပြီးတော့ သင်ယူစေတာပါ…” ရီဖူရှင်းက ရှန့်ထိုလီကို လေးစားစွာ ပြောသည်။
သင်ယူစေသည်တဲ့လား။ ကျောင်းတော်၏ တပည့်များစွာက ရီဖူရှင်းနှင့် ယူချင်းကို ကြည့်ကာ စိတ်ထဲမှ ဆဲရေး တိုင်းထွာကြသည်။ ထိုခွေးကောင်က ကျောင်းတော်၌ သင်ယူနေစဉ် အတွင်း၌ ကျောင်းတော်၏ တပည့်များ အားလုံးကို ရိုက်နှက်ခဲ့ရာ ယခုကား မည်သူမှ ယူချင်းကို စိန်မခေါ် ရဲကြတော့ပေ။
“နန်းတော်သခင်ရီက အခုလို နှိမ့်ချပြီးတော့ လမ်းညွှန် သင်ပြမှုကို ခံယူတယ် ဆိုတာ ချီးကျူးစရာပါပဲ… မျိုးဆက်တိုင်းမှာ ကိုယ်ပိုင် ပါရမီရှင်တွေကို ပိုင်ဆိုင်ကြတယ်… အခု လူငယ်မျိုးဆက်တွေထဲ မှာလည်း အရင် ပြည်နယ်ကိုးခု ညီလာခံရဲ့ ပထမဆုရှင်တွေ ရှိနေကြတာပဲ…” ရှားကလန် တန်ခိုးရှင်က ပြုံးလျက် ပြောသည်။ ယခင်ပြည်နယ်ကိုးခု ညီလာခံ ပထမရသူကား ပြည်နယ်ကိုးခု ကျောင်းတော်မှ တွန်ဟေးဖြစ်ကာ သူကား ယခု အခမ်းအနားကို တက်ရောက် ပေသည်။
ထို့အပြင် ကောလာဟလများအရ တွန်ဟေး၏ တန်ခိုးအဆင့် တက်ရောက်ခြင်းမှာ မြန်ဆန်လှသည်။ ငါးနှစ်မျှသော ကာလတိုအတွင်း၌ သူကား မိုရှီအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ တန်ခိုးကျင့်ခြင်း အမြန်နှုန်းကား ထိတ်လန့်ဖွယ် ကောင်းအောင် မြန်ကာ အနည်းငယ်သော လူများကသာ သူနှင့် နှိုင်းယှဉ် နိုင်ပေသည်။
ထို့ကြောင့် ပြည်နယ်ကိုးခု ကျောင်းတော် အတွင်း၌ သူ၏နာမည်ကား လွန်စွာ ကျော်ပြားကာ လင်းရှာပိုင်ကဲ့သို့ပင် ကျောင်းတော်၏ အနာဂတ်ဆက်ခံသူ အဖြစ် သတ်မှတ် ခံထားရသည်။
“မျိုးဆက်တိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် ပါရမီရှင်တွေ ရှိကြတယ်… အချို့သော လူတွေက တန်ခိုး အဆင့်မြင့်တက် သွားလို့ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့အတွက် ပြိုင်ပွဲကို မပါဝင်ခဲ့ကြရဘူး… သူတို့သာ ပြိုင်ပွဲမှာ ပါဝင်ခဲ့ရင် ပြိုင်ပွဲရလဒ်တွေက ကွဲပြား ခြားနားနိုင်တာပဲ…” ရိကလန်မှ တစ်ယောက်က ပြောသည်… “တကယ်လို့ ပြည်နယ်ကိုးခု ညီလာခံကို ကွဲပြားခြားနားတဲ့ အချိန်တစ်ခုမှာ ကျင်းပခဲ့ရင် ယူချင်းလို အားကောင်းတဲ့လူလည်း ပထမရဖို့ ခက်ခဲမှာပဲ…”
လူအများအပြားက ရိကလန်မှ တန်ခိုးရှင်အား ကြည့်ကြသည်။ သူက ထိုစကားအား အဘယ်ကြောင့် ပြောသည်ကို နားလည်ကြသည်။ ရိကလန်တွင် ရှီအဆင့်သို့ တက်ရောက် သွားခဲ့သောကြောင့် ပြည်နယ်ကိုးခု ညီလာခံ၌ ဝင်ပြိုင်ခွင့် မရခဲ့သော ထိပ်သီး ပါရမီရှင်တစ်ယောက် ရှိပေသည်။
“ဒါက ပုံမှန်ပါပဲ… ယူချင်းလည်း ပြိုင်ပွဲနဲ့လွဲခဲ့ရင် ဘယ်လိုလုပ် ပထမရပါ့မလဲ… ဒါပေမဲ့ ယူချင်းက အဲဒီတန်ခိုး အဆင့်မှာ ရှိနေခဲ့တယ် ဆိုရင်တောင် သူက တခြား မျိုးဆက်တွေမှာလည်း တန်ခိုး အဆင့်တူအတွင်း ပထမ သေချာပေါက် ရလိမ့်မယ်…” ရီဖူရှင်းက ပြုံးလျက် အေးအေးလူလူ ပြောသည်တွင် လူအများအပြားက မြေရိုင်းပြည်နယ် ကျောက်တိုင် အောက်တွင် ထိုင်နေသော လူငယ်အား အံ့အားသင့်စွာ ကြည့်ကြသည်။
သူက အရွှန်းဖောက်ကာ ဟာသပြောဟန် ရသော်လည်း သူ့လေသံ၏ ဝင့်ကြွားသော ဟန်ပင်က သံသယဝင်စရာ မရှိပေ။
တခြား မျိုးဆက်တစ်ခုတွင် ယူချင်းမှာ ပထမရရန် ခက်ခဲမည်ဟု ရိကလန် တန်ခိုးရှင်က ပြောသည်။ သို့သော်လည်း တခြားမျိုးဆက် တစ်ခုတွင်လည်း ယူချင်းကသာ ပထမရမည်ဟု ရီဖူရှင်းက ပြန်ပြောခဲ့၏။
အချို့သော လူများက ရီဖူရှင်း၏စကားကို သိပ်သဘော မတွေ့ကြသော်လည်း ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက်ခဲ့သူများက ထိုစကားကို သဘောတူ ကြပေသည်။ သူတို့၏ မျက်လုံးထဲတွင် ရာရာကိုထား… ကျူးကော့ရီ၏ အဆင့်အတွင်းသို့ ဝင်မည့် ပါရမီရှင်များပင် မျိုးဆက်တိုင်း၌ ထွက်ပေါ်ရန် ခက်ခဲပေသည်။
“မသိနိုင်တဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး ငြင်းခုံနေတာ အလကားပဲ… တိုက်ပွဲကိုပဲ ကြည့်ရအောင်…” ရှန့်ထိုလီက ပြောသည်တွင် လူအုပ်ကြီးက ဆက်လက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ တိုက်ပွဲကို ဆက်ကြည့် ကြသည်။
သို့သော်လည်း ရီဖူရှင်း၏စိတ်က စင်မြင့်ထွက်တွင် မရှိပေ။ သူ၏ခေါင်းထဲသို့ နောက်ထပ် တိုက်ပွဲကြီးတစ်ခု ဝင်ရောက်နေသည်။
သူ၏ဟန်ပင်ကပင် သက်တောင့်သက်သာ ရှိဟန်မရပေ။
အလစ် တိုက်ခိုက်သည့် အင်အားစု၌ နန်းတော်၏ အင်အားတစ်ဝက်ခန့် ပါဝင်ပြီး ကျန်ကျောင်းတို့လည်း ပါဝင် တိုက်ခိုက်ကြမည် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်ကား ကျောက်ပြည်ထောင် စစ်တပ်ကို အတပ်နိုင်ဆုံး ရှင်းလင်းပစ်ရန် ဖြစ်သည်။
သို့သော်လည်း ကျောက်ပြည်ထောင် ကလည်း နန်းတော်မှာ သူတို့ကို တိုက်ခိုက်ရန် စစ်တပ်တစ်ခု စေလွှတ် လိုက်သည်ကို သေချာပေါက် သိကြပေသည်။
တိုက်ပွဲက လွယ်ကူမည် မဟုတ်ပေ။
***
ယခုတွင် ပြည်နယ်ကိုးခု မြို့တော်နှင့် ဝေးကွာသော နေရာတစ်ခု၌ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။
အသေအကြေ တိုက်ခိုက်ရမည့် တိုက်ပွဲတွင် နှစ်ဖက်လုံးက တစ်ဖက်အင်အားစု၏ ပင်မဝင်္ကပါအား ဖြိုခွင်းရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များက ပတ်ပတ်လည်မှ ဝန်းရံ တိုက်ခိုက်ကြချိန် ကျောက်ပြည်ထောင် စစ်တပ်ကလည်း ပြင်းထန်သော တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။
နှစ်ဖက်လုံးမှ များစွာသော တန်ခိုးရှင်များ သေကျေပျက်စီး ရသည်။
ထို့အပြင် တိုက်ပွဲ ကြာလာသည်နှင့်အမျှ တိုက်ပွဲအရှိန်က ပိုမိုပြင်းထန် လာတော့သည်။
ယခု စစ်မြေပြင် တစ်နေရာ၌ အလွန် စွမ်းအားမြင့်သော တန်ခိုးရှင်နှစ်ဦး ရင်ဆိုင် တိုက်ခိုက် နေကြသည်။
တော်ဝင်ကျဲနန်းတော် ဘက်တွင်ကား အာခီမီမြို့စားယူစီ ဖြစ်သည်။ သူကား တော်ဝင်ကျဲနန်းတော် စစ်တပ်၏ ခေါင်းဆောင်သူလည်း ဖြစ်၏။ သူက မြေရိုင်းပြည်နယ် အနောက်တောင်ဘက် အင်အားစုများ အားလုံးကို ခေါ်ဆောင်လာခဲ့၏။ မီးတောက် အင်ပါယာနန်းတော်၊ နတ်သမီး နန်းတော်နှင့် တခြား ထိပ်သီး အင်အားစုများက သူနှင့်အတူ လာရောက် တိုက်ပွဲ ဝင်ကြသည်။ တိုက်ပွဲအစ၌ ကြိုတင် စီမံထားသော ပုံရိပ်ယောင် မှော်စွမ်းအင်များမှာ နတ်သမီး နန်းတော်သခင်မ ချူကျိနှင့် သူမ၏ တပည့်များ စီမံထားကြခြင်း ဖြစ်သည်။
ယူစီနှင့် ဆန့်ကျင်ဘက် ရပ်နေသော သူကား ကျောက်ပြည်ထောင်၏ ထိပ်သီး အင်အားစုတစ်ခု ဖြစ်သော မီးတောက် တောင်ကလန်ကား အဆုံးမဲ့နန်းတော် ပြီးပါက အင်အား အကြီးဆုံး ဖြစ်သည်။ အဆုံးမဲ့နန်းတော်မှာ မြေရိုင်းပြည်နယ်၏ ချေမှုန်းခြင်းကို ခံလိုက်ရသောအခါ မီးတောက် တောင်ကလန်သားများမှာ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ ကြသောကြောင့် ကျောက်ပြည်ထောင် မြို့တော်ထဲသို့ ပြောင်းရွှေ့ကြရသလို ကျောက်ပြည်ထောင် စစ်တပ်သို့လည်း ဝင်ရောက်ခဲ့ကြရ၏။
ထိုကိစ္စတွင် မီးတောက် တောင်ကလန် ခေါင်းဆောင်ရန်ယွီကား အလွန်အမင်း သဘောမကျ ဖြစ်ခဲ့၏။ အင်အားစုတစ်ခု၏ ခေါင်းဆောင်အနေနှင့် သူကား လွတ်လပ်ခွင့် ပျောက်ဆုံးခဲ့ရသလို ကျောက်ပြည်ထောင် စစ်တပ်၌လည်း လူအများ၏ အမိန့်အာဏာ အတိုင်းသာ ပြုမူခဲ့ရသည်။ ဥပမာ သူ့အထက်တွင် ကျောက်မင်။ ကျောက်ဟောင်နှင့် နေးခိုင်တို့ကဲ့သို့သော တန်ခိုးရှင်များ ရှိပေသည်။
ထိုအရာများ အားလုံးမှာ ကျောက်ပြည်ထောင် ဘုရင်၏ တော်ဝင်စစ်ပွဲကို အစပျိုးခဲ့ခြင်းကြောင့် ဖြစ်သော်လည်း သူက ကျောက်ပြည်ထောင် ဘုရင်ကို မည်သို့ အငြိုးအတေးထား၍ ရမည်နည်း။ ထို့ကြောင့် လက်ရှိတွင် သူ၏ဒေါသကို ပုံချရန်မှာ မြေရိုင်းပြည်နယ် စစ်တပ် တစ်ခုသာ ကျန်ရစ်ပေသည်။
“ယူစီ… ခင်ဗျားက ကောင်းကင်မြေရိုင်း အဆင့် ၁၀အတွင်းမှာ ရှိပြီး အာခီမီမြို့မှာလည်း ရှန့်ထိုရတနာတွေ ပိုင်ဆိုင်တယ်လို့ ကျုပ်ကြားတယ်… ဒီနေ့ ကောင်းကင်မြေရိုင်း အဆင့်က လူရဲ့စွမ်းရည်ကို ကြည့်ရတာပေါ့…” ရန်ယွီက အေးစက်စွာ ပြောသည်။ သူတို့အနီးကို မီးတောက် အသိနယ်တစ်ခု ဖြစ်ပေါ်နေကာ အဆုံးအစမဲ့သော မီးလျှံများ တောက်လောင် နေကြသည်။
သို့သော်လည်း သူတို့၏မီးလျှံများက ကွဲပြား ခြားနားပေသည်။ ယူစီ၏ မီးတောက်များမှာ နေနတ်ဘုရား မီးတောက်ဖြစ်ပြီး အရာအားလုံးကို အရည် ပျော်နိုင်စွမ်း၏။ သူက သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ် လိုက်သောအခါ မီးနတ်ဘုရား အလား ထင်မှတ်ရသည်။
ရန်ယွီ၏ မီးတောက်များမှာ ငရဲပြည်မှ လာသော မီးတောက်များ အလား ကြောက်မက်ဖွယ် အနက်ရောင် အငွေ့အသက်များ ဖြစ်ပေါ်နေပြီး ပြင်းထန်သော ဖျက်ဆီးအားကို ပိုင်ဆိုင်သည်။
နှစ်ဦးသား၏ မီးတောက်များက ရင်ဆိုင် တွေ့သည်တွင် မည်သူမှ အနားမကပ်ရဲသော မီးတောက်နယ် တစ်ခု ဖြစ်လာသည်။
ရန်ယွီတွင်လည်း သူ့ကလန်မှ ဆက်ခံသော ရှန့်ထို ရတနာတစ်ခုကို ပိုင်ဆိုင်ပေသည်။ ထိုအရာကား ငရဲမီးတောက်လှံ ဖြစ်သည်။ လှံရှည်တစ်ချက် ဝှေ့ယမ်းသည်တွင် လေထဲ၌ မီးတောက်နက်များ စုစည်းလာကြသည်။ ထို့နောက် မီးတောက်နက်များက မီးလုံးများ အသွင်ဖြင့် ယူစီထံသို့ တိုးဝင်သွားကြ၏။ ယူစီ၏နောက်တွင်ကား နေမင်း အလင်းရောင်များက သူ့အား ရစ်ပတ်ကာ ငရဲမီးတောက်များအား အရည် ပျော်စေသည်။
ရန်ယွီ၏နောက်တွင် ဧရာမကြီးမားသော မီးတောက်နက် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုအရာက ငရဲပြည်မှ တက်လာသော မိစ္ဆာတစ်ကောင်နှင့် သဏ္ဌာန်ရကာ သူ့သက်စောင့် ဝိညာဉ်၏ ဖန်ဆင်းခြင်းမှ ဖြစ်လာသည်။
မိစ္ဆာကောင်က သူ၏လက်ကို ဆန့်တန်းကာ ငရဲမီးတောက်လှံကို ကိုင်စွဲ၏။ လှံရှည်ကလည်း အရွယ်အစား ကြီးမားလာကာ မိစ္ဆာကောင်က ယူစီထံသို့ တက်လာသည်။
ယူစီမှာ ပြင်းထန်သော အင်အားကို ခံစားမိသော်လည်း နောက်ဆုတ်ခြင်း မပြုပေ။ သူက နတ်ဘုရားတူကို တင်းတင်းဆုပ်ကာ သူ့ထံသို့ တိုးဝင်လာသော မိစ္ဆာအား အေးစက်စွာ ကြည့်သည်။
တော်ဝင်စစ်ပွဲက မြေရိုင်းပြည်နယ်၏ အနာဂတ်နှင့် သက်ဆိုင်ပေသည်။ ရှန့်ထိုလက်နက် ပိုင်ဆိုင်သော ထိပ်သီးတန်ခိုးရှင် တစ်ယောက် ဖြစ်သည့်အလျောက် သူက သည်နေရာတွင် ကျရှုံးသွား၍ မရပေ။
မိစ္ဆာ အလားသဏ္ဌာန်က သူ၏လက်ကို ဆန့်တန်း လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး ဖျက်ဆီးရန် ဖိအားပေးလာသည်။ တစ်ချိန်တည်းမှာပင် သူက ငရဲမီးတော်လှံရှည်ဖြင့် ထိုးနှက် တိုက်ခိုက်သည်။
ယူစီကလည်း လှုပ်ရှားလိုက်သည်။ သူက နတ်ဘုရားတူအား ဝှေ့ယမ်း တိုက်ခိုက် လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော မီးတောက် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။
ငရဲမီးတောက်လှံက လေထုကိုခွင်းကာ ဝင်ရောက် လာသည်တွင် ယူစီ၏မျက်လုံး၌ သတ်ဖြတ်လိုသော အရောင်တစ်ချက် လင်းလက် သွားသည်။ တစ်ဖက်တွင် ရန်ယွီ၏ မျက်လုံးများကလည်း အေးစက်နေသည်။ မည်သူ၏ တိုက်ခိုက်ရေး စွမ်းရည်က ပိုအားကောင်း သည်ကို သူသိလိုသည်။
သို့သော်လည်း အရွယ်အစား ကြီးထွားလာသော နတ်ဘုရားတူမှာ လှံရှည်ကို တိုက်ရိုက် ရင်ဆိုင်ခြင်း မရှိဘဲ ဆက်လက် ဖြတ်ကျော် လာသည်ကို မြင်သည်။ ထိုအရာက ငရဲမီးတောက် နယ်ကို ဖျက်ဆီးကာ မိစ္ဆာထံသို့ ပြင်းထန်စွာ ရိုက်နှက်သည်။
“မင်းက သေချင်နေတာပဲ…” ရန်ယွီက အေးစက်စွာ ပြောသည်။ ငရဲမီးတောက်လှံရှည်က ယူစီ၏ လောင်ကျွမ်းနေသော ခန္ဓာအား ထွင်းဖောက် သွားသလို နတ်ဘုရားတူကလည်း သူ၏ခေါင်းကို လာရောက် ထုရိုက်၏။
ကျယ်လောင်သော အသံနှစ်ခုနှင့်အတူ ယူစီ၏အပေါ်ပိုင်း အဝတ်များ အပိုင်းပိုင်း အစစ်ဖြစ်သွားကာ ရွှေရောင် အလင်းများ ထွက်ပေါ်လာသည်။ သူ့အသားပေါ်တွင် ကပ်ထားသည်ကား ရှန့်ထိုရတနာ ချပ်ဝတ်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကား အဝေးကို လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။
သို့သော်လည်း မိစ္ဆာသဏ္ဌာန်မှာလည်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး ရန်ယွီမှာ သွေးပွက်ပွက် အန်သည်။ သူ၏ သက်စောင့်ဝိညာဉ်က ပျက်စီးသွားရာ သူ၏ဒဏ်ရာမှာ အလွန် ပြင်းထန်သည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား ယူစီက နောက်ကို လွင့်စဉ် သွားစဉ်မှာပင် သူ၏နတ်ဘုရားတူအား ရန်ယွီထံသို့ ပြစ်လွင့်စေကာ တိုက်ခိုက်သည်။
“မဟုတ်ဘူး…” ရန်ယွီ၏ မျက်လုံးများက ကြောက်ရွံ့စွာဖြင့် အော်ဟစ်သည်။ နတ်ဘုရားတူက ပြင်းထန်သော အင်အားဖြင့် သူ့ထံကို ကျဆင်း လာသောအခါ သူ၏ခေါင်းတစ်ခုလုံး ပေါက်ကွဲပျက်စီး သွားရတော့သည်။
တစ်ချက်တည်းဖြင့်ပင် ရန်ယွီကား အသတ်ခံရ၏။ ယူစီက ထိုမျှ ရုန့်ရင်းမည်ဟု သူမည်သို့ ထင်မှတ်မည်နည်း။
ဖူး…
ယူစီ၏ပါးစပ်မှ သွေးများ အန်ကျသည်။ ရန်ယွီ၏ အသက်မဲ့နေသော ခန္ဓာကိုယ်အား ကြည့်ကာ ယူစီက အေးစက်စွာ ပြောသည်… “ကျုပ်က အာခီမီတစ်မြို့လုံးရဲ့ အသက်ကို လောင်းကြေး ထပ်ထားတာ…”
ယူစီကား သူ၏ပြိုင်ဘက်မှာ သူ့ထက် အားမနည်းသည်ကို သိနားလည်သည်။ အကယ်၍ သာမန် တိုက်ခိုက်မှုဆိုပါက ရလဒ်ကို ခန့်မှန်း မရပေ။
သို့သော် သူ၏ အားသာချက်ကို ယူစီ ကောင်းကောင်း သိသည်။ သူ့တွင် ရှန့်ထို ရတနာချပ်ဝတ် ရှိသည်။
ထို့ကြောင့်ပင် မိမိ၏အသက်ကို လောင်းကြေး ထပ်၍ တစ်ဖက်လူအား သေကွင်း သေကွက်သို့ တစ်ခါတည်း အပြတ် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
***