အပိုင်း (၈၆၃)

အခမ်းအနားကို တက်ရောက်ခြင်း

ပြည်နယ်ကိုးခု ကျောင်းတော်ကား ပြည်နယ်ကိုးခု မြို့တော်၏ အမှတ်သင်္ကေတတစ်ခု ဖြစ်ကာ တစ်လောကလုံးကို နာမည် ကျော်ကြားသည်။

ထို့ကြောင့် ပြည်နယ်ကိုးခု ကျောင်းတော်က ကျောင်းသားသစ်များကို ခေါ်ယူသောအခါ ပြည်နယ်ကိုးခု အတွက်သာ မဟုတ်ဘဲ​ ပြည်နယ်ကိုးခု မြို့တော် အတွက်ပါ အရေးပါသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။

တစ်နှစ်လုံးတွင် သည်အချိန်အခါ တစ်ခုတည်းကသာ မြို့တော်အတွက် အစည်ကားဆုံးလည်း ဖြစ်သည်။

လူသစ်ရွေးပွဲကား အရေးကြီးလွန်းရာ ကျောင်းတော်၌ ​ပြုလုပ်ခြင်းမပြုဘဲ မြို့တော် ဗဟိုစင်မြင့်ထက်၌ ပြုလုပ်ပေသည်။

နှစ်သစ်တွင် နွေဦးပြည်နယ်၏ မရေမတွက်နိုင်သော တန်ခိုးရှင်များ လာရောက် စုစည်းကြသည်။ ထို့ကြောင့် လူစိစစ်ခြင်း၊ ရွေးချယ်ခြင်းများအား ကျောင်းတော်မှ ပုဂ္ဂိုလ်များအပြင် မြို့တော်၏အရေးကြီး ပုဂ္ဂိုလ်များကပါ ပူးတွဲ တာဝန်ယူကြရ၏။ ပြည်နယ်ကိုးခု စင်မြင့်ကား ယခု မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေကာ အားလုံးက ကျောင်းတော်သို့ ဝင်ရောက်လျက် ကျောင်းတော်၏ တော်ဝင်လမ်း သားတော်ဖြစ်ရန် ရည်မှန်းနေကြသည်။

ပြည်နယ်ကိုးခု ကျောင်းတော်က သူတို့၏ပွဲတော်ကို စီစဉ်ကျင်းပန်ရန် ပြင်ဆင်နေကြစဉ် ကျောက်ပြည်ထောင် စစ်တပ်နှင့် တော်ဝင်ကျဲ နန်းတော် စစ်တပ်တို့မှာ လမ်းတွင်သာ ရှိနေသေးသည်။

ကျောင်းတော်ထဲတွင်လည်း လူများ ပိုမိုစည်ကားလျက် ရှိပေသည်။ သို့သော်လည်း ရီဖူရှင်းကား ယမန်နေ့များလို တိတ်ဆိတ်စွာ လေ့ကျင့်နေကာ စစ်ပွဲအတွက် ပြင်ဆင်နေသည်။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်၏ ရည်ရွယ်ချက်က သူ၏ဆရာကို သတ်ဖြတ်ရန် ဖြစ်သည်မှာ ထင်ရှားပေသည်။ သို့သော်လည်း ဤကိစ္စက အနှေးနှင့်အမြန် သူတို့ ရင်ဆိုင်ရမည့်ကိစ္စ ဖြစ်ပေသည်။ ကျောက်ပြည်ထောင် ဘုရင်ကား ကျောင်းတော်ထဲကိုပင် ရောက်နေပြီ ဖြစ်သည်။

ကျောင်းတော်၏ ကျောင်းသားများမှာလည်း ရီဖူရှင်းထံကို ယခင်လို လာရောက် လည်ပတ်ကြမြဲ ဖြစ်သည်။

ရီဖူရှင်းက ဆေးဥယျာဉ်တွင် ဆေးစမ်းသပ်ခြင်း ပြီးသောအခါ ကျောင်းတော် အတွင်းမှ သူ၏အဆောင်ကို ပြန်လာသည်။ ထို့နောက် သူက ကျောင်းတော်မှ သူ့ထံကို လာရောက် တွေ့ဆုံကြသော ဧည့်သည်များအား လက်ခံတွေ့ဆုံသည်။

“တွေ့ရတာ ဝမ်းသာပါတယ် … နန်းတော်သခင်ရီ…”

ယနေ့ ရောက်လာသူများထဲတွင် မျက်နှာစိမ်းများစွာ ပါဝင်သည်။ ဤတွင် သည်လူများမှာ ရီဖူရှင်းထံကို ယခင် လာရောက် လည်ပတ်သူများ မဟုတ်ကြောင်း ရီဖူရှင်း သိလိုက်သည်။

“ကျုပ်လည်း တွေ့ရတာ ဝမ်းသာပါတယ်… ဒီနေ့ ရောက်လာကြတာ ဘာများ အလိုရှိပါသလဲ…” ရီဖူရှင်းက မေးသည်။

“ပြည်နယ်ကိုးခု ကျောင်းတော်က ကျောင်းသားသစ်တွေ လက်ခံတာမှာ နွေဦးပြည်နယ် တစ်ခုလုံးက တက်ရောက် ကြပါတယ်… မနက်ဖြန် ကျောင်းတော် အကြီးအကဲတွေက တပည့်တွေကို ကိုယ်တိုင် ရွေးချယ် ကြပါလိမ့်မယ်… ဒါကြောင့် ကျုပ်တို့က ဒီမှာရောက်နေတဲ့ တော်ဝင်မြေက ဧည့်သည်တွေကိုလည်း ပွဲသို့ တက်ရောက်ပေးဖို့ ဖိတ်ကြားလိုပါတယ်… ဦးလေး လျူယွန်ကလည်း နန်းတော်သခင်ရီကို ဖိတ်ကြား ခိုင်းလိုက်တာမို့ ကျုပ်တို့က လာရောက်ခဲ့ကြတာပါ…” လူငယ်က ယဉ်ကျေးစွာ ပြောသည်။

ရီဖူရှင်းက ထိုလူများအား ကြည့်သည်။ ပွဲကား ပြည်နယ်ကိုးခု ကျောင်းတော်ထဲတွင် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ပွဲတက်ရောက်ရန် ပြည်နယ်ကိုးခု မြို့ထဲသို့ ဝင်ရောက်ရမည် ဖြစ်ရာ ကျောက်ပြည်ထောင်က ရီဖူရှင်းတို့အား တိုက်ခိုက် နိုင်ပေသည်။ မှန်သည် … တိုက်ခိုက်ခြင်းအား အခမ်းအနား ကာလအတွင်း ပြုလုပ်မည် မဟုတ်သော်လည်း အခမ်းအနား ပြီးဆုံးသည်နှင့် လာရောက်လာမည်ကို အားလုံးက ခန့်မှန်း နိုင်ပေသည်။

ရီဖူရှင်း၏ နက်ရှိုင်းသော အကြည့်က လာရောက် ဖိတ်ကြားသူများ ထံသို့ ရောက်လာသည်တွင် သူတို့အား ဖိအားတစ်မျိုးကို ခံစားရစေသည်။ ထို့ကြောင့် သူတို့က ရီဖူရှင်း၏ အကြည့်အား ရှောင်လွှဲလိုက်ကြ၏။

အတန်ကြာလျှင် ရီဖူရှင်းက ပြုံးလိုက်သည်တွင် ဖိအားကလည်း ပျောက်ကွယ် သွားသည်။

“ကျုပ်သိပြီ… မနက်ဖြန် ကျုပ်လာခဲ့မယ်…” ရီဖူရှင်းက ပွဲတက်ရောက်ရန် သဘောတူ လိုက်သည်။

ပြည်နယ်ကိုးခု ကျောင်းတော်က အခမ်းအနားကို ပိုမိုစည်ကား စေလိုသည်လား။

ကျောင်းတော် တပည့်များက အနည်းငယ် ဦးညွှတ်ကာ ပြောကြသည်… “ကျေးဇူးတင်ပါတယ်… နန်းတော်သခင်ရီ… ကျုပ်တို့ ပြန်သွားပြီး တင်ပြလိုက်ပါဦးမယ်…”

“ကောင်းပြီ…” ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ပြောသည်။ ကျောင်းတော် တပည့်များ ထွက်သွားကြသည်။

သူတို့ ထွက်သွားပြီးနောက် ထောင်ကျန်း၊ ယန်ဟောင်နှင့် ထာဝရ အဘိုးအိုတို့က ရီဖူရှင်းဘေးကို ရောက်လာကာ ပြောကြသည်… “ကြည့်ရတာ ကျုပ်တို့က ကြိုဆိုတာထက် ပိုနေမိပြီပဲ… ကျောင်းတော်က ကျုပ်တို့နဲ့ ကျောက်ပြည်ထောင်တို့ကို အမြန်ဆုံး နှင်ထုတ်ချင်နေပုံပဲ…”

“ဒါက ဖြစ်သင့်ပါတယ်…” ရီဖူရှင်း ပြုံးလျက် ပြောသည်။ ပြည်နယ်ကိုးခု ကျောင်းတော်တွင် တော်ဝင်မြေသုံးခုက နေခဲ့ကြသည်မှာ အတော်ကြခဲ့ပြီဖြစ်ပြီး မကြာခင်လည်း စစ်ဖြစ်တော့မည့် အခြေအနေ ရှိနေပေသည်။

“သူတို့ ရောက်လာ ကြတော့မယ် မလား…” ထောင်ကျန်းက ပြောသည်။

“ကျုပ်တို့က သူတို့ကို မနက်ဖြန်လောက် တွေ့နိုင်လိမ့်မယ်… သူတို့အခု နွေဦးပြည်နယ်ရဲ့ နယ်နိမိတ်ထဲကို ရောက်လာကြပြီ…” ရီဖူရှင်းက ပြောသည်။ နွေဦးပြည်နယ်ကား အလွန် ကျယ်ပြောပေသည်။ ပြည်နယ်ကား အရှေ့ဘက် ပြည်နယ်၏ အနောက်ဘက်နှင့် မြေရိုင်းပြည်နယ်၏ အနောက် တောင်ဘက်တွင် တည်ရှိရာ သူတို့က ကျောက်ပြည်ထောင်၏ စစ်ကြောင်းကို ဖြတ်တောက်မည် ဆိုပါက နွေဦးပြည်နယ် နယ်နိမိတ်ကမှ စတင် ဖြတ်တောက်၍ ရပေမည်။

“ဒါက တကယ်ပဲ တိုက်ဆိုင်တာပဲ…” ထောင်ကျန်းက ပြောသည်။

“ကျေးရွာ ခေါင်းဆောင် ကလည်း မကြာခင် ပြန်ရောက် လာလိမ့်မယ်…” ရီဖူရှင်း ထပ်ပြောသည်။ ကျောက်ရန်ဝမ်ကို တားဆီးခြင်းကား အယောင်ပြသာ ဖြစ်သည်။ ကျောက်ရန်ဝမ်ကား ကျေးရွာ ခေါင်းဆောင်၏ လှုပ်ရှားမှုကို မတွေ့သည့်တိုင် သူကား ကျောက်ပြည်ထောင်၏ အပြင်ဘက်ကို ထွက်ရဲမည် မဟုတ်ပေ။

***

နောက်တစ်နေ့တွင် ပြည်နယ်ကိုခုကား အလွန်သက်ဝင် စည်ကား လာခဲ့သည်။ မရေမတွက်နိုင်သော လူများက ပြည်နယ်ကိုးခု စင်မြင့်၌ လာရောက် စုစည်းကြ၏။

သည်နေ့တွင် ပြည်နယ်ကိုးခု ကျောင်းတော်မှ ပုဂ္ဂိုလ်ကြီးများမှာ သူတို့၏ တပည့်များအား ရွေးချယ်ကြမည် ဖြစ်သည်။ သူတို့က တခြားတော်ဝင် မြေများကိုပင် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြား ထားကြသည်။

သည်နေ့တွင် ရှန့်ထိုနှင့် ရှီအဆင့်တွင်ရှိသော လူများစွာတို့အပြင် ပြည်နယ်ကိုးခုတိုင် နာမည်ကျော်ကြားသော လူငယ်များစွာကိုလည်း တွေ့ရပေသည်။ ဥပမာ နောက်ပိုင်း နေ့ရက်များတွင် လျှမ်းလျှမ်းတောက် နာမည် ကျော်ကြားလာသော တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းနှင့် ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဆုရှင် ယူချင်းတို့မှာ အခမ်းအနားကို တက်ရောက်ကြမည် ဖြစ်သည်။

ထို့အတူ ပြည်နယ်ကိုးခု ကျောင်းတော်၏တော်ဝင်သားတော်များ မှာလည်း အခမ်းအနားကို တက်ရောက် ကြပေသည်။

ရီဖူရှင်းတို့ကလည်း အခမ်းအနားသို့ သွားရောက်ရန် ပြင်ဆင်ကြသည်။ သူတို့၏ အရေအတွက်က သိပ်မများသော်လည်း သူတို့ကား မြေရိုင်းပြည်နယ်၏ တော်ဝင်မြေအုပ်စု ဖြစ်ပေသည်။

သို့သော်လည်း ရီဖူရှင်းတို့ ဆေးဥယျာဉ်ကို မသွားမီ စုချီဟန်နှင့် လိပ်ပြာလေးတို့ ရောက်လာကြသည်။ ရှန့်ထိုကျန့်က သူတို့အား အခမ်းအနားကို တက်ရောက် စေသလို ထောင်ကျန်း အတွက်လည်း လက်ဆောင်တစ်ခုကို ပေးခဲ့ပေသည်။

“ဆရာက စီနီယာ ထောင်ကျန်းအတွက် လက်ဆောင်တစ်ခု ပေးလိုက်တယ် … ဒီဆေးလုံးက အတွင်းဗီဇ ပါရမီကို အချိန်တို တစ်ခုအတွင်း အမြင့်ဆုံးသို့ ရောက်အောင် စွမ်းနိုင်တယ် … တကယ်လို့ နတ်ဘုရား ပြစ်ဒဏ်ကို ဖြတ်ကျော်စဉ် တစ်ခုခုဖြစ်ခဲ့ရင် ဒါက အခွင့်အလမ်းကို ပိုမြင့်မား သွားစေလိမ့်မယ်…” လိပ်ပြာလေးက ရီဖူရှင်းကို ဆေးလုံး တစ်လုံး ကမ်းပေးကာ ပြောသည်။

ရီဖူရှင်းက ဆေးလုံးကို ယူကာ ပြောသည်… “စီနီယာ ရှန့်ထိုကျန့်ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ…”

ထို့နောက် ရီဖူရှင်းက ဆေးလုံးအား ထောင်ကျန်းကို ပေးသည်။

ထောင်ကျန်း၏ နတ်ဘုရားပြစ်ဒဏ်က မကြာခင် ရောက်လာတော့မည်ကို ရှန့်ထိုကျန့်က သိထားဟန်ရ၏။

“သေချာတာပေါ့… ဆရာက အခမ်းအနားကို တက်ရောက်ဖို့ ပြောထားတယ်… သွားရအောင်…” လိပ်ပြာလေးက ညင်သာစွာ ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက စုချီဟန်ကို ကြည့်ကာ ပြောသည်… “ခင်ဗျားမှာ ဒီလိုအစီအစဉ် အတွက် သဘောမကျစရာ မရှိဘူးလို့ ကျုပ်ထင်ပါတယ်… ဆရာကြီးစု…”

စုချီဟန်က သူ့အား အေးစက်စွာ ကြည့်ကာ ပြောသည်… “သွားမယ်…”

ရီဖူရှင်းအား သူ၏ နောက်ကျောကို ကြည့်သည်။ ကြည့်ရသည်မှာ လိပ်ပြာလေးအား စုချီဟန်က ဘာမှ မပြောခဲ့ဟန်ရသည်။

“သွားရအောင်…” ရီဖူရှင်းက ပြောသည်။ သူတို့အုပ်စုက ကျောင်းတော် အပြင်ဘက်ကို ထွက်ကာ လူအုပ်ကြီးနှင့်အတူ မြို့လယ်မှ စင်မြင့်ဘက်သို့ ဦးတည် လိုက်ကြသည်။ သူတို့အား မကြာမကြာ လာရောက် ကြည့်ရှုသော မျက်လုံးများလည်း ရှိနေပေသည်။

နောက်ပိုင်း နေ့ရက်များတွင် ရီဖူရှင်းနှင့် ပတ်သက်၍ လူအများအပြားက စိတ်ဝင်တစား ပြောဆိုနေခဲ့ကြသည်။

***

ပြည်နယ်ကိုးခု စင်မြင့်ကား ပြည်နယ်ကိုးခု နန်းတော်အတွက် အလွန်အရေးပါသော နေရာလည်း ဖြစ်ပေသည်။ ကျောင်းတော်၏ လူသစ်ရွေးပွဲကား နှစ်တိုင်းပင် ထိုနေရာ၌ ကျင်းပသည်။

ရှေးခတ်က များစွာသော စွမ်းအားမြင့် ပုဂ္ဂိုလ်များမှာ ပြည်နယ်ကိုးခု စင်မြင့်၌ ဆေးနွေးပြောဆိုလေ့ ရှိကြသည်ဟု ကောလာဟလများက ဆိုသည်။

ပြည်နယ်ကိုးခု စင်မြင့်အား ကိုးနေရာ ခွဲထားကာ တစ်နေရာစီအား ကြီးမားသော ကျောက်တိုင်ကြီး တစ်ခု ရှိပြီး ပြည်နယ်တစ်ခုစီအား ကိုယ်စား ပြုပေသည်။

ကျောက်တိုင်ကြီးများ၌ ပြည်နယ်ကိုးခုကို ကိုယ်စားပြုသော ရှေးဟောင်း သင်္ကေတ တစ်ခုစီကိုလည်း တွေ့နိုင်ပေသည်။

နွေဦးပြည်နယ်၏သင်္ကေတကား ထည်ဝါ ခန့်ညားပေသည်။

ချီပြည်နယ်၏သင်္ကေတကား ထက်ရှသော ခံစားချက်အား ပေး၏။

မြေရိုင်းပြည်နယ်၏သင်္ကေတမူကား ထူထဲကာ အားကောင်းသော ခံစားချက်ကို ပေးသည်။

သင်္ကေတတစ်ခုစီ၏ အောက်တွင်လည်း ပလ္လင်တစ်ခုစီကို မြင်တွေ့နိုင်ပေသည်။ ပြောကြသည်မှာ ပြည်နယ် ခေါင်းဆောင်များက ထိုနေရာတွင် ထိုင်ခဲ့ဖူးကြသည်။ ပလ္လင်အောက်တွင်ကား အောက်ကို အဆင့်ဆင့် နိမ့်ကျသွားသော ထိုင်ခုံနေရာ များစွာကို မြင်တွေ့နိုင်ပေသည်။

ကျယ်ပြန့်သော စင်မြင့်ကား အလယ်မှ ကွင်းပြင်ကျယ်ကို ဗဟိုပြုထားသော နယ်ပယ်ကိုးခုဖြင့် တည်ဆောက် ထားသည်။

ထိုနယ်ပယ်ကိုးခု၏ ပတ်ပတ်လည်၌မူကား ထောင်သောင်း များစွာသော လူသူ ပရိသတ်များကို မြင်တွေ့ နိုင်ပေသည်။

“ကျောက်ပြည်ထောင်က လူတွေ ရောက်လာကြပြီ…”

လူအများအပြားက အရပ်မျက်နှာ တစ်ခုကို ကြည့်လိုက်ကြသည်။ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က အရှေ့ဘက်ပြည်နယ် သင်္ကေတအောက်တွင် ရှိသော ပလ္လင်၌ တုံ့ဆိုင်းခြင်း မရှိဘဲ ထိုင်လိုက်သည်။

ထိုပလ္လင်ကား တစ်ချိန်က အရှေ့ဘက် ပြည်နယ် ခေါင်းဆောင် အတွက် ရည်ရွယ်လျက် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ကျောက်ပြည်ထောင်က ရောက်လာရာ သူက ထိုနေရာ၌ ဝင်ထိုင်ခြင်းမှာ ထူးခြားခြင်းတော့ မရှိပေ။

“ရှီဟွာတောင်က လူတွေ ရောက်လာကြပြီ…”

လူအများအပြား ရောက်လာကြကာ သူတို့က ကျောက်ပြည်ထောင် ဘုရင်၏အောက်နား၌ နေရာယူကာ ထိုင်လိုက်ကြသည်။

“အဲဒါ ရှန့်ထိုသုံးပါးရဲ့ တပည့်ဖြစ်တဲ့ လျူကျောင်းပဲ…” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။

“ယွီကလန်က လူတွေလည်း ရောက်လာကြပြီ…” တစ်ယောက်က ထောင့်တစ်နေရာကို ကြည့်ကာ ပြောသည်။ ယွီကလန်ကား နွေဦးပြည်နယ်၏ တော်ဝင်မြေဖြစ်ကာ ပိတ်လှောင်ခြင်း အတတ်၌ ကျွမ်းကျင်ကြသည်။ ယွီကလန်လက်ထွက်များ မှာလည်း ကြောက်မက်ဖွယ် ကောင်းသူများ ဖြစ်ကြ၏။

“ရီကလန်က လူတွေလည်း ရောက်လာကြပြီ…” နောက်တစ်ယောက်က ပြောသည်။

“ကျောင်းတော်က လူတွေလည်း ရောက်လာကြပြီ…”

ပြည်နယ်ကိုးခု ကျောင်းတော်မှ လူအများဆုံး ဖြစ်နေသည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ လူအုပ်ကြားထဲမှ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက် လာကြ၏။

“လင်းရှာပိုင်…”

“တွန်ဟေး…”

လူအများအပြားက ကျောင်းတော်၏ နာမည် အကျော်ကြားဆုံး ဖြစ်သော တော်ဝင်လမ်း သားတော်နှစ်ပါးကို စိတ်ဝင်တစား ကြည့်ကာ တီးတိုး ပြောဆိုကြသည်။ သူတို့ကား ပြည်နယ်ကိုးခု ကျောင်းတော်၏ အနာဂတ် ဆက်ခံသူများအဖြစ် နာမည် ကျော်ကြားပေသည်။ လင်းရှာပိုင်ကား တခြား ဧည့်သည်များနှင့် တွေ့ဆုံ စကားပြောနေစဉ် တွန်ဟေးကား တစ်နေရာတွင် ထိုင်ကာ သူ၏အရုပ်အား ထွင်းထုနေသည်။

ယွီကလန်မှ လူအများအပြားကလည်း သူတို့နှစ်ယောက်ကို ကြည့်ကြသည်။ ထိုအင်အားစုများမှ ထူးခြား ထက်မြက် သူများကလည်း အခမ်းအနားကို တက်ရောက် ကြပေသည်။

ထိုအခိုက်တွင် မြေရိုင်းပြည်နယ် ကျောက်တိုင်ဘက်ကို လူအနည်းငယ် လျှောက်လာကြ၏။ အားလုံးက အသစ်ရောက်လာသော အဖွဲ့ကို ကြည့်လိုက် ကြသည်။

မျက်လုံးပေါင်း များစွာကာ ရှေ့ဆုံးမှ ဦးဆောင်လာသော လူငယ်ထံကို ရောက်လာကြသည်။

သူကား တော်ဝင်ကျဲ နန်းတော်၏နန်းတော်သခင် ရီဖူရှင်း ဖြစ်သည်။

သူကား လက်ရှိ ပြည်နယ်ကိုးခုတွင် နာမည် အကျော်ကြားဆုံးသော လူငယ်ခေါင်းဆောင် ဖြစ်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset