ဝမ်ပေါင်လဲ့က နတ်ဝိဇ္ဇာဂူ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးရှေ့တွင် စောင့်ဆိုင်းနေခဲ့သည့် လုကျစ်ဟောင်မှာ ချက်ချင်းပင် နောက်သို့လှည့်လာပြီး သူ့အား မျက်တောင်မခပ်တမ်း စိုက်ကြည့်နေသည်။ သူ၏ အကြည့်မှာ စူးရှနေပြီး သူသည် ဝမ်ပေါင်လဲ့၏ တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလား စေ့စေ့စပ်စပ် အကဲခတ်နေ၏။
” သိုင်းပညာဌာနက လုကျစ်ဟောင်က ဓမ္မလက်နက်ဌာနရဲ့ ကျောင်းသားခေါင်းဆောင်နဲ့ တွေ့ချင်လို့ပါ ”
သူသည် မျက်လုံးများမှေးလိုက်ပြီး အနည်းငယ်ခန့် မောက်မာသောလေသံဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်၏။
လုကျစ်ဟောင်၏ အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် နှာမှုတ်လိုက်သည်။ သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို လုကျစ်ဟောင်အား ထုတ်ဖော်ပြသကာ သူ့အား သူ၏ရှေ့တွင် ဆက်၍ ဒူးထောက်ခိုင်းပြီး သူ့အား ” အဖေ ” ဟုခေါ်ရန် ထပ်၍ ဖိအားပေးလိုက်ရမည်လား တွေးနေမိတော့သည်။ သို့သော် သူ ထိုကဲ့သို့ တွေးတောနေစဉ်မှာပင် လုကျစ်ဟောင်က ထပ်၍ စကားပြောလိုက်၏။
” ကျနော် ဒီနေရာကို လာခဲ့ရတဲ့ အကြောင်းအရင်းက ကျောင်းသားခေါင်းဆောင်ကို သတိပေးဖို့ပါ။ ကျောင်းသားခေါင်းဆောင် မနှစ်တုန်းက တိုက်ခိုက်ရေးအသင်းဂေဟာမှာ ဆုံခဲ့ရတဲ့ ကျိုးလုကို မှတ်မိတယ်မလား။ သူက သမင်ဖြူတာအိုကျောင်းကနေ ဘွဲ့ရသွားလို့ စစ်တပ်က သူ့ကို ခေါ်သွားပြီး ခုနစ်လက်မရှိတဲ့ ဝိညာဥ်အမြစ်တစ်ခုကို လက်ဆောင်ပေးခဲ့ပြီးပြီ။ သူ့ ကျင့်ကြံခြင်းအဆင့်က ရှေးဟောင်းသိုင်းအဆင့်ကို ဖောက်ထွက်သွားပြီးတော့ အာနာပါနအဆင့်ရဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီလို့ ကျနော် ကြားထားတယ် ”
လုကျစ်ဟောင်မှာ ထိုစကားများကို အလျင်အမြန် ပြောဆိုရင်း ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ သဲလွန်စများရှာဖွေရန် ကြိုးပမ်းနေ၏။
ဝမ်ပေါင်လဲ့မှာမူ ထိုစကားကို ကြားလိုက်ရသောအခါ မျက်တောင်တဖျတ်ဖျတ် ခပ်သွား၏။ သူသည် ထို မိန်းမရူး ကျိုးလုကို ကောင်းကောင်းကြီ မှတ်မိနေသည်။ သူမမှာ စစ်တပ်ထဲသို့ ဝင်သွားပြီဖြစ်ပြီး သူမ၏ကျင့်ကြံခြင်းအဆင့်မှာ ရှေးဟောင်းသိုင်းအဆင့်ကိုပင် ဖောက်ထွက်သွားပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူသည် ချက်ချင်းဆိုသလိုပင် သတိကြီးကြီး ထားလိုက်၏။
” မင်း ဘာတွေပြောနေတာလဲဆိုတာ ငါနားမလည်ဘူး ”
ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ထိုသို့ပြန်ပြောလိုက်ပြီး နောက်သို့လှည့်၍ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ဝင်သွားရန် ပြင်လိုက်သည်။
” ဝမ်ပေါင်လဲ့ … မင်းက လက်ချောင်းတွေကို လှန်ချိုးတဲ့ ယုန်ရူးဆိုတာ ငါသိတယ်။ ငါ မင်းကို သတိပေးမယ်။ ကျိုးလုက အာနာပါနအဆင့်ရှိတဲ့ ကျင့်ကြံသူအစစ်တစ်ယောက် ဖြစ်လာတဲ့အချိန်ကျရင် အဲဒီနေ့တုန်းက တိုက်ခိုက်ရေးအသင်းဂေဟာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို မှတ်မိနေဦးမှာပဲ။ မင်း နတ်ဝိဇ္ဇာဂူထဲကို ပြန်ဝင်သွားမယ်ဆိုရင် ငါက ကျိုးလုဆီကို အခုချက်ချင်း အသံထုတ်လွှင့်လိုက်ပြီးတော့ မင်းက ဘယ်သူလဲဆိုတာ ပြောပြလိုက်မှာနော်။ အဲဒီလိုဆိုရင် သူက မင်းကို သေချာပေါက် လိုက်ရှာမှာ အမှန်ပဲ ”
လုကျစ်ဟောင်မှာ ဟိတ်ဟန်အပြည့်နှင့် ခြိမ်းခြောက်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။
” ငါ့ကို ပါးစပ်ပိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လက်ချောင်းတွေကို လှန်ချိုးတဲ့ ယုန်ရူး ဝမ်ပေါင်လဲ့။ ဒူးထောက်ပြီး ငါ့ကို အဖေလို့ ခေါ်စမ်း ”
” မင်းက ရူးနေတာပဲကွ ”
လုကျစ်ဟောင်က မောက်မာစွာ ပြောဆိုဆက်ဆံနေသည်ကို ကြားလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ချက်ခြင်းပင် ရပ်တန့်သွားကာ နောက်သို့ပြန်လှည့်လာပြီး လုကျစ်ဟောင်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် စိတ်ရှုပ်နေသည့်အမူအရာဖြင့် နှာမှုတ်လိုက်ပြီး နတ်ဝိဇ္ဇာဂူဆီသို့ ပြန်၍ လျှောက်လှမ်းသွားသည်။
ဝမ်ပေါင်လဲ့၏ လျစ်လျူရှုဟန်ဆောင်နေသော အမူအရာကို မြင်လိုက်ရသောအခါ လုကျစ်ဟောင်မှာ ဒေါသထွက်သွားသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ချက်ချင်းပင် ထိုးထွက်လာပြီး သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
” ဒီနေ့ လုကျစ်ဟောင်ဆိုတဲ့ ငါက မင်း ဘယ်သူလဲဆိုတာ လူအများသိအောင် ဖော်ထုတ်ဖို့ ရောက်လာတာကွ ”
သူ၏ကျင့်ကြံခြင်းစွမ်းအားများ ပျံ့နှံ့သွား၏။ လုကျစ်ဟောင်မှာ ခန္ဓာအချုပ်အနှောင် နောက်ဆုံးအဆင့်သာ ရှိနေသေးသော်လည်း ယခင်ကထက် ပို၍ တိုးတက်လာခဲ့ပြီဖြစ်ပြီး ဖွံ့ထွားသွေးကြောအဆင့်နှင့် သိပ်မဝေးတော့သည့် နေရာသို့ ရောက်နေပြီ ဖြစ်သည်။ သူသည် ထိုကဲ့သို့ အော်ဟစ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ပျံသန်းလာပြီး ညာလက်ကိုမြှောက်၍ ထိုးနှက်လိုက်၏။
” မင်းက မရပ်သေးဘူးပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာလည်း ဒေါသထွက်သွား၏။ သူသည် ကျောင်းသားခေါင်းဆောင်ဖြစ်သောကြောင့် သဘောထားကြီးကြီးထားခဲ့ပြီး နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားရန် ပြင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထို သွေးဆူနေသော လူငယ်လေးမှာ အားမာန်အပြည့်နှင့် ရန်လိုစိတ် အပြည့်ရှိနေခဲ့သည့်အပြင် ယခုတွင် သူ့ဘက်မှ ပထမဆုံးတိုက်ကွက်ကိုပင် ထုတ်လိုက်ပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သည်းမခံနိုင်တော့ပေ။ သူသည် နောက်သို့လှည့်လာပြီး ညာလက်ကို အလျင်အမြန်ပင် မြှောက်လိုက်၏။ လုကျစ်ဟောင်မှာမူ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ ဝမ်ပေါင်လဲ့က သူ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ အားဖြင့် ဖိချလိုက်တော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ လက်ဆစ်နေရာမှ ပေါ်ထွက်လာသော စူးရှသည့် နာကျင်မှုကြောင့် လုကျစ်ဟောင်မှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
” ဒူးထောက်ပြီးတော့ အဖေလို့ ခေါ်စမ်း ”
ဝမ်ပေါင်လဲ့က သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အမိန့်ပေးလိုက်၏။
လုကျစ်ဟောင် အသံမြည်အောင် ဒူးထောက်လိုက်ပါသော်လည်း ” အဖေ ” ဟူ၍ မခေါ်ခဲ့ပေ။ သူသည် တဆစ်ဆစ် နာကျင်နေရသည့်တိုင်အောင် ကောင်းကင်အား မော့ကြည့်လိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်တော့သည်။
” လက်ချောင်းတွေကို လှန်ချိုးတဲ့ ယုန်ရူး။ မင်း လှည့်စားခံလိုက်ရပြီကွ ”
” ငါက ဒီနေရာ ပတ်ပတ်လည်မှာ မှတ်တမ်းတင် ကိရိယာသုံးခု ထားထားတာကွ။ ဟားဟား။ လက်ချောင်းတွေကို လက်ချိုးပြီး ပေါင်ကြားတွေကို ကန်ကျောက်တဲ့ ယုန်ရူး ဝမ်ပေါင်လဲ့။ တာအိုကျောင်းရဲ့ ဝိညာဉ်ကွန်ရက်ပေါ်မှာရှိတဲ့ လူတိုင်းက အခုဆိုရင် အဲဒီ ထုတ်လွှင့်မှုကို ကြည့်နေကြမှာကွ။ မင်းရဲ့ သရုပ်မှန် ပေါ်သွားပြီ ဝမ်ပေါင်လဲ့။ ကျိုးလု မင်းကို လာရှာတာကိုသာ စောင့်နေပေတော့။ ကောင်းကင်မြို့တော်ထဲက မင်း ဒုက္ခပေးခဲ့တဲ့ လူတွေအကုန်လုံး မင်းကို လာရှာတာကို စောင့်နေပေတော့ ”
လုကျစ်ဟောင်၏ လက်ကောက်ဝတ်မှာ ဝမ်ပေါင်လဲ့၏ လိမ်ချိုးခြင်းကို ခံထားရပါသော်လည်း သူ၏ ရယ်မောသံများမှာ နေရာအနှံ့တွင် ပဲ့တင်ထပ်နေသည့်အပြင် သူသည် တဖြည်းဖြည်းနှင့် ပို၍ စိတ်လှုပ်ရှားလာတော့သည်။
” ကဲ … လက်ချောင်းတွေကို လှန်ချိုးတဲ့ ယုန်ရူး။ အခုချက်ချင်း ငါ့ရဲ့လက်ကိုလွှတ်ပြီး ဒူးထောက်လိုက်စမ်း။ ငါ့ကို အဖေလို့ ခေါ်စမ်း ”
လုကျစ်ဟောင်မှာ သူ့ကိုယ်သူ အလွန် ကျေနပ်နေတော့သည်။ ယခုဆိုလျှင် ဝမ်ပေါင်လဲ့၏ အမူအရာမှာ လန့်ဖျပ်နေလောက်ပြီဟု သူက တွေးထား၏။
သို့သော် သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ သူတွေးထားသလိုမျိုး လန့်ဖျပ်နေခြင်း မရှိသည်ကို လုကျစ်ဟောင် မြင်လိုက်ရသည်။ သူသည် ပြုံးဖြဲဖြဲပင် လုပ်နေသေးသည်။ ထို့ကြောင့် လုကျစ်ဟောင်မှာ မှင်တက်သွားရပြီး တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။
” မင်း… ”
လုကျစ်ဟောင်မှာ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားသည့် အချိန်မှာပင် ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူ ပတ်ပတ်လည်တွင်ရှိသော လမ်းများအားလုံးမှတစ်ဆင့် ကမ္ဗည်းစာခန်းမနှင့် ဝိညာဉ်ကျောက်တုံးခန်းမတို့မှ အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော စစ်ဆေးရေးမှူး ဆယ်ယောက်ခန့် လျင်မြန်စွာ ရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ရိုသေလေးစားမှုအပြည့်ရှိသော အမူအရာများဖြင့် အမြန်ဆုံး ပြေးလာနေကြ၏။
သူတို့ထဲတွင် လျှိုတောက်ပင်းလည်း ပါ၏။ သူသည် လက်ထဲတွင် မှတ်တမ်းတင်ကိရိယာသုံးခုကို ကိုင်ထား၏။ လျှိုတောက်ပင်း၏ လက်ထဲမှ ထိုကိရိယာများကို မြင်လိုက်ရသောအခါ လုကျစ်ဟောင်၏ အမူအရာ ပြောင်းလဲသွားတော့သည်။
” အကြောင်းပြန်ပါတယ်။ ကျောင်းသားခေါင်းဆောင် ထင်ခဲ့တဲ့အတိုင်းပဲ လုကျစ်ဟောင်က တောင်ပေါ်ကနေ ဆင်းလာပြီးနောက် ဒီ မှတ်တမ်းတင်ကိရိယာသုံးခုကို တပ်ဆင်ခဲ့တာပါ။ ကျနော်တို့တွေ ဒီနေရာတစ်ဝိုက်မှာရှိတဲ့ ဝိညာဉ်ကွန်ရက်ကိုပါ ကြိုပြီးတော့ ဖြတ်တောက်ထားပြီးပါပြီ။ အဲဒီေတာ့ ဘယ်လျှို့ဝှက်ချက်မှ ပေါက်ကြားတော့မှာ မဟုတ်ပါဘူး ”
လျှိုတောက်ပင်း၏ စကားများကို ကြားလိုက်ရသောအခါ လုကျစ်ဟောင်မှာ မှင်တက်သွားရတော့သည်။ သူသည် မျက်ဆံများ ပြူးကျယ်လာပြီး အမြင်အာရုံများ မှောင်မိုက်သွားတော့သည်။
ဝမ်ပေါင်လဲ့ကမူ ခေါင်းမော့ကာ ကျေနပ်မှုအပြည့် ရှိနေသည့် အမူအရာဖြင့် အမိန့်ပေးလိုက်၏။
” အဖေလို့ ခေါ်စမ်း ”
လုကျစ်ဟောင်မှာလည်း အသက်ရှူသံများ မြန်လာပြီး ပြန်အော်လိုက်၏။
” ဆုတောင်းလေ ”
သူသည် မကျေမချမ်းဖြစ်ကာ စိတ်ဓာတ်များကျဆင်းနေပြီဖြစ်ပြီး နောက်ဆုံးအချိန်ထိ တောင့်ခံထားရန် သူ၏စိတ်ကို ပြင်ဆင်ထား၏။ သို့သော် ထိုအချိန်တွင် လျှိုတောက်ပင်းက လှောင်ပြောင်သည့်လေသံဖြင့် ဆိုလိုက်၏။
” ကျောင်းသားခေါင်းဆောင်။ သူက ဓမ္မလက်နက်ဌာနရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ ကြိုးစားခဲ့တာပါ။ သူ့ကို ချက်ချင်းဖမ်းဆီးထိန်းသိမ်းပြီးတော့ သိုင်းပညာဌာနနဲ့ ညှိနှိုင်းပြီးတာနဲ့ စစ်ကြောမေးမြန်းဖို့အတွက် တာအိုကျောင်းကို ပို့လိုက်ဖို့ ကျနော် အကြံပေးချင်ပါတယ် ”
လျှိုတောက်ပင်း ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လုကျစ်ဟောင်မှာ အသက်ပြင်းပြင်းရှူမိသွားပြီး ကြောက်သေးများပင် ထွက်လုမတတ် ဖြစ်သွား၏။ လျှို့ဝှက်ချက်များကို ခိုးယူသော ပြစ်ဒဏ်မှာ ပြင်းထန်သည်ဖြစ်ရာ လုကျစ်ဟောင်မှာ ကြောက်ရွံ့ထိတ်လန့်သွားပြီး ကပျာကယာ ရှင်းပြလိုက်ရတော့သည်။
” ငါက သူခိုးမဟုတ်ဘူး။ သက်သေအထောက်အထားကို မှတ်တမ်းတင်ချင်လို့သာ အဲဒီကိရိယာတွေကို ဝမ်ပေါင်လဲ့ရဲ့ နတ်ဝိဇ္ဇာဂူ ပတ်ပတ်လည်မှာ တပ်ဆင်ခဲ့တာ ”
” ပါးစပ်ပိတ်ထားစမ်း။ ကျောင်းသားခေါင်းဆောင်ရဲ့ ရာထူးအဆင့်အတန်းက ဘာလဲဆိုတာ သိလား။ ကျောင်းသားခေါင်းဆောင်ရဲ့ နတ်ဝိဇ္ဇာဂူ အပြင်ဘက်မှာ မှတ်တမ်းတင်ကိရိယာတွေကို တပ်ဆင်တာက ဓမ္မလက်နက်ဌာနရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူတာနဲ့ တူတူပဲကွ ”
လျှိုတောက်ပင်းက အေးစက်စက်စိုက်ကြည့်ရင်း ကြိမ်းမောင်းလိုက်၏။
အခြားစစ်ဆေးရေးမှူးများပင် ရန်လိုနေသည့်ပုံ ပေါက်နေကြသည်။ သူတို့မှာ လုကျစ်ဟောင်အား စိုက်ကြည့်နေကြပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုနေကြဟန်တူသည်။
ထိုအခါ လုကျစ်ဟောင်မှာ အမှန်တကယ်ပင် ကြောက်ရွံ့ထိတ်လန့်သွားရတော့သည်။ သူသည် ထိုနေရာသို့ စ၍ ရောက်လာခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့ သူ့အား တိုက်ခိုက်နေသည့် မြင်ကွင်းကို မှတ်တမ်းတင်မည်ဟူသော အကြံဆိုးကြီးဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုမှတ်တမ်းကို သက်သေတစ်ခုအဖြစ် အသုံးပြုကာ ဝမ်ပေါင်လဲ့အား အရှက်ခွဲပြီးလျှင် အခြားလူများကို ကြွားဝါရန် စိတ်ကူးထား၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ကို ချမ်းသာပေးရန် လုံးဝဆန္ဒမရှိပေ။ သူသည် ကျိုးလုတစ်ယောက် ဝမ်ပေါင်လဲ့အား ပြဿနာရှာကာ အရှက်ခွဲနိုင်ရန်အတွက် ထိုသက်သေအား ကျိုးလုဆီသို့ လွှဲပြောင်းပေးရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် သူသည် ဓမ္မလက်နက်ဌာနထဲရှိ ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်အာဏာနှင့် ရာထူးအဆင့်အတန်းတို့ကို လျစ်လျူရှုခဲ့မိခြင်း ဖြစ်သည်။
အခြေအနေများမှာ ယခုလိုဖြစ်သွားလိမ့်မည်ဟု သူက လုံးဝမထင်ထားခဲ့ပေ။ ယခုတွင် သူသည် ကြောက်ရွံ့ထိတ်လန့်နေပြီဖြစ်သောကြောင့် ချက်ချင်းပင် မီးစင်ကြည့်က၍ အော်ဟစ်မြည်တမ်းလိုက်၏။
” အဖေ၊ အဖေ … ကျနော်မှားသွားပါတယ် အဖေရယ်။ ကျနော်မှားသွားပါတယ် ”
” ကောင်းပြီလေ။ ကလေးငယ်လေးတွေကို ထပ်ပြီးတော့ ခြောက်လှန့်မနေပါတော့ ”
ဝမ်ပေါင်လဲ့ကမူ ကျေနပ်အားရမှု အပြည့်ရှိနေသော အမူအရာဖြင့် သူ၏လက်ကို မြှောက်လိုက်၏။
ဝမ်ပေါင်လဲ့က သူ့အား ကလေးငယ်လေးတစ်ယောက်ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် လုကျစ်ဟောင်၏ မကျေမချမ်းဖြစ်နေသော အမူအရာများမှာ ပြောင်းလဲသွားပါသော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် သူ၏ ကန့်ကွက်စကားများကို မျိုသိပ်လိုက်ရတော့သည်။
” ဟောင်လေး။ ငါတို့ကြားမှာ ဖြေရှင်းလို့မရတဲ့ အငြှိုးအတေးတွေ မရှိပါဘူးကွ။ နောက်တစ်ခေါက်ဆိုရင် ဒီလောက်ကြီး မဆိုးနဲ့တော့နော် ”
ဝမ်ပေါင်လဲ့မှာ ခံစားချက်အပြည့်ပါသော အမူအရာဖြင့် လက်ကို မြှောက်လိုက်ပြီး လုကျစ်ဟောင်၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်ခဲ့ကြသည့် ပထမဆုံးအကြိမ်ကတည်းက လုကျစ်ဟောင်မှာ အကြံသမားတစ်ယောက်ဖြစ်ပြီး ကောက်ကျစ်စဉ်းလဲသော လှည့်ကွက်များကို အသုံးပြုတတ်သောသူဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားခဲ့သည်။ ထို့ကြောင့် ယခုအကြိမ်တွင် သူသည် နတ်ဝိဇ္ဇာဂူထဲမှ မထွက်ခွာခင် လျှိုတောက်ပင်းဆီသို့ လိုလိုမယ်မယ် အသံထုတ်လွှင့်ခြင်းတစ်ခု ပေးပို့ခဲ့ခြင်းဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ စီနီယာတစ်ယောက်၏ လေသံဖြင့် လုကျစ်ဟောင်အား ပြစ်တင်ကြိမ်းမောင်းလိုက်ပြီးမှ ကျေနပ်အားရနေသော အမူအရာဖြင့် နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ဝင်သွားလိုက်တော့သည်။ သူသည် ဗျူဟာအပိုင်းတွင်လည်း ပို၍ ကျွမ်းကျင်သာလွန်နေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ့ကိုယ်သူ ကျေနပ်နေ၏။
လုကျစ်ဟောင် သူ၏ သရုပ်အမှန်အား ထုတ်ဖော်ပြောဆိုမည့် ကိစ္စကို ဝမ်ပေါင်လဲ့က ဂရုစိုက်မနေခဲ့ပေ။ ထိုသို့ အထုတ်ဖော်မခံရလျှင် အကောင်းဆုံးဖြစ်သော်လည်း ထုတ်ဖော်ခံရလျှင်တောင် ကိစ္စကြီးကြီးမားမား ဖြစ်သွားလိမ့်မည်မဟုတ်ဟူ၍ သူက မှတ်ယူထားသည်။ ကျိုးလု အပါအဝင် အခြားလူများစွာအတွက် ကောင်းကင်တာအိုကျောင်း၏ နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ရန်မှာ လွယ်ကူရိုးရှင်းသော အလုပ်တစ်ခု မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ သူ့အား လွှတ်ပေးတော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ လုကျစ်ဟောင်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။ ဘေးပတ်ပတ်လည်မှ စစ်ဆေးရေးမှူးများမှာလည်း လုကျစ်ဟောင်အား အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားကြတော့သည်။
လျှိုတောက်ပင်းတစ်ယောက်သာလျှင် လုကျစ်ဟောင်၏ ဘေးတွင်ရပ်ရင်း တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။
” စာကောင်းကောင်းလုပ်။ ကျောင်းသားခေါင်းဆောင်က စာနာသနားတတ်လို့ ဒီတစ်ခေါက် မင်းကိုလွှတ်ပေးလိုက်တာ။ ဒီအခွင့်အရေးကို တန်ဖိုးထားပြီး ကိုယ့်ပြဿနာကိုယ် ဆက်ပြီး ရှာမနေနဲ့တော့ ”
ထို့နောက် သူသည် လက်ထဲတွင်ရှိနေသော မှတ်တမ်းတင်ကိရိယာများကို ဝှေ့ယမ်းလိုက်သည်။ သူသည် ၎င်းတို့ကို လုကျစ်ဟောင်ဆီသို့ ပြန်ပေးလိုက်ခြင်း မဟုတ်ဘဲ အနာဂတ်တွင် သက်သေပစ္စည်းများအဖြစ် အသုံးပြုရန် လိုအပ်ပါက ထုတ်ပြနိုင်ရန်အတွက် သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။
အခြားသူများအကုန်လုံး ထွက်ခွာသွားပြီးသည့်တိုင်အောင် လုကျစ်ဟောင်မှာ အချိန်အတော်အတန် ကြာသည်အထိ ဆိတ်ငြိမ်နေဆဲပင်။ ထို့နောက် သူသည် နောက်သို့လှည့်၍ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူအား ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် သူသည် သူနှင့် ဝမ်ပေါင်လဲ့ကြားရှိ ကွာခြားချက်ကြီးကို အမှန်တကယ်ပင် ခံစားလိုက်ရတော့သည်။
” ငါ သူ့ကို သေချာပေါက် ကျော်တက်စေရမယ် ”
ဝမ်ပေါင်လဲ့၏ သရုပ်မှန်ကို မထုတ်ဖော်နိုင်တော့သောကြောင့် သူသည် အံကြိတ်ကာ သိုင်းပညာဌာနသို့ ပြန်သွားလိုက်ပြီး တံခါးပိတ်ကာ တစ်ယောက်တည်း ကျင့်ကြံနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့အတွက်မူ လုကျစ်ဟောင်နှင့် ကြုံခဲ့ရသည့် ဖြစ်ရပ်မှာ အသေးအဖွဲအဆင့်သာရှိသည်။ သူသည် နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်အမြုတေ လေ့ကျင့်ခန်းများထဲတွင် စိတ်ကို တစ်ဖန်ပြန်၍ နှစ်မြုပ်ထားလိုက်ပြန်သည်။ တစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ဝိညာဉ်အမြုတေ သန့်စင်နှုန်းများမှာ မြန်သည်ထက် မြန်လာတော့သည်။
သူသည် တာအိုကျောင်းထဲသို့ ရောက်ရှိလာပြီးနောက် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သုံးစွဲခဲ့ပြီးဖြစ်သည်။ သို့သော် သူ့ထံတွင် ဝိညာဉ်ကျောက်တုံးများစွာ ကျန်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အားလုံးမှာ အရည်အသွေး မြင့်မားကြသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကျောက်တုံးများကို အလုံအလောက် ပိုင်ဆိုင်ထားသောကြောင့် ဝိညာဉ်အမြုတေများ ထုတ်လုပ်သည့် ပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်လာအောင် စတင်လေ့ကျင့်လိုက်တော့သည်။ ဝိညာဉ်ကျောက်တုံးများပေါ်တွင် ရေးထိုးထားသည့် ကမ္ဗည်းစာလုံးများကြောင့် သူ၏ ဝိညာဉ်အမြုတေများမှာ အလွန် လှပသေသပ်ကာ လက်ရာမြောက်လာတော့သည်။
တချိန်တည်းမှာပင် သူသည် ဓမ္မလက်နက်ဂေဟာမှ အကြီးအကဲကြီး လက်ဆောင်ပေးခဲ့သော ကျောက်စိမ်းပေလွှာထဲမှ ပညာရပ်များကို အသုံးပြုကာ ဝိညာဉ်အမြုတေများကို သန့်စင်နေ၏။ သူသည် အခြေခံအဆင့်သာ ရှိသော ဥပမာများမှတစ်ဆင့် တဖြည်းဖြည်းနှင့် အဆင့်မြင့်ပညာရပ်များကို နားလည်စပြုလာ၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဗဟုသုတများကို ပေါင်းစည်းကာ ဝိညာဉ်အမြုတေပညာရပ်အား ပို၍ နက်နဲစွာ နားလည်လာတော့သည်။
ဘာသာပြန်သူမှတ်စု
ရှေးဟောင်းသိုင်းအဆင့်မှာရှိတဲ့လူဆိုတာ သိုင်းသမားတစ်ယောက်ကိုပြောတာပါပဲ။ အာနာပါနအဆ့်ကိုရောက်မှ တကယ့်ကျင့်ကြံခြင်း စတင်တာပါ။